Thursday 8 May 2014

ငါ့မှာ အိမ်မရှိဘူး

ငါ့မှာ အိမ်မရှိဘူး။
တကယ်တော့ ငါဟာ အိမ်မဲ့ယာမဲ့တစ်ယောက်ပါကွယ်
အများတကာတွေက အိမ်လွမ်းတယ်ပြောရင်
ငါက ဘယ်အိမ်ကို လွမ်းရမယ်မသိဘူး
အမေက အစ်မ အိမ်မှာ နေတဲ့အခါ
ငါအမေ့ဆီပြန်တော့ အစ်မအိမ်က ငါ့အိမ်မဟုတ်ပြန်ဘူး
အမေက ငါ့အစ်မကို ကြည့်ရှုပြီး ငါ့ညီမကို စောင့်ရှောက်ရတဲ့အခါ
ငါဟာ ဒီကျွန်းမှာ ငွေရှာရသူ အိမ်ပြေး မိန်းကလေးပေါ့။
မိန်းကလေးပီပီ အမေ့အနား ချွဲချင်တဲ့အခါလည်းရှိတာပေါ့။
အမေ့ကို ဖုန်းခေါ်ပြီးချွဲချင်တဲ့အခါ
အမေ့ဖုန်းက မအားပြန်ဘူး။
တစ်ခါတစ်ခါ ငါဖုန်းခေါ်ပြန်ရင်
အမေဟာ ငါ့အစ်မနဲ့ညီမအတွက် ချက်ပြုတ်ပြီးခါစမို့ မောမောနေတတ်တော့
အလိုက်တသိနဲ့ အထွေအထူးဘာအကြောင်းမှ မရှိပါဘူးလို့ ပြောပြီး ဖုန်းချလိုက်ရတယ်။
ငါ့မှာ အိမ်မရှိဘူး လို့ တွေးမိတော့
ရင်ထဲမှာအောင့်တယ်။ အသက်ရှူရကြပ်တယ်။
ဘယ်တော့မှမပြည့်နိုင်တဲ့ဘဏ်အကောင့်လေးကငါ့ကိုရယ်တယ်။
ကြံရာမရတဲ့အဆုံး
မျက်ရည်တွေတွေကျပြီး
ဘယ်ဘက်ပါးကို ဘယ်လက်နဲ့ဖြန်းခနဲ
ညာဘက်ပါးကို ညာလက်နဲ့ဖြန်းခနဲ ရိုက်မိတဲ့အခါ
နောက်ရက်ကူးတဲ့အထိ ပါးတင်မကဘူး ၊ ရင်ဘတ်ထဲအထိ နာတယ်။
နာကျင်ရတယ်ဆိုတာ ဘယ်ဘ၀က ဘာလုပ်မိလို့လဲလို့ တွေးမိတဲ့အထိ
သံသရာကို မုန်းတီးရပါတယ်။


နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ် ဆိုတာ ငါ့အတွက်တော့
သီချင်းတစ်ပုဒ်သက်သက်ပါပဲ။
ငါ့အတွက်အိမ်ဆိုတာ အခန်းကျဉ်းတစ်ခုမျှသာ။
အခွင့်သင့်တဲ့အခါ
အရောင်တွေမတူရင် ပေါင်းလို့မရဘူးဆရာလို့
လူပုံပန်းချီကားဆွဲနေတဲ့ပန်းချီဆရာကိုတွေ့ရင် သွားပြောရမယ်။
တစ်အိမ်ထဲနေရုံမျှနဲ့ မိသားစု တစ်ခု မဖြစ်နိုင်ဘူးလို့
တရားဟော အဘိဓမ္မာဆရာကို ပြောပြရမယ်။
သည်းခံတာနဲ့ ငုံ့ခံတာဟာ မတူဘူးဆိုတဲ့အကြောင်း
သိပ်ကိုစိတ်ကောင်းရှိပုံပြလွန်းတဲ့ ငါနဲ့အနီးကပ်ဆုံးလူကိုပြောပြရမယ်။


ဟန်ဆောင်ပြီးပြုံးပြရတာ မောတယ်ကွယ်..။
တကယ်တော့ ငါက
ဟန်ဆောင်မှုရေးရာ သိပ်မကျွမ်းကျင်နဲ့
နုံနုံနဲ့နဲ့ အညတရ မိန်းမတစ်ယောက်ပါ။