Thursday 29 March 2012

အဖျား

ခေါင်းကိုက်တယ် စိတ်ရှုပ်တယ်
ဒီမိန်းမက မင်းတို့ပြောတဲ့အတိုင်း အသည်းမာတယ်
ခံစားချက်တွေကိုညာတယ်
မထင်ရင်မထင်သလို မထီတရီကြည့်ပစ်လိုက်ဖို့အမှတ်သညာပါတယ်
အရာရာကို ကျိတ်ခံစားပစ်ဖို့လွယ်သလို
အထင်လွဲခံပစ်ဖို့ဝန်မလေးဘူး
အစိုင်အခဲကြီးလွန်းတော့ အန်ထုတ်ပစ်လို့မရဘူး
ဝေးလည်းဝေးပါတယ်
နီးလည်းနီးပါတယ်
လက်ဆုပ်လက်ကိုင်ပြစရာအကြောင်းအရာတွေကလည်းများပါတယ်
လွဲချော်ခြင်းတွေများတဲ့အခါ
တစ်ခါတလေ ကိုယ့်ကိုယ်ကို ဟားပါတယ်။
တုံဏှိဘာဝေမျက်နှာထားနဲ့
မသိသလိုသိသလိုအထာနဲ့
ကလိသလို ရိသလိုအပြုံးတစ်ခုချမ်းသာတယ်။
အခုအချိန်မှာ
ခံစားချက်အကြောင်းမပြောဘူး
မျက်ရည်ခံမထိုးဘူး
မကြာခဏ ကိုယ့်ကိုယ်ကို လှောင်ရယ်ရယ်ခြင်းတစ်မျိုးကို
အသက်ကယ်ဆေးအဖြစ်မှီဝဲပါတယ်
အဖြစ်အပျက်တိုင်းဟာ
အနှောင့်အသွားမလွတ်ဘူး
အမှတ်လည်းမမှားဘူး။
အမှန်တရားလည်းမဟုတ်ဘူး။
လက်တွေ့လည်းမကျဘူး
အိပ်မက်လည်းမဆန်ဘူး။



စိမ်းမြလင်းသစ်
29/03/2012

Monday 26 March 2012

ဂါထာ

လက်တွေ့ .. လက်တွေ့..
အသက်ကိုငွေ့ငွေ့ကလေးရှူ

သေချာခြင်းမသေချာခြင်း တွေဝေဒွိဟဖြစ်ခြင်း
အမှားလားအမှန်လားသိပ်မစဉ်းစားနဲ့
ဥာဏ်နည်းသူရဲ့လမ်းအတိုင်း ခေါင်းကိုရမ်း

ရှိတယ် သိတယ်
ဖြစ်မယ် ပျက်မယ်

အရာရာဘာကိုမှမငြင်းနဲ့ မတောင်းနဲ့
ပြီးရင်လည်းပြီးသွားမှာပဲ
ဒါဟာခဏတာ
ဒီညနေတွေဟာမကြာမကြာဖျားနေတယ်ဘယ်သူပြောလဲ

ဘယ်ကိုလည်းမကြည့်နဲ့ ညာကိုလည်းမကြည့်နဲ့
လက်တွေ့ လက်တွေ့ ...
အသက်ကိုငွေ့ငွေ့လေးရှူပြီး ရှေ့ကိုလှမ်း..။   ။



စိမ်းမြလင်းသစ်
(27/03/2012)