ခုလတ်တလောမှာ ပြီးဆုံးသွားတော့မယ့် နှစ်ကာလတစ်ခုအကြောင်းဟာ ရုတ်တရက်ဆိုသလိုပဲ
ခေါင်းထဲကိုရောက်လာပါတယ်..။ လက်ရှိနေထိုင်နေတဲ့
နှစ်ကာလတစ်ခုဟာ ရင်းနှီးကျွမ်းဝင်ပြီးသားလူတစ်ယောက် ကိုယ့်အနားက မသိလိုက်မသိဘာသာနဲ့ တိတ်တဆိတ်ထွက်ခွာသွားတော့မယ့်အကြောင်းကို
သွားရင်းလာရင်း နဲ့ကြားနေမိလို့ပါပဲ..။ အမြဲတွေ့နေကျ မျက်မှန်းတန်းရင်းနှီးနေကျ ဖြစ်တဲ့ အိမ်နီးချင်း တစ်ယောက် အိမ်ပြောင်းသွားတော့မယ်ဆိုတာ
ရုတ်တရက်သိလိုက်ရမှ
လှိုက်ခနဲစိတ်ဝင်စားသွားမိသလိုမျိုး ဖြတ်သန်းသွားမိတဲ့
လမ်းတစ်လျှောက်က ခရစ်စမတ်ထီးရှူးပင်လေးတွေ နဲ့ ခရစ်စမတ်သီချင်းတီးလုံးသံတွေကိုကြားလိုက်ရတဲ့အခါ၊ ရှော့ပင်းမောတလျှောက် ချိတ်ဆွဲထားတဲ့ ခရစ်စမတ်အလှဆင်ပစ္စည်းလေးတွေကို မြင်လိုက်ရတဲ့အခါ သိပ်မကြာခင်ချန်ထားရစ်ခဲ့ရတော့မယ့်နှစ်ကာလလေးအကြောင်းကို
သေသေချာချာကိုပဲစိတ်ဝင်စားသွားမိပါတယ်။ ဒီနှစ်ကာလလေးအတွင်းမှာ ဘာတွေလုပ်ခဲ့သလဲ..၊
ဘယ်လိုတွေဖြတ်သန်းခဲ့ရသလဲဆိုတာတွေဟာ တစ်ခါတခါ မှတ်မှတ်ရရ၊ တစ်ခါတခါ
တမင်တကာ လွှတ်ချ. နဲ့ နေ့ရက်တွေဟာ မှုန်တလှည့်ပြာတရီချည့် ပါပဲ။ လူဆိုတာ
ကိုယ့်ကိုယ်ကို တည့်တည့်ပြန်မကြည့်ရဲတာကလွဲရင်
ကျန်တာအကုန် စိတ်ဝင်စားတတ်တယ်ဆိုတာ
ကုန်လွန်တော့မယ့်နှစ်ကာလအကြောင်းစဉ်းစားလိုက်မိတဲ့အခါမှ ကျွန်မ အသေအချာနားလည်လက်ခံမိပါတယ်။ ပိုင်ဆိုင်နေရတုန်းကတန်ဖိုးထားရမှန်းမသိဘူး..၊
ဆုံးရှုံးရခါနီးကျမှ တန်ဖိုးကြီးတယ် ဆိုတဲ့ဟောင်းနွမ်းနေတဲ့ စာသားလေးဟာလည်းခေါင်းထဲမှာလက်ခနဲ လင်းခနဲ..။
ချန်ခဲ့ရမယ့်အတိတ်ကာလအကြောင်းကိုပြန်စဉ်းစားလိုက်ရင် ဘာကိုဝမ်းနည်းမှန်းမသိဝမ်းနည်းလာရပါတယ်.။
အခုပြန်စဉ်းစားလိုက်မိရင် တကယ့်ကိုဘာမှမကြာခဲ့ဘူးလို့ထင်ရတဲ့ ကာလအပိုင်းအခြားလေးကို ဖြတ်သန်း
ခဲ့ရစဉ်တုန်းက သွေးပျက်တုန်လှုပ်စွာနဲ့ အချိန်တွေအမြန်ကုန်လွန်စေချင်တဲ့စိတ်နဲ့ အားတင့်းဖြတ်သန်းနေခဲ့ရတာကို
