Saturday 28 July 2012

ကန္တာရကြယ်

အိပ်မရသော ညများကို ဘယ်လိုကုန်ဆုံးစေရမလဲဟု တွေးမိဆဲတွင် နှင်းက မျက်နှာကြက်ကို မော့ကြည့်လျက်ရှိသည်။ အခန်းမီးကိုပိတ်ထားသောကြောင့် ခပ်မှောင်မှောင်အခန်းထဲကို ပြတင်းမှ လရောင်က ခပ်ပါးပါးဖြာကျလျက်ရှိသည်။ နှင်းသည် အိပ်နေရင်းမှနေ၍ ခေါင်းရင်းဘက်ရှိပြတင်းတံခါးကို မျက်လုံးကိုအသာရွှေ့ကြည့်မိသည်။ လကိုမူ မမြင်ရ။ လရောင်သည်သာ ဖြာလျက် လသာလျက်ရှိကြောင်းပြသည်။ လသည် တစ်ဝက်သာသည်လား၊ အပြည့်သာသည်လား မမြင်သာ။ မျက်နှာပေါ်ကို ခပ်ပါးပါးကျနေသောလရောင်ကြောင့် အိပ်မရတာလား လို့ တွေးမိလျက်က ပြတင်းလိုက်ကာကို ချရန်မကြိုးစားမိ၊ မကြိုးစားလို။ အခန်းသည် မှောင်နေသော်လည်း မျက်လုံးက အကျင့်ရလာသောကြောင့် ရေးတေးတေး မြင်နေရသည်။ ကုတင်ဘေးက မပိတ်ဘဲထားခဲ့သော ကွန်ပြူတာကို အသာလှုပ်လိုက်လျင် အလင်းရောင်ရနိုင်သေးသည်။ သို့သော် အလင်းရောင်ကို မလိုချင်။ ကြောင်၍နေသော မျက်စိတို့ဖြင့် အခန်းကို ကြည့်သောအခါ ကုတင်ခြေရင်း စားပွဲပေါ်မှ သောက်လက်စ ကော်ဖီခွက်ကိုတွေ့သည်။ ကော်ဖီတွေ အများကြီးမသောက်နဲ့ ဟု အွန်လိုင်းမှာမေမေနဲ့တွေ့စဉ်က နှင်းကိုပြောလျှင် နှင်းက နံဘေးမှ ကော်ဖီခွက်ကို တစ်ကျိုက်မော့လျက်က ဟုတ်ကဲ့ဟုဖြေတတ်သည်။ စာသေချာလုပ်ဟုပြောလျှင်တော့ ဖေ့စ်ဘုတ် ကို အမြန်ပိတ်၍ ကွန်ပြူတာကိုဝေးရာ ပို့ရတတ်သည်။ နှင်းသည် ကြောင်သော မျက်လုံးတို့ကို ပိတ်၍ အိပ်ဖို့ကြိုးစားရင်း ခန္ဓာကိုယ် အနေအထားကို ပြောင်းမိသည်။ အခုလောက်ဆို မေမေတို့ အိပ်နေလောက်ပြီ။


မနက်က စောစောနိုးသည်။ ပိတ်ရက်မို့လို့ အိပ်ချင်ပေမဲ့ အမြဲဖွင့်ထားတတ်သော ပြူတင်းပေါက်က မိုးစက်တွေက မျက်နှာပေါ် ခုန်ပေါက်၍လာရောက်ထိမှန်စဉ် နှင်း နိုးလာသည်။ မိုးလေကြီးသည်ဟု ဆိုရမည်။ မျက်နှာပေါ်လာစင်သော မိုးရေတို့ကို လက်ဖမိုးဖြင့် အသာပွတ်သုတ်လျက် နံဘေးစားပွဲပေါ်မှ ဖုန်းကိုယူ၍ နာရီကြည့်လျင် ထနေကြအချိန်ထက် အတော်လေး နောက်ကျနေပြီဖြစ်ကြောင်း တွေ့ရသည်။ ဒီနေ့တော့ နှိုးစက်သံကိုမကြားရ။ ပိတ်ရက်ဖြစ်သည်။ အလိုအလျောက်နိုးလာသော်လည်း မိုးကြောင့် ကောင်းကောင်းမအိပ်ရဟု စိတ်စနိုးစနောင့်တော့အနည်းငယ်ဖြစ်မိသည်။ နှင်းသည် အိပ်ရာမှ အသာထ၍ ပြတင်းပေါက်လိုက်ကာကို ချမည်ပြုစဉ် မိုးရွာနေသောမြင်ကွင်းသည် နှင်း၏ အာရုံကို ဖမ်းစားသည်။ ကလေးကစားကွင်းနံဘေးက ပိတောက်ပင် အကြီးသည် မိုးရေရွှဲရွှဲစိုလျက် အိုနေသောမျက်နှာဖြင့် မတ်တပ်ရပ်နေသယောင်။ ကစားကွင်းကိုဖြတ်ကာ ထီးဆောင်းလျက် ဖြတ်လျှောက်သွားကြသော လူတစ်ယောက်စ နှစ်ယောက်စကိုမြင်ရသည်။  ပတ်ဝန်းကျင်သည် မှုန်မှိုင်းလျက်ရှိသည်။ လေတစ်ချက်အဝှေ့တွင် အတန်ငယ်ချမ်းသွားကြောင်းသတိပြု
မိသည်။ ပြတင်းပေါက်ကို အသာပိတ်ပြီး မနက်စာစားရန် အခန်းတွင်းမှ ထွက်လိုက်သည်။ ဘာစားရမှန်းမသိသောကြောင့် မနက်စာသည် ကော်ဖီပူပူတစ်ခွက်သာ ဖြစ်မည်ဟု သေချာသွားသည်။

