Tuesday 20 December 2016

ကန္တာရကြယ်

အိပ်မရသော ညများကို ဘယ်လိုကုန်ဆုံးစေရမလဲဟု တွေးမိဆဲတွင် နှင်းက မျက်နှာကြက်ကို မော့ကြည့်လျက်ရှိသည်။ အခန်းမီးကိုပိတ်ထားသောကြောင့် ခပ်မှောင်မှောင်အခန်းထဲကို ပြတင်းမှ လရောင်က ခပ်ပါးပါးဖြာကျလျက်ရှိသည်။ နှင်းသည် အိပ်နေရင်းမှနေ၍ ခေါင်းရင်းဘက်ရှိပြတင်းတံခါးကို မျက်လုံးကိုအသာရွှေ့ကြည့်မိသည်။ လကိုမူ မမြင်ရ။ လရောင်သည်သာ ဖြာလျက် လသာလျက်ရှိကြောင်းပြသည်။ လသည် တစ်ဝက်သာသည်လား၊ အပြည့်သာသည်လား မမြင်သာ။ မျက်နှာပေါ်ကို ခပ်ပါးပါးကျနေသောလရောင်ကြောင့် အိပ်မရတာလား လို့ တွေးမိလျက်က ပြတင်းလိုက်ကာကို ချရန်မကြိုးစားမိ၊ မကြိုးစားလို။ အခန်းသည် မှောင်နေသော်လည်း မျက်လုံးက အကျင့်ရလာသောကြောင့် ရေးတေးတေး မြင်နေရသည်။ ကုတင်ဘေးက မပိတ်ဘဲထားခဲ့သော ကွန်ပြူတာကို အသာလှုပ်လိုက်လျင် အလင်းရောင်ရနိုင်သေးသည်။ သို့သော် အလင်းရောင်ကို မလိုချင်။ ကြောင်၍နေသော မျက်စိတို့ဖြင့် အခန်းကို ကြည့်သောအခါ ကုတင်ခြေရင်း စားပွဲပေါ်မှ သောက်လက်စ ကော်ဖီခွက်ကိုတွေ့သည်။ ကော်ဖီတွေ အများကြီးမသောက်နဲ့ ဟု အွန်လိုင်းမှာမေမေနဲ့တွေ့စဉ်က နှင်းကိုပြောလျှင် နှင်းက နံဘေးမှ ကော်ဖီခွက်ကို တစ်ကျိုက်မော့လျက်က ဟုတ်ကဲ့ဟုဖြေတတ်သည်။ စာသေချာလုပ်ဟုပြောလျှင်တော့ ဖေ့စ်ဘုတ် ကို အမြန်ပိတ်၍ ကွန်ပြူတာကိုဝေးရာ ပို့ရတတ်သည်။ နှင်းသည် ကြောင်သော မျက်လုံးတို့ကို ပိတ်၍ အိပ်ဖို့ကြိုးစားရင်း ခန္ဓာကိုယ် အနေအထားကို ပြောင်းမိသည်။ အခုလောက်ဆို မေမေတို့ အိပ်နေလောက်ပြီ။


