Tuesday, 20 December 2016

How can I make my life simpler?

  • ပျင်းပျင်းရှိတာနဲ့ အင်တာနက်မှာ ဟိုရေးဒီရေးရေးထားတာလေးတွေ လျောက်ဖတ်ကြည့်တော့ ဘ၀ကို ပိုပြီး ရိုးရိုးရှင်းရှင်းနဲ့နေဖို့ဆိုပြီး မေးထားတဲ့ မေးခွန်းအောက်မှာ ဆိုက်တိုးဆိုတဲ့ ဂျပန်းကြီးကနေပြီးတော့ ဒီအချက်လေးတွေဖြေထားပါတယ်။
  • Ask for help (လိုအပ်တဲ့အကူအညီတောင်းပါပေါ့။ လိုအပ်တဲ့အကူအညီတောင်းဖို့ ၀န်မလေးပါနဲ့ လို့ ပြောချင်တာလည်း ဖြစ်ပါတယ်။ တကယ်ဆိုရင် မာနကြီးခံပြီးတော့ အကူအညီမတောင်းဘဲ ကိုယ်တိုင် မနိုင်မနင်းလုပ်ရတာ ပင်ပန်းတယ်မဟုတ်လား )
  • Carry less stuff in your pockets/purse ( အိတ်ကပ်ထဲ၊ ပိုက်ဆံအိတ်ထဲ က ပစ္စည်းပစ္စယတွေကို နည်းနည်းပဲသယ်ပါတဲ့။ သူပြောမှပဲ ကိုယ့်ပိုက်ဆံအိတ်ထဲ၊ လက်ကိုင်အိတ်ထဲ မလိုအပ်ပဲ အများကြီးဖြစ်နေတဲ့ ဘောက်ချာအစုတ်တွေ၊ အကြွေစေ့တွေ နဲ့ တခြားထွေလီကာလီတွေ ရှင်းရဦးမှာပဲ )
  • Clean out your house, purge your belongings of anything you haven't used in five years ( အိမ်ရှင်းပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက မသုံးဖြစ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှင်းလင်းပစ်ပါတဲ့။ အဲ့ဒါလည်း ဟုတ်တာပဲ။ အိမ်မှာဆို ကျွတ်ကျွတ်အိတ်ကအစ အဖုံးမရှိတော့တဲ့ ကော်ဗူးအဆုံး ဥထားတော့ အိမ်ပြောင်းရမယ်ဆိုမှ လွှင့်ပစ်။ တစ်ချို့ပစ္စည်းတွေဆိုလွှတ်လည်းမပစ်ရက် သယ်လို့လည်းမဖြစ်နဲ့ ငိုချင်သလို ရယ်ချင်သလို ရူးမလို ဖြစ်ရတယ်။ အမှန်ဆို ဒီလို ပစ္စည်းအစုတ်လေးတွေပေါ်တောင် စွဲလန်းတာ မစွန့်လွှတ်နိုင်ရင် သေရင်ဘယ်လိုလုပ်မလဲနော်း( )
  • Eliminate clutter on your desk ( သင့်စားပွဲပေါ်က ရှုပ်ပွနေတာတွေကို ရှင်းလင်းပစ်လိုက်ပါတော့ တဲ့။ အိမ်က စာကြည့်စားပွဲမှာဆို ဘောပင်စိုက်တဲ့ မက်ခွက်တင် ၂ ခွက် ၃ ခွက် ဖြစ်နေတာပါ ။ တစ်ခါတလေဆို စာအုပ်ချဖို့တောင်နေရာမရှိ။ )
  • Eliminate time wasting activities ( အချိန်ကုန်အကျိုးမဲ့ဖြစ်စေတဲ့ အလုပ်တွေ ရပ်တန်းက ရပ်လိုက်ပါတော့တဲ့ ၊ ( ဥပမာ ခုလို ဖေ့စ်ဘုတ်မှာ လတ်လျားလတ်လျား လုပ်နေတာတွေဖြစ်ချင်ဖြစ်နေမှာ.. :P )
  • Eliminate two things for every new thing you acquire ( ပစ္စည်းအသစ်တစ်ခုဝယ်တိုင်း နှစ်ခုကိုရှင်းပစ်တဲ့..။ ကိန် လို့ပဲ အော်ချင်တာပဲ။ ဗီရိုထဲက မ၀တ်ဖြစ်တော့တဲ့အ၀တ်တွေ သတိရသွားလို့.. အပေါ်ထပ်ရောက်နေတဲ့အ၀တ်တွေပဲ ၀တ်ဖြစ်တာ။ အောက်ရောက်သွားလို့ မမြင်ရရင်ဝတ်ဖို့သတိမရတော့ဘူး။ ပြီးရင် ၀တ်စရာမရှိဘူးပြောသေးတား( )
  • Hire some help, housekeeper, gardener, etc. ( ဥယျာဉ်မှူး၊ အိမ်အကူ စသဖြင့်လူငှားခေါ်ပါတဲ့။ ဟင့်အင်း..ကွကိုယ်တောင် အနိုင်နိုင်ရယ်..:P)
  • Know your limitations ( ကိုယ့်လစ်မစ်ကိုယ်သိပါတဲ့..။ ကိစ္စတစ်ခုကို ကိုယ်ဘယ်လောက်အထိလုပ်နိုင်မလဲ ဆိုတာ ကိုယ့်ကိုယ်ကို သိပါ ပေါ့..။ အီအီးပါရင်း ရှူရှူးပေါက်လို့ရပေမဲ့ ထမင်းစားရင်းတော့ လုပ်မရဘူးပေါ့လေ.. :D - အဟုတ်ထင်မနေနဲ့ စတာ..။ :P)
  • Learn to identify and toss junk mail before it even gets to your desk ( သင့်အလုပ်စားပွဲပေါ်ရောက်မလာခင်မှာ ဘယ်အလုပ်တွေကတော့ဖြင့် အရေးမပါဘူး၊ လုပ်စရာမလိုဘူးရယ်လို့ ခွဲခြားသတ်မှတ်တတ်ပြီး ရှော်သွားတတ်ဖို့ သင်ယူပါတဲ့..။ အရှော်လွန်ရင်လည်း လုပ်စရာမလိုဘဲဖြစ်ဦးမယ်..။)
  • Learn to say no ( ငြင်းဆိုတတ်ဖို့ သင်ယူပါတဲ့ ။ အဲ့ဒါအဟုတ်ပဲ။ အားနာလို့ လုပ်ပေးမယ်ပြောပြီးမှ မနိုင်ဝန်ထမ်းရသလိုဖြစ်ပြီး စိတ်ထဲမှာ မကျေမနပ်ဖြစ်တော့ မိအေး နှစ်ခါနာပါတယ်။ အစကတည်းက လုပ်နိုင်ရင် လုပ်ပေးမယ် ပြောပြီး လုပ်ပေး။ မလုပ်ပေးနိုင်ရင် ငြင်းလိုက်တော့လည်း စိတ်ရှင်းတာပေါ့။ တစ်ခုပဲ ... ၊ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုတတ်ဖို့ လိုတာပါ။ )
  • Let go of perfectionism ( ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်ချင်စိတ်ကို စွန့်လွှတ်ပါပေါ့။ အင်းလေ လူဆိုတာဘယ်သူမှ အမှားလည်းမကင်းဘူး။ ဘယ်သူမှ အရာရာ ပြည့်စုံပြီး ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်မနေဘူးမဟုတ်လား။ တစ်ခါတလေတော့လည်း ကိုယ့်ကိုယ်ကို ဖြေတွေးတွေးပေးတတ်ရမှာပေါ့။ အမြဲတမ်းတော့မဟုတ်ဘူးပေါ့.. )
  • Let go of the past ( အတိတ်တွေထဲက ရုန်းထွက်ပါ ပေါ့။ အရင်ကဗိုက်ဆာခဲ့တာကို ထမင်းစားပြီးသွားတော့ သတိမရတော့သလိုပေါ့။ အတိတ်ကဗိုက်ဆာခဲ့တာကိုမေ့ပြီး အနာဂတ်မှာ ဘာစားရမလဲလို့ စားဖို့ပဲ အမြဲတွေးနေဖို့လိုတာပါ... ဥပမာ အပေးကြမ်းချက်..ခိခိ )
  • Live frugally, want less (ခြိုးခြံချွေတာပါ။ လိုချင်စိတ်ကိုထိန်းပါပေါ့။ ဒီထက်ခြိုးခြံချွေတာလို့မရတော့ဘူးတော်ရေ့လို့ပဲအော်လိုက်ချင်တယ်.. ဂယ်ပဲ )
  • Limit time you spend on any given activity (TV, media, Internet) ( တီဗီကြည့်တာတို့ ရုပ်ရှင်သတင်းဘာညာတို့ အင်တာနက်တို့ ဘာတို့ စသဖြင့် သုံးဖို့ ပေးထားတဲ့အချိန်တွေကို ကန့်သတ်ပါတဲ့။ ဟုတ်တော့ဟုတ်တယ်.. ရုပ်ရှင်ကြည့်တာတော့ လျော့လို့မဖြစ်ဘူး။ အဲ ဘယ်ဟာမှလည်းလျော့လို့မဖြစ်ပါဘူး )
  • Move closer to work ( အလုပ်ကိုပိုပြီးအာရုံတစိုက်လုပ်ပါပေါ့.. ဟတ်ကဲ့.. အခုလို အလုပ်အားနေတုန်းလေး ဒီလိုအပျင်းပြေရေးတာလောက်တော့ရပါတယ်နော်..အဟီး )
  • Sever unhealthy relationships ( သင့်ကိုကောင်းကျိုးမပေးဘဲ ဆိုးကျိုးပဲပေးတဲ့ ပတ်သတ်မှုတွေအကုန် ရှင်းပစ်ပါတော့တဲ့... ကွကိုယ်သဘောပေါက်ပေါ့နော.. )
  • Simplify your financial life and consoledate debt ( သင့်ဘဏ်`ဋာရေးအခြေအနေ နဲ့ ပေးစရာကြွေးတွေကိုစုစည်းလိုက်ပြီး  အရှင်းဆုံးအနေအထားဖြစ်အောင် လုပ်ပါပေါ့ ကိုယ့်မှာဘယ်လောက်ရှိပြီး ဘယ်လောက်ပေးစရာရှိလဲဆိုတာ သိထားမှ ဘာဆက်လုပ်ရမယ်ဆိုတာ သိမှာပေါ့လေ....။ မဟုတ်ရင် ပဲဟင်းနဲ့ နွားနို့ ရောသောက်သလို ဖြစ်မှာပေါ့နော် )
  • Simplify your online life ( သင့်ရဲ့ အွန်လိုင်းပေါ်ကဘ၀ကို ရိုးရှင်းစွာထားပါ တဲ့။ အကောင့်တွေ ၂ခု၃ခုနဲ့ ပျာယာခပ်မနေနဲ့ပေါ့လေ )
  • Tell the truth ( အမှန်ကိုပြောပါတဲ့..။ အမှန်ကိုပဲပြောတော့ လိမ်စရာမလိုဘူးပေါ့။ တစ်ခါလောက်လိမ်မိရင် တစ်သက်လုံး အလိမ်ဇာတ်ကြီးခင်းပြီး ထပ်ခါထပ်ခါ လိမ်ရမှာလေ..။ အစကတည်းက ရှင်းထားတော့ လိပ်ပြာသန့်ရော.. )
  • Turn off your smart phone (it's really smart how to chew up your time) ( စမတ်ဖုန်းကို ပိတ်လိုက်ပါ... စမတ်ဖုန်းဆိုတာက သင့်အချိန်တွေကို ၀ါးမြိုပစ်ဖို့ သိပ်ကို စမတ်ဖြစ်တာကလား.. တဲ့ ။ ကိုယ့်အတွက်ကတော့ စမတ်ဖုန်းထဲက ဖေ့စ်ဘုတ်နဲ့ ကန်ဒီခရပ်ရှ်ကို ပိတ်ပလိုက်ပါ။ သတင်းများများဖတ်ပါ လို့ ပြောရမလားပဲ .. )
မူရင်းလင့်က ဒီမှာ..။ အဲ့ဒီနေရာကနေ သွားဖတ်လာတာပဲ။

http://www.quora.com/How-can-I-make-my-life-simpler/answer/Garrick-Saito?srid=tnYt&share=1

တစ်ခါတုန်းကရွာတဲ့မိုး

အဲ့ဒီနေ့က အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင် အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့ မြင်ကွင်းလေးကို သတိရတယ်။ ကိုယ်က ကိုယ်ထိုင်နေတဲ့ ခွေးခြေပုလေးကိုဒီဘက်တိုးပေးလိုက်ပြီးတော့ မိုးတွေစိုကုန်မယ် .. ဒီဘက်တိုးလေ မိုး.. လို့ ပြောခဲ့မိလိုက်တယ်ထင်တယ်။ မိုးရေစက်လေးတွေစင်ကုန်လို့ ကျောတလျောက်ဖြန့်ချထားတဲ့ ဆံပင်စင်းစင်းလေးတွေမှာ မိုးစက်မှုန်မှုန်လေးတွေ တွယ်ငြိနေကြတာကိုလည်းမှတ်မိသေးတယ်။ ပြီးတော့ မိုးလေ.. ငိုတော့မယ့်မျက်နှာလေးနဲ့..။ မဟုတ်ဘူး။ မိုးတွေရွာနေလို့သာ မိုးငွေ့တွေကြားမှာ မိုးငိုတော့မယ်လို့ ထင်မိတာ ဖြစ်မှာ။ မိုးတွေသိပ်သည်းနေလို့သာ မိုးမျက်နှာပေါ်က မျက်မှန်လေးက ကိုယ်ငွေ့နွေးနွေးတွေနဲ့ အခိုးရိုက်နေတာ နေမှာ။ မိုးက ထိုင်လက်စနေရာကနေ မခွာဘဲ ကိုယ်နားမလည်နိုင်တဲ့ အကြည့်နဲ့ တစ်ချက် နဲ့ ကိုယ့်ကို စူးစူးနင့်နင့်ကြည့်တယ်..။ ပြီးတော့ တစ်ခုခုပြောတယ်..။ တစ်ခုခု.. ကိုယ်ခုအချိန်မှာ ပြန်ပြီး မမှတ်မိချင်တော့တဲ့ စကားတစ်ခုခု..။ ပြီးတော့ ကိုယ့်လက်မှာ ပတ်ထားတဲ့ လက်ပတ်ကြိုးကလေးကို တစ်ချက်ကြည့်တယ်။ ပြီးတော့ ရုတ်ခနဲဆိုင်ထဲက ထွက်သွားတယ်။ ကိုယ်က မိုးနောက်ကို ပြေးလိုက်မသွားမိဘူး။ ကိုယ့်အသိစိတ်ထဲက ဒီမြင်ကွင်းတစ်ခုလုံးမှာ ဒီတစ်ချက်လေးပဲ ခိုင်ခိုင်မြဲမြဲ စွဲထင်ကျန်ခဲ့တယ်။ သိပ်ကိုခေါင်းမာတဲ့မိုး။ တစ်ချက်လေးတောင် ကိုယ့်ကို နောက်ပြန်လှည့်မကြည့်တော့တဲ့ မိုး ။ ကိုယ့်ကို ကျောခိုင်းသွားတဲ့ လမ်းတလျှောက်မှာ မိုးတစ်ယောက်ငိုသွားသေးလား ကိုယ်မသိဘူး။ မိုးမငိုပါစေနဲ့လို့ ကိုယ်ဆုမတောင်းရဲဘူး။ မိုး စိတ်သက်သာရာရအောင် နည်းနည်းဖြစ်ဖြစ်ငိုပါစေလို့လည်း ကိုယ် ဆုမတောင်းရဲဘူး ။ တကယ်ဆို မိုးက မငိုတတ်သူပါ လို့  ကိုယ် နောက်ကျမှ သိခဲ့ရတာပဲ..။ တကယ်ဆို ကိုယ်ကသာ ပျော့ညံ့သူပါ..။ အပူကိုအလင်းထင်ပြီး အေးရိပ်က ကိုယ်တိုင်ပြေးထွက်ခဲ့မိသူ..။ ကိုယ်က ကိုယ့်ရင်ထဲကိုမမြင်နိုင်လောက်အောင်ကို အမှောင်ဖုံးမိခဲ့သူပါ မိုးရယ်..။

