Showing posts with label Short Story. Show all posts
Showing posts with label Short Story. Show all posts

Monday, 10 March 2014

တစ်ခါတုန်းကရွာတဲ့မိုး

အဲ့ဒီနေ့က အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင် အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့ မြင်ကွင်းလေးကို သတိရတယ်။ ကိုယ်က ကိုယ်ထိုင်နေတဲ့ ခွေးခြေပုလေးကိုဒီဘက်တိုးပေးလိုက်ပြီးတော့ မိုးတွေစိုကုန်မယ် .. ဒီဘက်တိုးလေ မိုး.. လို့ ပြောခဲ့မိလိုက်တယ်ထင်တယ်။ မိုးရေစက်လေးတွေစင်ကုန်လို့ ကျောတလျောက်ဖြန့်ချထားတဲ့ ဆံပင်စင်းစင်းလေးတွေမှာ မိုးစက်မှုန်မှုန်လေးတွေ တွယ်ငြိနေကြတာကိုလည်းမှတ်မိသေးတယ်။ ပြီးတော့ မိုးလေ.. ငိုတော့မယ့်မျက်နှာလေးနဲ့..။ မဟုတ်ဘူး။ မိုးတွေရွာနေလို့သာ မိုးငွေ့တွေကြားမှာ မိုးငိုတော့မယ်လို့ ထင်မိတာ ဖြစ်မှာ။ မိုးတွေသိပ်သည်းနေလို့သာ မိုးမျက်နှာပေါ်က မျက်မှန်လေးက ကိုယ်ငွေ့နွေးနွေးတွေနဲ့ အခိုးရိုက်နေတာ နေမှာ။ မိုးက ထိုင်လက်စနေရာကနေ မခွာဘဲ ကိုယ်နားမလည်နိုင်တဲ့ အကြည့်နဲ့ တစ်ချက် နဲ့ ကိုယ့်ကို စူးစူးနင့်နင့်ကြည့်တယ်..။ ပြီးတော့ တစ်ခုခုပြောတယ်..။ တစ်ခုခု.. ကိုယ်ခုအချိန်မှာ ပြန်ပြီး မမှတ်မိချင်တော့တဲ့ စကားတစ်ခုခု..။ ပြီးတော့ ကိုယ့်လက်မှာ ပတ်ထားတဲ့ လက်ပတ်ကြိုးကလေးကို တစ်ချက်ကြည့်တယ်။ ပြီးတော့ ရုတ်ခနဲဆိုင်ထဲက ထွက်သွားတယ်။ ကိုယ်က မိုးနောက်ကို ပြေးလိုက်မသွားမိဘူး။ ကိုယ့်အသိစိတ်ထဲက ဒီမြင်ကွင်းတစ်ခုလုံးမှာ ဒီတစ်ချက်လေးပဲ ခိုင်ခိုင်မြဲမြဲ စွဲထင်ကျန်ခဲ့တယ်။ သိပ်ကိုခေါင်းမာတဲ့မိုး။ တစ်ချက်လေးတောင် ကိုယ့်ကို နောက်ပြန်လှည့်မကြည့်တော့တဲ့ မိုး ။ ကိုယ့်ကို ကျောခိုင်းသွားတဲ့ လမ်းတလျှောက်မှာ မိုးတစ်ယောက်ငိုသွားသေးလား ကိုယ်မသိဘူး။ မိုးမငိုပါစေနဲ့လို့ ကိုယ်ဆုမတောင်းရဲဘူး။ မိုး စိတ်သက်သာရာရအောင် နည်းနည်းဖြစ်ဖြစ်ငိုပါစေလို့လည်း ကိုယ် ဆုမတောင်းရဲဘူး ။ တကယ်ဆို မိုးက မငိုတတ်သူပါ လို့  ကိုယ် နောက်ကျမှ သိခဲ့ရတာပဲ..။ တကယ်ဆို ကိုယ်ကသာ ပျော့ညံ့သူပါ..။ အပူကိုအလင်းထင်ပြီး အေးရိပ်က ကိုယ်တိုင်ပြေးထွက်ခဲ့မိသူ..။ ကိုယ်က ကိုယ့်ရင်ထဲကိုမမြင်နိုင်လောက်အောင်ကို အမှောင်ဖုံးမိခဲ့သူပါ မိုးရယ်..။





++++++++++++++++++++++++++++++++++++++++++


"မိုးဆီကိုလာမတွေ့တာ ကြာနေပြီနော်" လို့ ခရေပန်းတွေကောက်နေရင်းနဲ့ မိုးက တစ်ချက်လှမ်းပြောတယ်။
ဘုရားပေါ်မှာ ခရေပင်အကြီးကြီးတွေ ကို ဖြတ်ပြီးတိုက်လာတဲ့ လေက သိပ်ကို မွှေးနေတာပဲ။ ခရေပန်းတွေကို လက်တစ်ဖက်ကလက်ကိုင်ပုဝါလေးထဲ စုထည့်ထားပြီးတော့ တစ်ဖက်က ကြွေကျနေတဲ့ ခရေတွေကို ကောက်နေတဲ့ မိုးဟာ သနပ်ခါးဖွေးဖွေးလေးနဲ့ သိပ်ကိုချစ်စရာကောင်းနေတယ်။ တစ်စုံတစ်ယောက်ကြောင့် ပြန်လည် ပူလောင်လာတဲ့ ကိုယ့်ရဲ့ ရင် ဟာ မိုးနဲ့တွေ့တိုင်း အေးမြသွားတာကိုသတိထားမိရတယ်။ မိုးကို ဘာမှ ပြန်မပြောမိဘဲ ငေးကြည့်နေမိတယ်..။ ခရေပန်းတွေ လာကူကောက်ပေးပါဦး လို့ လှမ်းပြောတော့မှ မိုးအနားကို သွားမိတယ်။ မိုးနဲ့အတူတူ ခရေပန်းအကြွေတွေ လာမကောက်ဖြစ်တာတောင် တော်တော်ကြာနေပြီပဲ။ အအေးဆိုင်မထိုင်ဖြစ်တာ၊ စကားတွေမပြောဖြစ်တာ၊ မိုးအတွက် ရေးနေကျ ကဗျာလေးတွေ မရေးဖြစ်တာတောင် တော်တော်ကြာနေပြီပဲ။
           
"ဟိုတလောက ခရီးထွက်သွားသေးတယ်ဆို"


မိုးက တစ်ချက်လှမ်းမေးတယ်။ ဟုတ်တယ်.. မိုးကို မပြောဖြစ်ခဲ့ဘူး။




"ဟုတ်တယ်.. အိမ်ကအမျိုးတွေနဲ့ လိုက်သွားတာ ၊ ခဏပဲလေ.. နှစ်ရက်တည်းပဲလေ "




ကိုယ့်မျက်နှာအတန်ငယ်မာသွားလိမ့်မယ်ထင်တယ်။  မိုးက ဘာမှမဖြစ်သလို ပုံစံနဲ့ မျက်နှာကိုတစ်ချက်တည်လိုက်ရင်း ခရေပန်းတွေကောက်နေရာကနေ မတ်တပ်ရပ်လိုက်တယ်။ မျက်နှာကိုထီမထင်သလိုချီလိုက်ပုံရတယ်။ မိုးမျက်နှာလေးတစ်ချက်အမော့မှာ ညနေခင်းဝင်ခါနီး နေရောင်ခြည်လေးက မိုးရဲ့ သနပ်ခါးဖွေးဖွေးပါးပြင်လေးပေါ်ကို ကျနေတယ်။ မိုးက ကောက်လို့ရလာတဲ့ ပန်းတွေကို လက်ကိုင်ပုဝါလေးနဲ့ ဖွဖွကလေး ချည်လိုက်တယ်။ ကိုယ့်ဆီကိုပေးထားတဲ့ လွယ်အိတ်ကလေးထဲကို ခရေပန်းလေးတွေထည့်ပြီးထုတ်ထားတဲ့ လက်ကိုင်ပုဝါလေးကို ထည့်လိုက်ပြီးတော့ ကိုယ့်ကိုမော့ကြည့်ရင်းနဲ့ ပြောတယ်။
" မိုးကိုတော့ အသိပေးသွားသင့်တာပေါ့ နော်။ အိမ်ကအမျိုးတွေနဲ့ ဆိုတော့ ဟိုမမရော ပါသေးလား"


မိုးရဲ့အသံကထိန်းထားရမှန်းသိသာနေတယ်။ ဘုရားပေါ်က တစ်ချက်တစ်ချက် အော်မြည်လိုက်တဲ့ ငှက်သံကြားမှာ မိုးရဲ့အသံလေး ပျောက်သွားရှာတယ်။ ကိုယ့်လက်မှာပတ်ထားတဲ့ လက်ပတ်ကြိုးလေးကိုကြည့်ပြီးတော့ မေးနေတဲ့မိုးကို တကယ့်ကို ဘယ်လိုဖြေရမှန်း မသိခဲ့ဘူး။
တကယ်ဆို ကိုယ် မိုးနဲ့ မတွေ့ရဲဘူးမိုး..။ မဖြေပါရစေနဲ့လို့ စိတ်ထဲကနေ မိုးကိုအထပ်ထပ်တောင်းပန်နေမိတာပဲ။



" ဒီ လက်ပတ်ကြိုးလေးတွေ ၀တ်တာတွေ့နေရတာကြာပြီနော်... "


မိုးရဲ့အသံက တိုးတိုးတိတ်တိတ်လေးထွက်လာတယ်။ မမနိုင်ငံခြားအပြန်လက်ဆောင်ပေးထားတဲ့ ဒီဇိုင်းလှလှလက်ပတ်ကြိုးလေးတွေကို တစ်နေ့တစ်မျိုး ၀တ်နေမိတဲ့ ကိုယ့်ကို မိုး သတိထားမိသွားတာပဲ။ ကိုယ်ဘာမှပြန်မပြောဖြစ်လိုက်ပြန်ဘူး။


" မမတက်နေတဲ့ကျောင်းကိုလည်းလိုက်လိုက်သွားတယ်လို့ သူငယ်ချင်းတွေက ပြောနေကြတယ် .။"
ကိုယ်မိုးမျက်နှာကို မကြည့်ရဲတော့ဘူး။ မိုးရဲ့ရှေ့နေရာကနေ အရည်ပျော်ပျောက်ကွယ်သွားချင်လိုက်တာ။


နှုတ်ဆိတ်နေမိတဲ့ ကိုယ့်ကို  မိုးက တစ်ချက်ပြုံးကြည့်တယ်။


" သွားကြရအောင် လေ..၊ နေ၀င်တော့မယ်.. " တဲ့။



ခံစားချက်ကိုထိန်းချုပ်နိုင်သူဟာ ဆင်ခြင်ဥာဏ်ပြည့်ဝသူမို့ ထာဝရ အနိုင်ရသူပါ မိုးရယ်..။ မျက်ရည်တစ်ချက် မထွက်တဲ့ မိုး။ မျက်နှာတစ်ချက် မပျက်တဲ့မိုး။ ကိုယ်ကသာ နောင်တတွေ တလှေကြီးနဲ့ ကျန်ခဲ့ရမယ်မှန်းသိရင် မသွားပါနဲ့လို့ အဲ့ဒီအချိန်တုန်းက မိုးကို ရင်ခွင်ထဲထည့်ပြီး ကိုယ့်ဘ၀ထဲက ထွက်မသွားပါနဲ့ မိုးရယ်လို့ တဖွဖွပြောပြီး တင်းတင်းဖက်ထားခဲ့မိမယ် ထင်ပါရဲ့။ တကယ့်ကိုပဲမျက်ရည်တစ်စက်မထွက်ဘဲ နေနိုင်ခဲ့တဲ့မိုးကို ကိုယ် အံ့သြချီးကျူးမိပါရဲ့..။ မိုးဟာတကယ့်ကို မာနတွေနဲ့ပြည့်နှက်နေတဲ့သူမို့ထင်ပါရဲ့လေ..။



++++++++++++++++++++++++++++++++++++++++++




တကယ်ဆိုရင် နောင်တတွေနဲ့ ကျန်ခဲ့သူက ပူလောင်ရသူပါ မိုးရေ။
ဆောင်းနံနက်ခင်းတစ်ခုမှာ မိုးတက်နေတဲ့ ကျောင်းကို ကိုယ် လိုက်လည်ခဲ့တယ်။  ကိုယ့်လက်သန်းလေးကို မရဲတရဲတွဲထားတဲ့မိုးတစ်ယောက် အပျော်ကြီး ပျော်နေခဲ့လေရဲ့။ တစ်ခါတစ်ခါ မိုးက နှုတ်နည်းသလောက် တစ်ခါတစ်ခါကျရင်လည်း မိုးဟာ ငှက်ကလေးများလို စကားများလွန်းလှပြန်တယ်။ ကိုယ်ကျောင်းကိုလိုက်လည်တဲ့ တစ်နေ့လုံး စကားတွေများလိုက်တဲ့မိုး။ သိပ်ကိုပျော်နေလွန်းတဲ့မိုး။ ဒါပေမဲ့လည်း သိပ်ကို နွမ်းပါးလွန်းနေတဲ့မိုး။ တစ်ခါတရံ ညှိုးငယ်ဟန်ပေါက်နေတတ်တဲ့မိုး။ တစ်ခါတရံ သိပ်ကို မာနကြီးဟန်ပေါက်တဲ့မိုး။ မိုးကိုဘေးနားမှာထားရင်း လှပပြီးအမြဲသွက်လက်ချက်ချာတဲ့ မမ ၊ အမြဲ တောက်ပနေတတ်တဲ့မမကို တစ်ချက်တစ်ချက် သတိရမိနေသေးတယ်။ မမက ကိုယ့်ကို အတင်းကို ပြန်ဆက်သွယ်နေတဲ့အကြောင်း မိုးကို မသိစေချင်ဘူး။






" မိုး.. ကို့ ကျောင်းကို တစ်ရက်လိုက်လည်ပါလား.."



အအေးသောက်နေရင်းက မိုးကိုပြောလိုက်တော့ သောက်လက်စ အအေးပိုက်ကလေးကိုချလိုက်ပြီး ကိုယ့်ကို လှမ်းကြည့်တယ်။
မိုးမျက်လုံးလေးတွေ အရောင်လက်သွားရင်း ကိုယ့်ကိုပြုံးပြီးကြည့်တယ်.. ပြီးမှ..


" ပျော်စရာကြီးနော် ၊ မနက်အစောကြီး သွားရမှာလား ..ဘယ်အချိန်လဲ..။ ကားဘယ်လိုစီးကြမှာလဲဟင် ၊ ချမ်းမလားမသိဘူးနော်..ပျော်စရာကြီးနော်"


တရစပ်မေးခွန်းလေးအောက်မှာ မိုးရဲ့အသံလေး တွေလွင်နေတာပဲ။ သူ့အပျော်တွေကူးစက်သွားကြလို့လားမသိ.. မိုးရဲ့ မှုန်နေတဲ့သနပ်ခါးနံ့လေး ကိုယ့်ဆီ သင်းပျံ့လာသလိုပဲ..။ မွှေးလိုက်တာမိုးရယ်..။




" ကိုတို့ကျောင်းကားပဲ စီးသွားကြတာပေါ့ မိုးရဲ့ ၊ မနက်စောစော ၆ နာရီ အရောက် ကားဂိတ်မှာစောင့်နေ၊ ကိုလာခေါ်မယ်နော် "




အဲ့ဒီနေ့က မိုးတစ်ယောက်ပျော်နေတယ်။ အဲ့ဒီနေ့ မိုးရဲ့ကျောင်းက အပြန် ကိုယ်တို့ ဘက်စ်ကား ကျပ်ကျပ် တိုးစီးခဲ့ရတယ်။ မိုးက ကျောင်းကားမစီးဘူးတဲ့။ တစ်ချို့အတန်းတွေဖျက်ပြီး စာသင်ရသေးလို့ ပြန်ရတာလွယ်အောင် ဘက်စ်ကားပဲ စီးတယ်တဲ့။ ကိုယ်ပိုင်ကားလှလှနဲ့ကျောင်းတက်တဲ့ သစ်လွင်လှပလွန်းတဲ့ ချစ်ခဲ့ရတဲ့ တစ်ချိန်ကကိုယ့်ရဲ့မမဟာ ကိုယ့်စိတ်ထဲကို ခဏရောက်လာတယ်..။ ပျော့ညံ့လွန်းသူကိုယ့်ကို ခွင့်လွှတ်ပါမိုးရယ်...။




+++++++++++++++++++++++++++++++++++++++++


ကိုယ့်ကျောင်းကို မိုးလိုက်လည်တဲ့ အဲဒီနေ့က ထူးထူးခြားခြားနှင်းတွေကျနေခဲ့တယ်။ မှတ်မိသေးလား မိုးရေ..။ ပြတင်းပေါက်တွေဖွင့်ထားတဲ့ ကျောင်းကားအတွင်းထဲအထိ တံတားတစ်ခုကို ဖြတ်ရတုန်း နှင်းတွေ ကားအတွင်းထဲအထိ အလုအယက်ဝင်လာကြတာလေ..။ မိုးဝတ်ထားတာမိန်းမ၀တ် ရှပ်အကျီင်္လက်စကလေးနဲ့မို့  မိုးများ ချမ်းနေမလားလို့ ကြည့်မိတော့ အံ့သြတကြီး ပျော်နေတဲ့ မိုးရဲ့မျက်နှာလေးဟာ နှင်းတွေကြားထဲမှာ ဖြူနုဝင်းပနေလိုက်တာလေ။ မိုးဟာ အသံလေးတိတ်နေပြီး ငြိမ်သက်နေရှာတယ်။ ကျောင်းကားပေါ်မှာ ဆူညံနေကြတဲ့ သူတွေကြားထဲမှာ မိုးဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကိုယ်ကပထမအတန်းချိန်ကို မိုးနဲ့တူတူတက်ပြီးတော့ ကျန်တဲ့အချိန်တွေ အတန်းပြေးပြီး ကိုယ်တို့နှစ်ယောက် လျှောက်သွားကြတဲ့အခါ မိုးတစ်ယောက်မှာ ပျော်လွန်းလို့။ ကိုယ်တို့တွေ ခြေတညောင်းပဲ နေမပူခင် လျှောက်သွားကြတယ်။ ပြီးတော့ ကင်တင်းမှာ ထိုင်နား ထမင်းစား။ မိုးတစ်ယောက်ပျင်းဟန်ပေါက်လာတော့ ကိုယ်ကပဲမြို့ထဲသွားကြရအောင်လေ ၊ စာအုပ်ဆိုင်တွေဘက်သွားကြရအောင်လို့မိုးကိုပြောပြီး ထ ပြန်ကြတယ်။


မြို့ထဲမှာထမင်းပေါင်းဝင်စားပြီး အမေ့အိမ်စာအုပ်ဆိုင်ကိုဝင်ကြတာ မှတ်မိသေးလားမိုး..။ ကိုယ်က စာအုပ်တွေဝယ်တော့ မိုးက စာအုပ်လေးတစ်အုပ်လိုက်ဝယ်တယ်။ မင်းလူရဲ့ ငှက်ကလေး ဆိုတဲ့စာအုပ်။ မိုးက မိုးအပိုင်သိမ်းထားချင်လို့လို့ပြောတယ်။
ကိုယ်ရှင်းလိုက်မယ်ပြောတော့ မိုးက "ဟင့်အင်း.. မိုးကိုယ့်ဘာသာရှင်းပါရစေ"တဲ့...။
ကိုယ်က အတင်းရှင်းမယ်လုပ်တော့ ကိုယ့်ကိုတစ်ချက် မော့ကြည့်လိုက်တဲ့ မိုးရဲ့ မျက်ဝန်းတွေဟာ ကိုယ့်ကိုထိတ်လန့်သွားစေတယ်။နောက်ဆုံးတော့ ကိုယ်က မိုးကိုယ်ပိုင်ငွေနဲ့ ၀ယ်လာတဲ့ စာအုပ်လေးကို အဖုံးလေးပဲဖုံးပေးနိုင်ခဲ့တယ်။ ဖလင်ပြားလေးကို အသဲနှစ်ခုဆက်နေတဲ့ပုံစံ ညှပ်ပြီး စာအုပ်ညှပ်လို့ရအောင် ကြိုးကလေးနဲ့တွဲချည်ပြီးထည့်ပေးလိုက်တယ်။ မိုးက ကိုယ်ကိုယ်တိုင်ဖုံးပေးထားတဲ့ စာအုပ်လေးကို တရိုတသေ ကြည့်ပြီး "ကျေးဇူးတင်ပါတယ်" တဲ့။
မိုးရယ်.. ဒါလေးကို ကျေးဇူးတင်စရာလိုလို့လား လို့ တွေးမိရင်း ထွက်ခွာသွားတဲ့ မိုးရဲ့ကျောပြင်ကို ပဲ ငေးကြည့်မိတယ်။




+++++++++++++++++++++++++++++++++++++++++++++++




ဆောင်းမနက်ခင်းတချို့မှာ ကျောင်းပျက်တာများလို့ မလိုက်နိုင်တော့တဲ့ ဘာသာရပ်တစ်ခုအတွက် မိုးတစ်ယောက်ကျူရှင်တက်ရတော့ ကိုယ်က မိုးကို စက်ဘီးလေးနဲ့ လိုက်ပို့ရသေးတယ်။ တစ်ချို့ရက်တွေကျတော့ ကိုယ်က မိုးကျူရှင်ကိုလာကြိုရုံပဲတတ်နိုင်တယ်..။  အစောကြီးတက်ရတဲ့မိုးရဲ့ကျူရှင်ကို ပထမဆုံးကိုယ်လိုက်ပို့ရတဲ့ရက်တုန်းက ကိုယ့်စက်ဘီးနောက်မှာ မရဲတရဲ ထိုင်စီးရှာတဲ့မိုး၊ တစ်ခါတစ်ခါ စက်ဘီးက မငြိမ်လို့ လှုပ်သွားတဲ့အခါ ကိုယ့်ခါးကို မရဲတရဲ လှမ်းဖက်လိုက်တော့


"ဖက်ရင်ရဲရဲဖက်ဗျ၊ မရဲတရဲဆို ကိုယ်က ယားတယ် " လို့နောက်မိတယ်။


ကိုယ်အဲ့လိုပြောပြီးနောက် မိုးလေ ကိုယ့်ခါးကို ဖက်ပြီး မျက်နှာလေးအပ်ထားလိုက်တာ ကိုယ့်ကျောပြင်မှာ သနပ်ခါးနံ့လေး စွဲထင်ကုန်တဲ့အထိပဲ။
လွမ်းရပါတယ် မိုးရေ..။ ခုချိန်မှာ မိုးရဲ့ ပါးပြင်က သနပ်ခါးရနံ့မွှေးမွှေးကို လွမ်းမိပေမဲ့ တချိန်ကတော့ မမရဲ့ ရေမွှေးရနံ့ကို ကိုယ်စွဲလမ်းခဲ့ကြောင်း မိုးကိုရှက်ရှက်နဲ့ ၀န်ခံရတော့မယ်။ ကိုယ့်ကိုယ်ကိုလည်း မုန်းတီးရပါတယ်မိုး။ ဒါဟာ မိုး ကိုယ့်ကို အငြင်သာဆုံးနဲ့ အထိရောက်ဆုံး လက်စားခြေခြင်းပဲဖြစ်ပါစေတော့မိုးရယ်။ မိုးကိုယ့်ကိုရေးပြီးပေးဖတ်တဲ့ ကဗျာလေးထဲကလို ပေါ့..။
"ဝေဒနာဆိုတာ ခံနိုင်ရည်ရှိမှုနဲ့ မဆိုင်ဘူး" တဲ့။
ကိုယ်က မိုးကို ခံနိုင်ရည်ရှိတယ်ဆိုပြီး ဝေဒနာတွေထပ်ခါတလဲလဲပေးခဲ့မိသူပါမိုးရေ။ မိုးကတော့ ကိုယ်ပေးတဲ့ဝေဒနာတွေကို မခံစားနိုင်တော့လို့ အဝေးကိုထွက်ပြေးသူလို့ ကိုယ်တွေးပြီးကြေကွဲရပြန်တယ်။ အမြဲလိုလို ဒွိဟတွေနဲ့ တွေဝေနေတတ်တဲ့ကိုယ့်ကိုယ်စား အဖြေတစ်ခုကိုကိုယ်ခေါင်းမရှုပ်အောင် ကိုယ့်ကိုတမင်တကာနှုတ်ဆက်သွားသလိုပဲလို့ကိုယ်တွေးမိပါသေးတယ်..။ သိပ်ကိုကြေကွဲရပါတယ်မိုးရေ..။ တွေဝေတတ်တဲ့သူဟာ မိမိကိုယ်ကို အမှန်မသိသူမို့ တစ်သက်စာထာဝရ ရှုံးသူပါပဲ မိုး..။




+++++++++++++++++++++++++++++++++++++++++++




" လိပ်ကလေး.. ပက်လန်လန်နေတာတောင် ပြုံးစိစိနဲ့.. ဘယ်လိုအခက်အခဲမျိုးပဲကြုံကြုံ အဲဒီလိပ်ကလေးကိုသတိရနော် .."
ကိုယ်က အစိမ်းရောင်လိပ်ကလေး ပက်လက်ကလေးနဲ့ ပြုံးစိစိဖြစ်နေတဲ့ပုံပါတဲ့ ပို့စ်ကဒ် သေးသေးလေးရဲ့နောက်မှာ စာရေးပြီး မိုးကို ပေးတယ်။ ၁ ရက် ၁ လ  နှစ်သစ်တစ်ရက်မှာ မမျှော်လင့်ထားတဲ့လက်ဆောင်လေးကို ရတဲ့ မိုးက အံ့သြတဲ့မျက်နှာပေးလေးနဲ့ ၊ မထုံတတ်တေး ။ မိုးက စာသားရဲ့အောက်မှာရေးထားတဲ့ ချစ်ရတဲ့ကို ဆိုတဲ့ စာသားကို မျက်မှောင်ကြုတ်ကြည့်နေတုန်းမှာ ကိုယ်က မိုးကို ရည်းစားစကားပြောမိတယ်။ မထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့နေရာမှာ လုံးဝမမျှော်လင့်ထားတဲ့လူတစ်ယောက်ဆီကကြားရတဲ့စကားမို့ မိုးဟာ ရှက်ရှက်နဲ့ ကိုယ့်ရှေ့ကနေ အပြေးတစ်ပိုင်းထွက်သွားတယ်။ ကဒ်ကလေးကိုလွှတ်မချခဲ့ဘူး။ ဒီအကြောင်းတွေ မိုးဆီက ပြန်ကြားရတဲ့အချိန်မှာ မိုးက ကိုယ့်ပုခုန်းစွန်းလေးကို မှီနွဲ့နေပြီ..။ မိုးဟာ မကွေ့ကောက်ဘူး။ မကွယ်ဝှက် ဘူး။ သဘောဖြောင့်လွန်းလှတယ်။ ဒါကြောင့်ပဲ ထင်ပါရဲ့ လေ.. မမကြောင့် ဒဏ်ရာရခဲ့တဲ့ ကိုယ်က မိုးကို ငြိတွယ်မိလေသလား။ မိုးရင်မှာ ခဏခိုဝင်ခဲ့မိလေသလား။ မကွေ့ကောက်တတ်တဲ့မိုးဆီက ကိုယ့်အတွက်အဖြေကိုမစောင့်လိုက်ရသလို မိုးကိုလည်း မယုံမကြည်ဖြစ်ရခြင်းတွေမရှိခဲ့ဘူး။ မိုးကလည်း ကိုယ့်ကို နည်းနည်းလေးမှ စိတ်အနှောင့်အယှက်ပေးတယ်လို့လည်းမရှိခဲ့ဘူး။ ဒါကြောင့်ပဲ မိုးဆီရတဲ့ အေးမြခြင်းတွေဆီက ကိုယ်က ပြေးထွက်ခဲ့မိလေသလား မိုးရေ..။ မမရဲ့ချုပ်နှောင်မှုတွေကြောင့် ကျဉ်းကျပ်လာတဲ့နေ့မှာ မိုးဘယ်ရောက်နေပြီလဲ လို့ အလန့်တကြားတွေးမိရတယ်။ မိုးကို အရှက်ရတယ်။ အဲ့လိုအချိန်မှာများကိုယ့်ကို မိုးက ဘာကြောင့်ဒီလောက်ပျော့ညံ့သွားရတာလဲ လို့ လာမေးရင်လည်း တစ်ကြိမ်တစ်ခါလောက်တော့ ပျော့ညံ့ခွင့်ပေးပါလို့ ပြောမိရတော့မှာပါပဲ။ မိုးက လိပ်ကလေးကို သတိမရတော့ဘူးလားလို့ လှောင်ရယ်သလိုမေးလာခဲ့ရင်လည်း ကိုယ်က လိပ်ပက်လက်လန်သလို ဖြစ်တာ မိုးထားသွားတဲ့နေ့ကတည်းကပါလို့ ပြောမိမလားပဲမိုးရေ..။ မွန်းကြပ်ပိတ်လှောင်မှုတွေအောက်မှာ ကိုယ်က မိုးကို ပြန်ရှာမိတော့ မိုးဟာ စိတ်အနာကြီးနာခဲ့သူမို့ တစ်ယောက်တည်းအဝေးကိုပြေးသတဲ့။ ကိုယ်ဟာ အပြစ်ရှိသူမို့ မိုးရဲ့အနားကို မချဉ်းကပ်ဝံ့ဘူး။ ကိုယ့်အကြောင်းကိုများ မိုးကြားတဲ့အခါ လှောင်ရယ်နေမလားလို့ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ပိတ်မိတယ်။ ရင်ထဲကအနာကို မိုးအပါအ၀င် ဘယ်သူမှမမြင်စေရဘူး။ ရင်ထဲမှာ ကျိတ်ငိုခွင့်သာ ပေးပါတော့မိုးရေ..။ ကိုယ်ဟာ အေးမြခြင်းရဲ့အဝေးကို ပြေးထွက်မိသူမို့ နောင်တတွေနဲ့သာ ထိုက်တန်ပါတယ် ။ လိပ်ပြာမသန့်သူမို့ မိုးကို လိုက်ရှာခွင့်လည်း မပေးပါနဲ့တော့ မိုး...။




