Tuesday 20 December 2016

အလွမ်း

လွမ်းတယ်။
မိုးလင်းလာရင် အရင်ဦးဆုံး
ပြတင်းပေါက်ဖွင့်ပြီး တိမ်တွေကိုကြည့်လိုက်ရသလိုမျိုး ခံစားချက်။
ဒါမှမဟုတ် ခြံထဲမှာစိုက်ထားတဲ့ပန်းတွေပွင့်မပွင့် လိုက်ကြည့်လိုက်ရတဲ့အချိန်တွေ။
ခြံထဲကဇီဇ၀ါပန်းတွေ ပွင့်တဲ့အခါ တစ်ပွေ့တစ်ပိုက်လိုက်ခူးရတဲ့အရသာမျိုး။
အမေ၀ယ်ခိုင်းတဲ့ မုန့်ဟင်းခါးကို သွားဝယ်ရင်း
အငွေ့တွေထနေတဲ့ မုန့်ဟင်းခါးအိုးကြီးကို
ငေးခွင့်ရခဲ့တဲ့အချိန်တွေ။
အသက်လေးနည်းနည်းကြီးလာတော့ သူငယ်ချင်းတွေဆုံရင်း
ကော်ဖီဆိုင်မှာထိုင်၊ မုန့်တီဆိုင်မှာထိုင်ရင်း
ငါတို့ကြီးလာရင် ဘာလုပ်မယ်..၊ ဘ၀ဟာ ဘာညာ နဲ့..လေကန်။
အရင်ကဖြစ်ချင်ခဲ့တာတွေဟာ
ခုဖြစ်နေတာတွေနဲ့တူမတူတော့ ငါမသိဘူး..။
ဒါပေမဲ့ အဲ့တုန်းက မနက်ခင်းတွေ ဟာပိုပြီးပေါ့ပါးသလိုပဲ..လို့တွေးမိတယ်။

ခုမနက်တွေဆို အသင့်ဖျော်ကော်ဖီကို အေးအောင်မစောင့်နိုင်လို့
ရေနွေးနဲ့ဖျော် ရေအေးနဲ့စပ်ပြီး
အမြန်မော့လို့ ကော်ဖီနဲ့မျက်နှာသစ်ရတဲ့ရက်တွေ
စာသင်ခန်းမှာပဲ စားလိုက်ရတဲ့ညစာပေါင်မုန့်တွေ။
လမ်းရောက်မှ ဖိနပ်ကြိုးချည်ရတဲ့ရက်တွေ။
ဒီနေ့မလုပ်ဖြစ်လို့ နောက်နေ့ရွှေ့လိုက်ရတဲ့အလုပ်တွေနဲ့
ဒီနေ့ငါမအားလို့ နောက်မှတွေ့မယ်လို့ ပြောရင်း မဆုံဖြစ်တဲ့သူငယ်ချင်းတွေ။
မနက် ၊ ည အချိန်တွေလည်ရင်း

တစ်ခါတစ်ခါတော့လည်း
အရင်အချိန်တွေကို
အခုလိုမျိုးပေါ့
စိတ်လိုလက်ရ လွမ်းတယ်..။

SMLT

No comments:

Post a Comment