++++++++++++++++++++++++++++++++++++++++++

"မိုးဆီကိုလာမတွေ့တာ ကြာနေပြီနော်" လို့ ခရေပန်းတွေကောက်နေရင်းနဲ့ မိုးက တစ်ချက်လှမ်းပြောတယ်။
ဘုရားပေါ်မှာ ခရေပင်အကြီးကြီးတွေ ကို ဖြတ်ပြီးတိုက်လာတဲ့ လေက သိပ်ကို မွှေးနေတာပဲ။ ခရေပန်းတွေကို လက်တစ်ဖက်ကလက်ကိုင်ပုဝါလေးထဲ စုထည့်ထားပြီးတော့ တစ်ဖက်က ကြွေကျနေတဲ့ ခရေတွေကို ကောက်နေတဲ့ မိုးဟာ သနပ်ခါးဖွေးဖွေးလေးနဲ့ သိပ်ကိုချစ်စရာကောင်းနေတယ်။ တစ်စုံတစ်ယောက်ကြောင့် ပြန်လည် ပူလောင်လာတဲ့ ကိုယ့်ရဲ့ ရင် ဟာ မိုးနဲ့တွေ့တိုင်း အေးမြသွားတာကိုသတိထားမိရတယ်။ မိုးကို ဘာမှ ပြန်မပြောမိဘဲ ငေးကြည့်နေမိတယ်..။ ခရေပန်းတွေ လာကူကောက်ပေးပါဦး လို့ လှမ်းပြောတော့မှ မိုးအနားကို သွားမိတယ်။ မိုးနဲ့အတူတူ ခရေပန်းအကြွေတွေ လာမကောက်ဖြစ်တာတောင် တော်တော်ကြာနေပြီပဲ။ အအေးဆိုင်မထိုင်ဖြစ်တာ၊ စကားတွေမပြောဖြစ်တာ၊ မိုးအတွက် ရေးနေကျ ကဗျာလေးတွေ မရေးဖြစ်တာတောင် တော်တော်ကြာနေပြီပဲ။

"ဟိုတလောက ခရီးထွက်သွားသေးတယ်ဆို"

မိုးက တစ်ချက်လှမ်းမေးတယ်။ ဟုတ်တယ်.. မိုးကို မပြောဖြစ်ခဲ့ဘူး။

"ဟုတ်တယ်.. အိမ်ကအမျိုးတွေနဲ့ လိုက်သွားတာ ၊ ခဏပဲလေ.. နှစ်ရက်တည်းပဲလေ "

ကိုယ့်မျက်နှာအတန်ငယ်မာသွားလိမ့်မယ်ထင်တယ်။  မိုးက ဘာမှမဖြစ်သလို ပုံစံနဲ့ မျက်နှာကိုတစ်ချက်တည်လိုက်ရင်း ခရေပန်းတွေကောက်နေရာကနေ မတ်တပ်ရပ်လိုက်တယ်။ မျက်နှာကိုထီမထင်သလိုချီလိုက်ပုံရတယ်။ မိုးမျက်နှာလေးတစ်ချက်အမော့မှာ ညနေခင်းဝင်ခါနီး နေရောင်ခြည်လေးက မိုးရဲ့ သနပ်ခါးဖွေးဖွေးပါးပြင်လေးပေါ်ကို ကျနေတယ်။ မိုးက ကောက်လို့ရလာတဲ့ ပန်းတွေကို လက်ကိုင်ပုဝါလေးနဲ့ ဖွဖွကလေး ချည်လိုက်တယ်။ ကိုယ့်ဆီကိုပေးထားတဲ့ လွယ်အိတ်ကလေးထဲကို ခရေပန်းလေးတွေထည့်ပြီးထုတ်ထားတဲ့ လက်ကိုင်ပုဝါလေးကို ထည့်လိုက်ပြီးတော့ ကိုယ့်ကိုမော့ကြည့်ရင်းနဲ့ ပြောတယ်။
" မိုးကိုတော့ အသိပေးသွားသင့်တာပေါ့ နော်။ အိမ်ကအမျိုးတွေနဲ့ ဆိုတော့ ဟိုမမရော ပါသေးလား"

မိုးရဲ့အသံကထိန်းထားရမှန်းသိသာနေတယ်။ ဘုရားပေါ်က တစ်ချက်တစ်ချက် အော်မြည်လိုက်တဲ့ ငှက်သံကြားမှာ မိုးရဲ့အသံလေး ပျောက်သွားရှာတယ်။ ကိုယ့်လက်မှာပတ်ထားတဲ့ လက်ပတ်ကြိုးလေးကိုကြည့်ပြီးတော့ မေးနေတဲ့မိုးကို တကယ့်ကို ဘယ်လိုဖြေရမှန်း မသိခဲ့ဘူး။
တကယ်ဆို ကိုယ် မိုးနဲ့ မတွေ့ရဲဘူးမိုး..။ မဖြေပါရစေနဲ့လို့ စိတ်ထဲကနေ မိုးကိုအထပ်ထပ်တောင်းပန်နေမိတာပဲ။

" ဒီ လက်ပတ်ကြိုးလေးတွေ ၀တ်တာတွေ့နေရတာကြာပြီနော်... "

မိုးရဲ့အသံက တိုးတိုးတိတ်တိတ်လေးထွက်လာတယ်။ မမနိုင်ငံခြားအပြန်လက်ဆောင်ပေးထားတဲ့ ဒီဇိုင်းလှလှလက်ပတ်ကြိုးလေးတွေကို တစ်နေ့တစ်မျိုး ၀တ်နေမိတဲ့ ကိုယ့်ကို မိုး သတိထားမိသွားတာပဲ။ ကိုယ်ဘာမှပြန်မပြောဖြစ်လိုက်ပြန်ဘူး။

" မမတက်နေတဲ့ကျောင်းကိုလည်းလိုက်လိုက်သွားတယ်လို့ သူငယ်ချင်းတွေက ပြောနေကြတယ် .။"
ကိုယ်မိုးမျက်နှာကို မကြည့်ရဲတော့ဘူး။ မိုးရဲ့ရှေ့နေရာကနေ အရည်ပျော်ပျောက်ကွယ်သွားချင်လိုက်တာ။

နှုတ်ဆိတ်နေမိတဲ့ ကိုယ့်ကို  မိုးက တစ်ချက်ပြုံးကြည့်တယ်။

" သွားကြရအောင် လေ..၊ နေ၀င်တော့မယ်.. " တဲ့။

ခံစားချက်ကိုထိန်းချုပ်နိုင်သူဟာ ဆင်ခြင်ဥာဏ်ပြည့်ဝသူမို့ ထာဝရ အနိုင်ရသူပါ မိုးရယ်..။ မျက်ရည်တစ်ချက် မထွက်တဲ့ မိုး။ မျက်နှာတစ်ချက် မပျက်တဲ့မိုး။ ကိုယ်ကသာ နောင်တတွေ တလှေကြီးနဲ့ ကျန်ခဲ့ရမယ်မှန်းသိရင် မသွားပါနဲ့လို့ အဲ့ဒီအချိန်တုန်းက မိုးကို ရင်ခွင်ထဲထည့်ပြီး ကိုယ့်ဘ၀ထဲက ထွက်မသွားပါနဲ့ မိုးရယ်လို့ တဖွဖွပြောပြီး တင်းတင်းဖက်ထားခဲ့မိမယ် ထင်ပါရဲ့။ တကယ့်ကိုပဲမျက်ရည်တစ်စက်မထွက်ဘဲ နေနိုင်ခဲ့တဲ့မိုးကို ကိုယ် အံ့သြချီးကျူးမိပါရဲ့..။ မိုးဟာတကယ့်ကို မာနတွေနဲ့ပြည့်နှက်နေတဲ့သူမို့ထင်ပါရဲ့လေ..။

++++++++++++++++++++++++++++++++++++++++++

တကယ်ဆိုရင် နောင်တတွေနဲ့ ကျန်ခဲ့သူက ပူလောင်ရသူပါ မိုးရေ။
ဆောင်းနံနက်ခင်းတစ်ခုမှာ မိုးတက်နေတဲ့ ကျောင်းကို ကိုယ် လိုက်လည်ခဲ့တယ်။  ကိုယ့်လက်သန်းလေးကို မရဲတရဲတွဲထားတဲ့မိုးတစ်ယောက် အပျော်ကြီး ပျော်နေခဲ့လေရဲ့။ တစ်ခါတစ်ခါ မိုးက နှုတ်နည်းသလောက် တစ်ခါတစ်ခါကျရင်လည်း မိုးဟာ ငှက်ကလေးများလို စကားများလွန်းလှပြန်တယ်။ ကိုယ်ကျောင်းကိုလိုက်လည်တဲ့ တစ်နေ့လုံး စကားတွေများလိုက်တဲ့မိုး။ သိပ်ကိုပျော်နေလွန်းတဲ့မိုး။ ဒါပေမဲ့လည်း သိပ်ကို နွမ်းပါးလွန်းနေတဲ့မိုး။ တစ်ခါတရံ ညှိုးငယ်ဟန်ပေါက်နေတတ်တဲ့မိုး။ တစ်ခါတရံ သိပ်ကို မာနကြီးဟန်ပေါက်တဲ့မိုး။ မိုးကိုဘေးနားမှာထားရင်း လှပပြီးအမြဲသွက်လက်ချက်ချာတဲ့ မမ ၊ အမြဲ တောက်ပနေတတ်တဲ့မမကို တစ်ချက်တစ်ချက် သတိရမိနေသေးတယ်။ မမက ကိုယ့်ကို အတင်းကို ပြန်ဆက်သွယ်နေတဲ့အကြောင်း မိုးကို မသိစေချင်ဘူး။

" မိုး.. ကို့ ကျောင်းကို တစ်ရက်လိုက်လည်ပါလား.."

အအေးသောက်နေရင်းက မိုးကိုပြောလိုက်တော့ သောက်လက်စ အအေးပိုက်ကလေးကိုချလိုက်ပြီး ကိုယ့်ကို လှမ်းကြည့်တယ်။
မိုးမျက်လုံးလေးတွေ အရောင်လက်သွားရင်း ကိုယ့်ကိုပြုံးပြီးကြည့်တယ်.. ပြီးမှ..

" ပျော်စရာကြီးနော် ၊ မနက်အစောကြီး သွားရမှာလား ..ဘယ်အချိန်လဲ..။ ကားဘယ်လိုစီးကြမှာလဲဟင် ၊ ချမ်းမလားမသိဘူးနော်..ပျော်စရာကြီးနော်"

တရစပ်မေးခွန်းလေးအောက်မှာ မိုးရဲ့အသံလေး တွေလွင်နေတာပဲ။ သူ့အပျော်တွေကူးစက်သွားကြလို့လားမသိ.. မိုးရဲ့ မှုန်နေတဲ့သနပ်ခါးနံ့လေး ကိုယ့်ဆီ သင်းပျံ့လာသလိုပဲ..။ မွှေးလိုက်တာမိုးရယ်..။

" ကိုတို့ကျောင်းကားပဲ စီးသွားကြတာပေါ့ မိုးရဲ့ ၊ မနက်စောစော ၆ နာရီ အရောက် ကားဂိတ်မှာစောင့်နေ၊ ကိုလာခေါ်မယ်နော် "

အဲ့ဒီနေ့က မိုးတစ်ယောက်ပျော်နေတယ်။ အဲ့ဒီနေ့ မိုးရဲ့ကျောင်းက အပြန် ကိုယ်တို့ ဘက်စ်ကား ကျပ်ကျပ် တိုးစီးခဲ့ရတယ်။ မိုးက ကျောင်းကားမစီးဘူးတဲ့။ တစ်ချို့အတန်းတွေဖျက်ပြီး စာသင်ရသေးလို့ ပြန်ရတာလွယ်အောင် ဘက်စ်ကားပဲ စီးတယ်တဲ့။ ကိုယ်ပိုင်ကားလှလှနဲ့ကျောင်းတက်တဲ့ သစ်လွင်လှပလွန်းတဲ့ ချစ်ခဲ့ရတဲ့ တစ်ချိန်ကကိုယ့်ရဲ့မမဟာ ကိုယ့်စိတ်ထဲကို ခဏရောက်လာတယ်..။ ပျော့ညံ့လွန်းသူကိုယ့်ကို ခွင့်လွှတ်ပါမိုးရယ်...။

+++++++++++++++++++++++++++++++++++++++++

ကိုယ့်ကျောင်းကို မိုးလိုက်လည်တဲ့ အဲဒီနေ့က ထူးထူးခြားခြားနှင်းတွေကျနေခဲ့တယ်။ မှတ်မိသေးလား မိုးရေ..။ ပြတင်းပေါက်တွေဖွင့်ထားတဲ့ ကျောင်းကားအတွင်းထဲအထိ တံတားတစ်ခုကို ဖြတ်ရတုန်း နှင်းတွေ ကားအတွင်းထဲအထိ အလုအယက်ဝင်လာကြတာလေ..။ မိုးဝတ်ထားတာမိန်းမ၀တ် ရှပ်အကျီင်္လက်စကလေးနဲ့မို့  မိုးများ ချမ်းနေမလားလို့ ကြည့်မိတော့ အံ့သြတကြီး ပျော်နေတဲ့ မိုးရဲ့မျက်နှာလေးဟာ နှင်းတွေကြားထဲမှာ ဖြူနုဝင်းပနေလိုက်တာလေ။ မိုးဟာ အသံလေးတိတ်နေပြီး ငြိမ်သက်နေရှာတယ်။ ကျောင်းကားပေါ်မှာ ဆူညံနေကြတဲ့ သူတွေကြားထဲမှာ မိုးဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကိုယ်ကပထမအတန်းချိန်ကို မိုးနဲ့တူတူတက်ပြီးတော့ ကျန်တဲ့အချိန်တွေ အတန်းပြေးပြီး ကိုယ်တို့နှစ်ယောက် လျှောက်သွားကြတဲ့အခါ မိုးတစ်ယောက်မှာ ပျော်လွန်းလို့။ ကိုယ်တို့တွေ ခြေတညောင်းပဲ နေမပူခင် လျှောက်သွားကြတယ်။ ပြီးတော့ ကင်တင်းမှာ ထိုင်နား ထမင်းစား။ မိုးတစ်ယောက်ပျင်းဟန်ပေါက်လာတော့ ကိုယ်ကပဲမြို့ထဲသွားကြရအောင်လေ ၊ စာအုပ်ဆိုင်တွေဘက်သွားကြရအောင်လို့မိုးကိုပြောပြီး ထ ပြန်ကြတယ်။
မြို့ထဲမှာထမင်းပေါင်းဝင်စားပြီး အမေ့အိမ်စာအုပ်ဆိုင်ကိုဝင်ကြတာ မှတ်မိသေးလားမိုး..။ ကိုယ်က စာအုပ်တွေဝယ်တော့ မိုးက စာအုပ်လေးတစ်အုပ်လိုက်ဝယ်တယ်။ မင်းလူရဲ့ ငှက်ကလေး ဆိုတဲ့စာအုပ်။ မိုးက မိုးအပိုင်သိမ်းထားချင်လို့လို့ပြောတယ်။
ကိုယ်ရှင်းလိုက်မယ်ပြောတော့ မိုးက "ဟင့်အင်း.. မိုးကိုယ့်ဘာသာရှင်းပါရစေ"တဲ့...။
ကိုယ်က အတင်းရှင်းမယ်လုပ်တော့ ကိုယ့်ကိုတစ်ချက် မော့ကြည့်လိုက်တဲ့ မိုးရဲ့ မျက်ဝန်းတွေဟာ ကိုယ့်ကိုထိတ်လန့်သွားစေတယ်။နောက်ဆုံးတော့ ကိုယ်က မိုးကိုယ်ပိုင်ငွေနဲ့ ၀ယ်လာတဲ့ စာအုပ်လေးကို အဖုံးလေးပဲဖုံးပေးနိုင်ခဲ့တယ်။ ဖလင်ပြားလေးကို အသဲနှစ်ခုဆက်နေတဲ့ပုံစံ ညှပ်ပြီး စာအုပ်ညှပ်လို့ရအောင် ကြိုးကလေးနဲ့တွဲချည်ပြီးထည့်ပေးလိုက်တယ်။ မိုးက ကိုယ်ကိုယ်တိုင်ဖုံးပေးထားတဲ့ စာအုပ်လေးကို တရိုတသေ ကြည့်ပြီး "ကျေးဇူးတင်ပါတယ်" တဲ့။
မိုးရယ်.. ဒါလေးကို ကျေးဇူးတင်စရာလိုလို့လား လို့ တွေးမိရင်း ထွက်ခွာသွားတဲ့ မိုးရဲ့ကျောပြင်ကို ပဲ ငေးကြည့်မိတယ်။