++++++++++++++++++++++++++++++++++++++++++++++++




" အကို့တို့နှစ်ယောက်ကို မနေ့က ကျွန်မဘက်စ်ကားပေါ်ကနေ လှမ်းတွေ့လိုက်တယ်"


မိုးအသံက ထိန်းထားတဲ့ကြားကတုန်ခါနေတယ်။ ကိုယ့်ရင်ထဲမှာ ထိတ်ခနဲပဲ။ ရုတ်ချည်းဆိုသလို ကိုယ့်ရင်ထဲမှာ အေးစက်သွားတယ်။ မျက်နှာတစ်ခုလုံးထူပူလို့။ ကိုယ်လေ မိုးမျက်နှာကို မကြည့်ရဲဘူး။ အခေါ်အဝေါ်တွေ ပြောင်းပစ်လိုက်ပြီဖြစ်တဲ့မိုးရဲ့ လေသံတွေ အေးစက်နေမှန်း ကိုယ်သိပါတယ်။




" မိုးလိုချင်တာက နှစ်ဦးနှစ်ဘက် အပြန်အလှန် အလုံးစုံ စိတ်ချယုံကြည်ရတဲ့ ချစ်ခြင်းမေတ္တာပါ။ ကျွန်မက အကို့ကို ချစ်ခဲ့တယ်ဆိုတာ အကို့အပေါ်ကိုအထင်ကြီးခြင်းအပေါ်ကို အခြေခံပြီးချစ်ခဲ့မိတာ။ ကိုယ်အထင်ကြီးရတဲ့ချစ်သူကို ကျွန်မက အကြွင်းမဲ့ယုံကြည်ခဲ့တယ်။ အခုလိုမျိုး ကျွန်မအပေါ်ကို ဆက်ဆံခံရတာ စိတ်အနာဆုံးပဲ။ တစ်သက်ဖျောက်မရနိုင်တော့တဲ့ ဒဏ်ရာပဲ။ "




မိုးရဲ့ စကားတွေက မြားတွေလိုပဲ ကိုယ့်ရင်ကို လာစူးကြလေရဲ့။ စူးပါစေတော့မိုးရေ။ မိုးကို ဒဏ်ရာတွေပေးမိတဲ့ကိုယ်ဟာ အပြစ်ရှိသူပါ။ ကိုယ်ကမိုးမျက်နှာလေးကိုပဲ ငေးကြည့်နေမိတော့တယ်။ ကိုယ့်တစ်ကိုယ်လုံး မီးခိုးငွေ့တွေအဖြစ်ပြောင်းသွားကြပြီထင်ရဲ့။ မိုးလက်ကလေးကို လှမ်းဆွဲလိုက်ချင်ပေမဲ့ မမရဲ့ လက်ပတ်ကြိုးလေးဟာ မိုးလက်ကလေးကို လှမ်းဆွဲမယ့်ကိုယ့်လက်ကို အတင်းဆွဲတားထားကြသလိုပဲ။ အဲ့ဒီအချိန်တုန်းက မမကိုရင်ဘတ်ထဲ ထည့်ခဲ့မိတဲ့ကိုယ်မို့ မိုးဘက်ကို အလေးမသာခဲ့တာကိုတော့ ရင်နာနာနဲ့ဝန်ခံပါတယ်မိုး။


အစက ခပ်ဖွဲဖွဲကျနေတဲ့မိုးတွေ ရုတ်တရက်သည်းသည်းမည်းမည်းရွာချလာတယ်။ ကော်ဖီဆိုင်လေးရဲ့ အစွန်ဆုံးစားပွဲမှာ ထိုင်နေကြတာမို့ မိုးစက်တွေဟာ မိုးရဲ့ကျောတလျှောက်ကိုလာစင်နေတယ်။ ကျောတလျှောက်ချထားတဲ့ မိုးရဲ့ဆံနွယ်တွေမှာ မိုးစက်တွေ လာငြိတွယ်နေကြတာကိုကိုယ်မှတ်မိပါသေးတယ်။ မိုးတွေစိုကုန်မယ် .. ဒီဘက်တိုးလေမိုးလို့ ပြောလိုက်မိတယ်ထင်တယ်မိုးရယ်.. အဲ့ဒီစကားကလွဲရင် ရင်ထဲမှာဗလောင်ဆူကာ အခိုးအငွေ့တစ်ဝက်ဖြစ်နေတဲ့ကိုယ်က ရှက်ရွံ့ခြင်းအပြည့်နဲ့မို့ မိုးကို ပြောဖို့ တခြားစကားလုံးတွေ ထွက်မလာနိုင်ဘူး။ အပြင်မှာသည်းနေတဲ့မိုးတွေ ကိုယ့်အပေါ်ကိုသာအကုန်ရွာချပါစေတော့လို့ ဆုတောင်းမိလေသလား မသိဘူးမိုးရေ..။ အဲ့ဒီအချိန်မှာပဲ မိုးက ကိုယ့်ကို တစ်ခုခုပြောတယ်..။ အခုအချိန်မှာ ကိုယ်ပြန်မစဉ်းစားချင်ဆုံးတစ်ခုခု..။





" အကို ခြေလှမ်းတွေပျက်တာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မသိက္ခာကို ဒီလောက်ထိ စော်ကားလိမ့်မယ်လို့ မထင်မိလောက်အောင် အကို့ကို အထင်ကြီးမိခဲ့တာတော့ ကျွန်မအမှားပေါ့။ အကိုက သိပ်တွေဝေတတ်လွန်းတယ်ဆိုတော့ လည်းအကို့အတွက် ကျွန်မကပဲအဆုံးအဖြတ်ပေးခဲ့ပါမယ်။ အကိုတို့နှစ်ယောက်လုံးပျော်ရွှင်ပါစေ.."




မိုးရဲ့အသံက ခပ်တိုးတိုးပေမဲ့ ညင်သာပြတ်သားလှတယ်။ ကိုယ့်မျက်လုံးတည့်တည့်ကို အေးစက်စက်စိုက်ကြည့်ပြီးပြောနေတဲ့ မိုးဟာ ပြတ်သားနေတယ်။ မိုးက ထိုင်နေရာက ထွက်သွားတယ်။ မိုးရေတွေထဲ..။ မျက်ရည်တစ်ချက် မထွက်တဲ့မိုး။ သိပ်ကို မာနကြီးတဲ့မိုး။ အဲ့ဒီအချိန်တုန်းက အဖြစ်ချင်ဆုံးဆန္ဒဟာ အခိုးအငွေ့တွေအဖြစ်နဲ့ကိုယ့်တစ်ကိုယ်လုံးပျောက်ကွယ်သွားချင်တဲ့စိတ်ပဲ ဖြစ်မယ်ထင်ပါရဲ့ မိုးရေ..။ အဲ့ဒီနေ့က ကော်ဖီဆိုင်လေးမှာ မိုးတွေ စဲတဲ့အထိ ထိုင်နေမိတယ်။ မိုးထားခဲ့တဲ့ ကော်ဖီခွက်ကလေးကို ကြည့်ရင်းက မျက်ရည်ဝဲရပြန်တယ်..။ မိုးရေတွေ တစ်စက်စက်ကျနေတဲ့ မြေသားတွေကိုငေးကြည့်ရင်းနဲ့ ကိုယ့်မှာ အေးစက်ရပြန်တယ်။ ဟင်းလင်းပြင်တစ်ခုထဲမှာ မျောလွင့်ရသူလို ကယောင်ချောက်ချားနဲ့ ကိုယ့်လက်ကိုတင်းတင်းဆုပ်ထားရပြန်တယ်..။ ကိုယ်ဟာ အားငယ်တတ်သူပါလို့ စိတ်ထဲမှာ မိုးကိုတိတ်တိတ်တမ်းတရတယ်။ မမဟာ ကိုယ့်ကို မအေးမြစေနိုင်သူမို့ မိုးဆိုတဲ့အေးရိပ်ဆီကို တမ်းတမိတတ်တဲ့အခါ မိုးကိုရှက်ရွံ့အားနာရတယ်။ ချန်ခဲ့ပါတော့မိုး..။ ကိုယ့်အနားက အဝေးဆုံး အကောင်းဆုံးဆိုတဲ့အရပ်ဆီကိုသာ ထွက်ပြေးပါတော့မိုးရေ..။




+++++++++++++++++++++++++++++++++++++++++++


မိုးတွေ တစ်ပေါက်ပေါက်ကျလာတယ်။ မှာထားတဲ့ကော်ဖီကို စားပွဲထိုးလေးက စားပွဲပေါ်လာချပေးပြီးသွားတဲ့အခါ မိုးရေစက်တွေ ပိုစိတ်လာတာကိုသတိထားလိုက်မိတယ်။ မိုးတွေသည်းတဲ့ မိုးရက်တစ်ရက်ရယ်၊ ကော်ဖီရယ်.. ဟာ ကိုယ့်ကိုမမေ့နိုင်တဲ့အတိတ်တွေဆီခေါ်သွားနေကြပေါ့.. ။ တကယ်ဆို အဲ့ဒီနေ့က အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင် အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့ မြင်ကွင်းလေးကို သတိရမိတုန်းပဲ။






                                                                                                                                စိမ်းမြလင်းသစ်
                                                                                                                                10/03/2014









Saturday, 28 July 2012

ကန္တာရကြယ်

အိပ်မရသော ညများကို ဘယ်လိုကုန်ဆုံးစေရမလဲဟု တွေးမိဆဲတွင် နှင်းက မျက်နှာကြက်ကို မော့ကြည့်လျက်ရှိသည်။ အခန်းမီးကိုပိတ်ထားသောကြောင့် ခပ်မှောင်မှောင်အခန်းထဲကို ပြတင်းမှ လရောင်က ခပ်ပါးပါးဖြာကျလျက်ရှိသည်။ နှင်းသည် အိပ်နေရင်းမှနေ၍ ခေါင်းရင်းဘက်ရှိပြတင်းတံခါးကို မျက်လုံးကိုအသာရွှေ့ကြည့်မိသည်။ လကိုမူ မမြင်ရ။ လရောင်သည်သာ ဖြာလျက် လသာလျက်ရှိကြောင်းပြသည်။ လသည် တစ်ဝက်သာသည်လား၊ အပြည့်သာသည်လား မမြင်သာ။ မျက်နှာပေါ်ကို ခပ်ပါးပါးကျနေသောလရောင်ကြောင့် အိပ်မရတာလား လို့ တွေးမိလျက်က ပြတင်းလိုက်ကာကို ချရန်မကြိုးစားမိ၊ မကြိုးစားလို။ အခန်းသည် မှောင်နေသော်လည်း မျက်လုံးက အကျင့်ရလာသောကြောင့် ရေးတေးတေး မြင်နေရသည်။ ကုတင်ဘေးက မပိတ်ဘဲထားခဲ့သော ကွန်ပြူတာကို အသာလှုပ်လိုက်လျင် အလင်းရောင်ရနိုင်သေးသည်။ သို့သော် အလင်းရောင်ကို မလိုချင်။ ကြောင်၍နေသော မျက်စိတို့ဖြင့် အခန်းကို ကြည့်သောအခါ ကုတင်ခြေရင်း စားပွဲပေါ်မှ သောက်လက်စ ကော်ဖီခွက်ကိုတွေ့သည်။ ကော်ဖီတွေ အများကြီးမသောက်နဲ့ ဟု အွန်လိုင်းမှာမေမေနဲ့တွေ့စဉ်က နှင်းကိုပြောလျှင် နှင်းက နံဘေးမှ ကော်ဖီခွက်ကို တစ်ကျိုက်မော့လျက်က ဟုတ်ကဲ့ဟုဖြေတတ်သည်။ စာသေချာလုပ်ဟုပြောလျှင်တော့ ဖေ့စ်ဘုတ် ကို အမြန်ပိတ်၍ ကွန်ပြူတာကိုဝေးရာ ပို့ရတတ်သည်။ နှင်းသည် ကြောင်သော မျက်လုံးတို့ကို ပိတ်၍ အိပ်ဖို့ကြိုးစားရင်း ခန္ဓာကိုယ် အနေအထားကို ပြောင်းမိသည်။ အခုလောက်ဆို မေမေတို့ အိပ်နေလောက်ပြီ။


မနက်က စောစောနိုးသည်။ ပိတ်ရက်မို့လို့ အိပ်ချင်ပေမဲ့ အမြဲဖွင့်ထားတတ်သော ပြူတင်းပေါက်က မိုးစက်တွေက မျက်နှာပေါ် ခုန်ပေါက်၍လာရောက်ထိမှန်စဉ် နှင်း နိုးလာသည်။ မိုးလေကြီးသည်ဟု ဆိုရမည်။ မျက်နှာပေါ်လာစင်သော မိုးရေတို့ကို လက်ဖမိုးဖြင့် အသာပွတ်သုတ်လျက် နံဘေးစားပွဲပေါ်မှ ဖုန်းကိုယူ၍ နာရီကြည့်လျင် ထနေကြအချိန်ထက် အတော်လေး နောက်ကျနေပြီဖြစ်ကြောင်း တွေ့ရသည်။ ဒီနေ့တော့ နှိုးစက်သံကိုမကြားရ။ ပိတ်ရက်ဖြစ်သည်။ အလိုအလျောက်နိုးလာသော်လည်း မိုးကြောင့် ကောင်းကောင်းမအိပ်ရဟု စိတ်စနိုးစနောင့်တော့အနည်းငယ်ဖြစ်မိသည်။ နှင်းသည် အိပ်ရာမှ အသာထ၍ ပြတင်းပေါက်လိုက်ကာကို ချမည်ပြုစဉ် မိုးရွာနေသောမြင်ကွင်းသည် နှင်း၏ အာရုံကို ဖမ်းစားသည်။ ကလေးကစားကွင်းနံဘေးက ပိတောက်ပင် အကြီးသည် မိုးရေရွှဲရွှဲစိုလျက် အိုနေသောမျက်နှာဖြင့် မတ်တပ်ရပ်နေသယောင်။ ကစားကွင်းကိုဖြတ်ကာ ထီးဆောင်းလျက် ဖြတ်လျှောက်သွားကြသော လူတစ်ယောက်စ နှစ်ယောက်စကိုမြင်ရသည်။  ပတ်ဝန်းကျင်သည် မှုန်မှိုင်းလျက်ရှိသည်။ လေတစ်ချက်အဝှေ့တွင် အတန်ငယ်ချမ်းသွားကြောင်းသတိပြု
မိသည်။ ပြတင်းပေါက်ကို အသာပိတ်ပြီး မနက်စာစားရန် အခန်းတွင်းမှ ထွက်လိုက်သည်။ ဘာစားရမှန်းမသိသောကြောင့် မနက်စာသည် ကော်ဖီပူပူတစ်ခွက်သာ ဖြစ်မည်ဟု သေချာသွားသည်။

မုန့်ဟင်းခါးပူပူ စားချင်လာသည်။ စားချင်လျင်ချက်စားပေါ့ ဟု မေမေက ပြောတုန်းက မေမေကလည်း ချက်ရတာ လွယ်တယ်မှတ်လို့လား ဟု ပြန်ပြောမိတာကိုမှတ်မိသေးသည်။ အင်းပါ အင်းပါ ဟုမေမေက လေသံအေးအေးနှင့်ပြန်ပြောလျှင်ေ
တာ့ နှင်းက စိတ်မကောင်းပြန်။ အိမ်ကို သတိရတော့ ဖုန်းဆက်ရန် လက်က လှမ်းမိသည်။ အချိန်ကစောလွန်းသေးသည်ဟုထင်ကာ ဖုန်းကို ပြန်ချမိပြန်သည်။ ခုတလော ခဏခဏဖုန်းဆက်မိတော့ မေမေက အလုပ်မအား၍ပဲဖြစ်ဖြစ် ဖုန်းသံမကြားလိုက်မိလျင်ပဲဖြစ်ဖြစ် မကိုင်လျင် နှင်းက စိတ်ကွက်မိသေးသည်။ ဂရုမစိုက်ဘူး ဟုထင်မိချင်သေးသည်။ နှင်းက ခုချိန်အထိ ဂရုစိုက်ခံချင်မိမြဲ၊ ကိုယ့်ကိုယ်ကို မရင့်ကျက်နိုင်သေးသော သမီးပဲဟု တွေးမိတိုင်းရှက်မိမြဲ။ မေမေက သမီးအတွက် ဘုရားမှာပန်းတွေလှူပေးထားတယ်ဟု ပြောလျင်တော့ အတိုင်းမသိကျေနပ်ရတတ်သည်။ မေမေရယ် သမီးအတွက် နှင်းဆီပန်းရယ် စံပယ်ပန်းရယ် လှူပေးပါဟု နှင်းကြိုက်လွန်း၍ ခဏခဏလှူမိတတ်သော ပန်းလှလှမွှေးမွှေးများကို မျက်စိထဲတွင်မြင်ယောင်လျက်က ခဏခဏပူဆာတတ်သေးသည်။ မေမေက အေးပါ ဟုပြောလျင်တော့ ဘုရားစင်တွင် ဝေဆာနေဦးမည့် ပန်းလှလှမွှေးမွှေးများကို မြင်ယောင်ကာ ကြည်နူးရပြန်သည်။ ပြီးလျင်တော့ ဘုရားစင်ရှေ့တွင်ဒူးတုတ်ထိုင်ကာ နှုတ်က တရွရွဖြင့်ဘုရားစာတွေရွတ်ဆိုနေဦးမည့် မေမေ့ဟန်ကို မြင်ယောင်ရပြန်သည်။ သနပ်ခါးနှင့် နှုတ်ခမ်းနီနှင့် လှနေဦးမည့် မေမေက သမီးအတွက်တော့ စိတ်ပူကာ နေရပြန်သေးသည်။ ခုအချိန်လောက်ဆိုရင်တော့ မေမေ အိပ်ရာက ထလောက်ပြီဟု တွေးမိသည်။

စားပွဲပေါ်တွင်စိုက်ထားသော ပန်းအိုးငယ်လေးတွေကို အမှတ်တမဲ့ငေးကြည့်မိသည်။  Indoor Plant လေးတွေကိုပဲစိုက်ရန် တတ်နိုင်သည့် အနေအထားတွင်  မနက်မိုးလင်းလာသောအခါ ပြူတင်းတံခါးကိုဖွင့်ပြီး ပွင့်အာနေကြသော မေမေစိုက်ပျိုးထားသည့် နှင်းဆီပန်းလှလှများကိုကြည့်
ရသည့် အရသာကို လွမ်းသည်။ ထိုအခါ ကိုယ့်အနေအထားကို ပြုံးမိလျက်က ဒီကန္တာရအပင်ငယ်လေးတွေကို ၀ယ်လာမိသည်။ ပြီးတော့ နှင်းမှာ အပင်လေးကို ရေငွေ့လေးဖြန်း အလင်းရောင်ပိုရသောနေရာကိုရွှေ့ စသဖြင့် အလုပ်လေးတွေကို လုပ်မိပြန်သည်။ ဘာပဲဖြစ်ဖြစ် နှင်းစိုက်ပျိုးထားသော အပင်လေးတွေကို မနက်အိပ်ရာထလျင် မြင်လိုက်ရမှ၊ ယုယလိုက်ရမှ ကျေနပ်ရသည်။ မနက်အိပ်ရာထလျင်တစ်ခါ ညအိပ်ရာဝင်လျင်တစ်ခါ ။ အခုလည်း စာကြည့်စားပွဲပေါ်က ပန်းအိုးသေးသေးလေးတွေကိုကြည့်နေမိပြန်သည်။ ကန္တာရပင်ငယ်သေးသေးလေးတွေ..။ ဆူးသေးသေးမှုန်မှုန်လေးတွေဖြင့်၊ စိမ်းစိုနေကြသည်။ ကန္တာရပင်လေးများသည် အခန်းထဲတွင် လှလှပပ နေရာယူနေကြသည်။ နှင်း၏အခန်းလေးသည် ထိုဆူးပင်သေးသေးလေးများဖြင့် လှပနေတော့သည်။ တစ်ခါတလေတော့လည်း ဆူးတွေဟာလှရဲ့လားဟု စဉ်းစားမိပြန်သည်။ လိုအပ်ချက်နည်းနည်းလေးနဲ့ မာန်တင်းနေရဟန်ပေါ်သော ဒီအပင်လေးတွေကိုမူ နှင်းက အရိပ်တကြည့်ကြည့်နှင့် ကြည့်မ၀နိုင်ဖြစ်ရပြန်သေးသည်။

နှင်းသည် ဖုန်းဆက်ရင်ကောင်းမလားဆိုသောစိ
တ်ဖြင့် ဖုန်းနံပါတ်တချို့ကိုနှိပ်မည့်ဟန်ပြင်လိုက်မိပြန်သည်။ ဒီအချိန်ဆို ဟင်းချက်နေတော့မှာပဲ ၊ တူမလေးကတော့ အိပ်နေတုန်းနေမယ်၊ ညီမလေးကတော့ ကျူရှင်သွားလောက်ပြီ၊ မေမေကလည်း အလုပ်များနေမှာပဲ ...အလိုလိုစဉ်းစားမိသောစိတ်ဖြင့် ဖုန်းကိုအသာပြန်ချမိသည်။ အရင်တစ်ခေါက်ဒီလိုအချိန် ဖုန်းခေါ်မိတုန်းက မေမေက မကြားလိုက်။ ဘယ်သူမှမကြားကြ။  နှင်းစိတ်ကောက်ဖြစ်သည်။ မိုးက အတန်ငယ်စဲသွားပြီ။ သို့သော် မိုးသားတွေညိုနေတုန်းပဲ။ ရန်ကုန်လိုတော့ အေးမနေလှ။ ၀ုန်းဒိုင်းကြဲပြီးရွာချပြီး ခဏကြာလျှင် သူမဟုတ်သလို ပူလောင်အိုက်စပ်ပြန်ဦးမည်။ နှင်းငယ်ငယ်တုန်းက မိုးတွေသည်းလျှင် စောင်ခြုံလျက် စာအုပ်ဖတ်ရတဲ့အရသာကိုလွမ်းလှသည်။ စာဖတ်ရင်း လက်ညောင်းလာလျှင်တော့ စာအုပ်ကိုအသာပစ်ချ၍ နှစ်ခြိုက်သောအိပ်ခြင်းတွင်ခဏပျော်ဝင်လိုက်သေးသည်။ ဒါမှမဟုတ် ညီအစ်မတစ်တွေ စောင်တူတူခြုံပြီး ဗီဒီယိုကားတစ်ကားလောက် တူတူကြည့်ကြသည်။ ခုရော..၊ ဘာလုပ်လို့ရနိုင်လဲလို့တွေးရင်း မနေ့က စာကြည့်တိုက်က ငှားလာခဲ့သော စာအုပ်ကိုသတိရမိသည်။ စာဖတ်မည်ဟုတွေးပြီး စာဖတ်ဟန်ပြင်သည်။ အပြင်ဘက်တွင် မိုး တိတ်သွားပြီ။

စာအုပ်သည် နှင်း၏လက်မှပြုတ်ကျ၏။ နှင်း ခဏတာ အိပ်ပျော်သွားခြင်းဖြစ်မည်။ နှင်း၏ စိတ်သည်ေ၀၀ါးဝါးဖြစ်လျက်။ မေမေ့ကိုအိပ်မက်မက်သည်။  မေမေက ပန်းပင်တွေရေလောင်းနေတယ်တဲ့။ နှင်းက ဘေးက ကြည့်ရင်း အမျိုးအမည်မသိသော ပန်းအိုးတွေကို ဘာပင်တွေလဲ မေမေဟု မေးသည်။ မေမေက တစ်ခွန်းမကျန်ရှင်းပြသည်တဲ့။ ပြီးတော့ မေမေက ရေလောင်းမှ ဂရုစိုက်မှ ပန်းလေးတွေပွင့်ကြမှာ။ မေမေစိုက်တဲ့ပန်းလေးတွေ လန်းနေတာပဲ မြင်ချင်တယ် လို့ ပြောပြီး နှင်းကို ပြုံးကြည့်သည် တဲ့. ။ နှင်းက ဘာပြန်ပြောမိလဲ မမှတ်မိ။ ဘာမှပြန်မပြောဖြစ်ဘဲ  နိုးလာတာလည်းဖြစ်နိုင်သည်။ စားပွဲပေါ်ကို ငေးကြည့်မိတော့ မေမေ့မျက်နှာသည် ပြုံးလျက် ဓာတ်ပုံထဲမှ လှမ်းကြည့်နေသည်။ နှင်းသည် ထိုင်းမှိုင်းနေသော စိတ်တို့ လွင့်သွားစေရန် ခေါင်းကို တစ်ချက်နှစ်ချက် ခါလိုက်ကာ စိတ်ကို လန်းဆန်းသွားစေရန်ကြိုးစားသည်။ အပြင်ဘက်တွင် မိုးတိတ်သွားပြီဖြစ်သောကြောင့် နေပူစပြုလာပြီ။ ရန်ကုန်မှာလိုမျိုး မိုးသည် စွေလေ့မရှိသောကြောင့် မိုးအေးသည့်အရသာကို ကြာရှည်မခံစားရ။ အတွေးများကို တိခနဲဖြတ်ချပစ်ရန် ကြိုးစားပြီး ကော်ဖီနောက်တစ်ခွက် ထပ်သောက်ရန်ပြင်သည်။ နာရီကိုလှမ်းကြည့်တော့ ညနေစောင်းနေပြီဖြစ်ကြောင်းပြနြေ
ပီ။ မနက်ဖြန်ဆိုလျှင် ရက်သတ္တပတ်အသစ်တစ်ခုကို အစပျိုးရဦးမည်။ နှင်းကတော့ နေ့စဉ်အကွက်ကျကျ ဇယားကွက်များထဲတွင် အလိုက်သင့်စီးမျောရန်ကြိုးစားရမည်။

