Tuesday 20 December 2016

ပျောက်ရှသွားတဲ့နေ့တွေ

အစကတော့ ဖုန်းမှ နှိုးစက်သံကို ခပ်တိုးတိုးကြားရသည် ထင်သည်။ တဖြည်းဖြည်း ကျယ်လောင်လာမှ ဘာတွေမှန်းမသိသော အိပ်မက်မှ အနည်းငယ်နိုးသွားသည်။ အကျင့်ပါနေသည့်လက်က အလိုအလျောက် ဖုန်းကို လှမ်းယူပြီး နှိုးစက်ကို လှမ်းပိတ်လိုက်သည်။ အခန်းဖော်က အလုပ်သွားရန်အသင့်ဖြစ်နေပြီ။ မနက်ခင်းတစ်ခုရောက်လာပြန်ပြီ။ ခဏနေရင် ရေချိုးရမည်။ ရေမချိုးခင် အရင်နိုးအောင် ကော်ဖီဖျော်ရဦးမည်။ ကိုယ့်အတွက်တော့ ကော်ဖီဟာ ဒုတိယနှိုးစက် ။ ကော်ဖီကိုအရသာခံမသောက်ဖြစ်သည်မှာ ကြာပြီ။ ကော်ဖီမော့ကိုမော့ပစ်ရမည်။ ကော်ဖီသောက်သည်ဟု မဆိုလိုပါ။  အလုပ်ခွင်ထဲရောက်အောင် ပေကပ်ကပ်နိုင်လှသော ကိုယ်ကောင်ကြီးကို ကော်ဖီဆိုသော နှင်တံနှင့် မောင်းရဦးမည်။ မနက်ခင်းသည် အပေါ်စီးကနေပြီး ခပ်စောင်းစောင်း ကြည့်နေသည်ထင်ပါသည်။ တစ်ခါတရံ မနက်ခင်းတိုင်းကို အမြင်မကြည်လှပါ။ ရေမိုးချိုးပြီးသွားပြီ။ ထုံးစံအတိုင်း ရေမွှေးဆွတ်လိုက်သည်။ ရေမွှေး၏အမည်က True Love ။ အစ်မကတော့ ငါ နင့်ရေမွှေးအနံ့ကိုမကြိုက်ဘူး.. ပူတယ် လို့ ပြောဖူးသည်။ နာမည်ကြောင့်ပူတာဖြစ်မည်လို့ ဂျစ်ကပ်ကပ် တွေးမိသည်။ အနံ့ကပူလို့ ဒီနာမည် ပေးတာလည်းဖြစ်နိုင်သည်။ ဘာမဆိုင်ညာမဆိုင်တွေးရင်း အခန်းတံခါးကို ဆွဲဖွင့်ကာ ထွက်လာခဲ့သည်။ အခန်းဖော်က သွားနှင့်ပြီ။ အခန်းသည် နွမ်းနယ်စွာ ကျန်နေခဲ့ပါလိမ့်ဦးမည်။ ကိုယ်ကလည်း ခြေထောက်ကို တရွတ်မတိုက်ရုံတမယ် ထွက်လာခဲ့ပါသည်။

