မနက်ခင်းမှာနိုးလာတော့ ပြတင်းပေါက်မှန်မှာ မိုးရေတွေတွေ့ရတယ်။
နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတဲ့
ကိုယ့်ရင်ထဲကအိပ်မက်ကလေးကိုနှိုးလိုက်ရင်ကောင်းမလားလို့ စဉ်းစားမိရင်း
အိပ်မက်ဟာနိုးလာတဲ့အခါအိပ်မက်မဟုတ်တော့ဘူးလို့တွေးမိပြန်တော့
အိပ်မက်ကလေးကိုအိပ်မက်လေးအတိုင်းထားလိုက်ရတယ်…။
ဂျွန်…ခင်ဗျားပေးခဲ့တဲ့အိပ်မက်လေးနိုးသွားရင် ခင်ဗျားဆီပဲပြန်သွားခိုင်းမှာပါ.။
အိမ်တံခါးကိုပိတ်ပြီးလမ်းလျှောက်ထွက်လာတော့ မြင်လိုက်ရတဲ့ လေခါးလက်ရမ်းမှာ ခိုတွေအများကြီးပဲ။
သူတို့တွေပျံမသွားအောင်ခြေသံကိုဖော့ပြီးနင်းလိုက်ရတယ်။
ငှက်ကလေးတွေငြိမ်းချမ်းပါစေ။
မနက်ခင်းလေထုဟာမိုးရွာပြီးစမို့လို့ အေးနေတာပဲ။
တိမ်ဖြူဖြူတစ်ချို့တလေရှိတယ်။
အလုပ်ကိုကသုတ်ကရက်သွားနေကြတဲ့လူတွေရှိတယ်။
နှစ်ယောက်တွဲလမ်းလျှောက်လာကြတဲ့လူတွေကြည့်ပြီးတစ်ယောက်တည်းပြုံးလိုက်ရတယ်… ဂျွန်။
ကန်ပတ်လမ်းဘေးကစကားပင်က မွှေးရနံ့ဟာ အေးပြီးမွှေးနေတာပဲ။
ဒီမနက် အချိန်မရလို့ပေါင်မုန့်မ၀ယ်နိုင်တော့ဘူး ။
မနက်စာမစားဖြစ်လည်းကော်ဖီတော့ သောက်ဖြစ်မှာပါ။
ညစာမစားဖြစ်လည်းနွားနို့တော့သောက်ဖြစ်မှာပါ။
တနင်္ဂနွေနေ့တွေမှာအိပ်ရေး၀၀ အိပ်ပြီး ပျင်းတဲ့အခါ တစ်ယောက်တည်း ရုပ်ရှင်ကြည့်ဖြစ်မှာပါ။
ကျောင်းစာတွေခက်လာတဲ့အခါ၊အလုပ်မှာ စိတ်ရှုပ်စရာတွေ့ရတဲ့အခါ
ညတုန်းကလိုပဲ…တစ်ခါတလေပန်းခြံထဲ ထွက်ထိုင်မှာပါ။
သီချင်းတွေဆိုပြီးရုပ်ရှင်တွေကြည့်မှာပါ။
တစ်ခါတလေစာတွေဖတ်ပြီး တစ်ခါတလေ စာတွေရေးဖြစ်မှာပါ။
တစ်ခါတလေအိမ်နဲ့ ဖုန်းပြောပြီး တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ထွက်တွေ့မှာပါ။
ဝမ်းနည်းတဲ့အခါတစ်ယောက်တည်းမျက်ရည်ဝဲပြီး ပျော်တဲ့အခါ တစ်ယောက်တည်းပဲ ပြုံးမှာပါ။
အမှန်တကယ်တော့အထီးကျန်တယ်ဆိုတာ
တစ်ယောက်တည်းရှိတဲ့အချိန်မှဖြစ်တတ်တာမဟုတ်မှန်းကိုယ်သိပါပြီ …ဂျွန်။
ဒီလိုဆို
တစ်ယောက်တည်းလျှောက်လို့ရတဲ့လမ်းတွေမှာဘာလို့ နောက်တစ်ယောက်ပါစရာလိုပါ့ဦးမလဲ။
ပြီးတော့…
ခင်ဗျားက
တစ်ယောက်တည်းလည်းဖြစ်တယ်ဆို…ဘာကြောင့်ကိုယ့်ကို ခေါ်သေးသလဲ…။
တစ်ယောက်တည်းပဲပျော်တယ်ဆို…ဘာလို့ ကိုယ့်ကိုခေါ်သေးသလဲ…။
စိမ်းမြလင်းသစ်
(May 2013)
Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts
Thursday, 9 May 2013
ဂျွန်…တစ်ယောက်တည်းပဲပျော်တယ်ဆို ဘာလို့ကိုယ့်ကိုခေါ်သေးသလဲ။
S P A C E S
space တွေ ကြားထဲ ခုန်ချလိုက်တယ်
နေပျော်မယ်ဆိုတာသေချာသလား
အလိုမကျသမျှတွေကို တစ်တိုး တစ်လျှော့ နေရ။
ဘယ်သူဟာ ဘယ်မှာ ဘာကြောင့် ညာကြောင့် ဒီအချိန် ဒီအခါ
အတွေးတွေကို သေချာဖြန့်ကျက်ကြည့်တော့
ကိုယ်ကလွဲရင်ကိုယ့်အပြင် ဘယ်သူမှမရှိပြန်ဘူး။
နောက်ဆုံး
လိမ်မာတော့မယ်လို့ ပြောပြီး
လိမ်မာတော့မယ်လို့ ပြောပြီး
စပေ့စ် တွေ ထဲ ခုန်ချလိုက်တယ်
အရိပ်တွေ မလိုက်ခဲ့နဲ့ ...။
စိမ်းမြလင်းသစ်
(April 2013)
Monday, 21 January 2013
မိုးရေထဲ ဖြတ်လျှောက်ကြစို့ ဂျွန်.. အရာအားလုံးဟာ အကန့်အသတ်တွေနဲ့မို့..။
နေရောင်ခြည်အောက်မှာ ခေါင်းကို ခါလိုက်မိတယ်။
ဆွေးမြေ့နေတဲ့ အတွေးတွေ အထွေးလိုက်ကျသွား
အခန်းထဲမှာ မီးရောင်ဝါ၀ါ
မျက်နှာကျက်မှာ စက္ကူငှက်ရုပ်ကလေး
အသက်ရှူလိုက်တိုင်းမှာ ပန်းရနံ့တွေချည့်ပဲ..