မုန့်ဟင်းခါးပူပူ စားချင်လာသည်။ စားချင်လျင်ချက်စားပေါ့ ဟု မေမေက ပြောတုန်းက မေမေကလည်း ချက်ရတာ လွယ်တယ်မှတ်လို့လား ဟု ပြန်ပြောမိတာကိုမှတ်မိသေးသည်။ အင်းပါ အင်းပါ ဟုမေမေက လေသံအေးအေးနှင့်ပြန်ပြောလျှင်ေ
တာ့ နှင်းက စိတ်မကောင်းပြန်။ အိမ်ကို သတိရတော့ ဖုန်းဆက်ရန် လက်က လှမ်းမိသည်။ အချိန်ကစောလွန်းသေးသည်ဟုထင်ကာ ဖုန်းကို ပြန်ချမိပြန်သည်။ ခုတလော ခဏခဏဖုန်းဆက်မိတော့ မေမေက အလုပ်မအား၍ပဲဖြစ်ဖြစ် ဖုန်းသံမကြားလိုက်မိလျင်ပဲဖြစ်ဖြစ် မကိုင်လျင် နှင်းက စိတ်ကွက်မိသေးသည်။ ဂရုမစိုက်ဘူး ဟုထင်မိချင်သေးသည်။ နှင်းက ခုချိန်အထိ ဂရုစိုက်ခံချင်မိမြဲ၊ ကိုယ့်ကိုယ်ကို မရင့်ကျက်နိုင်သေးသော သမီးပဲဟု တွေးမိတိုင်းရှက်မိမြဲ။ မေမေက သမီးအတွက် ဘုရားမှာပန်းတွေလှူပေးထားတယ်ဟု ပြောလျင်တော့ အတိုင်းမသိကျေနပ်ရတတ်သည်။ မေမေရယ် သမီးအတွက် နှင်းဆီပန်းရယ် စံပယ်ပန်းရယ် လှူပေးပါဟု နှင်းကြိုက်လွန်း၍ ခဏခဏလှူမိတတ်သော ပန်းလှလှမွှေးမွှေးများကို မျက်စိထဲတွင်မြင်ယောင်လျက်က ခဏခဏပူဆာတတ်သေးသည်။ မေမေက အေးပါ ဟုပြောလျင်တော့ ဘုရားစင်တွင် ဝေဆာနေဦးမည့် ပန်းလှလှမွှေးမွှေးများကို မြင်ယောင်ကာ ကြည်နူးရပြန်သည်။ ပြီးလျင်တော့ ဘုရားစင်ရှေ့တွင်ဒူးတုတ်ထိုင်ကာ နှုတ်က တရွရွဖြင့်ဘုရားစာတွေရွတ်ဆိုနေဦးမည့် မေမေ့ဟန်ကို မြင်ယောင်ရပြန်သည်။ သနပ်ခါးနှင့် နှုတ်ခမ်းနီနှင့် လှနေဦးမည့် မေမေက သမီးအတွက်တော့ စိတ်ပူကာ နေရပြန်သေးသည်။ ခုအချိန်လောက်ဆိုရင်တော့ မေမေ အိပ်ရာက ထလောက်ပြီဟု တွေးမိသည်။

စားပွဲပေါ်တွင်စိုက်ထားသော ပန်းအိုးငယ်လေးတွေကို အမှတ်တမဲ့ငေးကြည့်မိသည်။  Indoor Plant လေးတွေကိုပဲစိုက်ရန် တတ်နိုင်သည့် အနေအထားတွင်  မနက်မိုးလင်းလာသောအခါ ပြူတင်းတံခါးကိုဖွင့်ပြီး ပွင့်အာနေကြသော မေမေစိုက်ပျိုးထားသည့် နှင်းဆီပန်းလှလှများကိုကြည့်
ရသည့် အရသာကို လွမ်းသည်။ ထိုအခါ ကိုယ့်အနေအထားကို ပြုံးမိလျက်က ဒီကန္တာရအပင်ငယ်လေးတွေကို ၀ယ်လာမိသည်။ ပြီးတော့ နှင်းမှာ အပင်လေးကို ရေငွေ့လေးဖြန်း အလင်းရောင်ပိုရသောနေရာကိုရွှေ့ စသဖြင့် အလုပ်လေးတွေကို လုပ်မိပြန်သည်။ ဘာပဲဖြစ်ဖြစ် နှင်းစိုက်ပျိုးထားသော အပင်လေးတွေကို မနက်အိပ်ရာထလျင် မြင်လိုက်ရမှ၊ ယုယလိုက်ရမှ ကျေနပ်ရသည်။ မနက်အိပ်ရာထလျင်တစ်ခါ ညအိပ်ရာဝင်လျင်တစ်ခါ ။ အခုလည်း စာကြည့်စားပွဲပေါ်က ပန်းအိုးသေးသေးလေးတွေကိုကြည့်နေမိပြန်သည်။ ကန္တာရပင်ငယ်သေးသေးလေးတွေ..။ ဆူးသေးသေးမှုန်မှုန်လေးတွေဖြင့်၊ စိမ်းစိုနေကြသည်။ ကန္တာရပင်လေးများသည် အခန်းထဲတွင် လှလှပပ နေရာယူနေကြသည်။ နှင်း၏အခန်းလေးသည် ထိုဆူးပင်သေးသေးလေးများဖြင့် လှပနေတော့သည်။ တစ်ခါတလေတော့လည်း ဆူးတွေဟာလှရဲ့လားဟု စဉ်းစားမိပြန်သည်။ လိုအပ်ချက်နည်းနည်းလေးနဲ့ မာန်တင်းနေရဟန်ပေါ်သော ဒီအပင်လေးတွေကိုမူ နှင်းက အရိပ်တကြည့်ကြည့်နှင့် ကြည့်မ၀နိုင်ဖြစ်ရပြန်သေးသည်။