စိတ်ကို MRT ထဲ ထည့်လွှတ်လိုက်ပါသည်။ လမ်းမတစ်လျှောက် လူတွေ ခပ်သုတ်သုတ်သွားနေကြသည်။ ဘာတွေအလျင်စလိုဖြစ်နေမှန်းမသိကြ။ MRT ကြီး ၀ုန်းခနဲ ပျောက်သွားတော့မဲ့အတိုင်း။ ကသုတ်ကရတ်နဲ့ လူတွေက တဝေါဝေါပြိုဆင်းလာနေကြသည်။ ဘာပဲပြောပြော သူတို့ကို ကြည့်ပြီးတော့ မလန်းဆန်းနိုင်သေးသော ခေါင်းကို ခါယမ်းပစ်မိရင်း နိးလိုက်ရသည်။ လူတွေကိုကြည့်ရတာ စက်ရုပ်တွေလိုပဲ။ နေ့စဉ် ဒီမြင်ကွင်းတွေပဲ။ သွားသုတ်သုတ်လာသုတ်သုတ် နှင့် မျက်နှာတွေကတော့ သိပ်ကို အရေးကြီးနေကြသော မျက်နှာတွေ။ ကိုယ် ဖြတ်သွားရသောလမ်းတွင် လမ်းဘေးမှာ သပြေပင်လေးတွေကို လူတစ်ယောက်၏ ခါးသာသာလောက်လေးတွေဖြတ်ပြီး စီတန်းပြီး စိုက်ထားသည်။ အရွက်လေးတွေက နီရဲပြီးသိပ်လှသည်။ နီနီရဲရဲအညွန့်လေးတွေကို မြင်ရင် မတို့ထိဘဲမနေနိုင်ပြန်။ ထိုအရွက်လေးတွေ စိမ်းကာစပြုလာရင် လာညှပ်သွားကြပြန်သည်။ ကိုယ်ကတော့ ဤအိမ်နားကို ရောက်ကာစက ဒီလမ်းကို လျှောက်တိုင်း ဘာမဆိုင်ညာမဆိုင် သပြေပင်လေးတွေကိုယ်စား စိတ်နာမိသည်။ ဘယ်နှယ့်...နုမယ်မှမကြံသေး.လှလို့မှမ၀သေး...လာလာပြီးညှပ်ကြသည်။ ကိုယ်ချင်းမှ မစာမနာ။  အမှန်ကတော့ လောကကြီးက သူ့ဟာသူနေတာဖြစ်ပြီး..ကိုယ်ကသာ မနေနိုင်မထိုင်နိုင် တွေးကြည့်မိနေခြင်းဖြစ်ပါလိမ့်မည်။

သူဌေးဆိုသည်မှာ အစဉ်သဖြင့် မျက်နှာပုပ်ထားတတ်ကာ လိုအပ်လျှင်ရော မလိုအပ်လျှင်ပါ အော်တတ် ပြီး တစ်ရုံးလုံး၏ အမုန်းကိုခံရသူဖြစ်ကြောင်းသိပါပြီ။ လုပ်ဖော်ကိုင်ဖက် ဆိုသည်မှာ မျက်နှာ ပုပ်သိုးသိုးနှင့် စကားများများမပြောတတ်ကြောင်းလည်း ခုတော့ဖြင့် သိပါပြီ။ သူတို့သည် ရံဖန်ရံခါ ကိုယ်နှင့်မဆိုင်ဘဲ ဆရာကြီးလုပ်ချင်လုပ်မည်။ ကိုယ်နားမလည်သောစကားဖြင့်လည်း ကိုယ့်အကြောင်းများပြောချင်ပြောမည်။ တူညီသောအချက်တစ်ခုကိုပြပါဆိုလျှင် သူတို့လည်း သူဌေးကိုမကြိုက်ခြင်းဖြစ်ပါလိမ့်မည်။ ကိုယ်မသိဘဲ ဆရာကြီးလုပ်ခြင်းဆိုသည်မှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်၏ ကျင့်ဝတ်ဖြစ်ကြောင်းသိလိုက်ရပါပြီ.။ တကယ်ဆိုရင် လောကကြီးကို အကောင်းမြင်စရာမလိုပါ။ အတည့်အတိုင်းမြင်ကြည့်ရန်သာလိုပါသည်။ ထိုသို့ အတည့်အတိုင်းမြင်ကြည့်ရန်ကြိုး
စားလိုက်သောအခါ လောကကြီးသည် တစောင်းကြီးဖြစ်သွားသည်။ အကောင်းမြင်ရန် ပြန်၍ကြိုးစားလိုက်သောအခါတွင်
လောကကြီးသည် အတည့်ပြန်ဖြစ်သွားပြီး ကိုယ်ကိုယ်တိုင်ကမူ စောင်းငန်းကြီးဖြစ်သွားလေတော့သည်။