အိပ်မက်ထဲက မေမေ့စကားသံခပ်တိုးတိုးက နှင်း၏နားထဲမှမထွက်။ မေမေစိုက်ခဲ့တဲ့ပန်းကလေး အမြဲလန်းနေစေရမည် တဲ့။ နှင်းသည် မျက်လုံးကို အမှတ်တမဲ့ ဖျတ်ခနဲ ပိတ်လိုက်မိလျင် အိပ်မက်ထဲမှ မေမေသည် နှင်းအား ပြုံးလျက်ကြည့်နေသည်။ မေမေ့မျက်လုံးထဲမှ စိတ်ပူပန်ခြင်း နှင့်အတူ ချစ်ခြင်းမေတ္တာတရားသည် နှင်း နှလုံးသားဆီသို့ စီးကူးသည်။ မေမေနှင်းကို သတိရနေသလား။ လွမ်းလို့နေသလား။ နှင်းကတော့ မေမေ့ ကျေးဇူးတရားနှင့် မေမေ၏ မေတ္တာတော်တို့ကို နှင်း၏ ကြိုးစားမှု ဖြင့် ဆပ်ချင်သည်။ နှင်း၏ မေတ္တာတရားတို့ကို နှင်း၏ အနစ်နာခံတတ်မှုဖြင့် ပြသချင်သည်။ သို့သော် နှင်း နာကျင်နေသောအခိုက်အတန့်ကာလတို့
ကိုမူ မမြင်စေချင်။ နှင်း၏ ပင်ပန်းမှု ၀မ်းနည်းအားငယ်မှုတို့ကို မသိစေရ၊ မမြင်စေရ။ နှင်းသည် စားပွဲပေါ်မှ ကန္တာရပင် သေးသေးလေးကို ငေးကြည့်မိပြန်သည်။ အပင်ကသေးသော်လည်း.. ဆူးရှိသည်။ လိုအပ်ချက်နည်းသည်။ ထိုအပင်ငယ်လေးသည် ဤအခန်းလေးထဲတွင် နှင်း၏ အဖော်အဖြစ်လှပစွာရှင်သန်နေလေသည်။ နှင်းသည် စာကြည့်စားပွဲတွင် ထိုင်၏။ အတန်ကြာသော် အိပ်ရာသို့ဝင်ရသည်။ နေ့သစ်တို့သည် နှင်းအားစောင့်ကြိုလျက်ရှိကြသည်။ တစ်ရက်ရက်တွင် ငယ်စဉ်ကလို မေမေ့ပေါင်ပေါ်ခေါင်းအုံးကာ မေမေပြောပြမည့် စကားများကို နားထောင်ဦးမည်ဟု စဉ်းစားလျက်က ပြုံးမိရပြန်သည်။


ကောင်းကင်တွင် ကြယ်တွေတောက်ပနေပြီလား။ ကြယ်တွေကြည့်ရတာကြိုက်သောနှင်းက ငယ်ငယ်ကကြည့်ဖူးသော မရေမတွက်နိုင်အောင်များပြားတဲ့ ကြယ်တွေအပြည့်နဲ့ကောင်းကင်ကြီး
ကိုလွမ်းလှသည်။ တစ်ဝက်ဖွင့်ထားသော ပြတင်းတံခါးမှနေ၍ လရောင်သည် နှင်း၏ မျက်နှာပေါ်ကိုကျနေသည်။ နှင်းသည် အတွေးတွေကို သိမ်းပစ်လိုက်ချင်သည်။ ခေါင်းကိုခါရမ်း၍ တစ်ဖက်ကိုစောင်းကာ မျက်လုံးကိုမှိတ်လိုက်လျင် အိပ်မက်ထဲက မေမေက နှင်းကိုပြုံးလျက်ကြည့်နေသည်။


စိမ်းမြလင်းသစ်

(28/07/2012)

Thursday, 12 July 2012

ရယ်မိခဲ့ကြတယ်

ဒီနေ့ မနက်နိုးလာတော့ မိုးက ခပ်ဖွဲဖွဲရွာနေတယ် လို့ စုက ပြောတော့ ကိုယ်ကငေးနေတုန်း။ အင်းနော် မနက်ကမိုးရွာနေတာပဲလို့ နောက်မှ ပြန်ပြောလိုက်ရတယ်။ ငါက အိပ်ချင်တဲ့ဟာကို နင်ကအတင်းဖုန်းခေါ်နေတော့ ကိုင်လိုက်ရတာ၊ အမှန်ကအိပ်ချင်သေးတာတဲ့။ စုကပြောပြီး မျက်နှာကိုပုပ်ထားတယ်။ ဒီလိုပဲ သူက မကြိုက်တာဆိုရင် တတွတ်တွတ်နဲ့ ပြီးခဲ့တဲ့အကြောင်းအရာတွေကို မပြီးနိုင်မစီးနိုင် ပြန်ပြန်ပြောနေကြ။ သူရပ်လိုက်ချင်တဲ့အကြောင်းအရာဆိ
ုလည်း တိခနဲကိုရပ်ပစ်တတ်တာ။ အမှန်က ကိုယ်ကဖုန်းမဆက်လည်း သူကကိုယ့်ကိုဖုန်းဆက်မှာပဲဆိုတာ သူ့ကိုဒီအချိန်မှာ ပြန်မပြောချင်ပါဘူး။ ခုအချိန်မှာ စိတ်ချမ်းသာသလိုနေပါစေလို့ သူ့ကို လွှတ်ထားပေးရတယ်။ ငါက နင်နဲ့အတူတူ လျှောက်သွားချင်လို့ပါဟ လို့ သူ့ကို ပြေရာပြေကြောင်းပြောလိုက်ရတယ်။ သူကတော့ ကြားပုံမရပါဘူး။ အဝေးကိုငေးနေတော့တယ်။ ခဏနေတော့ ထိုင်ခုံမှာထိုင်နေရာကနေ ထပြီးတော့ ကန်အစပ်က မြက်ခင်းပေါ်မှာ ခြေဆင်းပြီးတော့ ထိုင်ချလိုက်တယ်။ ဟဲ့ နင် ကျွတ်တွယ်ဦးမယ်လို့ လှမ်းအော်လိုက်ရသေးတယ်။ ကျွတ်မရှိလောက်ပါဘူးဟ.. ပြီးတော့ ခြောက်နေတာပဲ.. ငါထိုင်ချင်လို့တဲ့။ ကိုယ်လည်း ဘာမှမပြောတော့ပါဘူး..။ လမ်းက ၀ယ်လာတဲ့ ပလတ်စတစ်ဗူးထဲက အအေးကိုပဲ ပိုက်နဲ့စုပ်သောက်နေလိုက်တယ်။ အအေးက အေးလွန်းလို့လားမသိဘူး လည်ချောင်းထဲမှာ စူးကျင်သွားတယ်။

 စုက မြက်တွေကို အဖျားလေးတွေလိုက်နှုတ်နေတယ်။ ဟဲ့ မလုပ်နဲ့လေ ရဲလာဖမ်းရင် ငါမကယ်ဘူးနော် လို့ လှမ်း အော်လိုက်တယ်။ ဘာဖြစ်လဲလို့ သူကပြန်ပြောတယ်။ ငါ့ဟာငါ ဘာလုပ်လုပ်တဲ့ ။ စုက မျက်ရည်တွေဝဲနေတယ်။ အဲ့ဒါနဲ့ ပဲ ကိုယ်လည်းသူ့ဘေးနားမှာ လိုက်ထိုင်လိုက်ရတယ်။ စိတ်ထိန်းပါဟာတို့ မလွမ်းလောက်ပါဘူးတို့  ဘာဘာညာညာတွေတော့ ပြောဖို့စိတ်မကူးတော့ပါဘူး။ ဒီအချိန်မျိုးမှာ ဒီလိုမျိုးစကားတွေပြောရင်လည်း ဒါဟာ စကားလုံးသက်သက်ကြီးတွေပဲဖြစ်ပြီ
း နားထောင်ရတဲ့သူ နားကလောရုံပဲဖြစ်မယ်။ အဲ့ဒါနဲ့ပဲ သူ့ဘေးနားမှာ ထိုင်ရုံလေးပဲထိုင်လိုက်တယ်။ ဟဲ့ နင် ဟိုကောင်တွေဆီသွားချင်လား ငါလိုက်ပို့ပေးမယ်လေဟာဆိုတော့ ဒီမှာပဲအေးအေးဆေးဆေးထိုင်ချင်
တယ်တဲ့။ အေးအေး လို့ဆိုပြီး ငြိမ်နေလိုက်ရတယ်။ နေ့ခင်းကလည်း ရှော့ပင်းမောမှာ ခြေတိုအောင်လျှောက်သွားကြပြီြး

ပီ။ အမှန်က ကိုယ်သွားတဲ့နောက်သူ လိုက်ရတာ။ သူကတော့ ထုံပေပေနဲ့ပဲ။ ဘာမှလည်းမပြောဘူး။ မေးလိုက်မှ တစ်ခွန်းထထဖြေတယ်. အခုလည်းအဲ့လိုပဲ။ ဘာမှမပြောဘဲ ထိုင်နေတယ်။ ကိုယ်လည်း ဘာပြောရမှန်းမသိဘူး။ တကယ်က စကားတွေဆိုတာ ခံစားချက်ရှိမှပြောလို့ရတာမျိုး
။ သူနဲ့ကိုယ်နဲ့က စိတ်ခံစားချက်တူတယ်ပြောရမယ်၊ အကြောင်းအရာအတော်များများ တိုက်ဆိုင်ပြီး စကားတွေလုပြောရတယ်။ ကိုယ်ကပြောလို့မပြီးသေးဘူး၊ သူက လုလုပြောလို့ ရန်ခဏခဏဖြစ်ရသေး။ ခုတော့ ဒီကောင် ငြိမ်ချက်သားကောင်းနေတာ တော်တော်ကြာသွားပြီ။ သူ့ကိုဘယ်လိုနှစ်သိမ့်ပေးရမလဲမသိဘူး။ မသိတော့လည်း ငြိမ်ငြိမ်လေးပဲနေပေးဖို့တတ်နိုင်တော့တယ်။

ငါလေ အဲ့လိုမျိုး အဘိုးကြီးအဘွားကြီးစုံတွဲတွေကို
တွေ့ရင် စိတ်ထဲမှာတစ်မျိုးပဲ တဲ့။ သူပြောတော့မှာ သူကြည့်နေတဲ့နေရာဆီလိုက်ကြည့်လိ
ုက်တော့ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ လက်တွဲပြီးလျှောက်သွားကြတဲ့ အဘိုးအဘွားစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။ စုကပြောရင်း အားကျသလိုမျက်ဝန်းတွေနဲ့ ငေးကြည့်လို့။ ပြီးတော့ ဆက်ပြောတယ်။ သူတို့ဘ၀မှာ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ နားလည်မှုတွေနဲ့ ဖြတ်ကျော်ခဲ့ရတာလို့ ငါတော့ ခံစားရတယ်ဟ။ ဟုတ်မဟုတ်တော့မသိဘူးတဲ့။ ဟုတ်ရင်လည်းဟုတ်မှာပေါ့။ ဘယ်သူက ဘယ်သူ့ကို ဘယ်နှကြိမ်မြောက်သည်းခံခွင့်လွှ

တ်ခဲ့ရလဲ။ ပြီးတော့ တကယ်ရော မေတ္တာနဲ့ ဖြတ်ကျော်ခဲ့ရတာလား။ ဒါတွေကိုတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲသိမှာေ
ပါ့။ ဟုတ်ချင်ရင်လည်း ဟုတ်မှာပေါ့။ မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့။ တစ်ခါတစ်ခါတော့ စုက အဲ့လိုပဲ။ ခံစားချက်ကို ရှေ့တန်းတင်တာများတယ်။ သူများတွေအတွက်ဘာမှမဟုတ်တာတွေက သူ့အတွက် အကြီးကြီးတွေဖြစ်ချင်ဖြစ်နေတတ်တာ။ ဘာပဲဖြစ်ဖြစ်ကောင်းဖို့ဖြစ်လာတာလို့ပဲတွေးပေါ့ လို့ ကိုယ်က ပြောလိုက်တော့ စုက ရယ်တယ်။ အသံက ခပ်အက်အက်ရယ်။ ဘာလဲ ဒါဆိုရင် ငါက အားလုံးကို ပျော်စရာတွေပဲလို့ တွေးပစ်ရတော့မှာလား ၊ ပေါ်လီယာနာဆိုတာ စာအုပ်ထဲမှာပဲ ရှိတာလေဟာ.. ငါကတော့ ကောင်းရင်ကောင်းတဲ့အတိုင်းတွေးမယ်။ ဆိုးရင်ဆိုးတဲ့အတိုင်းတွေးရမှာပဲ ၊ မကောင်းတာကို ကောင်းတာပါလို့ မတွေးနိုင်သလို ကောင်းတာကို မကောင်းဘူးလို့လည်းမတွေးနိုင်ဘူး လို့ပြန်ပြောတယ်။ ဒါဆိုရင် နင်က ကောင်းတယ်ဆိုးတယ်ဆိုတာကို ဘာနဲ့ တိုင်းတာလဲ လို့ပြန်မေးလိုက်မိတယ်။ ပတ်ဝန်းကျင်က နည်းနည်းမှောင်စပြုလာပြီ။ ဒါပေမဲ့ လမ်းမီးတွေမထွန်းသေးဘူး။ မိုးချုပ်တဲ့အထိ သူနဲ့တူတူနေပေးဖို့ဆုံးဖြတ်ထားတာကြောင့် ဘာမှတော့မဖြစ်ပါဘူး။ မနက်ဖြန်အလုပ်ပြန်တက်ရမှာမို့လို့ သိပ်ညဥ့်နက်အောင်တော့နေလို့မရဘူးပေါ့လေ။

လေအဝှေ့မှာ စုဆံပင်တွေ ၀ဲခနဲပဲ..။ ဆံပင်ပျော့ပျော့အောက်က မျက်နှာဖျော့ဖျော့အောက်မှာ မျက်ဝန်းတွေ အရောင်တောက်လာကြတယ်။ စုက ပြောတယ်..အမှန်က လူတွေမှာ ပေတံတစ်ချောင်းစီရှိထားကြပြီးသာ
းပဲဟာ၊ ကိုယ့်ပေတံနဲ့ကိုယ် အမှန်တွေအမှားတွေ ကောင်းတာတွေ မကောင်းတာတွေ လိုက်တိုင်းတာနေကြတာပါ။ ကိုယ်ကြိုက်ရင် ကောင်းတယ်လို့ သတ်မှတ်ပြီးတော့ မကြိုက်ရင် မကောင်းဘူးလို့သတ်မှတ်ကြတယ်။ အမှန်က ဒါတွေက အလကားတွေပဲ။ ဒါပေမဲ့ ငါကတော့ ကောင်းတယ်ဆိုးတယ်ဆိုတာကို ငါ့ကြိုက်နှစ်သက်မှုက သူတပါးကို ထိခိုက်ခြင်း ၊ မထိခိုက်ခြင်းနဲ့တိုင်းမယ်.ပြီး
တော့ အခုအချိန်ကစပြီး ငါလုပ်ချင်တာကို လုပ်တော့မယ် တဲ့..အဲ့လိုပြောပြီးတော့ စုက မောသွားသလိုပဲ ၊ သူ့အအေးကို အခုမှ သောက်တယ်။ ငါလုပ်ချင်တာတွေက သူများကို မထိခိုက်ရင်တော်ပြီပေါ့တဲ့။ 'တစ်ယောက်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခဲ့ပြီးမှ လိပ်ပြာလုံတယ်လို့ ပြောရဲတဲ့လူတွေကို ငါထိုင်ရယ်မယ်ဟာ' တဲ့။ ပြောရင်း စုက ရယ်တယ်၊ ရယ်ရင်းနဲ့ မျက်ရည်ဝဲလာလို့ ခေါင်းကိုမော့လိုက်တာတွေ့လိုက်

ရသေးတယ်။ ခုမှ ထွန်းလိုက်တဲ့ လမ်းမီးရောင် ၀ါဖျော့ဖျော့အောက်မှာ အာတင်းထားတဲ့ စု မျက်နှာလေးကို ကိုယ်က ငေးမိတယ်။ ကိုယ်က သက်ပြင်းခပ်ဖွဖွ ချမိရင်း နင်သူတို့ကို တွေ့လိုက်သေးလို့လားလို့ မေးလိုက်တော့ ဟိုရက်က ငါနဲ့ ပွဲတစ်ခုမှာဆုံတယ်ဟ တဲ့။ သူတို့က လှမ်းနှုတ်ဆက်တယ်..ငါအံ့သြလို့တဲ
့။ စုရယ် နင်ကငါတို့ကိုမပြောဘူး၊ အခုမှပြောတယ်ဟာ လို့ပြောမိတော့ ငါစိတ်ကုန်သွားလို့ပါဟာတဲ့။ ဒါဆိုလည်း မခံစားနေနဲ့တော့ပေါ့ လို့ ပြောတော့ ဘာလဲ ငါက အကုန်လုံးကို ပျော်စရာလို့ လိုက်တွေးနေရမှာလားလို့ ပြန်ပြောတယ်။ ပြီးတော့ ရယ်လိုက်သေးတယ်။ စုရယ်..နင်ကလည်းဟာ လို့ ပြောမိပြီး ကိုယ်က ဘာပြောရမှန်းမသိပြန်ဘူး။ အချစ်သူရဲကောင်း အလကားကောင်တွေပါဟာ၊ ငပေါတွေ ဆိုပြီး စုက မတ်တပ်ရပ်လိုက်တယ်။ ညောင်းတယ်ဟာ..လမ်းလျှောက်ရအောင်ဆိုတော့ အေးအေးလို့ဆိုပြီး ငါတို့ မုန့်ဝယ်စားရအောင်လို့ပြောရင်းနဲ့ မုန့်ဝယ်စားဖြစ်ကြသေးတယ်။

ငါဟိုရက်က သူတို့အတွဲကို ကားပေါ်ကလှမ်း မြင်လိုက်သေးတယ်ဟ။ သူက ကောင်မလေးကို အတော်ကြင်နာတဲ့ပုံပဲတဲ့ ဟိုကောင်မလေးလက်ကိုကိုင်ထားတယ်။ ခုံလေးမှာထိုင်ရင်းနဲ့ တတွတ်တွတ်နဲ့စကားတွေပြောနေကြတာ.
.အများအမြင်မှာ အတော်ကြင်နာတဲ့အတွဲလေးပဲ။ ကောင်မလေးကလည်း တော်တော်ပျော်နေတဲ့ပုံပဲတဲ့။ နင်က မနာလိုဖြစ်နေတာလား လို့မေးလိုက်တော့။ မဟုတ်ဘူးဟ အဲ့ဒီအချိန်တုန်းက ငါ့ခံစားချက်ကို ခုထိမေ့လို့မရသေးတာဟာ..ဘာနဲ့တူ
လဲဆိုရင် ..လူပုံကြားထဲမှာ အကျီင်္အပြဲကြီး ၀တ်လာမိတာကို ရုတ်တရက် သိလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။ ပြန်တွေးမိတိုင်း အဲ့လိုခံစားနေရတုန်းပဲ။ မလုံမခြုံဖြစ်သွားတဲ့စိတ်မျိုး ။ စုက ခုနက ၀ယ်လာတဲ့ ကိတ်မုန့်ကိုစားရင်း အအေး သောက်လိုက်သေးတယ်။ ခုတော့ တည်တည်ငြိမ်ငြိမ်ဖြစ်သွားပုံပဲ။ နင်သူတို့ကို စိတ်နာသွားတာ၊ ရှက်သွားတာဆိုတော့ သစ္စာဖောက်ခံရတဲ့ခံစားမှု၊ အရမ်းနာကျင်တယ်တဲ့။ ကြာရင်မေ့သွားမှာပါ ဆိုတော့ အဲ့ဒါ အမြဲအမှတ်ရနေမယ့်သင်ခန်းစာလို့ ပြောရင်းရယ်နေတယ်။ နောက်သင်ခန်းတွေ သတိထားပေါ့ဟာ ပုစ္ဆာက တစ်ပုဒ်နဲ့တစ်ပုဒ် မတူရင်ဘယ်လိုလုပ်မလဲ ၊ နင်ကခဏခဏတွက်ချင်လို့လားလို့ ပြောပြီး နှစ်ယောက်သားရယ်လိုက်ကြသေးတယ်။ အေးနော် တစ်ပုဒ်နဲ့တစ်ပုဒ်ပေးထားချက်တွေ

ကလည်း တူချင်မှတူမှာ လို့စုကပြောသေးတယ်။ ပြီးတော့လည်း ငါက သင်္ချာဆိုရင် သိပ်ကိုညံ့သေးတာတဲ့..။ ဒီပုစ္ဆာမို့လို့ မှားတယ်၊ နောက်တစ်ပုဒ်က နောက်တစ်မျိုးမို့လို့မှားတယ် ဆိုသလိုလည်းဖြစ်နေဦးမယ် လို့ပြောမိကြပြီး နှစ်ယောက်သားရယ်မိကြသေးတယ်။

မီးတွေတောင် ထွန်းထားပြီနော် လို့ပြောမိတော့ စုက နင်ကပြန်ချင်ပြီလားတဲ့။ နင်လည်းမနက်ဖြန်အလုပ်သွားရမှာ
မဟုတ်လား မနက်မထနိုင်ဘဲနေမယ်လို့ ပြန်ပြောလိုက်ရတယ်။ အေးပါဟာ ဆိုပြီး စုက ဒါဆို ပြန်ကြရအောင်လေ တဲ့..။ သူ့ကြည့်ရတာ ဖျော့တော့တော့နဲ့..ပိန်လည်းပိန်
သွားတယ်။ အစားမှန်မှန်စား၊ ပျော်အောင်နေ လို့ စုကိုပြောမိတော့ စုက ပြုံးနေတယ်။ နောက်ဆိုရင် နင် အေးဆေးဖြစ်သွားမှာပါဟာ ဆိုတော့ ငါကအခုရော ဘာဖြစ်နေလို့လဲတဲ့..။ အခုတော့ သက်သာသွားပြီမဟုတ်လားဆိုတော့..

'ဟဲ့ ဒီဒဏ်ရာက ပုရွက်ဆိတ်ကိုက်တဲ့ဒဏ်ရာမှမဟုတ်
တာဟာ ' တဲ့..ပြောပြီးရယ်နေရော..။  သူ့ရယ်သံက ခပ်အက်အက်နဲ့၊ စုမျက်နှာလေး ခပ်မဲ့မဲ့ဖြစ်နေမှန်း ကိုယ် သိသားပဲ။ ကိုယ်က ခေါင်းကိုငုံ့ပစ်မိရင်းနဲ့ နင်ဟာလေ ခုတမျိုး တော်ကြာတစ်မျိုး..တတ်လည်းတတ်နိုင်တယ်လို့ပြောလိုက်ရတယ်။ ငါက အကုန်လုံးကို ပျော်စရာလို့တွေးပစ်လိုက်တာလေ တဲ့ ။ နောက်ဆုံးတော့ ငါ့သူငယ်ချင်းကပဲအားကိုးရတယ်..တခြားသူတွေက အလကားပဲ တဲ့..ကိုယ်က အမြင်ကတ်တော့ နင်ကအခုမှ ငါ့ကိုသတိရတာ..လို့ ဆိုပြီး ချီးမ လို့ခပ်တိုးတိုး ဆဲလိုက်တယ်..သူကလည်း ပြန်ဆဲရင်းနဲ့ ရယ်ရော..ပြီးတော့ လက်ကိုလွှဲရင်းလွှဲရင်း လျှောက်နေသေးတယ်။ လမ်းမီးရောင် ခပ်ဝါ၀ါလေးနဲ့ လေအေးအေးလေးကြားမှာ သူရယ် ကိုယ်ရယ်။ စုက လှမ်းမြင်နေရတဲ့  လှမ်းမြင်နေရတဲ့ MRT လိုင်းကိုကြည့်ပြီးတော့ ငါတို့ လမ်းတူတဲ့အထိ အတူတူသွားလို့ရတယ်၊ တူတယ်လို့ထင်တဲ့နေရာအထိ အတူတူသွားလို့ရတယ်တယ်။ ခွဲရမယ့်နေရာမှာ ခွဲရမှာပဲတဲ့။ အင်းလေ လို့ကိုယ်ကပြောရင်းနဲ့ သူနဲ့အတူတူစီးလို့ရမယ့်ဘူတာနာမည်ကို ပြောမိတယ်။  'ဘယ်သူမဆို လမ်းတူတဲ့နေရာအထိ အတူတူ သွားလို့ရတာပဲ၊ ပြီးရင်တော့ခွဲရတာပါပဲ ' လို့ စုကပြောရင်း ရယ်တယ်။ ရယ်ရင်းနဲ့လည်း လက်ကိုလွှဲရင်း လွှဲရင်းလျှောက်နေသေးတယ်။  'အင်းပေါ့ဟာ လမ်းတူတဲ့အထိတော့ ဒီလိုပဲ သွားကြတာပေါ့' လို့ ပြောရင်းကိုယ်ကရယ်မိတော့ စုကလည်း လိုက်ရယ်တယ်..ကိုယ်တို့ ဒီလိုပဲရယ်မိခဲ့ကြတယ်။


စိမ်းမြလင်းသစ်
(13/07/2012)

Thursday, 28 June 2012

ရုပ်ရှင်ထဲမှာဆို...ဇာတ်လမ်းဟာ အချိန်တိုတယ်

ဒီနေ့တော့ ရုပ်ရှင်ကြည့်ချင်စိတ်ပေါက်လာ
တယ်။ ရုပ်ရှင်မကြည့်ဖြစ်တာကြာပြီ။ အွန်လိုင်းကနေ မကြာမကြာ ကြည့်မိပေမဲ့ ရုပ်ရှင်ရုံမှာ မကြည့်မဖြစ်တာကြာပြီ။ နောက်ဆုံးကြည့်ဖြစ်တဲ့ကားက ဘာလဲလို့ ကိုယ်မတွေးတတ်တော့ဘူး။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ချင်တယ်။ သူငယ်ချင်းများများစားစားမရှိေ
တာ့ ဘယ်သူ့ခေါ်ရမှန်းလည်းမသိဘူး။ ဘာပဲဖြစ်ဖြစ် ရုံးမှာအားတဲ့အချိန်လေး ဘာကားကြည့်ရမလဲလို့ အွန်လိုင်းမှာတက်ရှာတယ်။ အမှန်က ရုပ်ရှင်ကြည့်ဖို့ သေချာလှတယ်လည်းမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်တစ်ကားလောက်ကြည့်ချင်စိတ်ပေါက်လာတယ်။ မာဒါဂတ်စ်ကာကြည့်ချင်တယ်။ ဘယ်သူ့ကိုခေါ်ရမလဲလို့တွေးမိတယ်။ ကိုယ်က ကာတွန်းကားနဲ့ဒရာမာကားပဲ ကြိုက်တတ်တော့ တစ်ယောက်တည်းသော အနိုင်ကျင့်လို့ရတဲ့သူငယ်ချင်းကလည်း ပျင်းတယ်လို့ပြောမှာသေချာတယ်။ တစ်ယောက်တည်းကြည့်ရင်လည်း ဖြစ်နေသားပဲတွေးပြီး တစ်ယောက်တည်းကြည့်ဖို့စိတ်ကူးမိတယ်။ ဘွတ်ကင်တော့ မတင်ဖြစ်ဘူး။ နောက်မှပဲ လက်မှတ်ဝယ်ပြီးတော့ ရုပ်ရှင်ရုံမှာသွားကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်။

