Tuesday 17 November 2015

ခုတလော ဒီရက်ပိုင်းတွေမှာ ပျော်ရွှင်ခြင်းဆိုတာဘာလဲ ဆိုတဲ့အကြောင်းကို ကျွန်မစဉ်းစားနေမိတယ်။
အသက် ၃၁ ဆိုတာ ဘ၀ကို ငြီးငွေ့ဖို့ သိပ်ကို စောလွန်းနေသေးပေမဲ့ ဘ၀ကိုကျွန်မ ငြီးငွေ့နေခဲ့ပြီဆိုတာကိုတော့ မသိမသာ လက်ခံရတော့မှာပါပဲ။ ဒါဆိုရင် ဘယ်အရာတွေက ကျွန်မကို အဲ့ဒီလိုဖြစ်စေတာလဲ ဆိုတာ ရှာဖွေနိုင်ခဲ့ရင် ၊ ဘာအကြောင်းကြောင့်ဆိုတဲ့ အဖြေကိုသိပြီဆိုရင် ကျွန်မဟာ ပျော်ရွှင်ခြင်း ဆီကို သွားနိုင်ပြီလားလို့တွေးမိပြန်တယ်။ ဘ၀ဟာ ကျွန်မအတွက် ငြီးငွေ့ခြင်းဆိုတဲ့အဓိပ္ပယ်တစ်ခုထက် ပိုသင့်တယ်၊ ပိုရမယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ နေ့ရက်တွေက ထပ်ပြန်တလဲလဲ ပုံစံတစ်ခုတည်းပဲ ထပ်နေတဲ့အခါ ငြီးငွေ့ခြင်းကို တွန်းလှန်ဖို့ အတော်ခက်ပါတယ်။ အသက်၃၁ ဟာ not too old , not too bold ပေါ့။ အသက်သိပ်မကြီးလွန်း သိပ်လည်းမတက်ကြွလွန်းတော့တဲ့အချိန်ပေါ့လေ။ အတည်ငြိမ်ဆုံးအချိန်၊ ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းအား၊ ချင့်ချိန်နိုင်စွမ်းအားတွေကိုအစွမ်းကုန်အသုံးချပြီး ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်တွေပဲဖြစ်သင့်တာပေါ့။ ကျွန်မကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်မိတယ်။ ငါပျော်ရွှင်သလား။ ( ဟင့်အင်း ) ။ ကဲ ဒါဆို ပျော်ရွှင်ခြင်းဟာ ဘာများဖြစ်မလဲ။ ဘာလုပ်လိုက်ရရင် ပျော်မှာလဲ။ အခြားသူတွေကရော ပျော်ရွှင်ခြင်းဆိုတာကို ဘယ်လိုလက်ခံထားကြသလဲ။ ငါ့ရဲ့ ပျော်ရွှင်ခြင်းကို တိုင်းတာတဲ့စံ က ဘာလဲ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အားလပ်ရက်မှာ ရုပ်ရှင်တစ်ကားကြည့်ဖြစ်ပါတယ်။
Hector and the search for happiness တဲ့။ Hector အဖြစ် သရုပ်ဆောင် Simon Pegg , Clara အဖြစ် GoneGirl ဇာတ်ကားထဲက မင်းသမီး Rosamund Pike တို့အဓိက သရုပ်ဆောင်ထားပါတယ်။ IMDB က rating 6.9 ရထားပါတယ်။ ဒါရိုက်တာ Peter Chelsom ပါ ။ drama , comedy ဆိုလို့ အပျော်ကြည့်ရင်းက ကျွန်မအတွေးတွေနဲ့ လာတိုက်ဆိုင်လို့ ဆက်ကြည့်မိပါတယ်။ ဇာတ်ကားတစ်ကားလုံးပြောစရာမရှိအောင်ကောင်းပါတယ်။

အဓိကဇာတ်ဆောင် မင်းသားဖြစ်တဲ့ Hector ကpyschiatrist စိတ်ကုဆရာဝန် အဖြစ်သရုပ်ဆောင်ထားတယ် ။ သူ့မှာ အမြဲဖျက်လတ်တက်ကြွနေတဲ့ သူ့ကိုအမြဲ စိတ်ချမ်းသာစေတဲ့ အတူနေချစ်သူရှိတယ်။ သူ့လူနာတွေနဲ့အချိန်ကုန်လိုက်၊ အားလပ်ရက်မှာ ချစ်သူနဲ့ အပန်းဖြေလိုက်နဲ့ သူ့ဘ၀ဟာ ချမ်းမြေ့နေတယ်ဆိုရမယ်။ ဒါပေမဲ့ Hector လည်းသူ့ဘ၀ကိုသူငြီးငွေ့လာခဲ့တယ်။ ငြီးငွေ့လာမှုကြောင့်ပဲ သူဟာ သူ့လူနာတွေနဲ့အဆင်မပြေဖြစ်လာတယ်။ သူ့ဘ၀ကိုသူ မပျော်ပိုက်တော့ဘူး။ သူဟာ သူ့လူနာတွေ ရဲ့ မပျော်ရွှင်ခြင်းတွေကို ကုစားဖို့အတွက် ပျော်ရွှင်ခြင်းကို မရှာဖွေပေးနိုင်တော့ဘူး။ သူ့ဘ၀ကိုသူ မပျော်တော့ဘူး။ ဒါနဲ့ပဲ သူ့ချစ်သူရဲ့ ခွင့်ပြုချက်နဲ့ သူကိုယ်တိုင် ပျော်ရွှင်ခြင်းကို လိုက်လံရှာဖွေပါတော့တယ်။

