Tuesday, 20 December 2016

အစိမ်းရောင်ထိုင်ခုံလေး

ထိုင်ခုံလေး က ထိုင်သူကင်းမဲ့လျက်ရှိသည်။ သံဖြင့်ပြုလုပ်ထားသော ထိုင်ခုံတန်းကလေး..။ အစိမ်းရောင်သုတ်ထားသည်။ သူမထိုင်နေသောခုံမှလှမ်းကြည့်လျှင် မျက်စောင်းထိုးအနေအထားတွင်တည်ရှိသည်။ ထိုင်ခုံလေး၏ အနောက်ဘက်တွင် လူတစ်ယောက်၏ ခါးသာသာ တိတိရိရိဖြတ်ထားသော ယုဇနပင်တန်းကလေးတစ်ခုက ကစားကွင်းကို စက်ဝိုင်းပုံသဏ္ဍာန်ပတ်လျက်တည်ရှိနေသည်။ သိပ်မကြာခင်က ရွာထားသောမိုးကြောင့် ထို ထိုင်ခုံကလေး၏ သံတန်းတစ်ချို့ပေါ်တွင် ရေစက်တစ်ချို့တင်လျက်ရှိကြသည်။ ယုဇန ပန်းရနံ့တို့သည် မွှေးပျံ့လျက်..။ မိုးနံ့အေးအေးနှင့်အတူ လေတစ်ချက်ဝှေ့ယမ်းလိုက်တိုင်း ပန်းရနံ့သည် အေးမြမွှေးပျံ့နေကြသည်။ ရောစုံလျှောကလေးတစ်ခုရှိသော ကလေးကစားကွင်းကလေးတစ်ခု၊ ထိုဘေးတွင် ကြက်တောင်ရိုက်ကွင်းကလေးတစ်ခု ..၊ မိုးရွာပြီးကာစ ပတ်ဝန်းကျင်၊ ည ကိုးနာရီကျော်ကျော်.. ခပ်သုတ်သုတ်လမ်းလျှောက်ပြန်လာကြသော လူအနည်းငယ်မှတစ်ပါး ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။ အခုအချိန်အထိ.. ထိုထိုင်ခုံအစိမ်းရောင်လေးတွင် လူမရှိ..။ ခုအချိန်အထိ တိတ်ဆိတ်နေလျှင် ဒီညလည်း ထိုအဘိုးအို..ရောက်မလာတော့ဘူး ထင်ပါသည်။


++++
(၁)
" အခုလိုမျိုး လွတ်ကျသွားတဲ့အရာကို ပြန်ကောက်ယူခွင့်ရတာဟာ ဘ၀မှာ ကံကောင်းခြင်းတစ်မျိုးပဲ ....၊ တချို့အရာတွေက လွတ်ကျသွားပြီးရင် ပြန်ကောက်ယူဖို့ခက်တယ် "

မိုးရိပ်တို့ကြားထဲ လေတစ်ချက်ဝှေ့လိုက်သောကြောင့် လွင့်ဝဲကျသွားသောကြက်တောင်လေးကို ကောက်ယူမည်ပြုလိုက်စဉ် အဘိုးအိုက ထိုင်ခုံအစိမ်းရောင်လေးတွင်ထိုင်နေရာမှ ကောက်ယူပေးပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဆွတ်ဆွတ်ဖြူသောဆံပင်၊ ပိန်ပိန်သွယ်သွယ်ကိုယ်ခန္ဓာနှင့် စူးရှတောက်ပသောအဘိုးအို၏မျက်လုံးများကို သူမဘာသာပြန်ဖို့ကြိုးစားလိုက်စဉ် တစ်လှမ်းချင်း အဘိုးအိုက စတင်ထွက်ခွာသွားပြီဖြစ်သည်။ မိုးစတွေလွင့်ဝဲလာပြီ.။ အဘိုးအိုက ဘာအဓိပ္ပာယ်နှင့်ပြောမှန်းမသိသော်လည်း အဘိုးအို၏ စကားလုံးလှိုင်းတို့သည် ရင်ဘတ်ကိုရိုက်ခတ်ခဲ့ပြီ။ လေသံတိုးတိုးမျှသာဖြစ်သော်လည်း စကားလုံးတို့သည် သူမရင်ကို အရှိန်ပြင်းပြင်း ၀င်တိုးကြသည်။ ခပ်ဝါ၀ါမီးရောင်များက မိုးတွေနဲ့အတူ ရင်ဘတ်ထဲအထိ ရွာနေဆဲ။ သူမဘာတွေလွတ်ကျခဲ့ပြီး ဘာတွေပြန်ကောက်ယူရပါမည်နည်း..။ မိုးတဖွဲဖွဲကြားတွင် အတွေးတွေ တ၀ုန်းဝုန်း ဘောင်ဘင်ခတ်ကျန်နေခဲ့သည်။ သူမ လက်ထဲတွင် အဘိုးအိုကောက်ပေးသွားသော အနားတွေဖွာစုတ်စပြုနေပြီးဖြစ်သည့် ကြက်တောင်ကလေးကို ငေးကြောင်ကြည့်နေမိလျက်သား..။


