Wednesday 8 August 2012

အဆုံးသတ်မှာငါ့အတွက် ဗလာသက်သက် သာကျန်ရတယ်

ခရီးထွက်သွားတဲ့ ညကို စကားတစ်ခွန်းလောက်ဖြစ်ဖြစ် လူကြုံပါးဖို့
ဒါမှမဟုတ် ညထဲ ကိုယ်ကိုယ်တိုင်စီးမျောပစ်လိုက်ဖို့
ဟိုအရင်ညက လေညင်းလေးကိုပြန်ဝယ်လို့ရသလား လို့ တိုးတိုးလေးမေးမိတယ်။

အဖြေကိုဘယ်သူပေးမလဲ။

စောင့်စားရခြင်းဟာ အနုပညာတစ်ရပ်ဖြစ်တယ်ဆိုတဲ့ မျက်နှာဖုံးကိုတပ်ထားတယ်

တနင်္ဂနွေဟာ မျက်နှာအသေနဲ့
မြက်ပင်စိမ်းစိမ်းနဲ့ ၊ကွင်းပြင်စိမ်းစိမ်းနဲ့
အဲ့ဒီညက ရှုမျှော်ခင်းလေးက ရင်ဘတ်ထဲကို တစ်ဝက်တစ်ပျက်ဝင်လာတယ်

မိုးခေါင်တဲ့အရောင်ကိုဝတ်ဆင်ပြီ
တစ်စုံတစ်ရာနောက်ကို
တိတ်တဆိတ်လိုက်ပါသွားတဲ့နောက်
အရင်လိုပါပဲ ဆိုတဲ့စကားကိုပဲဖြစ်ဖြစ် ပြောဖို့တွန့်ဆုတ်ရတယ်။
ဘာပဲဖြစ်ဖြစ်
ပြတ်သားရမယ်၊ ပြတ်သားသင့်တယ်။

တစ်စုံတစ်ခု ငြိမ်းသတ်ရင်း တစ်စုံတစ်ခုကို ထွန်းညှိ
အတူတူလောင်ကျွမ်းပစ်လိုက်ဖို့ကြိုးစားရင်း
သူပဲ ၊ ငါပဲ ဆိုတာနဲ့ နင်စွဲ ငါစွဲ ဆိုတာတွေလည်းသိတယ်

မျှော်လင့်ခြင်း။ ယုံကြည်ခြင်း။
ပျော်ရွှင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတရား
ဘယ်ဆီကို ခရီးထွက်သွားသလဲ
လက်ဖ၀ါးတွေကို ဆုပ်လိုက်ဖြန့်လိုက်နဲ့
အဖြေကို အထပ်ထပ်ရှာမိတယ်
ဗလာကလွဲရင် ဘာကိုမှမတွေ့ဘူး။

မပျော်ဘူးလို့ပြောပြောပြီး  အော်အော်ရယ်ပစ်ရတယ်
အရှိတရားက မှားတဲ့ဘက်မှာဆိုပဲ ...ဟုတ်လား။

သေချာတာက
မငိုရဲဘူး၊ မရှင်သန်ရဲဘူး
မဖန်တီးရဲဘူး။ မဖျက်ဆီးရဲဘူး

ဖြစ်နေတာတခြား ဖြစ်ချင်တာကတခြား
အိပ်မက်တွေပဲ ရှည်လျားလာရတယ်
ဘ၀က သွေးပျက်ဖွယ်။

 

စိမ်းမြလင်းသစ်
(08/08/2012)


2 comments:

  1. 2007 ခုနှစ်တုန်းက စိတ်မပါပဲ ... စလုံးမှာ တစ်နှစ်နီးပါးလောက်နေခဲ့ရဖူးတယ် ... အဲဒီ့အချိန်တုန်းကရေးခဲ့ဖူးတဲ့ စာတွေကိုပြန်ဖတ်ကြည့်တော့ ... Key က အခုလိုပဲ ...။ အိမ်ပြန်ရောက်တဲ့တစ်နေ့ ... အားလုံးကောင်းသွားမှာပါ ... Never Give Up , Ur Home is always ur home.

    ReplyDelete