Thursday 30 March 2017

(၃) ယုကီ (Yuki )


(3) ယုကီ (Yuki)

=====

အဲ့ဒီနောက်ပိုင်းမှာ အဲ့ကောင်မလေးနဲ့ ကစားကြတော့လည်း ကျွန်မကိုသူကလူလည်ကျပြီး အနိုင်ကျင့်ဗိုလ်ကျရင် ကျွန်မက အလျှော့ပေးရလေ့ရှိတယ်။ ဒီလိုပါ...။ ကျွန်မက လူကြီးတွေပြန်လာမယ့်အချိန်ကိုစောင့်ရင်းနဲ့ သူ့အိမ်မှာပဲ ကစားခဲ့ရတာများတယ်။ အဲ့ဒီတုန်းကကျွန်မညီမလေးဖြစ်တဲ့ မီကီ ကို မမွေးသေးဘူး။ ကျွန်မအစ်မကဖြစ်တဲ့ နာရာ ဟာလည်း ကျွန်မထက် ခုနစ်နှစ်နီးပါးကြီးတယ်။ ကျွန်မသိတတ်စအရွယ်မှာ နာရာက အလယ်တန်းကျောင်းသူ ဖြစ်နေခဲ့ပြီ။ ကျွန်မ မိဘတွေက အိမ်ကိုသော့ပိတ်ပြီးအလုပ်ကိုယ်စီသွားကြရတယ်။ အမေက အိမ်ကနေ ၈ နာရီလောက်မှာ အလုပ်သွားရတာဖြစ်ပြီး အဖေဟာ ၉နာရီခွဲလောက်မှ ရုံးကိုသွားလေ့ရှိတာ မှတ်မိသေးတယ်။ ကျွန်မကျောင်းကပြန်ရောက်လို့ ကျွန်မရဲ့အစ်မကလည်း ကျောင်းကပြန်မရောက်သေးတဲ့အခါမျိုးနဲ့ကြုံရင် အိမ်ကိုသော့ခတ်ထားလေ့ရှိတာမို့ ကျွန်မက ယုကီတို့အိမ်မှာ ကစားရင်း အိမ်ကိုပြန်လာမယ့်လူကြီးတွေကိုစောင့်နေဖြစ်ခဲ့ရတာများပါတယ်။ ကျွန်မနေတဲ့ရပ်ကွက်က တစ်အိမ်နဲ့တစ်အိမ်ခြံချင်းကပ်နေတဲ့အိမ်ကလေးတွေရှိတဲ့ရပ်ကွက်ပါ။ သူ့အိမ်က ကျွန်မတို့အိမ်နဲ့ ဘေးချင်းကပ်လျက်ပဲ။အိမ်နှစ်အိမ်ကြားမှာ ခြံစည်းရိုးဆိုတာ ရှိခဲ့ဖူးတယ်ဆိုရုံ ခြံစည်းရိုးအရာလောက်ပဲရှိတော့တယ်။ အိမ်ရှေ့နဲ့ အိမ်နောက်မှာပဲ စည်းရိုးအမှတ်အသားရှိပြီး အိမ်နှစ်အိမ်ကြားကအလယ်စည်းရိုးဟာ မရှိတော့ဘူး ။ စည်းရိုးမရှိတော့ သူ့အိမ်ဘက်ကမြေနဲ့ ကျွန်မတို့အိမ်ဘက်ကမြေနဲ့ပေါင်းလိုက်ရင် ကလေးတွေကစားလို့ရတဲ့ မြေနေရာလေးတစ်ခုထွက်လာတယ်။ ပထမတန်း ဒုတိယတန်းလောက် အရွယ်ရောက်လာတော့ ယုကီရယ်၊ ကျွန်မရယ် တခြား လမ်းထဲက ကလေးတွေရယ်ဟာ အဲ့ဒီမြေကွက်လပ်မှာပဲ ကုလားမစည်းနင်း၊ ကြိုးခုန်၊ သြဇာစေ့တောက် စသဖြင့် ကစားကြတယ်။ အဲ့ဒီလိုကစားနည်းတွေကို ကျွန်မအလယ်တန်းရောက်တဲ့အရွယ် အဲ့ဒီရက်ကွက်ကနေမပြောင်းသေးခင်အထိ ကစားခဲ့တယ်။ ယုကီရဲ့အမေဟာ အပြင်အလုပ်မလုပ်တဲ့ အိမ်ရှင်မဖြစ်တာကြောင့် အိမ်မှာအမြဲလိုလို ရှိနေလေ့ရှိတယ်။