+++++++++++++++++++++++++++++++++++++++++++++++

ဆောင်းမနက်ခင်းတချို့မှာ ကျောင်းပျက်တာများလို့ မလိုက်နိုင်တော့တဲ့ ဘာသာရပ်တစ်ခုအတွက် မိုးတစ်ယောက်ကျူရှင်တက်ရတော့ ကိုယ်က မိုးကို စက်ဘီးလေးနဲ့ လိုက်ပို့ရသေးတယ်။ တစ်ချို့ရက်တွေကျတော့ ကိုယ်က မိုးကျူရှင်ကိုလာကြိုရုံပဲတတ်နိုင်တယ်..။  အစောကြီးတက်ရတဲ့မိုးရဲ့ကျူရှင်ကို ပထမဆုံးကိုယ်လိုက်ပို့ရတဲ့ရက်တုန်းက ကိုယ့်စက်ဘီးနောက်မှာ မရဲတရဲ ထိုင်စီးရှာတဲ့မိုး၊ တစ်ခါတစ်ခါ စက်ဘီးက မငြိမ်လို့ လှုပ်သွားတဲ့အခါ ကိုယ့်ခါးကို မရဲတရဲ လှမ်းဖက်လိုက်တော့

"ဖက်ရင်ရဲရဲဖက်ဗျ၊ မရဲတရဲဆို ကိုယ်က ယားတယ် " လို့နောက်မိတယ်။

ကိုယ်အဲ့လိုပြောပြီးနောက် မိုးလေ ကိုယ့်ခါးကို ဖက်ပြီး မျက်နှာလေးအပ်ထားလိုက်တာ ကိုယ့်ကျောပြင်မှာ သနပ်ခါးနံ့လေး စွဲထင်ကုန်တဲ့အထိပဲ။
လွမ်းရပါတယ် မိုးရေ..။ ခုချိန်မှာ မိုးရဲ့ ပါးပြင်က သနပ်ခါးရနံ့မွှေးမွှေးကို လွမ်းမိပေမဲ့ တချိန်ကတော့ မမရဲ့ ရေမွှေးရနံ့ကို ကိုယ်စွဲလမ်းခဲ့ကြောင်း မိုးကိုရှက်ရှက်နဲ့ ၀န်ခံရတော့မယ်။ ကိုယ့်ကိုယ်ကိုလည်း မုန်းတီးရပါတယ်မိုး။ ဒါဟာ မိုး ကိုယ့်ကို အငြင်သာဆုံးနဲ့ အထိရောက်ဆုံး လက်စားခြေခြင်းပဲဖြစ်ပါစေတော့မိုးရယ်။ မိုးကိုယ့်ကိုရေးပြီးပေးဖတ်တဲ့ ကဗျာလေးထဲကလို ပေါ့..။
"ဝေဒနာဆိုတာ ခံနိုင်ရည်ရှိမှုနဲ့ မဆိုင်ဘူး" တဲ့။
ကိုယ်က မိုးကို ခံနိုင်ရည်ရှိတယ်ဆိုပြီး ဝေဒနာတွေထပ်ခါတလဲလဲပေးခဲ့မိသူပါမိုးရေ။ မိုးကတော့ ကိုယ်ပေးတဲ့ဝေဒနာတွေကို မခံစားနိုင်တော့လို့ အဝေးကိုထွက်ပြေးသူလို့ ကိုယ်တွေးပြီးကြေကွဲရပြန်တယ်။ အမြဲလိုလို ဒွိဟတွေနဲ့ တွေဝေနေတတ်တဲ့ကိုယ့်ကိုယ်စား အဖြေတစ်ခုကိုကိုယ်ခေါင်းမရှုပ်အောင် ကိုယ့်ကိုတမင်တကာနှုတ်ဆက်သွားသလိုပဲလို့ကိုယ်တွေးမိပါသေးတယ်..။ သိပ်ကိုကြေကွဲရပါတယ်မိုးရေ..။ တွေဝေတတ်တဲ့သူဟာ မိမိကိုယ်ကို အမှန်မသိသူမို့ တစ်သက်စာထာဝရ ရှုံးသူပါပဲ မိုး..။

+++++++++++++++++++++++++++++++++++++++++++

" လိပ်ကလေး.. ပက်လန်လန်နေတာတောင် ပြုံးစိစိနဲ့.. ဘယ်လိုအခက်အခဲမျိုးပဲကြုံကြုံ အဲဒီလိပ်ကလေးကိုသတိရနော် .."
ကိုယ်က အစိမ်းရောင်လိပ်ကလေး ပက်လက်ကလေးနဲ့ ပြုံးစိစိဖြစ်နေတဲ့ပုံပါတဲ့ ပို့စ်ကဒ် သေးသေးလေးရဲ့နောက်မှာ စာရေးပြီး မိုးကို ပေးတယ်။ ၁ ရက် ၁ လ  နှစ်သစ်တစ်ရက်မှာ မမျှော်လင့်ထားတဲ့လက်ဆောင်လေးကို ရတဲ့ မိုးက အံ့သြတဲ့မျက်နှာပေးလေးနဲ့ ၊ မထုံတတ်တေး ။ မိုးက စာသားရဲ့အောက်မှာရေးထားတဲ့ ချစ်ရတဲ့ကို ဆိုတဲ့ စာသားကို မျက်မှောင်ကြုတ်ကြည့်နေတုန်းမှာ ကိုယ်က မိုးကို ရည်းစားစကားပြောမိတယ်။ မထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့နေရာမှာ လုံးဝမမျှော်လင့်ထားတဲ့လူတစ်ယောက်ဆီကကြားရတဲ့စကားမို့ မိုးဟာ ရှက်ရှက်နဲ့ ကိုယ့်ရှေ့ကနေ အပြေးတစ်ပိုင်းထွက်သွားတယ်။ ကဒ်ကလေးကိုလွှတ်မချခဲ့ဘူး။ ဒီအကြောင်းတွေ မိုးဆီက ပြန်ကြားရတဲ့အချိန်မှာ မိုးက ကိုယ့်ပုခုန်းစွန်းလေးကို မှီနွဲ့နေပြီ..။ မိုးဟာ မကွေ့ကောက်ဘူး။ မကွယ်ဝှက် ဘူး။ သဘောဖြောင့်လွန်းလှတယ်။ ဒါကြောင့်ပဲ ထင်ပါရဲ့ လေ.. မမကြောင့် ဒဏ်ရာရခဲ့တဲ့ ကိုယ်က မိုးကို ငြိတွယ်မိလေသလား။ မိုးရင်မှာ ခဏခိုဝင်ခဲ့မိလေသလား။ မကွေ့ကောက်တတ်တဲ့မိုးဆီက ကိုယ့်အတွက်အဖြေကိုမစောင့်လိုက်ရသလို မိုးကိုလည်း မယုံမကြည်ဖြစ်ရခြင်းတွေမရှိခဲ့ဘူး။ မိုးကလည်း ကိုယ့်ကို နည်းနည်းလေးမှ စိတ်အနှောင့်အယှက်ပေးတယ်လို့လည်းမရှိခဲ့ဘူး။ ဒါကြောင့်ပဲ မိုးဆီရတဲ့ အေးမြခြင်းတွေဆီက ကိုယ်က ပြေးထွက်ခဲ့မိလေသလား မိုးရေ..။ မမရဲ့ချုပ်နှောင်မှုတွေကြောင့် ကျဉ်းကျပ်လာတဲ့နေ့မှာ မိုးဘယ်ရောက်နေပြီလဲ လို့ အလန့်တကြားတွေးမိရတယ်။ မိုးကို အရှက်ရတယ်။ အဲ့လိုအချိန်မှာများကိုယ့်ကို မိုးက ဘာကြောင့်ဒီလောက်ပျော့ညံ့သွားရတာလဲ လို့ လာမေးရင်လည်း တစ်ကြိမ်တစ်ခါလောက်တော့ ပျော့ညံ့ခွင့်ပေးပါလို့ ပြောမိရတော့မှာပါပဲ။ မိုးက လိပ်ကလေးကို သတိမရတော့ဘူးလားလို့ လှောင်ရယ်သလိုမေးလာခဲ့ရင်လည်း ကိုယ်က လိပ်ပက်လက်လန်သလို ဖြစ်တာ မိုးထားသွားတဲ့နေ့ကတည်းကပါလို့ ပြောမိမလားပဲမိုးရေ..။ မွန်းကြပ်ပိတ်လှောင်မှုတွေအောက်မှာ ကိုယ်က မိုးကို ပြန်ရှာမိတော့ မိုးဟာ စိတ်အနာကြီးနာခဲ့သူမို့ တစ်ယောက်တည်းအဝေးကိုပြေးသတဲ့။ ကိုယ်ဟာ အပြစ်ရှိသူမို့ မိုးရဲ့အနားကို မချဉ်းကပ်ဝံ့ဘူး။ ကိုယ့်အကြောင်းကိုများ မိုးကြားတဲ့အခါ လှောင်ရယ်နေမလားလို့ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ပိတ်မိတယ်။ ရင်ထဲကအနာကို မိုးအပါအ၀င် ဘယ်သူမှမမြင်စေရဘူး။ ရင်ထဲမှာ ကျိတ်ငိုခွင့်သာ ပေးပါတော့မိုးရေ..။ ကိုယ်ဟာ အေးမြခြင်းရဲ့အဝေးကို ပြေးထွက်မိသူမို့ နောင်တတွေနဲ့သာ ထိုက်တန်ပါတယ် ။ လိပ်ပြာမသန့်သူမို့ မိုးကို လိုက်ရှာခွင့်လည်း မပေးပါနဲ့တော့ မိုး...။

++++++++++++++++++++++++++++++++++++++++++++++++

" အကို့တို့နှစ်ယောက်ကို မနေ့က ကျွန်မဘက်စ်ကားပေါ်ကနေ လှမ်းတွေ့လိုက်တယ်"

မိုးအသံက ထိန်းထားတဲ့ကြားကတုန်ခါနေတယ်။ ကိုယ့်ရင်ထဲမှာ ထိတ်ခနဲပဲ။ ရုတ်ချည်းဆိုသလို ကိုယ့်ရင်ထဲမှာ အေးစက်သွားတယ်။ မျက်နှာတစ်ခုလုံးထူပူလို့။ ကိုယ်လေ မိုးမျက်နှာကို မကြည့်ရဲဘူး။ အခေါ်အဝေါ်တွေ ပြောင်းပစ်လိုက်ပြီဖြစ်တဲ့မိုးရဲ့ လေသံတွေ အေးစက်နေမှန်း ကိုယ်သိပါတယ်။

" မိုးလိုချင်တာက နှစ်ဦးနှစ်ဘက် အပြန်အလှန် အလုံးစုံ စိတ်ချယုံကြည်ရတဲ့ ချစ်ခြင်းမေတ္တာပါ။ ကျွန်မက အကို့ကို ချစ်ခဲ့တယ်ဆိုတာ အကို့အပေါ်ကိုအထင်ကြီးခြင်းအပေါ်ကို အခြေခံပြီးချစ်ခဲ့မိတာ။ ကိုယ်အထင်ကြီးရတဲ့ချစ်သူကို ကျွန်မက အကြွင်းမဲ့ယုံကြည်ခဲ့တယ်။ အခုလိုမျိုး ကျွန်မအပေါ်ကို ဆက်ဆံခံရတာ စိတ်အနာဆုံးပဲ။ တစ်သက်ဖျောက်မရနိုင်တော့တဲ့ ဒဏ်ရာပဲ။ "

မိုးရဲ့ စကားတွေက မြားတွေလိုပဲ ကိုယ့်ရင်ကို လာစူးကြလေရဲ့။ စူးပါစေတော့မိုးရေ။ မိုးကို ဒဏ်ရာတွေပေးမိတဲ့ကိုယ်ဟာ အပြစ်ရှိသူပါ။ ကိုယ်ကမိုးမျက်နှာလေးကိုပဲ ငေးကြည့်နေမိတော့တယ်။ ကိုယ့်တစ်ကိုယ်လုံး မီးခိုးငွေ့တွေအဖြစ်ပြောင်းသွားကြပြီထင်ရဲ့။ မိုးလက်ကလေးကို လှမ်းဆွဲလိုက်ချင်ပေမဲ့ မမရဲ့ လက်ပတ်ကြိုးလေးဟာ မိုးလက်ကလေးကို လှမ်းဆွဲမယ့်ကိုယ့်လက်ကို အတင်းဆွဲတားထားကြသလိုပဲ။ အဲ့ဒီအချိန်တုန်းက မမကိုရင်ဘတ်ထဲ ထည့်ခဲ့မိတဲ့ကိုယ်မို့ မိုးဘက်ကို အလေးမသာခဲ့တာကိုတော့ ရင်နာနာနဲ့ဝန်ခံပါတယ်မိုး။
အစက ခပ်ဖွဲဖွဲကျနေတဲ့မိုးတွေ ရုတ်တရက်သည်းသည်းမည်းမည်းရွာချလာတယ်။ ကော်ဖီဆိုင်လေးရဲ့ အစွန်ဆုံးစားပွဲမှာ ထိုင်နေကြတာမို့ မိုးစက်တွေဟာ မိုးရဲ့ကျောတလျှောက်ကိုလာစင်နေတယ်။ ကျောတလျှောက်ချထားတဲ့ မိုးရဲ့ဆံနွယ်တွေမှာ မိုးစက်တွေ လာငြိတွယ်နေကြတာကိုကိုယ်မှတ်မိပါသေးတယ်။ မိုးတွေစိုကုန်မယ် .. ဒီဘက်တိုးလေမိုးလို့ ပြောလိုက်မိတယ်ထင်တယ်မိုးရယ်.. အဲ့ဒီစကားကလွဲရင် ရင်ထဲမှာဗလောင်ဆူကာ အခိုးအငွေ့တစ်ဝက်ဖြစ်နေတဲ့ကိုယ်က ရှက်ရွံ့ခြင်းအပြည့်နဲ့မို့ မိုးကို ပြောဖို့ တခြားစကားလုံးတွေ ထွက်မလာနိုင်ဘူး။ အပြင်မှာသည်းနေတဲ့မိုးတွေ ကိုယ့်အပေါ်ကိုသာအကုန်ရွာချပါစေတော့လို့ ဆုတောင်းမိလေသလား မသိဘူးမိုးရေ..။ အဲ့ဒီအချိန်မှာပဲ မိုးက ကိုယ့်ကို တစ်ခုခုပြောတယ်..။ အခုအချိန်မှာ ကိုယ်ပြန်မစဉ်းစားချင်ဆုံးတစ်ခုခု..။

" အကို ခြေလှမ်းတွေပျက်တာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မသိက္ခာကို ဒီလောက်ထိ စော်ကားလိမ့်မယ်လို့ မထင်မိလောက်အောင် အကို့ကို အထင်ကြီးမိခဲ့တာတော့ ကျွန်မအမှားပေါ့။ အကိုက သိပ်တွေဝေတတ်လွန်းတယ်ဆိုတော့ လည်းအကို့အတွက် ကျွန်မကပဲအဆုံးအဖြတ်ပေးခဲ့ပါမယ်။ အကိုတို့နှစ်ယောက်လုံးပျော်ရွှင်ပါစေ.."

