Showing posts with label essay. Show all posts
Showing posts with label essay. Show all posts

Tuesday, 17 April 2012

ကြယ်ငါး

" အချိန်တွေကသိပ်ကိုမြန်လွန်းတယ်..။ ပြန်တွေးကြည့်လိုက်ရင် ဂျက်လေယာဉ်စီးနေတုန်းမှာ မျက်လုံးကိုခဏလေးမှိတ်လိုက်မိ
သလိုပဲ.။ ပြန်ဖွင့်ကြည့်လိုက်တော့ အာရှကိုလွန်ခဲ့ပြီ.."

အဲ့ဒိစကားကိုဆရာပြောတုန်းက ကျွန်မနဲ့ အွန်လိုင်းမှာ စကားပြောနေတုန်းအချိန်..။ သူ့ရဲ့ ရှားရှားပါးပါးအချိန်လေးထဲကနေ ကျွန်မကိုပြတ်တောင်းပြတ်တောင်းပြန်ပြောနေရင်းက သူ့စိတ်တွေလည်း အတိတ်တွေဆီရောက်နေတယ်ထင်တယ်..။ ဆရာ့မျက်နှာကိုမမြင်ရပေမဲ့ အရင်ကအတိုင်းခပ်တင်းတင်း၊ ခပ်တည်တည်၊ အကြည့်စူးစူးတွေနဲ့  နှုတ်ခမ်းတွေကိုမထီမဲ့မြင်ဟန်ခပ်တွန့်တွန့်ကွေးထားဦးမှာပါပဲ။

ဆရာ့နဲ့နောက်ဆုံးတွေ့တုန်းက သူ့ချန်ထားရစ်ခဲ့တော့မယ့် သူချစ်မြတ်နိုးတဲ့ ကျူရှင်ခန်းမှောင်မှောင်လေးရှေ့မှာ ။ မခွဲချင်ဘဲခွဲထားခဲ့ရတော့မယ့်ဟန်နဲ့ ခရီးဆောင်အိတ်ကို ပြင်နေတဲ့ ဆရာ့ကိုအရင်ဆုံးလှမ်းမြင်ရတယ်..။ အဲ့ဒီနေ့က  လေဆိပ်ဆင်းတော့မယ့်ဆရာ့ကိုမမီတော့မှာစိုးရိမ်တဲ့စိတ်နဲ့  ခဲထူထူလမ်းကို ခလုတ်တိုက်လဲတော့မိမတတ် ဒရောသောပါးလျှောက်ရင်း အပြေးအလွှား..။ ဆရာ့အတွက်တစ်ခုခုလုပ်ပေးလိုက်ချင်တဲ့စိတ်နဲ့ ဆရာ့အတွက်ဆိုပြီး မနက်အစောကြီးကိုယ်တိုင်ကြော်ထားတဲ့ ငါးပိကြော်ကိုအပြည့်အသိပ်ထည့်ထားတဲ့ ပုလင်းလေးကို ဆရာ့ကိုလှမ်းပေးတယ်။ ဒီထက်ပိုပြီး လက်ဆောင်မပေးနိုင်လိုက်တာ စိတ်မကောင်းဘူး..။ ဆရာ့အတွက် လို့ ပြောပြီးပေးလိုက်တော့..ဆရာက ပြုံးပြီလှမ်းယူတယ်။ အဲ့ဒီတုန်းကတော့ ဘာခံစားချက်မှန်းမသိဘူး.။ ဒီလောက်အကြာကြီးပြန်မတွေ့ရတော့မှာမှန်းလည်းမသိခဲ့ဘူး..။  ကျွန်မသိပ်ကြိုက်တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်သတိဖြင့်နေထိုင်ခြင်း ဆိုတဲ့စာအုပ်လေးကို ဆရာ့အတွက်လက်ဆောင်ဆိုပြီး ကျွန်မက မရဲတရဲနဲ့ ပေးတော့ ဆရာကသေသေချာချာလှမ်းယူတယ်..။ ၀မ်းသာသွားပြီး ဆရာလိမ်လိမ်မာမာနေနော် လို့ လွှတ်ခနဲပြောထွက်သွားတော့ ဆရာများစိတ်ဆိုးသွားမလားလို့ မရဲတရဲကြည့်မိသေးတယ်..။ အဲ့ဒီတုန်းက ဆရာက ထုံးစံအတိုင်းခပ်ပြုံးပြုံးနဲ့ အေးအေး တဲ့..။ ပြုံးစိစိနဲ့ခေါင်းကိုတောင်လှမ်းပုတ်လိုက်သေးလားမသိဘူး..။ ကျွန်မကလည်း ကိုယ့်ဆရာကို လိမ်လိမ်မာမာနေနော်လို့ ပြောမိတဲ့အထိ ဆရာလုပ်ချင်ခဲ့တဲ့လူ..။

အဲ့ဒီတုန်းက ဆရာနဲ့ ဆရာတပည့်သက်တမ်း လေးနှစ်လောက်ရှိပြီ.၊ အဲ့ဒီ့အချိန်အထိ ဆရာ့ကို နားမလည်နိုင်ခဲ့ဘူး..။ အခုအချိန်ထိလို့ပြောရမလားပဲ..။ ဆရာနဲ့စသိတော့ မှတ်မှတ်ရရ ၉ တန်းနှစ်..။ အစ်မနဲ့ သိတဲ့ ဆရာက အိမ်ကိုလာလည်ရင်းနဲ့ ကျွန်မကိုသူ့ကျောင်းမှာ FOC ထားမယ်ဆိုပြီးပြောတယ်..။  အဲ့ဒီနောက်တော့ သူ့စာသင်ခန်းလေးဆီမှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတက်ဖူးတဲ့ ကျူရှင်ဆိုတာကြီးကိုစတက်တယ်..။ ကျူရှင်ခန်းလေးက လက်ဖက်ရည်ဆိုင်တစ်ခုရဲ့အပေါ်ထပ်..၊ ခန်းမအကျယ်ကြီး ။ အမြဲနှုတ်နည်းတဲ့ကျွန်မကိုဆရာက သူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေးတယ်..။ နောက်တော့လည်း အဲ့ဒီသူငယ်ချင်းတွေနဲ့အရမ်းကိုခင်ပြီး ခနော်နီခနော်နဲ့ လှေကားလေးကို တ၀ုန်းဝုန်းပြေးတက်ပြေးဆင်း..။ ဘိုင်အိုသင်တဲ့ဆရာ့ကို ဘိုင်အိုတင်မကဘူး..စာအကြောင်းပေအကြောင်း၊ သီချင်းတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း..၊ စကားကြီးစကားကျယ်တွေပြောကြ၊ ကျွန်မတို့သူငယ်ချင်းတွေ ငြင်းကြခုန်ကြ၊ ဆရာလုပ်ပေးထားတဲ့ စာသင်ခန်းလေးထဲက ဆရာ့ကိုယ်ပိုင်စာကြည့်တိုက်လေး..၊နဲ့..။ အဲ့ဒီတုန်ကတော့ brain storm လုပ်တယ်ဆိုတာကိုနားမလည်ခဲ့ဘူး..။ အဲ့ဒီအချိန်တုန်းကတော့ ရင်ဆိုင်လာရမယ့် အနာဂတ်ဆိုတာကို ရင်ခုန်တဲ့စိတ်နဲ့ တစ်ခါတစ်ခါ မရဲတရဲ လှမ်းကြည့်..။ အားငယ်စကားတွေပြောမိတိုင်းဆရာက စာအုပ်တွေပေးဖတ်တယ်။ သိသိသာသာရော မသိမသာရော စိတ်အားတက်ကြွအောင်လုပ်ပေးခဲ့တာချည့်ပဲ။ အဲ့ဒီတုန်းက ကျွန်မတို့တွေ ၉ တန်း၊ ၁၀ တန်း..။  ဒီလိုနဲ့..ဆရာ့ရဲ့ ကျူရှင်ခန်းလေးက ကျွန်မတို့ရဲ့ စပ်ကူမက်ကူးလူငယ်ကာလကို အရောင်တင်ပေးခဲ့ပါတယ်..။

