Friday 14 October 2011

သူငယ်ချင်းသိလား


သူငယ်ချင်းသိလား...
ခြောက်သွေ့နေတဲ့ သဲဖြူဖြူတွေကို လက်ထဲမှာဆုပ်ပြီး
ဖြည်းဖြည်းချင်းလွှတ်ချလိုက်ရတဲ့ အရသာ။
လေတိုက်ရင် တဖွဲဖွဲချင်း..၊ တဖြည်းဖြည်းချင်း...
လွင့်ပါးပျောက်ကွဲသွားလိုက်တာ
ဘ၀ဟာဒီအတိုင်းပဲလို့ အခါခါ တွေးမိတယ်
သူငယ်ချင်းသိလား...
ခုတလော ရေကြည်ရာမြက်နုရာဆိုတဲ့စကားမှာ
ခဏခဏငါ ဖျားနာရတယ်..။
အဆွေးသီချင်းတွေ၊ ဟာသကားတွေ
ရင်ဖွင့်စရာအတွက်
ဂျီတော့ခ်အကောင့်နဲ့ ဖေ့ဘွတ်ခ် အကောင့်တွေ
ခုတလော စိတ်ကူးတွေမှာ
ခြေနဲ့ထိုးဖွချင်တဲ့သဲမှုန်ကမ်းခြေ
တုံဏှိဘာဝေပင်လယ်ကြီး
ဘယ်တော့နီးမလဲမသိတဲ့ စိတ်ကူးတွေနောက်လိုက်ရင်း
စိတ်ကူးထဲကညနေခင်းတစ်ခုထဲမှာ
နင်နဲ့အတူ မသိလိုက်မသိဘာသာနဲ့
ပင်လယ်ကို ဒူးပေါ်မေးတင်ငေးကြည့်ပစ်မိတယ်။
သူငယ်ချင်းသိလား..။
ငါပြောမိပြန်ရင် နင်ကပြုံးဦးမလား
နောက်ဆုံးတစ်ခေါက်တွေ့တုန်း
ငါတို့သောက်မယ့်အအေးခွက်ထဲကရေခဲတုန်းတွေပျော်ကုန်တာ
စိတ်ညစ်တာတွေရောမွှေလိုက်လို့ လို့ဆိုရင်..။
သူငယ်ချင်းသိလား
ငါတော့
စိတ်ညစ်တဲ့အခါတိုင်း မျက်စိကိုမှိတ်လိုက်ရင်လေ
အဲ့ဒီတုန်းက မသောက်ဖြစ်ခဲ့တဲ့အအေးခွက်လေးနဲ့ ငါတို့စားပွဲဝိုင်းလေးဟာ
ငါ့စိတ်နဲ့အနီးဆုံးဆီမှာ..။




စိမ်းမြလင်းသစ်
(14/10/2011)

1 comment:

  1. သူငယ်ချင်းသိလား...
    မ၀တ်ဖြစ်ခဲ့တဲ့ နာရီဟောင်းတစ်လုံးနဲ့
    မတွက်တာကြာနေတဲ့ ငါတို့အသက်တွေဟာလဲ
    အိုမင်းဟောင်းနွမ်းနေခဲ့ပီဆိုတာ.......

    ReplyDelete