++++

(၂)

" ဘယ်အရာကိုမှ အပျော်သဘောမထားနဲ့ ကလေးမ..၊ ကစားပွဲတစ်ခုဆိုတာမှာလည်း ဘယ်အရာနဲ့ အနားသတ်မလဲဆိုတာ သတ်မှတ်ချက်ရှိရလိမ့်မယ် .."
လာပြန်ပြီ။ ဒီအဘိုးအို ၊ ဒီအသံ.၊ သူ ..ဘယ်အချိန်က ရောက်နှင့်နေသလဲ။ သူမနောက်နားက ထိုင်ခုံမှာ ထိုင်နေပြီး ပွဲကိုကြည့်နေတာလား။ အဘိုးအိုပြုံးနေသလား၊ မျက်နှာအနေအထားဘယ်လိုရှိနေသလဲ။ အရာရာကို မေ့မေ့ပျောက်ပျောက်သဘောဖြင့် စိတ်ကို ကစားပွဲထဲနှစ်ထားခဲ့ကာမှ..။ စိတ်ထဲမှအငေါ်တူးမိပြီး ချွေးသံတရွှဲရွှဲဖြင့် ကစားပွဲကို ဆက်ကစားနေမိသောကြောင့် သူမ မကြည့်အားသေးပါ။

" ကစားပွဲတစ်ခုဆိုတာ ဒီလိုပဲ ရပ်ပစ်လိုက်ဖို့ခက်တယ်၊ အနိုင်လိုချင်စိတ်နဲ့ ကစားတဲ့ပွဲတွေ အတွက် မင်းရဲ့ စိတ်ဝင်စားမှု၊ အလေးထားမှု အတော်များများကို မသိလိုက်မသိဘာသာ စွန့်လွှတ်နေရတာပဲ.."

အသံတိုးတိုး ..။ အနားကပ်ပြီး ပစ်လွှတ်လိုက်တဲ့ စကားလုံးနဲ့ယက်ထားတဲ့ မြားပဲ။ ရင်ကိုတည့်တည့်စူးဝင်တယ်..။ ကစားပွဲကို ခဏရပ်ပြီး လှည့်အကြည့်လိုက်မှာ အဘိုးအိုက လှည့်ထွက်သွားခဲ့ပြီ။ ခြေလှမ်း၊ အဘိုးအို..၀ါလဲ့လဲ့မီးရောင်၊ အေးစိမ့်နေသောလေတစ်ချက်အဝှေ့...၊ သူငယ်ချင်းရဲ့ ခေါ်သံ.. ။ စိတ်ပြေလက်ပျောက်ဟူသော ခေါင်းစဉ်အောက်တွင် ကစားနေခဲ့သော သူမ ကစားပွဲကို ဘယ်လိုရပ်ပစ်ခဲ့မိသလဲ မသိတော့။

++++

(၃)
" ဘ၀မှာတော့ တစ်ချို့အရာတွေကို အခုလိုမျိုး မင်း သစ်သီးရွေးသလို ရွေးလို့မရဘူး။ ဘ၀ဟာ တစ်လမ်းသွားသဘောဆောင်တယ်။ တစ်ခုကိုရွေးချယ်ပြီးရင် ကျန်တာကိုမရနိုင်တော့ဘူး။ အနည်းဆုံးတော့ သစ်သီးရွေးနေချိန်မှာတောင် အချိန်တစ်ချို့ကို စတေးလိုက်ရသေးတာပဲ။ ဒါပေမဲ့ တစ်ချို့သော ဘ၀ရဲ့ ရွေးချယ်ခြင်းတွေအတွက်တော့ တန်ဖိုးကြီးကြီးစတေးရတတ်တယ်.."