ရုံးကရောက်လို့  ကိုယ့်အခန်းတံခါးကိုတွန်းဖွင့်
ဝင်လိုက်တော့  မနက်ကရုတ်ပြီးကုတင်ပေါ်ပစ်တင်ထားခဲ့တဲ့အ၀တ်ပုံကိုလှမ်းတွေ့လိုက်ရတယ်။ ဟူးခနဲသက်ပြင်းမှုတ်ထုတ်ပစ်ရင်း အ၀တ်တွေကိုလုံးထွေးပြီး ဗီရိုထဲပစ်ထည့်လိုက်တယ်။ မေမေသာသိရင် မီးပူလေးတော့တိုက်ပါဦးလို့ပြောမလားပဲ..။ ဒါမှမဟုတ်သူကိုယ်တိုင် ကိုယ်မသိတဲ့အချိန်မှာ ယူတိုက်နေရော့မယ်။ ပူလိုက်တာလို့တွေးရင်း ဒီညဘာဇာတ်ကားကြည့်ရမလဲစဉ်းစားရတယ်။ ဒရာမာကားတစ်ကားကို တရုတ်လိုင်းတစ်ခုကနေဒေါင်းနေရင်းနဲ့ မေမေနဲ့တူတူ ရုပ်ရှင်ကြည့်ဖူးတာ အမှတ်ရတယ်။ အဲ့ဒီတုန်းက ကိုယ်က ခပ်ငယ်ငယ်ပဲရှိသေးတယ်၊ သိတတ်စအရွယ်။ မေမေဘာလို့ရုပ်ရှင်ကြည့်တာလဲမသိဘူး။ ဖေဖေမပါဘူး။ မေမေက ကိုယ်ကိုခေါ်ပြီးတော့ ရုပ်ရှင်လက်မှတ်ဝယ်တယ်၊ သားအမိနှစ်ယောက် တူတူကြည့်ကြတယ်။ မေမေနဲ့ကိုယ်နဲ့ကြည့်ကြတဲ့ရုပ်ရှင်တွေအများသား။ ပရစ်တီးဝစ်မင်း ကိုမှတ်မိတယ်။ အဲ့ဒီတုန်းက မေမေ့ကို ဘာကြောင့်ရုပ်ရှင်ကြည့်တာလဲဆိုတာမမေးခဲ့ဘူး၊ မေမေကလည်းမပြောခဲ့ဘူး။ ခုထိလည်း မေမေရုပ်ရှင်တွေကြည့်နေတုန်းပဲ။ ခုတော့ မေမေက အိမ်ရှေ့ခန်းမှာထိုင်ပြီးတော့ အားတဲ့အချိန်မှာ ကိုရီးယားကားတွေကြည့်တယ်၊ နိုင်ငံခြားရုပ်ရှင်တွေကြည့်တယ်ပြောတာပဲ။ ကိုယ်ကလည်း ရုပ်ရှင်မကြည့်နဲ့၊ မေမေဘုရားတရားလုပ်၊ ဘာညာမပြောပါဘူး။ စိတ်ဆိုတာကလည်း ဘုရားတရားဘာညာလုပ်မှ မဟုတ်ပါဘူး။ ကိုယ်ချမ်းသာသလိုလေးနေပြီး ငြိမ်းချမ်းနေလို့ရတာပဲလို့ ထင်တယ်။

အပြေးဖိနပ်ကိုစီးပြီးတော့ ရေမြောင်းပတ်လမ်းအတိုင်း လမ်းလျှောက်ထွက်ဖို့ထွက်လာတယ်။ ကျန်းမာရေးလိုက်စားလို့မဟုတ်ဘူး
။ အိုတီမရှိတဲ့အလုပ်ဆိုတော့ ပိုတဲ့အချိန်တွေကို ဘယ်လိုအသုံးချရမလဲတွေးရင်း တောင်တောင်အီအီလျှောက်ကြည့်တတ်တဲညာဉ်ကြောင့် ညနေပိုင်းဆိုရင် လမ်းလျှောက်ဖြစ်တယ်။ သိပ်မပင်ပန်းတဲ့နေ့၊ အဆင်ပြေတဲ့နေ့ဆိုရင် ပြေးတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ လမ်းပဲလျှောက်တယ်။ လမ်းလျှောက်ရင်းနဲ့ ကိုယ့်လိုပဲလမ်းလျှောက်တဲ့လူတွေကိုကြည့်တယ်။ ဘေးကဖြတ်ပြေးသွားကြတဲ့
ပြေးတဲ့သူတွေကိုကြည့်တယ်။ သစ်ရွက်လေးတွေကြွေနေတာ၊ လေတိုက်ရာတလျှောက်မှာ ညမွှေးပန်းလေးတွေမွှေးနေကြတာ စတာတွေလျှောက်ခံစားတယ်။  လမ်းမီးတွေ ထိန်နေအောင်ထွန်းထားတဲ့ ကားလမ်းမကြီးမှာ ကားတွေဖြတ်သွားကြတာကို ငေးတယ်။ ကိုယ့်ဆံပင်တွေကြားထဲအထိ လေတွေတိုးပြီးတိုက်လာရင်ပျော်
တယ်။ မိုးဖွဲဖွဲနဲ့ မီးရောင် ခပ်ဝါ၀ါအောက်မှာ လမ်းလျှောက်ရတာကိုပျော်တယ်။ အဲ့လိုအချိန်တွေဆိုရင် ကိုယ်ကိုယ်တိုင် ရုပ်ရှင်ကားတစ်ကားထဲရောက်သွားရသလိုပဲ လို့တွေးတယ်။ အားအားယားယားရှိတတ်တဲ့အခါ ဒီလိုပဲ ရောက်တတ်ရာရာလျှောက်စဉ်းစားတတ်တယ်လို့ပဲထားပါ။ လူဆိုတဲ့သတ္တ၀ါဟာ အခြေံခံလိုအပ်ချက်တွေ ပြည့်စုံလာရင် ဒီလို အရည်မရအဖတ်မရတွေကို အလုပ်မရှိအကိုင်မရှိတဲ့အချိန်မှာ လိုက်ခံစားတတ်ကြတာပဲ။ အနုပညာဘာဘာညာညာဆိုတာတွေက အလကားပဲလို့ မကြာမကြာတွေးမိပြီး ကင်းကိုမကင်းနိုင်ပြန်ဘူး။

မိမိကိုယ်ကို သေချာမသိတဲ့လူတွေက ရုပ်ရှင်တွေကိုပိုကြည့်ကြတယ် လို့ သူငယ်ချင်းတစ်ယောက်ကပြောတုန်းက သူများအကြောင်းကိုစိတ်ဝင်စားတဲ့
လူတွေက ပိုပြီးတော့ကြည့်ကြတာလို့ ပြောခဲ့ဖူးတယ်။ ကိုယ့်အကြောင်းကိုခဏမေ့ချင်လို့ သူများအကြောင်းအရာတွေမှာ စိတ်ဝင်စားစရာခဏရှာကြတာလည်းဖြစ်နိုင်တာပဲလေ။ ဒါမှမဟုတ် သူများကိစ္စတွေကို စိတ်ဝင်စားလို့ တစ်ယောက်နဲ့တစ်ယောက်စကားစရှာပြီးတော့ ပြောကြမယ်။ ငါသာဆိုရင်ဆိုတဲ့ စိတ်ကလေးနဲ့ ဇာတ်ကောင်နေရာမှာ ၀င်ခံစားမယ်။ ကိုယ့်ကိုယ်ကိုသနားတဲ့စိတ်နဲ့ လွမ်းခန်း ဆွေးခန်း နာကျင်ရတဲ့အခန်းတွေပါလာရင် ငိုမယ်။ အမှန်ကတော့ ဒါဟာ သူများအကြောင်းစိတ်ဝင်စားတဲ့ စိတ်အခံကနေ ရွေ့လျားလာတာ၊ စသဖြင့် စိတ်အချဉ်ပေါက်တဲ့အချိန်လျှောက်တွေးမယ်။ တစ်ခါတခါ ပြောချင်ရာပြောတာတွေ၊ ပြချင်ရာပြတာတွေကိုများ ဘာကိုပြောချင်တာ၊ ဆိုပြီးများ သူများနားမလည်တဲ့စကားလုံးတွေနဲ့ ပြောရရင် ကိုယ့်ကိုယ်ကို ဘ၀င်လေဟပ်ချင်သလိုဖြစ်မိသေးတယ်။ ငါ့လောက်မှ သူများတွေမသိရလေ ဆိုပြီး အတော်စိတ်ကြီးဝင်ရသေး။ ဒါဟာ အပိုအလုပ်တွေပဲ။ အမှန်ကတော့လည်း ရုပ်ရှင်တွေဆိုတာ ဇာတ်လမ်းပြကွက်ဆန်းဆန်းနဲ့လူတွေအကြောင်း တစ်နည်းပြောရရင် ကိုယ်နဲ့မဆိုင်တဲ့သူများတွေအကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်း။ တစ်ခုတော့ရှိတယ်။ ရုပ်ရှင်ထဲမှာဆို ဇာတ်လမ်းဟာ အချိန်တိုတယ်။

လမ်းလျှောက်လာတာပျင်းလာလို့ ခပ်ဖွဖွပြေးတယ်။ ချွေးထွက်ရင်ပြီးတာပဲ။ ပြေးချင်လို့ပြေးတာမှမဟုတ်တာ။ လုပ်စရာမရှိလို့လုပ်ရတာပဲလို့ဆက်တွေးရင်း ဆက်ပြေးတယ်။ လေတွေက ချွေးစိုနေတဲ့ ကိုယ့်မျက်နှာကိုတိုးသွားလိုက်ကြတာ ကျေနပ်ဖို့သိပ်ကောင်းတာပဲ။ နှစ်ယောက်တွဲပြေးသွားကြတဲ့သူတွေ၊ တစ်ယောက်တည်းပြေးနေတဲ့လူတွေနဲ့ ကိုယ်တို့အိမ်နားကလမ်းဟာ ခုလိုညမျိုးဆိုရင် သိပ်ကိုလှတယ်။ ဇာတ်နာတဲ့ ရုပ်ရှင်တစ်ခုတလေမှာဆိုရင် ဒီလိုပြကွက်မျိုးက ဇာတ်လိုက်ဟာ
အချိန်ခဏလေးအတွင်းမှာ တစ်ခုခုဖြစ်ကိုဖြစ်တယ်။ ဒီလိုနဲ့ ဆက်ပြေးလာလိုက်တယ်။ မောလာရင်ရပ်လိုက်မယ်။ လမ်းဆက်လျှောက်မယ်။ လုပ်စရာမရှိတော့သလိုမျိုး ၊ ဒါမှမဟုတ် လုပ်လက်စအလုပ်တစ်ခုခုကို ငြီးငွေ့သွားတဲ့အခါ ချက်ချင်းရပ်ပစ်လိုက်သလိုမျိုး ရပ်ချင်ရင်လိုက်မယ်။ မနက်ဆိုရင် အလုပ်သွားမယ်၊ ညနေပြန်ရောက်ရင် လမ်းလျှောက်မယ်၊ အချိန်ပိုနေသေးရင် ရုပ်ရှင်တစ်ကားလောက်ကြည့်ဦးမယ်၊ ဒါမှမဟုတ် တစ်ကားကို နှစ်ရက်ခွဲပြီးတော့ကြည့်မယ်။ တစ်ပတ်မှာတစ်ရက်နားမယ်၊ ဒါဟာပုံမှန်ပဲ။ ပုံမှန်မဟုတ်ရင်တောင် ပုံမှန်လို့ထင်နေတုန်းပဲ။

နားထင်ပေါ်ကနေ ချွေးတွေစီးကျလာလို့ သုတ်လိုက်ရတယ်။ ညောင်းနေပြီ လို့ထင်လာတယ်။  ဒီဘလောက်ကို ဘယ်နှခေါက်ပတ်ပြီးပြီလဲမသိဘူး။ ရေတွက်မနေဘူး။
 ညောင်းတဲ့အထိပြေးတယ်။ ပတ်ဝန်းကျင်၊ ကိုယ့်လိုပြေးနေတဲ့ လမ်းလျှောက်နေကြတဲ့သူတွေကို ကြည့်ပြီးပြေးတယ်။ ဒါပါလေလို့တွေးပြီး အိမ်ကိုလှည့်ပြန်ခဲ့လိုက်တယ်။
ရေချိုးမယ်၊ ပြီးရင် မေမေနဲ့ ဗီဇက်အို ကနေစကားလေးဘာလေးပြောမယ်။ အဲ့ဒီအခါ သူတို့က ကိုယ့်အတွက်ရုပ်ရှင်ဖြစ်မယ်။ ကိုယ်ကသူတို့အတွက်ရုပ်ရှင်ဖြစ်မယ်။ လူတစ်ကိုယ်မှာ ဇာတ်လမ်းတစ်ပုဒ်စီနဲ့မို့ တစ်ယောက်ယောက်အတွက်တော့ တစ်ဦးဦးဟာ ရုပ်ရှင်တစ်ကားစီဖြစ်ကြတယ်။ ရုပ်ရှင်ထဲမှာဆိုရင်တော့ ဇာတ်လမ်းဟာ အချိန်တိုတယ်။ ကိုယ့်အတွေးကို ရယ်ချင်သွားပြီး အိမ်ခန်းတံခါးကိုတွန်းအဖွင့်မှာ ခုနက ဒေါင်းထားခဲ့တဲ့ ဇာတ်ကားက ကြည့်ဖို့အသင့်ဖြစ်နေပြီဆိုတာ ကွန်ပြူတာမှာပြနေတယ်.။ ဒီည ရုပ်ရှင်ကြည့်မယ်။


စိမ်းမြလင်းသစ်
(28/06/2012)

Tuesday, 26 June 2012

ဒီညမှာ လကတစ်ဝက်တိတိသာတယ်

မင်းအဆင်ပြေတယ်မဟုတ်လားလို့ရုတ်
တရက် အမေးလိုက်တော့ ရုတ်တရက်ဘာဖြေရမှန်းမသိဘူးဖြစ်
သွားတယ်။ ကျနော်ကလည်း ထုံးစံအတိုင်း နှုတ်ဆိတ်နေသလိုလိုနဲ့ လက်ထဲကစီးကရက်ကိုပဲ တိတ်တိတ်ဆိတ်ဆိတ်ဖွာနေမိတော့တယ်
။ သူငယ်ချင်းကတော့ထုံးစံအတိုင်း ၀တ်ကျေတမ်းကျေအမေးစကားတစ်ခုအပေါ်မှာ အဖြေတစ်ခုကိုစောင့်နေဟန်လည်းမရှိပါဘူး။ တခြားသူတွေနဲ့သာ စကားဆက်ပြောလို့နေတော့တယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ တွေ့ဆုံပွဲမှာ ကျနော်နှုတ်ဆိတ်နေလို့လည်း မဖြစ်ပါဘူး။ ဒါပေမဲ့လည်းစကားစမြည်ပြောချင်စိတ်လေးတောင်မရှိတာကြောင့် အားလုံးကို ပြုံးပြပြီး ချောင်ကျကျစားပွဲဝိုင်းဆီမှာ လာထိုင်နေမိတယ်။ လေက ရုတ်တရက်တိုက်လာတာကြောင့် ကျနော့်ဆံပင်တွေပွသွားတယ်။ ဒီလိုအချိန်မျိုးမှာ သူသာရှိနေရင် ဆံပင်တွေရှည်နေပြီ ဘာလို့မညှပ်တာလဲ ဆံပင်လေးဘာလေးညှပ်ဖို့တောင်အချိန်မအားဘူးလား စသဖြင့် ကျနော်စိတ်ညစ်ရလောက်အောင် သူတဖွဖွပြောမှာမှန်း ကျနော်အမှတ်ရလိုက်တယ်။ အချိန်တွေကြာတော့ကြာပါပြီ။ ဘယ်လောက်ကြာပြီလဲလို့ ကျနော် လည်းမမှတ်ထားဘူး။ လွမ်းတယ်ရယ်လည်းမဟုတ်ပါဘူး။ လွမ်းတယ်လို့ပြောရလောက်အောင် ကျနော့်အသက်အရွယ်ကလည်း မငယ်တော့ဘူး။ တိုက်ဆိုင်တဲ့အခါ အမှတ်ရတယ်ဆိုရုံလောက်ပါပဲ။ ဒါကိုသူသိရင် စိတ်ဆိုးဦးမယ်။ အမှန်တကယ်ဆိုရင် ဘာရယ်ကြောင့်မှန်းမသိဘူး ၊ ခဏခဏကတောက်ကဆဖြစ်ခဲ့ရတာပဲ။ တစ်ခါတစ်ခါတော့လည်း ကျနော်က ပျော်တယ်။ သူစိတ်ဆိုးတာကိုကြည့်ရင်းပျော်တယ်။ သူစိတ်ဆိုးရင် ကျနော့်ကိုရန်တွေ့တဲ့ နှုတ်ခမ်းတွေက ထော်ထော်လေး။ ချစ်စရာကောင်းတယ်ထင်လို့ ကျနော်ခဏခဏစမိတယ်။  ဒါတွေက သူသူငါငါ သူလိုကိုယ်လို သမီးရည်းစားကိစ္စတွေပဲ မဟုတ်လား။ အခုအချိန်မှာ ပြန်တွေးနေမိတာကိုတောင် ရှက်ချင်သလိုလိုဖြစ်နေမိတယ်။

ကျနော့်ကို သူငယ်ချင်းတစ်ယောက်စနှစ်ယောက်စ စကားလာပြောကြတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာမသိဘူး။ ကျနော်ကလည်း ခုအချိန်မှာ စကားမပြောချင်ဘူးဖြစ်နေတယ်။ ကျနော်ဆိုလိုတာက တစ်ကိုယ်တည်း တွေးမယ်၊ ထိုင်မယ်။ တွေးမယ်ဆိုတာက ဘာအကြောင်း ညာအကြောင်း သေသေချာချာရှိတဲ့ကိစ္စတစ်ခုကို တွေးဖို့မဟုတ်ပါဘူး။ ကျနော့်အတွေးတွေနောက်ကို စီးမျောပစ်မယ်။ စိတ်ကိုမျှောထားမယ်။ ဒါက ကျနော့်ဝါသနာဖြစ်တယ်ရယ်လို့လည်းမတွေးမိဘူး။ ကျနော်ဆိုလိုတာက ကျနော့်ဝါသနာဟာ ဘာလဲလို့တောင်တွေးမိခဲ့တာမဟုတ်ဘူး။ လူဟာ လူရယ်လို့ဖြစ်လာရင် စိတ်ဝင်စားမှုတစ်ခုခုရှိတယ်၊ အားသန်ရာသန်ရာ အလေ့အကျင့်တစ်ခုခုရှိကြတယ်လို့ပြောကြတယ်။ ကျနော်ကတော့ အထူးတလည် မတွေးမိခဲ့ဘူး။ ၀ါသနာတွေ၊ အလေ့အကျင့်တွေ၊ ဘာတွေညာတွေ၊ စည်းတွေ ဘောင်တွေ ကျနော်မတွေးဘူး။ ကျနော်လုပ်ချင်တဲ့အရာကို လုပ်မယ်။ စိတ်ကိုလွတ်လွတ်လပ်လပ်နေမယ်။ ဘာနဲ့မှ ချုပ်နှောင်ထားတာမကြိုက်ဘူးလို့ပဲဆိုရမယ်။ ကျနော့်ကို သူများတွေနဲ့မတူဘူး..စည်းအပြင်ထွက်နေတယ်လို့ တချို့ကပြောတတ်တယ်။ ကျနော်က စည်းတွေဘာတွေတောင်စဉ်းစားခဲ့တာမဟုတ်ဘူး။ ခုတောင် ဘာကြောင့် ဒီကိုရောက်ခဲ့တာလည်းမသိဘူး။ ကျနော်လာချင်ရင်လာမယ်၊ ပြန်ချင်ရင်ပြန်မယ်။ ဘာအတွက်ကြောင့်မှ ဘာကိုမှ ချုပ်နှောင်ထားဖို့မလိုဘူးထင်တာပဲ။

ရုတ်တရက်ထပြန်ခဲ့တယ်။ ကျနော်ပြန်တာကို ဘယ်သူ့ကိုမှအသိမပေးခဲ့ဘူး..။ ကျနောပြန်ချင်လို့ပြန်လာတာ။ ကျနော်ပြန်လာတယ်ဆိုတာကိုတောင် လမ်းလျှောက်နေတုန်းမှာ သတိထားမိသွားတာ။ ညနေခင်းဟာ ညစစ်စစ်ကိုကူးပြောင်းနေပြီ..။ လမ်းဟာ မီးရောင်တွေထိန်နေတယ်။ တချို့လမ်းတွေမှာ ၀ါကျင်ကျင်မီးတွေထွန်းထားတယ်။ ကျနောလမ်းလျှောက်လာနေတုန်းပဲ.။  လေတဖြူးဖြူးနဲ့ တိုက်ခတ်နေတယ်။ မိုးရိပ်မိုးသက်လေးတောင် ပါနေသလိုပဲ။ မိုးရွာရင်ကောင်းမှာပဲလို့ ကျနော်တွေးမိတယ်။ ကျနော်လမ်းလျှောက်နေတုန်း မိုးဖွဲကလေးများကျလာရင် ဆိုပြီးတွေးမိတော့ပျော်လာတယ်။ မိုးတဖွဲဖွဲအောက်မှာ လမ်းလျှောက်ရတာကို ကျနော်ကြိုက်တယ်။ မိုးတွေဝုန်းဒိုင်းကြဲရွာချတဲ့အချိန်မျိုးဆိုရင် အခန်းထဲမှာတစ်ယောက်တည်း သရဲကားကြည့်ရတာတော်တော်သဘောကျတာပဲ။ လမ်းလျှောက်ရတာကိုတော့ မကြိုက်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အခုလို လေကလေးတိုက်နေတဲ့အချိန်မှာလည်း ဟိုတွေးဒီတွေးနဲ့ လမ်းလျှောက်ရတာကိုကြိုက်တာပဲ။ ကျနော်ကတွေးသာတွေးနေမိတာပါ။ မိုးလည်းရွာမလာပါဘူး..။ လေကတော့ တဖြူးဖြူးနဲ့တိုက်နေတယ်။ ညက အေးတယ်ဆိုရုံအေးအေးလေး။ ခုမှ ညစရောက်ရုံကလေးနဲ့ ညက ပျိုနုနေတယ်။

လမ်းတွေ၊မီးတိုင်တွေ၊ လမ်းတလျှောက်မှာ ခပ်ကျဲကျဲ ချထားတဲ့ထိုင်ခုံတွေ..။ ကျနော့်ဘေးကနေ ခပ်သုတ်သုတ် ဖြတ်လျှောက်သွားကြတဲ့လူတွေ..။ ၀ါကျင်ကျင်မီးရောင်လေးတွေ လင်းနေတဲ့လမ်းတလျှောက်ကို ကျနော် ခပ်အေးအေးပဲလမ်းလျှောက်လာတယ်။ လမ်းဘေးတစ်လျှောက်မှာ အပင်ပုပုလေးတွေကို တညီတညာတည်း အလှစိုက်ထားသေးတယ်။ မထူးဆန်းပေမဲ့ အခုမှ အထူးအဆန်းလုပ်ပြီးကြည့်နေမိတယ်။ ကားလမ်းမပေါ်မှာတော့ ကားတွေ တ၀ီဝီ မောင်းနေကြတုန်းပဲ။ လူတွေဘာအတွက် အလျင်စလို ဖြစ်နေကြပါလိမ့်။ အမှန်တကယ်ဆိုရင် ဘာကိုမှအလျင်စလိုရှိစရာမလိုလောက်အောင်ကို ပဲ ဘ၀က ပျင်းစရာကောင်းတယ်မဟုတ်လား။ အသက်ရှင်နေရတာ ပျင်းစရာကောင်းတယ်ဆိုတဲ့အတွေးဟာ ကျနော်မကြာခဏ တွေးမိတဲ့အတွေးပဲ။ လူတွေက စိတ်ဝင်စားမှုတစ်စုံတရာ မရှိတော့တဲ့အရာအပေါ်မှာ ပျင်းတယ်လို့ ခေါ်လေ့ရှိကြတာပဲ။ ပြီးရင်တော့ စိတ်ဝင်စားစရာတစ်ခုခုနဲ့ အစားထိုးဖို့ကြိုးစားကြမယ်။ ကျနော်ကတော့ အသက်ရှင်ရတာပျင်းတယ်။ အသက်ရှင်ရတာကို ရပ်တန့်ပစ်လိုက်ဖို့တော့ ကျနော်မကြိုးစားချင်ပါဘူး..။ ပျင်းနေရတဲ့အရာသာကို ကျနော်ခံစားကြည့်ချင်နေတယ်။ ကျနော်ဆိုလိုတာက နေ့စဉ် အလုပ်သွားမယ်။ အချိန်ကို ထုံးစံအတိုင်းပြီးဆုံးစေမယ်.။ ညရောက်တဲ့အခါ ကျနော် အနီးအနားမှာရှိတဲ့ လက်လှမ်းမီတဲ့ ကျနော် စိတ်ပျော်တယ်လို့ယူဆရတဲ့ အလုပ်တစ်ခုခုမှာ စိတ်ကိုနှစ်ထားလိုက်မယ်။ ဒီလိုနဲ့ သီတင်းတစ်ပတ် ကုန်ဆုံးသွားမယ်။ ဒီလိုနဲ့ နေ့တွေ လတွေ နှစ်တွေ ကုန်ဆုံးသွားတဲ့အခါ တခြားသူတွေလိုပဲ အသက်ဝိညာဉ်လေးထွက်ခွာသွားမယ်။ ကျနော်စိတ်ဝင်စားတာက ကျနော်ဟာ ဘယ်လိုဘယ်ပုံအဆုံးသတ်မယ်ဆိုတာရယ် ဘာတွေဘယ်လို ထပ်ဖြစ်မယ်ဆိုတာရယ်။ အဲ့ဒီအချိန်ကျရင် စိတ်ဝင်စားစရာ ကောင်းမှာဖြစ်ပေမဲ့ ခုအချိန်မှာ ဒီလိုကြီး စောင့်နေရတာကတော့ ပျင်းစရာအကောင်းသား။