မိုးရဲ့အသံက ခပ်တိုးတိုးပေမဲ့ ညင်သာပြတ်သားလှတယ်။ ကိုယ့်မျက်လုံးတည့်တည့်ကို အေးစက်စက်စိုက်ကြည့်ပြီးပြောနေတဲ့ မိုးဟာ ပြတ်သားနေတယ်။ မိုးက ထိုင်နေရာက ထွက်သွားတယ်။ မိုးရေတွေထဲ..။ မျက်ရည်တစ်ချက် မထွက်တဲ့မိုး။ သိပ်ကို မာနကြီးတဲ့မိုး။ အဲ့ဒီအချိန်တုန်းက အဖြစ်ချင်ဆုံးဆန္ဒဟာ အခိုးအငွေ့တွေအဖြစ်နဲ့ကိုယ့်တစ်ကိုယ်လုံးပျောက်ကွယ်သွားချင်တဲ့စိတ်ပဲ ဖြစ်မယ်ထင်ပါရဲ့ မိုးရေ..။ အဲ့ဒီနေ့က ကော်ဖီဆိုင်လေးမှာ မိုးတွေ စဲတဲ့အထိ ထိုင်နေမိတယ်။ မိုးထားခဲ့တဲ့ ကော်ဖီခွက်ကလေးကို ကြည့်ရင်းက မျက်ရည်ဝဲရပြန်တယ်..။ မိုးရေတွေ တစ်စက်စက်ကျနေတဲ့ မြေသားတွေကိုငေးကြည့်ရင်းနဲ့ ကိုယ့်မှာ အေးစက်ရပြန်တယ်။ ဟင်းလင်းပြင်တစ်ခုထဲမှာ မျောလွင့်ရသူလို ကယောင်ချောက်ချားနဲ့ ကိုယ့်လက်ကိုတင်းတင်းဆုပ်ထားရပြန်တယ်..။ ကိုယ်ဟာ အားငယ်တတ်သူပါလို့ စိတ်ထဲမှာ မိုးကိုတိတ်တိတ်တမ်းတရတယ်။ မမဟာ ကိုယ့်ကို မအေးမြစေနိုင်သူမို့ မိုးဆိုတဲ့အေးရိပ်ဆီကို တမ်းတမိတတ်တဲ့အခါ မိုးကိုရှက်ရွံ့အားနာရတယ်။ ချန်ခဲ့ပါတော့မိုး..။ ကိုယ့်အနားက အဝေးဆုံး အကောင်းဆုံးဆိုတဲ့အရပ်ဆီကိုသာ ထွက်ပြေးပါတော့မိုးရေ..။

+++++++++++++++++++++++++++++++++++++++++++

မိုးတွေ တစ်ပေါက်ပေါက်ကျလာတယ်။ မှာထားတဲ့ကော်ဖီကို စားပွဲထိုးလေးက စားပွဲပေါ်လာချပေးပြီးသွားတဲ့အခါ မိုးရေစက်တွေ ပိုစိတ်လာတာကိုသတိထားလိုက်မိတယ်။ မိုးတွေသည်းတဲ့ မိုးရက်တစ်ရက်ရယ်၊ ကော်ဖီရယ်.. ဟာ ကိုယ့်ကိုမမေ့နိုင်တဲ့အတိတ်တွေဆီခေါ်သွားနေကြပေါ့.. ။ တကယ်ဆို အဲ့ဒီနေ့က အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင် အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့ မြင်ကွင်းလေးကို သတိရမိတုန်းပဲ။
                                                                                                                            စိမ်းမြလင်းသစ်
                                                                                                                             10/03/2014

ကြယ်ကလေးနဲ့ ခဏတာ

ကိုယ်မခူးဖြစ်ခဲ့တဲ့ သစ်သီးတွေ
သိပ်ကိုချိုမြိန်တယ်လို့ ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
ဘယ်အရပ်ဆီ ကိုယ့်မျက်နှာကိုလွှဲခဲ့ရတယ် မသိတော့ဘူး။
သိပ်ခံစားတတ်လွန်းတာဟာလည်း
ကြေကွဲစရာကောင်းခြင်းတစ်မျိုးပဲ ကြယ်ကလေး...။
နှလုံးသားခပ်ထူထူ
မျက်နှာထားခပ်ထူထူ လူတွေဟာ
အားကျဖွယ်ရာ လူသားတွေလို့ကိုယ်ပြောရင်
ကြယ်လေးရေ...မအံ့သြနဲ့။

နှစ်ကာလတွေဟာ နှလုံးသားတွေကိုတိုက်စားတတ်တယ်ဆိုတာ
ကိုယ်ကအကောင်းဆုံးသက်သေပဲ လို့ ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
လိမ္မာချင်ခဲ့လွန်းလို့ အမှားများခဲ့တဲ့ကိုယ်ဟာ
ခုချိန်မှာ စိတ်ထင်ရာရွေ့လျားပစ်ချင်မိတယ်လို့
ကြယ်လေးမသိအောင် ခပ်တိုးတိုးရေရွတ်မိခဲ့တယ် ။


ကိုယ်ဖြစ်လိုရာကို ဖန်တီးယူဖို့  ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
နှလုံးသားကိုကျောခိုင်းမိခဲ့ပြီးနောက်
ကိုယ့်မနက်ဖြန်တွေဆီ ဘယ်တော့မှ မရောက်နိုင်တော့ဘူးလို့
ရင်ထဲမှာ တဖွဖွရွတ်နေမိတယ်။

ကြယ်လေးနဲ့ ခဏတာအချိန်တွေကို ရပ်တန့်ပစ်ချင်နေမိတဲ့အခိုက်
အမှတ်တမဲ့ ကြည့်မိလိုက်တဲ့ တိမ်တစ်စဟာ
လေယာဉ်ပျံပုံစံအဖြစ်ပြောင်းသွားတယ်
အကွာအဝေးဆိုတာ စိတ်ကို နာကျင်စေတဲ့ ဆူးပဲ...။
ကိုယ်ဟာ ဘ၀အတွက်နေခဲ့ရတယ်
အခု ဘ၀ထဲမှာပဲ နေချင်တော့တယ် လို့ ကြယ်လေးကို ပြောမိတော့
ကိုယ် အဓိပ္ပယ်မဖွင့်တတ်ခဲ့တဲ့ အကြည့်တွေနဲ့ ကြယ်လေး ကိုယ့်ကိုကြည့်တယ်။

ကြယ်ကလေးရေ ...
တကယ်တော့ ဘ၀ဆိုတာ
ဖြစ်ချင်ရာဖြစ်ပစေ ဆိုပြီး ပစ်ချထားလိုက်ဖို့ကောင်းတဲ့အရာပဲ။
ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိပြီး
ဝမ်းနည်းရတဲ့ အကြောင်းတွေ ကြယ်လေးကို မပြောပြချင်ဘူး
သိပ်မွန်းကျပ်လွန်းလာတဲ့အခါ
တစ်ယောက်တည်းနေပြီး အခန်းထောင့်မှာငိုမယ်
စိတ်ထဲရှိတာတွေ ချရေးမယ်
ပြန်လည်ပေါ့ပါးလာတဲ့အခါ
ငါ့ဘ၀ဟာ နေပျော်စရာပါလို့ ကိုယ့်ကိုယ်ကို ပြန်နားချမယ်
ကြယ်လေးမသိအောင် ကြယ်လေးကိုပြုံးပြမယ်
တစ်ဖန်ပြန်လည်စိမ်းစိုဖို့
သစ်ရွက်တွေကိုကြည့်မယ်
ဖိနပ်ကြိုးကို ခပ်တင်းတင်းချည်ပြီးရင်တော့
လေသာရာအရပ်ဆီကို မျက်နှာမူပြီးလမ်းလျှောက်ထွက်မယ် ။

ဒါပေမယ့်...
တစ်ခါတရံတော့
သိပ်ကိုသာယာတဲ့နေရာလေးက
ကြယ်လေးနဲ့ ခဏတာ ကို
ဒိုမီနိုတွေ သောက်တိုင်း ကိုယ် လွမ်းမှာပေါ့
တိမ်တွေ လေယာဉ်ပုံစံပြောင်းသွားတိုင်း ကိုယ် လွမ်းမှာပေါ့ ။  ။

မင်း

ဖြစ်နိုင်လျှင် စိတ်ကို အတိတ်ဆီမှာပဲ ထားလိုက်ချင်သည်။ ဒီစာကို သူဖတ်မိလျင် လက်တွေ့မဆန်သူဟု ပြောမည်။ ကိုယ်ကပြုံရုံပဲတတ်နိုင်သူသာ။ ဒီထက်လည်း ကိုယ်မပြောတတ်။ စကားလုံးတွေဟာ အကန့်အသတ်တွေနဲ့။ တစ်ဖက်ကမ်းဆီသို့ ကူးခပ်ခဲ့၏။ လှိုင်းနှင့်အတူ ဒီမှာဘက်ကမ်းဆီသို့သာ ယွန်းခဲ့ရပြန်သည်။ ပြတင်းပေါက်မှန်ဆီကတဆင့် အပြင်ကိုကြည့်မိတော့ လမ်းမီးတိုင်တွေဟာ ဆောင်းညလမ်းမီးတိုင်တွေလို။ ဆောင်းမဟုတ်၊ နှင်းမဟုတ်။ မီးခိုး.. မြူ...။ အပူဟာ ကိုယ့်နှလုံးသားကို ဖိနှိပ်ထားသလိုဟုပြောလျင် မင်းက ရယ်နေလိမ့်ဦးမှာ။ ဒီညလည်း အိပ်လို့ရမှာ မဟုတ်။ မန်းဒေးဘလူးဟာ ကျူးစ်ဒေးဆီ လိုက်လာလိမ့်ဦးမှာ ။

ကြယ်ငါး

" အချိန်တွေကသိပ်ကိုမြန်လွန်းတယ်..။ ပြန်တွေးကြည့်လိုက်ရင် ဂျက်လေယာဉ်စီးနေတုန်းမှာ မျက်လုံးကိုခဏလေးမှိတ်လိုက်မိ
သလိုပဲ.။ ပြန်ဖွင့်ကြည့်လိုက်တော့ အာရှကိုလွန်ခဲ့ပြီ.."

အဲ့ဒိစကားကိုဆရာပြောတုန်းက ကျွန်မနဲ့ အွန်လိုင်းမှာ စကားပြောနေတုန်းအချိန်..။ သူ့ရဲ့ ရှားရှားပါးပါးအချိန်လေးထဲကနေ ကျွန်မကိုပြတ်တောင်းပြတ်တောင်းပြန်ပြောနေရင်းက သူ့စိတ်တွေလည်း အတိတ်တွေဆီရောက်နေတယ်ထင်တယ်..။ ဆရာ့မျက်နှာကိုမမြင်ရပေမဲ့ အရင်ကအတိုင်းခပ်တင်းတင်း၊ ခပ်တည်တည်၊ အကြည့်စူးစူးတွေနဲ့  နှုတ်ခမ်းတွေကိုမထီမဲ့မြင်ဟန်ခပ်တွန့်တွန့်ကွေးထားဦးမှာပါပဲ။

ဆရာ့နဲ့နောက်ဆုံးတွေ့တုန်းက သူ့ချန်ထားရစ်ခဲ့တော့မယ့် သူချစ်မြတ်နိုးတဲ့ ကျူရှင်ခန်းမှောင်မှောင်လေးရှေ့မှာ ။ မခွဲချင်ဘဲခွဲထားခဲ့ရတော့မယ့်ဟန်နဲ့ ခရီးဆောင်အိတ်ကို ပြင်နေတဲ့ ဆရာ့ကိုအရင်ဆုံးလှမ်းမြင်ရတယ်..။ အဲ့ဒီနေ့က  လေဆိပ်ဆင်းတော့မယ့်ဆရာ့ကိုမမီတော့မှာစိုးရိမ်တဲ့စိတ်နဲ့  ခဲထူထူလမ်းကို ခလုတ်တိုက်လဲတော့မိမတတ် ဒရောသောပါးလျှောက်ရင်း အပြေးအလွှား..။ ဆရာ့အတွက်တစ်ခုခုလုပ်ပေးလိုက်ချင်တဲ့စိတ်နဲ့ ဆရာ့အတွက်ဆိုပြီး မနက်အစောကြီးကိုယ်တိုင်ကြော်ထားတဲ့ ငါးပိကြော်ကိုအပြည့်အသိပ်ထည့်ထားတဲ့ ပုလင်းလေးကို ဆရာ့ကိုလှမ်းပေးတယ်။ ဒီထက်ပိုပြီး လက်ဆောင်မပေးနိုင်လိုက်တာ စိတ်မကောင်းဘူး..။ ဆရာ့အတွက် လို့ ပြောပြီးပေးလိုက်တော့..ဆရာက ပြုံးပြီလှမ်းယူတယ်။ အဲ့ဒီတုန်းကတော့ ဘာခံစားချက်မှန်းမသိဘူး.။ ဒီလောက်အကြာကြီးပြန်မတွေ့ရတော့မှာမှန်းလည်းမသိခဲ့ဘူး..။  ကျွန်မသိပ်ကြိုက်တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်သတိဖြင့်နေထိုင်ခြင်း ဆိုတဲ့စာအုပ်လေးကို ဆရာ့အတွက်လက်ဆောင်ဆိုပြီး ကျွန်မက မရဲတရဲနဲ့ ပေးတော့ ဆရာကသေသေချာချာလှမ်းယူတယ်..။ ၀မ်းသာသွားပြီး ဆရာလိမ်လိမ်မာမာနေနော် လို့ လွှတ်ခနဲပြောထွက်သွားတော့ ဆရာများစိတ်ဆိုးသွားမလားလို့ မရဲတရဲကြည့်မိသေးတယ်..။ အဲ့ဒီတုန်းက ဆရာက ထုံးစံအတိုင်းခပ်ပြုံးပြုံးနဲ့ အေးအေး တဲ့..။ ပြုံးစိစိနဲ့ခေါင်းကိုတောင်လှမ်းပုတ်လိုက်သေးလားမသိဘူး..။ ကျွန်မကလည်း ကိုယ့်ဆရာကို လိမ်လိမ်မာမာနေနော်လို့ ပြောမိတဲ့အထိ ဆရာလုပ်ချင်ခဲ့တဲ့လူ..။