အတွေးထဲမှာ….။
ဂျွန်...။
လူတစ်ယောက်ကို ချစ်တာနဲ့
အသက်ရှူလိုက်တိုင်း
ရင်ခွင်တစ်ခုလုံးလင်းရတယ်
ခက်ရောပဲ။
ဒီနေ့ နေသာတယ် ..ဂျွန်။
ကောင်းကင်က အပြာလဲ့လဲ့အောက်
လေထုထဲမှာ ပျော်ရွှင်ခြင်းငွေမှုန်တွေ တလက်လက်
သစ်ရွက်ငယ်လေးတွေ
နေရောင်ခြည် ၀တ်ရုံနဲ့ အတူ ကခုန်နေကြပေါ့။
အပြစ်ကင်းပါတယ် ဂျွန်။
ကိုယ့် ရယ်သံတွေမှာ ပျော်ပါ။
မနက်ဖြန်တွေမှာနေထိုင်ပါ။
ကျေးဇူးပြုပြီး
ကိုယ့်ရဲ့ကြက်ခြေခတ် အနီရောင်တွေကို ခပ်ဝေးဝေးလွှင့်ပစ်ပေးပါ
အနာဂတ်မှာ
ကမ္ဘာအသစ်နဲ့
အစိမ်းရင့်ရင့်မြင်ကွင်းတွေနဲ့
ဂျွန်နဲ့ကိုယ်နဲ့…။
ပျော်ရွှင်ခြင်းအကျီင်္ကို အိပ်မက်အတိုင်းနဲ့ ချုပ်လုပ်ဝတ်ဆင်ဖို့
နေရောင်ခြည်ထဲမှာ ဆန္ဒအသေတွေ စွန့်ပစ်လိုက်ဖို့
တံခါးတစ်ချပ်ကိုဖွင့်ဖို့ စောင့်နေတယ်ဆိုတဲ့အကြောင်း
ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ချစ်ခြင်းမေတ္တာ
အခန်းငယ်လေးဟာ နွေးထွေးတယ်ဆိုတဲ့အကြောင်း
စသဖြင့် .. စသဖြင့်
ဘယ်ဘက်အိပ်ကပ်ထဲက စကားလုံးတွေရဲ့အသံက
တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး..။
သိပ်ထူးဆန်းတယ် ဂျွန်
စောင့်စားရခြင်းဆိုတဲ့ စကားလုံးမှာ ဆူးတွေနဲ့။ ။
စိမ်းမြလင်းသစ်
21/01/2013

Wednesday, 22 August 2012
မိုး
ရုတ်တရက် ကောင်းကင်က မှောင်လာတယ်။
မိုးတွေ ရုတ်တရက်ရွာတော့မလိုမျိုး။
ကိုယ်က ကော်ဖီတစ်ခွက်ကို ထဖျော်တယ်။
ပြီးတော့
ဖတ်လက်စ သတင်းစာကို လှန်ဖို့ မောက်စ်ကို ကလစ်နှိပ်လိုက်။
အဖြစ်အပျက်တွေကို လိုက်ရှာ
သတင်းတွေကို လိုက်ရှာ
သတင်းတွေဟာ သတင်းတွေထဲမှာတင် ပေါက်ကွဲသွား
သတင်းတွေက သတင်းတွေအချင်းချင်းပွတ်တိုက်မိကြ
သတင်းတွေဆီက ခပ်တိုးတိုးအသံတွေကြားရတယ်။
သိပ်ဝေးလွန်းသလားလို့ တွေးရင်းနဲ့
ကဲ- နောက်တစ်မျက်နှာကို ထပ်လှန်လိုက်
အညောင်းဆန့်၊ သမ်းဝေ။
ပြီးတော့ ကော်ဖီကို တစ်ငုံသောက်။
ဟော..
မိုးတွေရွာလာပြီ
ပြတင်းပေါက်ကနေ မိုးစက်တွေ ၀င်လာတယ်။
မိုးစက်တွေ စင်မှာစိုးလို့ ပြတင်းပေါက်ကို အမြန်ပိတ်ရ။
ပြီးမှ..ခုံမှာပြန်ထိုင်ပြီး မိုးရွာတာကို ငေးရတယ်။
ကြည့်..။
ပြတင်းပေါက်မှန်မှာ မိုးစက်တွေ...
အပြင်မှာတော့
မိုးတွေ... သည်းသည်းမည်းမည်း..
