Tuesday 20 December 2016

တစ်ခုသောညနေခင်းတနင်္ဂနွေ

ထိုနေ့က တနင်္ဂနွေနေ့ဖြစ်သည်။ နေမပူ၊ မိုးမရွာပါ။ ဘာမှလည်း သိပ်မထူးခြားလှပေမဲ့ ထိုနေ့က ကန်ဘေးကခုံတစ်ခုတွင် ထိုင်ခဲ့ပါသည်။  ရေကန်ဘေးခပ်လှမ်းလှမ်းက ခုံငယ်လေးတွင် လူတစ်ကိုယ်စာထိုင်ချလိုက်ပြီးနောက် လေညင်းအေးအေး အောက်တွင် တိမ်တွေကိုတစ်လှည့် တိုက်မြင့်မြင့်ကြီးတွေကိုတစ်လှ
ည့် အပန်းလာဖြေကြသော လူတွေကိုတစ်လှည့် ငေးနေခဲ့သည်။ ငယ်ငယ်က ကိုယ် မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးသည်မှာ ကန်ဘေးတွင် အေးအေးလူလူဖြင့် မကြာခဏထိုင်ရဖို့ဖြစ်သည်။ ကန်လေးတစ်ကန်ဘေးတွင်ဖြစ်ရမည်။ ခပ်ပြေပြေလေညင်းကလေးတိုက်ခတ်နေရမည်။ ပန်းကလေး တစ်ချို့တလေလည်း ပွင့်နေရမည်။ ငှက်သံလေးတွေ မကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေရမည်။ စသဖြင့် စိတ်ကူးတွေ ယဉ်ခဲ့ဖူးသည်။ အခုတော့ ကိုယ် ကန်ဘေးတွင်ထိုင်နေသည်။ အပန်းဖြေသူတွေများသောကြောင့် တိတ်ဆိတ်မနေပါ။ ကိုယ့်ဘေးတွင် ကလေးတစ်ယောက် ပြေးလွှားဆော့ကစားနေခဲ့ပြီး ကန်ရှေ့တွင် မိသားစုတွေ ဓာတ်ပုံရိုက်နေကြသည်။ ကျေးငှက်သံတွေလည်းမကြားရပါ။ လူလည်းရှင်းမနေပါ.။ သို့သော် ကိုယ်က ရေကန်ဘေးခပ်လှမ်းလှမ်းက ခုံတန်းရှည်လေးတွင် ထိုင်နေပါသည်။  ရေကန်အကျယ်ကြီးကိုဖြတ်တိုက်လာသော လေသည် ကိုယ့် စိတ်ထဲက အပူတွေကိုပါ သယ်ဆောင် ဖြတ်ပြေးသွားသလိုပင်။ ဘာရယ်မဟုတ်ဘဲ ကိုယ်က ကန်ပြင်ကို ငေးကြည့်နေရသည်ကို ကြိုက်နေမိသည်။ ထိုစဉ်ခဏက.. စိတ်ထဲတွင် ကြည်လင်လို့နေသည်။  ထိုစဉ်ခဏက.. ပတ်ဝန်းကျင်သည် သိပ်ကိုလှနေသည်။ ထိုစဉ်ခဏတုန်းက.. ကန်ရေပြင်၊ တိုက်ခတ်လာသော လေတို့နှင့်အတူ ရွေ့လျားသွားသော လှိုင်းကြက်ခွပ်လေးတွေကိုကြည့်ရင်း ဖြင့်  သူနှင့်ကိုယ်  စကားတွေအများကြီးပြောဖြစ်ခဲ့ပါသည်။

တကယ်တော့ လူတစ်ယောက်ကို အတွင်းကျကျ ကိုယ့်စိတ်ခံစားမှုတွေ ပြောဖြစ်ဖို့ဆိုတာ ခံစားချက်တွေစီးကူးမိကြဖို့လိုသည်။ ကိုယ့်ခံစားချက်ကို ရင်ဘတ်နဲ့ နှလုံးသားနဲ့နားထောင်ပေးနေတာပါလားဆိုတဲ့ စိတ်ခံစားချက်တစ်ခုလိုသည်။ ကိုယ်သည် သူ့ဆီက ထိုကဲ့သို့သော ခံစားချက်အလုံးစုံကို ဒီကန်လေးဘေးက ထိုင်ခုံလေးတွင်ထိုင်ရင်း သူ့ဆီက ရနေခဲ့သည်ဟု ယုံကြည်ပါသည်။

