အပူအပင်ကင်းတဲ့ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်သေးတယ် ဆိုတဲ့  သီချင်းသံကို ကြားရတဲ့အခါ ကလေးဘ၀ဟာ တကယ်ရော အပူအပင်ကင်းခဲ့ရဲ့လားလို့ ကျွန်မဖြင့် လှောင်ရယ်လေး ရယ်ပစ်ချင်မိတယ်။ ကျွန်မအနေနဲ့ကတော့ ကလေးဘ၀ရယ်လို့ အမှတ်ရစရာတွေကိုတွေးမိတဲ့အခါ ကလေးဘ၀ရဲ့အချိန်တော်တော်များများမှာ လူကြီးမြန်မြန်ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ချင်စိတ်က ပိုပြီးများပြားနေခဲ့တယ်လေ။ ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးလို့ ကျွန်မကို ချုပ်ချယ်ခံရတိုင်းပဲဖြစ်ဖြစ်၊ လူကြီးတွေရဲ့အကူအညီယူရမယ့်ကိစ္စမျိုးမှာ ကျွန်မကိုကူညီမယ့်သူမရှိတဲ့အခါမျိုးဖြစ်ဖြစ် ကျွန်မဟာ လူကြီးသိပ်ဖြစ်ချင်လာမိတတ်တယ်။ ဒါပေမယ့်လည်း ကျွန်မဟာ သူတို့တွေပြောစကားအရ ထုံတယ် အတယ် တဲ့။ အဲ့လိုနဲ့ပဲ ကျွန်မက အ,တယ်။ ထုံထိုင်းတယ် လို့ အသက်တော်တော်လေးကြီးလို့ အထက်တန်းအောင်တဲ့အထိ ကိုယ့်ကိုယ်ကို ယူဆမိနေလေ့ရှိခဲ့တယ်။ အမေဟာ သူ့အယူအဆအရ အဲ့လိုပြောရင် ကျွန်မမှာ မခံချင်စိတ်တွေဖြစ်လာပြီး ပိုပြီးကြိုးစားလာလိမ့်မယ်လို့ ယူဆခဲ့ပုံပဲ။ အမှန်တကယ်လည်း ကျွန်မဟာ ထုံတယ်လို့ ၀န်ခံပါတယ်။ ဒါပေမယ့်လည်း ပြုပြင်စေချင်တဲ့စေတနာနဲ့ဆိုပေမယ့် ထုံတယ် အတယ် ဆိုတဲ့ အားနည်းချက်ကို မီးမောင်းထိုးပြသလိုမျိုး ခဏခဏ အပြောခံခဲ့ရတဲ့ ကျွန်မဟာ ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ကိုယ့်ကိုယ်ကို ယုံကြည်မှု သိပ်မရှိနေခဲ့တာ သိပ်တော့ မဆန်းဘူးပေါ့။ ငယ်ငယ်ကဆိုရင် ယုကီနဲ့ကျွန်မကို အသက်ကတန်းတူနီးပါးဖြစ်နေတာမို့ အမြဲလိုလိုပဲ နှိုင်းယှဉ်ခံခဲ့ရတယ်လေ။ ဘာအတွက်ကြောင့်အပြောခံ အဆူခံခဲ့ရတာလဲဆိုတာကိုတော့ အဆူခံခဲ့ရတာတွေများလွန်းလို့ မေ့သွားပြီ။ သမီးတွေကို စည်းကမ်းသေ၀ပ်စေချင်တဲ့ စိတ်စေတနာအပြည့်ရှိတဲ့အမေဟာ ကျွန်မကို ဗိုက်ခေါက်လိမ်ဆွဲပြီးတော့ပဲဖြစ်ဖြစ် ၊ အပြစ်ကြီးလို့ တံမြက်စည်းရိုးနဲ့ ရိုက်ပြီးတော့ပဲဖြစ်ဖြစ် ဆုံးမလေ့ရှိတယ်လေ။ ဒါပေမယ့် အမေက ဆူတဲ့အခါ အော်တဲ့အခါမှာ