မှတ်မိနေပါသေးတယ်။ အိမ်အပြန်လမ်းတွေမှာ အချိန်ပြည့်လိုလိုရွာနေတတ်တဲ့မိုးစက်တွေနဲ့ အေးစက်နေခဲ့ပြီး ကိုယ်တစ်ယောက်တည်းနေထိုင်ခွင့်ရတာမဟုတ်တဲ့ အခန်းလေးထဲမှာ အရင်က ကိုယ်မသိခဲ့ဖူးတဲ့
အခန်းဖော်မိန်းကလေးနဲ့ အတူတူ စကားတစ်ခွန်း၊အပြုံးတစ်ချက်
မပါဘဲ ခြောက်ကပ်စွာ
ဖြတ်သန်းခဲ့ရဖူးပါတယ်.။ တစ်ကိုယ်တည်းချောက်ချားခဲ့တဲ့ (ချောက်ချားတယ်လို့
ထင်ခဲ့ရတဲ့) နေ့ရက်ပေါင်းများစွာဟာ ထိုအချိန်တုန်းကတော့
သွေးပျက်ဖွယ်ခြောက်လှန့်ခဲ့ပါသေးတယ်..။ ပစ္စုပ္ပန်ကနေပြေးထွက်ချင်နေတဲ့စိတ်က
အဝေးမှာရှိနေတဲ့ နွေးထွေးခြင်းတွေပြည့်နှက်နေမယ့် အိမ်ကလေး
ကိုပြန်ရောက်နေတာကများပါတယ်.။ ဘ၀ကိုတစ်ယောက်တည်းရပ်တည်ရတော့မယ်ဆိုတဲ့အတွေးဟာ 25နှစ်ဆိုတဲ့အသက်အရွယ်ထိ မရင့်ကျက် မထောင်မတ်နိုင်သေးတဲ့ ကိုယ့်စိတ်ကိုယ်ကို
ခြောက်လှန့်နေသလိုပါပဲ..။ အသက်ကို ခပ်ပြင်ပြင်းရှိုက်လို့ ကိုယ့်ကိုယ်ကို ခဏခဏ
ပြန်အားတင်းထားရတဲ့ရက်တွေထဲမှာ တကယ့်ကိုပဲအသားတကျဖြစ်ခဲ့ရပါတယ်..။ တစ်ခါတရံ ဘာကြောင့်များ အေးစက်ခြောက်သွေ့တဲ့အရပ်ဆီကို လာချင်ခဲ့ရတာလဲလို့
့တွေးမိခဲ့ရတာလည်း မကြာခဏပါပဲ။ တကယ်ဆိုရင် ကုန်လွန်ခဲ့တဲ့ မနှစ်ကခရစ်စမတ်ဟာ
ပြန်မတွေးချင်တော့လောက်အောင်အေးစိမ့် သွေ့ခြောက်ခဲ့ပါတယ်..။
မှတ်မှတ်ရရပါပဲ..။
စိတ်သက်သာရာရမလားဆိုတဲ့စိတ်တွေနဲ့ အိမ်ကိုလွမ်းတဲ့
အလွမ်းတွေကိုပွေ့ပိုက်ပြီး
ပြီးခဲ့တဲ့ခရစ်စမတ်နေ့မှာ တစ်ယောက်တည်း
အပြင်ကိုထွက်လည်ခဲ့မိပါတယ်..။ မိမိကိုယ်တိုင်ဆီကပြေးထွက် ချင်နေတဲ့စိတ်နဲ့
ကိုယ်မဟုတ်တဲ့လူတွေအကိုန်လုံးကို လိုက်ကြည့်မိတယ်.။ပျော်ရွှင်စွာသီဆိုနေကြတဲ့
သီချင်းသံတွေ၊ မီးရောင်စုံနဲ့ပျော်ပွဲရွှင်ပွဲတွေ၊ ကြည်နူးစဖွယ်ကလေးငယ်တွေရဲ့ရယ်သံတွေ၊ ကြည်နူးစွာနဲ့ မီးရောင်စုံအောက်မှာ လက်တွဲလျှောက်လှမ်းနေကြတဲ့ ချစ်သူတွေ၊ ဆွတ်ပျံ့ကြည်နူးဖွယ် မိသားစုစုံစုံညီညီရယ်မောသံတွေဟာ ကျွန်မရင်ကိုတည့်တည့်ထိမှန်ပါတယ်။ အိမ်ကို
ဖုန်းမဆက်ဖြစ်အောင် အားတင်း ထားတဲ့ကြားက အသားကျနေတဲ့လက်တွေက