ခုတော့ဆရာက သတင်းဌာနတစ်ခုမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်နေပြီ။ အမှန်အတိုင်းဝန်ခံရရင် ဆရာစာသင်တဲ့ဟန်ကို ဘာပုံကြီးမှန်းမသိဘူးလို့ အီလည်လည်ကြီးတွေးမိခဲ့တာ..အဲ့ဒီတုန်းကတော့ သိပ်ပဲများတာပဲလို့ သူငယ်ချင်းအုပ်စုကြားထဲမှာအတင်းအုပ်ကြရင်းပေါ့..။ အမှန်ကတော့ဆရာက အဲ့ဒီတုန်းကတည်းက ဇာတိပြခဲ့တာဖြစ်မယ်။ အဲ့ဒီတုန်းက စာသင်တဲ့ဟန်က အခု သတင်းကြေငြာတဲ့ဟန်အတိုင်းပဲ..။ သိပ်တော့မပြောင်းလဲဘူး..။ စကားပြောခပ်မြန်မြန်သွက်သွက်။ လက်ကလည်း နိုင်ငံခြားသတင်းဌာနက သတင်းကြေငြာနေသူတစ်ယောက်လိုမျိုး လှုပ်ရွပြီးရှုပ်ယှက်ခတ်နေတာ။ အဲ့ဒီတုန်းကတော့ မျက်စိကိုနောက်နေရောပဲ။ ခုတော့ ငါ့ဆရာကွဆိုပြီး ကြည့်ရတယ်။  ကျွန်မမှာတပည့်မို့လို့လားတော့မသိဘူး.. ဆရာသတင်းကြေငြာတာကိုကြည့်ရင်း သြော်..ငါ့ဆရာအရင်ကအတိုင်း ဖြစ်သလိုနေတုန်းပဲ.. ညကဘီယာသောက်ထားလို့ မျက်နှာကြီးအစ်နေတာလားမသိဘူး..အင်း....လက်မမှာလည်းကွင်းကြီးစွပ်ထားသေးတယ်..အသက်ကကြီးပြီ ခုချိန်ထိ လူငယ်လုပ်တုန်းပဲ..  စသဖြင့် ချစ်စနိုးနဲ့စိတ်ထဲကဝေဖန်မိတာအကြိမ်ကြိမ်။

ဆရာ့စတိုင်နဲ့ပတ်သတ်ပြီး မှတ်မှတ်ရရဖြစ်ရပ်တွေရှိသေးတယ်..။ ပထမဆုံးစတွေ့တုန်းကတော့ ကျူရှင်ဆရာပီပီ လယ်ကတုံးအကျီ်အဖြူ၊ ပုဆိုးကိုအရှည်ကြီးဝတ်ပြီး လက်မှာလည်းမှတ်စုစာအုပ်ထူထူတစ်အုပ်၊ ဖတ်လက်စ စာအုပ်တစ်အုပ်နဲ့၊ မျက်မှန်တပ်တယ်။ ဆံပင်ကိုဆီရွှဲရွှဲလိမ်းပြီးတော့တစ်ခါတလေ စီးကရက်တစ်လိပ်ကိုခဲထားသေးတယ်.။ ဆရာ့များစာသင်ခန်းမှာတွေ့လိုက်ရင်အမြဲတမ်းသုတ်သီးသုတ်ပြာနဲ့။ သင်လိုက်ရတဲ့စာသင်ခန်းတွေလည်းမနည်းဘူး။ ဆရာ့မို့လို့ သူဌေးလည်းမဖြစ်ဘူး။ အမြဲတမ်း သူ့ကျူရှင်ခန်းမမှာပဲအိပ် ၊ တကယ့်ကို ဖြစ်သလိုနေ ဖြစ်သလိုစား၊ တစ်ခါတစ်ခါများ ဆရာစားရင် ကျူရှင်အောက်ထပ်ဆိုင်ကမှာတဲ့ မြေပဲ၊ကြက်သွန်ကြော်နဲ့ဆီဆမ်းဆားဖြူး ထမင်းကိုစားတယ်။ ဒါပေမဲ့ စာသင်ကျောင်းတိုင်းမှာ သင်တန်းကြေးမယူဘဲ သင်ပေးခဲ့တာတွေကြောင့် ဘာပဲပြောပြော သူ့ဆီမှာ တပည့်တွေတော့သိပ်ပေါတယ်။ သူ့ကိုယ်ပိုင်စာသင်ခန်းလေးမှာလည်း စာကြည့်တိုက်အသေးလေးတစ်ခုလုပ်ပေးပြီးတော့ တပည့်တွေကိုစာဖတ်ဝါသနာပါအောင်လုပ်ပေးပါသေးတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်မတို့သူငယ်ချင်းတွေ လေကြီးလေကျယ်တွေ တော်တော်ပြောခဲ့တာထင်တယ်လို့  မကြာမကြာတွေးမိတယ်။ ၁၀ တန်းစာသင်ခန်းထဲမှာ မေးမိတဲ့ မေးခွန်းတွေကြောင့် ရူပဗေဒဆရာ စိတ်ညစ်ရတာအခါခါ။ အင်္ဂလိပ်စာဆရာကို မနက်ဆိုရင် အခန်းအပြင်ကနေအော်ခေါ် အတင်းနှိုးပြီးစာသင်ခိုင်းရတယ်။ နောက်တော့လည်း ဆရာတို့ကျေးဇူးနဲ့ အောင်ခဲ့ကြတာပါပဲ။ ဆရာ့မို့လို့ စာမေးပွဲ မဖြေခင်ညမှာ သူ့တပည့်တွေကိုစိတ်မချနိုင်ဘဲ အိမ်ပေါက်စေ့ လိုက်ကြည့်တယ်။ သူငယ်ချင်းတွေစုံမှ ပြန်ပြောကြတော့သိရတယ်။ ၁၀ တန်းပြီးတော့ ဆရာနဲ့ သူငယ်ချင်းတွေနဲ့ ခဏအဆက်အသွယ်ပြတ်သွားသေးတယ်။ ပြန်တွေ့တော့ ဆရာက ကျူရှင်ခန်းလေးနေရာပြောင်းပြီးပြီ။ ကျူရှင်ခန်းနေရာလည်းပြောင်း၊ လူလည်းစတိုင်ပြောင်းပဲ။ အရင်ကလယ်ကတုံးအဖြူနဲ့ ပုဆိုးနဲ့ဆရာက ဆိုင်ကယ်တဖုန်းဖုန်းနဲ့ ၊ တစ်ခါတလေ ပုဆိုး၊ တစ်ခါတလေ ဘောင်းဘီနဲ့ ဆိုင်ကယ်ကြီးတဖုန်းဖုန်းနဲ့။ အဲ့ဒီတုန်းကရန်ကုန်မှာဆိုင်ကယ်စီးလို့ရသေးတယ်။ နောက်ပိုင်းတော့ ဆရာ့ဆိုင်ကယ်ကိုမတွေ့မိတော့ဘူး။ ဒါပေမယ့် ပုဆိုးဝတ်တာမတွေ့ရတော့ဘဲ ဘောင်းဘီတိုကြီးနဲ့ ။ အဲ- ဘာစိတ်ကူးလည်းတော့မသိဘူး.. လက်မှာ တုတ်တစ်ချောင်း ကိုင်ထားတာတွေ့တွေ့လာတယ်။ ရိုက်တော့မရိုက်ပါဘူး။ တစ်ခါကဆရာ့ကိုလှမ်းမြင်တော့ လက်ဖက်ရည်ဆိုင်သွားတာထင်တယ်။ အပေါ်ပိုင်းက စွပ်ကြယ်၊ အောက်က ဘောင်းဘီတို၊ လက်မှာ ကြိမ်လုံးနဲ့။ ကောင်းကောင်းသွားတာမဟုတ်ဘူး။ ကြိမ်လုံးကို တစ်ချက်ချက် အမှတ်တမဲ့ လွှဲလွှဲသွားသေးတယ်။ ဆရာ့မို့လို့ အဲ့လိုထူးခြားနေတာထင်တယ်။ ဒါပေမဲ့ ဘာအကြောင်းအရာတွေက ဆရာ့ကိုဒီလောက်ထိပြောင်းလဲသွားစေလဲတော့ မတွေးတတ်ခဲ့ပါဘူး။ အမှန်က အဆင်မပြေတဲ့အခိုက်အတန့်ကာလတွေကို တစ်ယောက်တည်းကျိတ်ပြီးဖြတ်သန်းခဲ့ရတာဖြစ်မယ်လို့ နောက်ပိုင်းမှတွေးမိခဲ့ပါတယ်။


