တစ်ခါတုန်းကရွာတဲ့မိုး
အဲ့ဒီနေ့က
အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင်
အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့
မြင်ကွင်းလေးကို သတိရတယ်။ ကိုယ်က ကိုယ်ထိုင်နေတဲ့
ခွေးခြေပုလေးကိုဒီဘက်တိုးပေးလိုက်ပြီးတော့ မိုးတွေစိုကုန်မယ် ..
ဒီဘက်တိုးလေ မိုး.. လို့ ပြောခဲ့မိလိုက်တယ်ထင်တယ်။
မိုးရေစက်လေးတွေစင်ကုန်လို့ ကျောတလျောက်ဖြန့်ချထားတဲ့
ဆံပင်စင်းစင်းလေးတွေမှာ မိုးစက်မှုန်မှုန်လေးတွေ
တွယ်ငြိနေကြတာကိုလည်းမှတ်မိသေးတယ်။ ပြီးတော့ မိုးလေ..
ငိုတော့မယ့်မျက်နှာလေးနဲ့..။ မဟုတ်ဘူး။ မိုးတွေရွာနေလို့သာ
မိုးငွေ့တွေကြားမှာ မိုးငိုတော့မယ်လို့ ထင်မိတာ ဖြစ်မှာ။
မိုးတွေသိပ်သည်းနေလို့သာ မိုးမျက်နှာပေါ်က မျက်မှန်လေးက
ကိုယ်ငွေ့နွေးနွေးတွေနဲ့ အခိုးရိုက်နေတာ နေမှာ။ မိုးက ထိုင်လက်စနေရာကနေ
မခွာဘဲ ကိုယ်နားမလည်နိုင်တဲ့ အကြည့်နဲ့ တစ်ချက် နဲ့ ကိုယ့်ကို
စူးစူးနင့်နင့်ကြည့်တယ်..။ ပြီးတော့ တစ်ခုခုပြောတယ်..။ တစ်ခုခု..
ကိုယ်ခုအချိန်မှာ ပြန်ပြီး မမှတ်မိချင်တော့တဲ့ စကားတစ်ခုခု..။ ပြီးတော့
ကိုယ့်လက်မှာ ပတ်ထားတဲ့ လက်ပတ်ကြိုးကလေးကို တစ်ချက်ကြည့်တယ်။ ပြီးတော့
ရုတ်ခနဲဆိုင်ထဲက ထွက်သွားတယ်။ ကိုယ်က မိုးနောက်ကို ပြေးလိုက်မသွားမိဘူး။
ကိုယ့်အသိစိတ်ထဲက ဒီမြင်ကွင်းတစ်ခုလုံးမှာ ဒီတစ်ချက်လေးပဲ ခိုင်ခိုင်မြဲမြဲ
စွဲထင်ကျန်ခဲ့တယ်။ သိပ်ကိုခေါင်းမာတဲ့မိုး။ တစ်ချက်လေးတောင် ကိုယ့်ကို
နောက်ပြန်လှည့်မကြည့်တော့တဲ့ မိုး ။ ကိုယ့်ကို ကျောခိုင်းသွားတဲ့
လမ်းတလျှောက်မှာ မိုးတစ်ယောက်ငိုသွားသေးလား ကိုယ်မသိဘူး။
မိုးမငိုပါစေနဲ့လို့ ကိုယ်ဆုမတောင်းရဲဘူး။ မိုး စိတ်သက်သာရာရအောင်
နည်းနည်းဖြစ်ဖြစ်ငိုပါစေလို့လည်း ကိုယ် ဆုမတောင်းရဲဘူး ။ တကယ်ဆို မိုးက
မငိုတတ်သူပါ လို့ ကိုယ် နောက်ကျမှ သိခဲ့ရတာပဲ..။ တကယ်ဆို ကိုယ်ကသာ
ပျော့ညံ့သူပါ..။ အပူကိုအလင်းထင်ပြီး အေးရိပ်က ကိုယ်တိုင်ပြေးထွက်ခဲ့မိသူ..။
ကိုယ်က ကိုယ့်ရင်ထဲကိုမမြင်နိုင်လောက်အောင်ကို အမှောင်ဖုံးမိခဲ့သူပါ
မိုးရယ်..။
++++++++++++++++++++++++++++++++++++++++++
"မိုးဆီကိုလာမတွေ့တာ ကြာနေပြီနော်" လို့ ခရေပန်းတွေကောက်နေရင်းနဲ့ မိုးက တစ်ချက်လှမ်းပြောတယ်။
ဘုရားပေါ်မှာ
ခရေပင်အကြီးကြီးတွေ ကို ဖြတ်ပြီးတိုက်လာတဲ့ လေက သိပ်ကို မွှေးနေတာပဲ။
ခရေပန်းတွေကို လက်တစ်ဖက်ကလက်ကိုင်ပုဝါလေးထဲ စုထည့်ထားပြီးတော့ တစ်ဖက်က
