Saturday 20 October 2012

ပိတ်ထားတဲ့တံခါး

                                                                   စိမ်းမြလင်းသစ်

ပတ်ဝန်းကျင်ကပဲ မခို့တရို့ အမှောင်မို့လို့လား ။ မိုးရွာပြီးစ ညနေခင်း၊ တိမ်တွေပြိုဆင်းကျပြီးကာစ အချိန်။ မိုးရေစက်တွေတွဲလွဲခိုနေတဲ့ သစ်ရွက်ကလေးတွေကို လက်နဲ့အသာတို့ထိမိလိုက်သေးသလား မသိဘူး။ မဲညို့နေသေးတဲ့ မိုးသားတိမ်တိုက်တွေအောက်မှာ တိမ်တွေလို တလွင့်လွင့်နဲ့ လျှောက်လာမိရင်း ဒီလမ်းလေးကို မြင်လိုက်ရတယ်။ အို..သိပ်ကိုလှတဲ့လမ်းကလေးပါပဲကွယ် ။ ကိုယ့် နှုတ်ခမ်းတွေကနေတောင် ခပ်တိုးတိုးရေရွတ်မိလေသလားမသိပေဘူး..။ အဲ့ဒီ မြေနီလမ်းကလေးအတိုင်း ဆက်လျှောက်လာနေမိတော့တယ်။  စကတ်ရှည်ရှည်ကို အသာမလို့ တစ်ခါတစ်ခါ ခြေဖျားထောက်ပြီးတောင်လျှောက်နေရတယ်။ ရေအိုင်သေးသေးကလေးတွေက အများသားပဲ..။ ရေအိုင်တွေကိုကျော်ပြီးလျှောက်ရပေမဲ့..လမ်းကလေးဟာ မြက်ပင်စိမ်းစိမ်းနုနုလေးတွေနဲ့ သိပ်ကို စိမ်းလန်းလှပလွန်းပါရဲ့။ ရေအိုင်လေးတစ်ခုကို ခုန်ကျော်လိုက်၊ ကိုယ်ဟန်ကိုထိန်းလိုက်နဲ့ ပျော်လာတယ်။ ဟော မိုးတွေ ထပ်ရွာလာပြန်ပြီ.။ ဒီတစ်ခါ မိုးက ခပ်ဖွဲဖွဲပဲ..။ အင်း..မိုးရေထဲမှာ မလျှောက်ဖြစ်တာ ကြာပြီပဲ..။ လမ်းဆက်လျှောက်မယ်လေ..။ ဒီအစိမ်းရောင်လမ်းကလေးအတိုင်း လျှောက်သွားရင် ဟိုခြံတံခါးဆီပဲရောက်မှာပဲပေါ့နော်။ အပြာရောင်ဆေးသုတ်ထားတဲ့ ခြံတံခါးပေါ့။  ခြံတံခါးကနေကြည့်လိုက်ရင် တံခါးကို အမြဲပိတ်ထားတဲ့ အပြာရောင် အိမ်ကလေးကိုလည်းတွေ့ရမယ်လေ။ ခြံထဲမှာ ဘယ်တော့မှလူမတွေ့ရတဲ့ ဒန်းကလေးတစ်ခုရှိတယ်။ ပြီးတော့ ကိုယ်တွေ့ရသလောက်တော့
ရေကန်ကလေးတစ်ခုလည်းရှိသေးတာပဲ။ ရေကန်လေးက ညဘက်ဆိုရင် ပြာလဲ့ပြီး နေ့ဘက်ဆိုရင် အေးမြနေမယ့် ပုံစံရှိတယ်။ ရေကန်ကလေးရဲ့ဘေးမှာ မီးတိုင်အပြာရောင်လေးတွေထွန်းထားတယ်။ ရေကန်ပြာပြာလေးဟာ လဲ့ဖြာနေတာပဲ။ ဖြတ်သွားဖြတ်လာနဲ့ အပြင်ကမြင်ရတာနဲ့တင် သိပ်ကိုသာသာယာယာရှိမယ့် ခြံကလေးမှန်းသိပ်သိသာတာပဲ။ ဒီလမ်းလေးကိုလျှောက်မိတိုင်း ဒီအိမ်လေးကိုအမြဲကြည့်မိတယ်။ တစ်ခါတုန်းကတော့ ခြံကလေးရှေ့မှာရပ်မိရင်းနဲ့ ခြံကလေးထဲကို ၀င်ကြည့်ချင်စိတ် ပြင်းပြင်းပြပြ ဖြစ်ဖူးတာ မှတ်မိတယ်။ ဒန်းကလေးမှာ ခဏထိုင်ချင်တယ်။ ပြီးတော့ ကန်ကလေးဘေးမှာ ထိုင်ချင်တယ်။ ပြီးတော့ အိမ်ကလေးထဲကို ခဏလောက်ဝင်ကြည့်ချင်တယ်။ ပြီးတော့လည်းသိပ်မကြာခင် ခြံတံခါးလေးဆီကနေ အကြည့်ကို လွှဲခဲ့ရတာပါပဲ။ စိတ်လွတ်လက်လွတ် နဲ့ပဲ ဒီခြံကလေး ဘေးကနေ ဖြတ်သွားရင်း အခု နောက်တစ်ခါ ရောက်လာပြန်ပြီ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++

ခြံကလေးက ပိုပြီးသစ်လွင်လာသလိုပဲ။ ခြံတံခါးပြာပြာလေးရယ်၊ ပြတင်းတံခါးတွေကို ဆေးဖြူသုတ်ထားတဲ့ အိမ်လေးရယ်၊ ရေကန်ပြာပြာလေးရယ်…။ ကိုယ်လေ… ကြည့်ရင်းနဲ့ ရင်တငြိမ့်ငြိမ့်နဲ့ မောလာမိတယ်။ ကြည့်နေရင်းနဲ့တောင် မြက်ပင်ကလေးတွေက ပိုပြီးစိမ်းလာကြသလားမသိဘူး။ ခြံကလေးဘေးမှာ စိုက်ထားတဲ့ ပန်းနီနီကလေးတွေကလည်း ရိုးတံစိမ်းစိမ်းကလေးတွေကနေ နီဆွေးလတ်ဆတ်စွာ ဖူးပွင့်နေကြတယ်။  လေက တိုက်တယ်ဆိုရုံကလေးတိုက်နေတယ်။ လေတိုက်တုန်း ပန်းရနံ့လေးတွေ ရလိုက်မိသေးတယ် ၊ ခရေပန်းနံ့လား၊ ညမွှေးပန်းရနံ့လား..၊ ညမွှေးပန်းရနံ့လိုတော့ စူးရှမနေဘူးရယ်..။ လေတချက် ထပ်တိုက်သွားပြန်တယ် ။ ကိုယ့်ဆံပင်လေးတွေတောင် လှုပ်သွားသလိုပဲ။ ခြံတံခါးလေးမှာလည်း မိုးရေစက်ကလေးတွေနဲ့ ။ ခြံတံခါးသံပန်းကလေးပေါ်တင်နေတဲ့ မိုးစက်ကလေးတွေကို လက်ကလေးနဲ့ အမှတ်တမဲ့ နဲ့ တို့ထိလိုက်မိတယ်.။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီအသံသဲ့သဲ့ကို စကြားလိုက်ရတာ။ သူ...။ အရင်းနှီးဆုံး အသံတစ်ခုကိုကြားလိုက်ရသလိုလို။ အဲ့ဒီ အသံကိုကြားလိုက်တာနဲ့ပဲ အင်အားတွေပြည့်ဝသွားသလိုမျိုး။ မိုးတွေ ရွာနေသေးတယ်  ..အထဲမှာခဏမိုးခိုသွားပါလား...တဲ့။ အသံက ဆွဲငင်သံမပါဘဲနဲ့ ဆွဲငင်တယ်။ ကိုယ်က ငေးငေးမောမော ရပ်နေမိလို့။ ဟုတ်ကဲ့ လို့ ပြန်ပြောလိုက်မိသလားမသိဘူး..။ ပြုံးနေတဲ့ မျက်ဝန်းတွေကို တစ်ချက်ကြည့်မိရင်း ခြံထဲကိုလိုက်လာမိတယ်။ အို..အစိမ်းရောင်တွေ..။ ခြံတစ်ခြံလုံးမြက်ခင်းလေးနဲ့ စိမ်းလန်းလို့။ ပြီးတော့ ပန်းပင်တွေ။ နာမည်ကိုသိတဲ့ ပန်းတွေရော၊ နာမည်မသိတဲ့ ပန်းတွေရော..။ ဒါဆို ခုနက ပန်းရနံ့တွေက ဒီခြံကလေးကပဲဖြစ်မှာ..