ထိုင်ခုံအလွတ်တစ်ခုတွေ့တော့ ဘာရယ်မဟုတ်ဘူး ၀င်လိုက်လိုက်တယ်။ ရာသီဥတုက အိမ်ခန်းကျဉ်းကျဉ်းလေးထဲကို မပြန်ချင်အောင်ဆွဲဆောင်နေတာပဲမဟုတ်လား။ ကျနော့်ဘေးကထိုင်ခုံမှာ အတွဲတစ်တွဲထိုင်နေကြတယ်။ ရယ်လိုက်မောလိုက်နဲ့အဆင်ပြေနေပုံပါပဲ။ ကျနော်လည်း ရိုင်းမှာစိုးလို့အကြည့်ကိုချက်ချင်းလွှဲမိတယ်။ သူ့ကို သတိရပြန်တယ်။ အရင်ကဆို သူနဲ့ကျနော် သူတို့လို ထိုင်လေ့ရှိကြတာပဲ။ ရောက်တတ်ရာရာစကားတွေပြောမယ်။ ခုနေစဉ်းစားကြည့်တော့လည်း ရယ်စရာကောင်းသားပဲ။ ကျနော့်အကြောင်းတွေ သူ့အကြောင်းတွေ၊ ကျနော့်သူငယ်ချင်းတွေအကြောင်း၊ သူ့သူငယ်ချင်းတွေအကြောင်း..။ နောက်ပိုင်းကျနော်က ငြီးငွေ့သွားလို့ ဘာမှမပြောတော့တဲ့အခါ သူက ကျနော့်ကို စကားနာတွေထိုးမယ်။ မချစ်တော့လို့လား ဘာညာမေးမယ်။ ကျနော်က ဒါတွေကို သိပ်စိတ်ကုန်တယ်။ အမှန်ဆိုရင် ကျနော်က ချစ်တယ်ဆိုတာဘာမှန်းမသိဘူး။ ချစ်တယ်ဆိုတာကိုလည်း အယုံအကြည်မရှိဘူး။ ဘ၀ဆိုတာ ဗလာ ဘာညာလို့ သူ့ကိုပြောမိတဲ့နောက်ပိုင်း သူက ကျနော့်ကို ဖြည့်ဆည်းပေးဖို့စကြိုးစားတော့တာပဲ။ အမှန်တကယ်ကို သူဟာ ရူးခဲ့တယ်လို့ဆိုရမယ်။ ကျနော်လည်း အထူးတလည် ဆက်ပြီးမရှင်းပြတော့ဘူး။ နောက်ဆုံးတော့ ကျနော့်ဆီက ဗလာစစ်စစ် ဖြစ်တည်မှုကို သူသဘောပေါက်သွားသလား၊ တကယ်ပဲ ကျနော့်ကို စိတ်ပျက်သွားသလားမသိဘူး။ ကျနော့်ကို လမ်းခွဲသွားတယ်။ ရုပ်ရှင်တွေ ၀တ္ထုတွေ ထဲကလို မျက်ရည်တွေဘာတွေလည်း မကျပါဘူး။ ကျနော်ကလည်း မတားခဲ့ပါဘူး။ ဒီလိုပါပဲ ပေါ့ပေါ့ပါးပါးအဆုံးသတ်သွားတာပဲ။ အဆုံးသတ်တယ်လို့ပြောရအောင် ဒါကတကယ့်အဆုံးသတ်လားဆိုတာလည်း ကျနော်မသေချာပါဘူး။ သေချာမှုဆိုတာဟာ ဘာတွေဖြစ်မလဲလို့ တွေးဖို့ ခန္ဓာကိုယ်ကို ခပ်လျောလျောပြင်ထိုင်ပြီး မိုးပေါ်ကို မော့ကြည့်မိတော့ တစ်ဝက်တိတိသာနေတဲ့ လကို ဒီညမှာ တွေ့လိုက်ရတယ်။


စိမ်းမြလင်းသစ်

(27/06/2012)

အပျင်းပြေ

အမှန်တကယ်ဆိုရင် ဒီခံစားချက်မျိုးတွေ မဖြစ်သင့်ပါဘူးလို့ စုကတွေးသည်။ ဖြစ်လိုရာဖြစ်စေဟု ဖြစ်တတ်သောသဘောတရားများကို လွယ်လင့်တကူ ဖြေလျော့ပေးခဲ့ပြီးကာမှ ၊ အရာအားလုံးအဆုံးသတ်ခဲ့ပြီးကာမှ ဒါမျိုးဟာ စိုးစဉ်းမျှ မဖြစ်သင့်တော့ပါဘူး။ စုကတွေးရင်း ရင်ဘတ်ကအောင့်တက်လာသော ငိုချင်သည့် ခံစားချက်ကို ပျက်ရယ်ပြုဖို့ကြိုးစားရသည်။  ခံစားချက်ကို ပြောင်းလဲပစ်ရမည်။ အလုပ်ထဲမှာ မျက်ရည်ကျခွင့်မရ၊ ခံစားချက်အတိုင်း မှိုင်တွေနေခွင့်မရ။ အရာရာဟာ ဟန်ဆောင်နေရတာချည့်ပါလို့ စုကတွေးရင်း အလုပ်ထဲကို စိတ်ပြန်နှစ်ဖို့ ကြိုးစားရသေးသည်။ တကယ်ဆိုရင် လောကထဲမှာ လူဖြစ်လာရတာကိုက ဟန်ဆောင်ရဖို့သက်သက်ဖြစ်သည် ဟု အရွဲ့တိုက်တွေးမိသည်။ ဟန်ဆောင်ကမ္ဘာလောကထဲမှာ ဘာတွေကိုများ မက်မောတွယ်တာနေရသေးသလဲ။ အရာအားလုံးက ရယ်စရာချည့်ပဲ။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှ
န်ဟန်ဆောင်ကြသည်။ တစ်ယောက်ကိုတစ်ယောက် သနားကြင်နာချင်ဟန်ဆောင်ကြသည်။ ရယ်စရာချည့်ပဲ။ စုရဲ့ အလုပ်ခွင်မှာ၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ မိသားစု။ အားလုံးသည် စုအမြင်အားဖြင့်တော့ ဟန်ဆောင်နေကြသူချည့်ဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်က တစ်ချိန်လုံးမဆင်းတဲ့ စုဘေးမှာ အလုပ်လုပ်တဲ့ကောင်မလေးက ခုတော့ သူဌေးမရှိတုန်း ဖုန်းကနေ ယူကျု ကြည့်နေသည်။ စုအရှေ့က ကောင်မလေးက လည်း ဒီလိုပဲ။ အလုပ်လုပ်ချင်ဟန်ဆောင်ပြီးတော့ ဂိမ်းကစားသည်။ သူဌေးလာရင် အလုပ်များဟန်ဆောင်ပြကြလိမ့်ဦး
မည်။ စုက ပတ်ဝန်းကျင်ကို အသေအချာကြည့်ရင်း ရယ်ချင်လာသည်။ ဟန်ဆောင်အလိမ်အညာတွေကနေမလွတ်။ စုကိုယ်တိုင်လည်းမလွတ်။ ဟန်ဆောင်ထားရသည်ဟု တွေးမိပြန်သည်။

အတန်ငယ်ချမ်းလာကြောင်း စိတ်ကသိသည်။ အဲကွန်းတည့်တည့်အောက် အလုပ်လုပ်နေရတာကိုက စုအတွက် စိတ်ညစ်စရာကောင်းလှသည်။ အမှန်ဆိုရင် ဒီအလုပ်ကိုမလုပ်ချင်။ မလုပ်ချင်လို့ ထွက်လိုက်လို့မဖြစ်ကြောင်း စုသိနေသည်။ နောက်အလုပ်တစ်ခုမသေချာဘဲ ထွက်ဖို့ဆိုတာ စုအတွက် မဖြစ်နိုင်။  စိတ်အလိုကိုလိုက်ဖို့ဆိုတာ ဆုအတွက် မဖြစ်နိုင်။ အလုပ်မရှိလျှင် တစ်လထက်ပိုပြီးနေခွင့်မရသော နေရာမှာ မပျော်သော်လည်း နေနေရသည်။ ပျော်တယ်ဆိုတာ ဘာလဲလို့စုမတွေးချင်။ မတွေးဖြစ်အောင်နေခဲ့သည်။ အထီးကျန်သော စုရဲ့စိတ်သည် တစ်ခုခုကိုတွယ်တာချင်လာသည်။ စုရဲ့စိတ်တွေက အားငယ်လာသည်။ ဒါကြောင့်ပဲ စုက သူ့အပေါ် တွယ်တာခဲ့တာဖြစ်နိုင်သည်။ ဒါလည်း ဟန်ဆောင်တာပဲမဟုတ်လား။ အလုပ်လုပ်နေရင်း ကီးဘုတ်ကို အမှတ်တမဲ့ အသံကျယ်အောင် ရိုက်လိုက်မိသည်။ စုရဲ့စိတ်တွေတင်းကျပ်နေပြီ။ ထွက်ပေါက်တစ်ခုခုလိုအပ်နေပြီ။ ဒါသည်ပင် စုရဲ့ လက်ရှိအရှိတရားဖြစ်သည်။ စုသည် ကိုယ့်ကိုယ်ကို မထိန်းနိုင်။ စုသည် ခုအရွယ်အထိ မရင့်ကျက်နိုင်။ စုအပေါ် စိုးရိမ်ပူပန်ကြသူများကို တစ်ခါတခါ ရယ်ချင်သည်။ စုကို ခွင့်မလွှတ်ကြပါလေနှင့်။

စားပွဲပေါ်တွင် စာရွက်များ ပြန့်ကျဲနေသည်။ အခန်းထဲတွင် စုနားမလည်သော အလွန်နားဝင်ဆိုးသော တရုတ်အသံလိုင်းကိုအမြဲဖွင့်ထားေ
သာ ရေဒီယိုတစ်လုံးရှိသည်။ သူဌေးသည် ဧည့်သည်တစ်ယောက်နှင့်စကားပြောနေသည်။ အခြားသူများက အလုပ်လုပ်ဟန်ဆောင်နေကြသည်။ စုက လုပ်လက်စအလုပ်များကို အပြီးသတ်ရန်ကြိုးစားနေသည်။ အခန်းတွင်းမှလေသည် အေးစက်လွန်းလှသည်။ အခန်းအပြင်ထက်တွင် မှန်တံခါးမှတဆင့် နေအပူ ခပ်စူးစူးကို မြင်နေရသည်။ အရာအားလုံးသည် အတုများသာဖြစ်ကြသည်။ စုသည် ၃ခွက်မြောက်သော ကော်ဖီကို လက်စသတ်သောက်လိုက်သည်။ စုရင်သည် တုန်နေ၏။ ကော်ဖီကြောင့်ဖြစ်မည်ဟု တွေးပစ်ရသည်။ မအိပ်နိုင်သောညများကြောင့် အလုပ်လုပ်နိုင်စေရန် ကော်ဖီသောက်ရပြန်သည်။ ဒါသည်ပင် စုအတွက် စိတ်ဖြေရာဖြစ်ရပြန်သည်။ စုက တစ်ခါတစ်ခါ စိတ်ကူယဉ်ဖူးသည်။ ညနေစောင်းတွင် စီးကရက်လက်ကြားညှပ်ပြီး လျှောက်သွားချင်သည်။ လက်ထဲတွင် ဘီယာတစ်ဘူးကိုင်ထားမည်။ စိတ်ကိုလေလိုလွှင့်ချင်သည်။ ဒါမျိုးသည် စုဖတ်ဖူးသော ၀တ္ထုများထဲမှ ဇာတ်ကောင် မိန်းကလေးများ လုပ်တတ်ကြသကဲ့သို့ တစ်ခါတလေ လျှောက်သွားချင်မိသည်။ သို့သော် စုက ပတ်ဝန်းကျင်ကိုကြောက်တတ်သော မိန်းကလေးမျှသာဖြစ်သည်။ အများအမြင်ကိုအလေးထားရင်း မိမိ၏ဆန္ဒများပျောက်ဆုံးနေရသော မိန်ကလေးမျှသာဖြစ်သည်ဟု တွေးမိရင်း ရယ်ချင်လာသည်။ အမှတ်တမဲ့ပြုံးမိတော့ မပြုံးဖြစ်တာကြာပြီဖြစ်ကြောင်း အမှတ်ရသည်။ ရေဒီယိုကတဆင့် စုနားမလည်သောစာသားများကို ဆွဲဆွဲငင်ငင်ဆိုနေသည့် တရုတ်သီချင်းတစ်ပုဒ်ပျံ့လွင့်လာပြန်သည်။

အလွမ်းသီချင်းတစ်ပုဒ်ပဲဖြစ်မည်။  ရေဒီယိုကိုထပိတ်ချင်လာသည်။ သို့မဟုတ်တခြားလိုင်းတစ်လိုင်း
ကိုပြောင်းချင်လာမိသည်။ သို့သော်တပြိုင်နက်ထဲမှာပဲ တိတ်ဆိတ်ငြိမ်သက်စွာ နေချင်နေမိသေးသည်။ စုမသိသော သီချင်းထဲတွင် စိတ်ကို ဖြေလျှော့ချလိုက်သည်။ သီချင်းသံက ဆွေးမြေ့နေသောကြောင့် စုရဲ့စိတ်က ဆွေးမြေ့လာသည်ဟု တွေးမိပြီး အနည်းငယ်ကျေနပ်လျက်ရှိသည်။ စုသည် ၀မ်းနည်းပြီးဝမ်းနည်းလို့သာနေတော့သည်။ စုသည် သနားစရာမိန်းကလေးတစ်ဦးဖြစ်သည်လို့ တွေးမိတော့ ကိုယ့်ကိုယ်ကို ရယ်ချင်မိသည်။ တကယ်တော့ ဘ၀ဆိုတာ ကိုယ်မဖြစ်ချင်လည်း ကံတရား၏ဦးဆောင်မှုကို မတွန်းလှန်နိုင်သောအချိန်တွင် ကံတရားနောက် လိုက်ရမည်မှန်းသိသည်။ လူတိုင်းဟာ ကိုယ့်တရားနဲ့နေနေရတာလို့တွေးမိပြန်တော့ စိတ်၏မငြိမ်းချမ်းမှုကို မငြိမ်းမှုသက်သက် အဖြစ်သာ မြင်ချင်မိပြန်သည်။ စုသည် ပူလောင်မှု အေးချမ်းမှုဟူသည်တို့ကို ပကတိအမြင်တို့ဖြင့်ကြည့်ချင်လျက်ရှိသည်။ မနေ့ကညနေတုန်းက စုနှင့်သူလမ်းခွဲခဲ့ကြောင်း ပြန်သတိရသည်။ ထိုအခါတွင်တော့ စုသည် လှောင်အိမ်မှ လွတ်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့ ကိုယ့်ကိုယ်ကိုခံယူမိတော့သည်။ စုသည် လွတ်လပ်ခြင်းနှင့်အတူ မလုံခြုံခြင်းကိုပါ တပြိုင်တည်းခံစားနေရသည်နှင့်တူတော့သည်။ စုသည် လွတ်လပ်သောငှက်တစ်ကောင်ကဲ့သို့ စိတ်ကို ပျံသန်းပစ်မည်ဟု ခံယူသည်။ နေ့ရက်များသည် ထပ်တူနီးပါးကျလျက်ရှိကြောင်း အမှတ်ရမိပြန်သောအခါတွင် အသက်ရှင်ဆက်ရှင်ရမည်ကို ပျင်းရိသော စိတ်တို့က လွှမ်းခြုံလျက်ရှိသည်။ စုက စိတ်ကူးယဉ်တတ်သောစိတ်တို့ကို ဖြန့်ကျက်ပစ်ဖို့သာ တတ်နိုင်ပေတော့သည်။

စိတ်သည် ခြောက်ကပ်သောအခန်းထဲတွင် ၀ဲလည်လျက်ရှိသည်။ ငယ်ငယ်တုန်းက စုလုပ်ချင်သည့် လုပ်ငန်းခွင်တစ်ခုကိုစိတ်ကူးယဉ်ခဲ့ဖူးသည်။ စုသည် အရေးပါသောရာထူးကြီးဝန်ထမ်းတစ်ဦးဖြစ်နေရမည်။ မကြာခဏကြည့်ဖူးသော နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများထဲကလို ခေတ်မီသွက်လက်ထက်မြက်သော လုပ်ဖော်ကိုင်ဖက်များလည်းအများအပြားရှိရဦးမည်။ အရေးကြီးသော လုပ်ငန်းကိစ္စများကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ရမည်။ စု၏ချစ်သူသည် စုကိုသိပ်ချစ်၍စုကလည်းထပ်တူချစ်ရဦးမည်။  စုက ရယ်ချင်လျက်နှင့် အတွေးတွေကို လိုက်ဖမ်းမိသောခဏတွင် လုပ်လက်စအလုပ်များလည်း ပြီးသလောက်ရှိပြီ။ ပြတင်းမှန်ကိုတချက်လှမ်းလို့ကြည့်မိတော့ နေစောင်းသွားပြီ။ ကွန်ပြူတာထောင့်တွင် ညနေ ၄နာရီခွဲတော့မည်ဖြစ်ကြောင်းပြနေသည်။ တရုတ်သီချင်းသံတို့သည် စု၏နားစည်ကို ယားကျိကျိကလိလို့သာနေတော့သည်။ အလုပ်ချိန်ကိုအကုန်မြန်စေချင်လှပြီ။ အသက်ရှင်ရခြင်းသည် ပျင်းရိဖွယ်ကောင်းကြောင်း တွေးမိပြန်တော့ စုက အသက်ဝိဥာဉ်ထွက်သွားမည့်နေ့ကိုစောင့်နေရတာ ပျင်းလို့သာနေတော့သည်။ တကယ်တော့ အသက်ရှင်ရတာပျင်းစရာကြီးလို့ စုကတစ်ယောက်ယောက်ကိုပြောပြချင်နေမိသည်။  ပျင်းစရာ ကောင်းကြောင်းပြောပြရန်ပင် ပြောစရာလူမရှိမှန်း သတိရမိသောအခါ ပို၍ပျင်းခြောက်သွား၏ ။ အပြင်ဘက်ခြမ်းတွင်တော့ ညနေခင်းကတော့ တအိအိပြိုဆင်းလာလျက်ရှိတော့သည်။


စိမ်းမြလင်းသစ်
26/06/2012










Monday, 12 December 2011

“ပေါင်မုန့်ဟာ ပေါင်မုန့်ပဲ..ပေါင်မုန့်ကိုပေါင်မုန့်ထက်ပိုပြီးမျှော်လင့်လို့မရဘူး...”

(ဘာရယ်မဟုတ်ဘူး..အရင်ကရေးဖူးတဲ့ ရယ်စရာအဟောင်းလေးကို အမှတ်တရပြန်တင်မိတာပါ...း) )

Thursday, 29 September 2011

အစိမ်းရောင်ထိုင်ခုံလေး


ထိုင်ခုံလေး က ထိုင်သူကင်းမဲ့လျက်ရှိသည်။ သံဖြင့်ပြုလုပ်ထားသော ထိုင်ခုံတန်းကလေး..။ အစိမ်းရောင်သုတ်ထားသည်။ သူမထိုင်နေသောခုံမှလှမ်းကြည့်လျှင် မျက်စောင်းထိုးအနေအထားတွင်တည်ရှိသည်။ ထိုင်ခုံလေး၏ အနောက်ဘက်တွင် လူတစ်ယောက်၏ ခါးသာသာ တိတိရိရိဖြတ်ထားသော ယုဇနပင်တန်းကလေးတစ်ခုက ကစားကွင်းကို စက်ဝိုင်းပုံသဏ္ဍာန်ပတ်လျက်တည်ရှိနေသည်။ သိပ်မကြာခင်က ရွာထားသောမိုးကြောင့် ထို ထိုင်ခုံကလေး၏ သံတန်းတစ်ချို့ပေါ်တွင် ရေစက်တစ်ချို့တင်လျက်ရှိကြသည်။ ယုဇန ပန်းရနံ့တို့သည် မွှေးပျံ့လျက်..။ မိုးနံ့အေးအေးနှင့်အတူ လေတစ်ချက်ဝှေ့ယမ်းလိုက်တိုင်း ပန်းရနံ့သည် အေးမြမွှေးပျံ့နေကြသည်။ ရောစုံလျှောကလေးတစ်ခုရှိသော ကလေးကစားကွင်းကလေးတစ်ခု၊ ထိုဘေးတွင် ကြက်တောင်ရိုက်ကွင်းကလေးတစ်ခု ..၊ မိုးရွာပြီးကာစ ပတ်ဝန်းကျင်၊ ည ကိုးနာရီကျော်ကျော်.. ခပ်သုတ်သုတ်လမ်းလျှောက်ပြန်လာကြသော လူအနည်းငယ်မှတစ်ပါး ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။ အခုအချိန်အထိ.. ထိုထိုင်ခုံအစိမ်းရောင်လေးတွင် လူမရှိ..။ ခုအချိန်အထိ တိတ်ဆိတ်နေလျှင် ဒီညလည်း ထိုအဘိုးအို..ရောက်မလာတော့ဘူး ထင်ပါသည်။


++++
(၁)
" အခုလိုမျိုး လွတ်ကျသွားတဲ့အရာကို ပြန်ကောက်ယူခွင့်ရတာဟာ ဘ၀မှာ ကံကောင်းခြင်းတစ်မျိုးပဲ ....၊ တချို့အရာတွေက လွတ်ကျသွားပြီးရင် ပြန်ကောက်ယူဖို့ခက်တယ် "

မိုးရိပ်တို့ကြားထဲ လေတစ်ချက်ဝှေ့လိုက်သောကြောင့် လွင့်ဝဲကျသွားသောကြက်တောင်လေးကို ကောက်ယူမည်ပြုလိုက်စဉ် အဘိုးအိုက ထိုင်ခုံအစိမ်းရောင်လေးတွင်ထိုင်နေရာမှ ကောက်ယူပေးပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဆွတ်ဆွတ်ဖြူသောဆံပင်၊ ပိန်ပိန်သွယ်သွယ်ကိုယ်ခန္ဓာနှင့် စူးရှတောက်ပသောအဘိုးအို၏မျက်လုံးများကို သူမဘာသာပြန်ဖို့ကြိုးစားလိုက်စဉ် တစ်လှမ်းချင်း အဘိုးအိုက စတင်ထွက်ခွာသွားပြီဖြစ်သည်။ မိုးစတွေလွင့်ဝဲလာပြီ.။ အဘိုးအိုက ဘာအဓိပ္ပာယ်နှင့်ပြောမှန်းမသိသော်လည်း အဘိုးအို၏ စကားလုံးလှိုင်းတို့သည် ရင်ဘတ်ကိုရိုက်ခတ်ခဲ့ပြီ။ လေသံတိုးတိုးမျှသာဖြစ်သော်လည်း စကားလုံးတို့သည် သူမရင်ကို အရှိန်ပြင်းပြင်း ၀င်တိုးကြသည်။ ခပ်ဝါ၀ါမီးရောင်များက မိုးတွေနဲ့အတူ ရင်ဘတ်ထဲအထိ ရွာနေဆဲ။ သူမဘာတွေလွတ်ကျခဲ့ပြီး ဘာတွေပြန်ကောက်ယူရပါမည်နည်း..။ မိုးတဖွဲဖွဲကြားတွင် အတွေးတွေ တ၀ုန်းဝုန်း ဘောင်ဘင်ခတ်ကျန်နေခဲ့သည်။ သူမ လက်ထဲတွင် အဘိုးအိုကောက်ပေးသွားသော အနားတွေဖွာစုတ်စပြုနေပြီးဖြစ်သည့် ကြက်တောင်ကလေးကို ငေးကြောင်ကြည့်နေမိလျက်သား..။


++++

(၂)

" ဘယ်အရာကိုမှ အပျော်သဘောမထားနဲ့ ကလေးမ..၊ ကစားပွဲတစ်ခုဆိုတာမှာလည်း ဘယ်အရာနဲ့ အနားသတ်မလဲဆိုတာ သတ်မှတ်ချက်ရှိရလိမ့်မယ် .."
လာပြန်ပြီ။ ဒီအဘိုးအို ၊ ဒီအသံ.၊ သူ ..ဘယ်အချိန်က ရောက်နှင့်နေသလဲ။ သူမနောက်နားက ထိုင်ခုံမှာ ထိုင်နေပြီး ပွဲကိုကြည့်နေတာလား။ အဘိုးအိုပြုံးနေသလား၊ မျက်နှာအနေအထားဘယ်လိုရှိနေသလဲ။ အရာရာကို မေ့မေ့ပျောက်ပျောက်သဘောဖြင့် စိတ်ကို ကစားပွဲထဲနှစ်ထားခဲ့ကာမှ..။ စိတ်ထဲမှအငေါ်တူးမိပြီး ချွေးသံတရွှဲရွှဲဖြင့် ကစားပွဲကို ဆက်ကစားနေမိသောကြောင့် သူမ မကြည့်အားသေးပါ။

" ကစားပွဲတစ်ခုဆိုတာ ဒီလိုပဲ ရပ်ပစ်လိုက်ဖို့ခက်တယ်၊ အနိုင်လိုချင်စိတ်နဲ့ ကစားတဲ့ပွဲတွေ အတွက် မင်းရဲ့ စိတ်ဝင်စားမှု၊ အလေးထားမှု အတော်များများကို မသိလိုက်မသိဘာသာ စွန့်လွှတ်နေရတာပဲ.."

အသံတိုးတိုး ..။ အနားကပ်ပြီး ပစ်လွှတ်လိုက်တဲ့ စကားလုံးနဲ့ယက်ထားတဲ့ မြားပဲ။ ရင်ကိုတည့်တည့်စူးဝင်တယ်..။ ကစားပွဲကို ခဏရပ်ပြီး လှည့်အကြည့်လိုက်မှာ အဘိုးအိုက လှည့်ထွက်သွားခဲ့ပြီ။ ခြေလှမ်း၊ အဘိုးအို..၀ါလဲ့လဲ့မီးရောင်၊ အေးစိမ့်နေသောလေတစ်ချက်အဝှေ့...၊ သူငယ်ချင်းရဲ့ ခေါ်သံ.. ။ စိတ်ပြေလက်ပျောက်ဟူသော ခေါင်းစဉ်အောက်တွင် ကစားနေခဲ့သော သူမ ကစားပွဲကို ဘယ်လိုရပ်ပစ်ခဲ့မိသလဲ မသိတော့။

++++

(၃)
" ဘ၀မှာတော့ တစ်ချို့အရာတွေကို အခုလိုမျိုး မင်း သစ်သီးရွေးသလို ရွေးလို့မရဘူး။ ဘ၀ဟာ တစ်လမ်းသွားသဘောဆောင်တယ်။ တစ်ခုကိုရွေးချယ်ပြီးရင် ကျန်တာကိုမရနိုင်တော့ဘူး။ အနည်းဆုံးတော့ သစ်သီးရွေးနေချိန်မှာတောင် အချိန်တစ်ချို့ကို စတေးလိုက်ရသေးတာပဲ။ ဒါပေမဲ့ တစ်ချို့သော ဘ၀ရဲ့ ရွေးချယ်ခြင်းတွေအတွက်တော့ တန်ဖိုးကြီးကြီးစတေးရတတ်တယ်.."

ပိန်ပိန်သွယ်သွယ်၊ အရေတွန့်တွန့်လက်ချောင်းတွေ ..၊ ကျက်မိနေပြီဖြစ်သောအဘိုးအို၏အသံ..။ သစ်သီးရွေးနေသော သူမလက်တွေတွန့်သွားသည်။ ကပျာကယာ မော့ကြည့်မိတော့ အဘိုးအို..။ သူမ၏ဘေးတွင် ရပ်နေသည်။ သစ်သီးလာဝယ်ဟန်တူသည်။ ဒေါသက ထောင်းခနဲ..။ သူများရဲ့ လွတ်လပ်ခွင့်ကို လာရှုပ်လွန်းတယ်..။ ဘာလို့ စကားလာလာပြောနေရသလဲ..။ သူမကို ဒီအဘိုးအို အသေအချာသိနေခဲ့တာလား..။ မေးခွန်းတွေက ဒေါသနှင့်အတူ တဖွားဖွား လွင့်လာနေပြီ..။

"..အဘိုး...ဘာလို့..."

သူမစကားမဆုံးလိုက်ပါ..။

" နုပျိုမှုဟာ အသွေးအသားထဲမှာရှင်သန်နေသေးသ၍ ဘာမဆို ရင်ဆိုင်ပြောင်းလဲပစ်ဖို့ နောက်မကျသေးဘူးလို့ ယူဆထားလို့ရနိုင်သေးတာပဲ.."