အဲ့ဒီတုန်းက ဆရာနဲ့ ဆရာတပည့်သက်တမ်း လေးနှစ်လောက်ရှိပြီ.၊ အဲ့ဒီ့အချိန်အထိ ဆရာ့ကို နားမလည်နိုင်ခဲ့ဘူး..။ အခုအချိန်ထိလို့ပြောရမလားပဲ..။ ဆရာနဲ့စသိတော့ မှတ်မှတ်ရရ ၉ တန်းနှစ်..။ အစ်မနဲ့ သိတဲ့ ဆရာက အိမ်ကိုလာလည်ရင်းနဲ့ ကျွန်မကိုသူ့ကျောင်းမှာ FOC ထားမယ်ဆိုပြီးပြောတယ်..။  အဲ့ဒီနောက်တော့ သူ့စာသင်ခန်းလေးဆီမှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတက်ဖူးတဲ့ ကျူရှင်ဆိုတာကြီးကိုစတက်တယ်..။ ကျူရှင်ခန်းလေးက လက်ဖက်ရည်ဆိုင်တစ်ခုရဲ့အပေါ်ထပ်..၊ ခန်းမအကျယ်ကြီး ။ အမြဲနှုတ်နည်းတဲ့ကျွန်မကိုဆရာက သူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေးတယ်..။ နောက်တော့လည်း အဲ့ဒီသူငယ်ချင်းတွေနဲ့အရမ်းကိုခင်ပြီး ခနော်နီခနော်နဲ့ လှေကားလေးကို တ၀ုန်းဝုန်းပြေးတက်ပြေးဆင်း..။ ဘိုင်အိုသင်တဲ့ဆရာ့ကို ဘိုင်အိုတင်မကဘူး..စာအကြောင်းပေအကြောင်း၊ သီချင်းတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း..၊ စကားကြီးစကားကျယ်တွေပြောကြ၊ ကျွန်မတို့သူငယ်ချင်းတွေ ငြင်းကြခုန်ကြ၊ ဆရာလုပ်ပေးထားတဲ့ စာသင်ခန်းလေးထဲက ဆရာ့ကိုယ်ပိုင်စာကြည့်တိုက်လေး..၊နဲ့..။ အဲ့ဒီတုန်ကတော့ brain storm လုပ်တယ်ဆိုတာကိုနားမလည်ခဲ့ဘူး..။ အဲ့ဒီအချိန်တုန်းကတော့ ရင်ဆိုင်လာရမယ့် အနာဂတ်ဆိုတာကို ရင်ခုန်တဲ့စိတ်နဲ့ တစ်ခါတစ်ခါ မရဲတရဲ လှမ်းကြည့်..။ အားငယ်စကားတွေပြောမိတိုင်းဆရာက စာအုပ်တွေပေးဖတ်တယ်။ သိသိသာသာရော မသိမသာရော စိတ်အားတက်ကြွအောင်လုပ်ပေးခဲ့တာချည့်ပဲ။ အဲ့ဒီတုန်းက ကျွန်မတို့တွေ ၉ တန်း၊ ၁၀ တန်း..။  ဒီလိုနဲ့..ဆရာ့ရဲ့ ကျူရှင်ခန်းလေးက ကျွန်မတို့ရဲ့ စပ်ကူမက်ကူးလူငယ်ကာလကို အရောင်တင်ပေးခဲ့ပါတယ်..။

ခုတော့ဆရာက သတင်းဌာနတစ်ခုမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်နေပြီ။ အမှန်အတိုင်းဝန်ခံရရင် ဆရာစာသင်တဲ့ဟန်ကို ဘာပုံကြီးမှန်းမသိဘူးလို့ အီလည်လည်ကြီးတွေးမိခဲ့တာ..အဲ့ဒီတုန်းကတော့ သိပ်ပဲများတာပဲလို့ သူငယ်ချင်းအုပ်စုကြားထဲမှာအတင်းအုပ်ကြရင်းပေါ့..။ အမှန်ကတော့ဆရာက အဲ့ဒီတုန်းကတည်းက ဇာတိပြခဲ့တာဖြစ်မယ်။ အဲ့ဒီတုန်းက စာသင်တဲ့ဟန်က အခု သတင်းကြေငြာတဲ့ဟန်အတိုင်းပဲ..။ သိပ်တော့မပြောင်းလဲဘူး..။ စကားပြောခပ်မြန်မြန်သွက်သွက်။ လက်ကလည်း နိုင်ငံခြားသတင်းဌာနက သတင်းကြေငြာနေသူတစ်ယောက်လိုမျိုး လှုပ်ရွပြီးရှုပ်ယှက်ခတ်နေတာ။ အဲ့ဒီတုန်းကတော့ မျက်စိကိုနောက်နေရောပဲ။ ခုတော့ ငါ့ဆရာကွဆိုပြီး ကြည့်ရတယ်။  ကျွန်မမှာတပည့်မို့လို့လားတော့မသိဘူး.. ဆရာသတင်းကြေငြာတာကိုကြည့်ရင်း သြော်..ငါ့ဆရာအရင်ကအတိုင်း ဖြစ်သလိုနေတုန်းပဲ.. ညကဘီယာသောက်ထားလို့ မျက်နှာကြီးအစ်နေတာလားမသိဘူး..အင်း....လက်မမှာလည်းကွင်းကြီးစွပ်ထားသေးတယ်..အသက်ကကြီးပြီ ခုချိန်ထိ လူငယ်လုပ်တုန်းပဲ..  စသဖြင့် ချစ်စနိုးနဲ့စိတ်ထဲကဝေဖန်မိတာအကြိမ်ကြိမ်။

ဆရာ့စတိုင်နဲ့ပတ်သတ်ပြီး မှတ်မှတ်ရရဖြစ်ရပ်တွေရှိသေးတယ်..။ ပထမဆုံးစတွေ့တုန်းကတော့ ကျူရှင်ဆရာပီပီ လယ်ကတုံးအကျီ်အဖြူ၊ ပုဆိုးကိုအရှည်ကြီးဝတ်ပြီး လက်မှာလည်းမှတ်စုစာအုပ်ထူထူတစ်အုပ်၊ ဖတ်လက်စ စာအုပ်တစ်အုပ်နဲ့၊ မျက်မှန်တပ်တယ်။ ဆံပင်ကိုဆီရွှဲရွှဲလိမ်းပြီးတော့တစ်ခါတလေ စီးကရက်တစ်လိပ်ကိုခဲထားသေးတယ်.။ ဆရာ့များစာသင်ခန်းမှာတွေ့လိုက်ရင်အမြဲတမ်းသုတ်သီးသုတ်ပြာနဲ့။ သင်လိုက်ရတဲ့စာသင်ခန်းတွေလည်းမနည်းဘူး။ ဆရာ့မို့လို့ သူဌေးလည်းမဖြစ်ဘူး။ အမြဲတမ်း သူ့ကျူရှင်ခန်းမမှာပဲအိပ် ၊ တကယ့်ကို ဖြစ်သလိုနေ ဖြစ်သလိုစား၊ တစ်ခါတစ်ခါများ ဆရာစားရင် ကျူရှင်အောက်ထပ်ဆိုင်ကမှာတဲ့ မြေပဲ၊ကြက်သွန်ကြော်နဲ့ဆီဆမ်းဆားဖြူး ထမင်းကိုစားတယ်။ ဒါပေမဲ့ စာသင်ကျောင်းတိုင်းမှာ သင်တန်းကြေးမယူဘဲ သင်ပေးခဲ့တာတွေကြောင့် ဘာပဲပြောပြော သူ့ဆီမှာ တပည့်တွေတော့သိပ်ပေါတယ်။ သူ့ကိုယ်ပိုင်စာသင်ခန်းလေးမှာလည်း စာကြည့်တိုက်အသေးလေးတစ်ခုလုပ်ပေးပြီးတော့ တပည့်တွေကိုစာဖတ်ဝါသနာပါအောင်လုပ်ပေးပါသေးတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်မတို့သူငယ်ချင်းတွေ လေကြီးလေကျယ်တွေ တော်တော်ပြောခဲ့တာထင်တယ်လို့  မကြာမကြာတွေးမိတယ်။ ၁၀ တန်းစာသင်ခန်းထဲမှာ မေးမိတဲ့ မေးခွန်းတွေကြောင့် ရူပဗေဒဆရာ စိတ်ညစ်ရတာအခါခါ။ အင်္ဂလိပ်စာဆရာကို မနက်ဆိုရင် အခန်းအပြင်ကနေအော်ခေါ် အတင်းနှိုးပြီးစာသင်ခိုင်းရတယ်။ နောက်တော့လည်း ဆရာတို့ကျေးဇူးနဲ့ အောင်ခဲ့ကြတာပါပဲ။ ဆရာ့မို့လို့ စာမေးပွဲ မဖြေခင်ညမှာ သူ့တပည့်တွေကိုစိတ်မချနိုင်ဘဲ အိမ်ပေါက်စေ့ လိုက်ကြည့်တယ်။ သူငယ်ချင်းတွေစုံမှ ပြန်ပြောကြတော့သိရတယ်။ ၁၀ တန်းပြီးတော့ ဆရာနဲ့ သူငယ်ချင်းတွေနဲ့ ခဏအဆက်အသွယ်ပြတ်သွားသေးတယ်။ ပြန်တွေ့တော့ ဆရာက ကျူရှင်ခန်းလေးနေရာပြောင်းပြီးပြီ။ ကျူရှင်ခန်းနေရာလည်းပြောင်း၊ လူလည်းစတိုင်ပြောင်းပဲ။ အရင်ကလယ်ကတုံးအဖြူနဲ့ ပုဆိုးနဲ့ဆရာက ဆိုင်ကယ်တဖုန်းဖုန်းနဲ့ ၊ တစ်ခါတလေ ပုဆိုး၊ တစ်ခါတလေ ဘောင်းဘီနဲ့ ဆိုင်ကယ်ကြီးတဖုန်းဖုန်းနဲ့။ အဲ့ဒီတုန်းကရန်ကုန်မှာဆိုင်ကယ်စီးလို့ရသေးတယ်။ နောက်ပိုင်းတော့ ဆရာ့ဆိုင်ကယ်ကိုမတွေ့မိတော့ဘူး။ ဒါပေမယ့် ပုဆိုးဝတ်တာမတွေ့ရတော့ဘဲ ဘောင်းဘီတိုကြီးနဲ့ ။ အဲ- ဘာစိတ်ကူးလည်းတော့မသိဘူး.. လက်မှာ တုတ်တစ်ချောင်း ကိုင်ထားတာတွေ့တွေ့လာတယ်။ ရိုက်တော့မရိုက်ပါဘူး။ တစ်ခါကဆရာ့ကိုလှမ်းမြင်တော့ လက်ဖက်ရည်ဆိုင်သွားတာထင်တယ်။ အပေါ်ပိုင်းက စွပ်ကြယ်၊ အောက်က ဘောင်းဘီတို၊ လက်မှာ ကြိမ်လုံးနဲ့။ ကောင်းကောင်းသွားတာမဟုတ်ဘူး။ ကြိမ်လုံးကို တစ်ချက်ချက် အမှတ်တမဲ့ လွှဲလွှဲသွားသေးတယ်။ ဆရာ့မို့လို့ အဲ့လိုထူးခြားနေတာထင်တယ်။ ဒါပေမဲ့ ဘာအကြောင်းအရာတွေက ဆရာ့ကိုဒီလောက်ထိပြောင်းလဲသွားစေလဲတော့ မတွေးတတ်ခဲ့ပါဘူး။ အမှန်က အဆင်မပြေတဲ့အခိုက်အတန့်ကာလတွေကို တစ်ယောက်တည်းကျိတ်ပြီးဖြတ်သန်းခဲ့ရတာဖြစ်မယ်လို့ နောက်ပိုင်းမှတွေးမိခဲ့ပါတယ်။


၉ တန်း၊ ၁၀ တန်းလောက်က မှတ်မှတ်ရရ ကွန်ပြူတာဆိုတာကြည့်ချင်ရင် မဂ္ဂဇင်းတွေထဲက ဓာတ်ပုံတွေကိုပြူးပြဲကြည့်ရတယ်။ ကျောင်းမှာ ကွန်ပြူတာခန်းဆိုတာရှိပေမဲ့ မီးမလာတဲ့အခန်းထဲမှာ မှောင်မှောင်နဲ့မည်းမည်းမို့လို့ မှန်ပြတင်းပေါက်ကနေ သေသေချာချာ ချောင်းကြည့်တာတောင် သိပ်မမြင်ရဘူး။ စိတ်ထဲမယ် ကွန်ပြူတာဆိုတာကြီးကို လက်နဲ့ကိုင်ကြည့်ရင်ဓာတ်လိုက်မလားထင်တာ။ ၁၀တန်းအောင်ပြီးစမှာ ဆရာက ကွန်ပြူတာလေးတစ်လုံးကို စာသင်ခန်းပေါ်တင်လာတယ်။ စာကြည့်တိုက်လေးဘေးမှာထားတယ်။ ပြီးတော့ လွယ်ကူလေ့လာကွန်ပြူတာဆိုတဲ့စာအုပ်လေးရယ်၊ အခြားကိုယ်တိုင်လေ့လာလို့ရတဲ့ စာအုပ်လေးတွေရယ် ယူလာတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မတို့သူငယ်ချင်းတစ်သိုက် အဲ့ဒီနားမှာတ၀ဲဝဲပဲ။ နောက်တော့လည်း ဆရာ့ရှေ့မှာ လေ့ကျင့်ခန်းလေးတွေလုပ်လိုက် အလစ်မှာ ဂိမ်း ဆော့လိုက်နဲ့ ။ အဲ့ဒီတုန်းက ကျွန်မတို့သူငယ်ချင်းတွေကို အားလပ်ချိန်မှာ သူ့ကျောင်းသားတွေကိုစာပြန်ပြဖို့ခေါ်ထားတာ။ ပြီးရင် ကွန်ပြူတာလေ့လာ၊ စာအုပ်ဖတ်ပေါ့လေ။ ကျွန်မတို့ကလည်း ကျောင်းသားတွေကိုစာရှင်းပြ၊ ပြီးရင် ဂိမ်းဆော့။ နောက်ပိုင်းဆရာ့ကျေးဇူးနဲ့ ကိုယ့်စရိတ်ကိုယ်ရှာပြီး ကျောင်းပြီးတဲ့အထိ တက်နိုင်ခဲ့တယ်။