၉ တန်း၊ ၁၀ တန်းလောက်က မှတ်မှတ်ရရ ကွန်ပြူတာဆိုတာကြည့်ချင်ရင် မဂ္ဂဇင်းတွေထဲက ဓာတ်ပုံတွေကိုပြူးပြဲကြည့်ရတယ်။ ကျောင်းမှာ ကွန်ပြူတာခန်းဆိုတာရှိပေမဲ့ မီးမလာတဲ့အခန်းထဲမှာ မှောင်မှောင်နဲ့မည်းမည်းမို့လို့ မှန်ပြတင်းပေါက်ကနေ သေသေချာချာ ချောင်းကြည့်တာတောင် သိပ်မမြင်ရဘူး။ စိတ်ထဲမယ် ကွန်ပြူတာဆိုတာကြီးကို လက်နဲ့ကိုင်ကြည့်ရင်ဓာတ်လိုက်မလားထင်တာ။ ၁၀တန်းအောင်ပြီးစမှာ ဆရာက ကွန်ပြူတာလေးတစ်လုံးကို စာသင်ခန်းပေါ်တင်လာတယ်။ စာကြည့်တိုက်လေးဘေးမှာထားတယ်။ ပြီးတော့ လွယ်ကူလေ့လာကွန်ပြူတာဆိုတဲ့စာအုပ်လေးရယ်၊ အခြားကိုယ်တိုင်လေ့လာလို့ရတဲ့ စာအုပ်လေးတွေရယ် ယူလာတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မတို့သူငယ်ချင်းတစ်သိုက် အဲ့ဒီနားမှာတ၀ဲဝဲပဲ။ နောက်တော့လည်း ဆရာ့ရှေ့မှာ လေ့ကျင့်ခန်းလေးတွေလုပ်လိုက် အလစ်မှာ ဂိမ်း ဆော့လိုက်နဲ့ ။ အဲ့ဒီတုန်းက ကျွန်မတို့သူငယ်ချင်းတွေကို အားလပ်ချိန်မှာ သူ့ကျောင်းသားတွေကိုစာပြန်ပြဖို့ခေါ်ထားတာ။ ပြီးရင် ကွန်ပြူတာလေ့လာ၊ စာအုပ်ဖတ်ပေါ့လေ။ ကျွန်မတို့ကလည်း ကျောင်းသားတွေကိုစာရှင်းပြ၊ ပြီးရင် ဂိမ်းဆော့။ နောက်ပိုင်းဆရာ့ကျေးဇူးနဲ့ ကိုယ့်စရိတ်ကိုယ်ရှာပြီး ကျောင်းပြီးတဲ့အထိ တက်နိုင်ခဲ့တယ်။

တကယ်တော့ ဆရာက ကျွန်မဘ၀ရဲ့ ကျေးဇူးရှင်ဆိုတာ ခဏခဏပြန်ပြန်တွေးမိတာအခါခါပါ။ ဆရာက မကြာခဏပြောပြဖူးတာက သဲသောင်ပေါ်တင်နေတဲ့ ကြယ်ငါးလေးတွေကို လူတစ်ယောက်က ပင်လယ်ထဲပြန်ပစ်ချပေးတဲ့ဇာတ်လမ်းလေးအကြောင်း။ ဆရာကကြယ်ငါးတွေကို ပင်လယ်ထဲပြန်ပစ်ချပေးချင်တဲ့သူ။ အဲ့လိုပစ်ချနိုင်ဖို့အတွက် စာကြည့်ခန်းလေးတွေ ပညာဒါနစာသင်ကျောင်းလေးတွေကိုတစ်နိုင်တစ်ပိုင်လုပ်တယ်။ လူငယ်ခြေစမ်းဖို့ ကွင်းဖန်တီးပေးတယ်။ တပည့်တွေကိုလည်းဝိုင်းကူခိုင်းတယ်။ ဆရာကိုယ်တိုင်ကိုက မြောက်ဥက္ကလာက နာမည်ကြီးပညာဒါန စာသင်ကျောင်းမှာ ဘာသာခြားစကားတွေကိုသင်ဖူးတော့ ဒီလိုကျောင်းတွေရဲ့ အကျိုးကျေးဇူးကိုကောင်းကောင်းသိပြီး သူကိုယ်တိုင်ဦးစီးပြီးလုပ်ရှာတယ်။ ဒါပေမဲ့ သူဦးတည်ပြီးဖွင့်ခဲ့တာက အတန်းကျောင်းပညာဒါနတွေ။ နောက်ပြီးတော့ အပင်ပန်းခံပြီးဖွင့်တာက ညကျောင်း။ အလုပ်တစ်ဖက်နဲ့သူတွေအတွက် စာမေးပွဲပြန်ဖြေလို့ရအောင်။ ဒီကြားထဲ မဂ္ဂဇင်းတွေမှာဆောင်းပါးတွေ ကဗျာတွေ ရေးသေးတယ်။ သူ့မှာတစ်ခါတစ်ခါအိပ်ချိန်တောင်ရှိပုံမရဘူး။ မျက်တွင်းကဟောက်ပက်နဲ့။ ဒါပေမဲ့ အမြဲတမ်းတက်ကြွနေတာပဲ။  အဲ့ဒီလိုဆရာက နိုင်ငံခြားကိုအပြီးသွားမယ်ဆိုတော့ အံ့အားသင့်ရတယ်။ ဘာကများဆ၇ာ့ရဲ့စိတ်တွေကို ပြောင်းလဲစေခဲ့တာလဲ။ ဆရာ့ရဲ့ ကြယ်ငါးတွေကို ထားခဲ့ပြီလားလို့ မေးချင်ခဲ့မိတယ်။ တကယ်တော့ ဆရာ ဘာရည်ရွယ်ချက်တွေရှိလဲ၊ ဘာတွေဆက်လုပ်မှာလဲ၊ စသဖြင့် မေးခဲ့ဖို့ကောင်းတာ။ ဒါပေမဲ့ ဘာဖြစ်လို့မှန်းမသိဘူး။ ဆရာ့ကိုဘာဆိုဘာမှ မမေးခဲ့ဘူး။ ဆရာကလည်း ဘာကိုမှ မပြောခဲ့ဘူး။ တကယ့်ကို တိတ်တိတ်ဆိတ်ပဲ။ အကုန်လုံး တကွဲတပြားနဲ့ တိတ်တိတ်ဆိတ်ဆိတ်  ရွေ့လျားခဲ့ကြတယ်.။