                                                 +++++++++

"  ဘာတွေတွေးနေတာလဲ.." ဆိုသော ဖျတ်ခနဲအမေးမှာ သူ့ကိုလှမ်းကြည့်မိတော့ ကိုယ့်ကိုပြုံးကြည့်နေတွေ့ရသည်။  ကိုယ်က အမှတ်တမဲ့ပဲ ခေါင်းခါလိုက်မိပြန်သည်။ အမှန်က ဒီနေရာလေးမှာထိုင်မိတိုင်း ကိုယ့်အတွေးတွေများမိမြဲဖြစ်သည်။ စကားနည်းလွန်းလှသော ကိုယ့်အတွက် ကိုယ့်ကိုတစ်ချက်တစ်ချက်ငေးငေးကြည့်သော သူ့မျက်ဝန်းများထံတွင်စကားများစွာပြောချင်လာသည်။

" အမှန်တော့  ဒီနေရာလေးကိုရောက်တိုင်း အများကြီးတွေးဖြစ်တယ်.. "
ကိုယ့်ရဲ့ ခပ်တိုးတိုးစကားကို သူက  ကန်ရေပြင်ကိုငေးရင်း တိတ်ဆိတ်လေးနက်စွာ နားထောင်နေသည်။
" ခိုင်လေ ဒီကိုရောက်မှ ကံဆိုတာကို ပိုယုံလာတယ်..။ မမြင်ရတဲ့ကံတွေရဲ့အကြောင်း.."

သူက မျက်လုံးတစ်ချက်ဝင့်ကြည့်သည်.။

" ဟုတ်တယ်..ကံကြမ္မာ... သေးသေးတင်ကံ ဆိုပေမဲ့ ဘ၀တွေပေါ်မှာ အကြီးကြီး လွှမ်းမိုးနေတဲ့ကံတရားတွေ.."

ကိုယ်က မပြုံးဘဲ ပြောမိပေမဲ့ သူက ပြုံးသည်။ သူ့အပြုံးရဲ့ အအေးဓာတ်တချို့က ကိုယ့်ရင်ကိုလာထိနေသည်။ သူ့မျက်မှန်ပေါ်တွင် ရေကန်၏ အရိပ်တချို့ ထင်ဟပ်လျက်ရှိနေပြန်သည်..။ ကိုယ်က တိုးတိုးလေးပြောမိသည်။

" ကံတရားရဲ့ အလှည့်တစ်ခုမှာ အခြေအနေတွေ ဖျတ်ခနဲပြောင်းသွားတာမျိုးတွေတွေအများကြီးပဲ..လူကိုယ်တိုင်သိပ်မရွေ့ရဘဲ ကံကရွှေ့ပေးလို့ အများကြီးရွေ့သွားတဲ့လူတွေ၊ နောက်ပြီးတော့ ကိုယ်ကပြေးနေပေမဲ့ ကံကြောင့်နှေးနေတဲ့လူတွေ..."

