Thursday 30 March 2017

(၁) နာရာ


(၁) နာရာ (Nara)

အဲ့ဒီနေ့က နာရာ ရဲ့ မျက်လုံးတွေဟာ မီးရောင်တွေတဖျက်ဖျက်ပြန်လက်နေသလိုလက်လက်ထနေတဲ့ ကြောင်တစ်ကောင်ရဲ့မျက်လုံးမျိုးပဲ။ နာရာ့ရဲ့မျက်နှာဟာ ဒေါသကြောင့် ရေစိုနေတဲ့ကြောင်တစ်ကောင်ရဲ့မျက်နှာလိုစုတ်ချွန်းနေပြီးတော့ မျက်နှာဟာလည်းမည်းနေတော့တယ်။ ကျွန်မကိုသူ့ထုံးစံအတိုင်း ငယ်ငယ်ကလိုအထင်သေးဟန်စွက်တဲ့အကြည့်စူးစူးနဲ့ကြည့်တယ်။ သူ့ထုံးစံအတိုင်း ငယ်ငယ်ကလို ပိဿလေးနဲ့ဘေးပစ်သလိုစကားလုံးတွေနဲ့အလဲထိုးတယ်။ ပြီးတော့ အနိုင်ရသူဟာသူပဲဖြစ်တယ်ဆိုတဲ့ယုံကြည်မှုမျိုးနဲ့လှည့်ထွက်သွားခဲ့တယ်။ အခြေအနေတွေကမှ မတူတော့ဘဲနာရာရဲ့ လို့ သူ့မျက်လုံးကိုစေ့စေ့ကြည့်ပြီး အော်ပစ်လိုက်ချင်ပေမယ့် မပြောဖြစ်ခဲ့ဘူး။ စကားလုံးတွေကို မျက်ရည်တွေကျရင်း အတင်းမျိုချပစ်ခဲ့တယ်။ ဒါပေမယ့်အဲ့ဒီနေ့ နဲ့ နာရာ့ရဲ့စကားလုံးတွေကို ကျွန်မဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူး။ ဒေါသကြောင့်ထွက်လာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်းပွတ်သုတ်ခဲ့တယ်။ ရင်ဘတ်မှာစူးအောင့်လာတဲ့နာကျင်မှုကို ဇွတ်အတင်းဖျောက်ဖျက်ယူခဲ့တယ်။ ကျွန်မရဲ့မနက်ဖြန်တွေမှာ အလုပ်လုပ်ဖို့အတွက် အားအင်တွေရှိနေရဦးမယ်လေ။ ဒါတွေကို နာရာသိမှာမဟုတ်ဘူး။ သိချင်စိတ်လည်းရှိခဲ့တာမဟုတ်ဘူး။ ကျွန်မဟာ နာရာ့ကို သိပ်ချစ်ခဲ့တယ်။ ကျွန်မထက်အသက်၇ နှစ်ပိုကြီးတဲ့အစ်မတစ်ယောက်ကိုချစ်တာထက်ပိုတဲ့အချစ်မျိုးပဲ။ နာရာ့ကိုကျွန်မချစ်တာဟာ သမီးတစ်ယောက်ကအမေတစ်ယောက်ကိုချစ်သလိုချစ်တာမျိုးလို့ ညီအစ်မတွေထက်ပိုချစ်တယ်လို့ နာရာ့ နှုတ်က ဖွင့်ပာပြောခဲ့ဖူးတဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကို ကျွန်မပြောခဲ့ဖူးတယ်။ အဲ့လိုမျိုး ကျွန်မဘက်က နာရာ့အပေါ် အချစ်ပိုခဲ့ရလို့လည်း ခုအချိန်မှာ ကျွန်မပိုခံစားရတာပဲ။ နာရာဟာ သူ့သူငယ်ချင်းတွေအပေါ်ချစ်သလောက် ကျွန်မအပေါ်ချစ်ခဲ့သူမဟုတ်ဘူး။ လောကမှာ သတ္တ၀ါမှန်သမျှ သံယောဇဉ်ကြီးသူကသာလျှင် အနာကျင်ရဆုံးဖြစ်တယ်ဆိုတာကိုသာ ခုအချိန်မှာ နာနာနှလုံးသွင်းရတော့တယ်။ နာရာဟာ ကျွန်မအပေါ် ဘာ့ကြောင့်များ အမြဲတမ်းအနိုင်လိုချင်ရတာနေရတာလဲလို့ ကျွန်မ စဉ်းစားမရဘူး။ ကျွန်မရဲ့အားနည်းချက်က လူတွေနဲ့ဆက်ဆံရာမှာ အလိုက်အထိုက်ဆက်ဆံလေ့ရှိတတ်တာပါ။ ကျွန်မပြောတဲ့အလိုက်အထိုက်ဆိုတာဟာ ကျွန်မရဲ့စိတ်အလိုဆန္ဒထက်ပဲ တခြားသူရဲ့ဆန္ဒကိုရှေ့တန်းတင်မိတာမျိုးဖြစ်တယ်။ သူများတွေရဲ့မျက်နှာတွေကိုဖတ်ပြီးရှေ့တန်းတင်ရင်းနဲ့ ကိုယ့်စိတ်ဆန္ဒဟာနောက်ကိုရောက်ရောက်သွားတော့တာပဲ...။ အဲ့လိုကြောင့်ပဲ မိသားစုမှာဖြစ်ဖြစ် ကျွန်မကျင်လည်ရတဲ့အသိုင်းအ၀ိုင်းမှာဖြစ်ဖြစ် ကျွန်မရဲ့ အခန်းကဏ္ဍဟာပျောက်ပျောက်သွားလေ့ရှိတယ်။ ဒါဟာလည်း အမေက ကျွန်မအစ်မ နာရာ နဲ့ ညီမဖြစ်သူ မီကီ တို့ကိုဦးစားပေးတတ်တော့ သူတို့ကိုမသိမသာဦးစားပေးရင်း ကျွန်မရဲ့စိတ်ဆန္ဒတွေဟာ အလိုလိုဘေးရောက်ကုန်တတ်တဲ့သဘောပါပဲ။ ကျွန်မသာ ငယ်ငယ်ကတည်းက ကိုယ့်ဆန္ဒကို နည်းနည်းလောက်ဖြစ်ဖြစ်ရှေ့တန်းတင်ဖြစ်ခဲ့ရင်(သို့မဟုတ်) အတ္တနည်းနည်းကြီးဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့ဖြစ်ရပ်လိုအကြောင်းအရာတွေဖြစ်လာစရာ (သို့မဟုတ်) ဒီလိုနာကျင်စရာကိစ္စတွေ နည်းနည်းလောက်ဖြစ်ဖြစ် နည်းပါးသွားမယ်လို့ထင်မိတာပါပဲ။ ပြီးတော့ အခုအရွယ်အထိကျွန်မအပေါ်ကို တစ္ဆေတစ်ကောင်လိုခြောက်လှန့်နေတဲ့ တွယ်ကပ်နေတဲ့ သိမ်ငယ်စိတ်ဆိုတာ သိပ်မရှိနိုင်တော့ဘူးထင်တယ်။ မိသားစုရဲ့ချစ်ခြင်းမေတ္တာနဲ့လုံခြုံနွေးထွေးမှုဆိုတာကိုသာဒီထက်ပိုပြီးရခဲ့မယ်ဆိုရင် ကျွန်မရဲ့စိတ်ဟာ ခုထက်ပိုပြီးအရွယ်ရောက်လူလားမြောက်နိုင်ကောင်းပါရဲ့ ။ ကျွန်မဟာ ချစ်ခြင်းတရားနဲ့မထိုက်တန်သူ ၊ အများတကာရဲ့အလေးထားမှုကိုမခံယူထိုက်သူလို့ ကိုယ့်ကိုယ်ကိုအမြဲယူဆနေမိတဲ့ သိမ်ငယ်စိတ်မျိုး မရှိခဲ့ဘဲနဲ့ ဘ၀မှာပျော်ရွှင်စရာတွေနည်းနည်းပါးပါးလောက်ဖြစ်ဖြစ် ရှာတွေ့နိုင်ခဲ့လိမ့်မယ်လို့ထင်မိပါရဲ့လေ။

No comments:

Post a Comment