Hector က ပျော်ရွှင်ခြင်းကို ရှာဖွေဖို့ တရုတ်ပြည်ကိုသွားတယ်။ မပျော်ရွှင်ခြင်းကိုရှာဖွေဖို့အတွက်

Tuesday 1 September 2015

ကြယ်လေးနဲ့ ခဏတာ

ကိုယ်မခူးဖြစ်ခဲ့တဲ့ သစ်သီးတွေ
သိပ်ကိုချိုမြိန်တယ်လို့ ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
ဘယ်အရပ်ဆီ ကိုယ့်မျက်နှာကိုလွှဲခဲ့ရတယ် မသိတော့ဘူး။

သိပ်ခံစားတတ်လွန်းတာဟာလည်း
ကြေကွဲစရာကောင်းခြင်းတစ်မျိုးပဲ ကြယ်ကလေး...။
နှလုံးသားခပ်ထူထူ
မျက်နှာထားခပ်ထူထူ လူတွေဟာ
အားကျဖွယ်ရာ လူသားတွေလို့ကိုယ်ပြောရင်
ကြယ်လေးရေ...မအံ့သြနဲ့။

နှစ်ကာလတွေဟာ နှလုံးသားတွေကိုတိုက်စားတတ်တယ်
ကိုယ်ကအကောင်းဆုံးသက်သေပဲ လို့ ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
လိမ္မာချင်ခဲ့လွန်းလို့ အမှားများခဲ့တဲ့ကိုယ်ဟာ
ခုချိန်မှာ စိတ်ထင်ရာရွေ့လျားပစ်ချင်မိတယ်လို့
ကြယ်လေးမသိအောင် ခပ်တိုးတိုးရေရွတ်မိခဲ့တယ် ။


ကိုယ်ဖြစ်လိုရာကို ဖန်တီးယူဖို့  ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
နှလုံးသားကိုကျောခိုင်းမိခဲ့ပြီးနောက်
ကိုယ့်မနက်ဖြန်တွေဆီ မရောက်တော့ဘူးလို့
ရင်ထဲမှာ တဖွဖွရွတ်နေမိတယ်။

ကြယ်လေးနဲ့ ခဏတာအချိန်တွေကို ရပ်တန့်ပစ်ချင်နေမိတဲ့အခိုက်
အမှတ်တမဲ့ ကြည့်မိလိုက်တဲ့ တိမ်တစ်စဟာ
လေယာဉ်ပျံပုံစံအဖြစ်ပြောင်းသွားတယ်
အကွာအဝေးဆိုတာ စိတ်ကို နာကျင်စေတဲ့ ဆူးပဲ...။
ကိုယ်ဟာ ဘ၀အတွက်နေခဲ့ရတယ်
အခု ဘ၀ထဲမှာ နေချင်တယ် လို့ ကြယ်လေးကို ပြောမိတော့
ကိုယ် အဓိပ္ပယ်မဖွင့်တတ်ခဲ့တဲ့ အကြည့်တွေနဲ့ ကြယ်လေး ကိုယ့်ကိုကြည့်တယ်။

ကြယ်ကလေးရေ ...
တကယ်တော့ ဘ၀ဆိုတာ
ဖြစ်ချင်ရာဖြစ်ပစေ ဆိုပြီး ပစ်ချထားလိုက်ဖို့ကောင်းတဲ့အရာပဲ။
ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိပြီး
ဝမ်းနည်းရတဲ့ အကြောင်းတွေ ကြယ်လေးကို မပြောပြချင်ဘူး
သိပ်မွန်းကျပ်လွန်းလာတဲ့အခါ
တစ်ယောက်တည်းနေပြီး အခန်းထောင့်မှာငိုမယ်
စိတ်ထဲရှိတာတွေ ချရေးမယ်
ပြန်လည်ပေါ့ပါးလာတဲ့အခါ
ငါ့ဘ၀ဟာ နေပျော်စရာပါလို့ ကိုယ့်ကိုယ်ကို ပြန်နားချမယ်
ကြယ်လေးမသိအောင် ကြယ်လေးကိုပြုံးပြမယ်
တစ်ဖန်ပြန်လည်စိမ်းစိုဖို့
သစ်ရွက်တွေကိုကြည့်မယ်
ဖိနပ်ကြိုးကို ခပ်တင်းတင်းချည်ပြီးရင်တော့
လေသာရာအရပ်ဆီကို မျက်နှာမူပြီးလမ်းလျှောက်ထွက်မယ် ။

ဒါပေမယ့်...
တစ်ခါတရံတော့
သိပ်ကိုသာယာတဲ့နေရာလေးက

ကြယ်လေးနဲ့ ခဏတာ ကို
ဒိုမီနိုတွေ သောက်တိုင်း ကိုယ် လွမ်းမှာပေါ့
တိမ်တွေ လေယာဉ်ပုံစံပြောင်းသွားတိုင်း ကိုယ် လွမ်းမှာပေါ့ ။  ။

2/9/15