နောက်တော့ဆရာ့ကို သတင်းဌာနတစ်ခုမှာအစီအစဉ်တင်ဆက်သူအဖြစ်ပြန်တွေ့ရတယ်။ ဂျီတော့ခ်မှာ အင်ဗိုက်လုပ်တော့ ချက်ချင်းလက်ခံပြီးဝမ်းသာအားရနဲ့စကားတွေလှမ်းပြောတယ်။ ဆရာက အရင်လိုဖြစ်သလိုနေတုန်းပဲ။ အရင်တုန်းက အိပ်မက်တွေနောက်ကိုလိုက် နေတုန်းပဲလား။ အဲဒီမေးခွန်းတွေကို နောက်မှမေး အခုမမေးနဲ့ဦး လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး သာကြောင်းမာကြောင်းတွေ အရင်မေးရတယ်။ ဆရာက အစီအစဉ်တစ်ခုလုပ်နေရင်းတန်းလန်းနဲ့မို့လို့ စကားစကိုဖြတ်လိုက်ရတယ်။ နောက်တစ်ခါ ဂျီတော့ခ် မီးလုံးလေးလင်းလာတာတွေ့မှပဲ မေးရတော့မယ်.. ကြယ်ငါးလေးတွေကို အရင်ကလို ပင်လယ်ထဲပစ်ချတုန်းပဲလား။ အရင်ကထက်ပိုပြီးပစ်ချနိုင်ရဲ့လားလို့ မေးချင်ပါသေးတယ်..။ ကျွန်မကိုယ်တိုင်ကိုက ဆရာ ပစ်ချပေးခဲ့တဲ့ ကြယ်ငါးလေးမဟုတ်လား..။


စိမ်းမြလင်းသစ်

17/04/2012

Friday, 2 December 2011

ဆက်ရန်ရှိနေဆဲခရီးက ဘယ်ဆီဘယ်ဝယ်...

ခုလတ်တလောမှာ ပြီးဆုံးသွားတော့မယ့် နှစ်ကာလတစ်ခုအကြောင်းဟာ ရုတ်တရက်ဆိုသလိုပဲ
ခေါင်းထဲကိုရောက်လာပါတယ်..။ လက်ရှိနေထိုင်နေတဲ့ နှစ်ကာလတစ်ခုဟာ ရင်းနှီးကျွမ်းဝင်ပြီးသားလူတစ်ယောက် ကိုယ့်အနားက မသိလိုက်မသိဘာသာနဲ့ တိတ်တဆိတ်ထွက်ခွာသွားတော့မယ့်အကြောင်းကို သွားရင်းလာရင်း နဲ့ကြားနေမိလို့ပါပဲ..။ အမြဲတွေ့နေကျ မျက်မှန်းတန်းရင်းနှီးနေကျ ဖြစ်တဲ့ အိမ်နီးချင်း တစ်ယောက် အိမ်ပြောင်းသွားတော့မယ်ဆိုတာ ရုတ်တရက်သိလိုက်ရမှ
 လှိုက်ခနဲစိတ်ဝင်စားသွားမိသလိုမျိုး ဖြတ်သန်းသွားမိတဲ့ လမ်းတစ်လျှောက်က ခရစ်စမတ်ထီးရှူးပင်လေးတွေ နဲ့ ခရစ်စမတ်သီချင်းတီးလုံးသံတွေကိုကြားလိုက်ရတဲ့အခါ၊ ရှော့ပင်းမောတလျှောက် ချိတ်ဆွဲထားတဲ့ ခရစ်စမတ်အလှဆင်ပစ္စည်းလေးတွေကို  မြင်လိုက်ရတဲ့အခါ သိပ်မကြာခင်ချန်ထားရစ်ခဲ့ရတော့မယ့်နှစ်ကာလလေးအကြောင်းကို
သေသေချာချာကိုပဲစိတ်ဝင်စားသွားမိပါတယ်။ ဒီနှစ်ကာလလေးအတွင်းမှာ ဘာတွေလုပ်ခဲ့သလဲ..၊ ဘယ်လိုတွေဖြတ်သန်းခဲ့ရသလဲဆိုတာတွေဟာ တစ်ခါတခါ မှတ်မှတ်ရရ၊ တစ်ခါတခါ တမင်တကာ လွှတ်ချ. နဲ့ နေ့ရက်တွေဟာ မှုန်တလှည့်ပြာတရီချည့် ပါပဲ။ လူဆိုတာ ကိုယ့်ကိုယ်ကို တည့်တည့်ပြန်မကြည့်ရဲတာကလွဲရင် ကျန်တာအကုန် စိတ်ဝင်စားတတ်တယ်ဆိုတာ ကုန်လွန်တော့မယ့်နှစ်ကာလအကြောင်းစဉ်းစားလိုက်မိတဲ့အခါမှ ကျွန်မ အသေအချာနားလည်လက်ခံမိပါတယ်။ ပိုင်ဆိုင်နေရတုန်းကတန်ဖိုးထားရမှန်းမသိဘူး..၊ ဆုံးရှုံးရခါနီးကျမှ တန်ဖိုးကြီးတယ် ဆိုတဲ့ဟောင်းနွမ်းနေတဲ့ စာသားလေးဟာလည်းခေါင်းထဲမှာလက်ခနဲ လင်းခနဲ..။
ချန်ခဲ့ရမယ့်အတိတ်ကာလအကြောင်းကိုပြန်စဉ်းစားလိုက်ရင် ဘာကိုဝမ်းနည်းမှန်းမသိဝမ်းနည်းလာရပါတယ်.။