"....................."

အဘိုးအိုက နှေးကွေးသောခြေလှမ်းများဖြင့်ထွက်သွားနှင့်ပြီ။ ငွေရှင်းပြီးချိန်တွင် သူမအဘိုးအိုနောက်ပြေးလိုက်သော်လည်း မတွေ့ရတော့။


++++

အတွေးတွေဟာ မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေလိုပဲ..။ မရောရာ မသေချာ၊ အကောင်အထည်လည်းဖော်လို့မရ။ မျက်စိရှေ့တွင် လွင့်ပါးပျောက်ကွယ်သွားတာကို ငေးကြည့်ရင်း ၀မ်းနည်းလာမိသလိုပင်။ အလင်းတွေတစ်စစ ပြိုကွဲသွားစဉ်တွင် သူမတစ်ယောက်တည်း အခန်းအမှောင်ထဲမှာ တစ်ယောက်တည်းဖြစ်ဖြစ်နေခဲ့သည်။ အခန်းဟာ တိတ်ဆိတ်လို့နေသည်။ အားငယ်မိသောခံစားချက်ကို ကုစားပစ်ဖို့ စကားပြောဖော်တစ်ယောက်လောက်လိုနေပြီ။ သူငယ်ချင်းဆီသို့ဖုန်းဆက်ရန် ဖုန်းနံပါတ်ကို တတိယအကြိမ်မြောက်ထပ်မံခေါ်လိုက်စဉ် ..ခေါ်ဆိုမရနိုင်ကြောင်းထပ်မံနားထောင်လိုက်ရသည်။ စိတ်ပြေလက်ပျောက် တစ်ယောက်ယောက်နှင့် စကားပြောချင်လာကြောင်းတွေးလိုက်စဉ်တွင် သူမက ထူးခြားလှသော အဘိုးအိုကို သတိရလိုက်သည်။ ခြံထဲကို လှမ်းကြည့်မိတော့ ထိုင်ခုံလေးက လွတ်လျက်သား..။ မှတ်မှတ်ရရ..၊ သစ်သီးဆိုင်တွင် အဘိုးအိုအားတွေ့လိုက်ရခြင်းသည် နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်ကြောင်း ကြိုသိခဲ့ရပါလျှင် သူမ ၀ယ်လက်စ သစ်သီးများကို ပစ်ချပြီး အဘိုးအိုနောက်အား ပြေးလိုက်မိမည် ထင်ပါသည်။ အကယ်၍သာဆိုသောစကားလုံးသည် တကယ်မဟုတ်ဆိုသောသဘောဆောင်ပြီးပြီဖြစ်ကြောင်းတွေးမိပြီး အခန်းအပြင်ဘက် ထိုင်ခုံအစိမ်းရောင်လေးကို ကြည့်မိပြန်သည်။ ဒီညလည်း ထိုခုံအစိမ်းရောင်လေးဆီသို့ အဘိုးအို ရောက်လာလိမ့်မည်မထင်ပါ..။



စိမ်းမြလင်းသစ်

30/09/2011

Tuesday, 27 September 2011

သတိရခြင်းမိုးရေစက်များ













ဒီနေ့စနေနေ့ဖြစ်သည်။ အခန်းထဲတွင်ငြီးငွေ့ခြင်းများသည်..အထီးကျန်စွာ အေးခဲတိတ်ဆိတ်လျက်ရှိသည်။ တလှိုက်လှိုက်တက်လာသော သတိရခြင်းများဟာ မိုးအဖြစ်ရွာချပြီးသွားကြသလား...။ သတိရခြင်းမိုးရေစက်များသည် အိမ်ပြတင်းတံစက်မြိတ်တွင် တွဲလွဲခိုလျက်ရှိနေကြသည်။ အဓိက က ယုံကြည်ချက်နဲ့ နှလုံးသားကို သစ္စာမဖောက်ဖို့ပါပဲ.. နှင်းရယ်..ဟု သူပြောခဲ့သောစကားများသည် နှလုံးသားဆီမှအဖန်ဖန်အထပ်ထပ်အော်မြည်လျက်ရှိပြီး အရေပြားပေါ်တွင် သွားလာလျက်ရှိနေကြသည်..။ နှင်းဟာ နှလုံးသားကိုသစ္စာဖောက်မိသလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးလျက်ရှိနေပြီလား..။ အခန်းထဲတွင် မရေရာခြင်းများ စိမ့်ပျံ့ ထိုင်းမှိုင်းလာသည်။ နှင်းသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ဖို့ကြိုးစားလိုက်မိသည်..။ နှင်း၏အခန်းလေး..၊ ပတ်ဝန်းကျင်..၊ အလုပ်...၊ အရာရာသည် နှင်းကို သေးငယ်အောင်လုပ်ပေးနေကြသလိုဖြစ်နေသည်။ နှင်းကြိုးစားရင်း..ပျော်အောင်နေရင်း..အရာရာကိုရင်ဆိုင်ရင်း.. နှလုံးသားကိုမေ့ထားခဲ့တာဟာ နှင်းသစ္စာဖောက်မိတာဖြစ်နေနိုင်သလား..။ နှင်းဟာ နှလုံးသားကိုသစ္စာဖောက်မိတာလား..။ မသေချာပါ..။ နလုံးသားကိုမေ့ထားခဲ့တာလား..။ နှင်းသည် ယောင်ယမ်းကာ ခေါင်းကိုတွင်တွင်ခါမိပြန်သည်..။ ဒါဟာ သစ္စာဖောက်ခြင်းဟု သူက စွဲချက်တင်လျှင်တော့ နှင်းဟာ လုံလောက်တဲ့အကြောင်းပြချက်တွေနဲ့ ခိုင်ခိုင်မာမာငြင်းဆိုရမှာပါပဲ။ နှင်းနှလုံးသားကို နှင်းဘယ်တုန်းကမှ သစ္စာမဖောက်နိုင်ခဲ့တာ နှင်းကိုယ်တိုင်အသိဆုံးပဲဖြစ်သည်။

နှင်းသည် ပြတင်းတံခါးမှတဆင့် အမှတ်တမဲ့ဖြစ်သောစိတ်တို့ဖြင့် တွေဝေစွာငေးမောလျက်ရှိသည်..။ ပိတောက်ပင်ကြီးသည် မိုးရေစက်တို့ဖြင့်စိုရွှဲလျက်ရှိပြီး ငိုကြွေးနေသယောင်ဖြင့် မှိုင်းမှိုင်းအုံ့အုံ့ဖြစ်ကာ နှင်းကိုပြန်လည်ငေးမောကြည့်နေသယောင်ပဲ။ ရုတ်တရက် ဟက်ခနဲရယ်မိတော့ ပါးပြင်ပေါ်ကို မျက်ရည်တွေ နွေးထွေးစွာကျဆင်းလာတာ ခံစားလိုက်ရသည်။ နှင်းဟာ ဆယ်ကျော်သက်ကလေးမှ မဟုတ်တော့တာပဲ။ မိဘနဲ့ခွဲခွာပြီး တစ်မြို့တစ်ရွာမှာဝမ်းစာရှာနေရပြီပဲ။ ဒါတောင်နှင်းပျော့ညံ့နေတုန်းပဲ..။ ခံစားချက်ကိုအသက်အရွယ်နဲ့ထိန်းချုပ်လို့မရသေးသ၍တော့ နှင်းကိုယ်နှင်းရင့်ကျက်ပြိဟု မထင်သေးပါ ..။ နှင်းစိတ်ထိခိုက်တာမြင်ရင် သူစိတ်မကောင်းဖြစ်မှာသေချာသည်..။ တောင်းပန်ပါတယ်နှင်းရယ် လို့များထပ်ပြောဦးမလား ..။ အရင်တုန်းကလိုပဲ အားနာမှုတွေပြည့်နှက်နေတဲ့ သူ့မျက်ဝန်းတွေနဲ့ နှင်းကို နာကျင်စွာ ငေးစိုက်ကြည့်နေဦးမှာလား။ အဲဒီ့အခါမှာ နှင်းကတော့ အရင်ကလိုပဲ ကိုယ်နာကျင်မှာထက် သူနာကျင်ခံစားရမှာစိုးစွာ ဟန်ဆောင်ပစ်မိမှာ သေချာသည်။ သေချာတာတစ်ခုကတော့ နှင်းသည် သူ့ကိုထက် နှင်း၏ပျော့ညံ့ခြင်းများအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မိတုန်းပဲဖြစ်သည်။

နှင်းလက်ကိုမပြောမဆိုနှင့် သူ စတွဲခေါ်စဉ်က နည်းပညာပြပွဲတစ်ခုတွင်ဖြစ်သည်..။ 'လာလေ..နှင်း..ငေးမနေနဲ့..လူတိုးသွားရင်မလွယ်ဘူး..' ပြောပြောဆိုဆို နှင်းကိုဆွဲခေါ်သွားတော့ နှင်းသည် ထူပူစွာ အသိမဲ့စွာဖြင့် သူဆွဲခေါ်ရာနောက်ကိုလိုက်မိရင်း.. နွေးထွေးလုံခြုံသောစိတ်ခံစားချက်သည် သူ့လက်မှတစ်ဆင့်နှင်းကိုယ်ခန္ဓာထဲတွင်နွေးထွေးလျက်ရှိခဲ့သည်။ 'နှင်းကိုယ့်နောက်ကို ဒီလိုပဲလိုက်ခဲ့ပါလားနှင်းရယ်..' လို့ နူးညံ့စွာပြောတော့ နှင်းဟာ သူ့မျက်ဝန်းတွေအောက်မှာ အရည်ပျော်သွားရတာပဲ..။ နှင်းဟာ အဲ့လောက်ထိအောင် ကိုတုံးခဲ့တာ။ ယုံကြည်ခဲ့တာ ။ နောက်ပြီးနှင်းသည် ကိုယ့်ကိုယ်ကို..ကိုယ့်ရဲ့ပျော့ညံ့မှုကိုသာ အပြစ်တင်ခဲ့ပါသည်။ ထိုစဉ်ကတော့ နှင်းသည် သူ့ရဲ့ နူးညံ့သောမျက်ဝန်းများအောက်မှာ လုံခြုံနွေးထွေးခဲ့ရလေသည်။ သူ နှင်းကိုဘယ်တော့မှသစ္စာမဖောက်ဘူးဟု ယုံကြည်ရင်း နှင်း၏ဘ၀..တွင် သူ့အတွက်ပါအိပ်မက်မက်ခဲ့ရသည်။ အခုခေတ်လူငယ်တွေက နှလုံးသားကို ကစားစရာတစ်ခုလိုပဲသဘောထားတော့တာနှင်းရဲ့.. ကိုယ်ကတော့ အမြတ်တနိုးကိုတန်ဖိုးထားချင်တာ..လို့ သူပြောတော့ နှင်းက သူ့ကို အားကိုးယုံကြည်ခြင်းတွေနဲ့ကြည့်ခဲ့မိမှာ သေချာပါသည်။ နှင်းကတော့ နှင်းကိုရယ်ရွယ်ပြီးပြောတာလို့အထင်ကောင်းဆဲ သူ့မျက်ဝန်းတွေရီဝေနေတာကို နှင်းကြောင့်ဟု မိုက်မိုက်မဲမဲ ယုံကြည်ခဲ့မိသည်..။ နှင်းသူ့ကို အဲ့ဒီလောက်ထိယုံကြည်ခဲ့ပါသည်။ သူစတင်တွဲသောလက်တွင် နှင်းခိုင်မြဲချင်ခဲ့မိပါသည်...။

ကိုယ်ကျင့်တရားကိုသိပ်ကိုအလေးထားတတ်လွန်းသောသူသည် သိပ်ကိုတွေဝေလွန်းသောသူတစ်ယောက်လည်းဖြစ်မှန်း စတင်သိလိုက်မိစဉ်ကတော့နှင်းသိပ်ကိုတုန်လှုပ်မိခဲ့ရသည်..။ အိပ်ပျက်ညများစွာမှာ နစ်မြုပ်ရင်း သူ့ကိုလည်းရှောင်ရင်း အတွေးတွေဖြင့်ပူလောင်နေရစဉ်မှာလည်း သူနောင်တတွေရနေမှာလားဟု သူ့အတွက်ပါပူပန်ခဲ့မိသည်။ သူ့တွင်သူသိပ်ချစ်ခဲ့ရသောချစ်သူရှိသတဲ့..။ သူငယ်ချင်းများက နှင်းအတွက် နာကျင်စာနာသောစကားများဖြင့်လာပြောသည့်တိုင် နှင်းသည် နှင်းကိုယ်နှင်းရှက်ရွံ့ ခြင်းတို့ကြားကပင် သူ့ကိုသနားမိပြန်သည်။ ထိုစဉ်တလောတုန်းက နှင်းကို တစ်ခုခုပြောဖို့ အားယူနေခဲ့မှန်းတော့ သိခဲ့ပါသည်..။ သူ..နှင့် သူသိပ်ချစ်ခဲ့ရပါသည်ဟုဆိုသော သူ့ချစ်သူကြားတွင် နှင်းသည်ဘာဖြစ်နေခဲ့ပါသလဲ..။ သူ့ချစ်သူကသူ့ကိုအဆက်အသွယ်ပြန်လုပ်သောအခါ သူသည် နှင်းကိုကြည့်သောအကြည့်တို့တွင် အားနာခြင်းများရောစွက်နေခဲ့ပါသည်..။ နှင်း၏ရှေ့တွင် တစ်စတစ်စလဲပြိုလာသောသူ့ကိုကြည့်ရင်း နှင်းသည် သူ့အတွက် နှင်း၏နာကျင်စွာသောစိတ်တို့ဖြင့်ပင် သူ၏ နောက်မှာကျန်နေရစ်ခဲ့ဖို့ တိတ်တဆိတ် ကြိုးစားပြင်ဆင်ခဲ့ပါသည်။ နှုတ်ဆက်စကားပြောဖို့ကြိုးစားမိခဲ့ပါသည်..။ နှင်း၏တွေဝေမိသောစိတ်တို့သည် သူ့ကိုနှုတ်ဆက်စကားပြောဖို့ဝန်လေးမိပြန်သည်။ နှင်းနှလုံးသားကိုသစ္စာဖောက်ပစ်ရင်း သူ့နှလုံးသားအတွက်ဟုတင်းမိသောစိတ်တို့တွင် ပျော်ဝင်အောင်ကြိုးစားခဲ့ရသည်။ ဒီလိုနဲ့ပဲနှင်းဟာ ကိုယ့်တစ်ယောက်တည်းတွေဝေရင်း သူနှုတ်မဆက်ပဲ တစ်စတစ်စဖြင့်နှင်းအနားကထွက်ခွာသွားတာတောင်သတိမထားမိတော့လောက်အောင်ပါပဲ..။ သူထားသွားတာသိလိုက်တော့လည်းနှင်းဟာ အိပ်မက်ဆိုးတစ်ခုမက်သလိုခြောက်ချားတတ်ခဲ့ပြန်သည်။ နှင်းဟာသူ့ကိုကြိုးစားမေ့ပစ်ရင်းသူ့ကိုသတိတွေရနေပြန်သည်။ သူပေးခဲ့ဖူးသောလက်ဆောင်ပစ္စည်းလေးများကိုသိပ်ခုန်မင်ခဲ့လွန်းသောနှင်းသည် သတိရတိုင်း သူပေးခဲ့ဖူးသော ဖန်ဘောလုံးလေးကို တယုတယကိုင်တွယ်မိနေဆဲ.. ခုချိန်ဆိုသူဟာ ပျော်နေမှာထက်နှင်းအတွက်နောင်တရနေလိမ့်မယ်လို့နာကျင်စွာတွေးမိခဲ့သည်။ နှင်းဟာ အရူးပဲ ။ သိပ်ကိုချစ်တတ်ခဲ့ခြင်းဟာရူးတာပဲ။ သူ့ကိုသိပ်ကိုနားလည်လွန်းနေခဲ့တာ ရူးတာပဲ..။ သူ့ကြောင့်နှင်းဟာ နာကျင်စွာနဲ့ပျော့ညံ့စွာကျန်နေခဲ့မယ်လို့သူတွေးမိနေခဲ့မယ်မှန်းနှင်းသိခဲ့သားပဲ။ သူ့တွေဝေမှုတွေမှာ နှင်းကို ထပ်မတွယ်ငြိစေချင်ခဲ့ပါ..။ သူ့အပေါ်တင်းစေမယ့် နှောင်ကြိုးတွေကို နှင်းကြိုတင်လျော့ခဲ့ပါသည်။ နှင်းသည် ကိုယ့်အပေါ်ကိုယ်မိုက်မဲစွာဖြင့်သူ့ကို နာနာကျည်းကျည်းဟန်ပန်များဖြင့် မလိုအပ်တော့စွာ လမ်းခွဲစကားတွေပြောဖြစ်ခဲ့ပါသည်..။

ထိုနေ့က မိုးရွာသည်။ မိုးစက်တွေကို နှင်းရဲ့မျက်ရည်တွေလို့မြင်ခဲ့မိတာမှတ်မိနေသည်။ သူက အားနာမှုများစွာဖြင့်နှင်းကိုဆွံ့အစွာကြည့်နေသည်။ သူက ပေးသည့်အပြစ်ကိုခံတော့မည့်သူတစ်ယောက်လို ငြိမ်သက်လျက်သား သူ့မျက်ဝန်းတွေနာနာကျင်ကျင်ဖြင့် နှင်းကိုငေးစိုက်ကြည့်နေကြောင်း နှင်းမျက်ရည်ဝဲလျက်သားကြားက သိလိုက်တာမှတ်မိသည်။ နှင်းမျက်ရည်မကျအောင်ထိန်းနိုင်ခဲ့တာမှတ်မိသည်။ အိမ်ပြန်ရောက်တော့နှင်းရှိုက်ကြိးတငင်ငိုဖြစ်ခဲ့တာမှတ်မိသည်။ ' ယုံကြည်လေးစားမှုကိုအရင်းတည်ခဲ့တဲ့ချစ်ခြင်းမေတ္တာပါ ကိုကို.. အခုချိန်မှာ နှင်း ကိုကို့ကို မလေးစားနိုင်တော့ဘူး..ဒါဟာချစ်ခြင်းမေတ္တာပျောက်ဆုံးသွားခြင်းပဲ..။ နှင်းရှေ့ကနေထွက်သွားပေးပါကိုကို..' နှင်းရှေ့က လေးပင်သောခြေလှမ်းများဖြင့် သူထွက်မသွားခင်..နှင်းရယ်..ဟု ခပ်တိုးတိုး နာနာကျင်ကျင်ရေရွတ်သွားသံကို ကြားဖြစ်အောင်ကြားလိုက်မိသေးသည်။ နှင်းသည် သူထွက်ခွာသွားသည်ကို အစအဆုံးငေးကြည့်ရင်း သူချန်ရစ်ခဲ့သည့်အတိုင်း နေနိုင်ခဲ့ပါသည်။ တစ်စချင်းပဲ့ကြွေကျနေခဲ့သော နှင်း၏နှလုံးသားသည် သူ့ကိုပျော်ရွှင်စေဖို့သက်သက်ဖြစ်ကြောင်းနှင်းကိုယ်နှင်းသေချာခဲ့ပါသည်။ နှင်းမာန အတွက်ကတော့ နှင်းဟာ သူ့ကြောင့်ဘာမှမခံစားခဲ့ရသလိုဟန်ဆောင်ပီပြင်ခဲ့ပါသည်။ နှင်းကြောင့်သူနောင်တမရစေချင်ခဲ့ပါ။ ပတ်ဝန်းကျင်တွင် နှင်းသည် သူ့ကြောင့်ဘာမှထိခိုက်မခံစားရမှန်းထင်ရလောက်အောင် နေပြနိုင်ခဲ့သည်။ နှင်းသူ့ကိုဒီလောက်ထိချစ်ခဲ့မှန်းနာနာကျင်ကျင်သိခဲ့ရပါသည်။

သူ့ကိုနှင်းမေ့ပစ်ဖို့နေ့တိုင်းကြိုးစားရင်းပင် နေ့တိုင်းနာကျင်စွာ သတိရတတ်ခဲ့သည်။ နှင်းသွားနေကျနေရာတိုင်းဟာ သူ့အရိပ်တွေနှင့်မကင်းဘူးဟု သတိထားမိတော့ အတိတ်၏အရိပ်တို့ဟာ နှင်းကိုခြောက်ချားအောင်လုပ်ကြပြန်သည်။ သူထားသွားခဲ့ခြင်းဟာ နှင်းအနားမှာ တစ်ယောက်မှမကျန်တော့သလိုပဲ..။ နှင်းဟာ အမြဲအထီးကျန်နေတော့မယ့်လူတစ်ယောက်လိုပဲ..။ ထိုအချိန်တိုင်းတွင် နှင်းသူ့ကို သိပ်ကိုတမ်းတခဲ့ပါသည်။ နှင်းဟာထူမတ်ဖို့ကြိုးစားခဲ့ရတာတော်တော်ခက်ခဲသည်။ သူ့ကိုမေ့ပစ်ဖို့အသည်းအသန်ကြိုးစားတဲ့ခဲ့ချိန်မှာမှ သူနှင့်သူ့ချစ်သူကို အမှတ်တမဲ့မြင်ဖြစ်အောင်မြင်မိသော နှင်း၏ကံကြမ္မာကို ထပ်ခါထပ်ခါကြိမ်ဆဲရင်း နှင်းဟာ ကာလကြာရှည်စွာဖြင့် နှင်း နှလုံးသားအပေါ်အထပ်ထပ်အခါခါ ကျဆုံးမိခဲ့ရင်း ကံကိုပဲ ကျိန်ဆဲမိခဲ့ပြန်သည်..။ နှင်း၏မကောင်းသောကံသည် သူ၏ကံကောင်းခြင်းဖြစ်ပါစေဟု မိုက်မိုက်မဲမဲဆုတောင်းဖြစ်ခဲ့တာ သူ သိရင်နှင်းအတွက်နာကျင်နေဦးမှာလား..။ သိပ်ကိုရူးတဲ့ကောင်မလေးပဲလို့ ဟက်ခနဲ လှောင်ရယ်ရယ်မှာလား နှင်းဟာ တစ်ကယ့်ကို မဝေခွဲတတ်ခဲ့နိုင်ပါ..။ နှင်းဟာအရူးတစ်ယောက်လိုပဲ..၊ တကယ့်ကိုအရူးတစ်ယောက်လိုပဲ..။ ဒီလိုနဲ့နှင်းသည် သူ့ပတ်ဝန်းကျင်တို့မှဝေးရာတွင်နေရင်း သူထားခဲ့သည့်အတိုင်း...တကယ့်ကို သူချန်ထားခဲ့သည့်အတိုင်းနေခဲ့ပါသည်..။

ကံကြမ္မာကိုနှင်းမယုံခဲ့သည်မှာကြာပြီ..။ ကောင်းမြတ်ခြင်းတွေလုပ်နေပေမယ့် ကံဆိုးမှုတွေက ရောက်ချင်ရောက်လာတာ..။ ကာလကြာမြင့်စွာ တစ်ယောက်တည်းဖြတ်သန်းခဲ့ပြီးချိန်မှာတော့ နှင်းနှလုံးသာအနည်ထိုင်သွားပြီဟု ထင်မိဆဲမှာ...သူ့အကြောင်းကြားရသည်..။ သူဟာ...သူ့ကောင်းမြတ်သောလုပ်ရပ်များကြောင့် သူ့ဆန္ဒမပါဘဲ သူအဝေးမှာတစ်ယောက်တည်းရောက်နေရတယ်တဲ့..။ ထိုသတင်းသည် နှင်းကိုနာကျင်စေပြန်သည်။ နှင်းသူ့အတွက်ဘာလုပ်ပေးနိုင်သလဲစဥ်းစားရင်း တစ်ယောက်တည်းဝမ်းနည်းနေမိတာ ဘယ်သူမှမသိခဲ့..။ သူ၏ချစ်သူသည် သူ့အားအစွမ်းကုန်အားပေးနေမှာဟုတွေးရင်း... နှင်းမှာအခွင့်မရှိတော့ဘူး..ဆုံးရှုံးပြီးသားဟုစဉ်းစားရင်းနှင်းသည် အသည်းအသန်မေ့ပစ်ခဲ့ရပြန်သည်။

နှင်းကလည်း ဘ၀အတွက်ကြိုးစားရုန်းကန်နေဆဲမှာ သူ့ကိုသတိရနေမိခဲ့သည်..။ နှင်းအခုရောက်နေသောနေရာဟာ အရင်သူခြေချခဲ့ဖူးသောနေရာများဖြစ်နေမလားလို့ အခါခါတွေးမိသည်..။ တိုက်ဆိုင်စွာ သူ..နှင်းကိုသတိရနေတယ်တဲ့..။ သူငယ်ချင်း၏ပြောစကားအပေါ် နှင်းမယုံနိုင်ပါ..နှင်းအပေါ်သူ၏ သတိရခြင်းသည် သူ၏နာင်တရခြင်းသက်သက်ဖြစ်ပါစေ။ နှင်းသည် သူ့အကြောင်းစဉ်းစားမိတိုင်း သူနှင့်အတူတွဲမြင်နေမိသောသူ့ချစ်သူကိုအားနာမိပြန်သည်။ နှင်းသူ့အပေါ်တင်းမိသောနှောင်ကြိုးသည် သူ၏နောင်တရခြင်းသက်သက်သာဖြစ်ပါစေ..။ ထိုနောင်တတရားတို့ကိုနှင်းဖြေလျော့ပေးချင်မိပြန်ပါသည်။ အထီးကျန်နေမည်ဖြစ်သောသူ့အား နှင်းကြောင့်ထပ်မံ မကြေကွဲစေချင်ပါ..။ နှင်းဒီလောက်ထိ စဉ်းစားမိပြန်သည်။ နှင်းဟာ သူ့ဆီကိုစာရေးမိပြန်သည်..။ သူ၏ချစ်သူအကြောင်းကို မစဉ်းစားနိုင်ပဲ.. ဘာလို့ပြတ်စဲဖြစ်သွားတာလဲဟု မမေးဖြစ်တော့နိုင်အောင်ကိုပဲ နှင်းဟာ ၀ဋ္ဋ်ကြီးသူတစ်ယောက်ဖြစ်ပါသည်။ သို့သော်နှင်းသည်..သူတို့ပြတ်စဲတာစောင့်ဆိုင်းနေသောယုတ်ညံ့သောမိန်းမ မဟုတ်ကြောင်းကိုတော့ နှင်းအသိဆုံးဖြစ်ပါသည်။ နှင်းမာနက ဒီမှာစတင်သည်။ နှင်းသည် သူစတင်လက်တွဲတော့လည်းသူ့လက်မှာယုံကြည်စွာတွဲခိုခဲ့ပါသည်။ သူချန်ခဲ့တော့လည်း နာကျင်စွာနေတတ်ခဲ့ပါသည်။ သူ့နာကျင်စေမည်စိုး၍ သူ့တို့ရှေ့တွင် အရိပ်သော်မျှမထင်အောင် နေတတ်ခဲ့ပါသည်။ သို့သော်... နှင်းသည် ပြန်တွဲလာသောသူ့လက်ကိုမှီတွယ်ဖို့တော့သိပ်ကိုခက်ခဲလွန်းပါသည်။