နှိပ်နေကျဖုန်းနံပါတ်ကို နှိပ်မိသွားတဲ့အခါ ကြားနေကျ မေမေ့ရဲ့စကားသံခပ်တိုးတိုးက
ကျွန်မကို MRT ပေါ်မှာ မျက်ရည်ကျစေခဲ့ပါတယ်။ အားနည်းသူအတွက်သွေးပျက်ဖွယ်..။
နွေတစ်လှည့် မိုးတလှည့် ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်ဟာ ကျွန်မကို
ခပ်တိုးတိုးစိန်ခေါ်နေခဲ့ပါတယ်။ ရင်ဆိုင်တိုက်ခိုက်ပစ်ချင်တဲ့စိတ်တစ်ဝက်၊
မွန်းကျပ်နေတဲ့စိတ်တစ်ဝက် တို့ဟာ ခဏတာလွတ်မြောက်စေနိုင်တဲ့ စိတ်ရဲ့
ပြတင်းတံခါးတွေကို ရှာဖွေနေတော့တာပါပဲ..။ ကျွန်မအတွက် မိသားစု၊ ကိုယ့်ဝန်းကျင်အသိုင်းအ၀န်းနဲ့ တကယ့်ကိုနီးနီးလေးလို့ထင်ရမယ့်
ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပစ်ခဲ့မိပါတယ်..။
အရင်းနှီးဆုံး(လို့)
ခံစားရတဲ့ သူငယ်ချင်းအနည်းငယ်ရှိတဲ့ အီးမေးလ်အကောင့်လေးထဲကနေ
သူငယ်ချင်း မိတ်ဆွေနဲ့ မိသားစုတွေကို အားလပ်ချိန်တိုင်း အမြဲချောင်းကြည့်နေခဲ့မိတယ်..။ ဖေ့စ်ဘွတ်အကောင့်လေးကနေ သူငယ်ချင်း
တွေကိုကြည့်ရပါတယ်..။ ခံစားရသမျှကို စကားလုံးတွေနဲ့ဖွဲ့သီပစ်ခဲ့ပါတယ်..။ မိမိကိုယ်ကို ကလေးဆန်လွန်းလှချည့်လို့် မတွေးရက်လောက်အောင် စိတ်သက်သာရာရခဲ့ရပါတယ်..။
အဲ့ဒီအချိန်ကာလတွေကို ခုအချိန်ပြန်တွေးလိုက်တဲ့အခါ
တကယ့်ကိုခဏလေးပါပဲ..။ ခိုင်မာတယ်လို့ထင်ရသမျှအရာတွေဟာ အရိပ်မျှသာဖြစ်ပြီး
စိတ်ဟာ ပတ်သတ်မှုပေါင်းများစွာကို ကြိုးလိုချည်ခဲ့မိတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်မကိုသင်ကြားခံခဲ့ရပြန်ပါတယ်။
အစ်ကိုတစ်ယောက်လို ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောဖူးပါတယ်.. ကျွန်မတို့ဟာ
သူငယ်ချင်းသံယောဇဉ်ရော၊ မောင်နှမသံယောဇဉ်ပါ ခိုင်မာတဲ့အတွက် ကျွန်မကို
ဘာမှအားမငယ်စေဖို့ပြောတုန်းက ကျွန်မ ပြုံးမိခဲ့ပါသေးတယ်..။ တကယ်ဆိုရင်
စကားလုံးမှန်သမျှဟာ
သိပ်ကိုအငွေ့ပျံလွယ်တတ်ကြောင်းသင်ခန်းစာတစ်ခုကိုကျွန်မသင်ယူရတော့မယ်မှန်း
အဲ့ဒီတုန်းကမသိခဲ့လိုက်ပါဘူး..။ ခင်မင်ရင်းနှီးပြီးခဲ့ပြီးသားလူတွေကို