မနက်က စောစောနိုးသည်။ ပိတ်ရက်မို့လို့ အိပ်ချင်ပေမဲ့ အမြဲဖွင့်ထားတတ်သော ပြူတင်းပေါက်က မိုးစက်တွေက မျက်နှာပေါ် ခုန်ပေါက်၍လာရောက်ထိမှန်စဉ် နှင်း နိုးလာသည်။ မိုးလေကြီးသည်ဟု ဆိုရမည်။ မျက်နှာပေါ်လာစင်သော မိုးရေတို့ကို လက်ဖမိုးဖြင့် အသာပွတ်သုတ်လျက် နံဘေးစားပွဲပေါ်မှ ဖုန်းကိုယူ၍ နာရီကြည့်လျင် ထနေကြအချိန်ထက် အတော်လေး နောက်ကျနေပြီဖြစ်ကြောင်း တွေ့ရသည်။ ဒီနေ့တော့ နှိုးစက်သံကိုမကြားရ။ ပိတ်ရက်ဖြစ်သည်။ အလိုအလျောက်နိုးလာသော်လည်း မိုးကြောင့် ကောင်းကောင်းမအိပ်ရဟု စိတ်စနိုးစနောင့်တော့အနည်းငယ်ြ
ဖစ်မိသည်။ နှင်းသည် အိပ်ရာမှ အသာထ၍ ပြတင်းပေါက်လိုက်ကာကို ချမည်ပြုစဉ် မိုးရွာနေသောမြင်ကွင်းသည် နှင်း၏ အာရုံကို ဖမ်းစားသည်။ ကလေးကစားကွင်းနံဘေးက ပိတောက်ပင် အကြီးသည် မိုးရေရွှဲရွှဲစိုလျက် အိုနေသောမျက်နှာဖြင့် မတ်တပ်ရပ်နေသယောင်။ ကစားကွင်းကိုဖြတ်ကာ ထီးဆောင်းလျက် ဖြတ်လျှောက်သွားကြသော လူတစ်ယောက်စ နှစ်ယောက်စကိုမြင်ရသည်။  ပတ်ဝန်းကျင်သည် မှုန်မှိုင်းလျက်ရှိသည်။ လေတစ်ချက်အဝှေ့တွင် အတန်ငယ်ချမ်းသွားကြောင်းသတိပြုမိသည်။ ပြတင်းပေါက်ကို အသာပိတ်ပြီး မနက်စာစားရန် အခန်းတွင်းမှ ထွက်လိုက်သည်။ ဘာစားရမှန်းမသိသောကြောင့် မနက်စာသည် ကော်ဖီပူပူတစ်ခွက်သာ ဖြစ်မည်ဟု သေချာသွားသည်။

မုန့်ဟင်းခါးပူပူ စားချင်လာသည်။ စားချင်လျင်ချက်စားပေါ့ ဟု မေမေက ပြောတုန်းက မေမေကလည်း ချက်ရတာ လွယ်တယ်မှတ်လို့လား ဟု ပြန်ပြောမိတာကိုမှတ်မိသေးသည်။ အင်းပါ အင်းပါ ဟုမေမေက လေသံအေးအေးနှင့်ပြန်ပြောလျှင်တော့ နှင်းက စိတ်မကောင်းပြန်။ အိမ်ကို သတိရတော့ ဖုန်းဆက်ရန် လက်က လှမ်းမိသည်။ အချိန်ကစောလွန်းသေးသည်ဟုထင်ကာ ဖုန်းကို ပြန်ချမိပြန်သည်။ ခုတလော ခဏခဏဖုန်းဆက်မိတော့ မေမေက အလုပ်မအား၍ပဲဖြစ်ဖြစ် ဖုန်းသံမကြားလိုက်မိလျင်ပဲဖြစ်ဖြစ် မကိုင်လျင် နှင်းက စိတ်ကွက်မိသေးသည်။ ဂရုမစိုက်ဘူး ဟုထင်မိချင်သေးသည်။ နှင်းက ခုချိန်အထိ ဂရုစိုက်ခံချင်မိမြဲ၊ ကိုယ့်ကိုယ်ကို မရင့်ကျက်နိုင်သေးသော သမီးပဲဟု တွေးမိတိုင်းရှက်မိမြဲ။ မေမေက သမီးအတွက် ဘုရားမှာပန်းတွေလှူပေးထားတယ်ဟု ပြောလျင်တော့ အတိုင်းမသိကျေနပ်ရတတ်သည်။ မေမေရယ် သမီးအတွက် နှင်းဆီပန်းရယ် စံပယ်ပန်းရယ် လှူပေးပါဟု နှင်းကြိုက်လွန်း၍ ခဏခဏလှူမိတတ်သော ပန်းလှလှမွှေးမွှေးများကို မျက်စိထဲတွင်မြင်ယောင်လျက်က ခဏခဏပူဆာတတ်သေးသည်။ မေမေက အေးပါ ဟုပြောလျင်တော့ ဘုရားစင်တွင် ဝေဆာနေဦးမည့် ပန်းလှလှမွှေးမွှေးများကို မြင်ယောင်ကာ ကြည်နူးရပြန်သည်။ ပြီးလျင်တော့ ဘုရားစင်ရှေ့တွင်ဒူးတုတ်ထိုင်ကာ နှုတ်က တရွရွဖြင့်ဘုရားစာတွေရွတ်ဆိုနေဦးမည့် မေမေ့ဟန်ကို မြင်ယောင်ရပြန်သည်။ သနပ်ခါးနှင့် နှုတ်ခမ်းနီနှင့် လှနေဦးမည့် မေမေက သမီးအတွက်တော့ စိတ်ပူကာ နေရပြန်သေးသည်။ ခုအချိန်လောက်ဆိုရင်တော့ မေမေ အိပ်ရာက ထလောက်ပြီဟု တွေးမိသည်။