-ဂျိုဝီရယ် တုံးလိုက် ထုံလိုက်တာ.. ယုကီ လို ဥာဏ်ကောင်းအောင် ယုကီချီးကို ကျွေးရမယ်။ ယုကီချီးကိုသွားစား.. လို အော်ပြီးဆူတတ်တယ်။ အဲ့လိုများ အော်တဲ့အခါ ကျွန်မဟာ အမေ့ရဲ့ အရိုက်ခံထိလို့ ငိုနေတဲ့ကြားက ယုကီကြားသွားမှာ စိုးရိမ်ပြီး  ရှက်လွန်းလို့ ခန္ဓာကိုယ်တစ်ခုလုံး သေးငယ်ကျုံ့ဝင်သွားပြီး အငွေ့ပျံသွားချင်စိတ်ဖြစ်မိတော့တာပါပဲ။

ကျွန်မအစ်မနာရာဟာ စာတော်သူဖြစ်ပြီး ကျောင်းမှာလည်း ဆုတွေ ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ခဏခဏရသူဖြစ်လို့ နာရာ့လို စာကျက်စမ်း.. နာရာဆိုရင် ဘယ်လို ဘယ်ဝါ ဆိုပြီးလည်း မကြာခဏ ဆူပြောလေးပြောတတ်ပါသေးတယ်။ အမေဟာ နာရာ့ကို အစ်မကြီးအမိအရာဆိုသလို ရိုသေစေချင်တယ်။ အဲ့ဒါကြာင့်ပဲ အမေဟာ နာရာ့ကို ကျွန်မရှေ့မှာ အမြဲလိုလို အမွှန်းတင်လေ့ရှိတယ်ထင်ပါတယ်။ ဒါဟာ နောက်ပိုင်းမှာ နာရာရဲ့ကျွန်မအပေါ်လွှမ်းမိုးမှုတွေရဲ့အစပြုမှုလို့ ဆိုရလိမ့်မယ်ထင်ပါရဲ့။ ကျွန်မဟာ အမေ ဘယ်လောက်ဆူဆူ ဆူတုန်းခဏသာ အမေ့ကို စိတ်ဆိုးမိပြီး စိတ်ပြန်ပြေတဲ့အခါတော့ အမေ့ကိုသိပ်ချစ်တာပါပဲ။ ကျွန်မဟာ အမေ့ရဲ့ပြောစကားကို တစ်သဝေမတိမ်း နာခံတတ်တဲ့ သမီးအလိမ္မာ သိပ်ကိုဖြစ်ချင်သူပါ။ အမေရေချိုးနေတုန်းဆိုရင် ကျောက်ပြင်ချောချောဖြစ်နေတဲ့ကြားက  သနပ်ခါးတွေ အများကြီးရအောင် သွေးထားပေးလေ့ရှိတယ်။ ဆန်ကူရွေးပေးတာ ၊ အိမ်သန့်ရှင်းရေးမှာကူညီတာ။ ဈေးဝယ် ဟင်းချက်အလုပ်လုပ်ရာမှာ ကူတာ မျိုးကတော့ နေ့တိုင်းပဲ။ အဲ့လိုလိမ္မာတာတွေကို အမေ ကျေနပ်မှာဖြစ်ပေမယ့် အမေဟာ တစ်ခါတလေတော့ သိပ်ကိုစိတ်ဆိုးတတ်ပါတယ်။ ပြီးတော့ အမေက စိတ်ဆိုးတဲ့အခါမှာ စကားကိုရွဲ့ပြီးပြောလေ့ရှိတယ်။ သူရွဲ့ပြီးပြောရင် သူပြောတာနဲ့ပြောင်းပြန်တစ်ခုခုကိုလုပ်ရမယ်ဆိုတာ ကလေးဘ၀ကဘယ်သိခဲ့ပါ့မလဲ။ အဲ့လိုအမေနဲ့ ခပ်ထုံထုံကျွန်မကြောင့် ကျွန်မအဆူခံထိတာ ခဏခဏပဲ။ အိမ်မှာ စကားစပ်မိရင် ပြန်ပြီးပြုံးမိစေတဲ့ ကျွန်မရဲ့ ထုံကွက်တစ်ကွက် ရှိတယ် ..။ ဒီလို...။

