Sunday 16 March 2014

“မမျှော်လင့်နဲ့ ဆုံးဖြတ်ချက်ပဲချပါ…”

           
           
           
 
 
ကျနော့်မိတ်ဆွေတစ်ယောက်ကို အမေရိကား၊ အော်ရီဂွန်ပြည်နယ် ၊ ပို့တ်လန်း မြို့ကလေးက လေဆိပ်တစ်ခုမှာ သွားကြိုတုန်းက ကြုံခဲ့ရတဲ့ ကျနော့်ဘ၀အမြင်ကို ပြောင်းလဲစေခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်းကို ပြောပြချင်လို့။ အဲ့ဒီ အဖြစ်အပျက်လေးဟာ ကျနော့်ကို မမျှော်လင့်ပါဘဲ သတိပေးလိုက်သလိုပါပဲ။ ပြီးတော့ အဲ့ဒီအဖြစ်အပျက်လေးဟာ ကျနော်နဲ့ နှစ်ပေအကွာလောက်လေးမှာတင် ဖြစ်ပျက်သွားခဲ့တာ။
လေယာဉ်ဆိုက်လို့ ထွက်လာကြတဲ့ ခရီးသည်တွေကြားမှာ ကျနော့်မိတ်ဆွေကို အားစိုက်ရှာဖွေနေတုန်းမှာပဲ ပေါ့ပေါးပါးပါးအိတ်နှစ်လုံးကိုဆွဲပြီး ကျနော့်ရှိရာအရပ်ဆီလျှောက်လာတဲ့ အမျိုးသားတစ်ယောက်ကို သတိပြုမိလိုက်တယ်။ သူက ကျနော့်ညာဘက်ဘေးမှာ ရပ်လိုက်ပြီး သူ့မိသားစုကို နှုတ်ဆက်လိုက်တယ်။  ပထမဆုံး သူဟာ သယ်လာတဲ့အိတ်တွေကိုချလိုက်ပြီးတော့ သူ့သားအငယ်ဆုံးလေးကို စနှုတ်ဆက်တယ် ( ခြောက်နှစ်လောက်ရှိပြီ ထင်ရတာပဲ ) ။
သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အချိန်အတန်ကြာ ချစ်မြတ်နိုးစွာ ပွေ့ဖက်ထားကြသေးတယ်။ တစ်ယောက်မျက်နှတစ်ယောက်ကြည့်လို့ရနိုင်တဲ့အကွာအဝေးလောက်အထိ မျက်နှာတွေကိုခွာ လိုက်ကြတဲ့အခါမှာတော့ အဖေလုပ်သူပြောတာကို ဒီလိုကြားလိုက်ရပါတယ်။
“ သားရယ်.. ပြန်တွေ့ရတာ ၀မ်းသာလိုက်တာ.. ဖေဖေ သားကို အရမ်းလွမ်းတာပဲကွာ.. “ တဲ့။ သားဖြစ်သူက ရှက်စနိုးကြီးနဲ့ ပြုံးလို့၊ ပြီးတော့ အကြည့်လွှဲလိုက်ပြီး ခပ်တိုးတိုးပြန်ပြောတယ်..
“ သားရောပဲ ဖေဖေ.. “ တဲ့။
ပြီးတော့ အမျိုးသားက မတ်တပ်ရပ်လိုက်ပြီး အကြီးဆုံးသားကို ကြည့်လိုက်တယ် ( ကလေးက ကိုးနှစ် ဆယ်နှစ်လောက်ရှိပြီထင်ရတာပဲ)။ သူ့သား မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ရင်းနဲ့
“ သားကတော့ လူငယ်လေးဖြစ်လာပြီပဲ။ သားကိုဖေဖေ အရမ်းချစ်တာပဲကွာ..” တဲ့။ တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာ ချစ်ခင်စွာနဲ့ ပွေ့ဖက်လိုက်ကြပြန်တယ်။
