Sunday 25 September 2011

"ရိုးတံသက်သက်...ဆောင်း"

ဒီလိုပါပဲ
ပြတင်းကနေငေးကြည့်ရင်
တစ်ခါတလေတော့
လရောင်တွေစိုလက်နေတဲ့ အုန်းပင်အုန်းလက်ကို တွေ့ရမယ်
အလင်းစက်တွေကျဲပက်ထားတဲ့
အခန်းထဲကတစ်ဝက်တစ်ပျက်မြင်ရတဲ့ ကောင်းကင်
ဟင်းလင်းပွင့်နေဆဲ ဆောင်း
စာလုံးပေါင်းအမှားများစွာနဲ့ အေးခဲစိုလက်နေဆဲစာမျက်နှာ
ဒဏ်ရာတွေနဲ့ညည်းနေဖြစ်တဲ့သီချင်း
ညနေခင်းဟာ စိုစိုပြည်ပြည်ဖြစ်နေဆဲပဲ အခိုက်အတံ့
ခံစားချက်တွေကို ဖဲ့ခြွေချလိုက်တိုင်း တစိမ့်စိမ့်ကြွေနေဆဲ စကားလုံးများ
ရိုးတံချည့်သက်သက်ဆောင်းဟာ..
ဝေခဲ့ဖူးတဲ့ တစ်ချိန်ကနှင်းတွေကိုငေးတုန်းပဲ..
မပီဝိုးတ၀ါးဖြစ်ခြင်းစိတ်အလျင်နဲ့
တစ်ပွင့်စီသီထားတဲ့အမှတ်တရတွေထဲကိုမှ အလွမ်းကအလည်လာတယ်
ခွဲခွာခဲ့ပြီဆိုကတည်းက
ကပ်ပါလာတဲ့ အထီးကျန်ခြင်းဆိုတဲ့ အသားတံဆိပ်
အမှတ်တမဲ့ငေးကြည့်မိလိုက်ခြင်းဟာ
နှုတ်သီးဝါ၀ါနဲ့ငှက်ကလေးထိုးဆိတ်နေတဲ့ အစိမ်းရောင်ပန်းသီးဆီ
လူများ၊ ရေစီးကြောင်းများ၊ ရွေ့လျားနေခဲ့သောနှစ်ကာလများ နဲ့အတူ
ဖျတ်ခနဲနေရောင်မှာ ပျောက်မယ့်နှင်းစက်
အလွမ်းချည့်သက်သက်ရင်ဘတ်နဲ့
တောက်ထုတ်လိုက်ရင်ကြွေကျမယ့် စီးကရက်ပြာတစ်စ..ဟာ..။

စိမ်းမြလင်းသစ်
28/07/2011

No comments:

Post a Comment