ကြွေကျနေတဲ့ ခရေတွေကို ကောက်နေတဲ့ မိုးဟာ သနပ်ခါးဖွေးဖွေးလေးနဲ့
သိပ်ကိုချစ်စရာကောင်းနေတယ်။ တစ်စုံတစ်ယောက်ကြောင့် ပြန်လည် ပူလောင်လာတဲ့
ကိုယ့်ရဲ့ ရင် ဟာ မိုးနဲ့တွေ့တိုင်း အေးမြသွားတာကိုသတိထားမိရတယ်။ မိုးကို
ဘာမှ ပြန်မပြောမိဘဲ ငေးကြည့်နေမိတယ်..။ ခရေပန်းတွေ လာကူကောက်ပေးပါဦး လို့
လှမ်းပြောတော့မှ မိုးအနားကို သွားမိတယ်။ မိုးနဲ့အတူတူ ခရေပန်းအကြွေတွေ
လာမကောက်ဖြစ်တာတောင် တော်တော်ကြာနေပြီပဲ။ အအေးဆိုင်မထိုင်ဖြစ်တာ၊
စကားတွေမပြောဖြစ်တာ၊ မိုးအတွက် ရေးနေကျ ကဗျာလေးတွေ မရေးဖြစ်တာတောင်
တော်တော်ကြာနေပြီပဲ။
"ဟိုတလောက ခရီးထွက်သွားသေးတယ်ဆို"
မိုးက တစ်ချက်လှမ်းမေးတယ်။ ဟုတ်တယ်.. မိုးကို မပြောဖြစ်ခဲ့ဘူး။
"ဟုတ်တယ်.. အိမ်ကအမျိုးတွေနဲ့ လိုက်သွားတာ ၊ ခဏပဲလေ.. နှစ်ရက်တည်းပဲလေ "
ကိုယ့်မျက်နှာအတန်ငယ်မာသွားလိမ့်မယ်ထင်တယ်။ မိုးက
ဘာမှမဖြစ်သလို ပုံစံနဲ့ မျက်နှာကိုတစ်ချက်တည်လိုက်ရင်း
ခရေပန်းတွေကောက်နေရာကနေ မတ်တပ်ရပ်လိုက်တယ်။
မျက်နှာကိုထီမထင်သလိုချီလိုက်ပုံရတယ်။ မိုးမျက်နှာလေးတစ်ချက်အမော့မှာ
ညနေခင်းဝင်ခါနီး နေရောင်ခြည်လေးက မိုးရဲ့ သနပ်ခါးဖွေးဖွေးပါးပြင်လေးပေါ်ကို
ကျနေတယ်။ မိုးက ကောက်လို့ရလာတဲ့ ပန်းတွေကို လက်ကိုင်ပုဝါလေးနဲ့ ဖွဖွကလေး
ချည်လိုက်တယ်။ ကိုယ့်ဆီကိုပေးထားတဲ့ လွယ်အိတ်ကလေးထဲကို
ခရေပန်းလေးတွေထည့်ပြီးထုတ်ထားတဲ့ လက်ကိုင်ပုဝါလေးကို ထည့်လိုက်ပြီးတော့
ကိုယ့်ကိုမော့ကြည့်ရင်းနဲ့ ပြောတယ်။
" မိုးကိုတော့ အသိပေးသွားသင့်တာပေါ့ နော်။ အိမ်ကအမျိုးတွေနဲ့ ဆိုတော့ ဟိုမမရော ပါသေးလား"
မိုးရဲ့အသံကထိန်းထားရမှန်းသိသာနေတယ်။
ဘုရားပေါ်က တစ်ချက်တစ်ချက် အော်မြည်လိုက်တဲ့ ငှက်သံကြားမှာ မိုးရဲ့အသံလေး
ပျောက်သွားရှာတယ်။ ကိုယ့်လက်မှာပတ်ထားတဲ့ လက်ပတ်ကြိုးလေးကိုကြည့်ပြီးတော့
မေးနေတဲ့မိုးကို တကယ့်ကို ဘယ်လိုဖြေရမှန်း မသိခဲ့ဘူး။
တကယ်ဆို ကိုယ် မိုးနဲ့ မတွေ့ရဲဘူးမိုး..။ မဖြေပါရစေနဲ့လို့ စိတ်ထဲကနေ မိုးကိုအထပ်ထပ်တောင်းပန်နေမိတာပဲ။
" ဒီ လက်ပတ်ကြိုးလေးတွေ ၀တ်တာတွေ့နေရတာကြာပြီနော်... "
မိုးရဲ့အသံက
တိုးတိုးတိတ်တိတ်လေးထွက်လာတယ်။ မမနိုင်ငံခြားအပြန်လက်ဆောင်ပေးထားတဲ့
ဒီဇိုင်းလှလှလက်ပတ်ကြိုးလေးတွေကို တစ်နေ့တစ်မျိုး ၀တ်နေမိတဲ့ ကိုယ့်ကို
မိုး သတိထားမိသွားတာပဲ။ ကိုယ်ဘာမှပြန်မပြောဖြစ်လိုက်ပြန်ဘူး။
" မမတက်နေတဲ့ကျောင်းကိုလည်းလိုက်လိုက်သွားတယ်လို့ သူငယ်ချင်းတွေက ပြောနေကြတယ် .။"