စားပွဲပေါ်တွင်စိုက်ထားသော ပန်းအိုးငယ်လေးတွေကို အမှတ်တမဲ့ငေးကြည့်မိသည်။  Indoor Plant လေးတွေကိုပဲစိုက်ရန် တတ်နိုင်သည့် အနေအထားတွင်  မနက်မိုးလင်းလာသောအခါ ပြူတင်းတံခါးကိုဖွင့်ပြီး ပွင့်အာနေကြသော မေမေစိုက်ပျိုးထားသည့် နှင်းဆီပန်းလှလှများကိုကြည့်ရသည့် အရသာကို လွမ်းသည်။ ထိုအခါ ကိုယ့်အနေအထားကို ပြုံးမိလျက်က ဒီကန္တာရအပင်ငယ်လေးတွေကို ၀ယ်လာမိသည်။ ပြီးတော့ နှင်းမှာ အပင်လေးကို ရေငွေ့လေးဖြန်း အလင်းရောင်ပိုရသောနေရာကိုရွှေ့ စသဖြင့် အလုပ်လေးတွေကို လုပ်မိပြန်သည်။ ဘာပဲဖြစ်ဖြစ် နှင်းစိုက်ပျိုးထားသော အပင်လေးတွေကို မနက်အိပ်ရာထလျင် မြင်လိုက်ရမှ၊ ယုယလိုက်ရမှ ကျေနပ်ရသည်။ မနက်အိပ်ရာထလျင်တစ်ခါ ညအိပ်ရာဝင်လျင်တစ်ခါ ။ အခုလည်း စာကြည့်စားပွဲပေါ်က ပန်းအိုးသေးသေးလေးတွေကိုကြည့်နေမိပြန်သည်။ ကန္တာရပင်ငယ်သေးသေးလေးတွေ..။ ဆူးသေးသေးမှုန်မှုန်လေးတွေဖြင့်၊ စိမ်းစိုနေကြသည်။ ကန္တာရပင်လေးများသည် အခန်းထဲတွင် လှလှပပ နေရာယူနေကြသည်။ နှင်း၏အခန်းလေးသည် ထိုဆူးပင်သေးသေးလေးများဖြင့် လှပနေတော့သည်။ တစ်ခါတလေတော့လည်း ဆူးတွေဟာလှရဲ့လားဟု စဉ်းစားမိပြန်သည်။ လိုအပ်ချက်နည်းနည်းလေးနဲ့ မာန်တင်းနေရဟန်ပေါ်သော ဒီအပင်လေးတွေကိုမူ နှင်းက အရိပ်တကြည့်ကြည့်နှင့် ကြည့်မ၀နိုင်ဖြစ်ရပြန်သေးသည်။