နှင်းသည် ဖုန်းဆက်ရင်ကောင်းမလားဆိုသောစိ
တ်ဖြင့် ဖုန်းနံပါတ်တချို့ကိုနှိပ်မည့်ဟန်ပြင်လိုက်မိပြန်သည်။ ဒီအချိန်ဆို ဟင်းချက်နေတော့မှာပဲ ၊ တူမလေးကတော့ အိပ်နေတုန်းနေမယ်၊ ညီမလေးကတော့ ကျူရှင်သွားလောက်ပြီ၊ မေမေကလည်း အလုပ်များနေမှာပဲ ...အလိုလိုစဉ်းစားမိသောစိတ်ဖြင့် ဖုန်းကိုအသာပြန်ချမိသည်။ အရင်တစ်ခေါက်ဒီလိုအချိန် ဖုန်းခေါ်မိတုန်းက မေမေက မကြားလိုက်။ ဘယ်သူမှမကြားကြ။  နှင်းစိတ်ကောက်ဖြစ်သည်။ မိုးက အတန်ငယ်စဲသွားပြီ။ သို့သော် မိုးသားတွေညိုနေတုန်းပဲ။ ရန်ကုန်လိုတော့ အေးမနေလှ။ ၀ုန်းဒိုင်းကြဲပြီးရွာချပြီး ခဏကြာလျှင် သူမဟုတ်သလို ပူလောင်အိုက်စပ်ပြန်ဦးမည်။ နှင်းငယ်ငယ်တုန်းက မိုးတွေသည်းလျှင် စောင်ခြုံလျက် စာအုပ်ဖတ်ရတဲ့အရသာကိုလွမ်းလှသည်။ စာဖတ်ရင်း လက်ညောင်းလာလျှင်တော့ စာအုပ်ကိုအသာပစ်ချ၍ နှစ်ခြိုက်သောအိပ်ခြင်းတွင်ခဏပျော်ဝင်လိုက်သေးသည်။ ဒါမှမဟုတ် ညီအစ်မတစ်တွေ စောင်တူတူခြုံပြီး ဗီဒီယိုကားတစ်ကားလောက် တူတူကြည့်ကြသည်။ ခုရော..၊ ဘာလုပ်လို့ရနိုင်လဲလို့တွေးရင်း မနေ့က စာကြည့်တိုက်က ငှားလာခဲ့သော စာအုပ်ကိုသတိရမိသည်။ စာဖတ်မည်ဟုတွေးပြီး စာဖတ်ဟန်ပြင်သည်။ အပြင်ဘက်တွင် မိုး တိတ်သွားပြီ။

စာအုပ်သည် နှင်း၏လက်မှပြုတ်ကျ၏။ နှင်း ခဏတာ အိပ်ပျော်သွားခြင်းဖြစ်မည်။ နှင်း၏ စိတ်သည်ေ၀၀ါးဝါးဖြစ်လျက်။ မေမေ့ကိုအိပ်မက်မက်သည်။  မေမေက ပန်းပင်တွေရေလောင်းနေတယ်တဲ့။ နှင်းက ဘေးက ကြည့်ရင်း အမျိုးအမည်မသိသော ပန်းအိုးတွေကို ဘာပင်တွေလဲ မေမေဟု မေးသည်။ မေမေက တစ်ခွန်းမကျန်ရှင်းပြသည်တဲ့။ ပြီးတော့ မေမေက ရေလောင်းမှ ဂရုစိုက်မှ ပန်းလေးတွေပွင့်ကြမှာ။ မေမေစိုက်တဲ့ပန်းလေးတွေ လန်းနေတာပဲ မြင်ချင်တယ် လို့ ပြောပြီး နှင်းကို ပြုံးကြည့်သည် တဲ့. ။ နှင်းက ဘာပြန်ပြောမိလဲ မမှတ်မိ။ ဘာမှပြန်မပြောဖြစ်ဘဲ  နိုးလာတာလည်းဖြစ်နိုင်သည်။ စားပွဲပေါ်ကို ငေးကြည့်မိတော့ မေမေ့မျက်နှာသည် ပြုံးလျက် ဓာတ်ပုံထဲမှ လှမ်းကြည့်နေသည်။ နှင်းသည် ထိုင်းမှိုင်းနေသော စိတ်တို့ လွင့်သွားစေရန် ခေါင်းကို တစ်ချက်နှစ်ချက် ခါလိုက်ကာ စိတ်ကို လန်းဆန်းသွားစေရန်ကြိုးစားသည်။ အပြင်ဘက်တွင် မိုးတိတ်သွားပြီဖြစ်သောကြောင့် နေပူစပြုလာပြီ။ ရန်ကုန်မှာလိုမျိုး မိုးသည် စွေလေ့မရှိသောကြောင့် မိုးအေးသည့်အရသာကို ကြာရှည်မခံစားရ။ အတွေးများကို တိခနဲဖြတ်ချပစ်ရန် ကြိုးစားပြီး ကော်ဖီနောက်တစ်ခွက် ထပ်သောက်ရန်ပြင်သည်။ နာရီကိုလှမ်းကြည့်တော့ ညနေစောင်းနေပြီဖြစ်ကြောင်းပြနြေ
ပီ။ မနက်ဖြန်ဆိုလျှင် ရက်သတ္တပတ်အသစ်တစ်ခုကို အစပျိုးရဦးမည်။ နှင်းကတော့ နေ့စဉ်အကွက်ကျကျ ဇယားကွက်များထဲတွင် အလိုက်သင့်စီးမျောရန်ကြိုးစားရမည်။