တစ်ခါတလေ ကျွန်မဟာကျွန်မအိမ်ကလူတွေပြန်လာမယ့်အချိန်ကို သူ့အိမ်ကနေစောင့်နေတုန်း သူ့အမေကသူ့ကိုထမင်းစားခိုင်းတဲ့အချိန်နဲ့ကြုံရင် သိပ်စိတ်ညစ်တာပဲ။ ကျွန်မအမေက ကျွန်မကို မဆာဘူးလို့ပြောပြီး မစားဖို့မှာထားတယ်လေ။ တကယ်တမ်းကလည်း ကျွန်မ သူတို့ဆီမှာမစားချင်ပါဘူး။ အဲ့လိုအချိန်မျိုးဆိုရင် ဗိုက်ဆာနေတာကို မဆာဟန်ဆောင်နေရတာပါပဲ။ ဒီလိုနဲ့ ယုကီထမင်းဖြစ်ဖြစ်မုန့်ဖြစ်ဖြစ်စားပြီးသွားရင်တော့ ကျွန်မတို့ ဆော့ကြတော့တယ်။ သူ့အရုပ်တွေနဲ့ဆော့တဲ့အခါဆော့ကြတယ်။ တစ်ခါတလေ ဗလာစာရွက်မှာ ပုံတွေဆွဲပြီး ပုံပြင်ပြောတမ်းကစားကြတယ်။ အဲ့ဒါက ကျွန်မကြိုက်တဲ့ကစားနည်းတွေပေါ့။ သူကတော့ သူ့အမေ၀ယ်ပေးထားတဲ့ အရုပ်မသေးသေးလေးတွေကို အ၀တ်လေးတွေပြောင်းပြောင်းပြီး ၀တ်ပေးရတဲ့ အရုပ်ကတ်လေးတွေနဲ့ ဆော့လေ့ရှိတယ်။ ဆော့နေရင်းနဲ့ ယုကီလူလည်ကျလို့ ကျွန်မကငြင်းရင် သူက သူ့အမေကြားအောင် 'မေမေရေ..သမီးကို ဂျိုဝီ အနိုင်ကျင့်နေတယ်' လို့အော်တိုင်တတ်တယ်။ အဲ့ဒီအခါ သူ့အမေက အိမ်ထဲကနေ ငြိမ်ငြိမ်ဆော့ကြဖို့လှမ်းအော်ပြီး ကျွန်မကို အကြည့်တစ်မျိုးနဲ့ တစ်ခါတလေ ကြည့်တတ်သေးတယ်။ အဲ့ဒီလိုအခါမျိုးမှာ ကျွန်မစိတ်ထဲမှာရွံ့တွံ့တွံ့ဖြစ်သွားပြီး ယုကီကိုအလျှော့ပေးလိုက်မိတော့တာပါပဲ။

