Thursday 28 June 2012

ရုပ်ရှင်ထဲမှာဆို...ဇာတ်လမ်းဟာ အချိန်တိုတယ်

ဒီနေ့တော့ ရုပ်ရှင်ကြည့်ချင်စိတ်ပေါက်လာ
တယ်။ ရုပ်ရှင်မကြည့်ဖြစ်တာကြာပြီ။ အွန်လိုင်းကနေ မကြာမကြာ ကြည့်မိပေမဲ့ ရုပ်ရှင်ရုံမှာ မကြည့်မဖြစ်တာကြာပြီ။ နောက်ဆုံးကြည့်ဖြစ်တဲ့ကားက ဘာလဲလို့ ကိုယ်မတွေးတတ်တော့ဘူး။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ချင်တယ်။ သူငယ်ချင်းများများစားစားမရှိေ
တာ့ ဘယ်သူ့ခေါ်ရမှန်းလည်းမသိဘူး။ ဘာပဲဖြစ်ဖြစ် ရုံးမှာအားတဲ့အချိန်လေး ဘာကားကြည့်ရမလဲလို့ အွန်လိုင်းမှာတက်ရှာတယ်။ အမှန်က ရုပ်ရှင်ကြည့်ဖို့ သေချာလှတယ်လည်းမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်တစ်ကားလောက်ကြည့်ချင်စိတ်ပေါက်လာတယ်။ မာဒါဂတ်စ်ကာကြည့်ချင်တယ်။ ဘယ်သူ့ကိုခေါ်ရမလဲလို့တွေးမိတယ်။ ကိုယ်က ကာတွန်းကားနဲ့ဒရာမာကားပဲ ကြိုက်တတ်တော့ တစ်ယောက်တည်းသော အနိုင်ကျင့်လို့ရတဲ့သူငယ်ချင်းကလည်း ပျင်းတယ်လို့ပြောမှာသေချာတယ်။ တစ်ယောက်တည်းကြည့်ရင်လည်း ဖြစ်နေသားပဲတွေးပြီး တစ်ယောက်တည်းကြည့်ဖို့စိတ်ကူးမိတယ်။ ဘွတ်ကင်တော့ မတင်ဖြစ်ဘူး။ နောက်မှပဲ လက်မှတ်ဝယ်ပြီးတော့ ရုပ်ရှင်ရုံမှာသွားကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်။

ရုံးကရောက်လို့  ကိုယ့်အခန်းတံခါးကိုတွန်းဖွင့်
ဝင်လိုက်တော့  မနက်ကရုတ်ပြီးကုတင်ပေါ်ပစ်တင်ထားခဲ့တဲ့အ၀တ်ပုံကိုလှမ်းတွေ့လိုက်ရတယ်။ ဟူးခနဲသက်ပြင်းမှုတ်ထုတ်ပစ်ရင်း အ၀တ်တွေကိုလုံးထွေးပြီး ဗီရိုထဲပစ်ထည့်လိုက်တယ်။ မေမေသာသိရင် မီးပူလေးတော့တိုက်ပါဦးလို့ပြောမလားပဲ..။ ဒါမှမဟုတ်သူကိုယ်တိုင် ကိုယ်မသိတဲ့အချိန်မှာ ယူတိုက်နေရော့မယ်။ ပူလိုက်တာလို့တွေးရင်း ဒီညဘာဇာတ်ကားကြည့်ရမလဲစဉ်းစားရတယ်။ ဒရာမာကားတစ်ကားကို တရုတ်လိုင်းတစ်ခုကနေဒေါင်းနေရင်းနဲ့ မေမေနဲ့တူတူ ရုပ်ရှင်ကြည့်ဖူးတာ အမှတ်ရတယ်။ အဲ့ဒီတုန်းက ကိုယ်က ခပ်ငယ်ငယ်ပဲရှိသေးတယ်၊ သိတတ်စအရွယ်။ မေမေဘာလို့ရုပ်ရှင်ကြည့်တာလဲမသိဘူး။ ဖေဖေမပါဘူး။ မေမေက ကိုယ်ကိုခေါ်ပြီးတော့ ရုပ်ရှင်လက်မှတ်ဝယ်တယ်၊ သားအမိနှစ်ယောက် တူတူကြည့်ကြတယ်။ မေမေနဲ့ကိုယ်နဲ့ကြည့်ကြတဲ့ရုပ်ရှင်တွေအများသား။ ပရစ်တီးဝစ်မင်း ကိုမှတ်မိတယ်။ အဲ့ဒီတုန်းက မေမေ့ကို ဘာကြောင့်ရုပ်ရှင်ကြည့်တာလဲဆိုတာမမေးခဲ့ဘူး၊ မေမေကလည်းမပြောခဲ့ဘူး။ ခုထိလည်း မေမေရုပ်ရှင်တွေကြည့်နေတုန်းပဲ။ ခုတော့ မေမေက အိမ်ရှေ့ခန်းမှာထိုင်ပြီးတော့ အားတဲ့အချိန်မှာ ကိုရီးယားကားတွေကြည့်တယ်၊ နိုင်ငံခြားရုပ်ရှင်တွေကြည့်တယ်ပြောတာပဲ။ ကိုယ်ကလည်း ရုပ်ရှင်မကြည့်နဲ့၊ မေမေဘုရားတရားလုပ်၊ ဘာညာမပြောပါဘူး။ စိတ်ဆိုတာကလည်း ဘုရားတရားဘာညာလုပ်မှ မဟုတ်ပါဘူး။ ကိုယ်ချမ်းသာသလိုလေးနေပြီး ငြိမ်းချမ်းနေလို့ရတာပဲလို့ ထင်တယ်။