အခုပြန်စဉ်းစားလိုက်မိရင် တကယ့်ကိုဘာမှမကြာခဲ့ဘူးလို့ထင်ရတဲ့ ကာလအပိုင်းအခြားလေးကို ဖြတ်သန်း
ခဲ့ရစဉ်တုန်းက သွေးပျက်တုန်လှုပ်စွာနဲ့ အချိန်တွေအမြန်ကုန်လွန်စေချင်တဲ့စိတ်နဲ့ အားတင့်းဖြတ်သန်းနေခဲ့ရတာကို မှတ်မိနေပါသေးတယ်။ အိမ်အပြန်လမ်းတွေမှာ အချိန်ပြည့်လိုလိုရွာနေတတ်တဲ့မိုးစက်တွေနဲ့ အေးစက်နေခဲ့ပြီး ကိုယ်တစ်ယောက်တည်းနေထိုင်ခွင့်ရတာမဟုတ်တဲ့ အခန်းလေးထဲမှာ အရင်က ကိုယ်မသိခဲ့ဖူးတဲ့ အခန်းဖော်မိန်းကလေးနဲ့ အတူတူ စကားတစ်ခွန်း၊အပြုံးတစ်ချက်
မပါဘဲ ခြောက်ကပ်စွာ ဖြတ်သန်းခဲ့ရဖူးပါတယ်.။ တစ်ကိုယ်တည်းချောက်ချားခဲ့တဲ့ (ချောက်ချားတယ်လို့
ထင်ခဲ့ရတဲ့) နေ့ရက်ပေါင်းများစွာဟာ ထိုအချိန်တုန်းကတော့ သွေးပျက်ဖွယ်ခြောက်လှန့်ခဲ့ပါသေးတယ်..။ ပစ္စုပ္ပန်ကနေပြေးထွက်ချင်နေတဲ့စိတ်က အဝေးမှာရှိနေတဲ့ နွေးထွေးခြင်းတွေပြည့်နှက်နေမယ့် အိမ်ကလေး
ကိုပြန်ရောက်နေတာကများပါတယ်.။ ဘ၀ကိုတစ်ယောက်တည်းရပ်တည်ရတော့မယ်ဆိုတဲ့အတွေးဟာ 25နှစ်ဆိုတဲ့အသက်အရွယ်ထိ မရင့်ကျက် မထောင်မတ်နိုင်သေးတဲ့ ကိုယ့်စိတ်ကိုယ်ကို ခြောက်လှန့်နေသလိုပါပဲ..။ အသက်ကို ခပ်ပြင်ပြင်းရှိုက်လို့ ကိုယ့်ကိုယ်ကို ခဏခဏ  ပြန်အားတင်းထားရတဲ့ရက်တွေထဲမှာ တကယ့်ကိုပဲအသားတကျဖြစ်ခဲ့ရပါတယ်..။ တစ်ခါတရံ ဘာကြောင့်များ အေးစက်ခြောက်သွေ့တဲ့အရပ်ဆီကို လာချင်ခဲ့ရတာလဲလို့
့တွေးမိခဲ့ရတာလည်း မကြာခဏပါပဲ။ တကယ်ဆိုရင် ကုန်လွန်ခဲ့တဲ့ မနှစ်ကခရစ်စမတ်ဟာ ပြန်မတွေးချင်တော့လောက်အောင်အေးစိမ့် သွေ့ခြောက်ခဲ့ပါတယ်..။

မှတ်မှတ်ရရပါပဲ..။ စိတ်သက်သာရာရမလားဆိုတဲ့စိတ်တွေနဲ့ အိမ်ကိုလွမ်းတဲ့ အလွမ်းတွေကိုပွေ့ပိုက်ပြီး
ပြီးခဲ့တဲ့ခရစ်စမတ်နေ့မှာ  တစ်ယောက်တည်း အပြင်ကိုထွက်လည်ခဲ့မိပါတယ်..။ မိမိကိုယ်တိုင်ဆီကပြေးထွက် ချင်နေတဲ့စိတ်နဲ့ ကိုယ်မဟုတ်တဲ့လူတွေအကိုန်လုံးကို လိုက်ကြည့်မိတယ်.။ပျော်ရွှင်စွာသီဆိုနေကြတဲ့
သီချင်းသံတွေ၊ မီးရောင်စုံနဲ့ပျော်ပွဲရွှင်ပွဲတွေ၊ ကြည်နူးစဖွယ်ကလေးငယ်တွေရဲ့ရယ်သံတွေ၊ ကြည်နူးစွာနဲ့ မီးရောင်စုံအောက်မှာ လက်တွဲလျှောက်လှမ်းနေကြတဲ့ ချစ်သူတွေ၊ ဆွတ်ပျံ့ကြည်နူးဖွယ် မိသားစုစုံစုံညီညီရယ်မောသံတွေဟာ ကျွန်မရင်ကိုတည့်တည့်ထိမှန်ပါတယ်။ အိမ်ကို ဖုန်းမဆက်ဖြစ်အောင် အားတင်း ထားတဲ့ကြားက အသားကျနေတဲ့လက်တွေက နှိပ်နေကျဖုန်းနံပါတ်ကို နှိပ်မိသွားတဲ့အခါ ကြားနေကျ မေမေ့ရဲ့စကားသံခပ်တိုးတိုးက  ကျွန်မကို MRT ပေါ်မှာ မျက်ရည်ကျစေခဲ့ပါတယ်။ အားနည်းသူအတွက်သွေးပျက်ဖွယ်..။ နွေတစ်လှည့် မိုးတလှည့် ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်ဟာ ကျွန်မကို ခပ်တိုးတိုးစိန်ခေါ်နေခဲ့ပါတယ်။ ရင်ဆိုင်တိုက်ခိုက်ပစ်ချင်တဲ့စိတ်တစ်ဝက်၊ မွန်းကျပ်နေတဲ့စိတ်တစ်ဝက် တို့ဟာ ခဏတာလွတ်မြောက်စေနိုင်တဲ့ စိတ်ရဲ့ ပြတင်းတံခါးတွေကို ရှာဖွေနေတော့တာပါပဲ..။ ကျွန်မအတွက် မိသားစု၊ ကိုယ့်ဝန်းကျင်အသိုင်းအ၀န်းနဲ့ တကယ့်ကိုနီးနီးလေးလို့ထင်ရမယ့် ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပစ်ခဲ့မိပါတယ်..။
အရင်းနှီးဆုံး(လို့) ခံစားရတဲ့ သူငယ်ချင်းအနည်းငယ်ရှိတဲ့ အီးမေးလ်အကောင့်လေးထဲကနေ သူငယ်ချင်း မိတ်ဆွေနဲ့ မိသားစုတွေကို အားလပ်ချိန်တိုင်း အမြဲချောင်းကြည့်နေခဲ့မိတယ်..။ ဖေ့စ်ဘွတ်အကောင့်လေးကနေ သူငယ်ချင်း
တွေကိုကြည့်ရပါတယ်..။ ခံစားရသမျှကို စကားလုံးတွေနဲ့ဖွဲ့သီပစ်ခဲ့ပါတယ်..။ မိမိကိုယ်ကို ကလေးဆန်လွန်းလှချည့်လို့် မတွေးရက်လောက်အောင် စိတ်သက်သာရာရခဲ့ရပါတယ်..။

