Sunday 16 March 2014

“ခြံစည်းရိုးကာမလား..တံတားထိုးမလား…”

           
           
           
  
ဟိုးရှေးရှေးတုန်းက ဘေးချင်းကပ်လျက် လယ်ယာနှစ်ခုမှာ နေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ စကားများကြတယ်တဲ့။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီပြီး စက်ပစ္စည်းတွေငှားလိုက်ကြ၊  ပစ္စည်းတို့ လူအင်အားတို့ လိုအပ်တဲ့အခါ တစ်ယောက်ကိုတစ်ယောက်အကူအညီပေးလိုက်ကြနဲ့ နေလာကြတဲ့ နှစ်ပေါင်း လေးဆယ်အတွင်း ဒါဟာ ကြီးမားလှတဲ့ ပထမဆုံး စိတ်ဝမ်းကွဲမှု ပဲ။
အဲလို စိတ်ဝမ်းကွဲကြပြီးတဲ့နောက်မှာတော့ အရင်တုန်းကလို အတူတူအလုပ်လုပ်တာတွေလည်း ဘယ်ရှိတော့မလဲ။ အဲ့ဒီစိတ်ဝမ်းကွဲမှုဟာ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားမလည်မှု သေးသေးလေးကနေစလာတာပဲ။ ပြီးတော့ တဖြည်းဖြည်း ကြီးကျယ်လာပြီး နောက်ဆုံးမှာတော့ တစ်ယောက်နဲ့တစ်ယောက် ခါးသီးလှတဲ့စကားလုံးတွေနဲ့ အပြန်အလှန်ပြောဆို ပေါက်ကွဲပြီး မခေါ်နိုင်မပြောနိုင် ဖြစ်ကုန်ကြတော့တယ်။
တစ်မနက်မှာ.. အကိုဖြစ်သူဟာ သူ့အိမ်ရှေ့တံခါးကိုလာခေါက်သံကြားလိုက်ရတယ်။ သွားပြီးဖွင့်လိုက်တဲ့အခါ လက်သမားပစ္စည်းကိရိယာတွေနဲ့အတူ ယောက်ကျားတစ်ယောက်ကိုတွေ့လိုက်ရတယ်။
“ ကျနော် ရက်ပိုင်းလောက်လုပ်လို့ရမယ့်အလုပ်လာရှာတာပါ…ခင်ဗျားမှာ ကျနော်ကူညီနိုင်မယ့် အလုပ်လေးဘာလေးရှိမလားလို့ပါ “
“ အင်း.. ကျနော့်မှာခင်ဗျားအတွက်အလုပ်ရှိတယ်..။ ဒီဘက်ရေနုတ်မြောင်းလေးကိုကျော်ပြီးကြည့်လိုက်၊ အဲ့ဒီဘက်ကဟာကျနော့်အိမ်နီးချင်း၊ တကယ်တော့ ကျနော့်ညီပဲ။ ပြီးခဲ့တဲ့အပတ်က အဲ့ဒီနေရာမှာ စာခြောက်ရုပ်တစ်ရုပ်ရှိခဲ့တယ် ..ဒါပေမဲ့ အဲ့ဒါကိုသူက ဘူဒိုဇာနဲ့ထိုးကော်ပစ်ပြီး ကန်သင်းခတ်ပစ်လိုက်တော့ ခုဆို သူနဲ့ ကျုပ်နဲ့ကြားမှာ ရေနုတ်မြောင်းကလေးခြားနေပြီ။ သူက ကျုပ်ကိုဒီလိုလုပ်တယ်ဆိုတော့ ကျုပ်ကလည်း သူ့ကိုဒီထက်ပိုလုပ်ပြဦးမယ် “
“ ဒီမှာ ပရိဘောက အဟောင်းတွေ မြင်လား။ ဒါတွေနဲ့ ကျုပ်ကို ခြံစည်းရိုးကာပေးစမ်းပါ.. ၈ ပေလောက်ရှိတဲ့ခြံစည်းရိုး။ ဒါဆို ကျုပ် ဒင်းမျက်နှာကို နောက်ထပ်မြင်ရမှာမဟုတ်ဘူး “
လက်သမားကပြောတယ်..
“ အင်း.. ကျနော် အခြေအနေကို သဘောပေါက်ပြီထင်ပါတယ်။ ကျနော်သေချာပေါက် ခင်ဗျားကိုစိတ်ကျေနပ်မှုရစေမယ့်အလုပ်ကို စလုပ်ဖို့အတွက် ကျနော့်ကို သံရယ် မြေတူးတဲ့စက်ရယ်သာ ပြပါ “
အကိုကြီးဖြစ်သူဟာ လက်သမားအလုပ်စနိုင်ဖို့အတွက် ပစ္စည်းပစ္စယတွေ မြို့ပေါ်တက်ဝယ်ပေးလိုက်တယ်။ ပြီးတော့ သူအဲ့ဒီနေ့မှာ အလုပ်မလုပ်တော့ဘဲ အနားယူလိုက်တယ်။
လက်သမားဟာ တစ်နေကုန်ပဲ တိုင်းထွာလိုက် ၊ လွှတိုက်လိုက်၊ သံရိုက်လိုက်နဲ့ အလုပ်ကို သိပ်ကိုကြိုးကြိုးစားစားလုပ်တယ်တဲ့။ နေစောင်းတဲ့အချိန်လောက်မှာပဲ လယ်သမားကြီး ပြန်လာတဲ့အခါမှာ လက်သမားဟာ သူ့အလုပ်ကိုလက်စသတ်ပြီးသွားပြီ။
လယ်သမားကြီး မျက်လုံးပြူးသွားတယ်။ ပါးစပ်အဟောင်းသားပါပဲ။ ခြံစည်းရိုးလုံးဝမရှိဘူး။ တံတားတစ်စင်း ဖြစ်နေတာ။ တံတားမှ.. ရေနုတ်မြောင်းကိုတစ်ဘက်တစ်ချက်ဆက်ပေးထားတဲ့ တံတား ဖြစ်နေတာလေ။ တကယ့်ကို သပ်သပ်ရပ်ရပ်လေး။ တံတားလေးက လက်ရန်းကလေးနဲ့..။ သူ့အိမ်နီးချင်းဖြစ်တဲ့ သူ့ညီဟာ သူတို့ဆီကို လက်တွေဆန့်တန်းပြီးလျှောက်လာတယ်။
“ကျုပ် ခင်ဗျားကို အလုပ်အပ်ပြီးတာနဲ့ ခင်ဗျားက ဒီတံတားကိုဆောက်လိုက်တယ်ပေါ့ “


