Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts
Sunday, 16 March 2014
“ခြံစည်းရိုးကာမလား..တံတားထိုးမလား…”
ဟိုးရှေးရှေးတုန်းက ဘေးချင်းကပ်လျက် လယ်ယာနှစ်ခုမှာ နေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ စကားများကြတယ်တဲ့။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီပြီး စက်ပစ္စည်းတွေငှားလိုက်ကြ၊ ပစ္စည်းတို့ လူအင်အားတို့ လိုအပ်တဲ့အခါ တစ်ယောက်ကိုတစ်ယောက်အကူအညီပေးလိုက်ကြနဲ့ နေလာကြတဲ့ နှစ်ပေါင်း လေးဆယ်အတွင်း ဒါဟာ ကြီးမားလှတဲ့ ပထမဆုံး စိတ်ဝမ်းကွဲမှု ပဲ။
အဲလို စိတ်ဝမ်းကွဲကြပြီးတဲ့နောက်မှာတော့ အရင်တုန်းကလို အတူတူအလုပ်လုပ်တာတွေလည်း ဘယ်ရှိတော့မလဲ။ အဲ့ဒီစိတ်ဝမ်းကွဲမှုဟာ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားမလည်မှု သေးသေးလေးကနေစလာတာပဲ။ ပြီးတော့ တဖြည်းဖြည်း ကြီးကျယ်လာပြီး နောက်ဆုံးမှာတော့ တစ်ယောက်နဲ့တစ်ယောက် ခါးသီးလှတဲ့စကားလုံးတွေနဲ့ အပြန်အလှန်ပြောဆို ပေါက်ကွဲပြီး မခေါ်နိုင်မပြောနိုင် ဖြစ်ကုန်ကြတော့တယ်။
တစ်မနက်မှာ.. အကိုဖြစ်သူဟာ သူ့အိမ်ရှေ့တံခါးကိုလာခေါက်သံကြားလိုက်ရတယ်။ သွားပြီးဖွင့်လိုက်တဲ့အခါ လက်သမားပစ္စည်းကိရိယာတွေနဲ့အတူ ယောက်ကျားတစ်ယောက်ကိုတွေ့လိုက်ရတယ်။
“ ကျနော် ရက်ပိုင်းလောက်လုပ်လို့ရမယ့်အလုပ်လာရှာတာပါ…ခင်ဗျားမှာ ကျနော်ကူညီနိုင်မယ့် အလုပ်လေးဘာလေးရှိမလားလို့ပါ “
“ အင်း.. ကျနော့်မှာခင်ဗျားအတွက်အလုပ်ရှိတယ်..။ ဒီဘက်ရေနုတ်မြောင်းလေးကိုကျော်ပြီးကြည့်လိုက်၊ အဲ့ဒီဘက်ကဟာကျနော့်အိမ်နီးချင်း၊ တကယ်တော့ ကျနော့်ညီပဲ။ ပြီးခဲ့တဲ့အပတ်က အဲ့ဒီနေရာမှာ စာခြောက်ရုပ်တစ်ရုပ်ရှိခဲ့တယ် ..ဒါပေမဲ့ အဲ့ဒါကိုသူက ဘူဒိုဇာနဲ့ထိုးကော်ပစ်ပြီး ကန်သင်းခတ်ပစ်လိုက်တော့ ခုဆို သူနဲ့ ကျုပ်နဲ့ကြားမှာ ရေနုတ်မြောင်းကလေးခြားနေပြီ။ သူက ကျုပ်ကိုဒီလိုလုပ်တယ်ဆိုတော့ ကျုပ်ကလည်း သူ့ကိုဒီထက်ပိုလုပ်ပြဦးမယ် “
“ ဒီမှာ ပရိဘောက အဟောင်းတွေ မြင်လား။ ဒါတွေနဲ့ ကျုပ်ကို ခြံစည်းရိုးကာပေးစမ်းပါ.. ၈ ပေလောက်ရှိတဲ့ခြံစည်းရိုး။ ဒါဆို ကျုပ် ဒင်းမျက်နှာကို နောက်ထပ်မြင်ရမှာမဟုတ်ဘူး “
လက်သမားကပြောတယ်..