အဲ့ဒီအချိန်ကာလတွေကို ခုအချိန်ပြန်တွေးလိုက်တဲ့အခါ တကယ့်ကိုခဏလေးပါပဲ..။ ခိုင်မာတယ်လို့ထင်ရသမျှအရာတွေဟာ အရိပ်မျှသာဖြစ်ပြီး စိတ်ဟာ  ပတ်သတ်မှုပေါင်းများစွာကို ကြိုးလိုချည်ခဲ့မိတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်မကိုသင်ကြားခံခဲ့ရပြန်ပါတယ်။  အစ်ကိုတစ်ယောက်လို ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောဖူးပါတယ်.. ကျွန်မတို့ဟာ သူငယ်ချင်းသံယောဇဉ်ရော၊ မောင်နှမသံယောဇဉ်ပါ ခိုင်မာတဲ့အတွက် ကျွန်မကို ဘာမှအားမငယ်စေဖို့ပြောတုန်းက ကျွန်မ ပြုံးမိခဲ့ပါသေးတယ်..။ တကယ်ဆိုရင် စကားလုံးမှန်သမျှဟာ သိပ်ကိုအငွေ့ပျံလွယ်တတ်ကြောင်းသင်ခန်းစာတစ်ခုကိုကျွန်မသင်ယူရတော့မယ်မှန်း အဲ့ဒီတုန်းကမသိခဲ့လိုက်ပါဘူး..။ ခင်မင်ရင်းနှီးပြီးခဲ့ပြီးသားလူတွေကို အားကိုးမှီတွယ်ချင်တဲ့စိတ်ဟာ ရုတ်တရက်ဆိုသလို ချက်ချင်းဆိုသလိုပြောင်းလဲသွားပါတယ်..။ အေးအေးစက်စက်နဲ့ မိုးတွေရွာတဲ့တစ်ရက်မှာပဲ ဘာမဟုတ်တဲ့ (သိပ်မမှတ်မိတော့တဲ့) အကြောင်းအရာတစ်ခုအောက်မှာ သံယောဇဉ်ဟာ ချက်ချင်း အငွေ့ပျံ သွား ပါတော့ တယ်.။ ကျွန်မဟာ ကိုယ့်ကိုယ်ကိုကလွဲရင် ဘာကိုမှအယုံအကြည်မရှိတော့ပါဘူး..။ အဲ့ဒီအချိန်တွေတုန်းက Idiots အဖွဲ့ရဲ့ မင်းအတွက် မင်းရှိတယ်ဆိုတဲ့သီချင်း အခန်းထဲမှာ တစ်ယောက်တည်းရှိချိန်မှာ အကျယ်ကြီးဖွင့်ပြီး လိုက်ဆိုရတာ သိပ်ကိုနှစ်ခြိုက်ခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းစိတ်ရဲ့ပြတင်းတံခါး လို့ ကိုယ့်ဖာသာ နာမည် တပ်ထားတဲ့အရာတွေကို အပြီးအပိုင်ပိတ်ပစ်ခဲ့ပါတော့တယ်..

ထွက်ပေါက်တစ်ခုတစ်လေအတွက် စကားလုံးတွေမှာခံစားချက်တွေလိမ်းခြယ်ရင်း စာစုလေးတစ်ချို့တလေ
ရေးပါတယ်..။ ဘယ်သူ့အတွက်မှမဟုတ်တဲ့ ကျွန်မအတွက်သီးသန့် ဘလော့နေရာလေးတစ်ခုကိုဖန်တီးပြီး ကြည်နူးဖွယ်စိတ်ကိုမွေးမြူရပါတယ်။ အားလပ်ရက်တွေကို အွန်လိုင်းရုပ်ရှင်တွေနဲ့ သီချင်းသံတွေနဲ့ အားဖြည့်ပါတယ်။ စိုစိုပြေပြေဆိုတဲ့ စာသားကို ကျွန်မ ရပ်တန့်ပြီးမငေးမောတော့ပါဘူး။ ရသလောက်အတိုင်းအတာတစ်ခုအတွင်းမှာ တတ်နိုင်သမျှ သီချင်း တွေ ဆိုပြီး နိုင်သလောက်ပြုံးပစ်ပါတော့တယ်..။ စိမ်းလန်းစိုပြေဖို့ ၊ အထီးကျန်မှုကို ခေါင်းထဲမ၀င်ဖို့နဲ့တစ်ကိုယ်ရည်စာအပန်းဖြေဖို့ ဆိုတဲ့ စိတ်နဲ့ အခန်းထဲမှာစိုက်ပျိုးထားတဲ့ပန်းအိုးထဲက
သစ်ပင်လေးဟာစိုစိုပြေပြေနဲ့ လန်းဆန်းနေတုန်းပါပဲ။ ပြီးခဲ့တဲ့နှစ်က၀တ်ခဲ့တဲ့အ၀တ်အစားလေးတွေ

ဟောင်းနွမ်း သွားပြီဖြစ်တဲ့အကြောင်းကို ဒီနေ့ အကျီင်္ဝတ်ဖို့ပြင်ဆင်ရင်းတွေ့ရှိသွားတဲ့အခါ ကျွန်မရဲ့ စိတ်ကလေးကတော့ဟောင်းနွမ်းသွားလို့မဖြစ်ပါဘူးဆိုတဲ့အတွေးတစ်ချက်ဟာ လင်းခနဲတောက်ပလာပါတယ်..။ ကျွန်မရဲ့ စိတ်အပေါ်မှာတင်နေပြီဖြစ်တဲ့ ဟောင်းနွမ်းနေတဲ့စိတ်တွေ၊ ကိုယ့်ကိုယ်ကို မယုံရဲတဲ့ စိတ်တွေ၊ အရာရာကို မှီတွယ်အားကိုးချင်တဲ့စိတ်တွေကို အထူးတလည် ဆေးကြောရပါတော့မယ်..။ မနက်မိုးလင်းတိုင်း မှာ ဘယ်ကိုခရီးလွန်နေမှန်းမသိတော့တဲ့ အရင်တစ်ချိန်တွေဆီတုန်းက ကျွန်မရဲ့ အကောင်းမြင်တတ်ခဲ့ဖူးတဲ့စိတ်ကလေး နဲ့ ကျွန်မရဲ့ အမြဲတမ်းကြည်နူးနေတတ်တဲ့ စိတ်ငှက်ပြာပြာလေး ကိုပြန်လည်ရှာဖွေရပါဦးမယ်..။ဒါပေမဲ့ လက်ရှိအနေအထားအရတော့ တေးသီတဲ့ငှက်ကလေးတွေနဲ့ ကလေးငယ်တွေရဲ့ ရယ်မောသံတွေထဲမှာ ပျောရွှင်ခြင်းကို ရှာဖွေလို့ရနိုင်ပါရဲ့လားဆိုတာ သိပ်ကိုမသေချာတော့တဲ့အကြောင်းအရာ တစ်ပုဒ်ဖြစ်ခဲ့ပါပြီ။ ဖေဖေ့ဆံပင်တွေဖွေးဖွေးဖြူနေပြီလား..၊ မေမေ့မျက်လုံးတွေ
ပြာရီနေကြပြီလား ၊ ရန်ကုန်မှာကျတဲ့ ဒီနှစ်ဆောင်းဟာ အရင်နှစ်တွေကလိုပဲ အေးသလား၊ အရင်နှစ်တွေကထက်ပိုအေးသလား ဆိုတာတွေကို တတ်နိုင်သမျှ
မစဉ်းစားမိအောင်ကြိုးစားပစ်ရပါဦးမယ်..။ ဖုန်းလိုင်းတစ်လျှောက်ဖြတ်သန်းရောက်ရှိသွားမယ့်ကျွန်မအသံတွေထဲမှာ ပျော်ရွှင်တက်ကြွခြင်းသက်သက်ပဲပါသွားစေဖို့ ၊ တက်ကြွသော ကျွန်မ ပုံရိပ်ကိုသာ မြင်ရစေဖို့
သေသေချာချာကို မိမိကိုယ်ကို ပြန်လည် မွေးဖွားသန့်စင်ရဦးမှာပါ။ သီချင်းသံတွေမြူးမြူးကြွကြွကြားရတဲ့အခါမှာ ကျွန်မနှုတ်ခမ်းတွေ တဖွဖွလိုက်ရွတ်ဖတ်ရပါမယ်..။ စိတ်ဝင်စားပျော်ရွှင်မှုတွေကို စာအုပ်တွေ၊ စာသားတွေ၊ စကားလုံးတွေ၊ ရုပ်ရှင်တွေထဲမှာလိုက်လံရှာဖွေရပါမယ်..။ ပြီးခဲ့တဲ့နှစ်ကာလဟာ ကျွန်မအတွက် အရောင်တွေသိပ်ကိုစုံလင်ခဲ့ပါတယ်..။နောက်နှစ်မှာရောက်ရှိလာတော့မယ့်နေ့ရက်တွေထဲကနေ ကျန်ရစ်ခဲ့
တော့မယ့်နှစ်ဟောင်းလေးကိုတည်ငြိမ်တဲ့စိတ်တွေနဲ့ ကြည့်ပစ်ဖို့ အသေအချာလေ့ကျင့်နိုင်မယ်လို့ ယုံကြည် ပစ်သင့်ပါသလား..ဆိုတဲ့အကြောင်းအရာကို ခေါင်းထဲက ခဏဖယ်ထုတ်ထားပါဦးမယ်။ မနက်ဖြန်တွေ ဆီခရီးဆက်နှင်ဖို့ မင်းအတွက်မင်းရှိတယ်ဆိုတဲ့သီချင်းကိုခေါင်းမာမာနဲ့ ဆက်ညည်းရင်း လာမယ့်နေ့ရက် တွေသစ်လွင်တောက်ပနေစေဖို့  ဒီနေ့ထဲမှာပဲ စိတ်ကို နှစ်မြှုပ်ထားလိုက်ပါဦးမယ်..။