။ ခြံအပြင်ဘက် ကိုယ်မမြင်ရတဲ့နေရာက ရှုမျှော်ခင်းလေးဟာ မျက်ဝန်းကတဆင့် ရင်ထဲကိုဖြတ်စီးသွားတယ်။ အို..သိပ်ကိုလှတာပဲကွယ်..။ လှလိုက်တာ..လို့များ နှုတ်က တဖွဖွပြောမိသေးသလားမသိဘူး။ သူက ကိုယ့်ကို တစ်ချက်လှမ်းကြည့်တယ်..နှုတ်ခမ်းတွေမပြုံးဘဲ မျက်လုံးတွေချည့်ပြုံးနေကြတာတော့ သတိထားမိလိုက်တယ်..။ ကိုယ်ကရော ပြန်ပြုံးပြမိသလားမသိဘူး။ သူက ကော်ဖီသောက်လိုက်ပါလား ဆိုပြီး ထထွက်သွားတယ်။ ခဏကြာတော့ ကော်ဖီတစ်ခွက်နဲ့အတူပြန်လာတယ်။ ကော်ဖီအနံ့က သိပ်ကိုမွှေးလွန်းနေတာသိတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++

ရေကန်ဘေး က ခုံလေးမှာ သွားထိုင်မယ်လေ..တဲ့။ သူက ကော်ဖီခွက်ကို ကိုင်ပြီး ရှေ့ကထွက်သွားတယ်။ ကိုယ်..သူ့နောက်ကို ဘာလို့ သတိလက်လွတ်လိုက်နေမိတာလဲ။ ကန်ဘေးက ခုံတန်းလျားလေးမှာ နှစ်ယောက်သား ၀င်ထိုင်လိုက်ကြတယ်။ သူက ခြံတံခါးဝဘက်ကို တစ်ချက်ဝဲကြည့်ရင်းနဲ့ ညီမကို တွေ့တွေ့နေတာကြာပြီတဲ့ ။ ကျွန်မက ရှင့်ကို မတွေ့မိဘူး လို့ပြန်ပြောမိတော့ သူက ရေကန်ဆီကို ငေးကြည့်နေလျက်က ပြုံးတယ်။ သူ့နှုတ်ခမ်းက ပြုံးလိုက်တော့ မျက်လုံးတွေပါ လိုက်ပြုံးသွားပြန်တယ်။ ရှေ့စားပွဲခုံပေါ်ချထားတဲ့ ကော်ဖီက အငွေ့လေးတွေ တလိပ်လိပ်နဲ့တက်လာတာတွေ့လိုက်တယ်။ ကော်ဖီနံ့လေးက မွှေးနေတာပဲ။ ကော်ဖီရနံ့တွေ ကြားက နေ ‘ညီမက ခြံရှေ့ကိုခဏခဏဖြတ်လျှောက်တတ်တယ်လေ’ လို့ တိုးတိုးလေး ပြောလိုက်သံကို ကြားလိုက်ရတယ်။ အသံလေးက တစ်မျိုးလေးပဲ လို့ တွေးမိရင်းနဲ့က အိမ်လေးက သိပ်လှတယ်လို့ လွှတ်ခနဲ့ ပြောမိသေးသလားပဲ။ သူငေးနေတယ်။ ကိုယ် သူ့ကို တစ်ချက် ဖျတ်ခနဲကြည့်မိတယ်။ မျက်လုံးတွေ တဖျက်ဖျက်တောက်နေတယ်။ မျက်လုံးတွေထဲမှာ အဖြူရောင်ကလွဲရင် ဘာကိုမှမတွေ့ဘူး..။ ဘေးပတ်ဝန်းကျင်တစ်ခွင်လုံးက ကြည်ပြာရောင်တွေ လဲ့ဖြာလို့..။ ပြီးတော့ အရောင်မျိုးစုံ..။ ကိုယ်က ကိုယ့်စကတ်လေးက ဘာရောင်လဲလို့ အမှတ်မဲ့ ကြည့်နေမိသေးတယ်။ ဘာအရောင်တွေပဲ ဖြစ်ဖြစ်ပေါ့လေ..။ အရောင်ဆိုတာ သူရှိချင်သလို ရှိနေနိုင်တာပဲမို့လား။ သူက စားပွဲပေါ်မှာ ချထားတဲ့ ကော်ဖီခွက်ကို ကြည့်ပြီးတော့ ကော်ဖီသောက်လိုက်ဦးလေလို့ လှမ်းပြောတယ်.