“ အင်း.. ကျနော် အခြေအနေကို သဘောပေါက်ပြီထင်ပါတယ်။ ကျနော်သေချာပေါက် ခင်ဗျားကိုစိတ်ကျေနပ်မှုရစေမယ့်အလုပ်ကို စလုပ်ဖို့အတွက် ကျနော့်ကို သံရယ် မြေတူးတဲ့စက်ရယ်သာ ပြပါ “
အကိုကြီးဖြစ်သူဟာ လက်သမားအလုပ်စနိုင်ဖို့အတွက် ပစ္စည်းပစ္စယတွေ မြို့ပေါ်တက်ဝယ်ပေးလိုက်တယ်။ ပြီးတော့ သူအဲ့ဒီနေ့မှာ အလုပ်မလုပ်တော့ဘဲ အနားယူလိုက်တယ်။
လက်သမားဟာ တစ်နေကုန်ပဲ တိုင်းထွာလိုက် ၊ လွှတိုက်လိုက်၊ သံရိုက်လိုက်နဲ့ အလုပ်ကို သိပ်ကိုကြိုးကြိုးစားစားလုပ်တယ်တဲ့။ နေစောင်းတဲ့အချိန်လောက်မှာပဲ လယ်သမားကြီး ပြန်လာတဲ့အခါမှာ လက်သမားဟာ သူ့အလုပ်ကိုလက်စသတ်ပြီးသွားပြီ။
လယ်သမားကြီး မျက်လုံးပြူးသွားတယ်။ ပါးစပ်အဟောင်းသားပါပဲ။ ခြံစည်းရိုးလုံးဝမရှိဘူး။ တံတားတစ်စင်း ဖြစ်နေတာ။ တံတားမှ.. ရေနုတ်မြောင်းကိုတစ်ဘက်တစ်ချက်ဆက်ပေးထားတဲ့ တံတား ဖြစ်နေတာလေ။ တကယ့်ကို သပ်သပ်ရပ်ရပ်လေး။ တံတားလေးက လက်ရန်းကလေးနဲ့..။ သူ့အိမ်နီးချင်းဖြစ်တဲ့ သူ့ညီဟာ သူတို့ဆီကို လက်တွေဆန့်တန်းပြီးလျှောက်လာတယ်။
“ကျုပ် ခင်ဗျားကို အလုပ်အပ်ပြီးတာနဲ့ ခင်ဗျားက ဒီတံတားကိုဆောက်လိုက်တယ်ပေါ့ “
ညီအစ်ကိုနှစ်ယောက်ဟာ တံတားအစွန်းတစ်ဖက်စီမှာ ရပ်လိုက်ကြတယ်။ ပြီးတော့ တံတားအလယ်ဆီဆက်သွားရင်း တံတားအလယ်မှာပဲ ဆုံလိုက်ကြတယ် ။ တစ်ယောက်ရဲ့လက်ကို တစ်ယောက် ဆုပ်ကိုင်ထားကြရင်းနဲ့ပေါ့။
သူတို့ဟာ လက်သမားလေးဆီကို ကြည့်လိုက်တဲ့အခါမှာ လက်သမားလေးဟာ လက်သမားပစ္စည်းသေတ္တာလေးကို ပုခုံးပေါ်တင်နေပြီ။
“ ခဏလေးနေပါဦး..။ ရက်အနည်းငယ်လောက် ဒီမှာနေပါဦးလား။ ကျနော့်မှာ ခင်ဗျားကို အလုပ်အပ်စရာတွေအများကြီးရှိသေးတယ်” အကိုကြီးက ပြောလိုက်တယ်။
ဒါပေမဲ့ လက်သမားလေးက ပြန်ပြောလိုက်တယ်…
“ ကျနော်လည်း နေချင်ပါတယ်ဗျာ။ ဒါပေမဲ့ ကျနော်လည်း တံတားတွေအများကြီးလိုက်ထိုးပေးစရာရှိသေးတယ်..” တဲ့။
<photo id="1" />
“မမျှော်လင့်နဲ့ ဆုံးဖြတ်ချက်ပဲချပါ…”
ကျနော့်မိတ်ဆွေတစ်ယောက်ကို အမေရိကား၊ အော်ရီဂွန်ပြည်နယ် ၊ ပို့တ်လန်း မြို့ကလေးက လေဆိပ်တစ်ခုမှာ သွားကြိုတုန်းက ကြုံခဲ့ရတဲ့ ကျနော့်ဘ၀အမြင်ကို ပြောင်းလဲစေခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်းကို ပြောပြချင်လို့။ အဲ့ဒီ အဖြစ်အပျက်လေးဟာ ကျနော့်ကို မမျှော်လင့်ပါဘဲ သတိပေးလိုက်သလိုပါပဲ။ ပြီးတော့ အဲ့ဒီအဖြစ်အပျက်လေးဟာ ကျနော်နဲ့ နှစ်ပေအကွာလောက်လေးမှာတင် ဖြစ်ပျက်သွားခဲ့တာ။