အိပ်မက်ထဲက မေမေ့စကားသံခပ်တိုးတိုးက နှင်း၏နားထဲမှမထွက်။ မေမေစိုက်ခဲ့တဲ့ပန်းကလေး အမြဲလန်းနေစေရမည် တဲ့။ နှင်းသည် မျက်လုံးကို အမှတ်တမဲ့ ဖျတ်ခနဲ ပိတ်လိုက်မိလျင် အိပ်မက်ထဲမှ မေမေသည် နှင်းအား ပြုံးလျက်ကြည့်နေသည်။ မေမေ့မျက်လုံးထဲမှ စိတ်ပူပန်ခြင်း နှင့်အတူ ချစ်ခြင်းမေတ္တာတရားသည် နှင်း နှလုံးသားဆီသို့ စီးကူးသည်။ မေမေနှင်းကို သတိရနေသလား။ လွမ်းလို့နေသလား။ နှင်းကတော့ မေမေ့ ကျေးဇူးတရားနှင့် မေမေ၏ မေတ္တာတော်တို့ကို နှင်း၏ ကြိုးစားမှု ဖြင့် ဆပ်ချင်သည်။ နှင်း၏ မေတ္တာတရားတို့ကို နှင်း၏ အနစ်နာခံတတ်မှုဖြင့် ပြသချင်သည်။ သို့သော် နှင်း နာကျင်နေသောအခိုက်အတန့်ကာလတို့
ကိုမူ မမြင်စေချင်။ နှင်း၏ ပင်ပန်းမှု ၀မ်းနည်းအားငယ်မှုတို့ကို မသိစေရ၊ မမြင်စေရ။ နှင်းသည် စားပွဲပေါ်မှ ကန္တာရပင် သေးသေးလေးကို ငေးကြည့်မိပြန်သည်။ အပင်ကသေးသော်လည်း.. ဆူးရှိသည်။ လိုအပ်ချက်နည်းသည်။ ထိုအပင်ငယ်လေးသည် ဤအခန်းလေးထဲတွင် နှင်း၏ အဖော်အဖြစ်လှပစွာရှင်သန်နေလေသည်။ နှင်းသည် စာကြည့်စားပွဲတွင် ထိုင်၏။ အတန်ကြာသော် အိပ်ရာသို့ဝင်ရသည်။ နေ့သစ်တို့သည် နှင်းအားစောင့်ကြိုလျက်ရှိကြသည်။ တစ်ရက်ရက်တွင် ငယ်စဉ်ကလို မေမေ့ပေါင်ပေါ်ခေါင်းအုံးကာ မေမေပြောပြမည့် စကားများကို နားထောင်ဦးမည်ဟု စဉ်းစားလျက်က ပြုံးမိရပြန်သည်။


ကောင်းကင်တွင် ကြယ်တွေတောက်ပနေပြီလား။ ကြယ်တွေကြည့်ရတာကြိုက်သောနှင်းက ငယ်ငယ်ကကြည့်ဖူးသော မရေမတွက်နိုင်အောင်များပြားတဲ့ ကြယ်တွေအပြည့်နဲ့ကောင်းကင်ကြီး
ကိုလွမ်းလှသည်။ တစ်ဝက်ဖွင့်ထားသော ပြတင်းတံခါးမှနေ၍ လရောင်သည် နှင်း၏ မျက်နှာပေါ်ကိုကျနေသည်။ နှင်းသည် အတွေးတွေကို သိမ်းပစ်လိုက်ချင်သည်။ ခေါင်းကိုခါရမ်း၍ တစ်ဖက်ကိုစောင်းကာ မျက်လုံးကိုမှိတ်လိုက်လျင် အိပ်မက်ထဲက မေမေက နှင်းကိုပြုံးလျက်ကြည့်နေသည်။


စိမ်းမြလင်းသစ်

(28/07/2012)