ကိုယ်ကလွဲရင် တစ်လောကလုံး ရွှဲရွှဲစို။ ။
စိမ်းမြလင်းသစ်
(23/08/2012)

Monday, 20 August 2012
ည
လကွေးကွေးလေးနဲ့
အိပ်မက်ရေးရေးလေးထဲ ခုန်ခုန်ချ
လှလိုက်တာ...။ ။
စိမ်းမြလင်းသစ်
(20/08/2012)
Friday, 17 August 2012
သစ်ပင်-၁ ၂ ၃
သစ်ပင်-၁
ဘ၀ဟာ သစ်ပင်
ဘ၀ဟာ မြစ်ရေ
နောက်ပြန်မလှည့်ဘူး
မရပ်တန့်ဘူး
တိတ်တိတ်လေးပါပဲ
ဒါပေမဲ့
လိပ်ပြာကတော့ လှတယ်။
သစ်ပင်-၂
မျှော်လင့်ခြင်းတွေ ဖူးပွင့်ဖို့
(ငါ့အား)
ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်စွာ မွေးမြူ
ပြီးတော့ အိပ်မက်တွေကို ခူးယူပါ။
သစ်ပင်-၃
နေ့တစ်နေ့ရဲ့အစ
ပျော်ရွှင်စွာနိုးထ
ပြီးတော့
ညတွေလည်း လှနိုင်စေ။
စိမ်းမြလင်းသစ်
(18/08/2012)
Wednesday, 8 August 2012
အဆုံးသတ်မှာငါ့အတွက် ဗလာသက်သက် သာကျန်ရတယ်
ခရီးထွက်သွားတဲ့ ညကို စကားတစ်ခွန်းလောက်ဖြစ်ဖြစ် လူကြုံပါးဖို့
ဒါမှမဟုတ် ညထဲ ကိုယ်ကိုယ်တိုင်စီးမျောပစ်လိုက် ဖို့
ဟိုအရင်ညက လေညင်းလေးကိုပြန်ဝယ်လို့ရသလား လို့ တိုးတိုးလေးမေးမိတယ်။
အဖြေကိုဘယ်သူပေးမလဲ။
စောင့်စားရခြင်းဟာ အနုပညာတစ်ရပ်ဖြစ်တယ်ဆိုတဲ့ မျက်နှာဖုံးကိုတပ်ထားတယ်
တနင်္ဂနွေဟာ မျက်နှာအသေနဲ့
မြက်ပင်စိမ်းစိမ်းနဲ့ ၊ကွင်းပြင်စိမ်းစိမ်းနဲ့
အဲ့ဒီညက ရှုမျှော်ခင်းလေးက ရင်ဘတ်ထဲကို တစ်ဝက်တစ်ပျက်ဝင်လာတယ်
မိုးခေါင်တဲ့အရောင်ကိုဝတ်ဆင်ပြီး
တစ်စုံတစ်ရာနောက်ကို
တိတ်တဆိတ်လိုက်ပါသွားတဲ့နောက်
အရင်လိုပါပဲ ဆိုတဲ့စကားကိုပဲဖြစ်ဖြစ် ပြောဖို့တွန့်ဆုတ်ရတယ်။
ဘာပဲဖြစ်ဖြစ်
ပြတ်သားရမယ်၊ ပြတ်သားသင့်တယ်။
တစ်စုံတစ်ခု ငြိမ်းသတ်ရင်း တစ်စုံတစ်ခုကို ထွန်းညှိ
အတူတူလောင်ကျွမ်းပစ်လိုက်ဖိြု့ ကိုးစားရင်း
သူပဲ ၊ ငါပဲ ဆိုတာနဲ့ နင်စွဲ ငါစွဲ ဆိုတာတွေလည်းသိတယ်
မျှော်လင့်ခြင်း။ ယုံကြည်ခြင်း။
ပျော်ရွှင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတရား
ဘယ်ဆီကို ခရီးထွက်သွားသလဲ
လက်ဖ၀ါးတွေကို ဆုပ်လိုက်ဖြန့်လိုက်နဲ့
အဖြေကို အထပ်ထပ်ရှာမိတယ်
ဗလာကလွဲရင် ဘာကိုမှမတွေ့ဘူး။
မပျော်ဘူးလို့ပြောပြောပြီး အော်အော်ရယ်ပစ်ရတယ်
အရှိတရားက မှားတဲ့ဘက်မှာဆိုပဲ ...ဟုတ်လား။
သေချာတာက
မငိုရဲဘူး၊ မရှင်သန်ရဲဘူး
မဖန်တီးရဲဘူး။ မဖျက်ဆီးရဲဘူး
ဖြစ်နေတာတခြား ဖြစ်ချင်တာကတခြား
အိပ်မက်တွေပဲ ရှည်လျားလာရတယ်
ဘ၀က သွေးပျက်ဖွယ်။
စိမ်းမြလင်းသစ်
(08/08/2012)
(08/08/2012)
Friday, 27 April 2012
ညှို့ချက်
တိမ်တွေဟာအထပ်ထပ်နဲ့
တိမ်ညိုညို တိမ်ဖြူဖြူ ၊
ကောင်းကင်အပြာဖျော့ဖျော့ကိုအောက်ခံမှာထားလို့
တိမ်တွေဟာသိပ်ကိုလှတယ်လို့ ကိုယ်ကတွေးမိတော့ ရင်ဘတ်ကိုအသာဖိထားရသေးတယ်
အမှတ်တမဲ့ကြည့်မိတာပဲ။
တိမ်တွေကိုကြည့်နေရင်းနဲ့ ကိုယ့်ရင်ဟာတဒိတ်ဒိတ်
တငြိမ့်ငြိမ့်နဲ့ သိမ့်ခနဲသိမ့်ခနဲ
ခဏနေရင်တိမ်ညိုညိုတွေပြိုကျလာမှာလို့သိလည်း အကြည့်ကိုရွှေ့မရဘူး
အမှတ်တမဲ့မော့ကြည့်ရင်း အကြည့်ဟာ တိမ်တွေထဲမှာနစ်လို့
အကြည့်ကို တိမ်တွေထဲက ထုတ်မရဘူး
မနက်ခင်းကောင်းကင်ဟာ တိမ်ညိုညိုတွေကိုသယ်ပိုးလို့
ဘယ်အချိန်ရွာချမလဲ မသေချာဘူး