လေယာဉ်ဆိုက်လို့ ထွက်လာကြတဲ့ ခရီးသည်တွေကြားမှာ ကျနော့်မိတ်ဆွေကို အားစိုက်ရှာဖွေနေတုန်းမှာပဲ ပေါ့ပေါးပါးပါးအိတ်နှစ်လုံးကိုဆွဲပြီး ကျနော့်ရှိရာအရပ်ဆီလျှောက်လာတဲ့ အမျိုးသားတစ်ယောက်ကို သတိပြုမိလိုက်တယ်။ သူက ကျနော့်ညာဘက်ဘေးမှာ ရပ်လိုက်ပြီး သူ့မိသားစုကို နှုတ်ဆက်လိုက်တယ်။ ပထမဆုံး သူဟာ သယ်လာတဲ့အိတ်တွေကိုချလိုက်ပြီးတော့ သူ့သားအငယ်ဆုံးလေးကို စနှုတ်ဆက်တယ် ( ခြောက်နှစ်လောက်ရှိပြီ ထင်ရတာပဲ ) ။
သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အချိန်အတန်ကြာ ချစ်မြတ်နိုးစွာ ပွေ့ဖက်ထားကြသေးတယ်။ တစ်ယောက်မျက်နှတစ်ယောက်ကြည့်လို့ရနိုင်တဲ့အကွာအဝေးလောက်အထိ မျက်နှာတွေကိုခွာ လိုက်ကြတဲ့အခါမှာတော့ အဖေလုပ်သူပြောတာကို ဒီလိုကြားလိုက်ရပါတယ်။
“ သားရယ်.. ပြန်တွေ့ရတာ ၀မ်းသာလိုက်တာ.. ဖေဖေ သားကို အရမ်းလွမ်းတာပဲကွာ.. “ တဲ့။ သားဖြစ်သူက ရှက်စနိုးကြီးနဲ့ ပြုံးလို့၊ ပြီးတော့ အကြည့်လွှဲလိုက်ပြီး ခပ်တိုးတိုးပြန်ပြောတယ်..
“ သားရောပဲ ဖေဖေ.. “ တဲ့။
ပြီးတော့ အမျိုးသားက မတ်တပ်ရပ်လိုက်ပြီး အကြီးဆုံးသားကို ကြည့်လိုက်တယ် ( ကလေးက ကိုးနှစ် ဆယ်နှစ်လောက်ရှိပြီထင်ရတာပဲ)။ သူ့သား မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ရင်းနဲ့
“ သားကတော့ လူငယ်လေးဖြစ်လာပြီပဲ။ သားကိုဖေဖေ အရမ်းချစ်တာပဲကွာ..” တဲ့။ တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာ ချစ်ခင်စွာနဲ့ ပွေ့ဖက်လိုက်ကြပြန်တယ်။
အဲ့ဒီအချိန်မှာပဲ ကလေးမလေး ( တစ်နှစ် ၊ တစ်နှစ်ခွဲလောက်ထင်တယ် ) က ခုမှပြန်လာတဲ့ သူ့အဖေကို သူ့မျက်လုံးသေးသေးလေးတွေနဲ့ မခွာတမ်းကြည့်ရင်း သူ့အမေ လက်ပေါ်ကနေ တွန့်လိမ်ပြီး သူ့အဖေဆီကို ထိုးဆင်းနေတော့တာ။ အမျိုးသားက
“ ဟေး..သမီးလေး “ သူ့သမီးလေးကို ကြင်ကြင်နာနာကြည့်ရင်းခေါ်လိုက်တယ်။ ပြီးတော့ သမီးလေးရဲ့  မျက်နှာကို ခပ်မြန်မြန်နမ်းလိုက်ပြီး ကလေးကို ချီလိုက်တယ်။ ကလေးမလေးက ချက်ချင်းကို ဇိမ်ကျသွားပြီး သူ့ခေါင်းကလေးကို အဖေလုပ်သူရဲ့ ပုခုံးပေါ်မှာ အကျအနလှဲချလိုက်တော့တာပဲ။
အချိန်အတော်လေးကြာတော့မှ သူက ကလေးမလေးကို သူ့သားအကြီးဆုံးဆီကို ပြောင်းပေးလိုက်ပြီးတော့ ပြောလိုက်တယ်။