တကယ်တော့ ဆရာက ကျွန်မဘ၀ရဲ့ ကျေးဇူးရှင်ဆိုတာ ခဏခဏပြန်ပြန်တွေးမိတာအခါခါပါ။ ဆရာက မကြာခဏပြောပြဖူးတာက သဲသောင်ပေါ်တင်နေတဲ့ ကြယ်ငါးလေးတွေကို လူတစ်ယောက်က ပင်လယ်ထဲပြန်ပစ်ချပေးတဲ့ဇာတ်လမ်းလေးအကြောင်း။ ဆရာကကြယ်ငါးတွေကို ပင်လယ်ထဲပြန်ပစ်ချပေးချင်တဲ့သူ။ အဲ့လိုပစ်ချနိုင်ဖို့အတွက် စာကြည့်ခန်းလေးတွေ ပညာဒါနစာသင်ကျောင်းလေးတွေကိုတစ်နိုင်တစ်ပိုင်လုပ်တယ်။ လူငယ်ခြေစမ်းဖို့ ကွင်းဖန်တီးပေးတယ်။ တပည့်တွေကိုလည်းဝိုင်းကူခိုင်းတယ်။ ဆရာကိုယ်တိုင်ကိုက မြောက်ဥက္ကလာက နာမည်ကြီးပညာဒါန စာသင်ကျောင်းမှာ ဘာသာခြားစကားတွေကိုသင်ဖူးတော့ ဒီလိုကျောင်းတွေရဲ့ အကျိုးကျေးဇူးကိုကောင်းကောင်းသိပြီး သူကိုယ်တိုင်ဦးစီးပြီးလုပ်ရှာတယ်။ ဒါပေမဲ့ သူဦးတည်ပြီးဖွင့်ခဲ့တာက အတန်းကျောင်းပညာဒါနတွေ။ နောက်ပြီးတော့ အပင်ပန်းခံပြီးဖွင့်တာက ညကျောင်း။ အလုပ်တစ်ဖက်နဲ့သူတွေအတွက် စာမေးပွဲပြန်ဖြေလို့ရအောင်။ ဒီကြားထဲ မဂ္ဂဇင်းတွေမှာဆောင်းပါးတွေ ကဗျာတွေ ရေးသေးတယ်။ သူ့မှာတစ်ခါတစ်ခါအိပ်ချိန်တောင်ရှိပုံမရဘူး။ မျက်တွင်းကဟောက်ပက်နဲ့။ ဒါပေမဲ့ အမြဲတမ်းတက်ကြွနေတာပဲ။  အဲ့ဒီလိုဆရာက နိုင်ငံခြားကိုအပြီးသွားမယ်ဆိုတော့ အံ့အားသင့်ရတယ်။ ဘာကများဆ၇ာ့ရဲ့စိတ်တွေကို ပြောင်းလဲစေခဲ့တာလဲ။ ဆရာ့ရဲ့ ကြယ်ငါးတွေကို ထားခဲ့ပြီလားလို့ မေးချင်ခဲ့မိတယ်။ တကယ်တော့ ဆရာ ဘာရည်ရွယ်ချက်တွေရှိလဲ၊ ဘာတွေဆက်လုပ်မှာလဲ၊ စသဖြင့် မေးခဲ့ဖို့ကောင်းတာ။ ဒါပေမဲ့ ဘာဖြစ်လို့မှန်းမသိဘူး။ ဆရာ့ကိုဘာဆိုဘာမှ မမေးခဲ့ဘူး။ ဆရာကလည်း ဘာကိုမှ မပြောခဲ့ဘူး။ တကယ့်ကို တိတ်တိတ်ဆိတ်ပဲ။ အကုန်လုံး တကွဲတပြားနဲ့ တိတ်တိတ်ဆိတ်ဆိတ်  ရွေ့လျားခဲ့ကြတယ်.။

နောက်တော့ဆရာ့ကို သတင်းဌာနတစ်ခုမှာအစီအစဉ်တင်ဆက်သူအဖြစ်ပြန်တွေ့ရတယ်။ ဂျီတော့ခ်မှာ အင်ဗိုက်လုပ်တော့ ချက်ချင်းလက်ခံပြီးဝမ်းသာအားရနဲ့စကားတွေလှမ်းပြောတယ်။ ဆရာက အရင်လိုဖြစ်သလိုနေတုန်းပဲ။ အရင်တုန်းက အိပ်မက်တွေနောက်ကိုလိုက် နေတုန်းပဲလား။ အဲဒီမေးခွန်းတွေကို နောက်မှမေး အခုမမေးနဲ့ဦး လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး သာကြောင်းမာကြောင်းတွေ အရင်မေးရတယ်။ ဆရာက အစီအစဉ်တစ်ခုလုပ်နေရင်းတန်းလန်းနဲ့မို့လို့ စကားစကိုဖြတ်လိုက်ရတယ်။ နောက်တစ်ခါ ဂျီတော့ခ် မီးလုံးလေးလင်းလာတာတွေ့မှပဲ မေးရတော့မယ်.. ကြယ်ငါးလေးတွေကို အရင်ကလို ပင်လယ်ထဲပစ်ချတုန်းပဲလား။ အရင်ကထက်ပိုပြီးပစ်ချနိုင်ရဲ့လားလို့ မေးချင်ပါသေးတယ်..။ ကျွန်မကိုယ်တိုင်ကိုက ဆရာ ပစ်ချပေးခဲ့တဲ့ ကြယ်ငါးလေးမဟုတ်လား..။


စိမ်းမြလင်းသစ်

17/04/2012
နှင်းတွေဝေဦးမလား

နှင်းရေ...လို့ ခဏခဏခေါ်မိပေမယ့် နှင်းဟာရောက်မလာပါ။ ရောက်မလာသေးပါ။ နှင်းတွေရောက်ကိုရောက်လာရလိမ့်ဦးမယ်လို့ ကော်ဖီခွက်ကို ခပ်ဆဆသောက်ရင်းက တွေးခဲ့လိုက်တယ်။ သောက်လက်စကော်ဖီဟာအငွေ့တွေ မသေသေးပါ။ ကော်ဖီငွေ့တွေကိုအကုန်ရှူရှိုက်လိုက်မိပြီးတဲ့နောက်မှာ ကော်ဖီခွက်ဟာချက်ချင်းဆိုသလိုအေးစက်သွား။ တစ်ချိန်တည်းမှာပဲ နှင်းရေ.. လို့ လွှတ်ခနဲခေါ်လိုက်မိပြန်တယ်။ မကြာမတင်ပင်ပူပြင်းသောနွေရက်တွေထဲဖြတ်သန်းရတော့မည်။ ဆောင်းအခါအိမ်ခေါင်မိုးအုတ်ကြွပ်မိုးတွေပေါ်တင်နေကြလိမ့်မည်ဖြစ်သော နှင်းတွေကိုသာ ထိုင်ငေးနေချင်တော့တာပါပဲ။ နှင်းတွေတဖွဲဖွဲကျနေသောမနက်ခင်းတွင် စာတိုက်ပုံးထဲလာထည့်ထားလိမ့်မည်ဖြစ်သော သတင်းစာမှာ နှင်းအကြောင်းပါလာလိမ့်ဦးမည်။ ဒီတစ်ခါနှင်းတွေကျလာရင် အိမ်တံခါးတွေအကုန်ဖွင့်ထားမှာ။ မျက်နှာကျက်ဆီမှာ လည်နေသော ပန်ကာသံဟာ တအိအိနဲ့ ငြူစူနေသလိုပါပဲ။ ဒီနေရာမှာနှင်းသာဆို တိတ်တဆိတ်ရောက်လာမှာ။ မျက်လုံးကို ခဏမျှပိတ်သောအခိုက်အတန့်တွင်ပင် လှိုက်ခနဲ လွမ်းဆွတ်လာပြန်သည်။ ဒီလိုနဲ့ပဲ လွှတ်ခနဲတမ်းတမိပြန်တာပါပဲ...။ နှင်းရေ...။
(SMLT) (12.06 am)
ခဏခဏတည်ဆောက်ရသမျှ ခဏခဏပြန်လည်ပြိုပျက်နေတော့လည်း ကျနော်ဟာ တစ်ခါတုန်းကကမ်းခြေမှာဆောက်ဖူးခဲ့တဲ့ သဲပုံရဲတိုက်ကလေးကိုကျောခိုင်းခဲ့ရသလို ကျောခိုင်းလိုက်ရတော့မှာပါပဲ။ အငွေ့အသက်တွေ... ခြေရာလက်ရာတွေ... ပြီးတော့... ဘယ်တော့လောက်မှ သက်သာလာမယ်မသိတဲ့ ဒဏ်ရာတွေ... အကုန်လုံးကို ၀တ်ထားတဲ့ အနီရောင်ရှပ်ကလေးနဲ့ပဲ ယုယစွာ ထုတ်ပိုးခဲ့လိုက်တယ်။ ကျနော်ကျောခိုင်းထွက်ခွာခဲ့ပေမယ့်... ဘယ်အချိန်မှပြန်လာနိုင်မယ်မသိပေမယ့်... ပင်လယ်ဟာ ရှိကိုရှိနေခဲ့တယ်မဟုတ်လား ရှိမြဲရှိနေလိမ့်ဦးမယ်မဟုတ်လား။
SMLT (31.3.16)

Tuesday, 17 November 2015

ခုတလော ဒီရက်ပိုင်းတွေမှာ ပျော်ရွှင်ခြင်းဆိုတာဘာလဲ ဆိုတဲ့အကြောင်းကို ကျွန်မစဉ်းစားနေမိတယ်။
အသက် ၃၁ ဆိုတာ ဘ၀ကို ငြီးငွေ့ဖို့ သိပ်ကို စောလွန်းနေသေးပေမဲ့ ဘ၀ကိုကျွန်မ ငြီးငွေ့နေခဲ့ပြီဆိုတာကိုတော့ မသိမသာ လက်ခံရတော့မှာပါပဲ။ ဒါဆိုရင် ဘယ်အရာတွေက ကျွန်မကို အဲ့ဒီလိုဖြစ်စေတာလဲ ဆိုတာ ရှာဖွေနိုင်ခဲ့ရင် ၊ ဘာအကြောင်းကြောင့်ဆိုတဲ့ အဖြေကိုသိပြီဆိုရင် ကျွန်မဟာ ပျော်ရွှင်ခြင်း ဆီကို သွားနိုင်ပြီလားလို့တွေးမိပြန်တယ်။ ဘ၀ဟာ ကျွန်မအတွက် ငြီးငွေ့ခြင်းဆိုတဲ့အဓိပ္ပယ်တစ်ခုထက် ပိုသင့်တယ်၊ ပိုရမယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ နေ့ရက်တွေက ထပ်ပြန်တလဲလဲ ပုံစံတစ်ခုတည်းပဲ ထပ်နေတဲ့အခါ ငြီးငွေ့ခြင်းကို တွန်းလှန်ဖို့ အတော်ခက်ပါတယ်။ အသက်၃၁ ဟာ not too old , not too bold ပေါ့။ အသက်သိပ်မကြီးလွန်း သိပ်လည်းမတက်ကြွလွန်းတော့တဲ့အချိန်ပေါ့လေ။ အတည်ငြိမ်ဆုံးအချိန်၊ ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းအား၊ ချင့်ချိန်နိုင်စွမ်းအားတွေကိုအစွမ်းကုန်အသုံးချပြီး ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်တွေပဲဖြစ်သင့်တာပေါ့။ ကျွန်မကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်မိတယ်။ ငါပျော်ရွှင်သလား။ ( ဟင့်အင်း ) ။ ကဲ ဒါဆို ပျော်ရွှင်ခြင်းဟာ ဘာများဖြစ်မလဲ။ ဘာလုပ်လိုက်ရရင် ပျော်မှာလဲ။ အခြားသူတွေကရော ပျော်ရွှင်ခြင်းဆိုတာကို ဘယ်လိုလက်ခံထားကြသလဲ။ ငါ့ရဲ့ ပျော်ရွှင်ခြင်းကို တိုင်းတာတဲ့စံ က ဘာလဲ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အားလပ်ရက်မှာ ရုပ်ရှင်တစ်ကားကြည့်ဖြစ်ပါတယ်။
Hector and the search for happiness တဲ့။ Hector အဖြစ် သရုပ်ဆောင် Simon Pegg , Clara အဖြစ် GoneGirl ဇာတ်ကားထဲက မင်းသမီး Rosamund Pike တို့အဓိက သရုပ်ဆောင်ထားပါတယ်။ IMDB က rating 6.9 ရထားပါတယ်။ ဒါရိုက်တာ Peter Chelsom ပါ ။ drama , comedy ဆိုလို့ အပျော်ကြည့်ရင်းက ကျွန်မအတွေးတွေနဲ့ လာတိုက်ဆိုင်လို့ ဆက်ကြည့်မိပါတယ်။ ဇာတ်ကားတစ်ကားလုံးပြောစရာမရှိအောင်ကောင်းပါတယ်။

အဓိကဇာတ်ဆောင် မင်းသားဖြစ်တဲ့ Hector ကpyschiatrist စိတ်ကုဆရာဝန် အဖြစ်သရုပ်ဆောင်ထားတယ် ။ သူ့မှာ အမြဲဖျက်လတ်တက်ကြွနေတဲ့ သူ့ကိုအမြဲ စိတ်ချမ်းသာစေတဲ့ အတူနေချစ်သူရှိတယ်။ သူ့လူနာတွေနဲ့အချိန်ကုန်လိုက်၊ အားလပ်ရက်မှာ ချစ်သူနဲ့ အပန်းဖြေလိုက်နဲ့ သူ့ဘ၀ဟာ ချမ်းမြေ့နေတယ်ဆိုရမယ်။ ဒါပေမဲ့ Hector လည်းသူ့ဘ၀ကိုသူငြီးငွေ့လာခဲ့တယ်။ ငြီးငွေ့လာမှုကြောင့်ပဲ သူဟာ သူ့လူနာတွေနဲ့အဆင်မပြေဖြစ်လာတယ်။ သူ့ဘ၀ကိုသူ မပျော်ပိုက်တော့ဘူး။ သူဟာ သူ့လူနာတွေ ရဲ့ မပျော်ရွှင်ခြင်းတွေကို ကုစားဖို့အတွက် ပျော်ရွှင်ခြင်းကို မရှာဖွေပေးနိုင်တော့ဘူး။ သူ့ဘ၀ကိုသူ မပျော်တော့ဘူး။ ဒါနဲ့ပဲ သူ့ချစ်သူရဲ့ ခွင့်ပြုချက်နဲ့ သူကိုယ်တိုင် ပျော်ရွှင်ခြင်းကို လိုက်လံရှာဖွေပါတော့တယ်။

Hector က ပျော်ရွှင်ခြင်းကို ရှာဖွေဖို့ တရုတ်ပြည်ကိုသွားတယ်။ မပျော်ရွှင်ခြင်းကိုရှာဖွေဖို့အတွက်

Tuesday, 1 September 2015

ကြယ်လေးနဲ့ ခဏတာ

ကိုယ်မခူးဖြစ်ခဲ့တဲ့ သစ်သီးတွေ
သိပ်ကိုချိုမြိန်တယ်လို့ ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
ဘယ်အရပ်ဆီ ကိုယ့်မျက်နှာကိုလွှဲခဲ့ရတယ် မသိတော့ဘူး။

သိပ်ခံစားတတ်လွန်းတာဟာလည်း
ကြေကွဲစရာကောင်းခြင်းတစ်မျိုးပဲ ကြယ်ကလေး...။
နှလုံးသားခပ်ထူထူ
မျက်နှာထားခပ်ထူထူ လူတွေဟာ
အားကျဖွယ်ရာ လူသားတွေလို့ကိုယ်ပြောရင်
ကြယ်လေးရေ...မအံ့သြနဲ့။

နှစ်ကာလတွေဟာ နှလုံးသားတွေကိုတိုက်စားတတ်တယ်
ကိုယ်ကအကောင်းဆုံးသက်သေပဲ လို့ ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
လိမ္မာချင်ခဲ့လွန်းလို့ အမှားများခဲ့တဲ့ကိုယ်ဟာ
ခုချိန်မှာ စိတ်ထင်ရာရွေ့လျားပစ်ချင်မိတယ်လို့
ကြယ်လေးမသိအောင် ခပ်တိုးတိုးရေရွတ်မိခဲ့တယ် ။


ကိုယ်ဖြစ်လိုရာကို ဖန်တီးယူဖို့  ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
နှလုံးသားကိုကျောခိုင်းမိခဲ့ပြီးနောက်
ကိုယ့်မနက်ဖြန်တွေဆီ မရောက်တော့ဘူးလို့
ရင်ထဲမှာ တဖွဖွရွတ်နေမိတယ်။

ကြယ်လေးနဲ့ ခဏတာအချိန်တွေကို ရပ်တန့်ပစ်ချင်နေမိတဲ့အခိုက်
အမှတ်တမဲ့ ကြည့်မိလိုက်တဲ့ တိမ်တစ်စဟာ
လေယာဉ်ပျံပုံစံအဖြစ်ပြောင်းသွားတယ်
အကွာအဝေးဆိုတာ စိတ်ကို နာကျင်စေတဲ့ ဆူးပဲ...။
ကိုယ်ဟာ ဘ၀အတွက်နေခဲ့ရတယ်
အခု ဘ၀ထဲမှာ နေချင်တယ် လို့ ကြယ်လေးကို ပြောမိတော့
ကိုယ် အဓိပ္ပယ်မဖွင့်တတ်ခဲ့တဲ့ အကြည့်တွေနဲ့ ကြယ်လေး ကိုယ့်ကိုကြည့်တယ်။

