Sunday 25 September 2011

အိမ်ရှေ့သစ်ပင်သစ်ရွက်တွေမှာမိုးစက်တွေခိုနေတုန်းပဲ

အိပ်မက်ဟာချိုမြိန်နေဆဲပဲ ကိုယ့်အတွက်
ပစ္စုပ္ပန်မှာ တည့်တည့်ကြီးနေပစ်လိုက်ဖို့သိပ်ကိုခက်တယ်
သစ်ရွက်ပေါ်တွဲခိုနေတဲ့ မိုးရေစက်လေးလျောကျသွားတယ်
ရုတ်တရက် ငှက်ကလေးထပျံတယ်
ခဏလေးနဲ့နေ၀င်ပြီး ခဏလေးနဲ့ပဲ ကြယ်တွေကြွေတယ်.။
ဒီလိုပဲနဲ့ပဲအနည်ထိုင်ပစ်ရမှာပဲ
တစ်ယောက်တည်းဆိုတဲ့နေရာကိုရောက်သွားတိုင်း အတွေးတွေကိုရပ်လိုက်ရတယ်.။
ပျော်ရွှင်ခြင်းဆိုတာကိုဘယ်လိုစာလုံးပေါင်းရပါ့မလဲ..။
တိတ်တိတ်လေးမြတ်နိုးနေရခြင်းမှာပဲ ငြိမ်းချမ်းစွာသေဆုံးခဲ့ပါပြီ
ရှိုက်ရှိုက်နေခဲ့ရခြင်းခဏများမှာ..တအိအိပြိုဆင်းလို့
တိတ်ဆိတ်ခြင်းတွေဆူညံနေရလို့
ရေခဲတောင်တွေလည်း အေးခဲနေရခြင်းနဲ့ပူလောင်နေရမှာပါပဲ.။
ခုတော့..
ပေါ့ပေါ့ပါးပါးဆိုတဲ့ခေါင်းစဉ်အောက်မှာ
မကျေနပ်တာတွေကိုရယ်မောပစ်လိုက်ရုံ
ကိုယ်ပေါ်ကမိုးရေစက်လေးကိုသပ်ချလိုက်သလို
မလိုချင်တာတွေကို မင်နီတားပစ်လိုက်ဖို့
ကမ်းခြေမှာရပ်နေခဲ့စဉ်ခဏကလို
လေတိုက်တိုင်း ကိုယ့်ဆံပင်တွေလွင့်ဝဲနေဖို့
ကိုယ့်မျက်တောင်မှာ တွဲခိုနေတဲ့ မျက်ရည်စက်လေးကို ဖျတ်ခနဲပုတ်ထုတ်ပစ်ဖို့
မျှော်လင့်နေရခြင်းဟာ မျှော်လင့်ရခြင်းသက်သက်မဖြစ်စေဖို့တွေ မျှော်လင့်ရင်း
စိတ်ဟာ
အလှမွေးကန်ထဲကငါးလို
အခန်းကျဉ်းထဲမှာပဲ တ၀ဲလည်လည်နဲ့...
အဆင်ပြေတယ်ဆိုတဲ့စကားလုံးသက်သက်ထဲမှာပဲ စိတ်ကိုထိုးခြေပစ်နေမိတယ်
အဆင်ပြေတယ်..
အဆင်ပြေပါတယ်...။
ကံကောင်းခြင်းဆိုတာကလည်း အခွံခွာရခက်တဲ့သစ်သီးတစ်လုံးလိုပဲ
တပ်မက်ခြင်းသက်သက်နဲ့သာငေးမောရင်း
ဘ၀ဟာ..အရွယ်မတိုင်ခင် ရင့်မှည့်ပေးလိုက်ရပါတယ်..။



စိမ်းမြလင်းသစ်
01/08/2011

No comments:

Post a Comment