“ ကဲ.. အဖေက အထူးစပရှယ်ကို နောက်ဆုံးမှာ ချန်ထားတာကွ..” ဆိုပြီးတော့ ကျနော်မြင်ဖူးသမျှမှာ အချိန်အကြာဆုံး ..၊ ပြီးတော့ မက်မောစရာအကောင်းဆုံး အနမ်းရှည်ကြီးကို သူ့ဇနီးကို ပေးတော့တာပဲ။ ပြီးတော့ သူဟာ သူ့အမျိုးသမီးရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး
“ ကိုယ် မင်းကို အရမ်းချစ်တာပဲ “ လို့ ပြောလိုက်သေးတယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် လက်တွေဆုပ်ကိုင်ထားကြပြီး တစ်ယောက်မျက်ဝန်းတွေကို တစ်ယောက်အပြန်အလှန်ကြည့်လျက်က ပြုံးလိုက်ကြတယ်။
ကျနော်က သူတို့ ဟာ ခုမှ လက်ထပ်ပြီးစ လို့ ထင်လိုက်မိသေးတယ် ဒါပေမဲ့ ကလေးတွေရဲ့အသက်အရွယ်ကြောင့် မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။ ခဏလောက်ကျနော် ပဟေဠိ ဖြစ်သွားသေးတယ် ။ ပြီးတော့မှကျနော့်မှာ ကျနော်နဲ့ လက်တစ်လှမ်းအကွာလောက်တောင်မရှိတဲ့နေရာတစ်ခုက တကယ့်ကို အခြေအနေအချိန်အခါမလိုတဲ့ ချစ်ခြင်းမေတ္တာ ပြယုဂ် တစ်ခုအောက်မှာ တကယ့်ကို နစ်မြောပျော်ဝင်သွားခဲ့တယ် ဆိုတာ ကိုယ့်ကိုယ်ကို သတိရမိတော့တယ်။
ရုတ်တရက်ဆိုသလို တုန်လှုပ်စွာနဲ့မေးလိုက်မိတဲ့ ကိုယ့်အသံကိုယ် အံ့သြတကြီးကြာလိုက်မိပြီးတဲ့အခါမှာတော့ ကျနော်ဟာ သူတစ်ပါးရဲ့ အတွင်းရေးကိစ္စကို ၀င်စပ်စုမိပြီလားလို့ စိတ်မသက်မသာဖြစ်ရတော့တာပဲ... ။
“ အိုး… ခင်ဗျားတို့နှစ်ယောက် လက်ထပ်တာ ဘယ်လောက်ကြာပြီလဲ ဗျ “
“ နှစ်ယောက်အတူရှိခဲ့ကြတာက စုစုပေါင်း 14 နှစ်၊ လက်ထပ်ထားကြတာကတော့ 12 နှစ် ရှိပြီ “ ဟိုလူက သူ့အမျိုးသမီးကိုကြည့်တဲ့အကြည့်ကို မလွှဲဘဲ ပြန်ပြောတယ်။
“ဟင်..ဒါဆို..၊ ခင်ဗျားတို့နှစ်ယောက် ဝေးနေတာ ဘယ်လောက်ကြာပြီလဲဗျ “ ကျနော်မေးမိပြန်တယ်။
ဟိုလူက နောက်ဆုံးမှာ ကျနော့်ဘက်ကိုလှည့်လိုက်ပြီး ကျနော့ကိုကြည့်တယ်။ မျက်နှာက ပျော်ရွှင်စွာပြုံးလျက်နဲ့ပဲ
“ နှစ်ရက်ကြီးတောင်ရှိသွားပါပြီဗျာ..” တဲ့။
နှစ်ရက်…။ ကျနော် ကြက်သေသေသွားတာပဲ။ ဒီလောက် ကြီးကြီးကျယ်ကျယ်နှုတ်ဆက်နေပုံထောက်ရင် ကျနော်က ဒီလူ ခရီးထွက်တာ လပိုင်းမဟုတ်တောင် အနည်းဆုံးရက်သတပတ်အနည်းငယ်လောက်ရှိလိမ့်မယ်ထင်ခဲ့တာ။ ကြည့်စမ်းဗျာ.. မှန်းချက်က လွဲလိုက်တာဆိုတာ။
ကျနော်လည်း ကျနော့်ရဲ့ သူတစ်ပါးအပေါ် စပ်စုမှုအပေါ် ရပ်ချင်တာရော၊ ကျနော့်မိတ်ဆွေကို ရှာချင်တာရောကြောင့် သူ့ကို ပြောလိုက်တယ်။