အပြေးဖိနပ်ကိုစီးပြီးတော့ ရေမြောင်းပတ်လမ်းအတိုင်း လမ်းလျှောက်ထွက်ဖို့ထွက်လာတယ်။ ကျန်းမာရေးလိုက်စားလို့မဟုတ်ဘူး
။ အိုတီမရှိတဲ့အလုပ်ဆိုတော့ ပိုတဲ့အချိန်တွေကို ဘယ်လိုအသုံးချရမလဲတွေးရင်း တောင်တောင်အီအီလျှောက်ကြည့်တတ်တဲညာဉ်ကြောင့် ညနေပိုင်းဆိုရင် လမ်းလျှောက်ဖြစ်တယ်။ သိပ်မပင်ပန်းတဲ့နေ့၊ အဆင်ပြေတဲ့နေ့ဆိုရင် ပြေးတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ လမ်းပဲလျှောက်တယ်။ လမ်းလျှောက်ရင်းနဲ့ ကိုယ့်လိုပဲလမ်းလျှောက်တဲ့လူတွေကိုကြည့်တယ်။ ဘေးကဖြတ်ပြေးသွားကြတဲ့
ပြေးတဲ့သူတွေကိုကြည့်တယ်။ သစ်ရွက်လေးတွေကြွေနေတာ၊ လေတိုက်ရာတလျှောက်မှာ ညမွှေးပန်းလေးတွေမွှေးနေကြတာ စတာတွေလျှောက်ခံစားတယ်။  လမ်းမီးတွေ ထိန်နေအောင်ထွန်းထားတဲ့ ကားလမ်းမကြီးမှာ ကားတွေဖြတ်သွားကြတာကို ငေးတယ်။ ကိုယ့်ဆံပင်တွေကြားထဲအထိ လေတွေတိုးပြီးတိုက်လာရင်ပျော်
တယ်။ မိုးဖွဲဖွဲနဲ့ မီးရောင် ခပ်ဝါ၀ါအောက်မှာ လမ်းလျှောက်ရတာကိုပျော်တယ်။ အဲ့လိုအချိန်တွေဆိုရင် ကိုယ်ကိုယ်တိုင် ရုပ်ရှင်ကားတစ်ကားထဲရောက်သွားရသလိုပဲ လို့တွေးတယ်။ အားအားယားယားရှိတတ်တဲ့အခါ ဒီလိုပဲ ရောက်တတ်ရာရာလျှောက်စဉ်းစားတတ်တယ်လို့ပဲထားပါ။ လူဆိုတဲ့သတ္တ၀ါဟာ အခြေံခံလိုအပ်ချက်တွေ ပြည့်စုံလာရင် ဒီလို အရည်မရအဖတ်မရတွေကို အလုပ်မရှိအကိုင်မရှိတဲ့အချိန်မှာ လိုက်ခံစားတတ်ကြတာပဲ။ အနုပညာဘာဘာညာညာဆိုတာတွေက အလကားပဲလို့ မကြာမကြာတွေးမိပြီး ကင်းကိုမကင်းနိုင်ပြန်ဘူး။

မိမိကိုယ်ကို သေချာမသိတဲ့လူတွေက ရုပ်ရှင်တွေကိုပိုကြည့်ကြတယ် လို့ သူငယ်ချင်းတစ်ယောက်ကပြောတုန်းက သူများအကြောင်းကိုစိတ်ဝင်စားတဲ့
လူတွေက ပိုပြီးတော့ကြည့်ကြတာလို့ ပြောခဲ့ဖူးတယ်။ ကိုယ့်အကြောင်းကိုခဏမေ့ချင်လို့ သူများအကြောင်းအရာတွေမှာ စိတ်ဝင်စားစရာခဏရှာကြတာလည်းဖြစ်နိုင်တာပဲလေ။ ဒါမှမဟုတ် သူများကိစ္စတွေကို စိတ်ဝင်စားလို့ တစ်ယောက်နဲ့တစ်ယောက်စကားစရှာပြီးတော့ ပြောကြမယ်။ ငါသာဆိုရင်ဆိုတဲ့ စိတ်ကလေးနဲ့ ဇာတ်ကောင်နေရာမှာ ၀င်ခံစားမယ်။ ကိုယ့်ကိုယ်ကိုသနားတဲ့စိတ်နဲ့ လွမ်းခန်း ဆွေးခန်း နာကျင်ရတဲ့အခန်းတွေပါလာရင် ငိုမယ်။ အမှန်ကတော့ ဒါဟာ သူများအကြောင်းစိတ်ဝင်စားတဲ့ စိတ်အခံကနေ ရွေ့လျားလာတာ၊ စသဖြင့် စိတ်အချဉ်ပေါက်တဲ့အချိန်လျှောက်တွေးမယ်။ တစ်ခါတခါ ပြောချင်ရာပြောတာတွေ၊ ပြချင်ရာပြတာတွေကိုများ ဘာကိုပြောချင်တာ၊ ဆိုပြီးများ သူများနားမလည်တဲ့စကားလုံးတွေနဲ့ ပြောရရင် ကိုယ့်ကိုယ်ကို ဘ၀င်လေဟပ်ချင်သလိုဖြစ်မိသေးတယ်။ ငါ့လောက်မှ သူများတွေမသိရလေ ဆိုပြီး အတော်စိတ်ကြီးဝင်ရသေး။ ဒါဟာ အပိုအလုပ်တွေပဲ။ အမှန်ကတော့လည်း ရုပ်ရှင်တွေဆိုတာ ဇာတ်လမ်းပြကွက်ဆန်းဆန်းနဲ့လူတွေအကြောင်း တစ်နည်းပြောရရင် ကိုယ်နဲ့မဆိုင်တဲ့သူများတွေအကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်း။ တစ်ခုတော့ရှိတယ်။ ရုပ်ရှင်ထဲမှာဆို ဇာတ်လမ်းဟာ အချိန်တိုတယ်။