။ ရှင်ရော လို့ပြန်မေးတော့ ကျွန်တော်က ကော်ဖီမသောက်တတ်ဘူး..တဲ့။ ‘အဲ့ဒါဆိုရင် တခြားဟာ တစ်ခုခု…’ ကိုယ့်အသံ တစ်ပိုင်းတစ်စမှာပဲ သူက ကျနော် ရေကန်ဆီခဏသွားလိုက်ဦးမယ်လို့ ပြောရင်း ထရပ်လိုက်တယ်.။ မိုးတွေရွာနေသေးတယ်..။ သူက အမိုးအောက်ကနေထွက်ပြီး ရေကန်ဆီထွက်သွားတယ်..။ ပြီးတော့ ကန်ပေါင်မှာ ခြေထောက်တွဲလောင်းချပြီးထိုင်နေတယ်.။ မိုးစက်တွေက သူ့ပေါ်ကိုခပ်ဖွဲဖွဲ ရွာချတယ်။ သူက ကန်ရေပြင်ကို ငေးကြည့်လို့ နေရဲ့..။  ကိုယ်က အမိုးအောက်ကနေ ကော်ဖီပူပူကိုသောက်ရင်းနဲ့ မိုးရေထဲက သူ့ကို ငေးမိတယ်။ သူက ကန်ရေကိုငေးနေတယ်။ သီချင်းတွေတောင် ညည်းလို့နေလားမသိဘူး..။ လွတ်လပ်ပေါ့ပါးလိုက်တာလေ..။ ပတ်ဝန်းကျင် ခပ်အေးအေးလေးမှာ ကော်ဖီနွေးနွေးလေးနဲ့ ကိုယ်ကရော…။ အပြာရောင်ရေကန်လေး၊ အဖြူရောင်အိမ်ကလေး၊ အပြာရောင် ခြံတံခါးလေး..၊ ပြီးတော့..သူ..။
++++++++++++++++++++++++++++++++++++++++++++++++++++++++++

မျက်လုံးကို တစ်ချက်ဝှေ့ကြည့်လိုက်မိတယ်။ ဟုတ်ပါရဲ့..အိမ်တံခါးကို ပိတ်ထားတာပဲ..။ ဒီနေရာကိုရောက်တိုင်း ခြံကလေးကိုပဲကြည့်မိတော့ အိမ်ကလေးကို သိပ်သတိမထားမိခဲ့ဘူး။ အိမ်ကလေးက တံခါးကို သေသေချာချာစေ့ပိတ်ထားတယ်။ အိမ်ထဲမှာ မီးဝါ၀ါလေးက တလဲ့လဲ့ လင်းနေတယ်။ အိမ်ခန်းလေးက မြင်ရသလောက်အထိတော့ ရှင်းလင်းလို့နေပြန်တယ်။ မြင်နေက အိမ်တွေမှာ ရှိတတ်တဲ့ ဓာတ်ပုံတွေ လည်း နံရံပေါ်မှာ မရှိပြန်ဘူး။ အထဲကိုမြင်ရသလောက် သန့်ရှင်းသပ်ရပ်နေတဲ့ ဧည့်ခန်းလေးရယ်၊ ပြီးတော့ ဖတ်လတ်စ မဂ္ဂဇင်းတစ်ချို့နဲ့ ဒီဗီဒီချပ် တစ်ချို့တင်ထားတဲ့ ဆက်တီခုံ ရယ် ၊ ပြီးတော့ စာအုပ်ဗီရို၊ ဒီလောက်ပဲတွေ့ရတယ်။ ဧည့်ခန်းကို ဆေးအဖြူသုတ်ထားတာ တွေ့ရတယ်။ နံရံကပ်မီးဝါ၀ါတွေက လှလွန်းလိုက်တာ။ မြင်ကွင်းကို ဘယ်လောက်ပဲ ပိတ်ထားပေမဲ့ ပြတင်းပေါက်တွေတော့ ရှိသားပဲကွယ်။ ပြတင်းပေါက်တွေကို ခန်းဆီးမတပ်ထားဘူးပဲ။ ကိုယ်က ပြတင်းပေါက်တွေကနေတစ်ဆင့် အိမ်လေးထဲကို စပ်စုနေမိလိုက်တာ။ အထဲမှာ ဘာတွေရှိမလဲ။ နွေးထွေးနေမလား။ သူ့နဲ့အတူနေထိုင်မယ့် မိသားစုတွေများ တွေ့ရမလားလို့..။ မသိစိတ်က ဆက်တွေးမိတော့ တစ်ခုခုကို နှမြောသွားသလိုပဲ..