Monday 21 January 2013

မိုးရေထဲ ဖြတ်လျှောက်ကြစို့ ဂျွန်.. အရာအားလုံးဟာ အကန့်အသတ်တွေနဲ့မို့..။

နေရောင်ခြည်အောက်မှာ ခေါင်းကို ခါလိုက်မိတယ်။
ဆွေးမြေ့နေတဲ့ အတွေးတွေ အထွေးလိုက်ကျသွား
အခန်းထဲမှာ မီးရောင်ဝါ၀ါ
မျက်နှာကျက်မှာ စက္ကူငှက်ရုပ်ကလေး
အသက်ရှူလိုက်တိုင်းမှာ ပန်းရနံ့တွေချည့်ပဲ..
အတွေးထဲမှာ….။

ဂျွန်...။
လူတစ်ယောက်ကို ချစ်တာနဲ့
အသက်ရှူလိုက်တိုင်း
ရင်ခွင်တစ်ခုလုံးလင်းရတယ်
ခက်ရောပဲ။
ဒီနေ့ နေသာတယ် ..ဂျွန်။
ကောင်းကင်က အပြာလဲ့လဲ့အောက်
လေထုထဲမှာ ပျော်ရွှင်ခြင်းငွေမှုန်တွေ တလက်လက်
သစ်ရွက်ငယ်လေးတွေ
နေရောင်ခြည် ၀တ်ရုံနဲ့ အတူ ကခုန်နေကြပေါ့။

အပြစ်ကင်းပါတယ် ဂျွန်။
ကိုယ့် ရယ်သံတွေမှာ ပျော်ပါ။
မနက်ဖြန်တွေမှာနေထိုင်ပါ။

ကျေးဇူးပြုပြီး
ကိုယ့်ရဲ့ကြက်ခြေခတ် အနီရောင်တွေကို ခပ်ဝေးဝေးလွှင့်ပစ်ပေးပါ
အနာဂတ်မှာ

ကမ္ဘာအသစ်နဲ့
အစိမ်းရင့်ရင့်မြင်ကွင်းတွေနဲ့
ဂျွန်နဲ့ကိုယ်နဲ့…။

ပျော်ရွှင်ခြင်းအကျီင်္ကို အိပ်မက်အတိုင်းနဲ့ ချုပ်လုပ်ဝတ်ဆင်ဖို့
နေရောင်ခြည်ထဲမှာ ဆန္ဒအသေတွေ စွန့်ပစ်လိုက်ဖို့
တံခါးတစ်ချပ်ကိုဖွင့်ဖို့ စောင့်နေတယ်ဆိုတဲ့အကြောင်း

ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ချစ်ခြင်းမေတ္တာ
အခန်းငယ်လေးဟာ နွေးထွေးတယ်ဆိုတဲ့အကြောင်း
စသဖြင့် .. စသဖြင့်
ဘယ်ဘက်အိပ်ကပ်ထဲက စကားလုံးတွေရဲ့အသံက
တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး..။

သိပ်ထူးဆန်းတယ် ဂျွန်
စောင့်စားရခြင်းဆိုတဲ့ စကားလုံးမှာ ဆူးတွေနဲ့။        ။


စိမ်းမြလင်းသစ်
21/01/2013