လမ်းလျှောက်လာတာပျင်းလာလို့ ခပ်ဖွဖွပြေးတယ်။ ချွေးထွက်ရင်ပြီးတာပဲ။ ပြေးချင်လို့ပြေးတာမှမဟုတ်တာ။ လုပ်စရာမရှိလို့လုပ်ရတာပဲလို့ဆက်တွေးရင်း ဆက်ပြေးတယ်။ လေတွေက ချွေးစိုနေတဲ့ ကိုယ့်မျက်နှာကိုတိုးသွားလိုက်ကြတာ ကျေနပ်ဖို့သိပ်ကောင်းတာပဲ။ နှစ်ယောက်တွဲပြေးသွားကြတဲ့သူတွေ၊ တစ်ယောက်တည်းပြေးနေတဲ့လူတွေနဲ့ ကိုယ်တို့အိမ်နားကလမ်းဟာ ခုလိုညမျိုးဆိုရင် သိပ်ကိုလှတယ်။ ဇာတ်နာတဲ့ ရုပ်ရှင်တစ်ခုတလေမှာဆိုရင် ဒီလိုပြကွက်မျိုးက ဇာတ်လိုက်ဟာ
အချိန်ခဏလေးအတွင်းမှာ တစ်ခုခုဖြစ်ကိုဖြစ်တယ်။ ဒီလိုနဲ့ ဆက်ပြေးလာလိုက်တယ်။ မောလာရင်ရပ်လိုက်မယ်။ လမ်းဆက်လျှောက်မယ်။ လုပ်စရာမရှိတော့သလိုမျိုး ၊ ဒါမှမဟုတ် လုပ်လက်စအလုပ်တစ်ခုခုကို ငြီးငွေ့သွားတဲ့အခါ ချက်ချင်းရပ်ပစ်လိုက်သလိုမျိုး ရပ်ချင်ရင်လိုက်မယ်။ မနက်ဆိုရင် အလုပ်သွားမယ်၊ ညနေပြန်ရောက်ရင် လမ်းလျှောက်မယ်၊ အချိန်ပိုနေသေးရင် ရုပ်ရှင်တစ်ကားလောက်ကြည့်ဦးမယ်၊ ဒါမှမဟုတ် တစ်ကားကို နှစ်ရက်ခွဲပြီးတော့ကြည့်မယ်။ တစ်ပတ်မှာတစ်ရက်နားမယ်၊ ဒါဟာပုံမှန်ပဲ။ ပုံမှန်မဟုတ်ရင်တောင် ပုံမှန်လို့ထင်နေတုန်းပဲ။

နားထင်ပေါ်ကနေ ချွေးတွေစီးကျလာလို့ သုတ်လိုက်ရတယ်။ ညောင်းနေပြီ လို့ထင်လာတယ်။  ဒီဘလောက်ကို ဘယ်နှခေါက်ပတ်ပြီးပြီလဲမသိဘူး။ ရေတွက်မနေဘူး။
 ညောင်းတဲ့အထိပြေးတယ်။ ပတ်ဝန်းကျင်၊ ကိုယ့်လိုပြေးနေတဲ့ လမ်းလျှောက်နေကြတဲ့သူတွေကို ကြည့်ပြီးပြေးတယ်။ ဒါပါလေလို့တွေးပြီး အိမ်ကိုလှည့်ပြန်ခဲ့လိုက်တယ်။
ရေချိုးမယ်၊ ပြီးရင် မေမေနဲ့ ဗီဇက်အို ကနေစကားလေးဘာလေးပြောမယ်။ အဲ့ဒီအခါ သူတို့က ကိုယ့်အတွက်ရုပ်ရှင်ဖြစ်မယ်။ ကိုယ်ကသူတို့အတွက်ရုပ်ရှင်ဖြစ်မယ်။ လူတစ်ကိုယ်မှာ ဇာတ်လမ်းတစ်ပုဒ်စီနဲ့မို့ တစ်ယောက်ယောက်အတွက်တော့ တစ်ဦးဦးဟာ ရုပ်ရှင်တစ်ကားစီဖြစ်ကြတယ်။ ရုပ်ရှင်ထဲမှာဆိုရင်တော့ ဇာတ်လမ်းဟာ အချိန်တိုတယ်။ ကိုယ့်အတွေးကို ရယ်ချင်သွားပြီး အိမ်ခန်းတံခါးကိုတွန်းအဖွင့်မှာ ခုနက ဒေါင်းထားခဲ့တဲ့ ဇာတ်ကားက ကြည့်ဖို့အသင့်ဖြစ်နေပြီဆိုတာ ကွန်ပြူတာမှာပြနေတယ်.။ ဒီည ရုပ်ရှင်ကြည့်မယ်။


စိမ်းမြလင်းသစ်
(28/06/2012)