အားကိုးမှီတွယ်ချင်တဲ့စိတ်ဟာ ရုတ်တရက်ဆိုသလို ချက်ချင်းဆိုသလိုပြောင်းလဲသွားပါတယ်..။
အေးအေးစက်စက်နဲ့ မိုးတွေရွာတဲ့တစ်ရက်မှာပဲ ဘာမဟုတ်တဲ့
(သိပ်မမှတ်မိတော့တဲ့) အကြောင်းအရာတစ်ခုအောက်မှာ သံယောဇဉ်ဟာ
ချက်ချင်း အငွေ့ပျံ သွား ပါတော့ တယ်.။ ကျွန်မဟာ ကိုယ့်ကိုယ်ကိုကလွဲရင် ဘာကိုမှအယုံအကြည်မရှိတော့ပါဘူး..။
အဲ့ဒီအချိန်တွေတုန်းက Idiots အဖွဲ့ရဲ့
မင်းအတွက် မင်းရှိတယ်ဆိုတဲ့သီချင်း အခန်းထဲမှာ တစ်ယောက်တည်းရှိချိန်မှာ အကျယ်ကြီးဖွင့်ပြီး လိုက်ဆိုရတာ သိပ်ကိုနှစ်ခြိုက်ခဲ့ပါတယ်..။
အဲဒီနောက်ပိုင်းစိတ်ရဲ့ပြတင်းတံခါး လို့ ကိုယ့်ဖာသာ နာမည် တပ်ထားတဲ့အရာတွေကို အပြီးအပိုင်ပိတ်ပစ်ခဲ့ပါတော့တယ်..
ထွက်ပေါက်တစ်ခုတစ်လေအတွက်
စကားလုံးတွေမှာခံစားချက်တွေလိမ်းခြယ်ရင်း စာစုလေးတစ်ချို့တလေ
ရေးပါတယ်..။
ဘယ်သူ့အတွက်မှမဟုတ်တဲ့ ကျွန်မအတွက်သီးသန့် ဘလော့နေရာလေးတစ်ခုကိုဖန်တီးပြီး ကြည်နူးဖွယ်စိတ်ကိုမွေးမြူရပါတယ်။ အားလပ်ရက်တွေကို အွန်လိုင်းရုပ်ရှင်တွေနဲ့ သီချင်းသံတွေနဲ့
အားဖြည့်ပါတယ်။ စိုစိုပြေပြေဆိုတဲ့ စာသားကို ကျွန်မ ရပ်တန့်ပြီးမငေးမောတော့ပါဘူး။
ရသလောက်အတိုင်းအတာတစ်ခုအတွင်းမှာ တတ်နိုင်သမျှ သီချင်း တွေ ဆိုပြီး
နိုင်သလောက်ပြုံးပစ်ပါတော့တယ်..။ စိမ်းလန်းစိုပြေဖို့ ၊ အထီးကျန်မှုကို ခေါင်းထဲမ၀င်ဖို့နဲ့တစ်ကိုယ်ရည်စာအပန်းဖြေဖို့ ဆိုတဲ့ စိတ်နဲ့ အခန်းထဲမှာစိုက်ပျိုးထားတဲ့ပန်းအိုးထဲက
သစ်ပင်လေးဟာစိုစိုပြေပြေနဲ့ လန်းဆန်းနေတုန်းပါပဲ။ ပြီးခဲ့တဲ့နှစ်က၀တ်ခဲ့တဲ့အ၀တ်အစားလေးတွေ
ဟောင်းနွမ်း သွားပြီဖြစ်တဲ့အကြောင်းကို
ဒီနေ့ အကျီင်္ဝတ်ဖို့ပြင်ဆင်ရင်းတွေ့ရှိသွားတဲ့အခါ ကျွန်မရဲ့ စိတ်ကလေးကတော့ဟောင်းနွမ်းသွားလို့မဖြစ်ပါဘူးဆိုတဲ့အတွေးတစ်ချက်ဟာ လင်းခနဲတောက်ပလာပါတယ်..။
ကျွန်မရဲ့ စိတ်အပေါ်မှာတင်နေပြီဖြစ်တဲ့ ဟောင်းနွမ်းနေတဲ့စိတ်တွေ၊ ကိုယ့်ကိုယ်ကို မယုံရဲတဲ့ စိတ်တွေ၊ အရာရာကို မှီတွယ်အားကိုးချင်တဲ့စိတ်တွေကို အထူးတလည်