။ ဘာကိုနှမြောမိမှန်းမသိတဲ့စိတ်ကို ဆက်မစဉ်းစားဖို့ ရပ်လိုက်တယ်။ အိမ်ကလေးထဲ ၀င်ကြည့်ချင်စိတ်ပေါ်လာမိတယ်။ ဟင့်အင်း..ခွင့်မပြုဘဲ ခွင့်မတောင်းဘဲ ၀င်မကြည့်သင့်ဘူးမဟုတ်လား။ကိုယ့်ကိုယ်ကို ရှက်သွားလို့ အကြည့်ကို မြန်မြန်လွှဲလိုက်မိရင်း သူ့ကို တစ်ချက်ငေးမိတော့ သူက ရေကန်ဆီဘောင်မှာထိုင်ရင်း ခြေကိုလွှဲရင်း ငေးနေတုန်းပဲ..။ ကော်ဖီတွေက ခပ်နွေးနွေးကျန်နေသေးတယ်.။ သောက်လက်စ ကော်ဖီကို တစ်ကျိုက်ထပ်သောက်ပြီး လိုက်မိပြန်တယ်။ မိုးက ခပ်ဖွဲဖွဲကျနေတုန်း။ ပတ်ဝန်းကျင်က အေးစိမ့်နေတုန်းပဲ..။ ရင်ထဲမှာ မောလာသလိုဖြစ်လာတာနဲ့ပဲ အသက်ကို ခပ်ပြင်းပြင်းလေးရှူလိုက်မိတယ်။ ခေါင်းကိုမော့ရင်း မျက်လုံးတွေကိုပါ မှိတ်ထားလိုက်တယ်။ ပတ်ဝန်းကျင်ရဲ့အေးမြမှုဟာ အရေပြားတွေကို ညင်သာစွာ ဖွဖွပွတ်သပ်နေသလိုပဲ။ ထူးဆန်းလိုက်တာလို့တစ်ချက်တွေးမိရင်းနဲ့  မျက်လုံးတွေ ဖွင့်လို့မရနိုင်လောက်အောင်ကိုပဲ…။ ကိုယ်လေ.. မိန်းမောနေမိလိုက်တာ…။
++++++++++++++++++++++++++++++++++++++++++++++++++++++++++

‘ မိုးက နည်းနည်းတော့ရွာနေသေးတယ်ဗျ..’
သူ့အသံခတ်ဆတ်ဆတ်မှာ ရုတ်တရတ်မို့ လန့်သွားပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်မိတော့ ကိုယ့်မျက်နှာပေါ် ငုံ့မိုးကြည့်ပြီး စကားလာပြောတဲ့ သူ့ကို တွေ့ရတယ်။ ဘာပြောလိုက်တာလဲလို့ တစ်ချက်ပြန်စဉ်းစားလိုက်ရသေးတယ်။ ပြီးမှ သူ့ကို တစ်ချက်ကြည့်မိလိုက်တယ်။ သူ့ဆံပင်တွေ စိုနေတာပဲ..။ မျက်လုံးက ထုံးစံအတိုင်း ပြုံးနေတယ်။ အင်း..နည်းနည်းတောင် မှောင်လာပြီ၊ ကျမ ပြန်မှဖြစ်တော့မယ် ..လို့ပြောလိုက်မိတယ်။ ရာသီဥတုက ညိုမှိုင်းနေတုန်းပဲ ။ မိုးတွေပြန်ရွာလာပြီ..ဒီတစ်ခါပိုသည်းလာသလိုပဲ။ ပတ်ဝန်းကျင်တစ်ခွင်လုံး ညို့မှိုင်းပြီး အေးနေတယ်။
ကော်ဖီကုန်အောင်သောက်လိုက်ပါဦး၊ ရာသီဥတုက အေးနေတယ်။ ပြီးတော့ မိုးတွေရွာလာပြီ..။’
 ရုတ်တရက် မိုးက တရစပ် သည်းလာတယ်။ မြင်ကွင်းတစ်ခုလုံး တရစပ်သည်းနေတဲ့ မိုးရေစက်တွေနဲ့ ဖြူဖွေးသွားတယ်။ ကန်ရေပြင်ကိုတောင် သေချာမမြင်ရတော့ဘူး ..။
‘ ညီမ ခဏလောက်တော့နေပါဦး၊ ကျနော် လုပ်စရာနည်းနည်းသွားလုပ်လိုက်ဦးမယ်..’