ကိုယ်မိုးမျက်နှာကို မကြည့်ရဲတော့ဘူး။ မိုးရဲ့ရှေ့နေရာကနေ အရည်ပျော်ပျောက်ကွယ်သွားချင်လိုက်တာ။
နှုတ်ဆိတ်နေမိတဲ့ ကိုယ့်ကို မိုးက တစ်ချက်ပြုံးကြည့်တယ်။
" သွားကြရအောင် လေ..၊ နေ၀င်တော့မယ်.. " တဲ့။
ခံစားချက်ကိုထိန်းချုပ်နိုင်သူဟာ
ဆင်ခြင်ဥာဏ်ပြည့်ဝသူမို့ ထာဝရ အနိုင်ရသူပါ မိုးရယ်..။ မျက်ရည်တစ်ချက်
မထွက်တဲ့ မိုး။ မျက်နှာတစ်ချက် မပျက်တဲ့မိုး။ ကိုယ်ကသာ နောင်တတွေ
တလှေကြီးနဲ့ ကျန်ခဲ့ရမယ်မှန်းသိရင် မသွားပါနဲ့လို့ အဲ့ဒီအချိန်တုန်းက
မိုးကို ရင်ခွင်ထဲထည့်ပြီး ကိုယ့်ဘ၀ထဲက ထွက်မသွားပါနဲ့ မိုးရယ်လို့
တဖွဖွပြောပြီး တင်းတင်းဖက်ထားခဲ့မိမယ် ထင်ပါရဲ့။
တကယ့်ကိုပဲမျက်ရည်တစ်စက်မထွက်ဘဲ နေနိုင်ခဲ့တဲ့မိုးကို ကိုယ်
အံ့သြချီးကျူးမိပါရဲ့..။ မိုးဟာတကယ့်ကို
မာနတွေနဲ့ပြည့်နှက်နေတဲ့သူမို့ထင်ပါရဲ့လေ..။
++++++++++++++++++++++++++++++++++++++++++
တကယ်ဆိုရင် နောင်တတွေနဲ့ ကျန်ခဲ့သူက ပူလောင်ရသူပါ မိုးရေ။
ဆောင်းနံနက်ခင်းတစ်ခုမှာ
မိုးတက်နေတဲ့ ကျောင်းကို ကိုယ် လိုက်လည်ခဲ့တယ်။ ကိုယ့်လက်သန်းလေးကို
မရဲတရဲတွဲထားတဲ့မိုးတစ်ယောက် အပျော်ကြီး ပျော်နေခဲ့လေရဲ့။ တစ်ခါတစ်ခါ မိုးက
နှုတ်နည်းသလောက် တစ်ခါတစ်ခါကျရင်လည်း မိုးဟာ ငှက်ကလေးများလို
စကားများလွန်းလှပြန်တယ်။ ကိုယ်ကျောင်းကိုလိုက်လည်တဲ့ တစ်နေ့လုံး
စကားတွေများလိုက်တဲ့မိုး။ သိပ်ကိုပျော်နေလွန်းတဲ့မိုး။ ဒါပေမဲ့လည်း သိပ်ကို
နွမ်းပါးလွန်းနေတဲ့မိုး။ တစ်ခါတရံ ညှိုးငယ်ဟန်ပေါက်နေတတ်တဲ့မိုး။ တစ်ခါတရံ
သိပ်ကို မာနကြီးဟန်ပေါက်တဲ့မိုး။ မိုးကိုဘေးနားမှာထားရင်း
လှပပြီးအမြဲသွက်လက်ချက်ချာတဲ့ မမ ၊ အမြဲ တောက်ပနေတတ်တဲ့မမကို
တစ်ချက်တစ်ချက် သတိရမိနေသေးတယ်။ မမက ကိုယ့်ကို အတင်းကို
ပြန်ဆက်သွယ်နေတဲ့အကြောင်း မိုးကို မသိစေချင်ဘူး။
" မိုး.. ကို့ ကျောင်းကို တစ်ရက်လိုက်လည်ပါလား.."
အအေးသောက်နေရင်းက မိုးကိုပြောလိုက်တော့ သောက်လက်စ အအေးပိုက်ကလေးကိုချလိုက်ပြီး ကိုယ့်ကို လှမ်းကြည့်တယ်။
မိုးမျက်လုံးလေးတွေ အရောင်လက်သွားရင်း ကိုယ့်ကိုပြုံးပြီးကြည့်တယ်.. ပြီးမှ..
" ပျော်စရာကြီးနော် ၊ မနက်အစောကြီး သွားရမှာလား ..ဘယ်အချိန်လဲ..။ ကားဘယ်လိုစီးကြမှာလဲဟင် ၊ ချမ်းမလားမသိဘူးနော်..ပျော်စရာကြီးနော်"
တရစပ်မေးခွန်းလေးအောက်မှာ
မိုးရဲ့အသံလေး တွေလွင်နေတာပဲ။ သူ့အပျော်တွေကူးစက်သွားကြလို့လားမသိ..