တိမ်ဖြူဖြူတွေဟာလည်း တရွေ့ရွေ့နဲ့မျောလွင့်လို့
လေပြည်လေးတိုက်လိုက်တဲ့ခဏမှာတော့
တိမ်တွေအပြည့်နဲ့ကောင်းကင်ဟာကိုယ့်ကိုငုံ့ကြည့်နေလားလို့တွေးမိတယ်
အမှတ်တမဲ့ကြည့်မိတဲ့ကိုယ်က လှမ်းလက်စခြေလှမ်းကိုရပ်လို့
ခြေလှမ်းတွေကိုရွေ့လို့မရဘူး
တိမ်တွေကိုခြေစုံရပ်မကြည့်ဖြစ်တာဘယ်လောက်ကြာပြီလဲလို့တွေးရင်း
အတွေးတွေက တိမ်တွေထဲနစ်လို့
ကိုယ်ဟာ ကိုယ်ကိုယ်တိုင်မသိလိုက်ဘဲနဲ့ တစ်ခုခုထဲနစ်လို့
ကိုယ်မသိလိုက်ဘဲနဲ့ မသိခြင်းတွေထဲနစ်လို့
ကိုယ်မသိလိုက်ပါဘဲနဲ့ ကိုယ်က ရွေ့လျားခြင်းတွေထဲတိတ်တိတ်ဆိတ်ဆိတ်နစ်လို့
နစ်မြုပ်နေခဲ့ရတဲ့အကြောင်းတွေကို တိမ်တွေထဲနစ်နေတဲ့စိတ်ကနေတဆင့်သိလိုက်ရတယ်
ဘယ်လိုမှရုန်းထွက်မရဘူး
ဒီနေ့မှပဲ အမှတ်တမဲ့နဲ့ တိမ်တွေကိုကြည့်မိတယ်
တိမ်ညိုညို တိမ်ဖြူဖြူတွေနဲ့
တိမ်တွေဟာသိပ်ထူထပ်နေလည်း တိမ်တွေသိပ်လှကြောင်းသိလိုက်ရတယ်
ရိုးရိုးလေးညှို့လိုက်တဲ့တိမ်တွေထဲမှာ
ကိုယ်က ဘယ်လိုမှရုန်းထွက်မရဘူး ။ ။
စိမ်းမြလင်းသစ်
(27/04/2012)

Monday, 2 January 2012
" သေချာပါတယ်..ဒါဟာ ရောဂါပဲ "
မိုးလင်းကတည်းက
အရင်က အရှင်းကြီးမသိခဲ့တဲ့အတိုင်း
ဘ၀ဟာ ဒီလိုချည့်ပဲလို့ ထပ်ပြန်တလဲလဲရေရွတ်နေခဲ့ရ
ရောဂါ...။
နောက်ကျခဲ့ပြီဆိုလည်း သိခွင့်တော့ရှိရမယ်
ပျော်ရွှင်မှုဆိုတာ သစ်ရွက်ငယ်ပေါ်က နှင်းရည်စက်ကလေး
လေတိုက်တိုင်းလွင့်ဝဲရာမို့
တဖျပ်ဖျပ်လင်းလက်ရတာ မောလွန်းတယ်..။
ဖျားနေကျနာနေကျ ကံတရားပါ
တစ်ရံတစ်ဆစ်ကလေးရယ်မှ မဖြစ်နိုင်တော့ပါဘူးလို့
အရင်ကတွေးမိခဲ့သလိုလေး
ပြန်တွေးမိခဲ့ဖို့ကောင်းပါရဲ့..။
အခုတော့
အထားအသိုတွေ အံလွဲ
အကျနာခဲ့ရတာပဲရယ်လို့မပြတ်တမ်းတွေး
အဖြေကိုသိတယ်...
တကယ်ပဲ..ကိုယ်က တစ်ကနေပြန်မစချင်တော့ရုံ..။
အမှန်အတိုင်းမြင်ရာ
မျက်နှာချင်းဆိုင်လိုက်တိုင်းဟာ အမှောင်ဘက်ခြမ်းချည့်
တစ်ချိန်ချိန်ဆိုတဲ့အတွေးတွေမှာ အမြဲတမ်းပဲ
သိပ်ကို သောက်ရေးသောက်ရာမပါတဲ့ အကြောင်းအရာတွေနဲ့ပဲ ချာချာလည်..။ ။
စိမ်းမြလင်းသစ်
(03/01/2012)

Tuesday, 6 December 2011
သင်ခန်းစာအကြီးကြီး
သင်ခန်းစာအကြီးကြီး
မကြည့်နိုင်တော့လို့မျက်လုံးကိုမှိတ်လိုက်ရ ။
သင်ခန်းစာအကြီးကြီး
မနက်မိုးလင်းကတည်းက တစ်စုံတစ်ခုကိုထိတ်လန့်နေရ ။
သင်ခန်းစာအကြီးကြီး
မဆန့်တော့လို့ ရင်ဘတ်ကနေပြန်အန်ထွက်တယ် ။
သင်ခန်းစာအကြီးကြီး
ကျနော့်စိတ်ဝိညာဉ်ကလေးဟာတဆတ်ဆတ်တုန်ခါလို့ ။
သင်ခန်းစာအကြီးကြီး
အသံလှိုင်းတွေကိုရိုက်ခတ်သွားတယ် ။
သင်ခန်းစာအကြီးကြီး
ကျောပိုးအိတ်ထဲမှာတနင့်တပိုးနဲ့.. ။
သင်ခန်းစာအကြီးကြီး
ကြည့်လိုက်တိုင်းမြင်ရာ...ကျနော့်မျက်လုံးတွေကိုပိတ်ကာလို့..။
သင်ခန်းစာအကြီးကြီး
မတွေးချင်ဘဲတွေးနေရတဲ့ အကြောင်းအရာ..။
သင်ခန်းစာအကြီးကြီး
ကျောရိုးတစ်လျှောက် အေးစိမ့်ပျံ့နှံ့..။
သင်ခန်းစာအကြီးကြီး
ကျနော့်နေ့ရက် ရှေ့အနာဂတ်တွေမှာ ရောက်လာဦးမလား.လို့။
သင်ခန်းစာအကြီးကြီး
ဒါဟာ ကျနော်ကိုယ်တိုင်ကိုယ်ကျယူခဲ့မိတဲ့သင်ခန်းစာ..။ ။
စိမ်းမြလင်းသစ်
(07/12/2011)

Saturday, 5 November 2011
မြက်ဖျားနှင်း
လေပဲတိုက်မလား..