 သူက စကားသံနဲ့အတူ ထထွက်သွားပြန်တယ်။ ဘယ်ကိုသွားမှန်းမသိဘူး။ ရေကန်ဘေးက မီးအပြာတွေရုတ်တရက်လင်းလာတယ်။ သူ မီးသွားဖွင့်တာဖြစ်မယ်ထင်ပါရဲ့။ အရင်တုန်းက ညဘက်မဖြတ်သွားဖူးတော့ ဒီအပြာရောင်ရေကန် လေးဟာ ဒီလောက်လှမှန်း ကိုယ်တကယ်မသိခဲ့ဘူး။ အပြာရောင်ရေကန်လေးမှာ ကူးခတ်ချင်စိတ်ပေါက်သွားပြန်တယ်။ သူ့လို ခြေဆင်းပြီးသွားထိုင်ရင်ကောင်းမလား။ ဟင့်အင်း…မိုးတွေသည်းလာပြန်ပြီ။ ရုတ်တရက် ၀မ်းနည်းလာတယ်။ ကိုယ်တစ်ယောက်တည်း..။ အိမ်တံခါးပိတ်ထားတယ်။ ပိတ်ထားတဲ့ အိမ်တံခါးနဲ့ တံခါးပိတ်ထားတဲ့ အိမ်ငယ်လေးကို ကြည့်ပြီး ကိုယ်လေ ပို ၀မ်းနည်းလာတာပဲ။ အိမ်လေးက နွေးထွေးနေမလားလို့ တွေးပြီး တစ်ချက်ပေ့ကြည့်မိပြန်တယ်။ ရုတ်တရက် ကိုယ့်အိမ်နွေးနွေးလေးကို သတိရလာတယ်။ အိမ်အပြင်က ရေကန်ဘေးမှာထိုင်နေရင်းနဲ့ အိမ်ကလေးဆီကြည့်မိတဲ့ အကြည့်တွေကို အမြန်လွှဲပစ်ရတယ်.။ မိုးမြန်မြန်တိတ်ပါစေ..။ ဘာလို့ ဒီလမ်းကလေးကို ဖြတ်လျှောက်မိမှန်းမသိဘူး။ ဘာလို့ ဒီခြံလေးထဲကို လိုက်လာမိလည်းမသိဘူး။ ဆွဲဆောင်ရာတစ်ခုခုနောက်ကိုလိုက်လာမိတာ နောင်တရသလိုစိတ်နဲ့ ၀မ်းနည်းလာလိုက်တာ..။ မိုးမြန်မြန်တိတ်ပါစေလို့ နောက်တစ်ခါ ထပ်ဆုတောင်းရင်း ကော်ဖီကို တစ်ငုံ ထပ်သောက်လိုက်မိတယ်..။  ကော်ဖီတွေတောင် အေးကုန်ပြီပဲ။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++

‘ ရေနွေး ယူလာတယ်ဗျ..’
သူက အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးအပြည့်ထည့်ထားတဲ့ ခွက်ကိုလှမ်းပေးတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောမိတယ်ထင်ရဲ့..။ ပန်းတွေက မွှေးနေတာပဲနော် လို့ ပြောမိတယ်…။ ဟုတ်တယ်ဗျ..ကျနော်စိုက်ထားတာလေ ..ဘာရယ်လို့တော့ မဟုတ်ပါဘူး..အပျော်သဘောပါပဲ..လို့ သူကပြောတယ်။ ဒီတစ်ခါတော့ သူပါသောက်မယ်ထင်တယ်။ သူ့လက်ထဲမှာ အငွေ့တထောင်းထောင်းနဲ့ ခွက်တစ်ခွက်ကို ကိုင်ထားတယ်။ သူက ရေနွေးကို တစ်ချက်မော့သောက်လိုက်တယ်။ အငွေ့တွေ သူ့မျက်နှာနားတစ်ဝိုက်မှာ ဖြတ်ပြေးသွားကြတယ်။ ပန်းပင်တွေလိုက်ကြည့်ဦးမလား.. လို့ မေးတယ်။ ဟင့်အင်း..