မိုးရဲ့ မှုန်နေတဲ့သနပ်ခါးနံ့လေး ကိုယ့်ဆီ သင်းပျံ့လာသလိုပဲ..။
မွှေးလိုက်တာမိုးရယ်..။
" ကိုတို့ကျောင်းကားပဲ စီးသွားကြတာပေါ့ မိုးရဲ့ ၊ မနက်စောစော ၆ နာရီ အရောက် ကားဂိတ်မှာစောင့်နေ၊ ကိုလာခေါ်မယ်နော် "
အဲ့ဒီနေ့က
မိုးတစ်ယောက်ပျော်နေတယ်။ အဲ့ဒီနေ့ မိုးရဲ့ကျောင်းက အပြန် ကိုယ်တို့
ဘက်စ်ကား ကျပ်ကျပ် တိုးစီးခဲ့ရတယ်။ မိုးက
ကျောင်းကားမစီးဘူးတဲ့။ တစ်ချို့အတန်းတွေဖျက်ပြီး စာသင်ရသေးလို့
ပြန်ရတာလွယ်အောင် ဘက်စ်ကားပဲ စီးတယ်တဲ့။ ကိုယ်ပိုင်ကားလှလှနဲ့ကျောင်းတက်တဲ့
သစ်လွင်လှပလွန်းတဲ့ ချစ်ခဲ့ရတဲ့ တစ်ချိန်ကကိုယ့်ရဲ့မမဟာ ကိုယ့်စိတ်ထဲကို
ခဏရောက်လာတယ်..။ ပျော့ညံ့လွန်းသူကိုယ့်ကို ခွင့်လွှတ်ပါမိုးရယ်...။
+++++++++++++++++++++++++++++++++++++++++
ကိုယ့်ကျောင်းကို
မိုးလိုက်လည်တဲ့ အဲဒီနေ့က ထူးထူးခြားခြားနှင်းတွေကျနေခဲ့တယ်။ မှတ်မိသေးလား
မိုးရေ..။ ပြတင်းပေါက်တွေဖွင့်ထားတဲ့ ကျောင်းကားအတွင်းထဲအထိ တံတားတစ်ခုကို
ဖြတ်ရတုန်း နှင်းတွေ ကားအတွင်းထဲအထိ အလုအယက်ဝင်လာကြတာလေ..။
မိုးဝတ်ထားတာမိန်းမ၀တ် ရှပ်အကျီင်္လက်စကလေးနဲ့မို့ မိုးများ ချမ်းနေမလားလို့
ကြည့်မိတော့ အံ့သြတကြီး ပျော်နေတဲ့ မိုးရဲ့မျက်နှာလေးဟာ နှင်းတွေကြားထဲမှာ
ဖြူနုဝင်းပနေလိုက်တာလေ။ မိုးဟာ အသံလေးတိတ်နေပြီး ငြိမ်သက်နေရှာတယ်။
ကျောင်းကားပေါ်မှာ ဆူညံနေကြတဲ့ သူတွေကြားထဲမှာ မိုးဟာ
တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကိုယ်ကပထမအတန်းချိန်ကို မိုးနဲ့တူတူတက်ပြီးတော့
ကျန်တဲ့အချိန်တွေ အတန်းပြေးပြီး ကိုယ်တို့နှစ်ယောက် လျှောက်သွားကြတဲ့အခါ
မိုးတစ်ယောက်မှာ ပျော်လွန်းလို့။ ကိုယ်တို့တွေ ခြေတညောင်းပဲ နေမပူခင်
လျှောက်သွားကြတယ်။ ပြီးတော့ ကင်တင်းမှာ ထိုင်နား ထမင်းစား။
မိုးတစ်ယောက်ပျင်းဟန်ပေါက်လာတော့ ကိုယ်ကပဲမြို့ထဲသွားကြရအောင်လေ ၊
စာအုပ်ဆိုင်တွေဘက်သွားကြရအောင်လို့မိုးကိုပြောပြီး ထ ပြန်ကြတယ်။
မြို့ထဲမှာထမင်းပေါင်းဝင်စားပြီး
အမေ့အိမ်စာအုပ်ဆိုင်ကိုဝင်ကြတာ မှတ်မိသေးလားမိုး..။ ကိုယ်က
စာအုပ်တွေဝယ်တော့ မိုးက စာအုပ်လေးတစ်အုပ်လိုက်ဝယ်တယ်။ မင်းလူရဲ့ ငှက်ကလေး
ဆိုတဲ့စာအုပ်။ မိုးက မိုးအပိုင်သိမ်းထားချင်လို့လို့ပြောတယ်။
ကိုယ်ရှင်းလိုက်မယ်ပြောတော့ မိုးက "ဟင့်အင်း.. မိုးကိုယ့်ဘာသာရှင်းပါရစေ"တဲ့...။
ကိုယ်က
အတင်းရှင်းမယ်လုပ်တော့ ကိုယ့်ကိုတစ်ချက် မော့ကြည့်လိုက်တဲ့ မိုးရဲ့
မျက်ဝန်းတွေဟာ ကိုယ့်ကိုထိတ်လန့်သွားစေတယ်။နောက်ဆုံးတော့ ကိုယ်က