ကြယ်ကလေးရေ ...
တကယ်တော့ ဘ၀ဆိုတာ
ဖြစ်ချင်ရာဖြစ်ပစေ ဆိုပြီး ပစ်ချထားလိုက်ဖို့ကောင်းတဲ့အရာပဲ။
ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိပြီး
ဝမ်းနည်းရတဲ့ အကြောင်းတွေ ကြယ်လေးကို မပြောပြချင်ဘူး
သိပ်မွန်းကျပ်လွန်းလာတဲ့အခါ
တစ်ယောက်တည်းနေပြီး အခန်းထောင့်မှာငိုမယ်
စိတ်ထဲရှိတာတွေ ချရေးမယ်
ပြန်လည်ပေါ့ပါးလာတဲ့အခါ
ငါ့ဘ၀ဟာ နေပျော်စရာပါလို့ ကိုယ့်ကိုယ်ကို ပြန်နားချမယ်
ကြယ်လေးမသိအောင် ကြယ်လေးကိုပြုံးပြမယ်
တစ်ဖန်ပြန်လည်စိမ်းစိုဖို့
သစ်ရွက်တွေကိုကြည့်မယ်
ဖိနပ်ကြိုးကို ခပ်တင်းတင်းချည်ပြီးရင်တော့
လေသာရာအရပ်ဆီကို မျက်နှာမူပြီးလမ်းလျှောက်ထွက်မယ် ။

ဒါပေမယ့်...
တစ်ခါတရံတော့
သိပ်ကိုသာယာတဲ့နေရာလေးက

ကြယ်လေးနဲ့ ခဏတာ ကို
ဒိုမီနိုတွေ သောက်တိုင်း ကိုယ် လွမ်းမှာပေါ့
တိမ်တွေ လေယာဉ်ပုံစံပြောင်းသွားတိုင်း ကိုယ် လွမ်းမှာပေါ့ ။  ။

2/9/15



Thursday, 8 May 2014

ငါ့မှာ အိမ်မရှိဘူး

ငါ့မှာ အိမ်မရှိဘူး။
တကယ်တော့ ငါဟာ အိမ်မဲ့ယာမဲ့တစ်ယောက်ပါကွယ်
အများတကာတွေက အိမ်လွမ်းတယ်ပြောရင်
ငါက ဘယ်အိမ်ကို လွမ်းရမယ်မသိဘူး
အမေက အစ်မ အိမ်မှာ နေတဲ့အခါ
ငါအမေ့ဆီပြန်တော့ အစ်မအိမ်က ငါ့အိမ်မဟုတ်ပြန်ဘူး
အမေက ငါ့အစ်မကို ကြည့်ရှုပြီး ငါ့ညီမကို စောင့်ရှောက်ရတဲ့အခါ
ငါဟာ ဒီကျွန်းမှာ ငွေရှာရသူ အိမ်ပြေး မိန်းကလေးပေါ့။
မိန်းကလေးပီပီ အမေ့အနား ချွဲချင်တဲ့အခါလည်းရှိတာပေါ့။
အမေ့ကို ဖုန်းခေါ်ပြီးချွဲချင်တဲ့အခါ
အမေ့ဖုန်းက မအားပြန်ဘူး။
တစ်ခါတစ်ခါ ငါဖုန်းခေါ်ပြန်ရင်
အမေဟာ ငါ့အစ်မနဲ့ညီမအတွက် ချက်ပြုတ်ပြီးခါစမို့ မောမောနေတတ်တော့
အလိုက်တသိနဲ့ အထွေအထူးဘာအကြောင်းမှ မရှိပါဘူးလို့ ပြောပြီး ဖုန်းချလိုက်ရတယ်။
ငါ့မှာ အိမ်မရှိဘူး လို့ တွေးမိတော့
ရင်ထဲမှာအောင့်တယ်။ အသက်ရှူရကြပ်တယ်။
ဘယ်တော့မှမပြည့်နိုင်တဲ့ဘဏ်အကောင့်လေးကငါ့ကိုရယ်တယ်။
ကြံရာမရတဲ့အဆုံး
မျက်ရည်တွေတွေကျပြီး
ဘယ်ဘက်ပါးကို ဘယ်လက်နဲ့ဖြန်းခနဲ
ညာဘက်ပါးကို ညာလက်နဲ့ဖြန်းခနဲ ရိုက်မိတဲ့အခါ
နောက်ရက်ကူးတဲ့အထိ ပါးတင်မကဘူး ၊ ရင်ဘတ်ထဲအထိ နာတယ်။
နာကျင်ရတယ်ဆိုတာ ဘယ်ဘ၀က ဘာလုပ်မိလို့လဲလို့ တွေးမိတဲ့အထိ
သံသရာကို မုန်းတီးရပါတယ်။


နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ် ဆိုတာ ငါ့အတွက်တော့
သီချင်းတစ်ပုဒ်သက်သက်ပါပဲ။
ငါ့အတွက်အိမ်ဆိုတာ အခန်းကျဉ်းတစ်ခုမျှသာ။
အခွင့်သင့်တဲ့အခါ
အရောင်တွေမတူရင် ပေါင်းလို့မရဘူးဆရာလို့
လူပုံပန်းချီကားဆွဲနေတဲ့ပန်းချီဆရာကိုတွေ့ရင် သွားပြောရမယ်။
တစ်အိမ်ထဲနေရုံမျှနဲ့ မိသားစု တစ်ခု မဖြစ်နိုင်ဘူးလို့
တရားဟော အဘိဓမ္မာဆရာကို ပြောပြရမယ်။
သည်းခံတာနဲ့ ငုံ့ခံတာဟာ မတူဘူးဆိုတဲ့အကြောင်း
သိပ်ကိုစိတ်ကောင်းရှိပုံပြလွန်းတဲ့ ငါနဲ့အနီးကပ်ဆုံးလူကိုပြောပြရမယ်။


ဟန်ဆောင်ပြီးပြုံးပြရတာ မောတယ်ကွယ်..။
တကယ်တော့ ငါက
ဟန်ဆောင်မှုရေးရာ သိပ်မကျွမ်းကျင်နဲ့
နုံနုံနဲ့နဲ့ အညတရ မိန်းမတစ်ယောက်ပါ။



















Sunday, 16 March 2014

“ခြံစည်းရိုးကာမလား..တံတားထိုးမလား…”

           
           
           
  
ဟိုးရှေးရှေးတုန်းက ဘေးချင်းကပ်လျက် လယ်ယာနှစ်ခုမှာ နေထိုင်လုပ်ကိုင်စားသောက်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ စကားများကြတယ်တဲ့။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီပြီး စက်ပစ္စည်းတွေငှားလိုက်ကြ၊  ပစ္စည်းတို့ လူအင်အားတို့ လိုအပ်တဲ့အခါ တစ်ယောက်ကိုတစ်ယောက်အကူအညီပေးလိုက်ကြနဲ့ နေလာကြတဲ့ နှစ်ပေါင်း လေးဆယ်အတွင်း ဒါဟာ ကြီးမားလှတဲ့ ပထမဆုံး စိတ်ဝမ်းကွဲမှု ပဲ။
အဲလို စိတ်ဝမ်းကွဲကြပြီးတဲ့နောက်မှာတော့ အရင်တုန်းကလို အတူတူအလုပ်လုပ်တာတွေလည်း ဘယ်ရှိတော့မလဲ။ အဲ့ဒီစိတ်ဝမ်းကွဲမှုဟာ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားမလည်မှု သေးသေးလေးကနေစလာတာပဲ။ ပြီးတော့ တဖြည်းဖြည်း ကြီးကျယ်လာပြီး နောက်ဆုံးမှာတော့ တစ်ယောက်နဲ့တစ်ယောက် ခါးသီးလှတဲ့စကားလုံးတွေနဲ့ အပြန်အလှန်ပြောဆို ပေါက်ကွဲပြီး မခေါ်နိုင်မပြောနိုင် ဖြစ်ကုန်ကြတော့တယ်။
တစ်မနက်မှာ.. အကိုဖြစ်သူဟာ သူ့အိမ်ရှေ့တံခါးကိုလာခေါက်သံကြားလိုက်ရတယ်။ သွားပြီးဖွင့်လိုက်တဲ့အခါ လက်သမားပစ္စည်းကိရိယာတွေနဲ့အတူ ယောက်ကျားတစ်ယောက်ကိုတွေ့လိုက်ရတယ်။
“ ကျနော် ရက်ပိုင်းလောက်လုပ်လို့ရမယ့်အလုပ်လာရှာတာပါ…ခင်ဗျားမှာ ကျနော်ကူညီနိုင်မယ့် အလုပ်လေးဘာလေးရှိမလားလို့ပါ “
“ အင်း.. ကျနော့်မှာခင်ဗျားအတွက်အလုပ်ရှိတယ်..။ ဒီဘက်ရေနုတ်မြောင်းလေးကိုကျော်ပြီးကြည့်လိုက်၊ အဲ့ဒီဘက်ကဟာကျနော့်အိမ်နီးချင်း၊ တကယ်တော့ ကျနော့်ညီပဲ။ ပြီးခဲ့တဲ့အပတ်က အဲ့ဒီနေရာမှာ စာခြောက်ရုပ်တစ်ရုပ်ရှိခဲ့တယ် ..ဒါပေမဲ့ အဲ့ဒါကိုသူက ဘူဒိုဇာနဲ့ထိုးကော်ပစ်ပြီး ကန်သင်းခတ်ပစ်လိုက်တော့ ခုဆို သူနဲ့ ကျုပ်နဲ့ကြားမှာ ရေနုတ်မြောင်းကလေးခြားနေပြီ။ သူက ကျုပ်ကိုဒီလိုလုပ်တယ်ဆိုတော့ ကျုပ်ကလည်း သူ့ကိုဒီထက်ပိုလုပ်ပြဦးမယ် “
“ ဒီမှာ ပရိဘောက အဟောင်းတွေ မြင်လား။ ဒါတွေနဲ့ ကျုပ်ကို ခြံစည်းရိုးကာပေးစမ်းပါ.. ၈ ပေလောက်ရှိတဲ့ခြံစည်းရိုး။ ဒါဆို ကျုပ် ဒင်းမျက်နှာကို နောက်ထပ်မြင်ရမှာမဟုတ်ဘူး “
လက်သမားကပြောတယ်..
“ အင်း.. ကျနော် အခြေအနေကို သဘောပေါက်ပြီထင်ပါတယ်။ ကျနော်သေချာပေါက် ခင်ဗျားကိုစိတ်ကျေနပ်မှုရစေမယ့်အလုပ်ကို စလုပ်ဖို့အတွက် ကျနော့်ကို သံရယ် မြေတူးတဲ့စက်ရယ်သာ ပြပါ “
အကိုကြီးဖြစ်သူဟာ လက်သမားအလုပ်စနိုင်ဖို့အတွက် ပစ္စည်းပစ္စယတွေ မြို့ပေါ်တက်ဝယ်ပေးလိုက်တယ်။ ပြီးတော့ သူအဲ့ဒီနေ့မှာ အလုပ်မလုပ်တော့ဘဲ အနားယူလိုက်တယ်။
လက်သမားဟာ တစ်နေကုန်ပဲ တိုင်းထွာလိုက် ၊ လွှတိုက်လိုက်၊ သံရိုက်လိုက်နဲ့ အလုပ်ကို သိပ်ကိုကြိုးကြိုးစားစားလုပ်တယ်တဲ့။ နေစောင်းတဲ့အချိန်လောက်မှာပဲ လယ်သမားကြီး ပြန်လာတဲ့အခါမှာ လက်သမားဟာ သူ့အလုပ်ကိုလက်စသတ်ပြီးသွားပြီ။
လယ်သမားကြီး မျက်လုံးပြူးသွားတယ်။ ပါးစပ်အဟောင်းသားပါပဲ။ ခြံစည်းရိုးလုံးဝမရှိဘူး။ တံတားတစ်စင်း ဖြစ်နေတာ။ တံတားမှ.. ရေနုတ်မြောင်းကိုတစ်ဘက်တစ်ချက်ဆက်ပေးထားတဲ့ တံတား ဖြစ်နေတာလေ။ တကယ့်ကို သပ်သပ်ရပ်ရပ်လေး။ တံတားလေးက လက်ရန်းကလေးနဲ့..။ သူ့အိမ်နီးချင်းဖြစ်တဲ့ သူ့ညီဟာ သူတို့ဆီကို လက်တွေဆန့်တန်းပြီးလျှောက်လာတယ်။
“ကျုပ် ခင်ဗျားကို အလုပ်အပ်ပြီးတာနဲ့ ခင်ဗျားက ဒီတံတားကိုဆောက်လိုက်တယ်ပေါ့ “


ညီအစ်ကိုနှစ်ယောက်ဟာ တံတားအစွန်းတစ်ဖက်စီမှာ ရပ်လိုက်ကြတယ်။ ပြီးတော့ တံတားအလယ်ဆီဆက်သွားရင်း တံတားအလယ်မှာပဲ ဆုံလိုက်ကြတယ် ။ တစ်ယောက်ရဲ့လက်ကို တစ်ယောက် ဆုပ်ကိုင်ထားကြရင်းနဲ့ပေါ့။
သူတို့ဟာ လက်သမားလေးဆီကို ကြည့်လိုက်တဲ့အခါမှာ လက်သမားလေးဟာ လက်သမားပစ္စည်းသေတ္တာလေးကို ပုခုံးပေါ်တင်နေပြီ။
“ ခဏလေးနေပါဦး..။ ရက်အနည်းငယ်လောက် ဒီမှာနေပါဦးလား။ ကျနော့်မှာ ခင်ဗျားကို အလုပ်အပ်စရာတွေအများကြီးရှိသေးတယ်”  အကိုကြီးက ပြောလိုက်တယ်။
ဒါပေမဲ့ လက်သမားလေးက ပြန်ပြောလိုက်တယ်…
“ ကျနော်လည်း နေချင်ပါတယ်ဗျာ။ ဒါပေမဲ့ ကျနော်လည်း တံတားတွေအများကြီးလိုက်ထိုးပေးစရာရှိသေးတယ်..” တဲ့။
<photo id="1" />

“မမျှော်လင့်နဲ့ ဆုံးဖြတ်ချက်ပဲချပါ…”

           
           
           
 