ဆေးကြောရပါတော့မယ်..။ မနက်မိုးလင်းတိုင်း မှာ
ဘယ်ကိုခရီးလွန်နေမှန်းမသိတော့တဲ့ အရင်တစ်ချိန်တွေဆီတုန်းက
ကျွန်မရဲ့ အကောင်းမြင်တတ်ခဲ့ဖူးတဲ့စိတ်ကလေး နဲ့ ကျွန်မရဲ့ အမြဲတမ်းကြည်နူးနေတတ်တဲ့ စိတ်ငှက်ပြာပြာလေး ကိုပြန်လည်ရှာဖွေရပါဦးမယ်..။ဒါပေမဲ့ လက်ရှိအနေအထားအရတော့ တေးသီတဲ့ငှက်ကလေးတွေနဲ့ ကလေးငယ်တွေရဲ့ ရယ်မောသံတွေထဲမှာ ပျောရွှင်ခြင်းကို ရှာဖွေလို့ရနိုင်ပါရဲ့လားဆိုတာ သိပ်ကိုမသေချာတော့တဲ့အကြောင်းအရာ တစ်ပုဒ်ဖြစ်ခဲ့ပါပြီ။ ဖေဖေ့ဆံပင်တွေဖွေးဖွေးဖြူနေပြီလား..၊ မေမေ့မျက်လုံးတွေ
ပြာရီနေကြပြီလား
၊ ရန်ကုန်မှာကျတဲ့ ဒီနှစ်ဆောင်းဟာ အရင်နှစ်တွေကလိုပဲ အေးသလား၊ အရင်နှစ်တွေကထက်ပိုအေးသလား ဆိုတာတွေကို
တတ်နိုင်သမျှ
မစဉ်းစားမိအောင်ကြိုးစားပစ်ရပါဦးမယ်..။
ဖုန်းလိုင်းတစ်လျှောက်ဖြတ်သန်းရောက်ရှိသွားမယ့်ကျွန်မအသံတွေထဲမှာ
ပျော်ရွှင်တက်ကြွခြင်းသက်သက်ပဲပါသွားစေဖို့ ၊ တက်ကြွသော ကျွန်မ ပုံရိပ်ကိုသာ မြင်ရစေဖို့
သေသေချာချာကို မိမိကိုယ်ကို ပြန်လည် မွေးဖွားသန့်စင်ရဦးမှာပါ။ သီချင်းသံတွေမြူးမြူးကြွကြွကြားရတဲ့အခါမှာ
ကျွန်မနှုတ်ခမ်းတွေ တဖွဖွလိုက်ရွတ်ဖတ်ရပါမယ်..။
စိတ်ဝင်စားပျော်ရွှင်မှုတွေကို စာအုပ်တွေ၊ စာသားတွေ၊ စကားလုံးတွေ၊
ရုပ်ရှင်တွေထဲမှာလိုက်လံရှာဖွေရပါမယ်..။ ပြီးခဲ့တဲ့နှစ်ကာလဟာ ကျွန်မအတွက် အရောင်တွေသိပ်ကိုစုံလင်ခဲ့ပါတယ်..။နောက်နှစ်မှာရောက်ရှိလာတော့မယ့်နေ့ရက်တွေထဲကနေ ကျန်ရစ်ခဲ့
တော့မယ့်နှစ်ဟောင်းလေးကိုတည်ငြိမ်တဲ့စိတ်တွေနဲ့ ကြည့်ပစ်ဖို့
အသေအချာလေ့ကျင့်နိုင်မယ်လို့ ယုံကြည် ပစ်သင့်ပါသလား..ဆိုတဲ့အကြောင်းအရာကို
ခေါင်းထဲက ခဏဖယ်ထုတ်ထားပါဦးမယ်။ မနက်ဖြန်တွေ ဆီခရီးဆက်နှင်ဖို့
မင်းအတွက်မင်းရှိတယ်ဆိုတဲ့သီချင်းကိုခေါင်းမာမာနဲ့ ဆက်ညည်းရင်း လာမယ့်နေ့ရက် တွေသစ်လွင်တောက်ပနေစေဖို့ ဒီနေ့ထဲမှာပဲ စိတ်ကို နှစ်မြှုပ်ထားလိုက်ပါဦးမယ်..။
စိမ်းမြလင်းသစ်
03/12/2011
No comments:
Post a Comment