အဓိက က ယုံကြည်ချက်နဲ့ နှလုံးသားကိုသစ္စာမဖောက်ဖို့ပါပဲ..နှင်းရယ် ဟူသောသူ့စာသားသည် နှင်း၏မျက်လုံးထဲမှာမထွက်။ သူ့စာကိုဖတ်ရင်း နှင်းသည် သိပ်ကိုကြေကွဲနေမိပြန်ပြီ..။ ခံနိုင်ရည်ရှိခဲ့ပြီဟု ကိုယ့်ကိုယ်ကို ထင်ခဲ့သည်မှာ မှားသွားပြီ..။ သူ့အတွက် နှင်းနှလုံးသားဟာ တစ်စစ်နာကျင်နေဆဲ..။ သူ့ကို မျှော်လင့်ခြင်းတွေ ထပ်ပေးချင်မိသည်..။ ဒီအခြေအနေသည် နှင်းမမျှော်လင့်ခဲ့သောအခြေအနေတစ်ခုဖြစ်သည်..။ မဖြစ်စေချင်ခဲ့သောအနေအထားတစ်ခုဖြစ်သည်..။ သူ့ကို ဒီလိုအဝေးမှာ မပို့ထားစေချင်ပါ..။ နှင်းဘာမှလုပ်မပေးနိုင်ဘူးဟု တွေးမိသောစိတ်တို့တွင် သူ့ကိုအမြဲအားပေးနေနိုင်သားပဲဟု တင်းကြည့်မိရင်းပင် စိတ်ကိုဖြေသိမ့်ပစ်ရသည်။ ထိုအချိန်တွင် သူ့အတွက်တစ်ခုတည်းကြောင့်ပင် နှင်း၏မာနတရားတို့ဟာ ဘာမှမဟုတ်ခဲ့တော့သလို..။ နှင်းဟာ ဒီလောက်ထိကိုမိုက်မဲမိနေဆဲ..။

ဒီနေ့သည် စနေနေ့ဖြစ်သည်။ အခန်းထဲတွင် သတိရခြင်းများသည် အထီးကျန်ခြင်းတို့ဖြင့်ဖွဲ့သီလျက် အုံ့မှိုင်းငြိမ်သက်လွန်းလှသည်။ သတိရခြင်းမိုးရေစက်များသည် ပြတင်းတံခါးတွင်တွဲလွဲခိုလျက်ရှိပြီး နှင်းသည် ပြတင်းအပြင်ကိုငေးကြည့်လျက်ရှိနေမိသည်။ နှင်း၏စာသည် သူ့အလိုဆန္ဒမပါဘဲအဝေးသို့တွန်းပို့ခံထားရသောသူ့ကို အားအင်သစ်တွေဖြစ်စေသည်တဲ့။ နှင်းသည် သစ္စာတရားဆိုသောစကားလုံး၏ညို့ယူခြင်းကိုခံနေရသည်။ ခင်မင်ရင်းနှီးမှု..ယုံကြည်မှု..ချစ်ခြင်းမေတ္တာ.. အရာရာတိုင်းအတွက် သစ္စာတရားသည် အရေးကြီးလွန်းလှသည်ဟုနှင်းခံယူသည်... သစ္စာတရားကျိုးပျက်လျှင် ချစ်ခြင်းမေတ္တာလည်းကျိုးပျက်စေသည်မဟုတ်လား ။ နှင်းသည် ' သစ္စာတရားကျိုးပျက်ရင် ချစ်ခြင်းမေတ္တာရော နှလုံးသားပါ ပျက်စီးရတာပဲ..ကိုကိုရဲ့"့.. လို့တော့ သူ့ကို အခွင့်ရလျှင်ပြောလိုက်ချင်ပါသေးသည်..။ ။

စိမ်းမြလင်းသစ်

26.06.2011

Sunday, 25 September 2011

တစ်ခုသောညနေခင်းတနင်္ဂနွေ

ထိုနေ့က တနင်္ဂနွေနေ့ဖြစ်သည်။ နေမပူ၊ မိုးမရွာပါ။ ဘာမှလည်း သိပ်မထူးခြားလှပေမဲ့ ထိုနေ့က ကန်ဘေးကခုံတစ်ခုတွင် ထိုင်ခဲ့ပါသည်။  ရေကန်ဘေးခပ်လှမ်းလှမ်းက ခုံငယ်လေးတွင် လူတစ်ကိုယ်စာထိုင်ချလိုက်ပြီးနောက် လေညင်းအေးအေး အောက်တွင် တိမ်တွေကိုတစ်လှည့် တိုက်မြင့်မြင့်ကြီးတွေကိုတစ်လှ
ည့် အပန်းလာဖြေကြသော လူတွေကိုတစ်လှည့် ငေးနေခဲ့သည်။ ငယ်ငယ်က ကိုယ် မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးသည်မှာ ကန်ဘေးတွင် အေးအေးလူလူဖြင့် မကြာခဏထိုင်ရဖို့ဖြစ်သည်။ ကန်လေးတစ်ကန်ဘေးတွင်ဖြစ်ရမည်။ ခပ်ပြေပြေလေညင်းကလေးတိုက်ခတ်နေရမည်။ ပန်းကလေး တစ်ချို့တလေလည်း ပွင့်နေရမည်။ ငှက်သံလေးတွေ မကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေရမည်။ စသဖြင့် စိတ်ကူးတွေ ယဉ်ခဲ့ဖူးသည်။ အခုတော့ ကိုယ် ကန်ဘေးတွင်ထိုင်နေသည်။ အပန်းဖြေသူတွေများသောကြောင့် တိတ်ဆိတ်မနေပါ။ ကိုယ့်ဘေးတွင် ကလေးတစ်ယောက် ပြေးလွှားဆော့ကစားနေခဲ့ပြီး ကန်ရှေ့တွင် မိသားစုတွေ ဓာတ်ပုံရိုက်နေကြသည်။ ကျေးငှက်သံတွေလည်းမကြားရပါ။ လူလည်းရှင်းမနေပါ.။ သို့သော် ကိုယ်က ရေကန်ဘေးခပ်လှမ်းလှမ်းက ခုံတန်းရှည်လေးတွင် ထိုင်နေပါသည်။  ရေကန်အကျယ်ကြီးကိုဖြတ်တိုက်လာသော လေသည် ကိုယ့် စိတ်ထဲက အပူတွေကိုပါ သယ်ဆောင် ဖြတ်ပြေးသွားသလိုပင်။ ဘာရယ်မဟုတ်ဘဲ ကိုယ်က ကန်ပြင်ကို ငေးကြည့်နေရသည်ကို ကြိုက်နေမိသည်။ ထိုစဉ်ခဏက.. စိတ်ထဲတွင် ကြည်လင်လို့နေသည်။  ထိုစဉ်ခဏက.. ပတ်ဝန်းကျင်သည် သိပ်ကိုလှနေသည်။ ထိုစဉ်ခဏတုန်းက.. ကန်ရေပြင်၊ တိုက်ခတ်လာသော လေတို့နှင့်အတူ ရွေ့လျားသွားသော လှိုင်းကြက်ခွပ်လေးတွေကိုကြည့်ရင်း ဖြင့်  သူနှင့်ကိုယ်  စကားတွေအများကြီးပြောဖြစ်ခဲ့ပါသည်။

တကယ်တော့ လူတစ်ယောက်ကို အတွင်းကျကျ ကိုယ့်စိတ်ခံစားမှုတွေ ပြောဖြစ်ဖို့ဆိုတာ ခံစားချက်တွေစီးကူးမိကြဖို့လိုသည်။ ကိုယ့်ခံစားချက်ကို ရင်ဘတ်နဲ့ နှလုံးသားနဲ့နားထောင်ပေးနေတာပါလားဆိုတဲ့ စိတ်ခံစားချက်တစ်ခုလိုသည်။ ကိုယ်သည် သူ့ဆီက ထိုကဲ့သို့သော ခံစားချက်အလုံးစုံကို ဒီကန်လေးဘေးက ထိုင်ခုံလေးတွင်ထိုင်ရင်း သူ့ဆီက ရနေခဲ့သည်ဟု ယုံကြည်ပါသည်။

                                                 +++++++++

"  ဘာတွေတွေးနေတာလဲ.." ဆိုသော ဖျတ်ခနဲအမေးမှာ သူ့ကိုလှမ်းကြည့်မိတော့ ကိုယ့်ကိုပြုံးကြည့်နေတွေ့ရသည်။  ကိုယ်က အမှတ်တမဲ့ပဲ ခေါင်းခါလိုက်မိပြန်သည်။ အမှန်က ဒီနေရာလေးမှာထိုင်မိတိုင်း ကိုယ့်အတွေးတွေများမိမြဲဖြစ်သည်။ စကားနည်းလွန်းလှသော ကိုယ့်အတွက် ကိုယ့်ကိုတစ်ချက်တစ်ချက်ငေးငေးကြည့်သော သူ့မျက်ဝန်းများထံတွင်စကားများစွာပြောချင်လာသည်။

" အမှန်တော့  ဒီနေရာလေးကိုရောက်တိုင်း အများကြီးတွေးဖြစ်တယ်.. "
ကိုယ့်ရဲ့ ခပ်တိုးတိုးစကားကို သူက  ကန်ရေပြင်ကိုငေးရင်း တိတ်ဆိတ်လေးနက်စွာ နားထောင်နေသည်။
" ခိုင်လေ ဒီကိုရောက်မှ ကံဆိုတာကို ပိုယုံလာတယ်..။ မမြင်ရတဲ့ကံတွေရဲ့အကြောင်း.."

သူက မျက်လုံးတစ်ချက်ဝင့်ကြည့်သည်.။

" ဟုတ်တယ်..ကံကြမ္မာ... သေးသေးတင်ကံ ဆိုပေမဲ့ ဘ၀တွေပေါ်မှာ အကြီးကြီး လွှမ်းမိုးနေတဲ့ကံတရားတွေ.."

ကိုယ်က မပြုံးဘဲ ပြောမိပေမဲ့ သူက ပြုံးသည်။ သူ့အပြုံးရဲ့ အအေးဓာတ်တချို့က ကိုယ့်ရင်ကိုလာထိနေသည်။ သူ့မျက်မှန်ပေါ်တွင် ရေကန်၏ အရိပ်တချို့ ထင်ဟပ်လျက်ရှိနေပြန်သည်..။ ကိုယ်က တိုးတိုးလေးပြောမိသည်။

" ကံတရားရဲ့ အလှည့်တစ်ခုမှာ အခြေအနေတွေ ဖျတ်ခနဲပြောင်းသွားတာမျိုးတွေတွေအများကြီးပဲ..လူကိုယ်တိုင်သိပ်မရွေ့ရဘဲ ကံကရွှေ့ပေးလို့ အများကြီးရွေ့သွားတဲ့လူတွေ၊ နောက်ပြီးတော့ ကိုယ်ကပြေးနေပေမဲ့ ကံကြောင့်နှေးနေတဲ့လူတွေ..."

သူငေးနေပါသည်။ တွေးနေသည်ထင်သည်။ ကိုယ်သည် တိုက်ခတ်လာသော လေပြည်ကြောတွင်စီးမျောရင်း ခေါင်းကိုမော့ကာ အဝေးကိုငေးမိပါသည်။ ကိုယ့်ဆံပင်ပျော့ပျော့တွေ လေအဝှေ့တွင် ၀ဲနေလိမ့်မည် ထင်ပါသည်။ ကန်ပြင်တွင် လေတိုက်တိုင်းလှိုင်းကလေးတွေခပ်စိပ်စိပ်ပြေးနေသည်။ ကမ်းတစ်ဖက်တွင် တိုက်အမြင့်ကြီးတွေကိုမြင်နေရသည်။ ကိုယ် ဒီနေရာတွင်ခဏခဏလာထိုင်မိသော်လည်း ထိုတိုက်အမြင့်ကြီးတွေဟာဘာတွေမှန်းသတိမထားမိခဲ့ပါ။ ကိုယ်မှတ်မိသလောက်တော့ ဘဏ်တစ်ခု ရှိသည်။ ဟိုတယ်တစ်ခုရှိသည်။ လူများစွာက နောက်ခံထားပြီးဓာတ်ပုံရိုက်လေ့ရှိသောရေပန်းထွက်နေသော ခြင်္သေ့ခေါင်းရုပ်တစ်ခုရှိသည်။ ကာစီနိုတစ်ခုလှမ်းတွေ့နေရသည်။ ကျန်တာဘာတွေလည်းမသိတော့။ စိတ်လည်းမ၀င်စားချင်။ စိတ်မွန်းကျပ်မှုထွက်ပေါက်အတွက်သာဖြစ်၍ ကန်ရေပြင်မှလွဲပြီး တခြားကိုသိပ်မကြည့်မိတာဖြစ်မည်။  ဒါမှမဟုတ်လည်း ကိုယ်သည် မွန်းကျပ်နေမိသောစိတ်ကို ကန်ရေပြင်ထဲ မျှောထည့်လိုက်ရုံသက်သက် ကန်ရေပြင်ကိုကြည့်လို၍လည်းဖြစ်မည်။ ကိုယ့်အတွေးစိတ်သည် ကြာပန်းတစ်ချို့ပေါက်နေသော ငယ်ငယ်က မြင်ခဲ့ဖူးသည့် ရေကန်ကျယ်တစ်ခုဆီသို့ရောက်သွားသည်။ သူက..

" အင်း..ဟုတ်တာပေါ့ ခိုင်ရဲ့..တကယ်တော့ကိုယ်တို့က မမြင်ရတဲ့ကံတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှင်သန်နေရတာ..ကိုယ်ဆိုရင်လေ ခုနောက်ပိုင်း ဘာကိုမှတရားသေ ဖက်တွယ်ဆုပ်ကိုင်မထားချင်တော့ဘူး..ဖြစ်ချင်တာတွေလုပ်နေပေမဲ့ ဖြစ်ချင်မှဖြစ်လာတာလေ..တစ်ခါတလေ တော့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးပဲထားမိတော့တယ်"

သူ့စကားသံက တိုးတိတ်ညင်သာသည်။ လေအဝှေ့တွင် သူ့စကားလုံးများသည် ကိုယ့်နားထဲသို့ ဖြေးဖြေးညင်သာစွာ ၀င်လာကြသည်။ သူ့မျက်ဝန်းတွေက နူးညံ့ညင်သာစွာဖြင့် ကန်ရေပြင်ကိုငေးနေသည်။ သူ့စိတ်သည်လည်း အခုအချိန်တွင် ပေါ့ပေါ့ပါးပါးဖြစ်နေလိမ့်မည် ထင်ပါသည်။  ပေါ့ပေါ့နေခြင်းနှင့် ပျော်ပျော်နေခြင်းဆိုသည့် စကားလုံးကွာခြားချက်ဆီကို စိတ်က ရောက်သွားမိပြန်သည်။ သူပြောတာ ပေါ့ပေါ့တန်တန် ဆိုသည့်သဘောမဟုတ်လောက်၊ ပေါ့ပေါ့ပါးပါးဟု ပြောခြင်းဖြစ်မည်။ သူပြောချင်တာကို ကိုယ်သေချာနားလည်နေပါသည်။

                                                                           +++++++


ငယ်ငယ်တုန်းက အိမ်နှင့်အနည်းငယ်လှမ်းသည့် ကျောင်းကိုလမ်းလျှောက်သွားသည့်အခါတိုင်း လမ်းမှာလက်ဆည်ကန်တစ်ခုဘေးက ဖြတ်သွားရလေ့ရှိသည်။ မိုးတွင်းဆိုရင် ကိုယ့်ဂါဝန်လေးကိုမ,ကာ မ, ကာနှင့် ရွှံ့ဗွက်တွေကိုကျော်သွားရတိုင်းလည်း ရေကန်ကို မငေးဘဲမနေနိုင်ပြန်။ ရေကန်ထဲမှာ ကြာတွေ ပွင့်တတ်သည်။ ထိုစဉ်အချိန်တုန်းကတော့ ရေမြင့်လေ ကြာတင့်လေ ဆိုတဲ့စကားကို ကိုယ် သိပ်နားမလည်တတ်ခဲ့သေးပါ။ ကံဆိုတာ က ရေအမြင့်နဲ့တူပြီး ကြာဆိုတာက အောင်မြင်မှုနဲ့တူမည် လို့ ခုတော့ တွေးနေတတ်ခဲ့ပြီ။

" ငယ်ငယ်တုန်းက ခိုင့်ကို ဆရာတစ်ယောက်က ပြောဖူးတယ် သိလား..။ လူတွေဟာ တစ်နည်းနည်းနဲ့ ကံကြမ္မာအရ သတ်မှတ်ပြဌာန်းခံထားရပြီးသားလူတွေတဲ့.။ အဲဒီတုန်းကတော့ အပြင်းအထန်ငြင်းမိခဲ့တယ်ထင်တယ်.. အခုတော့ တစ်ချို့နေရာတွေမှာ ကိုယ်တိုင်ကြုံထားတော့လည်း အဲဒါဟာငြင်းလို့ကိုမရတော့တဲ့အကြောင်းအရာဖြစ်နေပြီလေ.."

သူ ကိုယ့်ကို နွေးထွေးစွာ တစ်ချက်ကြည့်သည်။ ထို့နောက်သူ ပြုံးလိုက်ပြန်သည်။ ဘာရယ်မဟုတ်ပါဘဲ သူရောကိုယ်ပါတစ်ခဏလောက် ငြိမ်သက်သွားသည်။ ကိုယ့်ဘေးက ကလေးငယ်သည် ဓာတ်ပုံရိုက်ရန် ပို့စ်အမျိုးမျိုးပေးလျက်ရှိသည်။ ကလေးငယ်သည် အပြစ်အကင်စင်ဆုံးပြုံးလျက် ဓာတ်ပုံရိုက်ပေးနေသော သူ့အဖေကို ကြည့်နေသည်။ ကလေးငယ်၏အပြစ်ကင်းလှသော အပြုံးငယ်လေးကို ကိုယ်ခဏငေးကြည့်မိနေသည်။ ကိုယ့်တွင်လည်း တစ်ချိန်တုန်းက ဘယ်အချိန်ဘာဖြစ်မည်ဟု မသိတတ်သော ပူပန်ကင်းမှုမျိုးဖြင့်ပျော်ရွှင်ခြင်းတို့ ရှိခဲ့ပါလိမ့်မည်။

" ခိုင်လေ.. ငယ်ငယ်က ခဏခဏတွေးခဲ့ဖူးတယ်.. လုပ်သလောက်မဖြစ်တတ်လွန်းတဲ့ကံကို အားမလိုအားမရနဲ့ပေါ့.။ ဒါပေမဲ့ အချိန်ကာလဆိုတာမျိုးကလည်း စိတ်ခံစားချက်တွေကို ပါးလျားသွားစေလိုက်တာနော်.။ အခုဆိုရင် ကိုယ်ရသလောက်ကြိုးစားပြီး ကံပေးသလောက်အတိုင်းအတာ ဘောင်လေးထဲကနေပြီး အကောင်းဆုံးလို့ယူဆတဲ့အရာတွေကို ရွေးချယ်လုပ်ကိုင်ရင်းနဲ့ ပျော်အောင်နေတတ်နေပြီ.. ထိုင်နေတာမှမဟုတ်တာ.. ကိုယ့်ရဲ့ပေးသလောက်ကံထဲကနေ သွားတော့ သွားနေရတာပဲ..ငယ်ငယ်ကဆိုရင် ဒီလိုဘယ်ဟုတ်လိမ့်မလဲ..ဒါကိုဘ၀လို့များခေါ်ရမလားပဲနော်"

" အင်း..ဒါပေမဲ့ ခိုင်ရဲ့.. ကိုယ်တို့တွေ ထိုင်မနေဖို့ပဲလိုတယ်လေ..။ ဖြစ်လာတဲ့အခြေအနေကို အကောင်းမြင်ပြီး အတည့်အတိုင်းမြင်ပြီး လုပ်သင့်တာလေးတွေကို လုပ်ရင်းနေကြရမှာ. ဒါဟာထိုင်နေတာမဟုတ်ရင်ပြီးတာပဲ.။ ကံကြမ္မာအရ သတ်မှတ်ပြဌာန်းခံထားရပြီးသားဆိုပေမဲ့လည်း ရသမျှအနေအထားထဲကနေ ဖြစ်ပေါ်လာမယ့် အခွင့်အခါတစ်ရပ်အတွက်တော့ ကိုယ်ရနိုင်သလောက်လေးလုပ်နေရမှာပေါ့.. ဒါမှန်တာပေါ့..။  ဒီလိုစိတ်ထားလေးနဲ့အေးအေးချမ်းချမ်းလေးနေသွားကြရမှာ.."


အေးချမ်းမှု ဆိုတာ ပစ္စုပ္ပန်တည့်တည့်တွင်နေထိုင်ခြင်းဟု တစ်ခါတလေ ကိုယ်တွေးမိသည်။ မျှော်လင့်ခြင်းသည် လေးလံသော ၀န်ထုပ်ဝန်ပိုးဖြစ်လာသောအခါ ကိုယ့်ကို မျှော်လင့်ခြင်း၏ပူလောင်ခြင်းများက အနာဂတ်ကနေ ပစ္စုပ္ပန်အထိ ပူလောင်တတ်လာသည်။ အမှန်တကယ်ဆိုလျှင် လက်တွေ့အနေအထားတစ်ရပ်ကို ကျေကျေနပ်နပ်လက်ခံပစ်လိုက်ရခြင်းဆိုသည်မှာ ထင်သလောက်မလွယ်ကူလှပါ။ မျှော်လင့်ခြင်းတစ်ချို့၏ ပူလောင်ပြင်းပျမှုများက ကိုယ့်ကို လောင်ကျွမ်းစေခဲ့ပြီးသည့်နောက်တွင် ကိုယ်သည် မျှော်လင့်ခြင်းသက်သက်ကို မချဉ်းကပ်ချင်ခဲ့တော့ပါ။ တကယ်တော့ တချို့မျှော်လင့်ချက်တွေဟာ ကိုယ့်အတွက် ထပ်ခါထပ်ခါ ပွန်းပဲ့မှုတွေပဲဖြစ်ပြီး ကိုယ့်အတွက် စိတ်အမာရွတ်တွေပဲများလာသည်။ ခုတော့ ကိုယ်က မျှော်လင့်ချက်နဲ့ ပူးတုံခွာတုံ လုပ်နေတတ်ပြီ။ လိမ္မာလာပြီလို့ပဲ ဆိုပါစို့။

သူက ထပ်ပြောသည်...

" ခိုင်ရယ်..ကိုယ်တို့တွေဟာ မျှော်လင့်ခြင်းရဲ့ကျေးကျွန်တွေတော့ မဖြစ်သင့်ကြဘူးလေ.. မျှော်လင့်ခြင်းဆိုတာကို မျှော်လင့်ခြင်းသက်သက် ဖြစ်လာတဲ့အခါ လူကို သိပ်ပူလောင်စေတယ်. အဲဒါ သိပ်အရေးကြီးတယ်..သိလား ခိုင်ရဲ့..ဒါပေမဲ့လည်း ရောင့်ရဲခြင်းဆိုတာဟာ နဲ့ အပျင်းထူတာမဟုတ်ဘူး ခိုင်ရဲ့ ...ခိုင် လည်း အပျင်းထူမနေနဲ့ဦး...မျှော်လင့်ခြင်းဆီ ရောက်ဖို့ သွားတော့သွားနေရမှာပဲလေ. "

သူက ခပ်သဲ့သဲ့ ရယ်သည်။ ကိုယ်က အတွေးချင်းတူနေမှုအပေါ် အံ့အားသင့်ပြီး သူ့ကို ကြည့်မိတော့ သူက ကန်ရေပြင်ကိုငေးကြည့်ပြီး ပြုံးရယ်နေပြန်သည်။ သူ့ကိုကြည့်ရသည်မှာ သိပ်ကို ငြိမ်းချမ်းနေသော လူတစ်ယောက်လိုပါပဲ။ တိမ်တွေကို အမှတ်အမဲ့ငေးကြည့်နေသော ကြောင့် သူ့မျက်မှန်ပေါ်တွင်တိမ်ရိပ်တချို့ ဖြတ်ပြေးနေကြသည်။ သူ့နှုတ်ခမ်းတွေက ပြုံးလျက်ရှိပြီး..သူ့မျက်လုံးတွေကပါ အေးချမ်းနေကြသည်။ သူက ရုတ်တရက်ကိုယ့်ကို လှည့်ကြည့်တော့ ကိုယ်က အကြည့်ကိုအမြန်လွှဲပစ်ရပြန်သည်။ သို့သော် သူ့မျက်မှန်ပေါ်မှ တိမ်စတိမ်မျှင်တို့သည် ကိုယ့် နှလုံးသားထဲ ၀င်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဖြူလွနေသော တိမ်များ .သည် ဘယ်လောက်ကြာကြာ ကိုယ့်ရင်ထဲတွင် ငြိတွယ်နေကြမည်လဲ မသိ။ သူက ကိုယ့်ကို အပျင်းထူမနေနဲ့ လို့ပြောတော့ နည်းနည်းလေးတော့ ကိုယ် ပြုံးစိစိဖြစ်မိသည်။ ငယ်ငယ်ကဆို ကိုယ့်ကို ဆရာတစ်ယောက်က ပြောခဲ့ဖူးသည်။ ' ခိုင်ရဲ့.. ညည်းက half runner ...half sleeper '..တဲ့။ ထိုစဉ်တုန်းက ထိုဆရာကို နည်းနည်းတော့စိတ်တိုမိသည်။ ဘယ့်နှယ်.. ကိုယ့်တပည့်အရင်းကြီးကို အပျင်းထူ အအိပ်ပုပ်လို့ ပြောခဲ့တာကိုး။ ခုတော့ ထိုဆရာလည်း သူဖြစ်ချင်သော သူ့အိပ်မက်ကို ဟိုနားနည်းနည်းလေး ပြင်လိုက်၊ ဒီနားနည်းနည်းလေးပြင်လိုက်ဖြင့် ဆက်လက်ရေးဆွဲနေလေပြီ ။ ဒါဆို ကိုယ်ကရော...။