သူငေးနေပါသည်။ တွေးနေသည်ထင်သည်။ ကိုယ်သည် တိုက်ခတ်လာသော လေပြည်ကြောတွင်စီးမျောရင်း ခေါင်းကိုမော့ကာ အဝေးကိုငေးမိပါသည်။ ကိုယ့်ဆံပင်ပျော့ပျော့တွေ လေအဝှေ့တွင် ၀ဲနေလိမ့်မည် ထင်ပါသည်။ ကန်ပြင်တွင် လေတိုက်တိုင်းလှိုင်းကလေးတွေခပ်စိပ်စိပ်ပြေးနေသည်။ ကမ်းတစ်ဖက်တွင် တိုက်အမြင့်ကြီးတွေကိုမြင်နေရသည်။ ကိုယ် ဒီနေရာတွင်ခဏခဏလာထိုင်မိသော်လည်း ထိုတိုက်အမြင့်ကြီးတွေဟာဘာတွေမှန်းသတိမထားမိခဲ့ပါ။ ကိုယ်မှတ်မိသလောက်တော့ ဘဏ်တစ်ခု ရှိသည်။ ဟိုတယ်တစ်ခုရှိသည်။ လူများစွာက နောက်ခံထားပြီးဓာတ်ပုံရိုက်လေ့ရှိသောရေပန်းထွက်နေသော ခြင်္သေ့ခေါင်းရုပ်တစ်ခုရှိသည်။ ကာစီနိုတစ်ခုလှမ်းတွေ့နေရသည်။ ကျန်တာဘာတွေလည်းမသိတော့။ စိတ်လည်းမ၀င်စားချင်။ စိတ်မွန်းကျပ်မှုထွက်ပေါက်အတွက်သာဖြစ်၍ ကန်ရေပြင်မှလွဲပြီး တခြားကိုသိပ်မကြည့်မိတာဖြစ်မည်။  ဒါမှမဟုတ်လည်း ကိုယ်သည် မွန်းကျပ်နေမိသောစိတ်ကို ကန်ရေပြင်ထဲ မျှောထည့်လိုက်ရုံသက်သက် ကန်ရေပြင်ကိုကြည့်လို၍လည်းဖြစ်မည်။ ကိုယ့်အတွေးစိတ်သည် ကြာပန်းတစ်ချို့ပေါက်နေသော ငယ်ငယ်က မြင်ခဲ့ဖူးသည့် ရေကန်ကျယ်တစ်ခုဆီသို့ရောက်သွားသည်။ သူက..

" အင်း..ဟုတ်တာပေါ့ ခိုင်ရဲ့..တကယ်တော့ကိုယ်တို့က မမြင်ရတဲ့ကံတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှင်သန်နေရတာ..ကိုယ်ဆိုရင်လေ ခုနောက်ပိုင်း ဘာကိုမှတရားသေ ဖက်တွယ်ဆုပ်ကိုင်မထားချင်တော့ဘူး..ဖြစ်ချင်တာတွေလုပ်နေပေမဲ့ ဖြစ်ချင်မှဖြစ်လာတာလေ..တစ်ခါတလေ တော့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးပဲထားမိတော့တယ်"

သူ့စကားသံက တိုးတိတ်ညင်သာသည်။ လေအဝှေ့တွင် သူ့စကားလုံးများသည် ကိုယ့်နားထဲသို့ ဖြေးဖြေးညင်သာစွာ ၀င်လာကြသည်။ သူ့မျက်ဝန်းတွေက နူးညံ့ညင်သာစွာဖြင့် ကန်ရေပြင်ကိုငေးနေသည်။ သူ့စိတ်သည်လည်း အခုအချိန်တွင် ပေါ့ပေါ့ပါးပါးဖြစ်နေလိမ့်မည် ထင်ပါသည်။  ပေါ့ပေါ့နေခြင်းနှင့် ပျော်ပျော်နေခြင်းဆိုသည့် စကားလုံးကွာခြားချက်ဆီကို စိတ်က ရောက်သွားမိပြန်သည်။ သူပြောတာ ပေါ့ပေါ့တန်တန် ဆိုသည့်သဘောမဟုတ်လောက်၊ ပေါ့ပေါ့ပါးပါးဟု ပြောခြင်းဖြစ်မည်။ သူပြောချင်တာကို ကိုယ်သေချာနားလည်နေပါသည်။

                                                                           +++++++


ငယ်ငယ်တုန်းက အိမ်နှင့်အနည်းငယ်လှမ်းသည့် ကျောင်းကိုလမ်းလျှောက်သွားသည့်အခါတိုင်း လမ်းမှာလက်ဆည်ကန်တစ်ခုဘေးက ဖြတ်သွားရလေ့ရှိသည်။ မိုးတွင်းဆိုရင် ကိုယ့်ဂါဝန်လေးကိုမ,ကာ မ, ကာနှင့် ရွှံ့ဗွက်တွေကိုကျော်သွားရတိုင်းလည်း ရေကန်ကို မငေးဘဲမနေနိုင်ပြန်။ ရေကန်ထဲမှာ ကြာတွေ ပွင့်တတ်သည်။ ထိုစဉ်အချိန်တုန်းကတော့ ရေမြင့်လေ ကြာတင့်လေ ဆိုတဲ့စကားကို ကိုယ် သိပ်နားမလည်တတ်ခဲ့သေးပါ။ ကံဆိုတာ က ရေအမြင့်နဲ့တူပြီး ကြာဆိုတာက အောင်မြင်မှုနဲ့တူမည် လို့ ခုတော့ တွေးနေတတ်ခဲ့ပြီ။