နေပဲသာမလား
တထိတ်ထိတ်အတွေးတွေနဲ့မသေချာမှုေ
ငါ့မှာ...အရူးအမူးပျော်ပိုက်ရတယ်...
မြက်ဖျားကနှင်းစက်တွေလို...။ ။
စိမ်းမြလင်းသစ်
05/11/2011
(ပုံကို ဂူးဂဲလ် မှ သင့်တော်သလို ခိုးယူပါသည်..:P)
Monday, 31 October 2011
ဖြစ်ရပ်များ
ဖြစ်ရပ်များဟာပြာရီသွေ့ခြောက်လွ
နိယာမတွေအတိုင်းပဲရွေ့လျားခဲ့
ကာလတစ်ခုအရောက်
လက်တွေဟာ ကြက်ခြေခတ်ခြင်းအတတ်ပညာမှာကျွမ်
အသိစိတ်ဟာ အမှောင်ထုထဲမှာပိုမိုလုံခြုံလာ...

ကိုယ့်ကိုယ်ကို (ခဏလောက်ဖြစ်ဖြစ်)
ကယ်တင်ကြည့်ဦးမယ်/ကယ်တင်ကြည့်ချင်တယ်။
မျက်လုံးကိုခဏလေးမှိတ်ထားလိုက်..။
အတိတ်ဟာ စိမ်းမြစိုလက်နေဆဲပဲလားလို့ စဉ်းစားကြည့်ရအောင်။
ဒီအကြောင်းအရာရောက်ရင် ခေါင်းကကိုက်ကိုက်လာတယ်
အတိတ်ဟာ အတွေးတွေနဲ့ တိုက်မိ ခိုက်မိလို့ မဖြစ်ဘူး
တလဲ့လဲ့တောက်ပနေခဲ့ဖူးတဲ့ရယ်မော
ကိုယ်သိရသမျှ
ချစ်ခြင်းမေတ္တာဟာ ဘယ်ဆီဘယ်ဝယ်ခရီးလွန်နေခဲ့ပြီလဲမသိ
အဲ့ဒီဖဲချပ်ကလေးကို မှောက်ထားတုန်းပဲ။
နာရီတွေရပ်တန့်နေခဲ့တာကြာပြီ..။
ဆောင်းဟာနှစ်အတော်ကြာတဲ့အထိမအေးမြတော့ဘူး။
နှင်းတွေကိုတစ်ခါလောက်ပဲမြင်ခဲ့ဖူးတယ်..။
အဲဒီနေ့က နှင်းတွေ ကားပြတင်းကနေ၀င်လာတယ်..။
သူ့ကျောင်းအကျီင်္လေးဟာ အဖြူရောင်လဲ့စင်လို့..။
ကချင်လွယ်အိတ် ၊ အပြာရောင်လုံချည်..။
မနက်ခင်းတစ်ခုလုံး နှင်းတွေနဲလင်းချင်းဖြူလွလို့
အဲ့ဒီအတိတ်ဟာ ဘယ်တော့ပြန်ကြည့်ကြည့်ဖွေးလက်တောက်ပလို့..။
ဘာကြောင့်များဒီအတိတ်ကလွဲရင် ကျန်တဲ့အရိပ်တွေမည်းသွားရသလဲ..။
မေးခွန်းတွေ တစ်စစီကွဲအက်နေတယ်..။
အမှားတွေထဲသွန်ချမိတဲ့နေ့ရက်တွေ
အခုထိ ကိုယ့်ကိုယ်တိုင် ပြန်မကြည့်ရဲသေးဘူး..။
အလင်းရောင်ကြောက်တတ်နေပြီဖြစ်တဲ့ မျက်လုံးတွေ
ကိုယ့်နှလုံးသားကိုပြန်ကြည့်ဖို့ ကျီးကြည့်ကြောင်ကြည့်..။
ငယ်ငယ်ကရိုးသားချင်ခဲ့သလောက်
အခုမရိုးသားတော့ဘူး..။
မျက်လုံးမှိတ်လိုက်ရင်ကိုပဲ
အတိတ်ဟာ ဇာတ်လမ်းတိုတစ်ခုရဲ့အမြန်ပြကွက်တွေလို..ဖျတ်ခနဲ..
ဖြစ်ရပ်များဟာ ပြာ ရီ သွေ့ ခြောက် လွန်း လှ ချည် ရဲ့..။
စိမ်းမြလင်းသစ်
(31/10/2011)
Friday, 14 October 2011
သူငယ်ချင်းသိလား
သူငယ်ချင်းသိလား...
ခြောက်သွေ့နေတဲ့ သဲဖြူဖြူတွေကို လက်ထဲမှာဆုပ်ပြီး
ဖြည်းဖြည်းချင်းလွှတ်ချလိုက်ရတဲ့ အရသာ။
လေတိုက်ရင် တဖွဲဖွဲချင်း..၊ တဖြည်းဖြည်းချင်း...
လွင့်ပါးပျောက်ကွဲသွားလိုက်တာ
ဘ၀ဟာဒီအတိုင်းပဲလို့ အခါခါ တွေးမိတယ်
သူငယ်ချင်းသိလား...