ခုအချိန်ပြန်စဉ်းစားမိရင် ကျွန်မကသူ့ကိုအလျှော့ပေးမိတာဟာ သူ့ဆီကငှားဝတ်ခဲ့တဲ့ဝန်လေးကြောင့်ဖြစ်လာတဲ့ သိမ်ငယ်စိတ်ကြောင့်ဖြစ်မယ်လို့ချည့်ထင်နေမိတော့တယ်။ ပြီးတော့ အိမ်ထဲကသူ့အမေရဲ့လှမ်းအော်လိုက်မယ့်အသံကိုကျွန်မကြောက်တယ်။ ဒါပေမယ့်လည်း ယုကီကိုကျွန်မကြိုက်ပါတယ်။ ယုကီကနှုတ်ခမ်းရဲရဲ ပါးနီနီ မျက်လုံးဝိုင်းဝိုင်းနဲ့ အသားလေးကဖြူဖြူလေး။ ဆံပင်က နည်းနည်းပါးပြီးကောက်ကောက်လေးတွေနဲ ခပ်ပိန်ပိန်ကောင်မလေး။ အမြဲလိုလို ဂါဝန်လှလှလေးတွေဝတ်လေ့ရှိလို့ ကျွန်မမျက်စိထဲမှာ သူက ကြည့်လို့ကောင်းတယ်။ သူစကားပြောတဲ့အခါများဆိုရင် မျက်လုံးတောက်တောက်လေးနဲ့သိပ်လှတာပဲ။ သူက ကျွန်မထက်အတန်းတစ်တန်းငယ်ပြီးတော့ တက်ရတဲ့ ကျောင်းလည်းမတူကြဘူး။ ယုကီက အိမ်နဲ့အလွန်နီးတဲ့ အလယ်တန်းကျာင်းမှာတက်ရပြီးတော့ ကျွန်မက ကျွန်မအစ်မတက်နေတဲ့ ကားလမ်းတစ်ဘက်ခြမ်းက အထက်တန်း ကျောင်းမှာတက်ရပါတယ်။ ကျောင်းသွားတဲ့အခါသူကဂါဝန်လှလှလေးတွေဝတ်လေ့ရှိတယ်။ ပြီးတော့ တစ်နှစ်တစ်ခါကျောင်းတွေပြန်ဖွင့်လို့ ပထမဆုံးကျာင်းစတတ်တဲ့နေ့မျိုးမှာဆိုရင် သူ့အမေ၀ယ်ပေးတဲ့ ဒီဇိုင်းလှလှကွန်ပါဘူးအသစ်လေးတွေ ရယ်၊ မွေးပွလွယ်အိတ်လှလှကလေးတွေရယ်ကို လွယ်ပြီးကျောင်းကိုသွားလေ့ရှိတယ်။ ကျောင်းတွေပြန်ဖွင့်တဲ့အချိန်ဟာ မိုးရာသီဖြစ်နေတာကို ကျွန်မသိပ်မုန်းတာပါပဲ။ ယုကီဟာ ချာလီထီးရောင်စုံလှလှလေးဆောင်းပြီး မိုးတွင်းစီးဖိနပ်ရောင်စုံလေးတွေနဲ့ သူ့အမေချက်ပြုတ်ပေးတဲ့ ထမင်းဟင်းပူပူနွေးနွေးပါတဲ့ ခြင်းတောင်းလေးနဲ့ကျောင်းကိုသွားတာကိုတွေ့မိတဲ့အခါများဆိုရင် ကျွန်မဟာ သူ့ကို အိမ်ပေါ်ကနေ အားကျပြီးငေးနေမိတော့တာပါပဲ။ ကျွန်မကျောင်းဆင်းချိန်ညနေပိုင်းမှာ ကျွန်မ အိမ်ကလူကြီးတွေမလာသေးလို့ လူကြီးတွေကိုစောင့်ရင်းဆော့ကြတဲ့အချိန်မျိုးမှာဆိုရင် ယုကီဟာ မသိမသာရော သိသိသာသာပါသူ့ပစ္စည်းလေးတွေကိုထုတ်ပြီးကြွားတတ်တယ်။ ခပ်ထုံထုံအအလို့ အများကသမုတ်ကြတဲ့ကျွန်မဟာ ယုကီသုံးခါလောက်ကြွားမှ ကိုယ့်ကိုယ်ကို အကြွားခံနေရမှန်းသိခဲ့တာချည့်ပါပဲ။ အဲ့လိုအချိန်ဆိုရင်တော့ ကလေးပီပီပဲ ကျွန်မမှာလည်းအဲ့လိုပစ္စည်းလှလှလေးတွေရှိချင်မိတယ်၊ သုံးချင်မိတယ်။

လက်သုတ်ပုဝါလေးနဲ့သေချာထုတ်ထားပြီး ကျောင်းကိုထည့်သွားရတဲ့ ကျွန်မရဲ့ထမင်းဘူးကိုယုကီမတွေ့လို့တော်ပါသေးတယ်လို့တောင်အောင့်မေ့မိပါသေးတယ်။ ကျွန်မရဲ့ထမင်းဘူးဟာ အမေရုံးမသွားခင်ထည့်ပေးထားခဲ့တဲ့အတွက် ကျောင်းမုန့်စားချိန်စားတဲ့အခါ ထမင်းဘူးကိုဖွင့်လိုက်ရင် အေးစက်နေလေ့ရှိတယ်လေ။