Tuesday 26 June 2012

ဒီညမှာ လကတစ်ဝက်တိတိသာတယ်

မင်းအဆင်ပြေတယ်မဟုတ်လားလို့ရုတ်
တရက် အမေးလိုက်တော့ ရုတ်တရက်ဘာဖြေရမှန်းမသိဘူးဖြစ်
သွားတယ်။ ကျနော်ကလည်း ထုံးစံအတိုင်း နှုတ်ဆိတ်နေသလိုလိုနဲ့ လက်ထဲကစီးကရက်ကိုပဲ တိတ်တိတ်ဆိတ်ဆိတ်ဖွာနေမိတော့တယ်
။ သူငယ်ချင်းကတော့ထုံးစံအတိုင်း ၀တ်ကျေတမ်းကျေအမေးစကားတစ်ခုအပေါ်မှာ အဖြေတစ်ခုကိုစောင့်နေဟန်လည်းမရှိပါဘူး။ တခြားသူတွေနဲ့သာ စကားဆက်ပြောလို့နေတော့တယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ တွေ့ဆုံပွဲမှာ ကျနော်နှုတ်ဆိတ်နေလို့လည်း မဖြစ်ပါဘူး။ ဒါပေမဲ့လည်းစကားစမြည်ပြောချင်စိတ်လေးတောင်မရှိတာကြောင့် အားလုံးကို ပြုံးပြပြီး ချောင်ကျကျစားပွဲဝိုင်းဆီမှာ လာထိုင်နေမိတယ်။ လေက ရုတ်တရက်တိုက်လာတာကြောင့် ကျနော့်ဆံပင်တွေပွသွားတယ်။ ဒီလိုအချိန်မျိုးမှာ သူသာရှိနေရင် ဆံပင်တွေရှည်နေပြီ ဘာလို့မညှပ်တာလဲ ဆံပင်လေးဘာလေးညှပ်ဖို့တောင်အချိန်မအားဘူးလား စသဖြင့် ကျနော်စိတ်ညစ်ရလောက်အောင် သူတဖွဖွပြောမှာမှန်း ကျနော်အမှတ်ရလိုက်တယ်။ အချိန်တွေကြာတော့ကြာပါပြီ။ ဘယ်လောက်ကြာပြီလဲလို့ ကျနော် လည်းမမှတ်ထားဘူး။ လွမ်းတယ်ရယ်လည်းမဟုတ်ပါဘူး။ လွမ်းတယ်လို့ပြောရလောက်အောင် ကျနော့်အသက်အရွယ်ကလည်း မငယ်တော့ဘူး။ တိုက်ဆိုင်တဲ့အခါ အမှတ်ရတယ်ဆိုရုံလောက်ပါပဲ။ ဒါကိုသူသိရင် စိတ်ဆိုးဦးမယ်။ အမှန်တကယ်ဆိုရင် ဘာရယ်ကြောင့်မှန်းမသိဘူး ၊ ခဏခဏကတောက်ကဆဖြစ်ခဲ့ရတာပဲ။ တစ်ခါတစ်ခါတော့လည်း ကျနော်က ပျော်တယ်။ သူစိတ်ဆိုးတာကိုကြည့်ရင်းပျော်တယ်။ သူစိတ်ဆိုးရင် ကျနော့်ကိုရန်တွေ့တဲ့ နှုတ်ခမ်းတွေက ထော်ထော်လေး။ ချစ်စရာကောင်းတယ်ထင်လို့ ကျနော်ခဏခဏစမိတယ်။  ဒါတွေက သူသူငါငါ သူလိုကိုယ်လို သမီးရည်းစားကိစ္စတွေပဲ မဟုတ်လား။ အခုအချိန်မှာ ပြန်တွေးနေမိတာကိုတောင် ရှက်ချင်သလိုလိုဖြစ်နေမိတယ်။

ကျနော့်ကို သူငယ်ချင်းတစ်ယောက်စနှစ်ယောက်စ စကားလာပြောကြတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာမသိဘူး။ ကျနော်ကလည်း ခုအချိန်မှာ စကားမပြောချင်ဘူးဖြစ်နေတယ်။ ကျနော်ဆိုလိုတာက တစ်ကိုယ်တည်း တွေးမယ်၊ ထိုင်မယ်။ တွေးမယ်ဆိုတာက ဘာအကြောင်း ညာအကြောင်း သေသေချာချာရှိတဲ့ကိစ္စတစ်ခုကို တွေးဖို့မဟုတ်ပါဘူး။ ကျနော့်အတွေးတွေနောက်ကို စီးမျောပစ်မယ်။ စိတ်ကိုမျှောထားမယ်။ ဒါက ကျနော့်ဝါသနာဖြစ်တယ်ရယ်လို့လည်းမတွေးမိဘူး။ ကျနော်ဆိုလိုတာက ကျနော့်ဝါသနာဟာ ဘာလဲလို့တောင်တွေးမိခဲ့တာမဟုတ်ဘူး။ လူဟာ လူရယ်လို့ဖြစ်လာရင် စိတ်ဝင်စားမှုတစ်ခုခုရှိတယ်၊ အားသန်ရာသန်ရာ အလေ့အကျင့်တစ်ခုခုရှိကြတယ်လို့ပြောကြတယ်။ ကျနော်ကတော့ အထူးတလည် မတွေးမိခဲ့ဘူး။ ၀ါသနာတွေ၊ အလေ့အကျင့်တွေ၊ ဘာတွေညာတွေ၊ စည်းတွေ ဘောင်တွေ ကျနော်မတွေးဘူး။ ကျနော်လုပ်ချင်တဲ့အရာကို လုပ်မယ်။ စိတ်ကိုလွတ်လွတ်လပ်လပ်နေမယ်။ ဘာနဲ့မှ ချုပ်နှောင်ထားတာမကြိုက်ဘူးလို့ပဲဆိုရမယ်။ ကျနော့်ကို သူများတွေနဲ့မတူဘူး..စည်းအပြင်ထွက်နေတယ်လို့ တချို့ကပြောတတ်တယ်။ ကျနော်က စည်းတွေဘာတွေတောင်စဉ်းစားခဲ့တာမဟုတ်ဘူး။ ခုတောင် ဘာကြောင့် ဒီကိုရောက်ခဲ့တာလည်းမသိဘူး။ ကျနော်လာချင်ရင်လာမယ်၊ ပြန်ချင်ရင်ပြန်မယ်။ ဘာအတွက်ကြောင့်မှ ဘာကိုမှ ချုပ်နှောင်ထားဖို့မလိုဘူးထင်တာပဲ။