" ငယ်ငယ်တုန်းက ခိုင့်ကို ဆရာတစ်ယောက်က ပြောဖူးတယ် သိလား..။ လူတွေဟာ တစ်နည်းနည်းနဲ့ ကံကြမ္မာအရ သတ်မှတ်ပြဌာန်းခံထားရပြီးသားလူတွေတဲ့.။ အဲဒီတုန်းကတော့ အပြင်းအထန်ငြင်းမိခဲ့တယ်ထင်တယ်.. အခုတော့ တစ်ချို့နေရာတွေမှာ ကိုယ်တိုင်ကြုံထားတော့လည်း အဲဒါဟာငြင်းလို့ကိုမရတော့တဲ့အကြောင်းအရာဖြစ်နေပြီလေ.."

သူ ကိုယ့်ကို နွေးထွေးစွာ တစ်ချက်ကြည့်သည်။ ထို့နောက်သူ ပြုံးလိုက်ပြန်သည်။ ဘာရယ်မဟုတ်ပါဘဲ သူရောကိုယ်ပါတစ်ခဏလောက် ငြိမ်သက်သွားသည်။ ကိုယ့်ဘေးက ကလေးငယ်သည် ဓာတ်ပုံရိုက်ရန် ပို့စ်အမျိုးမျိုးပေးလျက်ရှိသည်။ ကလေးငယ်သည် အပြစ်အကင်စင်ဆုံးပြုံးလျက် ဓာတ်ပုံရိုက်ပေးနေသော သူ့အဖေကို ကြည့်နေသည်။ ကလေးငယ်၏အပြစ်ကင်းလှသော အပြုံးငယ်လေးကို ကိုယ်ခဏငေးကြည့်မိနေသည်။ ကိုယ့်တွင်လည်း တစ်ချိန်တုန်းက ဘယ်အချိန်ဘာဖြစ်မည်ဟု မသိတတ်သော ပူပန်ကင်းမှုမျိုးဖြင့်ပျော်ရွှင်ခြင်းတို့ ရှိခဲ့ပါလိမ့်မည်။

" ခိုင်လေ.. ငယ်ငယ်က ခဏခဏတွေးခဲ့ဖူးတယ်.. လုပ်သလောက်မဖြစ်တတ်လွန်းတဲ့ကံကို အားမလိုအားမရနဲ့ပေါ့.။ ဒါပေမဲ့ အချိန်ကာလဆိုတာမျိုးကလည်း စိတ်ခံစားချက်တွေကို ပါးလျားသွားစေလိုက်တာနော်.။ အခုဆိုရင် ကိုယ်ရသလောက်ကြိုးစားပြီး ကံပေးသလောက်အတိုင်းအတာ ဘောင်လေးထဲကနေပြီး အကောင်းဆုံးလို့ယူဆတဲ့အရာတွေကို ရွေးချယ်လုပ်ကိုင်ရင်းနဲ့ ပျော်အောင်နေတတ်နေပြီ.. ထိုင်နေတာမှမဟုတ်တာ.. ကိုယ့်ရဲ့ပေးသလောက်ကံထဲကနေ သွားတော့ သွားနေရတာပဲ..ငယ်ငယ်ကဆိုရင် ဒီလိုဘယ်ဟုတ်လိမ့်မလဲ..ဒါကိုဘ၀လို့များခေါ်ရမလားပဲနော်"