ခုတလော ရေကြည်ရာမြက်နုရာဆိုတဲ့စကားမှာ
ခဏခဏငါ ဖျားနာရတယ်..။
အဆွေးသီချင်းတွေ၊ ဟာသကားတွေ
ရင်ဖွင့်စရာအတွက်
ဂျီတော့ခ်အကောင့်နဲ့ ဖေ့ဘွတ်ခ် အကောင့်တွေ
ခုတလော စိတ်ကူးတွေမှာ
ခြေနဲ့ထိုးဖွချင်တဲ့သဲမှုန်ကမ်းခြေ
တုံဏှိဘာဝေပင်လယ်ကြီး
ဘယ်တော့နီးမလဲမသိတဲ့ စိတ်ကူးတွေနောက်လိုက်ရင်း
စိတ်ကူးထဲကညနေခင်းတစ်ခုထဲမှာ
နင်နဲ့အတူ မသိလိုက်မသိဘာသာနဲ့
ပင်လယ်ကို ဒူးပေါ်မေးတင်ငေးကြည့်ပစ်မိတယ်။
သူငယ်ချင်းသိလား..။
ငါပြောမိပြန်ရင် နင်ကပြုံးဦးမလား
နောက်ဆုံးတစ်ခေါက်တွေ့တုန်း
ငါတို့သောက်မယ့်အအေးခွက်ထဲကရေခဲတုန်းတွေပျော်ကုန်တာ
စိတ်ညစ်တာတွေရောမွှေလိုက်လို့ လို့ဆိုရင်..။
သူငယ်ချင်းသိလား
ငါတော့
စိတ်ညစ်တဲ့အခါတိုင်း မျက်စိကိုမှိတ်လိုက်ရင်လေ
အဲ့ဒီတုန်းက မသောက်ဖြစ်ခဲ့တဲ့အအေးခွက်လေးနဲ့ ငါတို့စားပွဲဝိုင်းလေးဟာ
ငါ့စိတ်နဲ့အနီးဆုံးဆီမှာ..။
စိမ်းမြလင်းသစ်
(14/10/2011)
Wednesday, 28 September 2011
အလွမ်းဟာမော်နီတာထဲမှာတလွင့်လွင့်
ခုတလော မျက်စိမှိတ်လိုက်ရင်
ရင်ထဲကအစိုင်အခဲတွေပဲ တွေ့နေမိတယ်
မော်နီတာထဲစိတ်ကိုထည့်မျှောလိုက်တော့လည်း
လမ်းတစ်လျှောက်လုံးမှာ ကွန်နက်ရှင်ကမကောင်းဘူး
အသက်ရှူလိုက်တိုင်း
ရင်ထဲမှာတစ်စုံတစ်ခုခံနေတာကခက်တယ်
စကားပြောလိုက်တိုင်း လည်ချောင်းတစ်လျှောက်မှာတစ်ဆို့လို့
ဒါ..ရောဂါပဲ။
ဗွီဇက်အို အရိပ်မှာ
မေမေ့ပုံရိပ်လေး ရပ်တန့်သွားတုန်းခဏ
မျက်ဝန်းတွေမှုန်မှိုင်းနေတာတွေ့လိုက်ရတယ်
အလည်ပြန်လာမယ်ဆိုတဲ့စကားမှာ
မေမေလက်ချိုးရေနေမလား
စကားသံလေးထစ်အအ မှာ
မေမေ လွမ်းနေမလား
ညည်းကိုအမြင်ကတ်တယ် ဆိုတဲ့အပြုံးတစ်ဝက်နဲ့ စကားလုံးလေးဟာ
နားထဲမှာ ချိုလိုက်တာ မေမေရယ်
မနီးသေးခင်အထိတော့ ခရီးကဝေးဝေးနေရဦးမှာပဲမဟုတ်လား
ဒီလိုပဲ
ဝေးသွားလိုက်နီးသွားလိုက် ခရီးတွေ..၊.. မိုင်တွေ ။
စိတ်ချင်းဝေးမသွားဖို့ကိုပဲ ကြိုးစားနေရတယ်
တစ်ယောက်တည်းလို့ ခံစားမိတိုင်းမှာ
အလွမ်းတွေကတနင့်တပိုးနဲ့
အရင်ကထမင်းဝိုင်းလေးကို လွမ်းတယ်မေမေ..