မိုးကိုယ်ပိုင်ငွေနဲ့ ၀ယ်လာတဲ့ စာအုပ်လေးကို အဖုံးလေးပဲဖုံးပေးနိုင်ခဲ့တယ်။
ဖလင်ပြားလေးကို အသဲနှစ်ခုဆက်နေတဲ့ပုံစံ ညှပ်ပြီး စာအုပ်ညှပ်လို့ရအောင်
ကြိုးကလေးနဲ့တွဲချည်ပြီးထည့်ပေးလိုက်တယ်။ မိုးက
ကိုယ်ကိုယ်တိုင်ဖုံးပေးထားတဲ့ စာအုပ်လေးကို တရိုတသေ ကြည့်ပြီး
"ကျေးဇူးတင်ပါတယ်" တဲ့။
မိုးရယ်.. ဒါလေးကို ကျေးဇူးတင်စရာလိုလို့လား လို့ တွေးမိရင်း ထွက်ခွာသွားတဲ့ မိုးရဲ့ကျောပြင်ကို ပဲ ငေးကြည့်မိတယ်။
+++++++++++++++++++++++++++++++++++++++++++++++
ဆောင်းမနက်ခင်းတချို့မှာ
ကျောင်းပျက်တာများလို့ မလိုက်နိုင်တော့တဲ့ ဘာသာရပ်တစ်ခုအတွက်
မိုးတစ်ယောက်ကျူရှင်တက်ရတော့ ကိုယ်က မိုးကို စက်ဘီးလေးနဲ့
လိုက်ပို့ရသေးတယ်။ တစ်ချို့ရက်တွေကျတော့ ကိုယ်က
မိုးကျူရှင်ကိုလာကြိုရုံပဲတတ်နိုင်တယ်..။
အစောကြီးတက်ရတဲ့မိုးရဲ့ကျူရှင်ကို ပထမဆုံးကိုယ်လိုက်ပို့ရတဲ့ရက်တုန်းက
ကိုယ့်စက်ဘီးနောက်မှာ မရဲတရဲ ထိုင်စီးရှာတဲ့မိုး၊ တစ်ခါတစ်ခါ စက်ဘီးက
မငြိမ်လို့ လှုပ်သွားတဲ့အခါ ကိုယ့်ခါးကို မရဲတရဲ လှမ်းဖက်လိုက်တော့
"ဖက်ရင်ရဲရဲဖက်ဗျ၊ မရဲတရဲဆို ကိုယ်က ယားတယ် " လို့နောက်မိတယ်။
ကိုယ်အဲ့လိုပြောပြီးနောက် မိုးလေ ကိုယ့်ခါးကို ဖက်ပြီး မျက်နှာလေးအပ်ထားလိုက်တာ ကိုယ့်ကျောပြင်မှာ သနပ်ခါးနံ့လေး စွဲထင်ကုန်တဲ့အထိပဲ။
လွမ်းရပါတယ်
မိုးရေ..။ ခုချိန်မှာ မိုးရဲ့ ပါးပြင်က သနပ်ခါးရနံ့မွှေးမွှေးကို
လွမ်းမိပေမဲ့ တချိန်ကတော့ မမရဲ့ ရေမွှေးရနံ့ကို ကိုယ်စွဲလမ်းခဲ့ကြောင်း
မိုးကိုရှက်ရှက်နဲ့ ၀န်ခံရတော့မယ်။ ကိုယ့်ကိုယ်ကိုလည်း မုန်းတီးရပါတယ်မိုး။
ဒါဟာ မိုး ကိုယ့်ကို အငြင်သာဆုံးနဲ့ အထိရောက်ဆုံး
လက်စားခြေခြင်းပဲဖြစ်ပါစေတော့မိုးရယ်။
မိုးကိုယ့်ကိုရေးပြီးပေးဖတ်တဲ့ ကဗျာလေးထဲကလို ပေါ့..။
"ဝေဒနာဆိုတာ ခံနိုင်ရည်ရှိမှုနဲ့ မဆိုင်ဘူး" တဲ့။
ကိုယ်က
မိုးကို ခံနိုင်ရည်ရှိတယ်ဆိုပြီး ဝေဒနာတွေထပ်ခါတလဲလဲပေးခဲ့မိသူပါမိုးရေ။
မိုးကတော့ ကိုယ်ပေးတဲ့ဝေဒနာတွေကို မခံစားနိုင်တော့လို့
အဝေးကိုထွက်ပြေးသူလို့ ကိုယ်တွေးပြီးကြေကွဲရပြန်တယ်။ အမြဲလိုလို ဒွိဟတွေနဲ့
တွေဝေနေတတ်တဲ့ကိုယ့်ကိုယ်စား အဖြေတစ်ခုကိုကိုယ်ခေါင်းမရှုပ်အောင်
ကိုယ့်ကိုတမင်တကာနှုတ်ဆက်သွားသလိုပဲလို့ကိုယ်တွေးမိပါသေးတယ်..။
သိပ်ကိုကြေကွဲရပါတယ်မိုးရေ..။ တွေဝေတတ်တဲ့သူဟာ မိမိကိုယ်ကို
အမှန်မသိသူမို့ တစ်သက်စာထာဝရ ရှုံးသူပါပဲ မိုး..။
+++++++++++++++++++++++++++++++++++++++++++
" လိပ်ကလေး.. ပက်လန်လန်နေတာတောင် ပြုံးစိစိနဲ့.. ဘယ်လိုအခက်အခဲမျိုးပဲကြုံကြုံ အဲဒီလိပ်ကလေးကိုသတိရနော် .."