" အင်း..ဒါပေမဲ့ ခိုင်ရဲ့.. ကိုယ်တို့တွေ ထိုင်မနေဖို့ပဲလိုတယ်လေ..။ ဖြစ်လာတဲ့အခြေအနေကို အကောင်းမြင်ပြီး အတည့်အတိုင်းမြင်ပြီး လုပ်သင့်တာလေးတွေကို လုပ်ရင်းနေကြရမှာ. ဒါဟာထိုင်နေတာမဟုတ်ရင်ပြီးတာပဲ.။ ကံကြမ္မာအရ သတ်မှတ်ပြဌာန်းခံထားရပြီးသားဆိုပေမဲ့လည်း ရသမျှအနေအထားထဲကနေ ဖြစ်ပေါ်လာမယ့် အခွင့်အခါတစ်ရပ်အတွက်တော့ ကိုယ်ရနိုင်သလောက်လေးလုပ်နေရမှာပေါ့.. ဒါမှန်တာပေါ့..။  ဒီလိုစိတ်ထားလေးနဲ့အေးအေးချမ်းချမ်းလေးနေသွားကြရမှာ.."


အေးချမ်းမှု ဆိုတာ ပစ္စုပ္ပန်တည့်တည့်တွင်နေထိုင်ခြင်းဟု တစ်ခါတလေ ကိုယ်တွေးမိသည်။ မျှော်လင့်ခြင်းသည် လေးလံသော ၀န်ထုပ်ဝန်ပိုးဖြစ်လာသောအခါ ကိုယ့်ကို မျှော်လင့်ခြင်း၏ပူလောင်ခြင်းများက အနာဂတ်ကနေ ပစ္စုပ္ပန်အထိ ပူလောင်တတ်လာသည်။ အမှန်တကယ်ဆိုလျှင် လက်တွေ့အနေအထားတစ်ရပ်ကို ကျေကျေနပ်နပ်လက်ခံပစ်လိုက်ရခြင်းဆိုသည်မှာ ထင်သလောက်မလွယ်ကူလှပါ။ မျှော်လင့်ခြင်းတစ်ချို့၏ ပူလောင်ပြင်းပျမှုများက ကိုယ့်ကို လောင်ကျွမ်းစေခဲ့ပြီးသည့်နောက်တွင် ကိုယ်သည် မျှော်လင့်ခြင်းသက်သက်ကို မချဉ်းကပ်ချင်ခဲ့တော့ပါ။ တကယ်တော့ တချို့မျှော်လင့်ချက်တွေဟာ ကိုယ့်အတွက် ထပ်ခါထပ်ခါ ပွန်းပဲ့မှုတွေပဲဖြစ်ပြီး ကိုယ့်အတွက် စိတ်အမာရွတ်တွေပဲများလာသည်။ ခုတော့ ကိုယ်က မျှော်လင့်ချက်နဲ့ ပူးတုံခွာတုံ လုပ်နေတတ်ပြီ။ လိမ္မာလာပြီလို့ပဲ ဆိုပါစို့။

သူက ထပ်ပြောသည်...

" ခိုင်ရယ်..ကိုယ်တို့တွေဟာ မျှော်လင့်ခြင်းရဲ့ကျေးကျွန်တွေတော့ မဖြစ်သင့်ကြဘူးလေ.. မျှော်လင့်ခြင်းဆိုတာကို မျှော်လင့်ခြင်းသက်သက် ဖြစ်လာတဲ့အခါ လူကို သိပ်ပူလောင်စေတယ်. အဲဒါ သိပ်အရေးကြီးတယ်..သိလား ခိုင်ရဲ့..ဒါပေမဲ့လည်း ရောင့်ရဲခြင်းဆိုတာဟာ နဲ့ အပျင်းထူတာမဟုတ်ဘူး ခိုင်ရဲ့ ...ခိုင် လည်း အပျင်းထူမနေနဲ့ဦး...မျှော်လင့်ခြင်းဆီ ရောက်ဖို့ သွားတော့သွားနေရမှာပဲလေ. "