ကျမက ရေကူးချင်နေတာ လို့ ပြောချင်မိတယ်။ ဒါပေမဲ့ ဘာမှ မပြောဖြစ်ဘူး။ အတော်ကြာအောင် အသံတွေ တိတ်သွားတယ်။ မိုးတွေမှောင်နေလိုက်တာလေ..။ အိမ်ကလေးက အထဲမှာ မီးဝါ၀ါတွေ လင်းပြီး အပြင်မှာ အပြာရောင်မီးတွေ လင်းထိန်နေတုန်းပဲ။ တော်ပါသေးတယ်လို့ တွေးမိတယ်။ နည်းနည်း ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ လက်ဖ၀ါးတွေအချင်းချင်း ပွတ်နေမိတယ်။ လက်ဖျားတွေ အေးစက်နေတာပဲ။ ကိုယ် တော်တော်လေးချမ်းနေပြီ။ လေက တစ်ချက်တိုက်လာပြန်တယ်။ မိုးနည်းနည်းစဲသွားပြီ။ မိုးရေစက်တွေ တစ်ပေါက် တစ်ပေါက် ကျနေတာကို အမှတ်တမဲ့ ငေးနေမိကြတယ်။ သူလည်း ရေတွေရွှဲနေတုန်းပဲ..။ ရှင်လည်းမိုးရေတွေ စိုနေတယ်..လို့ ပြောမိတော့ သူက ရပါတယ်ဗျ ဆိုပြီး တစ်ခွန်းပြန်ပြောတယ်။ ကျမပြန်တော့မယ် လို့ ပြောမလို့ ပြင်လိုက်တယ်။ ပါးစပ်က ဘာလို့ ပြောမထွက်ရတာလဲ ။ တကယ်ဆိုအမြန်ပြန်လိုက်ဖို့သင့်တာ။ တိတ်ဆိတ်ပြီး ချမ်းစိမ့်လှတဲ့ နေရာတစ်ခုမှာ တစ်ခါမှမသိဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့အတူရှိမနေသင့်ဘူး မဟုတ်လား။ သူစိမ်းလို့ တွေးမိတော့ သတိလက်လွတ် နဲ့ သူ့ကိုတစ်ချက်ကြည့်မိပြန်တယ်။ သူကတော့ ရေနွေးကို တကျိုက်ပြီးတကျိုက်သောက်လို့နေရဲ့..။ သူက တစ်ခုခု ပြောမလို့ ဟန်ပြင်ပြီး ကိုယ့်ဘက်ကို လှည့်ကြည့်တယ်။ အပြောရခက်နေဟန်ပဲ..ကိုယ့်စိတ်ထင်တာဖြစ်မှာပါလေ..။ အိမ်ထဲကို ၀င်ဖို့ ဖိတ်မလို့လား။ ဒါမှမဟုတ် ပြန်သင့်ပြီလို့ပြောမလို့လား…။ တကယ်လို့ အိမ်ထဲဝင်ပါလို့ပြောရင် ကိုယ်ကလက်မခံလိုက်သင့်ဘူးမဟုတ်လား။ ဒါမှမဟုတ် ပြန်သင့်ပြီလို့ပြောလာခဲ့ရင် ကိုယ်ဘယ်လိုခံစားရမလဲ..။ စိတ်ထဲမှာ အပြာရောင်မီးတွေ ၊ အ၀ါရောင်မီးတွေ ပြီးတော့ မိုးစက်မှုန်မှုန်တွေ…။ သက်ပြင်းကို တစ်ချက်ရှိုက်လိုက်ရင်း သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

‘ ကျမ ပြန်တော့မယ်..’