ကိုယ်က
အစိမ်းရောင်လိပ်ကလေး ပက်လက်ကလေးနဲ့ ပြုံးစိစိဖြစ်နေတဲ့ပုံပါတဲ့ ပို့စ်ကဒ်
သေးသေးလေးရဲ့နောက်မှာ စာရေးပြီး မိုးကို ပေးတယ်။ ၁ ရက် ၁ လ
နှစ်သစ်တစ်ရက်မှာ မမျှော်လင့်ထားတဲ့လက်ဆောင်လေးကို ရတဲ့ မိုးက
အံ့သြတဲ့မျက်နှာပေးလေးနဲ့ ၊ မထုံတတ်တေး ။ မိုးက စာသားရဲ့အောက်မှာရေးထားတဲ့
ချစ်ရတဲ့ကို ဆိုတဲ့ စာသားကို မျက်မှောင်ကြုတ်ကြည့်နေတုန်းမှာ ကိုယ်က
မိုးကို ရည်းစားစကားပြောမိတယ်။ မထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့နေရာမှာ
လုံးဝမမျှော်လင့်ထားတဲ့လူတစ်ယောက်ဆီကကြားရတဲ့စကားမို့ မိုးဟာ ရှက်ရှက်နဲ့
ကိုယ့်ရှေ့ကနေ အပြေးတစ်ပိုင်းထွက်သွားတယ်။ ကဒ်ကလေးကိုလွှတ်မချခဲ့ဘူး။
ဒီအကြောင်းတွေ မိုးဆီက ပြန်ကြားရတဲ့အချိန်မှာ မိုးက
ကိုယ့်ပုခုန်းစွန်းလေးကို မှီနွဲ့နေပြီ..။ မိုးဟာ
မကွေ့ကောက်ဘူး။ မကွယ်ဝှက် ဘူး။ သဘောဖြောင့်လွန်းလှတယ်။ ဒါကြောင့်ပဲ
ထင်ပါရဲ့ လေ.. မမကြောင့် ဒဏ်ရာရခဲ့တဲ့ ကိုယ်က မိုးကို ငြိတွယ်မိလေသလား။
မိုးရင်မှာ ခဏခိုဝင်ခဲ့မိလေသလား။ မကွေ့ကောက်တတ်တဲ့မိုးဆီက
ကိုယ့်အတွက်အဖြေကိုမစောင့်လိုက်ရသလို မိုးကိုလည်း
မယုံမကြည်ဖြစ်ရခြင်းတွေမရှိခဲ့ဘူး။ မိုးကလည်း ကိုယ့်ကို နည်းနည်းလေးမှ
စိတ်အနှောင့်အယှက်ပေးတယ်လို့လည်းမရှိခဲ့ဘူး။ ဒါကြောင့်ပဲ မိုးဆီရတဲ့
အေးမြခြင်းတွေဆီက ကိုယ်က ပြေးထွက်ခဲ့မိလေသလား မိုးရေ..။
မမရဲ့ချုပ်နှောင်မှုတွေကြောင့် ကျဉ်းကျပ်လာတဲ့နေ့မှာ မိုးဘယ်ရောက်နေပြီလဲ
လို့ အလန့်တကြားတွေးမိရတယ်။ မိုးကို အရှက်ရတယ်။
အဲ့လိုအချိန်မှာများကိုယ့်ကို မိုးက ဘာကြောင့်ဒီလောက်ပျော့ညံ့သွားရတာလဲ
လို့ လာမေးရင်လည်း တစ်ကြိမ်တစ်ခါလောက်တော့ ပျော့ညံ့ခွင့်ပေးပါလို့
ပြောမိရတော့မှာပါပဲ။ မိုးက လိပ်ကလေးကို သတိမရတော့ဘူးလားလို့
လှောင်ရယ်သလိုမေးလာခဲ့ရင်လည်း ကိုယ်က လိပ်ပက်လက်လန်သလို ဖြစ်တာ
မိုးထားသွားတဲ့နေ့ကတည်းကပါလို့ ပြောမိမလားပဲမိုးရေ..။
မွန်းကြပ်ပိတ်လှောင်မှုတွေအောက်မှာ ကိုယ်က မိုးကို ပြန်ရှာမိတော့ မိုးဟာ
စိတ်အနာကြီးနာခဲ့သူမို့ တစ်ယောက်တည်းအဝေးကိုပြေးသတဲ့။ ကိုယ်ဟာ
အပြစ်ရှိသူမို့ မိုးရဲ့အနားကို မချဉ်းကပ်ဝံ့ဘူး။ ကိုယ့်အကြောင်းကိုများ