ခုအချိန်ခဏမှာတော့
ကျနေတဲ့ကွန်နက်ရှင်ထဲပဲ
လွမ်းနေမိတဲ့စိတ်ကို ထည့်ထည့်မျှောနေမိဆဲ
အချိန်ရဦးမယ်ဆိုရင်တော့
မေမေ့ရင်ခွင်မှာ အရင်လိုလေးခဏလောက် ပြန်အိပ်ချင်ပါသေးရဲ့..။
စိမ်းမြလင်းသစ်
(29/09/2011)
Sunday, 25 September 2011
ကန္တာရဟာအခန်းထဲမှာရှင်သန်နေထိုင်တယ်
ကော်ဖီခွက်တွေနားမှာ ပျံဝဲခဲ့ဖူးတဲ့ရယ်သံတွေ
ပျော်ရွှင်မှုတွေနဲ့ချည်ပြီး လွှတ်တင်ခဲ့ဖူးတဲ့ မိုးပျံပူပေါင်းတွေ
စာလုံးပေါင်းမတတ်တော့လို့ မရေးဖြစ်တော့တဲ့ ခံစားချက်တွေ
တကယ်တမ်း လှမ်းကြည့်လိုက်တော့လည်း
ကိုယ့်လမ်းခရီးဟာ လှည်းဘီးတွေနောက်က ဖုန်လိပ်တွေလို။
ပိုးမွှားတွေကနေကာကွယ်ဖို့
ပြတင်းပေါက်တွေပိတ်ထားလိုက်
ခန်းဆီးလိုက်ကာတွေချထားလိုက်
(အပျင်းပြေပဲဖြစ်ဖြစ်)
သောက်လက်စကော်ဖီခွက်လေးကိုထပ်ခါထပ်ခါမွှေလိုက်
အဓိပ္ပာယ်မဲ့ငေးမောစရာတွေဟာ အခန်းထဲမှာ။
တစ်ယောက်တည်းလို့ပြောလည်း
ကိုယ့်အတွေးတွေဟာ အခန်းထဲမှာ။
ဒီအတိုင်း တောင့်ခံမထားနိုင်တော့တဲ့ ကံကြမ္မာ
ခံစားချက်ဆိုတာ နောက်ဆုတ်မရတဲ့ရထား
အနားသတ်မညီတော့တဲ့ လက်ရေးတွေနဲ့ ရေးနေမိတဲ့ ခပ်တွန့်တွန့် ညီမျှခြင်း
အခန်းထောင့်လေးမှာ
ပန်းအိုးငယ်လေးထဲက သစ်ပင်ငယ်လေး
မြတ်နိုးခံရခြင်းသဘောတရားကို နာကျင်စွာစဉ်းစားဆဲ..။
စိမ်းမြလင်းသစ်
13/09/2011

အိမ်ရှေ့သစ်ပင်သစ်ရွက်တွေမှာမိုးစက်တွေခိုနေတုန်းပဲ
အိပ်မက်ဟာချိုမြိန်နေဆဲပဲ ကိုယ့်အတွက်
ပစ္စုပ္ပန်မှာ တည့်တည့်ကြီးနေပစ်လိုက်ဖို့သိပ်ကိုခက်တယ်
သစ်ရွက်ပေါ်တွဲခိုနေတဲ့ မိုးရေစက်လေးလျောကျသွားတယ်
ရုတ်တရက် ငှက်ကလေးထပျံတယ်
ခဏလေးနဲ့နေ၀င်ပြီး ခဏလေးနဲ့ပဲ ကြယ်တွေကြွေတယ်.။
ဒီလိုပဲနဲ့ပဲအနည်ထိုင်ပစ်ရမှာပဲ
တစ်ယောက်တည်းဆိုတဲ့နေရာကိုရောက်သွားတိုင်း အတွေးတွေကိုရပ်လိုက်ရတယ်.။
ပျော်ရွှင်ခြင်းဆိုတာကိုဘယ်လိုစာလုံးပေါင်းရပါ့မလဲ..။
တိတ်တိတ်လေးမြတ်နိုးနေရခြင်းမှာပဲ ငြိမ်းချမ်းစွာသေဆုံးခဲ့ပါပြီ
ရှိုက်ရှိုက်နေခဲ့ရခြင်းခဏများမှာ..တအိအိပြိုဆင်းလို့
တိတ်ဆိတ်ခြင်းတွေဆူညံနေရလို့
ရေခဲတောင်တွေလည်း အေးခဲနေရခြင်းနဲ့ပူလောင်နေရမှာပါပဲ.။
ခုတော့..
ပေါ့ပေါ့ပါးပါးဆိုတဲ့ခေါင်းစဉ်အောက်မှာ
မကျေနပ်တာတွေကိုရယ်မောပစ်လိုက်ရုံ
ကိုယ်ပေါ်ကမိုးရေစက်လေးကိုသပ်ချလိုက်သလို
မလိုချင်တာတွေကို မင်နီတားပစ်လိုက်ဖို့
ကမ်းခြေမှာရပ်နေခဲ့စဉ်ခဏကလို
လေတိုက်တိုင်း ကိုယ့်ဆံပင်တွေလွင့်ဝဲနေဖို့
ကိုယ့်မျက်တောင်မှာ တွဲခိုနေတဲ့ မျက်ရည်စက်လေးကို ဖျတ်ခနဲပုတ်ထုတ်ပစ်ဖို့
မျှော်လင့်နေရခြင်းဟာ မျှော်လင့်ရခြင်းသက်သက်မဖြစ်စေဖို့တွေ မျှော်လင့်ရင်း
စိတ်ဟာ
အလှမွေးကန်ထဲကငါးလို
အခန်းကျဉ်းထဲမှာပဲ တ၀ဲလည်လည်နဲ့...
အဆင်ပြေတယ်ဆိုတဲ့စကားလုံးသက်သက်ထဲမှာပဲ စိတ်ကိုထိုးခြေပစ်နေမိတယ်
အဆင်ပြေတယ်..
အဆင်ပြေပါတယ်...။
ကံကောင်းခြင်းဆိုတာကလည်း အခွံခွာရခက်တဲ့သစ်သီးတစ်လုံးလိုပဲ
တပ်မက်ခြင်းသက်သက်နဲ့သာငေးမောရင်း
ဘ၀ဟာ..အရွယ်မတိုင်ခင် ရင့်မှည့်ပေးလိုက်ရပါတယ်..။
စိမ်းမြလင်းသစ်
01/08/2011

"ရိုးတံသက်သက်...ဆောင်း"
ဒီလိုပါပဲ
ပြတင်းကနေငေးကြည့်ရင်
တစ်ခါတလေတော့
လရောင်တွေစိုလက်နေတဲ့ အုန်းပင်အုန်းလက်ကို တွေ့ရမယ်
အလင်းစက်တွေကျဲပက်ထားတဲ့
အခန်းထဲကတစ်ဝက်တစ်ပျက်မြင်ရတဲ့ ကောင်းကင်
ဟင်းလင်းပွင့်နေဆဲ ဆောင်း
စာလုံးပေါင်းအမှားများစွာနဲ့ အေးခဲစိုလက်နေဆဲစာမျက်နှာ
ဒဏ်ရာတွေနဲ့ညည်းနေဖြစ်တဲ့သီချင်း
ညနေခင်းဟာ စိုစိုပြည်ပြည်ဖြစ်နေဆဲပဲ အခိုက်အတံ့
ခံစားချက်တွေကို ဖဲ့ခြွေချလိုက်တိုင်း တစိမ့်စိမ့်ကြွေနေဆဲ စကားလုံးများ
ရိုးတံချည့်သက်သက်ဆောင်းဟာ..
