Tuesday 26 June 2012

အပျင်းပြေ

အမှန်တကယ်ဆိုရင် ဒီခံစားချက်မျိုးတွေ မဖြစ်သင့်ပါဘူးလို့ စုကတွေးသည်။ ဖြစ်လိုရာဖြစ်စေဟု ဖြစ်တတ်သောသဘောတရားများကို လွယ်လင့်တကူ ဖြေလျော့ပေးခဲ့ပြီးကာမှ ၊ အရာအားလုံးအဆုံးသတ်ခဲ့ပြီးကာမှ ဒါမျိုးဟာ စိုးစဉ်းမျှ မဖြစ်သင့်တော့ပါဘူး။ စုကတွေးရင်း ရင်ဘတ်ကအောင့်တက်လာသော ငိုချင်သည့် ခံစားချက်ကို ပျက်ရယ်ပြုဖို့ကြိုးစားရသည်။  ခံစားချက်ကို ပြောင်းလဲပစ်ရမည်။ အလုပ်ထဲမှာ မျက်ရည်ကျခွင့်မရ၊ ခံစားချက်အတိုင်း မှိုင်တွေနေခွင့်မရ။ အရာရာဟာ ဟန်ဆောင်နေရတာချည့်ပါလို့ စုကတွေးရင်း အလုပ်ထဲကို စိတ်ပြန်နှစ်ဖို့ ကြိုးစားရသေးသည်။ တကယ်ဆိုရင် လောကထဲမှာ လူဖြစ်လာရတာကိုက ဟန်ဆောင်ရဖို့သက်သက်ဖြစ်သည် ဟု အရွဲ့တိုက်တွေးမိသည်။ ဟန်ဆောင်ကမ္ဘာလောကထဲမှာ ဘာတွေကိုများ မက်မောတွယ်တာနေရသေးသလဲ။ အရာအားလုံးက ရယ်စရာချည့်ပဲ။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှ
န်ဟန်ဆောင်ကြသည်။ တစ်ယောက်ကိုတစ်ယောက် သနားကြင်နာချင်ဟန်ဆောင်ကြသည်။ ရယ်စရာချည့်ပဲ။ စုရဲ့ အလုပ်ခွင်မှာ၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ မိသားစု။ အားလုံးသည် စုအမြင်အားဖြင့်တော့ ဟန်ဆောင်နေကြသူချည့်ဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်က တစ်ချိန်လုံးမဆင်းတဲ့ စုဘေးမှာ အလုပ်လုပ်တဲ့ကောင်မလေးက ခုတော့ သူဌေးမရှိတုန်း ဖုန်းကနေ ယူကျု ကြည့်နေသည်။ စုအရှေ့က ကောင်မလေးက လည်း ဒီလိုပဲ။ အလုပ်လုပ်ချင်ဟန်ဆောင်ပြီးတော့ ဂိမ်းကစားသည်။ သူဌေးလာရင် အလုပ်များဟန်ဆောင်ပြကြလိမ့်ဦး
မည်။ စုက ပတ်ဝန်းကျင်ကို အသေအချာကြည့်ရင်း ရယ်ချင်လာသည်။ ဟန်ဆောင်အလိမ်အညာတွေကနေမလွတ်။ စုကိုယ်တိုင်လည်းမလွတ်။ ဟန်ဆောင်ထားရသည်ဟု တွေးမိပြန်သည်။

အတန်ငယ်ချမ်းလာကြောင်း စိတ်ကသိသည်။ အဲကွန်းတည့်တည့်အောက် အလုပ်လုပ်နေရတာကိုက စုအတွက် စိတ်ညစ်စရာကောင်းလှသည်။ အမှန်ဆိုရင် ဒီအလုပ်ကိုမလုပ်ချင်။ မလုပ်ချင်လို့ ထွက်လိုက်လို့မဖြစ်ကြောင်း စုသိနေသည်။ နောက်အလုပ်တစ်ခုမသေချာဘဲ ထွက်ဖို့ဆိုတာ စုအတွက် မဖြစ်နိုင်။  စိတ်အလိုကိုလိုက်ဖို့ဆိုတာ ဆုအတွက် မဖြစ်နိုင်။ အလုပ်မရှိလျှင် တစ်လထက်ပိုပြီးနေခွင့်မရသော နေရာမှာ မပျော်သော်လည်း နေနေရသည်။ ပျော်တယ်ဆိုတာ ဘာလဲလို့စုမတွေးချင်။ မတွေးဖြစ်အောင်နေခဲ့သည်။ အထီးကျန်သော စုရဲ့စိတ်သည် တစ်ခုခုကိုတွယ်တာချင်လာသည်။ စုရဲ့စိတ်တွေက အားငယ်လာသည်။ ဒါကြောင့်ပဲ စုက သူ့အပေါ် တွယ်တာခဲ့တာဖြစ်နိုင်သည်။ ဒါလည်း ဟန်ဆောင်တာပဲမဟုတ်လား။ အလုပ်လုပ်နေရင်း ကီးဘုတ်ကို အမှတ်တမဲ့ အသံကျယ်အောင် ရိုက်လိုက်မိသည်။ စုရဲ့စိတ်တွေတင်းကျပ်နေပြီ။ ထွက်ပေါက်တစ်ခုခုလိုအပ်နေပြီ။ ဒါသည်ပင် စုရဲ့ လက်ရှိအရှိတရားဖြစ်သည်။ စုသည် ကိုယ့်ကိုယ်ကို မထိန်းနိုင်။ စုသည် ခုအရွယ်အထိ မရင့်ကျက်နိုင်။ စုအပေါ် စိုးရိမ်ပူပန်ကြသူများကို တစ်ခါတခါ ရယ်ချင်သည်။ စုကို ခွင့်မလွှတ်ကြပါလေနှင့်။