 
ကျနော့်မိတ်ဆွေတစ်ယောက်ကို အမေရိကား၊ အော်ရီဂွန်ပြည်နယ် ၊ ပို့တ်လန်း မြို့ကလေးက လေဆိပ်တစ်ခုမှာ သွားကြိုတုန်းက ကြုံခဲ့ရတဲ့ ကျနော့်ဘ၀အမြင်ကို ပြောင်းလဲစေခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုအကြောင်းကို ပြောပြချင်လို့။ အဲ့ဒီ အဖြစ်အပျက်လေးဟာ ကျနော့်ကို မမျှော်လင့်ပါဘဲ သတိပေးလိုက်သလိုပါပဲ။ ပြီးတော့ အဲ့ဒီအဖြစ်အပျက်လေးဟာ ကျနော်နဲ့ နှစ်ပေအကွာလောက်လေးမှာတင် ဖြစ်ပျက်သွားခဲ့တာ။
လေယာဉ်ဆိုက်လို့ ထွက်လာကြတဲ့ ခရီးသည်တွေကြားမှာ ကျနော့်မိတ်ဆွေကို အားစိုက်ရှာဖွေနေတုန်းမှာပဲ ပေါ့ပေါးပါးပါးအိတ်နှစ်လုံးကိုဆွဲပြီး ကျနော့်ရှိရာအရပ်ဆီလျှောက်လာတဲ့ အမျိုးသားတစ်ယောက်ကို သတိပြုမိလိုက်တယ်။ သူက ကျနော့်ညာဘက်ဘေးမှာ ရပ်လိုက်ပြီး သူ့မိသားစုကို နှုတ်ဆက်လိုက်တယ်။  ပထမဆုံး သူဟာ သယ်လာတဲ့အိတ်တွေကိုချလိုက်ပြီးတော့ သူ့သားအငယ်ဆုံးလေးကို စနှုတ်ဆက်တယ် ( ခြောက်နှစ်လောက်ရှိပြီ ထင်ရတာပဲ ) ။
သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အချိန်အတန်ကြာ ချစ်မြတ်နိုးစွာ ပွေ့ဖက်ထားကြသေးတယ်။ တစ်ယောက်မျက်နှတစ်ယောက်ကြည့်လို့ရနိုင်တဲ့အကွာအဝေးလောက်အထိ မျက်နှာတွေကိုခွာ လိုက်ကြတဲ့အခါမှာတော့ အဖေလုပ်သူပြောတာကို ဒီလိုကြားလိုက်ရပါတယ်။
“ သားရယ်.. ပြန်တွေ့ရတာ ၀မ်းသာလိုက်တာ.. ဖေဖေ သားကို အရမ်းလွမ်းတာပဲကွာ.. “ တဲ့။ သားဖြစ်သူက ရှက်စနိုးကြီးနဲ့ ပြုံးလို့၊ ပြီးတော့ အကြည့်လွှဲလိုက်ပြီး ခပ်တိုးတိုးပြန်ပြောတယ်..
“ သားရောပဲ ဖေဖေ.. “ တဲ့။
ပြီးတော့ အမျိုးသားက မတ်တပ်ရပ်လိုက်ပြီး အကြီးဆုံးသားကို ကြည့်လိုက်တယ် ( ကလေးက ကိုးနှစ် ဆယ်နှစ်လောက်ရှိပြီထင်ရတာပဲ)။ သူ့သား မျက်နှာလေးကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ရင်းနဲ့
“ သားကတော့ လူငယ်လေးဖြစ်လာပြီပဲ။ သားကိုဖေဖေ အရမ်းချစ်တာပဲကွာ..” တဲ့။ တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာ ချစ်ခင်စွာနဲ့ ပွေ့ဖက်လိုက်ကြပြန်တယ်။
အဲ့ဒီအချိန်မှာပဲ ကလေးမလေး ( တစ်နှစ် ၊ တစ်နှစ်ခွဲလောက်ထင်တယ် ) က ခုမှပြန်လာတဲ့ သူ့အဖေကို သူ့မျက်လုံးသေးသေးလေးတွေနဲ့ မခွာတမ်းကြည့်ရင်း သူ့အမေ လက်ပေါ်ကနေ တွန့်လိမ်ပြီး သူ့အဖေဆီကို ထိုးဆင်းနေတော့တာ။ အမျိုးသားက
“ ဟေး..သမီးလေး “ သူ့သမီးလေးကို ကြင်ကြင်နာနာကြည့်ရင်းခေါ်လိုက်တယ်။ ပြီးတော့ သမီးလေးရဲ့  မျက်နှာကို ခပ်မြန်မြန်နမ်းလိုက်ပြီး ကလေးကို ချီလိုက်တယ်။ ကလေးမလေးက ချက်ချင်းကို ဇိမ်ကျသွားပြီး သူ့ခေါင်းကလေးကို အဖေလုပ်သူရဲ့ ပုခုံးပေါ်မှာ အကျအနလှဲချလိုက်တော့တာပဲ။
အချိန်အတော်လေးကြာတော့မှ သူက ကလေးမလေးကို သူ့သားအကြီးဆုံးဆီကို ပြောင်းပေးလိုက်ပြီးတော့ ပြောလိုက်တယ်။
“ ကဲ.. အဖေက အထူးစပရှယ်ကို နောက်ဆုံးမှာ ချန်ထားတာကွ..” ဆိုပြီးတော့ ကျနော်မြင်ဖူးသမျှမှာ အချိန်အကြာဆုံး ..၊ ပြီးတော့ မက်မောစရာအကောင်းဆုံး အနမ်းရှည်ကြီးကို သူ့ဇနီးကို ပေးတော့တာပဲ။ ပြီးတော့ သူဟာ သူ့အမျိုးသမီးရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး
“ ကိုယ် မင်းကို အရမ်းချစ်တာပဲ “ လို့ ပြောလိုက်သေးတယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် လက်တွေဆုပ်ကိုင်ထားကြပြီး တစ်ယောက်မျက်ဝန်းတွေကို တစ်ယောက်အပြန်အလှန်ကြည့်လျက်က ပြုံးလိုက်ကြတယ်။
ကျနော်က သူတို့ ဟာ ခုမှ လက်ထပ်ပြီးစ လို့ ထင်လိုက်မိသေးတယ် ဒါပေမဲ့ ကလေးတွေရဲ့အသက်အရွယ်ကြောင့် မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။ ခဏလောက်ကျနော် ပဟေဠိ ဖြစ်သွားသေးတယ် ။ ပြီးတော့မှကျနော့်မှာ ကျနော်နဲ့ လက်တစ်လှမ်းအကွာလောက်တောင်မရှိတဲ့နေရာတစ်ခုက တကယ့်ကို အခြေအနေအချိန်အခါမလိုတဲ့ ချစ်ခြင်းမေတ္တာ ပြယုဂ် တစ်ခုအောက်မှာ တကယ့်ကို နစ်မြောပျော်ဝင်သွားခဲ့တယ် ဆိုတာ ကိုယ့်ကိုယ်ကို သတိရမိတော့တယ်။
ရုတ်တရက်ဆိုသလို တုန်လှုပ်စွာနဲ့မေးလိုက်မိတဲ့ ကိုယ့်အသံကိုယ် အံ့သြတကြီးကြာလိုက်မိပြီးတဲ့အခါမှာတော့  ကျနော်ဟာ သူတစ်ပါးရဲ့ အတွင်းရေးကိစ္စကို ၀င်စပ်စုမိပြီလားလို့ စိတ်မသက်မသာဖြစ်ရတော့တာပဲ...  ။
“ အိုး… ခင်ဗျားတို့နှစ်ယောက် လက်ထပ်တာ ဘယ်လောက်ကြာပြီလဲ ဗျ “
“ နှစ်ယောက်အတူရှိခဲ့ကြတာက စုစုပေါင်း 14 နှစ်၊ လက်ထပ်ထားကြတာကတော့ 12 နှစ် ရှိပြီ  “ ဟိုလူက သူ့အမျိုးသမီးကိုကြည့်တဲ့အကြည့်ကို မလွှဲဘဲ ပြန်ပြောတယ်။
“ဟင်..ဒါဆို..၊ ခင်ဗျားတို့နှစ်ယောက် ဝေးနေတာ ဘယ်လောက်ကြာပြီလဲဗျ “ ကျနော်မေးမိပြန်တယ်။
ဟိုလူက နောက်ဆုံးမှာ ကျနော့်ဘက်ကိုလှည့်လိုက်ပြီး ကျနော့ကိုကြည့်တယ်။ မျက်နှာက ပျော်ရွှင်စွာပြုံးလျက်နဲ့ပဲ
“ နှစ်ရက်ကြီးတောင်ရှိသွားပါပြီဗျာ..” တဲ့။
နှစ်ရက်…။ ကျနော် ကြက်သေသေသွားတာပဲ။ ဒီလောက် ကြီးကြီးကျယ်ကျယ်နှုတ်ဆက်နေပုံထောက်ရင် ကျနော်က ဒီလူ ခရီးထွက်တာ လပိုင်းမဟုတ်တောင် အနည်းဆုံးရက်သတပတ်အနည်းငယ်လောက်ရှိလိမ့်မယ်ထင်ခဲ့တာ။ ကြည့်စမ်းဗျာ.. မှန်းချက်က လွဲလိုက်တာဆိုတာ။
ကျနော်လည်း ကျနော့်ရဲ့ သူတစ်ပါးအပေါ် စပ်စုမှုအပေါ် ရပ်ချင်တာရော၊ ကျနော့်မိတ်ဆွေကို ရှာချင်တာရောကြောင့် သူ့ကို ပြောလိုက်တယ်။
“ ကျနော့် အိမ်ထောင်ရေးဟာလည်း လက်ထပ်ပြီး နောက် ၁၂ နှစ်ကြာတဲ့အထိ အခုလိုမျိုး မက်မောတွယ်တာစရာ ကောင်းနေလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဗျာ “
အဲ့ဒီလူက ရုတ်တရက်ဆိုသလို ပြုံးတာကိုချက်ချင်းတည်ပစ်လိုက်တယ်။
ပြီးတော့ ကျနော့်မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်လိုက်ပြီးတော့ ကျနော့်စိတ်ဝိညာဉ်တွေကို တည့်တည့်ထိမှန်စေတဲ့ အင်အားပြင်းတဲ့စကားလုံးတွေနဲ့ ကျနော့်ကိုပြောလိုက်တယ်။ သူကျနော့ကိုပြောလိုက်တဲ့ တစ်စုံတစ်ရာဟာ ကျနော့်ကို အရင်ကကျနော်နဲ့မတူတော့အောင်ပြောင်းလဲပေးလိုက်တော့တာပါပဲ။
“  မျှော်လင့်ယုံပဲမမျှော်လင့်နဲ့ ကိုယ့်လူရ.. ဆုံးဖြတ်ချက်ပဲချလိုက်စမ်းပါ “ တဲ့။
ပြီးတော့ ကျနော့ကို လက်ဆွဲ နှုတ်ဆက်လိုက်ပြီး ကျနော့ကို အင်အားတွေ အသစ်ဖြစ်သွားစေတဲ့ အပြုံးကို ပြုံးရင်းနဲ့
“ ဘုရားသခင်ကောင်းချီးပေးပါစေ “  လို့ ဆုတောင်းပေးလိုက်သေးတယ်လေ။


Ref: Don’t Hope,… Decide! By - By Michael D. Hargrove and Bottom Line Underwriters, Inc. 
<photo id="1" />

ယုံကြည်မှုမြှင့်တင်ဖို့..

           
           
           
           
           
           

အမေရိကားလူမျိုး ဘုန်းတော်ကြီး ဟင်နရီဝါ့ဒ်ဘီချာက သူ ကလေးဘ၀ ကျောင်းသားအရွယ်တုန်းက မိမိကိုယ်ကို ယုံကြည်မှုနဲ့ပတ်သတ်ပြီးတော့ သင်ယူခဲ့ရတဲ့သင်ခန်းစာကို ဘယ်တော့မှ မမေ့တော့ဘူးတဲ့။
တစ်ရက်မှာတော့  စာသင်ခန်းရှေ့မှာ သင်ခန်းစာကို အလွတ်ရွတ်ပြဖို့အတွက် သူ့ကို အခေါ်ခံလိုက်ရတယ်။ ဆရာမက မဟုတ်ဘူး မှားတယ်ဆိုပြီးပြောလို့ သူ့မှာ ရပြီးသား သင်ခန်းစာကို အလွတ်ဆိုပြရတာ တော်တော့်ကို အခက်အခဲ ဖြစ်ခဲ့ရတယ်။
“ မဟုတ်သေးဘူး “
ဟင်နရီလေးဟာ စာကို အစကနေ နောက်တစ်ခေါက်ပြန်ဆိုရတယ်.. ဒါပေမဲ့ ဆရာမရဲ့ မိုးခြိမ်းသံလို ကျယ်လောင်လှတဲ့ အသံထွက်လာပြန်ပါရော..
“ မှားတယ် “
ဟင်နရီလေး ရှက်သွားတယ်.. ပြီးတော့ ကိုယ့်နေရာကိုယ် သွားပြန်ထိုင်လိုက်တယ်။
စာသင်ခန်းထဲက ကောင်လေးနောက်တစ်ယောက်ထွက်လာပြီးတော့ စာဆိုပြရပြန်တယ်။ ဒီအခါမှလည်း ဆရာမကအော်ပြန်တယ်
“ မှားတယ် “
ဒါပေမဲ့ အဲဒီ့ကျောင်းသားလေးက သူဆိုစရာရှိတဲ့စာကို ပြီးတဲ့အထိ ဆိုသွားတယ်။ စာဆိုပြီးသွားတော့ အဲ့ဒီကျောင်းသားလေး ကိုယ့်နေရာကိုယ် ပြန်ထိုင်ပြီးတဲ့အချိန်ကျတော့ ဆရာမက ပြောတယ်...
“ သိပ်တော်တာပဲ “
ဟင်နရီလေး နည်းနည်းတော့ စိတ်တိုသွားတယ်။
“ သူဆိုသွားတာ သား ဆိုသွားတာနဲ့ အတူတူပဲလေ .. ဆရာမ” သူဆရာမကို  သွားပြောပစ်လိုက်တယ်။ ဒါပေမဲ့ ဆရာမက ဒီလို ပြန်ပြောပြတယ်။
“ သင်ခန်းစာတွေကို သိရုံ အလွတ်ရရုံနဲ့ မပြီးသေးဘူး သားရဲ့။ ကိုယ့်ကိုယ်ကို သေချာဖို့လည်း လိုသေးတယ်၊ သားက သားဆိုတာ မဟုတ်ဘူးလို့ ပြောလိုက်လို့ ဆိုနေတဲ့စာကို ရပ်ပစ်လိုက်တယ်ဆိုတာ့  သားဟာ စာကို သေသေချာချာ မရဘူးဆိုတဲ့သဘောပဲပေါ့။ တကယ်လို့များ တစ်လောကလုံးက မင်းမှားနေတယ်ကွ လို့ ပြောခဲ့ရင်တောင် ‘ ငါမမှားဘူး ငါမှန်တယ်ကွ ‘ လို့ သက်သေပြနိုင်ရမယ် လေ”
“ကမ္ဘာကြီးတစ်ခုလုံးက သားကို နည်းအမျိုးမျိုးနဲ့ကို ပြောကြမှာ သားရဲ့…
“ မင်းမလုပ်နိုင်ပါဘူး “
“ မင်းလုပ်တာတွေမှားနေတယ် “
“ မင်း အရမ်းအသက်ကြီးနေပြီပဲ “
“ မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ် ‘
“ မင်း သိပ်ကိုအားနည်းပါတယ်ကွာ”
“ အလုပ်ဖြစ်မှာမဟုတ်ပါဘူးကွာ “
“ မင်းမှာ ပညာရေးလည်းမရှိဘဲနဲ့ “
“ မင်းမှာကျောထောက်နောက်ခံလည်းမရှိဘူး “
“မင်းမှာ ငွေကြေးလည်းမရှိဘူး”
“ အဲ့ဒါကို မင်း ပြီးအောင်လုပ်နိုင်မှာမဟုတ်ပါဘူးကွာ “ စသဖြင့်
အဲ့လိုမျိုး တစ်ယောက်တစ်ခွန်းပြောကြတဲ့ မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူး ဆိုတဲ့စကားတွေက သားရဲ့ ယုံကြည်ချက်ကို တစ်ဖြည်းဖြည်း တတိတိ တိုက်စားသွားစေပြီးတော့ နောက်ဆုံး လက်မြှောက်အရှုံးပေးရတဲ့အထိကို ဖြစ်သွားလိမ့်မယ်…”
“ တစ်လောကလုံးက မဖြစ်နိုင်ပါဘူးလို့  ပြောလာခဲ့ရင်တောင် သားက ဖြစ်နိုင်တယ်ဆိုတာကို ငါသက်သေပြပစ်မယ်လို့ ဆုံးဖြတ်နိုင်ရမယ်လေ..။”.. တဲ့ ..။


Ref: Improving self confidence by Author: Steve Goodier
<photo id="0" />
<photo id="1" />