သူက ခပ်သဲ့သဲ့ ရယ်သည်။ ကိုယ်က အတွေးချင်းတူနေမှုအပေါ် အံ့အားသင့်ပြီး သူ့ကို ကြည့်မိတော့ သူက ကန်ရေပြင်ကိုငေးကြည့်ပြီး ပြုံးရယ်နေပြန်သည်။ သူ့ကိုကြည့်ရသည်မှာ သိပ်ကို ငြိမ်းချမ်းနေသော လူတစ်ယောက်လိုပါပဲ။ တိမ်တွေကို အမှတ်အမဲ့ငေးကြည့်နေသော ကြောင့် သူ့မျက်မှန်ပေါ်တွင်တိမ်ရိပ်တချို့ ဖြတ်ပြေးနေကြသည်။ သူ့နှုတ်ခမ်းတွေက ပြုံးလျက်ရှိပြီး..သူ့မျက်လုံးတွေကပါ အေးချမ်းနေကြသည်။ သူက ရုတ်တရက်ကိုယ့်ကို လှည့်ကြည့်တော့ ကိုယ်က အကြည့်ကိုအမြန်လွှဲပစ်ရပြန်သည်။ သို့သော် သူ့မျက်မှန်ပေါ်မှ တိမ်စတိမ်မျှင်တို့သည် ကိုယ့် နှလုံးသားထဲ ၀င်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဖြူလွနေသော တိမ်များ .သည် ဘယ်လောက်ကြာကြာ ကိုယ့်ရင်ထဲတွင် ငြိတွယ်နေကြမည်လဲ မသိ။ သူက ကိုယ့်ကို အပျင်းထူမနေနဲ့ လို့ပြောတော့ နည်းနည်းလေးတော့ ကိုယ် ပြုံးစိစိဖြစ်မိသည်။ ငယ်ငယ်ကဆို ကိုယ့်ကို ဆရာတစ်ယောက်က ပြောခဲ့ဖူးသည်။ ' ခိုင်ရဲ့.. ညည်းက half runner ...half sleeper '..တဲ့။ ထိုစဉ်တုန်းက ထိုဆရာကို နည်းနည်းတော့စိတ်တိုမိသည်။ ဘယ့်နှယ်.. ကိုယ့်တပည့်အရင်းကြီးကို အပျင်းထူ အအိပ်ပုပ်လို့ ပြောခဲ့တာကိုး။ ခုတော့ ထိုဆရာလည်း သူဖြစ်ချင်သော သူ့အိပ်မက်ကို ဟိုနားနည်းနည်းလေး ပြင်လိုက်၊ ဒီနားနည်းနည်းလေးပြင်လိုက်ဖြင့် ဆက်လက်ရေးဆွဲနေလေပြီ ။ ဒါဆို ကိုယ်ကရော...။