စားပွဲပေါ်တွင် စာရွက်များ ပြန့်ကျဲနေသည်။ အခန်းထဲတွင် စုနားမလည်သော အလွန်နားဝင်ဆိုးသော တရုတ်အသံလိုင်းကိုအမြဲဖွင့်ထားေ
သာ ရေဒီယိုတစ်လုံးရှိသည်။ သူဌေးသည် ဧည့်သည်တစ်ယောက်နှင့်စကားပြောနေသည်။ အခြားသူများက အလုပ်လုပ်ဟန်ဆောင်နေကြသည်။ စုက လုပ်လက်စအလုပ်များကို အပြီးသတ်ရန်ကြိုးစားနေသည်။ အခန်းတွင်းမှလေသည် အေးစက်လွန်းလှသည်။ အခန်းအပြင်ထက်တွင် မှန်တံခါးမှတဆင့် နေအပူ ခပ်စူးစူးကို မြင်နေရသည်။ အရာအားလုံးသည် အတုများသာဖြစ်ကြသည်။ စုသည် ၃ခွက်မြောက်သော ကော်ဖီကို လက်စသတ်သောက်လိုက်သည်။ စုရင်သည် တုန်နေ၏။ ကော်ဖီကြောင့်ဖြစ်မည်ဟု တွေးပစ်ရသည်။ မအိပ်နိုင်သောညများကြောင့် အလုပ်လုပ်နိုင်စေရန် ကော်ဖီသောက်ရပြန်သည်။ ဒါသည်ပင် စုအတွက် စိတ်ဖြေရာဖြစ်ရပြန်သည်။ စုက တစ်ခါတစ်ခါ စိတ်ကူယဉ်ဖူးသည်။ ညနေစောင်းတွင် စီးကရက်လက်ကြားညှပ်ပြီး လျှောက်သွားချင်သည်။ လက်ထဲတွင် ဘီယာတစ်ဘူးကိုင်ထားမည်။ စိတ်ကိုလေလိုလွှင့်ချင်သည်။ ဒါမျိုးသည် စုဖတ်ဖူးသော ၀တ္ထုများထဲမှ ဇာတ်ကောင် မိန်းကလေးများ လုပ်တတ်ကြသကဲ့သို့ တစ်ခါတလေ လျှောက်သွားချင်မိသည်။ သို့သော် စုက ပတ်ဝန်းကျင်ကိုကြောက်တတ်သော မိန်းကလေးမျှသာဖြစ်သည်။ အများအမြင်ကိုအလေးထားရင်း မိမိ၏ဆန္ဒများပျောက်ဆုံးနေရသော မိန်ကလေးမျှသာဖြစ်သည်ဟု တွေးမိရင်း ရယ်ချင်လာသည်။ အမှတ်တမဲ့ပြုံးမိတော့ မပြုံးဖြစ်တာကြာပြီဖြစ်ကြောင်း အမှတ်ရသည်။ ရေဒီယိုကတဆင့် စုနားမလည်သောစာသားများကို ဆွဲဆွဲငင်ငင်ဆိုနေသည့် တရုတ်သီချင်းတစ်ပုဒ်ပျံ့လွင့်လာပြန်သည်။