“ ကျနော့် အိမ်ထောင်ရေးဟာလည်း လက်ထပ်ပြီး နောက် ၁၂ နှစ်ကြာတဲ့အထိ အခုလိုမျိုး မက်မောတွယ်တာစရာ ကောင်းနေလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဗျာ “
အဲ့ဒီလူက ရုတ်တရက်ဆိုသလို ပြုံးတာကိုချက်ချင်းတည်ပစ်လိုက်တယ်။
ပြီးတော့ ကျနော့်မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်လိုက်ပြီးတော့ ကျနော့်စိတ်ဝိညာဉ်တွေကို တည့်တည့်ထိမှန်စေတဲ့ အင်အားပြင်းတဲ့စကားလုံးတွေနဲ့ ကျနော့်ကိုပြောလိုက်တယ်။ သူကျနော့ကိုပြောလိုက်တဲ့ တစ်စုံတစ်ရာဟာ ကျနော့်ကို အရင်ကကျနော်နဲ့မတူတော့အောင်ပြောင်းလဲပေးလိုက်တော့တာပါပဲ။
“ မျှော်လင့်ယုံပဲမမျှော်လင့်နဲ့ ကိုယ့်လူရ.. ဆုံးဖြတ်ချက်ပဲချလိုက်စမ်းပါ “ တဲ့။
ပြီးတော့ ကျနော့ကို လက်ဆွဲ နှုတ်ဆက်လိုက်ပြီး ကျနော့ကို အင်အားတွေ အသစ်ဖြစ်သွားစေတဲ့ အပြုံးကို ပြုံးရင်းနဲ့
“ ဘုရားသခင်ကောင်းချီးပေးပါစေ “ လို့ ဆုတောင်းပေးလိုက်သေးတယ်လေ။
Ref: Don’t Hope,… Decide! By - By Michael D. Hargrove and Bottom Line Underwriters, Inc.
<photo id="1" />
ယုံကြည်မှုမြှင့်တင်ဖို့..
အမေရိကားလူမျိုး ဘုန်းတော်ကြီး ဟင်နရီဝါ့ဒ်ဘီချာက သူ ကလေးဘ၀ ကျောင်းသားအရွယ်တုန်းက မိမိကိုယ်ကို ယုံကြည်မှုနဲ့ပတ်သတ်ပြီးတော့ သင်ယူခဲ့ရတဲ့သင်ခန်းစာကို ဘယ်တော့မှ မမေ့တော့ဘူးတဲ့။
တစ်ရက်မှာတော့ စာသင်ခန်းရှေ့မှာ သင်ခန်းစာကို အလွတ်ရွတ်ပြဖို့အတွက် သူ့ကို အခေါ်ခံလိုက်ရတယ်။ ဆရာမက မဟုတ်ဘူး မှားတယ်ဆိုပြီးပြောလို့ သူ့မှာ ရပြီးသား သင်ခန်းစာကို အလွတ်ဆိုပြရတာ တော်တော့်ကို အခက်အခဲ ဖြစ်ခဲ့ရတယ်။
“ မဟုတ်သေးဘူး “
ဟင်နရီလေးဟာ စာကို အစကနေ နောက်တစ်ခေါက်ပြန်ဆိုရတယ်.. ဒါပေမဲ့ ဆရာမရဲ့ မိုးခြိမ်းသံလို ကျယ်လောင်လှတဲ့ အသံထွက်လာပြန်ပါရော..
“ မှားတယ် “
ဟင်နရီလေး ရှက်သွားတယ်.. ပြီးတော့ ကိုယ့်နေရာကိုယ် သွားပြန်ထိုင်လိုက်တယ်။
စာသင်ခန်းထဲက ကောင်လေးနောက်တစ်ယောက်ထွက်လာပြီးတော့ စာဆိုပြရပြန်တယ်။ ဒီအခါမှလည်း ဆရာမကအော်ပြန်တယ်
“ မှားတယ် “
ဒါပေမဲ့ အဲဒီ့ကျောင်းသားလေးက သူဆိုစရာရှိတဲ့စာကို ပြီးတဲ့အထိ ဆိုသွားတယ်။ စာဆိုပြီးသွားတော့ အဲ့ဒီကျောင်းသားလေး ကိုယ့်နေရာကိုယ် ပြန်ထိုင်ပြီးတဲ့အချိန်ကျတော့ ဆရာမက ပြောတယ်...