ဝေခဲ့ဖူးတဲ့ တစ်ချိန်ကနှင်းတွေကိုငေးတုန်းပဲ..
မပီဝိုးတ၀ါးဖြစ်ခြင်းစိတ်အလျင်နဲ့
တစ်ပွင့်စီသီထားတဲ့အမှတ်တရတွေထဲကိုမှ အလွမ်းကအလည်လာတယ်
ခွဲခွာခဲ့ပြီဆိုကတည်းက
ကပ်ပါလာတဲ့ အထီးကျန်ခြင်းဆိုတဲ့ အသားတံဆိပ်
အမှတ်တမဲ့ငေးကြည့်မိလိုက်ခြင်းဟာ
နှုတ်သီးဝါ၀ါနဲ့ငှက်ကလေးထိုးဆိတ်နေတဲ့ အစိမ်းရောင်ပန်းသီးဆီ
လူများ၊ ရေစီးကြောင်းများ၊ ရွေ့လျားနေခဲ့သောနှစ်ကာလများ နဲ့အတူ
ဖျတ်ခနဲနေရောင်မှာ ပျောက်မယ့်နှင်းစက်
အလွမ်းချည့်သက်သက်ရင်ဘတ်နဲ့
တောက်ထုတ်လိုက်ရင်ကြွေကျမယ့် စီးကရက်ပြာတစ်စ..ဟာ..။
စိမ်းမြလင်းသစ်
28/07/2011

အိမ်ပြန်ချင်တယ်မေမေ
ဟလို..မေမေ
ရန်ကုန်မှာ မိုးတွေရွာတုန်းပဲလား..
ဒီမှာတော့နှလုံးသားတွေဟာ မနွေးထွေးဘူး..
အရာရာဟာ အေးခဲနေတော့တာပါပဲမေမေရယ်..
ဘယ်လိုဖြစ်တယ်ရယ်မသိဘူး
အခုတလော ဘာလုပ်လုပ်ကိုစိတ်မပါတာ
အရာရာကိုအားတင်းဖို့
အရင်တုန်းကလိုစိတ်ကလေး ပြန်ရချင်တာပေါ့မေမေရယ်
လွမ်းတယ်ရယ်လို့တောင်မတွေးရဲတော့ပါဘူး
သမီးစားတဲ့ညစာတွေအေးစက်နေတာကလွဲရင်
အရာရာဟာ ပူလောင်ပါတယ်မေမေ
မေမေမျက်ရည်မကျပါနဲ့
ဒါဟာ ခဏပါ
ဟိုဆရာတစ်ယောက်ပြောသလိုဆို
ခံရလှတစ်ဘ၀ပေါ့မေမေ..။
ဘ၀ဆိုတာလည်း ခဏတာလို့ဆိုရဲ့မဟုတ်လား..
သမီးနေထိုင်ရာအရပ်မှာ
မိသားစုမေတ္တာခမ်းခြောက်တယ်
နေ့စဉ်အသွားအပြန်လမ်းတွေမှာ ခြေလှမ်းတွေလေးပင်ရင်း
ညအိပ်ချိန်လေယာဉ်သံတွေကြားရင်
ရင်တွေပူလာတာပါပဲမေမေရယ်
ရေနဲ့တောင်မျှောချလို့မရဘူး..
သူများတွေနဲ့နှိုင်းစာရင်
သမီးအဖြစ်က ဘာမှတော့မဟုတ်ဘူး
ဘာပဲပြောပြော
အိမ်ပြန်ချင်တယ်မေမေ..။
စိမ်းမြလင်းသစ်
29/6/2011

မျှော်လင့်ခြင်းဆိုတာ အဆိပ်ခတ်ထားတဲ့မနက်စာ
ဘာမှမတတ်နိုင်တော့ဘူးလို့ ဆုံးဖြတ်မိတဲ့ခဏတိုင်း
မျှော်လင့်ရခြင်းမှာ ပင်ပန်းတယ်...
ဒီနေ့၊ မနက်ဖြန်၊ ပြီးခဲ့ပြီဖြစ်သော မနေ့ကအချိန်များ
ကာလဟာ အလျားလိုက်ရွေ့လျားခြင်းမှာ မျောပါ..
တစ်နေ့နေ့ဆိုတဲ့အတွေးမှာတင် အေးခဲ..
တစ်စက်စက်ကျနေသောမိုးရေ..
တိမ်တိုက်တချို့ဟာ ဒီလိုပဲမျောလွင့်..
အသားကျနေပြီဖြစ်သောအတွေးများ..
ပုံမှန်တိုက်ခတ်နေဆဲလေညင်း..
ဦးတည်လိုက်တိုင်း လွင့်ထွက်သွားတဲ့စိတ်..
အတိတ်
ပစ္စုပ္ပန်.
အနာဂတ်....
တောင်ခြစ်မြောက်ခြစ်စိတ်ကူးများ
ယဉ်ကျေးမှုမဲ့ကမ္ဘာ..
ဘယ်သူဘာပြောဦးမလဲ..
ဘယ်ဘက်အကျီင်္အိပ်ကပ်ထဲကအလွမ်း
ဝင်သက်ထွက်သက်တိုင်းမီးလင်းတယ်..
ခုတလောထင်သာမြင်သာတဲ့စိတ်
မိနေခဲ့ပြီးဖြစ်သောကျော့ကွင်းမှဆီ
ပျံသန်းသွားခဲ့ပြီဖြစ်သောငှက်ငယ်တွေကို အမှတ်တမဲ့မော့အကြည့်..။
စိမ်းမြလင်းသစ်
26/07/2011

Subscribe to:
Posts (Atom)