ကျောင်းတက်ရတဲ့ ၁၂ ရာသီပတ်လုံးမှာ ကျွန်မအစ်မလွယ်ပြီးသားလွယ်အိတ်အကျလေးတွေကိုပဲ လွယ်ရတာများပါတယ်။ သိုးမွေးပွလေးတွေမပါတဲ့ ချုပ်ရာ ဖာရာလေးတွေပါတဲ့လွယ်အိတ်ပြောင်ကလေးတွေပေါ့။ ကျွန်မစီးခဲ့ရတဲ့ဖိနပ်ဟာ မိုးရွာရွာနေပူပူ ကတ္တီပါသဲကြိုးခပ်ကြီးကြီးတပ်ပြီး ခြေနင်းကသားရေခင်းခင်းထားတဲ့ အင်မတန်မှအကြမ်းခံတဲ့ ကျားစီးဖိနပ်တွေပါပဲ။ မိုးတွင်းရောက်လို့ မိုးတွင်းစီးဖိနပ်လှလှတွေစီးချင်တာကလွဲရင် စီးနေကျသားရေဖိနပ်ကိုစီးရတာကျွန်မလည်းကြိုက်ပါတယ်။ ကျောင်းအင်္ကျီလေးတွေဆိုရင်လည်း နှစ်တိုင်းအသစ်မရပြန်ဘူး။ ထုံးစံအတိုင်းပဲ ကျွန်မအစ်မ နာရာရဲ့အကျီင်္အကျအဟောင်းလေးတွေကိုဝတ်ရလေ့ရှိတယ်။ အမေကတော့ နာရာဟာ အကျီ်ဝတ်တာအင်မတန်မှ သပ်ရပ်ပြီး အကျီင်္တွေကိုမနာအောင်ဝတ်လေ့ရှိတယ်လို့ ချီးကျူးလေ့ရှိတယ်။ ဒါပေမယ့် အမေဟာ တစ်ခါတလေတော့လည်း ကျွန်မအတွက် အကျီ်အသစ်တွေချုပ်ပေး ၀ယ်ပေးလေ့ရှိပါတယ်။ အဲ့ဒီလိုအချိန်များဆို သိပ်ကိုပျော်ရွှင်လွန်းလို့ အဲ့လိုပျော်တဲ့အပျော်ဟာ ရက်ပေါင်းတော်တော်ကြာတဲ့အထိအောင်ပါပဲ။ ယုကီနဲ့ကျွန်မက အသက်ချင်းမတိမ်းမယိမ်းဆိုတော့ ကျွန်မအိမ်ကလူတွေဟာ အမြဲပဲ ယုကီနဲ့ကျွန်မကို နှိုင်းယှဉ်လေ့ရှိတာကြောင့် သူ့ကို ကျွန်မဘ၀မှာ မေ့လို့မရပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ယုကီဘယ်ရောက်နေပြီလဲ ဘာတွေဖြစ်နေလဲဆိုတာကိုလည်း ကျွန်မစိတ်မ၀င်စားတော့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ဘ၀ကိုတကယ်ပျော်ရွှင်ချင်ရင် သူများတွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်သင့်ဘူးဆိုတာကို အခုအရွယ်မှာ နားလည်နေပြီဖြစ်လို့ပါပဲ။ ငယ်ငယ်ကတော့ ယုကီရဲ့ အကြွားခံရတိုင်းမှာ ပဲဖြစ်ဖြစ် ၊ ကျွန်မအိမ်ကလူတွေ ကျွန်မကို ယုကီနဲ့နှိုင်းယှဉ်ပြီး နှိမ်ပြောပြောကြရင်ပဲဖြစ်ဖြစ် ကိုယ့်မှာမရှိတာတွေ ၊ ကိုယ့်အားနည်းချက်တွေကိုပဲ ပိုပြီးသတိထားမိနေတတ်တဲ့အတွက်မကြာခဏဆိုသလို ကျိတ်ပြီး ၀မ်းနည်းမိလေ့ရှိတယ်ဆိုတာတော့မှတ်မှတ်ရရပါပဲ။