အဲ့ဒီနေ့တုန်းက ကျွန်မက သိပ်ကိုငယ်သေးတဲ့အရွယ်ပေါ့။ ထမင်းတော့ကိုယ်တိုင်ကောင်းကောင်းစားတတ်နေပြီဖြစ်တဲ့အရွယ် ဖြစ်ရမယ်။ အိမ်ကကျဉ်းတော့ ထမင်းစားစားပွဲအ၀ိုင်းလေးကို အိမ်ရှေ့မှာခင်းပြီးစားကြရတယ်။ အဲ့ဒီနေ့က အမေတို့က ထမင်းစားပြီးသွားကြတာတောင် ကျွန်မက ထမင်းစားလို့မပြီးသေးဘူး။ ကျွန်မကိုမစောင့်တော့ဘဲ ထမင်းစားပွဲကိုပြန်သိမ်းလိုက်ကြတယ်။ အဲ့ဒါနဲ့  ကျွန်မက စားလက်စထမင်းပန်ကန်လေးကိုကိုင်ပြီး အမေ့ကုတင်ပေါ်ထိုင်ပြီးစားနေလိုက်တယ်။ အဲ့ဒါကို စားပြီးသားပန်းကန်တွေကို ဆေးကြောနေတဲ့ အမေက တွေ့တော့ ကျွန်မကိုလှမ်းဆူပါရောလား..

"ဟဲ့ ဂျိုဝီ.. အိပ်ရာပေါ်တက်မစားနဲ့ ... ခေါင်းအုံးပေါ်တက်စား ခေါင်းအုံးပေါ်တက်စား "

အစက အမေပြောတာကို မကြားဘူး။ နောက်တစ်ခေါက် ကြားတော့ အမေ့စကားကို နားထောင်ချင်စိတ်အပြည့်ရှိတဲ့ကျွန်မက အမေပြောတာ တကယ်ထင်လို့ ဟုတ်ကဲ့ ဆိုပြီးအမေ့ကို ပြန်ပြောပြီး အမေ့ခေါင်းအုံးပေါ်တကယ်တက်စားလိုက်တယ်။
အဲ့ဒီဖြစ်စဉ်ကို အစကနေ အဆုံးထိ မြင်တဲ့အဖေက ရယ်ပြီးတော့ ကျွန်မကို ကုတင်ပေါ်မှာ မစားဖို့ လာပြောတယ်..။  ကျွန်မက အဖေ့ကို ပြန်ပြောလိုက်တယ်လေ...။

" ဟင့်အင်း... အမေက ခေါင်းအုံးပေါ်မှာစားလို့ပြောနေလို့ စားတာ"

အမေကတော့ စိတ်တွေဆိုးလို့။ အဲ့ဒီအချိန်ကစပြီး အမေကစိတ်ဆိုးလို့ ဆူတဲ့ရိုက်တဲ့အခါ ကြောက်နေတဲ့ကြားက သူပြောချင်တဲ့စကားဟာ ဟိုဟာဖြစ်မလား ဒီလိုဆိုလိုချင်တာလားဆိုပြီး ဖြန့်ထွက်တွေး ရှေ့တိုးနောက်ဆုတ်တွေး စသဖြင့်တွေးနည်းပေါင်းစုံကို ခပ်ထုံထုံတွေးရတော့တယ်။ နောက်ပိုင်းတော့ ကျွန်မထုံလို့ တစ်ခုခုမှားရင် သေချာရှင်းမပြဘဲ အမေဟာ ဥာဏ်ကိုလွှာသုံးဖို့ချည့် ပြောနေတော့တာပဲ။ ဥာဏ်ဆိုတာ ဦးနှောက်ကထွက်တာလို့ ကျွန်မကနားလည်တာလေ..။ ဥာဏ်ကို ဘယ်လိုလွှာသုံးရမှာလဲ။ ကိတ်မုန့်တွေကို ဓါးနဲ့ ပါးပါးလှီးရသလို ဦးနှောက်တွေကို အလွှားလိုက်အလွှားလိုက် ပါးပါးလှီးပစ်ရမှာလား။
အဲ့ဒီတုန်းကတော့ အမေ့ရဲ့စကားတွေကို ဇဝေဇ၀ါနဲ့  ဟိုဟာလုပ်ရမလိုလို ဒီဟာလုပ်ရမလိုလိုတွေဖြစ်ဖြစ်ပြီး တကယ့်ကိုပဲ ကျွန်မနားမလည်ခဲ့ပါဘူး။

Comments

Popular posts from this blog

အဖျား

ညှို့ချက်

အပျင်းပြေ