                                                                    +++++++


တစ်ခါတစ်ခါတော့လည်း ကိုယ်လုပ်ချင်သည့်အနေအထားတစ်ရပ်ကို လုပ်ဖို့အခွင့်အရေးမပေးတိုင်း ထိုင်နေခဲ့တာမဟုတ်မှန်းတော့ ကိုယ်သိပါသည်။ တစ်ချို့ကိစ္စများ တစ်ချို့နေရာများမှာ ကိုယ်ပြေးချင်တိုင်းပြေး၍မရမှန်းလည်းကိုယ်သိပါသည်။ အခက်အခဲတွေရင်ဆိုင်ရသောနေ့များတွင် ကိုယ်သည် ထိုနေ့ကိုအမြန်ဆုံးဖြစ်သည့်နည်းနှင့်အဆုံးသတ်ပစ်ချင်မိသည်။ ယခုတော့ ကိုယ်နည်းနည်းအရေထူသွားပြီလားမသိ။ ကိုယ်လုပ်ချင်သည့်မနိုင်ရင်ကာကိစ္စတစ်ချို့ကို စိတ်အေးလက်အေးမျက်နှာလွှဲနိုင်နေပြီ။ တစ်ခါတလေ အခွင့်အရေးလေးရလျှင် လုပ်ဖြစ်မည်။ မလုပ်ဖြစ်ချင်လည်းမလုပ်ဖြစ်ဘူးပေါ့။ ကိုယ့်ကိုယ်ကို သံသယ၀င်ချင်မိသည်။ ဒါသည်ပင် ကိုယ့်ရဲ့ ၀ီရိယမရှိခြင်းလား။ ကာလတစ်ခုကတိုက်စား၍သွားသော စိတ်ဓာတ်လား။  တကယ်တမ်းက အမှန်တရားတစ်ခုမဟုတ်တောင် ကိုယ့်ဆေးနည်းနဲ့ကိုယ်တော့ ဟုတ်နေကြောင်း ကိုယ်သိပါသည်။ တချို့တွေ ခရီးပိုရောက်ခြင်းမှာ စမှတ် တချို့ နှင့်ဆိုင်မည် ဆိုလျှင် ကိုယ်တို့သည် ရောက်ရှိနေသည့် နေရာတစ်ခုတည်းကို မတွက်သင့်။ တချို့တွေက ဘ၀ကို သုညကစရသည်ဟုပြောလျှင် တချို့ဘ၀တွေက အနုတ်လက္ခဏာ ကစခဲ့ရသည်။ တချို့က အပေါင်းလက္ခဏာ တချို့..တချို့တွေက...။ တကယ်ဆို ဘ၀ဆိုတာ ပန်းတိုင်ရယ်လို့မှ မရှိတာပဲ။ အောင်မြင်မှုကိုဘယ်လိုပေတံနှင့်တိုင်းမလဲ။ ကိုယ့်အတွေးထဲမှာ ဆင်ခြေတွေပြည့်နေအောင်တွေးမိတော့ ခပ်ရှက်ရှက်နဲ့ အသံထွက်အောင် ရယ်မိသည်။ သူကလည်း ပြုံးပြန်သည်။ သူ့အပြုံးမှ အနွေးဓာတ်လေးတစ်ခုသည် ကိုယ့် နှလုံးသားဆီထိသို့ ဖြတ်ပြီး စီးဆင်းသွားကြောင်း သိလိုက်ရသည်။ ဘာရယ်မဟုတ်ဘဲ ထွေရာလေးပါးစကားအနည်းအကျဉ်းကို ညနေခင်းတစ်ခုဆီမှာ သူနှင့်ကိုယ် လှလှပပ ဖြန့်ခင်းဖြစ်ခဲ့ကြသည်။  တကယ်ဆို ကန်လေးတစ်ခုရဲ့ဘေးမှာထိုင်ရင်း ကံအကြောင်း၊ မျှော်လင့်ခြင်းအကြောင်း စသဖြင့် ရောက်တတ်ရာရာပြောဖြစ်ခဲ့သော သူနှင့်ကိုယ်တို့နှစ်ယောက်မှာ တစ်ချိန်တွင် ဘာဖြစ်မယ်မှန်းမသိတတ်နိုင်သေးခင် ခုချိန်ခါမှာတော့ သေသေချာချာကို ကြည်နူးနေကြပါသည်။ ဆည်းဆာရောင်လက်လာပြီဖြစ်သော တိမ်တို့၏အရိပ်ထင်ဟပ်လျက်ရှိသော ကန်ဘေးတွင် အေးအေးလူလူထိုင်ရင်း တနင်္ဂနွေနေ့သည် ရှည်လျားလာပြီ။ တစ်စစတို၍သွားသော  ကိုယ်တို့၏ အားလပ်ချိန် ခဏတာအချိန်ငယ်လေးကို မကြာမီအချိန်အတွင်း ဤညနေခင်းတနင်္ဂနွေလေးတွင် နှစ်ယောက်သားခေါက်သိမ်းရပေလိမ့်ဦးမည်။ ကံ၏အကြောင်းများကို ဤကန်လေးဘေးတွင် ပြောပြီးသည့်နောက် ကိုယ်တို့တွေသည် မရေရာလှသော နေ့ရက်များစွာကို ရင်ဆိုင်ရန် ဘာတွေကိုယုံကြည်နေရဦးမည်လဲပင်မသိ  ။ ကိုယ့်ရဲ့အတွေးတွေကိုလည်း နောင်ဘယ်အချိန်ပြန်ရယ်မောပစ်မိမည်လဲ မသိ ။ ကိုယ့်ရဲ့ မျှော်လင့်ခြင်းတစ်ချို့တွေဆီကို ကိုယ်ကိုယ်တိုင် ဘယ်အချိန် ဘယ်လို ရောက်မည်လည်းမသိ။


စိမ်းမြလင်းသစ်

(20/09/2011)

No comments:

Post a Comment