(၁) နာရာ


(၁) နာရာ (Nara)

အဲ့ဒီနေ့က နာရာ ရဲ့ မျက်လုံးတွေဟာ မီးရောင်တွေတဖျက်ဖျက်ပြန်လက်နေသလိုလက်လက်ထနေတဲ့ ကြောင်တစ်ကောင်ရဲ့မျက်လုံးမျိုးပဲ။ နာရာ့ရဲ့မျက်နှာဟာ ဒေါသကြောင့် ရေစိုနေတဲ့ကြောင်တစ်ကောင်ရဲ့မျက်နှာလိုစုတ်ချွန်းနေပြီးတော့ မျက်နှာဟာလည်းမည်းနေတော့တယ်။ ကျွန်မကိုသူ့ထုံးစံအတိုင်း ငယ်ငယ်ကလိုအထင်သေးဟန်စွက်တဲ့အကြည့်စူးစူးနဲ့ကြည့်တယ်။ သူ့ထုံးစံအတိုင်း ငယ်ငယ်ကလို ပိဿလေးနဲ့ဘေးပစ်သလိုစကားလုံးတွေနဲ့အလဲထိုးတယ်။ ပြီးတော့ အနိုင်ရသူဟာသူပဲဖြစ်တယ်ဆိုတဲ့ယုံကြည်မှုမျိုးနဲ့လှည့်ထွက်သွားခဲ့တယ်။ အခြေအနေတွေကမှ မတူတော့ဘဲနာရာရဲ့ လို့ သူ့မျက်လုံးကိုစေ့စေ့ကြည့်ပြီး အော်ပစ်လိုက်ချင်ပေမယ့် မပြောဖြစ်ခဲ့ဘူး။ စကားလုံးတွေကို မျက်ရည်တွေကျရင်း အတင်းမျိုချပစ်ခဲ့တယ်။ ဒါပေမယ့်အဲ့ဒီနေ့ နဲ့ နာရာ့ရဲ့စကားလုံးတွေကို ကျွန်မဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူး။ ဒေါသကြောင့်ထွက်လာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်းပွတ်သုတ်ခဲ့တယ်။ ရင်ဘတ်မှာစူးအောင့်လာတဲ့နာကျင်မှုကို ဇွတ်အတင်းဖျောက်ဖျက်ယူခဲ့တယ်။ ကျွန်မရဲ့မနက်ဖြန်တွေမှာ အလုပ်လုပ်ဖို့အတွက် အားအင်တွေရှိနေရဦးမယ်လေ။ ဒါတွေကို နာရာသိမှာမဟုတ်ဘူး။ သိချင်စိတ်လည်းရှိခဲ့တာမဟုတ်ဘူး။ ကျွန်မဟာ နာရာ့ကို သိပ်ချစ်ခဲ့တယ်။ ကျွန်မထက်အသက်၇ နှစ်ပိုကြီးတဲ့အစ်မတစ်ယောက်ကိုချစ်တာထက်ပိုတဲ့အချစ်မျိုးပဲ။ နာရာ့ကိုကျွန်မချစ်တာဟာ သမီးတစ်ယောက်ကအမေတစ်ယောက်ကိုချစ်သလိုချစ်တာမျိုးလို့ ညီအစ်မတွေထက်ပိုချစ်တယ်လို့ နာရာ့ နှုတ်က ဖွင့်ပာပြောခဲ့ဖူးတဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကို ကျွန်မပြောခဲ့ဖူးတယ်။ အဲ့လိုမျိုး ကျွန်မဘက်က နာရာ့အပေါ် အချစ်ပိုခဲ့ရလို့လည်း ခုအချိန်မှာ ကျွန်မပိုခံစားရတာပဲ။ နာရာဟာ သူ့သူငယ်ချင်းတွေအပေါ်ချစ်သလောက် ကျွန်မအပေါ်ချစ်ခဲ့သူမဟုတ်ဘူး။ လောကမှာ သတ္တ၀ါမှန်သမျှ သံယောဇဉ်ကြီးသူကသာလျှင် အနာကျင်ရဆုံးဖြစ်တယ်ဆိုတာကိုသာ ခုအချိန်မှာ နာနာနှလုံးသွင်းရတော့တယ်။ နာရာဟာ ကျွန်မအပေါ် ဘာ့ကြောင့်များ အမြဲတမ်းအနိုင်လိုချင်ရတာနေရတာလဲလို့ ကျွန်မ စဉ်းစားမရဘူး။ ကျွန်မရဲ့အားနည်းချက်က လူတွေနဲ့ဆက်ဆံရာမှာ အလိုက်အထိုက်ဆက်ဆံလေ့ရှိတတ်တာပါ။ ကျွန်မပြောတဲ့အလိုက်အထိုက်ဆိုတာဟာ ကျွန်မရဲ့စိတ်အလိုဆန္ဒထက်ပဲ တခြားသူရဲ့ဆန္ဒကိုရှေ့တန်းတင်မိတာမျိုးဖြစ်တယ်။ သူများတွေရဲ့မျက်နှာတွေကိုဖတ်ပြီးရှေ့တန်းတင်ရင်းနဲ့ ကိုယ့်စိတ်ဆန္ဒဟာနောက်ကိုရောက်ရောက်သွားတော့တာပဲ...။ အဲ့လိုကြောင့်ပဲ မိသားစုမှာဖြစ်ဖြစ် ကျွန်မကျင်လည်ရတဲ့အသိုင်းအ၀ိုင်းမှာဖြစ်ဖြစ် ကျွန်မရဲ့ အခန်းကဏ္ဍဟာပျောက်ပျောက်သွားလေ့ရှိတယ်။ ဒါဟာလည်း အမေက ကျွန်မအစ်မ နာရာ နဲ့ ညီမဖြစ်သူ မီကီ တို့ကိုဦးစားပေးတတ်တော့ သူတို့ကိုမသိမသာဦးစားပေးရင်း ကျွန်မရဲ့စိတ်ဆန္ဒတွေဟာ အလိုလိုဘေးရောက်ကုန်တတ်တဲ့သဘောပါပဲ။ ကျွန်မသာ ငယ်ငယ်ကတည်းက ကိုယ့်ဆန္ဒကို နည်းနည်းလောက်ဖြစ်ဖြစ်ရှေ့တန်းတင်ဖြစ်ခဲ့ရင်(သို့မဟုတ်) အတ္တနည်းနည်းကြီးဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့ဖြစ်ရပ်လိုအကြောင်းအရာတွေဖြစ်လာစရာ (သို့မဟုတ်) ဒီလိုနာကျင်စရာကိစ္စတွေ နည်းနည်းလောက်ဖြစ်ဖြစ် နည်းပါးသွားမယ်လို့ထင်မိတာပါပဲ။ ပြီးတော့ အခုအရွယ်အထိကျွန်မအပေါ်ကို တစ္ဆေတစ်ကောင်လိုခြောက်လှန့်နေတဲ့ တွယ်ကပ်နေတဲ့ သိမ်ငယ်စိတ်ဆိုတာ သိပ်မရှိနိုင်တော့ဘူးထင်တယ်။ မိသားစုရဲ့ချစ်ခြင်းမေတ္တာနဲ့လုံခြုံနွေးထွေးမှုဆိုတာကိုသာဒီထက်ပိုပြီးရခဲ့မယ်ဆိုရင် ကျွန်မရဲ့စိတ်ဟာ ခုထက်ပိုပြီးအရွယ်ရောက်လူလားမြောက်နိုင်ကောင်းပါရဲ့ ။ ကျွန်မဟာ ချစ်ခြင်းတရားနဲ့မထိုက်တန်သူ ၊ အများတကာရဲ့အလေးထားမှုကိုမခံယူထိုက်သူလို့ ကိုယ့်ကိုယ်ကိုအမြဲယူဆနေမိတဲ့ သိမ်ငယ်စိတ်မျိုး မရှိခဲ့ဘဲနဲ့ ဘ၀မှာပျော်ရွှင်စရာတွေနည်းနည်းပါးပါးလောက်ဖြစ်ဖြစ် ရှာတွေ့နိုင်ခဲ့လိမ့်မယ်လို့ထင်မိပါရဲ့လေ။