အဲ့ဒီအချိန်မှာပဲ ကလေးမလေး ( တစ်နှစ် ၊ တစ်နှစ်ခွဲလောက်ထင်တယ် ) က ခုမှပြန်လာတဲ့ သူ့အဖေကို သူ့မျက်လုံးသေးသေးလေးတွေနဲ့ မခွာတမ်းကြည့်ရင်း သူ့အမေ လက်ပေါ်ကနေ တွန့်လိမ်ပြီး သူ့အဖေဆီကို ထိုးဆင်းနေတော့တာ။ အမျိုးသားက
“ ဟေး..သမီးလေး “ သူ့သမီးလေးကို ကြင်ကြင်နာနာကြည့်ရင်းခေါ်လိုက်တယ်။ ပြီးတော့ သမီးလေးရဲ့  မျက်နှာကို ခပ်မြန်မြန်နမ်းလိုက်ပြီး ကလေးကို ချီလိုက်တယ်။ ကလေးမလေးက ချက်ချင်းကို ဇိမ်ကျသွားပြီး သူ့ခေါင်းကလေးကို အဖေလုပ်သူရဲ့ ပုခုံးပေါ်မှာ အကျအနလှဲချလိုက်တော့တာပဲ။
အချိန်အတော်လေးကြာတော့မှ သူက ကလေးမလေးကို သူ့သားအကြီးဆုံးဆီကို ပြောင်းပေးလိုက်ပြီးတော့ ပြောလိုက်တယ်။
“ ကဲ.. အဖေက အထူးစပရှယ်ကို နောက်ဆုံးမှာ ချန်ထားတာကွ..” ဆိုပြီးတော့ ကျနော်မြင်ဖူးသမျှမှာ အချိန်အကြာဆုံး ..၊ ပြီးတော့ မက်မောစရာအကောင်းဆုံး အနမ်းရှည်ကြီးကို သူ့ဇနီးကို ပေးတော့တာပဲ။ ပြီးတော့ သူဟာ သူ့အမျိုးသမီးရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး
“ ကိုယ် မင်းကို အရမ်းချစ်တာပဲ “ လို့ ပြောလိုက်သေးတယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် လက်တွေဆုပ်ကိုင်ထားကြပြီး တစ်ယောက်မျက်ဝန်းတွေကို တစ်ယောက်အပြန်အလှန်ကြည့်လျက်က ပြုံးလိုက်ကြတယ်။
ကျနော်က သူတို့ ဟာ ခုမှ လက်ထပ်ပြီးစ လို့ ထင်လိုက်မိသေးတယ် ဒါပေမဲ့ ကလေးတွေရဲ့အသက်အရွယ်ကြောင့် မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။ ခဏလောက်ကျနော် ပဟေဠိ ဖြစ်သွားသေးတယ် ။ ပြီးတော့မှကျနော့်မှာ ကျနော်နဲ့ လက်တစ်လှမ်းအကွာလောက်တောင်မရှိတဲ့နေရာတစ်ခုက တကယ့်ကို အခြေအနေအချိန်အခါမလိုတဲ့ ချစ်ခြင်းမေတ္တာ ပြယုဂ် တစ်ခုအောက်မှာ တကယ့်ကို နစ်မြောပျော်ဝင်သွားခဲ့တယ် ဆိုတာ ကိုယ့်ကိုယ်ကို သတိရမိတော့တယ်။
ရုတ်တရက်ဆိုသလို တုန်လှုပ်စွာနဲ့မေးလိုက်မိတဲ့ ကိုယ့်အသံကိုယ် အံ့သြတကြီးကြာလိုက်မိပြီးတဲ့အခါမှာတော့  ကျနော်ဟာ သူတစ်ပါးရဲ့ အတွင်းရေးကိစ္စကို ၀င်စပ်စုမိပြီလားလို့ စိတ်မသက်မသာဖြစ်ရတော့တာပဲ...  ။