ရုတ်တရက်ထပြန်ခဲ့တယ်။ ကျနော်ပြန်တာကို ဘယ်သူ့ကိုမှအသိမပေးခဲ့ဘူး..။ ကျနောပြန်ချင်လို့ပြန်လာတာ။ ကျနော်ပြန်လာတယ်ဆိုတာကိုတောင် လမ်းလျှောက်နေတုန်းမှာ သတိထားမိသွားတာ။ ညနေခင်းဟာ ညစစ်စစ်ကိုကူးပြောင်းနေပြီ..။ လမ်းဟာ မီးရောင်တွေထိန်နေတယ်။ တချို့လမ်းတွေမှာ ၀ါကျင်ကျင်မီးတွေထွန်းထားတယ်။ ကျနောလမ်းလျှောက်လာနေတုန်းပဲ.။  လေတဖြူးဖြူးနဲ့ တိုက်ခတ်နေတယ်။ မိုးရိပ်မိုးသက်လေးတောင် ပါနေသလိုပဲ။ မိုးရွာရင်ကောင်းမှာပဲလို့ ကျနော်တွေးမိတယ်။ ကျနော်လမ်းလျှောက်နေတုန်း မိုးဖွဲကလေးများကျလာရင် ဆိုပြီးတွေးမိတော့ပျော်လာတယ်။ မိုးတဖွဲဖွဲအောက်မှာ လမ်းလျှောက်ရတာကို ကျနော်ကြိုက်တယ်။ မိုးတွေဝုန်းဒိုင်းကြဲရွာချတဲ့အချိန်မျိုးဆိုရင် အခန်းထဲမှာတစ်ယောက်တည်း သရဲကားကြည့်ရတာတော်တော်သဘောကျတာပဲ။ လမ်းလျှောက်ရတာကိုတော့ မကြိုက်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အခုလို လေကလေးတိုက်နေတဲ့အချိန်မှာလည်း ဟိုတွေးဒီတွေးနဲ့ လမ်းလျှောက်ရတာကိုကြိုက်တာပဲ။ ကျနော်ကတွေးသာတွေးနေမိတာပါ။ မိုးလည်းရွာမလာပါဘူး..။ လေကတော့ တဖြူးဖြူးနဲ့တိုက်နေတယ်။ ညက အေးတယ်ဆိုရုံအေးအေးလေး။ ခုမှ ညစရောက်ရုံကလေးနဲ့ ညက ပျိုနုနေတယ်။

လမ်းတွေ၊မီးတိုင်တွေ၊ လမ်းတလျှောက်မှာ ခပ်ကျဲကျဲ ချထားတဲ့ထိုင်ခုံတွေ..။ ကျနော့်ဘေးကနေ ခပ်သုတ်သုတ် ဖြတ်လျှောက်သွားကြတဲ့လူတွေ..။ ၀ါကျင်ကျင်မီးရောင်လေးတွေ လင်းနေတဲ့လမ်းတလျှောက်ကို ကျနော် ခပ်အေးအေးပဲလမ်းလျှောက်လာတယ်။ လမ်းဘေးတစ်လျှောက်မှာ အပင်ပုပုလေးတွေကို တညီတညာတည်း အလှစိုက်ထားသေးတယ်။ မထူးဆန်းပေမဲ့ အခုမှ အထူးအဆန်းလုပ်ပြီးကြည့်နေမိတယ်။ ကားလမ်းမပေါ်မှာတော့ ကားတွေ တ၀ီဝီ မောင်းနေကြတုန်းပဲ။ လူတွေဘာအတွက် အလျင်စလို ဖြစ်နေကြပါလိမ့်။ အမှန်တကယ်ဆိုရင် ဘာကိုမှအလျင်စလိုရှိစရာမလိုလောက်အောင်ကို ပဲ ဘ၀က ပျင်းစရာကောင်းတယ်မဟုတ်လား။ အသက်ရှင်နေရတာ ပျင်းစရာကောင်းတယ်ဆိုတဲ့အတွေးဟာ ကျနော်မကြာခဏ တွေးမိတဲ့အတွေးပဲ။ လူတွေက စိတ်ဝင်စားမှုတစ်စုံတရာ မရှိတော့တဲ့အရာအပေါ်မှာ ပျင်းတယ်လို့ ခေါ်လေ့ရှိကြတာပဲ။ ပြီးရင်တော့ စိတ်ဝင်စားစရာတစ်ခုခုနဲ့ အစားထိုးဖို့ကြိုးစားကြမယ်။ ကျနော်ကတော့ အသက်ရှင်ရတာပျင်းတယ်။ အသက်ရှင်ရတာကို ရပ်တန့်ပစ်လိုက်ဖို့တော့ ကျနော်မကြိုးစားချင်ပါဘူး..။ ပျင်းနေရတဲ့အရာသာကို ကျနော်ခံစားကြည့်ချင်နေတယ်။ ကျနော်ဆိုလိုတာက နေ့စဉ် အလုပ်သွားမယ်။ အချိန်ကို ထုံးစံအတိုင်းပြီးဆုံးစေမယ်.။ ညရောက်တဲ့အခါ ကျနော် အနီးအနားမှာရှိတဲ့ လက်လှမ်းမီတဲ့ ကျနော် စိတ်ပျော်တယ်လို့ယူဆရတဲ့ အလုပ်တစ်ခုခုမှာ စိတ်ကိုနှစ်ထားလိုက်မယ်။ ဒီလိုနဲ့ သီတင်းတစ်ပတ် ကုန်ဆုံးသွားမယ်။ ဒီလိုနဲ့ နေ့တွေ လတွေ နှစ်တွေ ကုန်ဆုံးသွားတဲ့အခါ တခြားသူတွေလိုပဲ အသက်ဝိညာဉ်လေးထွက်ခွာသွားမယ်။ ကျနော်စိတ်ဝင်စားတာက ကျနော်ဟာ ဘယ်လိုဘယ်ပုံအဆုံးသတ်မယ်ဆိုတာရယ် ဘာတွေဘယ်လို ထပ်ဖြစ်မယ်ဆိုတာရယ်။ အဲ့ဒီအချိန်ကျရင် စိတ်ဝင်စားစရာ ကောင်းမှာဖြစ်ပေမဲ့ ခုအချိန်မှာ ဒီလိုကြီး စောင့်နေရတာကတော့ ပျင်းစရာအကောင်းသား။

ထိုင်ခုံအလွတ်တစ်ခုတွေ့တော့ ဘာရယ်မဟုတ်ဘူး ၀င်လိုက်လိုက်တယ်။ ရာသီဥတုက အိမ်ခန်းကျဉ်းကျဉ်းလေးထဲကို မပြန်ချင်အောင်ဆွဲဆောင်နေတာပဲမဟုတ်လား။ ကျနော့်ဘေးကထိုင်ခုံမှာ အတွဲတစ်တွဲထိုင်နေကြတယ်။ ရယ်လိုက်မောလိုက်နဲ့အဆင်ပြေနေပုံပါပဲ။ ကျနော်လည်း ရိုင်းမှာစိုးလို့အကြည့်ကိုချက်ချင်းလွှဲမိတယ်။ သူ့ကို သတိရပြန်တယ်။ အရင်ကဆို သူနဲ့ကျနော် သူတို့လို ထိုင်လေ့ရှိကြတာပဲ။ ရောက်တတ်ရာရာစကားတွေပြောမယ်။ ခုနေစဉ်းစားကြည့်တော့လည်း ရယ်စရာကောင်းသားပဲ။ ကျနော့်အကြောင်းတွေ သူ့အကြောင်းတွေ၊ ကျနော့်သူငယ်ချင်းတွေအကြောင်း၊ သူ့သူငယ်ချင်းတွေအကြောင်း..။ နောက်ပိုင်းကျနော်က ငြီးငွေ့သွားလို့ ဘာမှမပြောတော့တဲ့အခါ သူက ကျနော့်ကို စကားနာတွေထိုးမယ်။ မချစ်တော့လို့လား ဘာညာမေးမယ်။ ကျနော်က ဒါတွေကို သိပ်စိတ်ကုန်တယ်။ အမှန်ဆိုရင် ကျနော်က ချစ်တယ်ဆိုတာဘာမှန်းမသိဘူး။ ချစ်တယ်ဆိုတာကိုလည်း အယုံအကြည်မရှိဘူး။ ဘ၀ဆိုတာ ဗလာ ဘာညာလို့ သူ့ကိုပြောမိတဲ့နောက်ပိုင်း သူက ကျနော့်ကို ဖြည့်ဆည်းပေးဖို့စကြိုးစားတော့တာပဲ။ အမှန်တကယ်ကို သူဟာ ရူးခဲ့တယ်လို့ဆိုရမယ်။ ကျနော်လည်း အထူးတလည် ဆက်ပြီးမရှင်းပြတော့ဘူး။ နောက်ဆုံးတော့ ကျနော့်ဆီက ဗလာစစ်စစ် ဖြစ်တည်မှုကို သူသဘောပေါက်သွားသလား၊ တကယ်ပဲ ကျနော့်ကို စိတ်ပျက်သွားသလားမသိဘူး။ ကျနော့်ကို လမ်းခွဲသွားတယ်။ ရုပ်ရှင်တွေ ၀တ္ထုတွေ ထဲကလို မျက်ရည်တွေဘာတွေလည်း မကျပါဘူး။ ကျနော်ကလည်း မတားခဲ့ပါဘူး။ ဒီလိုပါပဲ ပေါ့ပေါ့ပါးပါးအဆုံးသတ်သွားတာပဲ။ အဆုံးသတ်တယ်လို့ပြောရအောင် ဒါကတကယ့်အဆုံးသတ်လားဆိုတာလည်း ကျနော်မသေချာပါဘူး။ သေချာမှုဆိုတာဟာ ဘာတွေဖြစ်မလဲလို့ တွေးဖို့ ခန္ဓာကိုယ်ကို ခပ်လျောလျောပြင်ထိုင်ပြီး မိုးပေါ်ကို မော့ကြည့်မိတော့ တစ်ဝက်တိတိသာနေတဲ့ လကို ဒီညမှာ တွေ့လိုက်ရတယ်။


စိမ်းမြလင်းသစ်

(27/06/2012)

အပျင်းပြေ

အမှန်တကယ်ဆိုရင် ဒီခံစားချက်မျိုးတွေ မဖြစ်သင့်ပါဘူးလို့ စုကတွေးသည်။ ဖြစ်လိုရာဖြစ်စေဟု ဖြစ်တတ်သောသဘောတရားများကို လွယ်လင့်တကူ ဖြေလျော့ပေးခဲ့ပြီးကာမှ ၊ အရာအားလုံးအဆုံးသတ်ခဲ့ပြီးကာမှ ဒါမျိုးဟာ စိုးစဉ်းမျှ မဖြစ်သင့်တော့ပါဘူး။ စုကတွေးရင်း ရင်ဘတ်ကအောင့်တက်လာသော ငိုချင်သည့် ခံစားချက်ကို ပျက်ရယ်ပြုဖို့ကြိုးစားရသည်။  ခံစားချက်ကို ပြောင်းလဲပစ်ရမည်။ အလုပ်ထဲမှာ မျက်ရည်ကျခွင့်မရ၊ ခံစားချက်အတိုင်း မှိုင်တွေနေခွင့်မရ။ အရာရာဟာ ဟန်ဆောင်နေရတာချည့်ပါလို့ စုကတွေးရင်း အလုပ်ထဲကို စိတ်ပြန်နှစ်ဖို့ ကြိုးစားရသေးသည်။ တကယ်ဆိုရင် လောကထဲမှာ လူဖြစ်လာရတာကိုက ဟန်ဆောင်ရဖို့သက်သက်ဖြစ်သည် ဟု အရွဲ့တိုက်တွေးမိသည်။ ဟန်ဆောင်ကမ္ဘာလောကထဲမှာ ဘာတွေကိုများ မက်မောတွယ်တာနေရသေးသလဲ။ အရာအားလုံးက ရယ်စရာချည့်ပဲ။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှ
န်ဟန်ဆောင်ကြသည်။ တစ်ယောက်ကိုတစ်ယောက် သနားကြင်နာချင်ဟန်ဆောင်ကြသည်။ ရယ်စရာချည့်ပဲ။ စုရဲ့ အလုပ်ခွင်မှာ၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ မိသားစု။ အားလုံးသည် စုအမြင်အားဖြင့်တော့ ဟန်ဆောင်နေကြသူချည့်ဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်က တစ်ချိန်လုံးမဆင်းတဲ့ စုဘေးမှာ အလုပ်လုပ်တဲ့ကောင်မလေးက ခုတော့ သူဌေးမရှိတုန်း ဖုန်းကနေ ယူကျု ကြည့်နေသည်။ စုအရှေ့က ကောင်မလေးက လည်း ဒီလိုပဲ။ အလုပ်လုပ်ချင်ဟန်ဆောင်ပြီးတော့ ဂိမ်းကစားသည်။ သူဌေးလာရင် အလုပ်များဟန်ဆောင်ပြကြလိမ့်ဦး
မည်။ စုက ပတ်ဝန်းကျင်ကို အသေအချာကြည့်ရင်း ရယ်ချင်လာသည်။ ဟန်ဆောင်အလိမ်အညာတွေကနေမလွတ်။ စုကိုယ်တိုင်လည်းမလွတ်။ ဟန်ဆောင်ထားရသည်ဟု တွေးမိပြန်သည်။