“ သိပ်တော်တာပဲ “
ဟင်နရီလေး နည်းနည်းတော့ စိတ်တိုသွားတယ်။
“ သူဆိုသွားတာ သား ဆိုသွားတာနဲ့ အတူတူပဲလေ .. ဆရာမ” သူဆရာမကို သွားပြောပစ်လိုက်တယ်။ ဒါပေမဲ့ ဆရာမက ဒီလို ပြန်ပြောပြတယ်။
“ သင်ခန်းစာတွေကို သိရုံ အလွတ်ရရုံနဲ့ မပြီးသေးဘူး သားရဲ့။ ကိုယ့်ကိုယ်ကို သေချာဖို့လည်း လိုသေးတယ်၊ သားက သားဆိုတာ မဟုတ်ဘူးလို့ ပြောလိုက်လို့ ဆိုနေတဲ့စာကို ရပ်ပစ်လိုက်တယ်ဆိုတာ့  သားဟာ စာကို သေသေချာချာ မရဘူးဆိုတဲ့သဘောပဲပေါ့။ တကယ်လို့များ တစ်လောကလုံးက မင်းမှားနေတယ်ကွ လို့ ပြောခဲ့ရင်တောင် ‘ ငါမမှားဘူး ငါမှန်တယ်ကွ ‘ လို့ သက်သေပြနိုင်ရမယ် လေ”
“ကမ္ဘာကြီးတစ်ခုလုံးက သားကို နည်းအမျိုးမျိုးနဲ့ကို ပြောကြမှာ သားရဲ့…
“ မင်းမလုပ်နိုင်ပါဘူး “
“ မင်းလုပ်တာတွေမှားနေတယ် “
“ မင်း အရမ်းအသက်ကြီးနေပြီပဲ “
“ မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ် ‘
“ မင်း သိပ်ကိုအားနည်းပါတယ်ကွာ”
“ အလုပ်ဖြစ်မှာမဟုတ်ပါဘူးကွာ “
“ မင်းမှာ ပညာရေးလည်းမရှိဘဲနဲ့ “
“ မင်းမှာကျောထောက်နောက်ခံလည်းမရှိဘူး “
“မင်းမှာ ငွေကြေးလည်းမရှိဘူး”
“ အဲ့ဒါကို မင်း ပြီးအောင်လုပ်နိုင်မှာမဟုတ်ပါဘူးကွာ “ စသဖြင့်
အဲ့လိုမျိုး တစ်ယောက်တစ်ခွန်းပြောကြတဲ့ မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူး ဆိုတဲ့စကားတွေက သားရဲ့ ယုံကြည်ချက်ကို တစ်ဖြည်းဖြည်း တတိတိ တိုက်စားသွားစေပြီးတော့ နောက်ဆုံး လက်မြှောက်အရှုံးပေးရတဲ့အထိကို ဖြစ်သွားလိမ့်မယ်…”
“ တစ်လောကလုံးက မဖြစ်နိုင်ပါဘူးလို့ ပြောလာခဲ့ရင်တောင် သားက ဖြစ်နိုင်တယ်ဆိုတာကို ငါသက်သေပြပစ်မယ်လို့ ဆုံးဖြတ်နိုင်ရမယ်လေ..။”.. တဲ့ ..။
Ref: Improving self confidence by Author: Steve Goodier
<photo id="0" />
<photo id="1" />
“အာလူးစိုက်တဲ့နေ့တွေ…“
ကျွန်တော်ကလေးဘ၀တုန်းက ကျနော်တို့အိမ်ဘေးမှာ ခြံလေးဘာလေး စိုက်တယ်။ အကြီးဆုံးမြေကွက်လပ်ကိုတော့ အာလူးတွေစိုက်ဖို့အတွက်ပဲ သုံးလေ့ရှိတယ်။ ကျနော်ကတော့ အဲ့လို အာလူးစိုက်ရတဲ့ နေ့ရက်တွေကို ခုချိန်ထိ မှတ်မိနေတုန်းပဲ။ အဲ့လို အချိန်မျိုးဆိုရင် ကျနော်တို့ တစ်အိမ်သားလုံး ၀ိုင်းကူလေ့ရှိကြတယ်။ ကျနော့်အဖေက မြေတွေကို တူးဆွပြီးသွားတဲ့အခါ အမေရယ် ၊ အကိုတွေရယ် ပြီးတော့ ..ကျနော်ရယ် ၀ိုင်းကူကြရတော့တာပဲ။ ကျနော်လုပ်ရတာကတော့ ကျနော့်အမေက မြေသြဇာတွေကျဲပေးနေတုန်း ကျနော်က အာလူးမျိုးစေ့လေးတွေကို လိုက်ချပေးရတာပါ။ အဲ့လို မျိုးစေ့လေးတွေကြဲပြီးတဲ့အခါ ကျနော့်အကိုတွေက ကျနော်ကျဲချပစ်ခဲ့တဲ့ မျိုးစေ့တွေကို ခုနက တူးဆွထားတဲ့မြေတွေနဲ့ ပြန်ဖုံးလိုက်ကြတယ်။