စိမ်းမြလင်းသစ်
03/12/2011

Sunday, 25 September 2011

ပျောက်ရှသွားတဲ့နေ့တွေ

အစကတော့ ဖုန်းမှ နှိုးစက်သံကို ခပ်တိုးတိုးကြားရသည် ထင်သည်။ တဖြည်းဖြည်း ကျယ်လောင်လာမှ ဘာတွေမှန်းမသိသော အိပ်မက်မှ အနည်းငယ်နိုးသွားသည်။ အကျင့်ပါနေသည့်လက်က အလိုအလျောက် ဖုန်းကို လှမ်းယူပြီး နှိုးစက်ကို လှမ်းပိတ်လိုက်သည်။ အခန်းဖော်က အလုပ်သွားရန်အသင့်ဖြစ်နေပြီ။ မနက်ခင်းတစ်ခုရောက်လာပြန်ပြီ။ ခဏနေရင် ရေချိုးရမည်။ ရေမချိုးခင် အရင်နိုးအောင်
ကော်ဖီဖျော်ရဦးမည်။ ကိုယ့်အတွက်တော့ ကော်ဖီဟာ ဒုတိယနှိုးစက် ။ ကော်ဖီကိုအရသာခံမသောက်ဖြစ်သည်မှာ ကြာပြီ။ ကော်ဖီမော့ကိုမော့ပစ်ရမည်။ ကော်ဖီသောက်သည်ဟု မဆိုလိုပါ။  အလုပ်ခွင်ထဲရောက်အောင် ပေကပ်ကပ်နိုင်လှသော ကိုယ်ကောင်ကြီးကို ကော်ဖီဆိုသော နှင်တံနှင့် မောင်းရဦးမည်။ မနက်ခင်းသည် အပေါ်စီးကနေပြီး ခပ်စောင်းစောင်း ကြည့်နေသည်ထင်ပါသည်။ တစ်ခါတရံ မနက်ခင်းတိုင်းကို အမြင်မကြည်လှပါ။ ရေမိုးချိုးပြီးသွားပြီ။ ထုံးစံအတိုင်း ရေမွှေးဆွတ်လိုက်သည်။ ရေမွှေး၏အမည်က True Love ။ အစ်မကတော့ ငါ နင့်ရေမွှေးအနံ့ကိုမကြိုက်ဘူး.. ပူတယ် လို့ ပြောဖူးသည်။ နာမည်ကြောင့်ပူတာဖြစ်မည်လို့ ဂျစ်ကပ်ကပ် တွေးမိသည်။ အနံ့ကပူလို့ ဒီနာမည် ပေးတာလည်းဖြစ်နိုင်သည်။ ဘာမဆိုင်ညာမဆိုင်တွေးရင်း အခန်းတံခါးကို ဆွဲဖွင့်ကာ ထွက်လာခဲ့သည်။ အခန်းဖော်က သွားနှင့်ပြီ။ အခန်းသည် နွမ်းနယ်စွာ ကျန်နေခဲ့ပါလိမ့်ဦးမည်။ ကိုယ်ကလည်း ခြေထောက်ကို တရွတ်မတိုက်ရုံတမယ် ထွက်လာခဲ့ပါသည်။

စိတ်ကို MRT ထဲ ထည့်လွှတ်လိုက်ပါသည်။ လမ်းမတစ်လျှောက် လူတွေ ခပ်သုတ်သုတ်သွားနေကြသည်။ ဘာတွေအလျင်စလိုဖြစ်နေမှန်းမသိကြ။ MRT ကြီး ၀ုန်းခနဲ ပျောက်သွားတော့မဲ့အတိုင်း။ ကသုတ်ကရတ်နဲ့ လူတွေက တဝေါဝေါပြိုဆင်းလာနေကြသည်။ ဘာပဲပြောပြော သူတို့ကို ကြည့်ပြီးတော့ မလန်းဆန်းနိုင်သေးသော ခေါင်းကို ခါယမ်းပစ်မိရင်း နိးလိုက်ရသည်။ လူတွေကိုကြည့်ရတာ စက်ရုပ်တွေလိုပဲ။ နေ့စဉ် ဒီမြင်ကွင်းတွေပဲ။ သွားသုတ်သုတ်လာသုတ်သုတ် နှင့် မျက်နှာတွေကတော့ သိပ်ကို အရေးကြီးနေကြသော မျက်နှာတွေ။ ကိုယ် ဖြတ်သွားရသောလမ်းတွင် လမ်းဘေးမှာ သပြေပင်လေးတွေကို လူတစ်ယောက်၏ ခါးသာသာလောက်လေးတွေဖြတ်ပြီး စီတန်းပြီး စိုက်ထားသည်။ အရွက်လေးတွေက နီရဲပြီးသိပ်လှသည်။ နီနီရဲရဲအညွန့်လေးတွေကို မြင်ရင် မတို့ထိဘဲမနေနိုင်ပြန်။ ထိုအရွက်လေးတွေ စိမ်းကာစပြုလာရင် လာညှပ်သွားကြပြန်သည်။ ကိုယ်ကတော့ ဤအိမ်နားကို ရောက်ကာစက ဒီလမ်းကို လျှောက်တိုင်း ဘာမဆိုင်ညာမဆိုင် သပြေပင်လေးတွေကိုယ်စား စိတ်နာမိသည်။ ဘယ်နှယ့်...နုမယ်မှမကြံသေး.လှလို့မှမ၀သေး...လာလာပြီးညှပ်ကြသည်။ ကိုယ်ချင်းမှ မစာမနာ။  အမှန်ကတော့ လောကကြီးက သူ့ဟာသူနေတာဖြစ်ပြီး..ကိုယ်ကသာ မနေနိုင်မထိုင်နိုင် တွေးကြည့်မိနေခြင်းဖြစ်ပါလိမ့်မည်။