Thursday 12 July 2012

ရယ်မိခဲ့ကြတယ်

ဒီနေ့ မနက်နိုးလာတော့ မိုးက ခပ်ဖွဲဖွဲရွာနေတယ် လို့ စုက ပြောတော့ ကိုယ်ကငေးနေတုန်း။ အင်းနော် မနက်ကမိုးရွာနေတာပဲလို့ နောက်မှ ပြန်ပြောလိုက်ရတယ်။ ငါက အိပ်ချင်တဲ့ဟာကို နင်ကအတင်းဖုန်းခေါ်နေတော့ ကိုင်လိုက်ရတာ၊ အမှန်ကအိပ်ချင်သေးတာတဲ့။ စုကပြောပြီး မျက်နှာကိုပုပ်ထားတယ်။ ဒီလိုပဲ သူက မကြိုက်တာဆိုရင် တတွတ်တွတ်နဲ့ ပြီးခဲ့တဲ့အကြောင်းအရာတွေကို မပြီးနိုင်မစီးနိုင် ပြန်ပြန်ပြောနေကြ။ သူရပ်လိုက်ချင်တဲ့အကြောင်းအရာဆိ
ုလည်း တိခနဲကိုရပ်ပစ်တတ်တာ။ အမှန်က ကိုယ်ကဖုန်းမဆက်လည်း သူကကိုယ့်ကိုဖုန်းဆက်မှာပဲဆိုတာ သူ့ကိုဒီအချိန်မှာ ပြန်မပြောချင်ပါဘူး။ ခုအချိန်မှာ စိတ်ချမ်းသာသလိုနေပါစေလို့ သူ့ကို လွှတ်ထားပေးရတယ်။ ငါက နင်နဲ့အတူတူ လျှောက်သွားချင်လို့ပါဟ လို့ သူ့ကို ပြေရာပြေကြောင်းပြောလိုက်ရတယ်။ သူကတော့ ကြားပုံမရပါဘူး။ အဝေးကိုငေးနေတော့တယ်။ ခဏနေတော့ ထိုင်ခုံမှာထိုင်နေရာကနေ ထပြီးတော့ ကန်အစပ်က မြက်ခင်းပေါ်မှာ ခြေဆင်းပြီးတော့ ထိုင်ချလိုက်တယ်။ ဟဲ့ နင် ကျွတ်တွယ်ဦးမယ်လို့ လှမ်းအော်လိုက်ရသေးတယ်။ ကျွတ်မရှိလောက်ပါဘူးဟ.. ပြီးတော့ ခြောက်နေတာပဲ.. ငါထိုင်ချင်လို့တဲ့။ ကိုယ်လည်း ဘာမှမပြောတော့ပါဘူး..။ လမ်းက ၀ယ်လာတဲ့ ပလတ်စတစ်ဗူးထဲက အအေးကိုပဲ ပိုက်နဲ့စုပ်သောက်နေလိုက်တယ်။ အအေးက အေးလွန်းလို့လားမသိဘူး လည်ချောင်းထဲမှာ စူးကျင်သွားတယ်။

 စုက မြက်တွေကို အဖျားလေးတွေလိုက်နှုတ်နေတယ်။ ဟဲ့ မလုပ်နဲ့လေ ရဲလာဖမ်းရင် ငါမကယ်ဘူးနော် လို့ လှမ်း အော်လိုက်တယ်။ ဘာဖြစ်လဲလို့ သူကပြန်ပြောတယ်။ ငါ့ဟာငါ ဘာလုပ်လုပ်တဲ့ ။ စုက မျက်ရည်တွေဝဲနေတယ်။ အဲ့ဒါနဲ့ ပဲ ကိုယ်လည်းသူ့ဘေးနားမှာ လိုက်ထိုင်လိုက်ရတယ်။ စိတ်ထိန်းပါဟာတို့ မလွမ်းလောက်ပါဘူးတို့  ဘာဘာညာညာတွေတော့ ပြောဖို့စိတ်မကူးတော့ပါဘူး။ ဒီအချိန်မျိုးမှာ ဒီလိုမျိုးစကားတွေပြောရင်လည်း ဒါဟာ စကားလုံးသက်သက်ကြီးတွေပဲဖြစ်ပြီ
း နားထောင်ရတဲ့သူ နားကလောရုံပဲဖြစ်မယ်။ အဲ့ဒါနဲ့ပဲ သူ့ဘေးနားမှာ ထိုင်ရုံလေးပဲထိုင်လိုက်တယ်။ ဟဲ့ နင် ဟိုကောင်တွေဆီသွားချင်လား ငါလိုက်ပို့ပေးမယ်လေဟာဆိုတော့ ဒီမှာပဲအေးအေးဆေးဆေးထိုင်ချင်
တယ်တဲ့။ အေးအေး လို့ဆိုပြီး ငြိမ်နေလိုက်ရတယ်။ နေ့ခင်းကလည်း ရှော့ပင်းမောမှာ ခြေတိုအောင်လျှောက်သွားကြပြီြး

ပီ။ အမှန်က ကိုယ်သွားတဲ့နောက်သူ လိုက်ရတာ။ သူကတော့ ထုံပေပေနဲ့ပဲ။ ဘာမှလည်းမပြောဘူး။ မေးလိုက်မှ တစ်ခွန်းထထဖြေတယ်. အခုလည်းအဲ့လိုပဲ။ ဘာမှမပြောဘဲ ထိုင်နေတယ်။ ကိုယ်လည်း ဘာပြောရမှန်းမသိဘူး။ တကယ်က စကားတွေဆိုတာ ခံစားချက်ရှိမှပြောလို့ရတာမျိုး
။ သူနဲ့ကိုယ်နဲ့က စိတ်ခံစားချက်တူတယ်ပြောရမယ်၊ အကြောင်းအရာအတော်များများ တိုက်ဆိုင်ပြီး စကားတွေလုပြောရတယ်။ ကိုယ်ကပြောလို့မပြီးသေးဘူး၊ သူက လုလုပြောလို့ ရန်ခဏခဏဖြစ်ရသေး။ ခုတော့ ဒီကောင် ငြိမ်ချက်သားကောင်းနေတာ တော်တော်ကြာသွားပြီ။ သူ့ကိုဘယ်လိုနှစ်သိမ့်ပေးရမလဲမသိဘူး။ မသိတော့လည်း ငြိမ်ငြိမ်လေးပဲနေပေးဖို့တတ်နိုင်တော့တယ်။