အတန်ငယ်ချမ်းလာကြောင်း စိတ်ကသိသည်။ အဲကွန်းတည့်တည့်အောက် အလုပ်လုပ်နေရတာကိုက စုအတွက် စိတ်ညစ်စရာကောင်းလှသည်။ အမှန်ဆိုရင် ဒီအလုပ်ကိုမလုပ်ချင်။ မလုပ်ချင်လို့ ထွက်လိုက်လို့မဖြစ်ကြောင်း စုသိနေသည်။ နောက်အလုပ်တစ်ခုမသေချာဘဲ ထွက်ဖို့ဆိုတာ စုအတွက် မဖြစ်နိုင်။  စိတ်အလိုကိုလိုက်ဖို့ဆိုတာ ဆုအတွက် မဖြစ်နိုင်။ အလုပ်မရှိလျှင် တစ်လထက်ပိုပြီးနေခွင့်မရသော နေရာမှာ မပျော်သော်လည်း နေနေရသည်။ ပျော်တယ်ဆိုတာ ဘာလဲလို့စုမတွေးချင်။ မတွေးဖြစ်အောင်နေခဲ့သည်။ အထီးကျန်သော စုရဲ့စိတ်သည် တစ်ခုခုကိုတွယ်တာချင်လာသည်။ စုရဲ့စိတ်တွေက အားငယ်လာသည်။ ဒါကြောင့်ပဲ စုက သူ့အပေါ် တွယ်တာခဲ့တာဖြစ်နိုင်သည်။ ဒါလည်း ဟန်ဆောင်တာပဲမဟုတ်လား။ အလုပ်လုပ်နေရင်း ကီးဘုတ်ကို အမှတ်တမဲ့ အသံကျယ်အောင် ရိုက်လိုက်မိသည်။ စုရဲ့စိတ်တွေတင်းကျပ်နေပြီ။ ထွက်ပေါက်တစ်ခုခုလိုအပ်နေပြီ။ ဒါသည်ပင် စုရဲ့ လက်ရှိအရှိတရားဖြစ်သည်။ စုသည် ကိုယ့်ကိုယ်ကို မထိန်းနိုင်။ စုသည် ခုအရွယ်အထိ မရင့်ကျက်နိုင်။ စုအပေါ် စိုးရိမ်ပူပန်ကြသူများကို တစ်ခါတခါ ရယ်ချင်သည်။ စုကို ခွင့်မလွှတ်ကြပါလေနှင့်။

စားပွဲပေါ်တွင် စာရွက်များ ပြန့်ကျဲနေသည်။ အခန်းထဲတွင် စုနားမလည်သော အလွန်နားဝင်ဆိုးသော တရုတ်အသံလိုင်းကိုအမြဲဖွင့်ထားေ
သာ ရေဒီယိုတစ်လုံးရှိသည်။ သူဌေးသည် ဧည့်သည်တစ်ယောက်နှင့်စကားပြောနေသည်။ အခြားသူများက အလုပ်လုပ်ဟန်ဆောင်နေကြသည်။ စုက လုပ်လက်စအလုပ်များကို အပြီးသတ်ရန်ကြိုးစားနေသည်။ အခန်းတွင်းမှလေသည် အေးစက်လွန်းလှသည်။ အခန်းအပြင်ထက်တွင် မှန်တံခါးမှတဆင့် နေအပူ ခပ်စူးစူးကို မြင်နေရသည်။ အရာအားလုံးသည် အတုများသာဖြစ်ကြသည်။ စုသည် ၃ခွက်မြောက်သော ကော်ဖီကို လက်စသတ်သောက်လိုက်သည်။ စုရင်သည် တုန်နေ၏။ ကော်ဖီကြောင့်ဖြစ်မည်ဟု တွေးပစ်ရသည်။ မအိပ်နိုင်သောညများကြောင့် အလုပ်လုပ်နိုင်စေရန် ကော်ဖီသောက်ရပြန်သည်။ ဒါသည်ပင် စုအတွက် စိတ်ဖြေရာဖြစ်ရပြန်သည်။ စုက တစ်ခါတစ်ခါ စိတ်ကူယဉ်ဖူးသည်။ ညနေစောင်းတွင် စီးကရက်လက်ကြားညှပ်ပြီး လျှောက်သွားချင်သည်။ လက်ထဲတွင် ဘီယာတစ်ဘူးကိုင်ထားမည်။ စိတ်ကိုလေလိုလွှင့်ချင်သည်။ ဒါမျိုးသည် စုဖတ်ဖူးသော ၀တ္ထုများထဲမှ ဇာတ်ကောင် မိန်းကလေးများ လုပ်တတ်ကြသကဲ့သို့ တစ်ခါတလေ လျှောက်သွားချင်မိသည်။ သို့သော် စုက ပတ်ဝန်းကျင်ကိုကြောက်တတ်သော မိန်းကလေးမျှသာဖြစ်သည်။ အများအမြင်ကိုအလေးထားရင်း မိမိ၏ဆန္ဒများပျောက်ဆုံးနေရသော မိန်ကလေးမျှသာဖြစ်သည်ဟု တွေးမိရင်း ရယ်ချင်လာသည်။ အမှတ်တမဲ့ပြုံးမိတော့ မပြုံးဖြစ်တာကြာပြီဖြစ်ကြောင်း အမှတ်ရသည်။ ရေဒီယိုကတဆင့် စုနားမလည်သောစာသားများကို ဆွဲဆွဲငင်ငင်ဆိုနေသည့် တရုတ်သီချင်းတစ်ပုဒ်ပျံ့လွင့်လာပြန်သည်။