သူဌေးဆိုသည်မှာ အစဉ်သဖြင့် မျက်နှာပုပ်ထားတတ်ကာ လိုအပ်လျှင်ရော မလိုအပ်လျှင်ပါ အော်တတ် ပြီး တစ်ရုံးလုံး၏ အမုန်းကိုခံရသူဖြစ်ကြောင်းသိပါပြီ။ လုပ်ဖော်ကိုင်ဖက် ဆိုသည်မှာ မျက်နှာ ပုပ်သိုးသိုးနှင့် စကားများများမပြောတတ်ကြောင်းလည်း ခုတော့ဖြင့် သိပါပြီ။ သူတို့သည် ရံဖန်ရံခါ ကိုယ်နှင့်မဆိုင်ဘဲ ဆရာကြီးလုပ်ချင်လုပ်မည်။ ကိုယ်နားမလည်သောစကားဖြင့်လည်း ကိုယ့်အကြောင်းများပြောချင်ပြောမည်။ တူညီသောအချက်တစ်ခုကိုပြပါဆိုလျှင် သူတို့လည်း သူဌေးကိုမကြိုက်ခြင်းဖြစ်ပါလိမ့်မည်။ ကိုယ်မသိဘဲ ဆရာကြီးလုပ်ခြင်းဆိုသည်မှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်၏ ကျင့်ဝတ်ဖြစ်ကြောင်းသိလိုက်ရပါပြီ.။ တကယ်ဆိုရင် လောကကြီးကို အကောင်းမြင်စရာမလိုပါ။ အတည့်အတိုင်းမြင်ကြည့်ရန်သာလိုပါသည်။ ထိုသို့ အတည့်အတိုင်းမြင်ကြည့်ရန်ကြိုး
စားလိုက်သောအခါ လောကကြီးသည် တစောင်းကြီးဖြစ်သွားသည်။ အကောင်းမြင်ရန် ပြန်၍ကြိုးစားလိုက်သောအခါတွင်
လောကကြီးသည် အတည့်ပြန်ဖြစ်သွားပြီး ကိုယ်ကိုယ်တိုင်ကမူ စောင်းငန်းကြီးဖြစ်သွားလေတော့သည်။

တစ်နေ့တာဆိုသော စကားလုံးသည် စကားလုံးအနည်းငယ်မျှသာ ဖြစ်ပါသည်။ သို့သော် အချိန်ကာလသည် တစ်နေ့စာကြာမြင့်ပြီး  ဖြစ်ရပ်များသည် မနေ့ကနှင့်တော့ ခပ်ဆင်ဆင်တူပါသည်။ ယခုတော့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ရုံးအလုပ်များကို မလုပ်ချင်လုပ်ချင် လုပ်နေရဦးမည်။ တစ်ပတ်တစ်ပတ်ဟာ ငြီးငွေစရာဟု သူငယ်ချင်းတစ်ယောက်ကိုပြောမိတော့ သူက တစ်ပတ်တစ်ပတ်ဟာ အချိန်ခဏလေးပဲ ဟုပြန်ပြောဖူးသည်။ ကိုယ့်အတွက်တော့ အသားမကျတတ်သေးသမျှ အချိန်တွေက နှေးကွေးနေဆဲ။ ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုသော စကားလုံးလေးကို သတိရတိုင်း ဖုန်သုတ်မိတတ်တော့ တစ်ခါတစ်ခါ ပျော်ရာမှာ တကယ်မနေရဘူးလား အခုရောတကယ့်ကို တော်ရာမှာနေနေရလို့လားလို့ တကယ့်ကိုပဲ မဝေခွဲမတတ်နိင်ဖြစ်နေမိသေးသည်။ အခုအချိန်အထိတော့ မသေချာခြင်းတစ်ခုသည်ပင် သေချာခြင်းသက်သက်အဖြစ်ရှိနေပါလိမ့်ဦးမည်။

မျှော်လင့်နေသော ညနေ ရောက်လာပြီ။ မနက်ခင်းထက် ညနေခြေလှမ်းတွေက ကိုယ့်အတွက်တော့ ပို၍လှပနေပါသည်။ ရုံးအပြင်ကိုထွက်လာတော့ ညနေခင်းသည် သိပ်ကိုလှပနေပါသည်။ နေရောင်လည်းအေးသွားပြီ။ ညနေအရောင်သည် လဲ့လဲ့ဖြာဖြာဖြင့်။ အပြန်တွင်လည်း လူတွေက စက်ရုပ်တွေအတိုင်း MRT ဆီသို့ ဝေါခနဲပြိုဆင်းလာကြသည်။ သူတို့ကို ကြည့်မိတော့ တကယ့်ကို စက်ရုပ်တွေလိုပဲ။ အရယ်အပြုံးလည်းသိပ်မရှိကြ။ နွမ်းနယ်နေကြသော ခန္ဓာကိုယ်များကို သယ်လာရသောခြေလှမ်းများသည် အရပ်မျက်နှာအသီးသီးကိုပြိုဆင်းသွားကြသည်။ ကိုယ်ကတော့ ယောင်လို့မှ နှုတ်ဆက်စရာလူမရှိတိုင်း အိမ်အပြန် လမ်းဘေးက သပြေပင်လေးတွေကို ကြည့်မိတတ်တုန်းပဲ။ သပြေပင်လေးတွေ သိပ်ကိုလှကြသည်။ အညွန့်လေးတွေက နီရဲနေကြသည်။ နေပူလေ အညွန့်လေးတွေဖြာဝေလာကြလေ။ အညွန့်လေးတွေဖြာဝေလာလေ သိပ်ကိုလှလေ။ လမ်းသွားရင်းနဲ့ အညွန့်လေးတွေကို ကိုယ့်လက်ဖ၀ါးနဲ့ ပွတ်သပ်သွားမိစဉ် သပြေနုနုအညွန့်လေးများ၏နူးညံ့ခြင်းသည် ကိုယ့်လက်ဖ၀ါးဆီကို စီးဆင်းလာကြစမြဲ။ တစ်ခုပဲ. .။ သိပ်မကြာခင် လှလို့မှမ၀သေးခင် သပြေညွန့်လေးတွေကို လာညှပ်ကြလိမ့်ဦးမည်။




စိမ်းမြလင်းသစ်

(23/09/2011)