ငါလေ အဲ့လိုမျိုး အဘိုးကြီးအဘွားကြီးစုံတွဲတွေကို
တွေ့ရင် စိတ်ထဲမှာတစ်မျိုးပဲ တဲ့။ သူပြောတော့မှာ သူကြည့်နေတဲ့နေရာဆီလိုက်ကြည့်လိ
ုက်တော့ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ လက်တွဲပြီးလျှောက်သွားကြတဲ့ အဘိုးအဘွားစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။ စုကပြောရင်း အားကျသလိုမျက်ဝန်းတွေနဲ့ ငေးကြည့်လို့။ ပြီးတော့ ဆက်ပြောတယ်။ သူတို့ဘ၀မှာ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ နားလည်မှုတွေနဲ့ ဖြတ်ကျော်ခဲ့ရတာလို့ ငါတော့ ခံစားရတယ်ဟ။ ဟုတ်မဟုတ်တော့မသိဘူးတဲ့။ ဟုတ်ရင်လည်းဟုတ်မှာပေါ့။ ဘယ်သူက ဘယ်သူ့ကို ဘယ်နှကြိမ်မြောက်သည်းခံခွင့်လွှ

တ်ခဲ့ရလဲ။ ပြီးတော့ တကယ်ရော မေတ္တာနဲ့ ဖြတ်ကျော်ခဲ့ရတာလား။ ဒါတွေကိုတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲသိမှာေ
ပါ့။ ဟုတ်ချင်ရင်လည်း ဟုတ်မှာပေါ့။ မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့။ တစ်ခါတစ်ခါတော့ စုက အဲ့လိုပဲ။ ခံစားချက်ကို ရှေ့တန်းတင်တာများတယ်။ သူများတွေအတွက်ဘာမှမဟုတ်တာတွေက သူ့အတွက် အကြီးကြီးတွေဖြစ်ချင်ဖြစ်နေတတ်တာ။ ဘာပဲဖြစ်ဖြစ်ကောင်းဖို့ဖြစ်လာတာလို့ပဲတွေးပေါ့ လို့ ကိုယ်က ပြောလိုက်တော့ စုက ရယ်တယ်။ အသံက ခပ်အက်အက်ရယ်။ ဘာလဲ ဒါဆိုရင် ငါက အားလုံးကို ပျော်စရာတွေပဲလို့ တွေးပစ်ရတော့မှာလား ၊ ပေါ်လီယာနာဆိုတာ စာအုပ်ထဲမှာပဲ ရှိတာလေဟာ.. ငါကတော့ ကောင်းရင်ကောင်းတဲ့အတိုင်းတွေးမယ်။ ဆိုးရင်ဆိုးတဲ့အတိုင်းတွေးရမှာပဲ ၊ မကောင်းတာကို ကောင်းတာပါလို့ မတွေးနိုင်သလို ကောင်းတာကို မကောင်းဘူးလို့လည်းမတွေးနိုင်ဘူး လို့ပြန်ပြောတယ်။ ဒါဆိုရင် နင်က ကောင်းတယ်ဆိုးတယ်ဆိုတာကို ဘာနဲ့ တိုင်းတာလဲ လို့ပြန်မေးလိုက်မိတယ်။ ပတ်ဝန်းကျင်က နည်းနည်းမှောင်စပြုလာပြီ။ ဒါပေမဲ့ လမ်းမီးတွေမထွန်းသေးဘူး။ မိုးချုပ်တဲ့အထိ သူနဲ့တူတူနေပေးဖို့ဆုံးဖြတ်ထားတာကြောင့် ဘာမှတော့မဖြစ်ပါဘူး။ မနက်ဖြန်အလုပ်ပြန်တက်ရမှာမို့လို့ သိပ်ညဥ့်နက်အောင်တော့နေလို့မရဘူးပေါ့လေ။

လေအဝှေ့မှာ စုဆံပင်တွေ ၀ဲခနဲပဲ..။ ဆံပင်ပျော့ပျော့အောက်က မျက်နှာဖျော့ဖျော့အောက်မှာ မျက်ဝန်းတွေ အရောင်တောက်လာကြတယ်။ စုက ပြောတယ်..အမှန်က လူတွေမှာ ပေတံတစ်ချောင်းစီရှိထားကြပြီးသာ
းပဲဟာ၊ ကိုယ့်ပေတံနဲ့ကိုယ် အမှန်တွေအမှားတွေ ကောင်းတာတွေ မကောင်းတာတွေ လိုက်တိုင်းတာနေကြတာပါ။ ကိုယ်ကြိုက်ရင် ကောင်းတယ်လို့ သတ်မှတ်ပြီးတော့ မကြိုက်ရင် မကောင်းဘူးလို့သတ်မှတ်ကြတယ်။ အမှန်က ဒါတွေက အလကားတွေပဲ။ ဒါပေမဲ့ ငါကတော့ ကောင်းတယ်ဆိုးတယ်ဆိုတာကို ငါ့ကြိုက်နှစ်သက်မှုက သူတပါးကို ထိခိုက်ခြင်း ၊ မထိခိုက်ခြင်းနဲ့တိုင်းမယ်.ပြီး
တော့ အခုအချိန်ကစပြီး ငါလုပ်ချင်တာကို လုပ်တော့မယ် တဲ့..အဲ့လိုပြောပြီးတော့ စုက မောသွားသလိုပဲ ၊ သူ့အအေးကို အခုမှ သောက်တယ်။ ငါလုပ်ချင်တာတွေက သူများကို မထိခိုက်ရင်တော်ပြီပေါ့တဲ့။ 'တစ်ယောက်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခဲ့ပြီးမှ လိပ်ပြာလုံတယ်လို့ ပြောရဲတဲ့လူတွေကို ငါထိုင်ရယ်မယ်ဟာ' တဲ့။ ပြောရင်း စုက ရယ်တယ်၊ ရယ်ရင်းနဲ့ မျက်ရည်ဝဲလာလို့ ခေါင်းကိုမော့လိုက်တာတွေ့လိုက်