နှင်းသည် ဖုန်းဆက်ရင်ကောင်းမလားဆိုသောစိတ်ဖြင့် ဖုန်းနံပါတ်တချို့ကိုနှိပ်မည့်ဟန်ပြင်လိုက်မိပြန်သည်။ ဒီအချိန်ဆို ဟင်းချက်နေတော့မှာပဲ ၊ တူမလေးကတော့ အိပ်နေတုန်းနေမယ်၊ ညီမလေးကတော့ ကျူရှင်သွားလောက်ပြီ၊ မေမေကလည်း အလုပ်များနေမှာပဲ ...အလိုလိုစဉ်းစားမိသောစိတ်ဖြင့် ဖုန်းကိုအသာပြန်ချမိသည်။ အရင်တစ်ခေါက်ဒီလိုအချိန် ဖုန်းခေါ်မိတုန်းက မေမေက မကြားလိုက်။ ဘယ်သူမှမကြားကြ။  နှင်းစိတ်ကောက်ဖြစ်သည်။ မိုးက အတန်ငယ်စဲသွားပြီ။ သို့သော် မိုးသားတွေညိုနေတုန်းပဲ။ ရန်ကုန်လိုတော့ အေးမနေလှ။ ၀ုန်းဒိုင်းကြဲပြီးရွာချပြီး ခဏကြာလျှင် သူမဟုတ်သလို ပူလောင်အိုက်စပ်ပြန်ဦးမည်။ နှင်းငယ်ငယ်တုန်းက မိုးတွေသည်းလျှင် စောင်ခြုံလျက် စာအုပ်ဖတ်ရတဲ့အရသာကိုလွမ်းလှသည်။ စာဖတ်ရင်း လက်ညောင်းလာလျှင်တော့ စာအုပ်ကိုအသာပစ်ချ၍ နှစ်ခြိုက်သောအိပ်ခြင်းတွင်ခဏပျော်ဝင်လိုက်သေးသည်။ ဒါမှမဟုတ် ညီအစ်မတစ်တွေ စောင်တူတူခြုံပြီး ဗီဒီယိုကားတစ်ကားလောက် တူတူကြည့်ကြသည်။ ခုရော..၊ ဘာလုပ်လို့ရနိုင်လဲလို့တွေးရင်း မနေ့က စာကြည့်တိုက်က ငှားလာခဲ့သော စာအုပ်ကိုသတိရမိသည်။ စာဖတ်မည်ဟုတွေးပြီး စာဖတ်ဟန်ပြင်သည်။ အပြင်ဘက်တွင် မိုး တိတ်သွားပြီ။

စာအုပ်သည် နှင်း၏လက်မှပြုတ်ကျ၏။ နှင်း ခဏတာ အိပ်ပျော်သွားခြင်းဖြစ်မည်။ နှင်း၏ စိတ်သည်ေ၀၀ါးဝါးဖြစ်လျက်။ မေမေ့ကိုအိပ်မက်မက်သည်။  မေမေက ပန်းပင်တွေရေလောင်းနေတယ်တဲ့။ နှင်းက ဘေးက ကြည့်ရင်း အမျိုးအမည်မသိသော ပန်းအိုးတွေကို ဘာပင်တွေလဲ မေမေဟု မေးသည်။ မေမေက တစ်ခွန်းမကျန်ရှင်းပြသည်တဲ့။ ပြီးတော့ မေမေက ရေလောင်းမှ ဂရုစိုက်မှ ပန်းလေးတွေပွင့်ကြမှာ။ မေမေစိုက်တဲ့ပန်းလေးတွေ လန်းနေတာပဲ မြင်ချင်တယ် လို့ ပြောပြီး နှင်းကို ပြုံးကြည့်သည် တဲ့. ။ နှင်းက ဘာပြန်ပြောမိလဲ မမှတ်မိ။ ဘာမှပြန်မပြောဖြစ်ဘဲ  နိုးလာတာလည်းဖြစ်နိုင်သည်။ စားပွဲပေါ်ကို ငေးကြည့်မိတော့ မေမေ့မျက်နှာသည် ပြုံးလျက် ဓာတ်ပုံထဲမှ လှမ်းကြည့်နေသည်။ နှင်းသည် ထိုင်းမှိုင်းနေသော စိတ်တို့ လွင့်သွားစေရန် ခေါင်းကို တစ်ချက်နှစ်ချက် ခါလိုက်ကာ စိတ်ကို လန်းဆန်းသွားစေရန်ကြိုးစားသည်။ အပြင်ဘက်တွင် မိုးတိတ်သွားပြီဖြစ်သောကြောင့် နေပူစပြုလာပြီ။ ရန်ကုန်မှာလိုမျိုး မိုးသည် စွေလေ့မရှိသောကြောင့် မိုးအေးသည့်အရသာကို ကြာရှည်မခံစားရ။ အတွေးများကို တိခနဲဖြတ်ချပစ်ရန် ကြိုးစားပြီး ကော်ဖီနောက်တစ်ခွက် ထပ်သောက်ရန်ပြင်သည်။ နာရီကိုလှမ်းကြည့်တော့ ညနေစောင်းနေပြီဖြစ်ကြောင်းပြနေပြီ။ မနက်ဖြန်ဆိုလျှင် ရက်သတ္တပတ်အသစ်တစ်ခုကို အစပျိုးရဦးမည်။ နှင်းကတော့ နေ့စဉ်အကွက်ကျကျ ဇယားကွက်များထဲတွင် အလိုက်သင့်စီးမျောရန်ကြိုးစားရမည်။