ပိန်ပိန်သွယ်သွယ်၊ အရေတွန့်တွန့်လက်ချောင်းတွေ ..၊ ကျက်မိနေပြီဖြစ်သောအဘိုးအို၏အသံ..။ သစ်သီးရွေးနေသော သူမလက်တွေတွန့်သွားသည်။ ကပျာကယာ မော့ကြည့်မိတော့ အဘိုးအို..။ သူမ၏ဘေးတွင် ရပ်နေသည်။ သစ်သီးလာဝယ်ဟန်တူသည်။ ဒေါသက ထောင်းခနဲ..။ သူများရဲ့ လွတ်လပ်ခွင့်ကို လာရှုပ်လွန်းတယ်..။ ဘာလို့ စကားလာလာပြောနေရသလဲ..။ သူမကို ဒီအဘိုးအို အသေအချာသိနေခဲ့တာလား..။ မေးခွန်းတွေက ဒေါသနှင့်အတူ တဖွားဖွား လွင့်လာနေပြီ..။

"..အဘိုး...ဘာလို့..."

သူမစကားမဆုံးလိုက်ပါ..။

" နုပျိုမှုဟာ အသွေးအသားထဲမှာရှင်သန်နေသေးသ၍ ဘာမဆို ရင်ဆိုင်ပြောင်းလဲပစ်ဖို့ နောက်မကျသေးဘူးလို့ ယူဆထားလို့ရနိုင်သေးတာပဲ.."

"....................."

အဘိုးအိုက နှေးကွေးသောခြေလှမ်းများဖြင့်ထွက်သွားနှင့်ပြီ။ ငွေရှင်းပြီးချိန်တွင် သူမအဘိုးအိုနောက်ပြေးလိုက်သော်လည်း မတွေ့ရတော့။


++++

အတွေးတွေဟာ မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေလိုပဲ..။ မရောရာ မသေချာ၊ အကောင်အထည်လည်းဖော်လို့မရ။ မျက်စိရှေ့တွင် လွင့်ပါးပျောက်ကွယ်သွားတာကို ငေးကြည့်ရင်း ၀မ်းနည်းလာမိသလိုပင်။ အလင်းတွေတစ်စစ ပြိုကွဲသွားစဉ်တွင် သူမတစ်ယောက်တည်း အခန်းအမှောင်ထဲမှာ တစ်ယောက်တည်းဖြစ်ဖြစ်နေခဲ့သည်။ အခန်းဟာ တိတ်ဆိတ်လို့နေသည်။ အားငယ်မိသောခံစားချက်ကို ကုစားပစ်ဖို့ စကားပြောဖော်တစ်ယောက်လောက်လိုနေပြီ။ သူငယ်ချင်းဆီသို့ဖုန်းဆက်ရန် ဖုန်းနံပါတ်ကို တတိယအကြိမ်မြောက်ထပ်မံခေါ်လိုက်စဉ် ..ခေါ်ဆိုမရနိုင်ကြောင်းထပ်မံနားထောင်လိုက်ရသည်။ စိတ်ပြေလက်ပျောက် တစ်ယောက်ယောက်နှင့် စကားပြောချင်လာကြောင်းတွေးလိုက်စဉ်တွင် သူမက ထူးခြားလှသော အဘိုးအိုကို သတိရလိုက်သည်။ ခြံထဲကို လှမ်းကြည့်မိတော့ ထိုင်ခုံလေးက လွတ်လျက်သား..။ မှတ်မှတ်ရရ..၊ သစ်သီးဆိုင်တွင် အဘိုးအိုအားတွေ့လိုက်ရခြင်းသည် နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်ကြောင်း ကြိုသိခဲ့ရပါလျှင် သူမ ၀ယ်လက်စ သစ်သီးများကို ပစ်ချပြီး အဘိုးအိုနောက်အား ပြေးလိုက်မိမည် ထင်ပါသည်။ အကယ်၍သာဆိုသောစကားလုံးသည် တကယ်မဟုတ်ဆိုသောသဘောဆောင်ပြီးပြီဖြစ်ကြောင်းတွေးမိပြီး အခန်းအပြင်ဘက် ထိုင်ခုံအစိမ်းရောင်လေးကို ကြည့်မိပြန်သည်။ ဒီညလည်း ထိုခုံအစိမ်းရောင်လေးဆီသို့ အဘိုးအို ရောက်လာလိမ့်မည်မထင်ပါ..။


စိမ်းမြလင်းသစ်

30/09/2011

No comments:

Post a Comment