လအနည်းငယ်ကြာလို့ ရှိရင်တော့ ကျနော်ဟာ အာလူးခင်းလေး ဘာများဖြစ်နေပြီလဲဆိုပြီးတော့ အပြင်ထွက်ဆော့ချိန်မှာ အာလူးခင်းလေးဆီ တစ်ချက်လောက်တော့ သွားကြည့်လေ့ရှိတယ်။ အဲ့လိုနဲ့ပဲ ရိတ်သိမ်းချိန်ကျလာတဲ့အခါ ကျနော့်အဖေ မြေကြီးထဲကနေဆွဲနှုတ်လိုက်တဲ့ အာလူးအကြီးကြီးဧရာမကြီးတွေမြင်ရရင် သိပ်ကို အံ့အားသင့်ရတာပါပဲ။ အရင်ကမျိုးစေ့သေးသေးလေးတွေဟာ အခုဆို သိပ်ကို ချိုမြိန်လှတဲ့ အာလူးအကြီးကြီးတွေ အဖြစ်ကြီးထွားကုန်ကြပြီ။ အာလူးတွေဆွတ်ပြီးတဲ့အခါကျရင် ကျနော်တို့ အာလူးတွေကို စားကြဦးမှာလေ။ အာလူးတွေကို မီးဖုတ်စားမယ်. ထောင်းစားမယ်။ကြော်စားမယ်။ အမျိုးမျိုးပေါ့..။ ကျနော့်အကြိုက်ဆုံးပြောရရင်တော့ အာလူးတွေကို ခပ်ကြာကြာလေးချက်ပြီး စပါကတီ ဆော့စ် လုပ်စားရတာကိုပါပဲ။ အဲ့ဒီအာလူးတွေဟာ တစ်နှစ်ပတ်လုံး ကျနော်တို့ တစ်မိသားစုလုံး စားနိုင်ကြသေးတယ်။ တကယ့်ကို အံ့သြစရာပါပဲ။
အဲ့လိုအချိန်တွေကိုပြန်တွေးရင်း ကျနော် စဉ်းစားမိပြီး သိချင်မိတာတစ်ခုက ကျနော်ဟာ ကျနော့်ဘ၀တလျှောက်လုံးမှာရော ကျနော့်နှလုံးသားမှာရော တခြားသူတွေရဲ့ စိတ်နှလုံးအိမ်တွေမှာပါ ဘယ်လိုမျိုးစေ့တွေကို ဘယ်လောက်များ ချခဲ့မိသလဲဆိုတာပဲပေါ့။ ကျနော့်လုပ်ရပ်သေးသေးလေးတွေကနေ ဘယ်လောက်လှပတဲ့အကျိုးသက်ရောက်မှုတွေ ဘယ်နှကြိမ်လောက် ရှင်သန်ကြီးထွားပြီးခဲ့ပြီဖြစ်ပါသလဲ။ ကျနော်ကျဲချမိတဲ့ မျိုးစေ့သေးသေးလေးတွေဟာ တခြားသူတွေရဲ့ စိတ်ဝိညာဉ်မှာ ဘယ်နှစ်ကြိမ်လော်ကချိုမြိန်စေခဲ့ဖူးပါသလဲ။
နေ့ရက်တိုင်းနေ့ရက်တိုင်းမှာ ကျနော်တို့ဟာ ဒီကမ္ဘာလောကကြီးဆိုတဲ့ စိုက်ခင်းပျိုးခင်းကြီးဆီကို သွားနေကြတယ်။ ပြိးတော့ နေ့ရက်တိုင်းမှာ ကျနော်တို့တွေဟာ တစ်ချိန်မှာ အံ့အားသင့်လောက်စရာရှင်သန်ကြီးထွားလာနိုင်မယ့် မျိုးစေ့တွေကို ကျဲချနေကြတယ်။ ကျနော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာစကားဆိုတာတွေ ၊ ချစ်ခင်ကြင်နာစွာ ပြုမူဆက်ဆံခံရတာတွေ စသဖြင့် ကောင်းသောမျိုးစေ့တွေကိုသာ ကျဲဖို့ မျှော်လင့်ပါတယ်။ ဒီလိုနဲ့ပဲ အဲ့ဒီမျိုးစေ့လေးတွေကနေ မယုံနိုင်လောက်တဲ့ ထူးခြားမှုတွေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတော့တယ်။