မိုးကြားတဲ့အခါ လှောင်ရယ်နေမလားလို့ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ပိတ်မိတယ်။
ရင်ထဲကအနာကို မိုးအပါအ၀င် ဘယ်သူမှမမြင်စေရဘူး။ ရင်ထဲမှာ ကျိတ်ငိုခွင့်သာ
ပေးပါတော့မိုးရေ..။ ကိုယ်ဟာ အေးမြခြင်းရဲ့အဝေးကို ပြေးထွက်မိသူမို့
နောင်တတွေနဲ့သာ ထိုက်တန်ပါတယ် ။ လိပ်ပြာမသန့်သူမို့ မိုးကို
လိုက်ရှာခွင့်လည်း မပေးပါနဲ့တော့ မိုး...။
++++++++++++++++++++++++++++++++++++++++++++++++
" အကို့တို့နှစ်ယောက်ကို မနေ့က ကျွန်မဘက်စ်ကားပေါ်ကနေ လှမ်းတွေ့လိုက်တယ်"
မိုးအသံက
ထိန်းထားတဲ့ကြားကတုန်ခါနေတယ်။ ကိုယ့်ရင်ထဲမှာ ထိတ်ခနဲပဲ။ ရုတ်ချည်းဆိုသလို
ကိုယ့်ရင်ထဲမှာ အေးစက်သွားတယ်။ မျက်နှာတစ်ခုလုံးထူပူလို့။ ကိုယ်လေ
မိုးမျက်နှာကို မကြည့်ရဲဘူး။ အခေါ်အဝေါ်တွေ ပြောင်းပစ်လိုက်ပြီဖြစ်တဲ့မိုးရဲ့
လေသံတွေ အေးစက်နေမှန်း ကိုယ်သိပါတယ်။
" မိုးလိုချင်တာက
နှစ်ဦးနှစ်ဘက် အပြန်အလှန် အလုံးစုံ စိတ်ချယုံကြည်ရတဲ့ ချစ်ခြင်းမေတ္တာပါ။
ကျွန်မက အကို့ကို ချစ်ခဲ့တယ်ဆိုတာ အကို့အပေါ်ကိုအထင်ကြီးခြင်းအပေါ်ကို
အခြေခံပြီးချစ်ခဲ့မိတာ။ ကိုယ်အထင်ကြီးရတဲ့ချစ်သူကို ကျွန်မက
အကြွင်းမဲ့ယုံကြည်ခဲ့တယ်။ အခုလိုမျိုး ကျွန်မအပေါ်ကို ဆက်ဆံခံရတာ
စိတ်အနာဆုံးပဲ။ တစ်သက်ဖျောက်မရနိုင်တော့တဲ့ ဒဏ်ရာပဲ။ "
မိုးရဲ့
စကားတွေက မြားတွေလိုပဲ ကိုယ့်ရင်ကို လာစူးကြလေရဲ့။ စူးပါစေတော့မိုးရေ။
မိုးကို ဒဏ်ရာတွေပေးမိတဲ့ကိုယ်ဟာ အပြစ်ရှိသူပါ။ ကိုယ်ကမိုးမျက်နှာလေးကိုပဲ
ငေးကြည့်နေမိတော့တယ်။ ကိုယ့်တစ်ကိုယ်လုံး
မီးခိုးငွေ့တွေအဖြစ်ပြောင်းသွားကြပြီထင်ရဲ့။ မိုးလက်ကလေးကို
လှမ်းဆွဲလိုက်ချင်ပေမဲ့ မမရဲ့ လက်ပတ်ကြိုးလေးဟာ မိုးလက်ကလေးကို
လှမ်းဆွဲမယ့်ကိုယ့်လက်ကို အတင်းဆွဲတားထားကြသလိုပဲ။ အဲ့ဒီအချိန်တုန်းက
မမကိုရင်ဘတ်ထဲ ထည့်ခဲ့မိတဲ့ကိုယ်မို့ မိုးဘက်ကို အလေးမသာခဲ့တာကိုတော့
ရင်နာနာနဲ့ဝန်ခံပါတယ်မိုး။
အစက ခပ်ဖွဲဖွဲကျနေတဲ့မိုးတွေ
ရုတ်တရက်သည်းသည်းမည်းမည်းရွာချလာတယ်။ ကော်ဖီဆိုင်လေးရဲ့ အစွန်ဆုံးစားပွဲမှာ
ထိုင်နေကြတာမို့ မိုးစက်တွေဟာ မိုးရဲ့ကျောတလျှောက်ကိုလာစင်နေတယ်။
ကျောတလျှောက်ချထားတဲ့ မိုးရဲ့ဆံနွယ်တွေမှာ မိုးစက်တွေ
လာငြိတွယ်နေကြတာကိုကိုယ်မှတ်မိပါသေးတယ်။ မိုးတွေစိုကုန်မယ် ..