တစ်နေ့တာဆိုသော စကားလုံးသည် စကားလုံးအနည်းငယ်မျှသာ ဖြစ်ပါသည်။ သို့သော် အချိန်ကာလသည် တစ်နေ့စာကြာမြင့်ပြီး  ဖြစ်ရပ်များသည် မနေ့ကနှင့်တော့ ခပ်ဆင်ဆင်တူပါသည်။ ယခုတော့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ရုံးအလုပ်များကို မလုပ်ချင်လုပ်ချင် လုပ်နေရဦးမည်။ တစ်ပတ်တစ်ပတ်ဟာ ငြီးငွေစရာဟု သူငယ်ချင်းတစ်ယောက်ကိုပြောမိတော့ သူက တစ်ပတ်တစ်ပတ်ဟာ အချိန်ခဏလေးပဲ ဟုပြန်ပြောဖူးသည်။ ကိုယ့်အတွက်တော့ အသားမကျတတ်သေးသမျှ အချိန်တွေက နှေးကွေးနေဆဲ။ ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုသော စကားလုံးလေးကို သတိရတိုင်း ဖုန်သုတ်မိတတ်တော့ တစ်ခါတစ်ခါ ပျော်ရာမှာ တကယ်မနေရဘူးလား အခုရောတကယ့်ကို တော်ရာမှာနေနေရလို့လားလို့ တကယ့်ကိုပဲ မဝေခွဲမတတ်နိင်ဖြစ်နေမိသေးသည်။ အခုအချိန်အထိတော့ မသေချာခြင်းတစ်ခုသည်ပင် သေချာခြင်းသက်သက်အဖြစ်ရှိနေပါလိမ့်ဦးမည်။

မျှော်လင့်နေသော ညနေ ရောက်လာပြီ။ မနက်ခင်းထက် ညနေခြေလှမ်းတွေက ကိုယ့်အတွက်တော့ ပို၍လှပနေပါသည်။ ရုံးအပြင်ကိုထွက်လာတော့ ညနေခင်းသည် သိပ်ကိုလှပနေပါသည်။ နေရောင်လည်းအေးသွားပြီ။ ညနေအရောင်သည် လဲ့လဲ့ဖြာဖြာဖြင့်။ အပြန်တွင်လည်း လူတွေက စက်ရုပ်တွေအတိုင်း MRT ဆီသို့ ဝေါခနဲပြိုဆင်းလာကြသည်။ သူတို့ကို ကြည့်မိတော့ တကယ့်ကို စက်ရုပ်တွေလိုပဲ။ အရယ်အပြုံးလည်းသိပ်မရှိကြ။ နွမ်းနယ်နေကြသော ခန္ဓာကိုယ်များကို သယ်လာရသောခြေလှမ်းများသည် အရပ်မျက်နှာအသီးသီးကိုပြိုဆင်းသွားကြသည်။ ကိုယ်ကတော့ ယောင်လို့မှ နှုတ်ဆက်စရာလူမရှိတိုင်း အိမ်အပြန် လမ်းဘေးက သပြေပင်လေးတွေကို ကြည့်မိတတ်တုန်းပဲ။ သပြေပင်လေးတွေ သိပ်ကိုလှကြသည်။ အညွန့်လေးတွေက နီရဲနေကြသည်။ နေပူလေ အညွန့်လေးတွေဖြာဝေလာကြလေ။ အညွန့်လေးတွေဖြာဝေလာလေ သိပ်ကိုလှလေ။ လမ်းသွားရင်းနဲ့ အညွန့်လေးတွေကို ကိုယ့်လက်ဖ၀ါးနဲ့ ပွတ်သပ်သွားမိစဉ် သပြေနုနုအညွန့်လေးများ၏နူးညံ့ခြင်းသည် ကိုယ့်လက်ဖ၀ါးဆီကို စီးဆင်းလာကြစမြဲ။ တစ်ခုပဲ. .။ သိပ်မကြာခင် လှလို့မှမ၀သေးခင် သပြေညွန့်လေးတွေကို လာညှပ်ကြလိမ့်ဦးမည်။




စိမ်းမြလင်းသစ်

(23/09/2011)

No comments:

Post a Comment