အလွမ်းသီချင်းတစ်ပုဒ်ပဲဖြစ်မည်။  ရေဒီယိုကိုထပိတ်ချင်လာသည်။ သို့မဟုတ်တခြားလိုင်းတစ်လိုင်း
ကိုပြောင်းချင်လာမိသည်။ သို့သော်တပြိုင်နက်ထဲမှာပဲ တိတ်ဆိတ်ငြိမ်သက်စွာ နေချင်နေမိသေးသည်။ စုမသိသော သီချင်းထဲတွင် စိတ်ကို ဖြေလျှော့ချလိုက်သည်။ သီချင်းသံက ဆွေးမြေ့နေသောကြောင့် စုရဲ့စိတ်က ဆွေးမြေ့လာသည်ဟု တွေးမိပြီး အနည်းငယ်ကျေနပ်လျက်ရှိသည်။ စုသည် ၀မ်းနည်းပြီးဝမ်းနည်းလို့သာနေတော့သည်။ စုသည် သနားစရာမိန်းကလေးတစ်ဦးဖြစ်သည်လို့ တွေးမိတော့ ကိုယ့်ကိုယ်ကို ရယ်ချင်မိသည်။ တကယ်တော့ ဘ၀ဆိုတာ ကိုယ်မဖြစ်ချင်လည်း ကံတရား၏ဦးဆောင်မှုကို မတွန်းလှန်နိုင်သောအချိန်တွင် ကံတရားနောက် လိုက်ရမည်မှန်းသိသည်။ လူတိုင်းဟာ ကိုယ့်တရားနဲ့နေနေရတာလို့တွေးမိပြန်တော့ စိတ်၏မငြိမ်းချမ်းမှုကို မငြိမ်းမှုသက်သက် အဖြစ်သာ မြင်ချင်မိပြန်သည်။ စုသည် ပူလောင်မှု အေးချမ်းမှုဟူသည်တို့ကို ပကတိအမြင်တို့ဖြင့်ကြည့်ချင်လျက်ရှိသည်။ မနေ့ကညနေတုန်းက စုနှင့်သူလမ်းခွဲခဲ့ကြောင်း ပြန်သတိရသည်။ ထိုအခါတွင်တော့ စုသည် လှောင်အိမ်မှ လွတ်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့ ကိုယ့်ကိုယ်ကိုခံယူမိတော့သည်။ စုသည် လွတ်လပ်ခြင်းနှင့်အတူ မလုံခြုံခြင်းကိုပါ တပြိုင်တည်းခံစားနေရသည်နှင့်တူတော့သည်။ စုသည် လွတ်လပ်သောငှက်တစ်ကောင်ကဲ့သို့ စိတ်ကို ပျံသန်းပစ်မည်ဟု ခံယူသည်။ နေ့ရက်များသည် ထပ်တူနီးပါးကျလျက်ရှိကြောင်း အမှတ်ရမိပြန်သောအခါတွင် အသက်ရှင်ဆက်ရှင်ရမည်ကို ပျင်းရိသော စိတ်တို့က လွှမ်းခြုံလျက်ရှိသည်။ စုက စိတ်ကူးယဉ်တတ်သောစိတ်တို့ကို ဖြန့်ကျက်ပစ်ဖို့သာ တတ်နိုင်ပေတော့သည်။

စိတ်သည် ခြောက်ကပ်သောအခန်းထဲတွင် ၀ဲလည်လျက်ရှိသည်။ ငယ်ငယ်တုန်းက စုလုပ်ချင်သည့် လုပ်ငန်းခွင်တစ်ခုကိုစိတ်ကူးယဉ်ခဲ့ဖူးသည်။ စုသည် အရေးပါသောရာထူးကြီးဝန်ထမ်းတစ်ဦးဖြစ်နေရမည်။ မကြာခဏကြည့်ဖူးသော နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများထဲကလို ခေတ်မီသွက်လက်ထက်မြက်သော လုပ်ဖော်ကိုင်ဖက်များလည်းအများအပြားရှိရဦးမည်။ အရေးကြီးသော လုပ်ငန်းကိစ္စများကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ရမည်။ စု၏ချစ်သူသည် စုကိုသိပ်ချစ်၍စုကလည်းထပ်တူချစ်ရဦးမည်။  စုက ရယ်ချင်လျက်နှင့် အတွေးတွေကို လိုက်ဖမ်းမိသောခဏတွင် လုပ်လက်စအလုပ်များလည်း ပြီးသလောက်ရှိပြီ။ ပြတင်းမှန်ကိုတချက်လှမ်းလို့ကြည့်မိတော့ နေစောင်းသွားပြီ။ ကွန်ပြူတာထောင့်တွင် ညနေ ၄နာရီခွဲတော့မည်ဖြစ်ကြောင်းပြနေသည်။ တရုတ်သီချင်းသံတို့သည် စု၏နားစည်ကို ယားကျိကျိကလိလို့သာနေတော့သည်။ အလုပ်ချိန်ကိုအကုန်မြန်စေချင်လှပြီ။ အသက်ရှင်ရခြင်းသည် ပျင်းရိဖွယ်ကောင်းကြောင်း တွေးမိပြန်တော့ စုက အသက်ဝိဥာဉ်ထွက်သွားမည့်နေ့ကိုစောင့်နေရတာ ပျင်းလို့သာနေတော့သည်။ တကယ်တော့ အသက်ရှင်ရတာပျင်းစရာကြီးလို့ စုကတစ်ယောက်ယောက်ကိုပြောပြချင်နေမိသည်။  ပျင်းစရာ ကောင်းကြောင်းပြောပြရန်ပင် ပြောစရာလူမရှိမှန်း သတိရမိသောအခါ ပို၍ပျင်းခြောက်သွား၏ ။ အပြင်ဘက်ခြမ်းတွင်တော့ ညနေခင်းကတော့ တအိအိပြိုဆင်းလာလျက်ရှိတော့သည်။


စိမ်းမြလင်းသစ်
26/06/2012