ဒီဘက်တိုးလေမိုးလို့ ပြောလိုက်မိတယ်ထင်တယ်မိုးရယ်.. အဲ့ဒီစကားကလွဲရင်
ရင်ထဲမှာဗလောင်ဆူကာ အခိုးအငွေ့တစ်ဝက်ဖြစ်နေတဲ့ကိုယ်က
ရှက်ရွံ့ခြင်းအပြည့်နဲ့မို့ မိုးကို ပြောဖို့ တခြားစကားလုံးတွေ
ထွက်မလာနိုင်ဘူး။ အပြင်မှာသည်းနေတဲ့မိုးတွေ
ကိုယ့်အပေါ်ကိုသာအကုန်ရွာချပါစေတော့လို့ ဆုတောင်းမိလေသလား မသိဘူးမိုးရေ..။
အဲ့ဒီအချိန်မှာပဲ မိုးက ကိုယ့်ကို တစ်ခုခုပြောတယ်..။ အခုအချိန်မှာ
ကိုယ်ပြန်မစဉ်းစားချင်ဆုံးတစ်ခုခု..။
" အကို
ခြေလှမ်းတွေပျက်တာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မသိက္ခာကို ဒီလောက်ထိ
စော်ကားလိမ့်မယ်လို့ မထင်မိလောက်အောင် အကို့ကို အထင်ကြီးမိခဲ့တာတော့
ကျွန်မအမှားပေါ့။ အကိုက သိပ်တွေဝေတတ်လွန်းတယ်ဆိုတော့ လည်းအကို့အတွက်
ကျွန်မကပဲအဆုံးအဖြတ်ပေးခဲ့ပါမယ်။ အကိုတို့နှစ်ယောက်လုံးပျော်ရွှင်ပါစေ.."
မိုးရဲ့အသံက
ခပ်တိုးတိုးပေမဲ့ ညင်သာပြတ်သားလှတယ်။ ကိုယ့်မျက်လုံးတည့်တည့်ကို
အေးစက်စက်စိုက်ကြည့်ပြီးပြောနေတဲ့ မိုးဟာ ပြတ်သားနေတယ်။ မိုးက ထိုင်နေရာက
ထွက်သွားတယ်။ မိုးရေတွေထဲ..။ မျက်ရည်တစ်ချက် မထွက်တဲ့မိုး။ သိပ်ကို
မာနကြီးတဲ့မိုး။ အဲ့ဒီအချိန်တုန်းက အဖြစ်ချင်ဆုံးဆန္ဒဟာ
အခိုးအငွေ့တွေအဖြစ်နဲ့ကိုယ့်တစ်ကိုယ်လုံးပျောက်ကွယ်သွားချင်တဲ့စိတ်ပဲ
ဖြစ်မယ်ထင်ပါရဲ့ မိုးရေ..။ အဲ့ဒီနေ့က ကော်ဖီဆိုင်လေးမှာ မိုးတွေ စဲတဲ့အထိ
ထိုင်နေမိတယ်။ မိုးထားခဲ့တဲ့ ကော်ဖီခွက်ကလေးကို ကြည့်ရင်းက
မျက်ရည်ဝဲရပြန်တယ်..။ မိုးရေတွေ တစ်စက်စက်ကျနေတဲ့
မြေသားတွေကိုငေးကြည့်ရင်းနဲ့ ကိုယ့်မှာ အေးစက်ရပြန်တယ်။
ဟင်းလင်းပြင်တစ်ခုထဲမှာ မျောလွင့်ရသူလို ကယောင်ချောက်ချားနဲ့
ကိုယ့်လက်ကိုတင်းတင်းဆုပ်ထားရပြန်တယ်..။ ကိုယ်ဟာ အားငယ်တတ်သူပါလို့
စိတ်ထဲမှာ မိုးကိုတိတ်တိတ်တမ်းတရတယ်။ မမဟာ ကိုယ့်ကို မအေးမြစေနိုင်သူမို့
မိုးဆိုတဲ့အေးရိပ်ဆီကို တမ်းတမိတတ်တဲ့အခါ မိုးကိုရှက်ရွံ့အားနာရတယ်။
ချန်ခဲ့ပါတော့မိုး..။ ကိုယ့်အနားက အဝေးဆုံး အကောင်းဆုံးဆိုတဲ့အရပ်ဆီကိုသာ
ထွက်ပြေးပါတော့မိုးရေ..။
+++++++++++++++++++++++++++++++++++++++++++
မိုးတွေ
တစ်ပေါက်ပေါက်ကျလာတယ်။ မှာထားတဲ့ကော်ဖီကို
စားပွဲထိုးလေးက စားပွဲပေါ်လာချပေးပြီးသွားတဲ့အခါ မိုးရေစက်တွေ
ပိုစိတ်လာတာကိုသတိထားလိုက်မိတယ်။ မိုးတွေသည်းတဲ့ မိုးရက်တစ်ရက်ရယ်၊
ကော်ဖီရယ်.. ဟာ ကိုယ့်ကိုမမေ့နိုင်တဲ့အတိတ်တွေဆီခေါ်သွားနေကြပေါ့.. ။
တကယ်ဆို အဲ့ဒီနေ့က အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင်
အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့
မြင်ကွင်းလေးကို သတိရမိတုန်းပဲ။
စိမ်းမြလင်းသစ်
10/03/2014