ရုတ်တရက်လွှတ်ခနဲပြောမိလိုက်တယ်။ သူက ထီးယူသွားပါလားဗျ ..ကျနော် ထီးသွားယူပေးမယ်၊ ခဏစောင့်နော် ဆိုပြီး ထွက်သွားမလို့ပြင်တယ်။
 ‘နေပါစေ ၊ မိုးစက်လေးတွေ နည်းနည်းလေးပဲ ရှိတော့တာပါ။ ပြီးတော့ ကျမက မိုးဖွဲဖွဲလေးတွေကြားထဲမှာ လမ်းလျှောက်ရတာကြိုက်တယ်’
အလောတကြီး ပြောမိလိုက်တော့ သူက ပြုံးရင်း ကောင်းပြီလေ..ကျနော်ခြံတံခါးဝကို လိုက်ပို့မယ် လို့ပြောရင်း လိုက်လာတယ်။
ခြံတံခါးလေးကို အသာအယာတွန်းဖွင့်လိုက်ရင်းနဲ့ ဂရုစိုက်ပြန် လို့ပြောပြီး ပြုံးပြတယ်။ ကိုယ်က သူ့ကို ပြန်ပြုံးပြလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတယ်။ မိုးတိတ်စပြုနေပြီ။ ရာသီဥတုက အေးစိမ့်နေတုန်းပဲ..။ လမ်းမီးဝါ၀ါလေးတွေတောင် ထွန်းထားပြီးပြီ..။ ကိုယ့်ခြေထောက်အောက်က ကျောက်ခဲလေးတွေ ခင်းထားတဲ့ လမ်းလေးတွေက သိပ်ကိုလှတာပဲ..။ အို..ဒီကျောက်ခဲလေးက နင်းလို့ ကောင်းလိုက်တာ..ဟိုမှာတစ်လုံး..။ ဟော..ဟိုမှာ နောက်တစ်လုံး..။ ကြည့်ပါဦး..မြက်ခင်းတွေကလည်းသိပ်ကို စိမ်းမြလှပလွန်းလိုက်တာ..။ လက်တစ်ကမ်းအမီ မှာရှိတဲ့ သစ်ပင်ခပ်ပုပုလေးတွေမှာလည်း မိုးရေစက်တွေသီးလို့။ ဟိုခပ်လှမ်းလှမ်းက ခရေပင်ကြီးဆီက ခရေရနံ့လေးတွေတောင် တစ်ချက်ရလိုက်မိသေးတယ်..။ လက်နှစ်ဘက်ကို ဆန့်တန်းပြီး ခေါင်းကို မော့လိုက်တယ်။ ပြီးတော့ အသက်ကို ခပ်ပြင်းပြင်းလေး တစ်ချက်ရှူလိုက်တယ်။ ရင်ထဲမှာ ပေါ့ပါးလန်းဆန်းသွားတာပဲ..ခြံကလေးကို နောက်တစ်ကြိမ်ထပ်ကြည့်ချင်လာမိတယ်။ မီးရောင်လဲ့လဲ့လေးတွေ လင်းနေတုန်းပဲ..။ သူ့ကိုမတွေ့ရတော့ဘူး။ အို… အိမ်ကလေးက လှလိုက်တာ..။ ကြည့်နေရင်းမှာပဲ မီးမှိတ်သွားတာ တွေ့လိုက်ရတယ်။ မီးတွေ တစ်ပွင့်ပြီးတစ်ပွင့်ပိတ်သွားတယ်..။ ဖျတ်ခနဲ ဖျတ်ခနဲ…။ မြင်ကွင်းထဲမှာ ရေကန်ကလေးပျောက်သွားတယ်။ ခြံဝင်းကလေးပျောက်သွားပြီး..ပြီးတော့ အိမ်ကလေးပျောက်သွားတယ်..။ တစ်ကွက်ချင်း တစ်ကွက်ချင်းပဲ..။ ကိုယ့်ရင်ထဲမှာ လှိုက်ခနဲ လှိုက်ခနဲ..။ ခံစားချက်တွေကို ဘာသာမပြန်တော့ဘဲနဲ့ အကြည့်ကိုပဲ အမြန်လွှဲလိုက်တယ်..။ ကိုယ်ဒီနေရာမှာ မရှိသင့်ဘူး..ဟင့်အင်း ..ဒီနေရာမှာ ကိုယ်မရှိသင့်ဘူးလေ..။ အိမ်ပြန်ချင်လာတယ်။ ဒီအချိန်ဆိုရင် မေမေတို့ ညစာစားဖို့စောင့်နေကြတော့မှာ…။ စိတ်ထဲမှာ လှိုက်ခနဲပျော်လာတယ်..။ ကိုယ့်အိမ်ကို အမြန်အပြေးကလေးသွားရမှာပေါ့..။ မိုးမိနေလို့ပါမေမေရယ် လို့ ပြောရဦးမယ်..။ ပြီးတော့ ကိုယ်လေ ဒီအိမ်ကလေးမှာခဏ  မိုးခိုခဲ့တဲ့အကြောင်း အိမ်ပြန်ရောက်ရင် ပြောပြရဦးမယ်..။ မိုးတွေမိခဲ့တဲ့အချိန်မှာ အရမ်းကိုလှပတဲ့ ခြံကလေးထဲ မိုးခိုခဲ့ဖူးတယ်ဆိုတဲ့အကြောင်းပေါ့။ တစ်လှမ်းချင်းလှမ်းလာရင်း
နောက်ဆုံးအနေနဲ့ လမ်းဝအရောက်မှာ ခြံကလေးဆီကို တစ်ချက်ကြည့်မိတော့ ပိတ်ထားတဲ့ ခြံတံခါးလေးကိုပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတော့တယ်..။


စိမ်းမြလင်းသစ်