အိပ်မက်ထဲက မေမေ့စကားသံခပ်တိုးတိုးက နှင်း၏နားထဲမှမထွက်။ မေမေစိုက်ခဲ့တဲ့ပန်းကလေး အမြဲလန်းနေစေရမည် တဲ့။ နှင်းသည် မျက်လုံးကို အမှတ်တမဲ့ ဖျတ်ခနဲ ပိတ်လိုက်မိလျင် အိပ်မက်ထဲမှ မေမေသည် နှင်းအား ပြုံးလျက်ကြည့်နေသည်။ မေမေ့မျက်လုံးထဲမှ စိတ်ပူပန်ခြင်း နှင့်အတူ ချစ်ခြင်းမေတ္တာတရားသည် နှင်း နှလုံးသားဆီသို့ စီးကူးသည်။ မေမေနှင်းကို သတိရနေသလား။ လွမ်းလို့နေသလား။ နှင်းကတော့ မေမေ့ ကျေးဇူးတရားနှင့် မေမေ၏ မေတ္တာတော်တို့ကို နှင်း၏ ကြိုးစားမှု ဖြင့် ဆပ်ချင်သည်။ နှင်း၏ မေတ္တာတရားတို့ကို နှင်း၏ အနစ်နာခံတတ်မှုဖြင့် ပြသချင်သည်။ သို့သော် နှင်း နာကျင်နေသောအခိုက်အတန့်ကာလတို့ကိုမူ မမြင်စေချင်။ နှင်း၏ ပင်ပန်းမှု ၀မ်းနည်းအားငယ်မှုတို့ကို မသိစေရ၊ မမြင်စေရ။ နှင်းသည် စားပွဲပေါ်မှ ကန္တာရပင် သေးသေးလေးကို ငေးကြည့်မိပြန်သည်။ အပင်ကသေးသော်လည်း.. ဆူးရှိသည်။ လိုအပ်ချက်နည်းသည်။ ထိုအပင်ငယ်လေးသည် ဤအခန်းလေးထဲတွင် နှင်း၏ အဖော်အဖြစ်လှပစွာရှင်သန်နေလေသည်။ နှင်းသည် စာကြည့်စားပွဲတွင် ထိုင်၏။ အတန်ကြာသော် အိပ်ရာသို့ဝင်ရသည်။ နေ့သစ်တို့သည် နှင်းအားစောင့်ကြိုလျက်ရှိကြသည်။ တစ်ရက်ရက်တွင် ငယ်စဉ်ကလို မေမေ့ပေါင်ပေါ်ခေါင်းအုံးကာ မေမေပြောပြမည့် စကားများကို နားထောင်ဦးမည်ဟု စဉ်းစားလျက်က ပြုံးမိရပြန်သည်။


ကောင်းကင်တွင် ကြယ်တွေတောက်ပနေပြီလား။ ကြယ်တွေကြည့်ရတာကြိုက်သောနှင်းက ငယ်ငယ်ကကြည့်ဖူးသော မရေမတွက်နိုင်အောင်များပြားတဲ့ ကြယ်တွေအပြည့်နဲ့ကောင်းကင်ကြီးကိုလွမ်းလှသည်။ တစ်ဝက်ဖွင့်ထားသော ပြတင်းတံခါးမှနေ၍ လရောင်သည် နှင်း၏ မျက်နှာပေါ်ကိုကျနေသည်။ နှင်းသည် အတွေးတွေကို သိမ်းပစ်လိုက်ချင်သည်။ ခေါင်းကိုခါရမ်း၍ တစ်ဖက်ကိုစောင်းကာ မျက်လုံးကိုမှိတ်လိုက်လျင် အိပ်မက်ထဲက မေမေက နှင်းကိုပြုံးလျက်ကြည့်နေသည်။


စိမ်းမြလင်းသစ်

(28/07/2012)
www.seinnmyalinnthit.blogspot.com

No comments:

Post a Comment