“ အိုး… ခင်ဗျားတို့နှစ်ယောက် လက်ထပ်တာ ဘယ်လောက်ကြာပြီလဲ ဗျ “
“ နှစ်ယောက်အတူရှိခဲ့ကြတာက စုစုပေါင်း 14 နှစ်၊ လက်ထပ်ထားကြတာကတော့ 12 နှစ် ရှိပြီ  “ ဟိုလူက သူ့အမျိုးသမီးကိုကြည့်တဲ့အကြည့်ကို မလွှဲဘဲ ပြန်ပြောတယ်။
“ဟင်..ဒါဆို..၊ ခင်ဗျားတို့နှစ်ယောက် ဝေးနေတာ ဘယ်လောက်ကြာပြီလဲဗျ “ ကျနော်မေးမိပြန်တယ်။
ဟိုလူက နောက်ဆုံးမှာ ကျနော့်ဘက်ကိုလှည့်လိုက်ပြီး ကျနော့ကိုကြည့်တယ်။ မျက်နှာက ပျော်ရွှင်စွာပြုံးလျက်နဲ့ပဲ
“ နှစ်ရက်ကြီးတောင်ရှိသွားပါပြီဗျာ..” တဲ့။
နှစ်ရက်…။ ကျနော် ကြက်သေသေသွားတာပဲ။ ဒီလောက် ကြီးကြီးကျယ်ကျယ်နှုတ်ဆက်နေပုံထောက်ရင် ကျနော်က ဒီလူ ခရီးထွက်တာ လပိုင်းမဟုတ်တောင် အနည်းဆုံးရက်သတပတ်အနည်းငယ်လောက်ရှိလိမ့်မယ်ထင်ခဲ့တာ။ ကြည့်စမ်းဗျာ.. မှန်းချက်က လွဲလိုက်တာဆိုတာ။
ကျနော်လည်း ကျနော့်ရဲ့ သူတစ်ပါးအပေါ် စပ်စုမှုအပေါ် ရပ်ချင်တာရော၊ ကျနော့်မိတ်ဆွေကို ရှာချင်တာရောကြောင့် သူ့ကို ပြောလိုက်တယ်။
“ ကျနော့် အိမ်ထောင်ရေးဟာလည်း လက်ထပ်ပြီး နောက် ၁၂ နှစ်ကြာတဲ့အထိ အခုလိုမျိုး မက်မောတွယ်တာစရာ ကောင်းနေလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဗျာ “
အဲ့ဒီလူက ရုတ်တရက်ဆိုသလို ပြုံးတာကိုချက်ချင်းတည်ပစ်လိုက်တယ်။
ပြီးတော့ ကျနော့်မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်လိုက်ပြီးတော့ ကျနော့်စိတ်ဝိညာဉ်တွေကို တည့်တည့်ထိမှန်စေတဲ့ အင်အားပြင်းတဲ့စကားလုံးတွေနဲ့ ကျနော့်ကိုပြောလိုက်တယ်။ သူကျနော့ကိုပြောလိုက်တဲ့ တစ်စုံတစ်ရာဟာ ကျနော့်ကို အရင်ကကျနော်နဲ့မတူတော့အောင်ပြောင်းလဲပေးလိုက်တော့တာပါပဲ။
“  မျှော်လင့်ယုံပဲမမျှော်လင့်နဲ့ ကိုယ့်လူရ.. ဆုံးဖြတ်ချက်ပဲချလိုက်စမ်းပါ “ တဲ့။
ပြီးတော့ ကျနော့ကို လက်ဆွဲ နှုတ်ဆက်လိုက်ပြီး ကျနော့ကို အင်အားတွေ အသစ်ဖြစ်သွားစေတဲ့ အပြုံးကို ပြုံးရင်းနဲ့
“ ဘုရားသခင်ကောင်းချီးပေးပါစေ “  လို့ ဆုတောင်းပေးလိုက်သေးတယ်လေ။


Ref: Don’t Hope,… Decide! By - By Michael D. Hargrove and Bottom Line Underwriters, Inc. 
<photo id="1" />

No comments:

Post a Comment