Ref: Planting Potatoes By Joe Mazzella
<photo id="0" />
<photo id="1" />
“ဖြူကောင်ကလေးတွေကပေးတဲ့သင်ခန်းစာ “
ဒီနှစ်ဆောင်းတွင်းကတော့ ကြုံဖူးသမျှဆောင်းတွင်းတွေထဲမှာ တကယ့်ကိုအအေးဆုံးဆောင်းတွင်းပဲ။ သိပ်ကိုအေးလွန်းတော့ တိရစ္ဆာန်လေးတွေတော်တော်များများဟာ အအေးဒဏ်ကြောင့်သေကုန်ကြသတဲ့။ အဲ့ဒီအထဲမှာမှ ဆူးတောင်လေးတွေရှိတဲ့ ဖြူကောင်လေးတွေဟာ သူတို့ကြုံနေရတဲ့ အအေးဒဏ်အခြေအနေကို သဘောပေါက်ကြတယ်လေ။ ဒါကြောင့် နွေးနွေးထွေးထွေးဖြစ်အောင်လို့ အတူတကွစုဝေးပြီး တစ်ကောင်နဲ့တစ်ကောင်ပူးပူးကပ်ကပ်နေထိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်တဲ့။ ဒီလိုနည်းနဲ့ သူတို့ကိုယ်သူတို့ အအေးဒဏ်ကနေ ကာကွယ်လိုက်ကြတာပေါ့..။ ဒါပေမဲ့လည်း အဲ့ဒီလို ပူးကပ်နေထိုင်ကြတော့ သူတို့ရဲ့ ဆူးတောင်လေးတွေဟာ အချင်းချင်း ဆူးမိပြီး ဒဏ်ရာရစေတယ်တဲ့။
အဲ့ဒါကြောင့်မို့ အချိန်အနည်းငယ်ကြာတော့ သူတို့တွေဟာ တစ်ကောင်နဲ့တစ်ကောင် ပူးပူးကပ်ကပ်မနေကြတော့ဘဲ ခပ်ခွာခွာနေကြဖို့ ဆုံးဖြတ်လိုက်ကြပြန်တယ်။ အဲ့လိုမျိုး တစ်ကောင်နဲ့တစ်ကောင် ခပ်ခွာခွာနေကြပြီးတဲ့နောက်မှာတော့ ဖြူကောင်လေးတွေဟာ သိပ်ကိုအေးလွန်းတဲ့ အအေးဒဏ်ကြောင့် တစ်ကောင်ပြီးတစ်ကောင် အေးစက်ပြီး သေကုန်ကြတာပေါ့။ အဲ့ဒါကြောင့် သူတို့တွေဟာ ဆုံးဖြတ်ချက်တစ်ခုခုကို ရွေးချယ်ရတော့မှာပေါ့။ ဘာဆုံးဖြတ်ချက်လဲဆိုတော့ ဖြူကောင်လေးတွေဟာ တစ်ကောင်ရဲ့ဆူးတောင်ကိုတစ်ကောင်က နည်းနည်းလောက်အစူးခံပြီး အတူတကွပူးကပ်နေထိုင်ကြမလား ၊ ဒါမှမဟုတ် အတူတူပူးကပ်ပြီး မနေကြဘဲ အအေးဒဏ်ကြောင့်အသေခံမလား ဆိုတာပဲ..။
နောက်ဆုံးမှာတော့ တကယ့်ကို လိမ္မာပါးနပ်စွာနဲ့ပဲ သူတို့တွေဟာ တစ်ကောင်နဲ့တစ်ကောင် အတူတကွပေါင်းစည်းနေထိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အခြားတစ်ယောက်ဆီက အနွေးဓာတ်လေးရရှိနိုင်ဖို့အတွက် အတူတကွပေါင်းစည်းနေထိုင်ခြင်းကနေဖြစ်ပေါ်လာမယ့် မပြောပလောက်တဲ့ နာကျင်မှု၊ ဒဏ်ရာ အသေးအဖွဲကလေးတွေကို လက်ခံပြီး နေထိုင်သွားကြဖို့ သူတို့ သင်ယူတတ်မြောက်သွားကြတာပေါ့။ ဒီလိုနဲ့ပဲ ဖြူကောင်ကလေးတွေဟာ အဲ့ဒီနှစ်ရဲ့ ဆောင်းတွင်း အအေးဒဏ်ကိုအံတုလို့ အသက်ဆက်လက်ရှင်သန်သွားကြတယ်တဲ့။
Ref: Lesson from the Hedgehogs
http://www.rogerdarlington.me.uk/stories.html#Story53
Subscribe to:
Posts (Atom)