ရသေးတယ်။ ခုမှ ထွန်းလိုက်တဲ့ လမ်းမီးရောင် ၀ါဖျော့ဖျော့အောက်မှာ အာတင်းထားတဲ့ စု မျက်နှာလေးကို ကိုယ်က ငေးမိတယ်။ ကိုယ်က သက်ပြင်းခပ်ဖွဖွ ချမိရင်း နင်သူတို့ကို တွေ့လိုက်သေးလို့လားလို့ မေးလိုက်တော့ ဟိုရက်က ငါနဲ့ ပွဲတစ်ခုမှာဆုံတယ်ဟ တဲ့။ သူတို့က လှမ်းနှုတ်ဆက်တယ်..ငါအံ့သြလို့တဲ
့။ စုရယ် နင်ကငါတို့ကိုမပြောဘူး၊ အခုမှပြောတယ်ဟာ လို့ပြောမိတော့ ငါစိတ်ကုန်သွားလို့ပါဟာတဲ့။ ဒါဆိုလည်း မခံစားနေနဲ့တော့ပေါ့ လို့ ပြောတော့ ဘာလဲ ငါက အကုန်လုံးကို ပျော်စရာလို့ လိုက်တွေးနေရမှာလားလို့ ပြန်ပြောတယ်။ ပြီးတော့ ရယ်လိုက်သေးတယ်။ စုရယ်..နင်ကလည်းဟာ လို့ ပြောမိပြီး ကိုယ်က ဘာပြောရမှန်းမသိပြန်ဘူး။ အချစ်သူရဲကောင်း အလကားကောင်တွေပါဟာ၊ ငပေါတွေ ဆိုပြီး စုက မတ်တပ်ရပ်လိုက်တယ်။ ညောင်းတယ်ဟာ..လမ်းလျှောက်ရအောင်ဆိုတော့ အေးအေးလို့ဆိုပြီး ငါတို့ မုန့်ဝယ်စားရအောင်လို့ပြောရင်းနဲ့ မုန့်ဝယ်စားဖြစ်ကြသေးတယ်။

ငါဟိုရက်က သူတို့အတွဲကို ကားပေါ်ကလှမ်း မြင်လိုက်သေးတယ်ဟ။ သူက ကောင်မလေးကို အတော်ကြင်နာတဲ့ပုံပဲတဲ့ ဟိုကောင်မလေးလက်ကိုကိုင်ထားတယ်။ ခုံလေးမှာထိုင်ရင်းနဲ့ တတွတ်တွတ်နဲ့စကားတွေပြောနေကြတာ.
.အများအမြင်မှာ အတော်ကြင်နာတဲ့အတွဲလေးပဲ။ ကောင်မလေးကလည်း တော်တော်ပျော်နေတဲ့ပုံပဲတဲ့။ နင်က မနာလိုဖြစ်နေတာလား လို့မေးလိုက်တော့။ မဟုတ်ဘူးဟ အဲ့ဒီအချိန်တုန်းက ငါ့ခံစားချက်ကို ခုထိမေ့လို့မရသေးတာဟာ..ဘာနဲ့တူ
လဲဆိုရင် ..လူပုံကြားထဲမှာ အကျီင်္အပြဲကြီး ၀တ်လာမိတာကို ရုတ်တရက် သိလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။ ပြန်တွေးမိတိုင်း အဲ့လိုခံစားနေရတုန်းပဲ။ မလုံမခြုံဖြစ်သွားတဲ့စိတ်မျိုး ။ စုက ခုနက ၀ယ်လာတဲ့ ကိတ်မုန့်ကိုစားရင်း အအေး သောက်လိုက်သေးတယ်။ ခုတော့ တည်တည်ငြိမ်ငြိမ်ဖြစ်သွားပုံပဲ။ နင်သူတို့ကို စိတ်နာသွားတာ၊ ရှက်သွားတာဆိုတော့ သစ္စာဖောက်ခံရတဲ့ခံစားမှု၊ အရမ်းနာကျင်တယ်တဲ့။ ကြာရင်မေ့သွားမှာပါ ဆိုတော့ အဲ့ဒါ အမြဲအမှတ်ရနေမယ့်သင်ခန်းစာလို့ ပြောရင်းရယ်နေတယ်။ နောက်သင်ခန်းတွေ သတိထားပေါ့ဟာ ပုစ္ဆာက တစ်ပုဒ်နဲ့တစ်ပုဒ် မတူရင်ဘယ်လိုလုပ်မလဲ ၊ နင်ကခဏခဏတွက်ချင်လို့လားလို့ ပြောပြီး နှစ်ယောက်သားရယ်လိုက်ကြသေးတယ်။ အေးနော် တစ်ပုဒ်နဲ့တစ်ပုဒ်ပေးထားချက်တွေ