                                                                    +++++++


တစ်ခါတစ်ခါတော့လည်း ကိုယ်လုပ်ချင်သည့်အနေအထားတစ်ရပ်ကို လုပ်ဖို့အခွင့်အရေးမပေးတိုင်း ထိုင်နေခဲ့တာမဟုတ်မှန်းတော့ ကိုယ်သိပါသည်။ တစ်ချို့ကိစ္စများ တစ်ချို့နေရာများမှာ ကိုယ်ပြေးချင်တိုင်းပြေး၍မရမှန်းလည်းကိုယ်သိပါသည်။ အခက်အခဲတွေရင်ဆိုင်ရသောနေ့များတွင် ကိုယ်သည် ထိုနေ့ကိုအမြန်ဆုံးဖြစ်သည့်နည်းနှင့်အဆုံးသတ်ပစ်ချင်မိသည်။ ယခုတော့ ကိုယ်နည်းနည်းအရေထူသွားပြီလားမသိ။ ကိုယ်လုပ်ချင်သည့်မနိုင်ရင်ကာကိစ္စတစ်ချို့ကို စိတ်အေးလက်အေးမျက်နှာလွှဲနိုင်နေပြီ။ တစ်ခါတလေ အခွင့်အရေးလေးရလျှင် လုပ်ဖြစ်မည်။ မလုပ်ဖြစ်ချင်လည်းမလုပ်ဖြစ်ဘူးပေါ့။ ကိုယ့်ကိုယ်ကို သံသယ၀င်ချင်မိသည်။ ဒါသည်ပင် ကိုယ့်ရဲ့ ၀ီရိယမရှိခြင်းလား။ ကာလတစ်ခုကတိုက်စား၍သွားသော စိတ်ဓာတ်လား။  တကယ်တမ်းက အမှန်တရားတစ်ခုမဟုတ်တောင် ကိုယ့်ဆေးနည်းနဲ့ကိုယ်တော့ ဟုတ်နေကြောင်း ကိုယ်သိပါသည်။ တချို့တွေ ခရီးပိုရောက်ခြင်းမှာ စမှတ် တချို့ နှင့်ဆိုင်မည် ဆိုလျှင် ကိုယ်တို့သည် ရောက်ရှိနေသည့် နေရာတစ်ခုတည်းကို မတွက်သင့်။ တချို့တွေက ဘ၀ကို သုညကစရသည်ဟုပြောလျှင် တချို့ဘ၀တွေက အနုတ်လက္ခဏာ ကစခဲ့ရသည်။ တချို့က အပေါင်းလက္ခဏာ တချို့..တချို့တွေက...။ တကယ်ဆို ဘ၀ဆိုတာ ပန်းတိုင်ရယ်လို့မှ မရှိတာပဲ။ အောင်မြင်မှုကိုဘယ်လိုပေတံနှင့်တိုင်းမလဲ။ ကိုယ့်အတွေးထဲမှာ ဆင်ခြေတွေပြည့်နေအောင်တွေးမိတော့ ခပ်ရှက်ရှက်နဲ့ အသံထွက်အောင် ရယ်မိသည်။ သူကလည်း ပြုံးပြန်သည်။ သူ့အပြုံးမှ အနွေးဓာတ်လေးတစ်ခုသည် ကိုယ့် နှလုံးသားဆီထိသို့ ဖြတ်ပြီး စီးဆင်းသွားကြောင်း သိလိုက်ရသည်။ ဘာရယ်မဟုတ်ဘဲ ထွေရာလေးပါးစကားအနည်းအကျဉ်းကို ညနေခင်းတစ်ခုဆီမှာ သူနှင့်ကိုယ် လှလှပပ ဖြန့်ခင်းဖြစ်ခဲ့ကြသည်။  တကယ်ဆို ကန်လေးတစ်ခုရဲ့ဘေးမှာထိုင်ရင်း ကံအကြောင်း၊ မျှော်လင့်ခြင်းအကြောင်း စသဖြင့် ရောက်တတ်ရာရာပြောဖြစ်ခဲ့သော သူနှင့်ကိုယ်တို့နှစ်ယောက်မှာ တစ်ချိန်တွင် ဘာဖြစ်မယ်မှန်းမသိတတ်နိုင်သေးခင် ခုချိန်ခါမှာတော့ သေသေချာချာကို ကြည်နူးနေကြပါသည်။ ဆည်းဆာရောင်လက်လာပြီဖြစ်သော တိမ်တို့၏အရိပ်ထင်ဟပ်လျက်ရှိသော ကန်ဘေးတွင် အေးအေးလူလူထိုင်ရင်း တနင်္ဂနွေနေ့သည် ရှည်လျားလာပြီ။ တစ်စစတို၍သွားသော  ကိုယ်တို့၏ အားလပ်ချိန် ခဏတာအချိန်ငယ်လေးကို မကြာမီအချိန်အတွင်း ဤညနေခင်းတနင်္ဂနွေလေးတွင် နှစ်ယောက်သားခေါက်သိမ်းရပေလိမ့်ဦးမည်။ ကံ၏အကြောင်းများကို ဤကန်လေးဘေးတွင် ပြောပြီးသည့်နောက် ကိုယ်တို့တွေသည် မရေရာလှသော နေ့ရက်များစွာကို ရင်ဆိုင်ရန် ဘာတွေကိုယုံကြည်နေရဦးမည်လဲပင်မသိ  ။ ကိုယ့်ရဲ့အတွေးတွေကိုလည်း နောင်ဘယ်အချိန်ပြန်ရယ်မောပစ်မိမည်လဲ မသိ ။ ကိုယ့်ရဲ့ မျှော်လင့်ခြင်းတစ်ချို့တွေဆီကို ကိုယ်ကိုယ်တိုင် ဘယ်အချိန် ဘယ်လို ရောက်မည်လည်းမသိ။


စိမ်းမြလင်းသစ်

(20/09/2011)

ကြိုးများ

ညက အိပ်မက်မက်သည်။ အိပ်မက်မက်သည် ဆိုသော်လည်း သူသည် အိပ်မက်နေသည်ကို အိပ်မက်မက်နေသည်ဖြစ်ကြောင်းသိေ
နပြန်သည်။ ထိုအိပ်မက်သည် သူ့ဆီကိုလာနေကျဖြစ်သည်။ အလျားလိုက်..ဇာတ်လမ်း အစ ၊ အလယ်၊ အဆုံး... ထိုပုံစံအတိုင်းပင် ။ သူသည် အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် ထိုအိပ်မက် သူ့ဆီလာမည်ကို သိပ်ကြောက်သည်။ အိပ်မက်ပြီးဆုံးသွားလျှင် သူ့မှာ ပေါ့ပါးသွားစမြဲ။ အမှန်တကယ်ဆို..သူ..ထိုအိပ်မက်
စမက်သည်မှာ သိပ်မကြာသေး။ သို့သော်လည်း ထိုအိပ်မက်သည် ပထမဆုံး စမက်ခဲ့ပြီးသည့်အချိန်မှစ၍ သူ့ဆီသို့ မကြာခဏရောက်ရောက်လာတတ်သည်။ အထူးသဖြင့် အခုလိုမိုးရွာသောညမျိုးတွေမှာ...။

                                                                            XXXXXX

အိပ်မက်၏ အစ..။
ပထမတွင် မိုးသံတဖြောက်ဖြောက်ကိုစကြားရသည်။ အခန်းသည် စိမ့်လျက်အေးလာနေခဲ့သည်။ သူသည် ဘာကိုမှန်းမသိသောစိုးရွံ့ခြင်းတို့ဖြင့်လွှမ်းခြုံခြင်းခံထားနေရသည်။ သူသည် ကျောရိုးထဲမှ စိမ့်ခနဲနေအောင်အေးလျှက်ရှိပြီး ထိုအခြေအနေထံမှ အလျင်မြန်ဆုံး ရုန်းထွက်နိုင်အောင် အပြင်းအထန်ကြိုးစားလျက်ရှိနေသည်။ သို့သော် သူသည် အေးစက်ထုံထိုင်းမှုများက သူ့အားမလှုပ်မယှက်နိုင်အောင် တုပ်နှောင်ထားလျက်ရှိနေခဲ့ပြီဖြစ်ကြောင်း သိခဲ့ရလေသည်။ သူ့မျက်လုံးသည်ဖွင့်၍မရ။ ခြေထောက်တို့မှာ လှုပ်ရှား၍မရ။ တစ်စုံတစ်ယောက်အား အမြန်ဆုံး အကူညီတောင်းချင်လာသည်။ ကျေးဇူးပြု၍ သူ့ကိုနှိုးကြပါ။ သူ နိုးပါရစေတော့။ သူသည် အိပ်စက်ခြင်းမဟုတ်တော့သော သူ၏ အိပ်စက်ခြင်းထံမှ အလျင်မြန်ဆုံးနိုးထချင်နေပြီ။ သို့သော်လည်း သူ့မှာ လှုပ်ရှားမရ..။ ထိုစဉ်တွင်ပဲ မိုးသည် တဝေါဝေါဖြင့် စတင်ရွာချလိုက်သည်။ ဒီလောက်သည်းထန်နေသော မိုးသံတွေအောက်မှာ သူကြိုးစား၍အော်မည်ဆိုလျှင်လည်း သူ့အော်သံကို မည်သူမျှကြားနိုင်တော့မည်မထင်တော့..။  စောင့်ကြည့်မည်..သူစောင့်ကြည့်မှဖြစ်မည်။ သူသည် ရုတ်တရတ် စိတ်ကူးကိုပြောင်းလိုက်သည်။ ဤအခြေအနေသည် ဘာကြောင့်ပေါ်လာရသလဲ။ ဘာအတွက်လဲ.။ ဘာတွေဖြစ်လာမှာလဲ..။ ကြောက်ရွံ့တုန်လှုပ်မှုများဝန်းရံ
နေသော စူးစမ်းချင်စိတ်တို့ဖြင့် သူသည်  ထိုအေးစက်သောအိပ်မက်ဆီသို့ တရွေ့ရွေ့လှမ်းလိုက်မိပါသည်။
                                        xxxxxxxxxxxxx
 အိပ်မက်..။
သူသည်အိပ်မက်ထဲသို့တစ်လှမ်းချင်း ချဉ်းနင်းဝင်ရောက်လျက်ရှိသည်။ တစ်လှမ်းချင်း..တစ်လှမ်းချင်း..။ အိပ်မက်ထဲတွင် သူမျက်လုံးကိုအသာအယာပဲဖွင့်လိုက်တော့ ခပ်မှောင်မှောင် အခန်းကျဉ်းကျဉ်း တစ်ခုထဲတွင် သူ့ကိုယ်သူပြန်တွေ့လိုက်ရသည်။ ထိုအခန်းကျဉ်းထဲတွင်သူသည် ကြိုးများဖြင့်အလုပ်ရှုပ်နေသောသူ့ကိုပြန်တွေ့လိုက်ရသည်။ သူသည် ကြိုးတွေဖြင့်ရှုပ်ရှက်ခတ်လျက်ရှိနေသော အခန်းရဲ့အလယ်တွင်ရောက်လျက်ရှိနေသည်။ သူသည် သူ့ကိုယ်သူပြန်တွေ့နေရခြင်းဆိုသောချောက်ခြားဖွယ်အတွေးအား အိပ်မက်မက်နေခြင်းဖြစ်သည်ဟူသော အသိဆီတွန်းပို့နေရသည်။ ဒါဟာသူပဲ..။ သူ့ပုံရိပ်စစ်စစ်ပဲ..။ အခန်းထဲမှ ကြိုးများကြားမှာ အံ့သြနေသည့်ဟန်အတိုင်းသားပေါ်လွင်နေသော သူသည် မနက်တိုင်းကြည့်ဖြစ်သော ကြည့်မှန်မှာ ပေါ်နေခဲ့သော သူ့ပုံရိပ်စစ်စစ်ဖြစ်မှန်း သူသေချာသည်.။ ဘာဖြစ်နေတာပါလိမ့်..။  အခန်း..။ ဟုတ်သည်။ သူစတင်သတိထားမိသော ထိုအခန်းသည် ကြိုးမျိုးစုံတို့ဖြင့်ရှု့ပ်ပွလျက်ရှိနေသည်။ အခန်းထဲတွင် ဘာပရိဘောဂမှမရှိ။ ဘာအသုံးအဆောင်ပစ္စည်းမျှမရှိ။ ဘယ်သူတစ်ဦးတစ်ယောက်မှမရှိ။ တိတ်ဆိတ်အေးစက်နေခြင်းတို့ခြုံလွှမ်းလျက် သူနှင့် ကြိုးများသာရှိသည်။ ကြိုးတွေ..။ သူသည် ခပ်တိုးတိုး ရေရွတ်မိသည်။ ဟုတ်ပါရဲ့..။ သိပ်ကိုများပြားလှတဲ့ကြိုးတွေ..။  ကြိုးတွေက ဆိုဒ်စုံ။ ရောင်စုံ ။ တချို့က အခန်းထောင့်မှာ ခွေလျက်သား၊ တချို့က သုံးလက်စဖြစ်မည်ထင်သည်၊ ပုံလျက်သား။ ကြိုးတွေက အရွယ်စုံ၊ အရောင်စုံ၊ ဆိုဒ်စုံ။ တချို့က အရောင်လွင်လွင်၊ တချို့က ခပ်မည်းမည်း ခပ်မွဲမွဲ..။ တချို့က တန်းတွေမှာ။ တချို့ကြိုးတွေက သိပ်ကိုတောက်ပပြီးလှပသည်။ တချို့ကကြောက်စရာပုံစံဖြင့်အခန်းထဲမှာ ပွစာကျဲလျက်.။ သူသည် လေအတိုက်တွင် အခန်းထဲ တွင် တလက်လက်ဖြင့် လွင့်ဝဲသွားလျက်ရှိသော လှပသော ကြိုးများနောက်သို့ပျော်ရွှင်စွာ လိုက်ဖမ်းလျက်ရှိပြီး အိပ်ကပ်ထဲသို့ထည့်လျက်ရှိသည်။ အခန်းထဲတွင်ပျံ့ကျဲနေသော ခပ်မည်းမည်းကြိုးကြီးများကိုကျော်ခွပြီး ၀ဲပျံနေသော အရောင်တလက်လက်ကြိုးတွေနောက်ကို လိုက်ဖမ်းလျက်ရှိနေစဉ်ပင် ထိုထိတ်လန့်ဖွယ်ဖြစ်စဉ် တစ်ချို့ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကြိုးတွေစတင်လှုပ်ရှားလာပြီ။ သူလိုက်ဖမ်းလျက်ရှိသော ချစ်စရာ ကြိုးငယ်များသာမက.. အခန်းထဲတွင် ခုနက ငြိမ်သက်လျက်ရှိခဲ့သော ကြိုးများပါ စတင်လှုပ်ရှားလာနေခဲ့သည်။  ကြိုးတွေ သူ့ဆီကို တရွေ့ရွေ့လာနေခဲ့တာပဲ။ သူလိုက်ဖမ်းနေခဲ့သော ကြိုးများသာမကဘဲ သူလန့်နေခဲ့သော ပုံဆိုးဆိုး ကြိုးကြီးများပါ သူ့ဆီကို မြွေများလို တွားသွားပြီးလာလျက်ရှိကြလေသည်.။  သူသည် များပြားလှသော ကြိုးတွေသူ့ကိုစတင်ရစ်ပတ်နေခြင်းကို ကြောက်လန့်တကြားဖြင့် အလူးအလဲကာကွယ်နေရသည်။ သူ့ခြေထောက်တွေကနေတဆင့် တစ်စတစ်စ စတင်ရစ်ပတ်လာ နေခဲ့ပြီဖြစ်သော ကြိုးများကိုကြိုးစားပြီး ရုန်းဖယ်ပစ်နေရသည်။  ပို၍ဆိုးရွားသည်က တန်းတွေပေါ်ကကြိုးတွေကပါ သူ့ကိုယ်ပေါ်ကို ခုန်ချပြီး ရစ်ပတ် လာကြခြင်းဖြစ်သည်။ ဒါဟာ တစ်စုံတစ်ရာရဲ့တွန်းအားတစ်ခုခုပဲဖြစ်ရမည်.။ သူရုန်းလေ..ကြိုးတွေကပိုတုပ်နှောင်လေပဲ..။ သူကြောက်လန့်ခြင်းကြီးစွာဖြင့် ချွေးတွေစိုလာသည်။ ၀ုန်းဒိုင်းကျဲနေသော မိုးသံတွေအောက်တွင် သူ့အသက်ရှူသံသည် အတော်ကြီး ကျယ်လောင်လျက်ရှိနေပြီ..။  လူတစ်ကိုယ်လုံးတုပ်နှောင်မိသွားပြီ..။ ကြိုးတွေကအထပ်ထပ်..။ ထိုစဉ်မှာပဲ အခန်းထောင့်မှာ အိပ်မက်ကိုရပ်စောင့်ကြည့်နေမိသောသူသည် တစ်စုံတရာသောတွန်းအားကြောင့် အခန်းထဲမှ သူနှင့်တသားတည်းဖြစ်သွားသည်။ သူကြောက်လန့်တကြားရုန်းဖယ်လေ. သူ့အား.ကြိုးတွေကတုပ်နှောင်လေလေ..။ မရ..ဘယ်လိုမှမရ..။ သူရုန်းကန်ဖို့အားမရှိတော့စဉ်မှာပဲ ကြိုးများသည် သူ့အား အထပ်ထပ်ရစ်ပတ်ပြီးဖြစ်သွားခဲ့ပြီဖြစ်သည်..။
                xxxxxxxxxxxxx

ကြိုးများသည် အထပ်ထပ်ရစ်ပတ်တတ်ကြသည်..။

ဟုတ်သည် ကြိုးများသည် အထပ်ထပ်ကိုရစ်ပတ်တတ်ကြသည်။ အချို့ကြိုးများသည် တုန်လှုပ်ဖွယ်ကောင်းစွာပင် ရစ်ပတ်တုပ်နှောင်ယုံတင်အားမရဘဲ သူ့ခန္ဓာကိုယ်ထဲအထိ..ရင်ဘတ်ထဲအထိပါ တွန်းထိုးဝင်ရောက်လျက်ရှိနေကြပြီ။ သူကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ သွားပြီ..။ အော်သံတွေထွက်ကျမလာ..။ ကြိုးများသည် အသံတွေကိုပါ တုပ်နှောင်စွမ်းရှိပါသလား။ သူ့အသံသည်ပင်လျှင် ပျောက်ဆုံးလျက်ရှိနှင့်နေပြီ။ ကြိုးတွေ..။ တချို့က သူ့ခန္ဓာကိုယ်ကိုတုပ်နှောင်လျက်၊ တချို့ကြိုးတွေက မမြင်ရဘဲ သူ့ခန္ဓာကိုယ်ထဲကိုပင် ခြောက်ချားဖွယ်ကောင်းစွာ  ၀င်ရောက်တုပ်နှောင်လျက်။  ခုနက သူလိုချင်တပ်မက်စွာ လိုက်ဖမ်းခဲ့သော အရောင်တလွင်လွင်ကြိုးငယ်လေးတွေကလည်း သူ့ရင်ကိုဖောက်ပြီးတိုးဝင်လျက်ရှိနေခဲ့ပြီ။  ဟိုး...ရင်ထဲအထိ၊ သူ့ နှလုံးသားကိုပါတုပ်နှောင်လိုက်လေပြီလား..။ သူရင်ဘတ်တွေအောင့်လာသည်..။ ၀မ်းနည်းနာကျင်ခြင်းသည် သူ့အားဖိစီးလျက်ရှိနေပြီ။ မွန်းကျပ်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း..တို့ကပါ သူ့ရင်ကိုဖိစီးလျက်ရှိသည်။ ရွာနေသောမိုးရေစက်သံ၊ မိုးခြိမ်းသံတို့သည် သူ့အား ပိုမိုခြောက်ချားစေလျက်ရှိနေပေပြီ။ တစ်ချက်တစ်ချက်ထပြီးထစ်ချုန်းလိုက်သောမိုးခြိမ်းသံတို့သည် သူ့အားတုပ်နှောင်လျက်ရှိနေသောကြိုးတွေအတွက် အားပေးသံတွေလားဟုပင်တွေးမိပြန်သည်။ သူရုန်းထွက်ပါရစေတော့..။ ကြိုးတွေဖြင့်မွန်းကျပ်လှပြီ..။ သူ့အားနိုးထခွင့်ပေးပါတော့..။ သူမောပန်းလှပြီ.။ သူအလွန်အမင်းတုန်လှုပ်လျက်ရှိနေစဉ်မှာပင် သူ့အားစွမ်းအားပြင်းထန်သောတစ်စုံတရာက အခန်းပြင်ရောက်အောင်တွန်းပို့လျက်ရှိနေပြီ။ ကြိုးတွေတုပ်နှောင်ခံထားရသော သူက လေးလံစွာ၊ ကြောက်လန့်စွာ၊ တုန်လှုပ်စွာဖြင့် တစ်နေရာကို တစ်စုံတစ်ရာရဲ့ခေါ်ဆောင်မှုအောက်မှာ လွန်ဆန်နိုင်စွမ်းကင်းမဲ့စွာ လိုက်ပါနေရသည်။ ဘယ်ဆီကိုလဲမသိ။ သူသိသည်က အမှောင်..။ ဘယ်လိုမှတွန်းထိုးရုန်းကန်လို့မရတော့..။ ခေါ်ဆောင်ရာလိုက်ပါရင်း နောက်ဆုံးရပ်တန့်လိုက်သည့်နေရာက ချောက်ကမ်းပါးအစွန်းတစ်နေရာဖြစ်မှန်းသူသိလိုက်သည်။ ဘာလုပ်ဖို့ပါလိမ့်။ သူပို၍ကြောက်ရွံ့မိနေသည်။ နှလုံးခုန်သံသည် ကျယ်လောင်စွာမြည်ဟီးလို့.။ သူ ချောက်ထဲကို တွန်းချခံရတော့မှာလား..။ သူ့အားနိုးထခွင့်ပေးပါ..။ သူကြိုးစားရုန်းထွက်မှဖြစ်မည်။ သူသည် တုပ်နှောင်ခြင်းခံထားရသော ကြိုးများဆီမှ ရုန်းကြည့်သည်။ ပထမတွင်..ရုန်းမရ။ သူရုန်းသည်။ ရုန်းနေရင်း ခြေမချော်မိအောင်ကြိုးစားနေရသည်။ ဟော...ကြိုးတွေအနည်းငယ်လှုပ်လာပြီ။ သူသည် မိုးရေတွေကြားထဲမှာ ချွေးတွေပျံလာသည်။ သူ့တစ်ကိုယ်လုံးချွေးတွေ၊ မိုးရေတွေဖြင့် ရွှဲစိုနေပြီ (ထင်ရသည်)။ အတန်ကြာသည်အထိ သူရုန်းထွက်ပြီးချိန်မှာတော့.. ကြိုးတွေပြေလျော့စပြုနေပြီဆိုတာသိလာသည်..။ တော်ပါသေးရဲ့..။ သူလွတ်မြောက်နိုင်သေးသည်။ သူသည် အဆုံးစွန်ဆုံးအားထုတ်ကာ ကြိုးတွေကိုဖြည်ကြည့်လိုက်သည်။  ဟော...ရပြီ။ ခုနကသူ့ကို ချည်တုပ်ထားခဲ့သော ကြိုးတွေပြေလျော့ကုန်ပြီ..။ သူ့တစ်ကိုယ်လုံးပေါ့ပါးသွားသလိုပါပဲ။ သူသည် လွတ်လပ်ခြင်းဆိုတာဒါပဲဟုသိလိုက်ပြီ။ လှိုက်ခနဲ ဖြစ်ပေါ်လာသောပျော်ရွှင်မှု အားတက်မှုတို့နှင့်အတူ.. ပြေလျော့ကျလာသောကြိုးတွေအား ချောက်ထဲသို့ လုံးထွေးပြီး နာကျည်းစွာကန်ထုတ်ပစ်လိုက်လေသည်..။ သွားစမ်း..ဒီကြိုးတွေ..။

            xxxxxxxxxxxxx


မမြင်ရသောကြိုးတွေက ပိုမိုတုပ်နှောင်တတ်သည်..။

 ကြိုးတွေမှလွတ်မြောက်ခြင်းသည် သူ့အား ပျော်ရွှင်ခြင်းဆီသို့တွန်းပို့နိုင်ပြီ ဟုထင်လိုက်သည်..။ သူသည် ကြိုးများကို ချောက်ကမ်းပါးထဲသို့ ကန်ထုတ်လိုက်ပြီးသည့်နောက် လွတ်လပ်ခြင်း ကိုခံစားလိုက်ရခြင်းသည် ခဏတာမျှသာဖြစ်ကြောင်း ၀မ်းနည်းကြေကွဲဖွယ်တွေ့လိုက်ရသည် ..။ သူဖြည်လျော့လို့ ရခဲ့သောကြိုးတွေက သူ့ခန္ဓာကိုပြင်ပကိုတုပ်နှောင်ခြင်းခံခဲ့ရသောကြိုးတွေကိုသာဖြစ်မှန်း ရင်ထဲမှ တစစ်စစ်အောင့်တက်လာသောခံစားမှုက သတိပေးသည်။ ဒါဆိုရင်..ခုနက သူ့ရင်ထဲထိအထပ်ထပ်ဝင်ရောက်တိုးဝင်တုပ်နှောင်ခဲ့ပြီးဖြစ်သောအရောင်တလက်လက် ကြိုးငယ်လေးတွေကိုရော..။ သူဘယ်လိုလုပ်ရပါ့မလဲ..။ သူ အပြင်းအထန် တုန်လှုပ်မိပြန်သည်။  သူသတိရမိလိုက်စဉ်ချက်ချင်းမှာကိုပဲ သူ့ရင်ထဲမှ ထို ကြိုးတွေကို သူဆွဲထုတ်ဖို့ကြိုးစားသည်။  မရ..။ ဘယ်လိုမှမရ..။ ကြိုးစားလေ နာကျင်လေ..။  နည်းမျိုးစုံကြိုးစားပြီးသည့်နောက်..သူ ဘာလုပ်ရမလဲ..မသိတတ်တော့..။ သူသည် ချောက်ကမ်းပါးစွန်းတွင်ရပ်နေဆဲ..။ ခုနက လုံးထွေးကန်ထုတ်ပစ်လိုက်သောကြိုးတွေကတော့ ချောက်ထဲမှာ ပြန်ကြည့်လို့ပင်မတွေ့ရတော့..။ သို့သော်.. သူ့ခန္ဓာကိုယ်ထဲကို အထပ်ထပ်ဝင်ရောက်တုပ်နှောင်နေခဲ့ရပြီ ဖြစ်သော မမြင်ရတော့သောကြိုးတွေ.ကို ဘယ်လိုလုပ်ရပါ့မလဲ.။ သူ့ရင်ဘတ်တွေ နာကျင်လျက်ရှိကြောင်း ၀မ်းနည်းနာကျင်ဖွယ် တုန်လှုပ်ဖွယ်ကောင်းစွာ လက်ခံနေရသည်။ သူဘာလုပ်ရမလဲ..။ သူဘာလုပ်ရမလဲမသိတော့..။ ခုတော့ သူသည်.. မမြင်ရတဲ့ကြိုးတွေနဲ့ အထပ်ထပ်နဲ့အတူ အေးစက်တုန်လှုပ်ခြောက်ချားစွာ ၊ ပြင်းထန်သောနာကျင်မှုများစွာနဲ့အတူ သူဟာ ချောက်ကမ်းပါးစွန်းတွင်ရပ်လျက်..။


                                    xxxxxxxxx

 မျက်လုံးစဖွင့်လျှင်ဖွင့်ချင်း မျက်နှာကျက်ဖြူဖြူကိုစတွေ့ရသည်။ အသက်ရှူသံသည် သူ့ဆီမှ ကျယ်လောင်စွာထွက်ပေါ်လျက်ရှိသည်။ သူ့နှလုံးခုန်သံသည် ဆူညံပေါက်ကွဲလျက်ရှိသည်။ သူသည် ကုတင်ပေါ်တွင်ရှိနေဆဲပဲ အိပ်မက်အကြောင်းကို ပြန်တွေးကြည့်နေမိသည်။ မိုးကတော့ရွာလို့ကောင်းနေဆဲ..။ တစ်ချက်တချက် လက်လိုက်သော လျှပ်စီးတို့အမှအပ ပတ်ဝန်းကျင်က အေးဆေးတိတ်ဆိတ် မှောင်မိုက်လျက်ရှိမြဲ..။ သူကတော့ ချွေးတို့ဖြင့်ရွှဲနစ်လျက်ရှိနေပြီး.. ကြေကွဲဝမ်းနည်းဖွယ်ကောင်းစွာပင် သူ့ရင်တွေပြင်းထန်စွာ နာကျင်လျက်ရှိနေကြောင်းကို ရင်ခုန်သံတဒိုင်းဒိုင်းကြားမှ သိနေရသည်။ ရွှဲနစ်နေသော ချွေးတို့ကို သုတ်ပစ်မည်ဟု စဉ်းစားပြီး ကယောင်ကတမ်းဖြင့် လက်ကိုင်ပ၀ါကိုထုတ်ယူလိုက်စဉ်မှာပဲ.. လက်ကိုင်ပ၀ါနှင့်အတူ အကျီင်္အိပ်ကပ်ထဲမှ  ကြိုးတစ်ချောင်းထွက်ကျလာလေသည်..။


စိမ်းမြလင်းသစ်
28/08/2011