အလွမ်းသီချင်းတစ်ပုဒ်ပဲဖြစ်မည်။  ရေဒီယိုကိုထပိတ်ချင်လာသည်။ သို့မဟုတ်တခြားလိုင်းတစ်လိုင်း
ကိုပြောင်းချင်လာမိသည်။ သို့သော်တပြိုင်နက်ထဲမှာပဲ တိတ်ဆိတ်ငြိမ်သက်စွာ နေချင်နေမိသေးသည်။ စုမသိသော သီချင်းထဲတွင် စိတ်ကို ဖြေလျှော့ချလိုက်သည်။ သီချင်းသံက ဆွေးမြေ့နေသောကြောင့် စုရဲ့စိတ်က ဆွေးမြေ့လာသည်ဟု တွေးမိပြီး အနည်းငယ်ကျေနပ်လျက်ရှိသည်။ စုသည် ၀မ်းနည်းပြီးဝမ်းနည်းလို့သာနေတော့သည်။ စုသည် သနားစရာမိန်းကလေးတစ်ဦးဖြစ်သည်လို့ တွေးမိတော့ ကိုယ့်ကိုယ်ကို ရယ်ချင်မိသည်။ တကယ်တော့ ဘ၀ဆိုတာ ကိုယ်မဖြစ်ချင်လည်း ကံတရား၏ဦးဆောင်မှုကို မတွန်းလှန်နိုင်သောအချိန်တွင် ကံတရားနောက် လိုက်ရမည်မှန်းသိသည်။ လူတိုင်းဟာ ကိုယ့်တရားနဲ့နေနေရတာလို့တွေးမိပြန်တော့ စိတ်၏မငြိမ်းချမ်းမှုကို မငြိမ်းမှုသက်သက် အဖြစ်သာ မြင်ချင်မိပြန်သည်။ စုသည် ပူလောင်မှု အေးချမ်းမှုဟူသည်တို့ကို ပကတိအမြင်တို့ဖြင့်ကြည့်ချင်လျက်ရှိသည်။ မနေ့ကညနေတုန်းက စုနှင့်သူလမ်းခွဲခဲ့ကြောင်း ပြန်သတိရသည်။ ထိုအခါတွင်တော့ စုသည် လှောင်အိမ်မှ လွတ်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့ ကိုယ့်ကိုယ်ကိုခံယူမိတော့သည်။ စုသည် လွတ်လပ်ခြင်းနှင့်အတူ မလုံခြုံခြင်းကိုပါ တပြိုင်တည်းခံစားနေရသည်နှင့်တူတော့သည်။ စုသည် လွတ်လပ်သောငှက်တစ်ကောင်ကဲ့သို့ စိတ်ကို ပျံသန်းပစ်မည်ဟု ခံယူသည်။ နေ့ရက်များသည် ထပ်တူနီးပါးကျလျက်ရှိကြောင်း အမှတ်ရမိပြန်သောအခါတွင် အသက်ရှင်ဆက်ရှင်ရမည်ကို ပျင်းရိသော စိတ်တို့က လွှမ်းခြုံလျက်ရှိသည်။ စုက စိတ်ကူးယဉ်တတ်သောစိတ်တို့ကို ဖြန့်ကျက်ပစ်ဖို့သာ တတ်နိုင်ပေတော့သည်။

စိတ်သည် ခြောက်ကပ်သောအခန်းထဲတွင် ၀ဲလည်လျက်ရှိသည်။ ငယ်ငယ်တုန်းက စုလုပ်ချင်သည့် လုပ်ငန်းခွင်တစ်ခုကိုစိတ်ကူးယဉ်ခဲ့ဖူးသည်။ စုသည် အရေးပါသောရာထူးကြီးဝန်ထမ်းတစ်ဦးဖြစ်နေရမည်။ မကြာခဏကြည့်ဖူးသော နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများထဲကလို ခေတ်မီသွက်လက်ထက်မြက်သော လုပ်ဖော်ကိုင်ဖက်များလည်းအများအပြားရှိရဦးမည်။ အရေးကြီးသော လုပ်ငန်းကိစ္စများကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ရမည်။ စု၏ချစ်သူသည် စုကိုသိပ်ချစ်၍စုကလည်းထပ်တူချစ်ရဦးမည်။  စုက ရယ်ချင်လျက်နှင့် အတွေးတွေကို လိုက်ဖမ်းမိသောခဏတွင် လုပ်လက်စအလုပ်များလည်း ပြီးသလောက်ရှိပြီ။ ပြတင်းမှန်ကိုတချက်လှမ်းလို့ကြည့်မိတော့ နေစောင်းသွားပြီ။ ကွန်ပြူတာထောင့်တွင် ညနေ ၄နာရီခွဲတော့မည်ဖြစ်ကြောင်းပြနေသည်။ တရုတ်သီချင်းသံတို့သည် စု၏နားစည်ကို ယားကျိကျိကလိလို့သာနေတော့သည်။ အလုပ်ချိန်ကိုအကုန်မြန်စေချင်လှပြီ။ အသက်ရှင်ရခြင်းသည် ပျင်းရိဖွယ်ကောင်းကြောင်း တွေးမိပြန်တော့ စုက အသက်ဝိဥာဉ်ထွက်သွားမည့်နေ့ကိုစောင့်နေရတာ ပျင်းလို့သာနေတော့သည်။ တကယ်တော့ အသက်ရှင်ရတာပျင်းစရာကြီးလို့ စုကတစ်ယောက်ယောက်ကိုပြောပြချင်နေမိသည်။  ပျင်းစရာ ကောင်းကြောင်းပြောပြရန်ပင် ပြောစရာလူမရှိမှန်း သတိရမိသောအခါ ပို၍ပျင်းခြောက်သွား၏ ။ အပြင်ဘက်ခြမ်းတွင်တော့ ညနေခင်းကတော့ တအိအိပြိုဆင်းလာလျက်ရှိတော့သည်။


စိမ်းမြလင်းသစ်
26/06/2012










No comments:

Post a Comment