ကလည်း တူချင်မှတူမှာ လို့စုကပြောသေးတယ်။ ပြီးတော့လည်း ငါက သင်္ချာဆိုရင် သိပ်ကိုညံ့သေးတာတဲ့..။ ဒီပုစ္ဆာမို့လို့ မှားတယ်၊ နောက်တစ်ပုဒ်က နောက်တစ်မျိုးမို့လို့မှားတယ် ဆိုသလိုလည်းဖြစ်နေဦးမယ် လို့ပြောမိကြပြီး နှစ်ယောက်သားရယ်မိကြသေးတယ်။

မီးတွေတောင် ထွန်းထားပြီနော် လို့ပြောမိတော့ စုက နင်ကပြန်ချင်ပြီလားတဲ့။ နင်လည်းမနက်ဖြန်အလုပ်သွားရမှာ
မဟုတ်လား မနက်မထနိုင်ဘဲနေမယ်လို့ ပြန်ပြောလိုက်ရတယ်။ အေးပါဟာ ဆိုပြီး စုက ဒါဆို ပြန်ကြရအောင်လေ တဲ့..။ သူ့ကြည့်ရတာ ဖျော့တော့တော့နဲ့..ပိန်လည်းပိန်
သွားတယ်။ အစားမှန်မှန်စား၊ ပျော်အောင်နေ လို့ စုကိုပြောမိတော့ စုက ပြုံးနေတယ်။ နောက်ဆိုရင် နင် အေးဆေးဖြစ်သွားမှာပါဟာ ဆိုတော့ ငါကအခုရော ဘာဖြစ်နေလို့လဲတဲ့..။ အခုတော့ သက်သာသွားပြီမဟုတ်လားဆိုတော့..

'ဟဲ့ ဒီဒဏ်ရာက ပုရွက်ဆိတ်ကိုက်တဲ့ဒဏ်ရာမှမဟုတ်
တာဟာ ' တဲ့..ပြောပြီးရယ်နေရော..။  သူ့ရယ်သံက ခပ်အက်အက်နဲ့၊ စုမျက်နှာလေး ခပ်မဲ့မဲ့ဖြစ်နေမှန်း ကိုယ် သိသားပဲ။ ကိုယ်က ခေါင်းကိုငုံ့ပစ်မိရင်းနဲ့ နင်ဟာလေ ခုတမျိုး တော်ကြာတစ်မျိုး..တတ်လည်းတတ်နိုင်တယ်လို့ပြောလိုက်ရတယ်။ ငါက အကုန်လုံးကို ပျော်စရာလို့တွေးပစ်လိုက်တာလေ တဲ့ ။ နောက်ဆုံးတော့ ငါ့သူငယ်ချင်းကပဲအားကိုးရတယ်..တခြားသူတွေက အလကားပဲ တဲ့..ကိုယ်က အမြင်ကတ်တော့ နင်ကအခုမှ ငါ့ကိုသတိရတာ..လို့ ဆိုပြီး ချီးမ လို့ခပ်တိုးတိုး ဆဲလိုက်တယ်..သူကလည်း ပြန်ဆဲရင်းနဲ့ ရယ်ရော..ပြီးတော့ လက်ကိုလွှဲရင်းလွှဲရင်း လျှောက်နေသေးတယ်။ လမ်းမီးရောင် ခပ်ဝါ၀ါလေးနဲ့ လေအေးအေးလေးကြားမှာ သူရယ် ကိုယ်ရယ်။ စုက လှမ်းမြင်နေရတဲ့  လှမ်းမြင်နေရတဲ့ MRT လိုင်းကိုကြည့်ပြီးတော့ ငါတို့ လမ်းတူတဲ့အထိ အတူတူသွားလို့ရတယ်၊ တူတယ်လို့ထင်တဲ့နေရာအထိ အတူတူသွားလို့ရတယ်တယ်။ ခွဲရမယ့်နေရာမှာ ခွဲရမှာပဲတဲ့။ အင်းလေ လို့ကိုယ်ကပြောရင်းနဲ့ သူနဲ့အတူတူစီးလို့ရမယ့်ဘူတာနာမည်ကို ပြောမိတယ်။  'ဘယ်သူမဆို လမ်းတူတဲ့နေရာအထိ အတူတူ သွားလို့ရတာပဲ၊ ပြီးရင်တော့ခွဲရတာပါပဲ ' လို့ စုကပြောရင်း ရယ်တယ်။ ရယ်ရင်းနဲ့လည်း လက်ကိုလွှဲရင်း လွှဲရင်းလျှောက်နေသေးတယ်။  'အင်းပေါ့ဟာ လမ်းတူတဲ့အထိတော့ ဒီလိုပဲ သွားကြတာပေါ့' လို့ ပြောရင်းကိုယ်ကရယ်မိတော့ စုကလည်း လိုက်ရယ်တယ်..ကိုယ်တို့ ဒီလိုပဲရယ်မိခဲ့ကြတယ်။


စိမ်းမြလင်းသစ်
(13/07/2012)