ညီအစ်ကိုနှစ်ယောက်ဟာ တံတားအစွန်းတစ်ဖက်စီမှာ ရပ်လိုက်ကြတယ်။ ပြီးတော့ တံတားအလယ်ဆီဆက်သွားရင်း တံတားအလယ်မှာပဲ ဆုံလိုက်ကြတယ် ။ တစ်ယောက်ရဲ့လက်ကို တစ်ယောက် ဆုပ်ကိုင်ထားကြရင်းနဲ့ပေါ့။
သူတို့ဟာ လက်သမားလေးဆီကို ကြည့်လိုက်တဲ့အခါမှာ လက်သမားလေးဟာ လက်သမားပစ္စည်းသေတ္တာလေးကို ပုခုံးပေါ်တင်နေပြီ။
“ ခဏလေးနေပါဦး..။ ရက်အနည်းငယ်လောက် ဒီမှာနေပါဦးလား။ ကျနော့်မှာ ခင်ဗျားကို အလုပ်အပ်စရာတွေအများကြီးရှိသေးတယ်”  အကိုကြီးက ပြောလိုက်တယ်။
ဒါပေမဲ့ လက်သမားလေးက ပြန်ပြောလိုက်တယ်…
“ ကျနော်လည်း နေချင်ပါတယ်ဗျာ။ ဒါပေမဲ့ ကျနော်လည်း တံတားတွေအများကြီးလိုက်ထိုးပေးစရာရှိသေးတယ်..” တဲ့။
<photo id="1" />

No comments:

Post a Comment