Wednesday, 28 September 2011
အလွမ်းဟာမော်နီတာထဲမှာတလွင့်လွင့်
ခုတလော မျက်စိမှိတ်လိုက်ရင်
ရင်ထဲကအစိုင်အခဲတွေပဲ တွေ့နေမိတယ်
မော်နီတာထဲစိတ်ကိုထည့်မျှောလိုက်တော့လည်း
လမ်းတစ်လျှောက်လုံးမှာ ကွန်နက်ရှင်ကမကောင်းဘူး
အသက်ရှူလိုက်တိုင်း
ရင်ထဲမှာတစ်စုံတစ်ခုခံနေတာကခက်တယ်
စကားပြောလိုက်တိုင်း လည်ချောင်းတစ်လျှောက်မှာတစ်ဆို့လို့
ဒါ..ရောဂါပဲ။
ဗွီဇက်အို အရိပ်မှာ
မေမေ့ပုံရိပ်လေး ရပ်တန့်သွားတုန်းခဏ
မျက်ဝန်းတွေမှုန်မှိုင်းနေတာတွေ့လိုက်ရတယ်
အလည်ပြန်လာမယ်ဆိုတဲ့စကားမှာ
မေမေလက်ချိုးရေနေမလား
စကားသံလေးထစ်အအ မှာ
မေမေ လွမ်းနေမလား
ညည်းကိုအမြင်ကတ်တယ် ဆိုတဲ့အပြုံးတစ်ဝက်နဲ့ စကားလုံးလေးဟာ
နားထဲမှာ ချိုလိုက်တာ မေမေရယ်
မနီးသေးခင်အထိတော့ ခရီးကဝေးဝေးနေရဦးမှာပဲမဟုတ်လား
ဒီလိုပဲ
ဝေးသွားလိုက်နီးသွားလိုက် ခရီးတွေ..၊.. မိုင်တွေ ။
စိတ်ချင်းဝေးမသွားဖို့ကိုပဲ ကြိုးစားနေရတယ်
တစ်ယောက်တည်းလို့ ခံစားမိတိုင်းမှာ
အလွမ်းတွေကတနင့်တပိုးနဲ့
အရင်ကထမင်းဝိုင်းလေးကို လွမ်းတယ်မေမေ..
ခုအချိန်ခဏမှာတော့
ကျနေတဲ့ကွန်နက်ရှင်ထဲပဲ
လွမ်းနေမိတဲ့စိတ်ကို ထည့်ထည့်မျှောနေမိဆဲ
အချိန်ရဦးမယ်ဆိုရင်တော့
မေမေ့ရင်ခွင်မှာ အရင်လိုလေးခဏလောက် ပြန်အိပ်ချင်ပါသေးရဲ့..။
စိမ်းမြလင်းသစ်
(29/09/2011)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment