Tuesday, 20 December 2016

မိုး

ရုတ်တရက် ကောင်းကင်က မှောင်လာတယ်။
မိုးတွေ ရုတ်တရက်ရွာတော့မလိုမျိုး။
ကိုယ်က ကော်ဖီတစ်ခွက်ကို ထဖျော်တယ်။

ပြီးတော့
ဖတ်လက်စ သတင်းစာကို လှန်ဖို့ မောက်စ်ကို ကလစ်နှိပ်လိုက်။
အဖြစ်အပျက်တွေကို လိုက်ရှာ
သတင်းတွေကို လိုက်ရှာ
သတင်းတွေဟာ သတင်းတွေထဲမှာတင် ပေါက်ကွဲသွား
သတင်းတွေက သတင်းတွေအချင်းချင်းပွတ်တိုက်မိကြ
သတင်းတွေဆီက ခပ်တိုးတိုးအသံတွေကြားရတယ်။
သိပ်ဝေးလွန်းသလားလို့ တွေးရင်းနဲ့
ကဲ- နောက်တစ်မျက်နှာကို ထပ်လှန်လိုက်
အညောင်းဆန့်၊ သမ်းဝေ။
ပြီးတော့ ကော်ဖီကို တစ်ငုံသောက်။

ဟော..
မိုးတွေရွာလာပြီ
ပြတင်းပေါက်ကနေ မိုးစက်တွေ ၀င်လာတယ်။
မိုးစက်တွေ စင်မှာစိုးလို့ ပြတင်းပေါက်ကို အမြန်ပိတ်ရ။
ပြီးမှ..ခုံမှာပြန်ထိုင်ပြီး မိုးရွာတာကို ငေးရတယ်။
ကြည့်..။
ပြတင်းပေါက်မှန်မှာ မိုးစက်တွေ...
အပြင်မှာတော့
မိုးတွေ... သည်းသည်းမည်းမည်း..
ကိုယ်ကလွဲရင် တစ်လောကလုံး ရွှဲရွှဲစို။   ။


စိမ်းမြလင်းသစ်
(23/08/2012)

ပိတ်ထားတဲ့တံခါး

                 
ပတ်ဝန်းကျင်ကပဲ မခို့တရို့ အမှောင်မို့လို့လား ။ မိုးရွာပြီးစ ညနေခင်း၊ တိမ်တွေပြိုဆင်းကျပြီးကာစ အချိန်။ မိုးရေစက်တွေတွဲလွဲခိုနေတဲ့ သစ်ရွက်ကလေးတွေကို လက်နဲ့အသာတို့ထိမိလိုက်သေးသလား မသိဘူး။ မဲညို့နေသေးတဲ့ မိုးသားတိမ်တိုက်တွေအောက်မှာ တိမ်တွေလို တလွင့်လွင့်နဲ့ လျှောက်လာမိရင်း ဒီလမ်းလေးကို မြင်လိုက်ရတယ်။ အို..သိပ်ကိုလှတဲ့လမ်းကလေးပါပဲကွယ် ။ ကိုယ့် နှုတ်ခမ်းတွေကနေတောင် ခပ်တိုးတိုးရေရွတ်မိလေသလားမသိပေဘူး..။ အဲ့ဒီ မြေနီလမ်းကလေးအတိုင်း ဆက်လျှောက်လာနေမိတော့တယ်။ စကတ်ရှည်ရှည်ကို အသာမ,လို့ တစ်ခါတစ်ခါ ခြေဖျားထောက်ပြီးတောင်လျှောက်နေရတယ်။ ရေအိုင်သေးသေးကလေးတွေက အများသားပဲ..။ ရေအိုင်တွေကိုကျော်ပြီးလျှောက်ရပေမဲ့..လမ်းကလေးဟာ မြက်ပင်စိမ်းစိမ်းနုနုလေးတွေနဲ့ သိပ်ကို စိမ်းလန်းလှပလွန်းပါရဲ့။ ရေအိုင်လေးတစ်ခုကို ခုန်ကျော်လိုက်၊ ကိုယ်ဟန်ကိုထိန်းလိုက်နဲ့ ပျော်လာတယ်။ ဟော မိုးတွေ ထပ်ရွာလာပြန်ပြီ.။ ဒီတစ်ခါ မိုးက ခပ်ဖွဲဖွဲပဲ..။ အင်း..မိုးရေထဲမှာ မလျှောက်ဖြစ်တာ ကြာပြီပဲ..။ လမ်းဆက်လျှောက်မယ်လေ..။ ဒီအစိမ်းရောင်လမ်းကလေးအတိုင်း လျှောက်သွားရင် ဟိုခြံတံခါးဆီပဲရောက်မှာပဲပေါ့နော်။ အပြာရောင်ဆေးသုတ်ထားတဲ့ ခြံတံခါးပေါ့။ ခြံတံခါးကနေကြည့်လိုက်ရင် တံခါးကို အမြဲပိတ်ထားတဲ့ အိမ်ကလေးကိုလည်းတွေ့ရမယ်လေ။ ခြံထဲမှာ ဘယ်တော့မှလူမတွေ့ရတဲ့ ဒန်းကလေးတစ်ခုရှိတယ်။ ပြီးတော့ ကိုယ်တွေ့ရသလောက်တော့ ရေကန်ကလေးတစ်ခုလည်းရှိသေးတာပဲ။ ရေကန်လေးက ညဘက်ဆိုရင် ပြာလဲ့ပြီး နေ့ဘက်ဆိုရင် အေးမြနေမယ့် ပုံစံရှိတယ်။ ရေကန်ကလေးရဲ့ဘေးမှာ မီးတိုင်အပြာရောင်လေးတွေထွန်းထားတယ်။ ရေကန်ပြာပြာလေးဟာ လဲ့ဖြာနေတာပဲ။ ဖြတ်သွားဖြတ်လာနဲ့ အပြင်ကမြင်ရတာနဲ့တင် သိပ်ကိုသာသာယာယာရှိမယ့် ခြံကလေးမှန်းသိပ်သိသာတာပဲ။ ဒီလမ်းလေးကိုလျှောက်မိတိုင်း ဒီအိမ်လေးကိုအမြဲကြည့်မိတယ်။ တစ်ခါတုန်းကတော့ ခြံကလေးရှေ့မှာရပ်မိရင်းနဲ့ ခြံကလေးထဲကို ၀င်ကြည့်ချင်စိတ် ပြင်းပြင်းပြပြ ဖြစ်ဖူးတာ မှတ်မိနေသေးတယ်။ အဲ့ဒီအချိန်တုန်းက အဲ့ဒီ ဒန်းကလေးမှာ ခဏထိုင်ချင်ခဲ့တာ။ ပြီးတော့ ကန်ကလေးဘေးမှာလည်း ထိုင်ချင်တယ်။ ပြီးတော့ အိမ်ကလေးထဲကို ခဏလောက်ဝင်ကြည့်ချင်တယ်။ ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ ခြံတံခါးလေးဆီကနေ အကြည့်ကို လွှဲခဲ့ရတာပါပဲ။ ဒီနေ့တော့ စိတ်လွတ်လက်လွတ်လျှောက်သွားမိရင်းနဲ့ ဒီခြံကလေး ဘေးကနေ ဖြတ်သွားရင်း အခု နောက်တစ်ခါ ရောက်လာပြန်ပြီ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
(2)
ခြံကလေးက ပိုပြီးသစ်လွင်လာသလိုပဲ။ ခြံတံခါးပြာပြာလေးရယ်၊ ပြတင်းတံခါးတွေကို ဆေးဖြူသုတ်ထားတဲ့ အိမ်လေးရယ်၊ ရေကန်ပြာပြာလေးရယ်…။ ကိုယ်လေ ကြည့်ရင်းနဲ့ ရင်တငြိမ့်ငြိမ့်နဲ့ မောလာမိတယ်။ ကြည့်နေရင်းနဲ့တောင် မြက်ပင်ကလေးတွေက ပိုပြီးစိမ်းလာကြသလားမသိဘူး။ ခြံကလေးဘေးမှာ စိုက်ထားတဲ့ ပန်းနီနီကလေးတွေကလည်း ရိုးတံစိမ်းစိမ်းကလေးတွေကနေ နီစွေးလတ်ဆတ်စွာ ဖူးပွင့်နေကြတယ်။ လေက တိုက်တယ်ဆိုရုံကလေးတိုက်နေတယ်။ လေတိုက်တုန်း ပန်းရနံ့လေးတွေ ရလိုက်မိသေးတယ် ၊ ခရေပန်းနံ့လား၊ ညမွှေးပန်းရနံ့လား..၊ ညမွှေးပန်းရနံ့လိုတော့ စူးရှမနေဘူးရယ်..။ လေတချက် ထပ်တိုက်သွားပြန်တယ် ။ ကိုယ့်ဆံပင်လေးတွေတောင် လှုပ်သွားသလိုပဲ။ ခြံတံခါးလေးမှာလည်း မိုးရေစက်ကလေးတွေနဲ့ ။ ခြံတံခါးသံပန်းကလေးပေါ်တင်နေတဲ့ မိုးစက်ကလေးတွေကို လက်ကလေးနဲ့ အမှတ်တမဲ့ နဲ့ တို့ထိလိုက်မိတယ်.။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီအသံသဲ့သဲ့ကို စကြားလိုက်ရတာ။ သူ...။ အရင်းနှီးဆုံး အသံတစ်ခုကိုကြားလိုက်ရသလိုလို။ အဲ့ဒီ အသံကိုကြားလိုက်တာနဲ့ပဲ အင်အားတွေပြည့်ဝသွားသလိုမျိုး။ မိုးတွေ ရွာနေသေးတယ် ..အထဲမှာခဏမိုးခိုသွားပါလား...တဲ့။ အသံက ဆွဲငင်သံမပါဘဲနဲ့ ဆွဲငင်တယ်။ ကိုယ်က ငေးငေးမောမော ရပ်နေမိလို့။ ဟုတ်ကဲ့ လို့ ပြန်ပြောလိုက်မိသလားမသိဘူး..။ ပြုံးနေတဲ့ မျက်ဝန်းတွေကို တစ်ချက်ကြည့်မိရင်း ခြံထဲကိုလိုက်လာမိတယ်။ အို..အစိမ်းရောင်တွေ..။ ခြံတစ်ခြံလုံးမြက်ခင်းလေးနဲ့ စိမ်းလန်းလို့။ ပြီးတော့ ပန်းပင်တွေ။ နာမည်ကိုသိတဲ့ ပန်းတွေရော၊ နာမည်မသိတဲ့ ပန်းတွေရော..။ ဒါဆို ခုနက ပန်းရနံ့တွေက ဒီခြံကလေးကပဲဖြစ်မှာ..။ ခြံအပြင်ဘက် ကိုယ်မမြင်ရတဲ့နေရာက ရှုမျှော်ခင်းလေးဟာ မျက်ဝန်းကတဆင့် ရင်ထဲကိုဖြတ်စီးသွားတယ်။ အို..သိပ်ကိုလှတာပဲကွယ်..။ လှလိုက်တာ..လို့များ တဖွဖွပြောမိသေးသလားမသိဘူး။ သူက ကိုယ့်ကို တစ်ချက်လှမ်းကြည့်တယ်..မျက်လုံးတွေပြုံးနေကြတာတော့ သတိထားမိလိုက်တယ်..။ ကိုယ်ကရော ပြန်ပြုံးပြမိသလားမသိဘူး။ သူက ကော်ဖီသောက်လိုက်ပါလား ဆိုပြီး ထထွက်သွားတယ်။ ခဏကြာတော့ ကော်ဖီတစ်ခွက်နဲ့အတူပြန်လာတယ်။ ကော်ဖီအနံ့က သိပ်ကိုမွှေးလွန်းနေတာသိတယ်။
++++++++++++++++++++++++++++++++++++++++++++++++++++++++
(3)
ရေကန်ဘေး က ခုံလေးမှာ သွားထိုင်မယ်လေ..တဲ့။ သူက ကော်ဖီခွက်ကို ကိုင်ပြီး ရှေ့ကထွက်သွားတယ်။ ကိုယ်..သူ့နောက်ကို ဘာလို့ သတိလက်လွတ်လိုက်နေမိတာလဲ။ ကန်ဘေးက ခုံတန်းလျားလေးမှာ နှစ်ယောက်သား ၀င်ထိုင်လိုက်ကြတယ်။ သူက ခြံတံခါးဝဘက်ကို တစ်ချက်ဝဲကြည့်ရင်းနဲ့ ညီမကို တွေ့တွေ့နေတာကြာပြီတဲ့ ။ ကျွန်မက ရှင့်ကို မတွေ့မိဘူး လို့ပြန်ပြောမိတော့ သူက ရေကန်ဆီကို ငေးကြည့်နေလျက်က ပြုံးတယ်။ သူ့နှုတ်ခမ်းက ပြုံးလိုက်တော့ မျက်လုံးတွေပါ လိုက်ပြုံးသွားပြန်တယ်။ ရှေ့စားပွဲခုံပေါ်ချထားတဲ့ ကော်ဖီက အငွေ့လေးတွေ တလိပ်လိပ်နဲ့တက်လာတာတွေ့လိုက်တယ်။ ကော်ဖီနံ့လေးက မွှေးနေတာပဲ။ ကော်ဖီရနံ့တွေ ကြားက နေ ‘ညီမက ခြံရှေ့ကိုခဏခဏဖြတ်လျှောက်တတ်တယ်လေ’ လို့ တိုးတိုးလေး ပြောလိုက်သံကို ကြားလိုက်ရတယ်။ အသံလေးက တစ်မျိုးလေးပဲ လို့ တွေးမိရင်းနဲ့က အိမ်လေးက သိပ်လှတယ်လို့ လွှတ်ခနဲ့ ပြောမိသေးသလားပဲ။ သူငေးနေတယ်။ ကိုယ် သူ့ကို တစ်ချက် ဖျတ်ခနဲကြည့်မိတယ်။ မျက်လုံးတွေ တဖျက်ဖျက်တောက်နေတယ်။ မျက်လုံးတွေထဲမှာ အဖြူရောင်ကလွဲရင် ဘာကိုမှမတွေ့ဘူး..။ ဘေးပတ်ဝန်းကျင်တစ်ခွင်လုံးက ကြည်ပြာရောင်တွေ လဲ့ဖြာလို့..။ ပြီးတော့ အရောင်မျိုးစုံ..။ ကိုယ်က ကိုယ့်စကတ်လေးက ဘာရောင်လဲလို့ အမှတ်မဲ့ ကြည့်နေမိသေးတယ်။ ဘာအရောင်တွေပဲ ဖြစ်ဖြစ်ပေါ့လေ..။ အရောင်ဆိုတာ သူရှိချင်သလို ရှိနေနိုင်တာပဲမို့လား။ သူက စားပွဲပေါ်မှာ ချထားတဲ့ ကော်ဖီခွက်ကို ကြည့်ပြီးတော့ ကော်ဖီသောက်လိုက်ဦးလေလို့ လှမ်းပြောတယ်.။ ရှင်ရော လို့ပြန်မေးတော့ ကျွန်တော်က ကော်ဖီမသောက်တတ်ဘူး..တဲ့။ ‘အဲ့ဒါဆိုရင် တခြားဟာ တစ်ခုခု…’ ကိုယ့်အသံ တစ်ပိုင်းတစ်စမှာပဲ သူက ကျနော် ရေကန်ဆီခဏသွားလိုက်ဦးမယ်လို့ ပြောရင်း ထရပ်လိုက်တယ်.။ မိုးတွေရွာနေသေးတယ်..။ သူက အမိုးအောက်ကနေထွက်ပြီး ရေကန်ဆီထွက်သွားတယ်..။ ပြီးတော့ ကန်ပေါင်မှာ ခြေထောက်တွဲလောင်းချပြီးထိုင်နေတယ်.။ မိုးစက်တွေက သူ့ပေါ်ကိုခပ်ဖွဲဖွဲ ရွာချတယ်။ သူက ကိုယ့်ကိုကျောခိုင်းထိုင်ပြီး ကန်ရေပြင်ကို ငေးကြည့်လို့ နေရဲ့..။ ကိုယ်က အမိုးအောက်ကနေ ကော်ဖီပူပူကိုသောက်ရင်းနဲ့ မိုးရေထဲက သူ့ကျောကို ငေးမိတယ်။ သူက ကန်ရေကိုငေးနေတယ်။ သီချင်းတွေတောင် ညည်းလို့နေလားမသိဘူး..။ လွတ်လပ်ပေါ့ပါးလိုက်တာလေ..။ ပတ်ဝန်းကျင် ခပ်အေးအေးလေးမှာ ကော်ဖီနွေးနွေးလေးနဲ့ ကိုယ်ကရော…။ အပြာရောင်ရေကန်လေး၊ အဖြူရောင်အိမ်ကလေး၊ အပြာရောင် ခြံတံခါးလေး..၊ ပြီးတော့..သူ..။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
(4)
မျက်လုံးကို တစ်ချက်ဝှေ့ကြည့်လိုက်မိတယ်။ ဟုတ်ပါရဲ့..အိမ်တံခါးကို ပိတ်ထားတာပဲ..။ ဒီနေရာကိုရောက်တိုင်း ခြံကလေးကိုပဲကြည့်မိတော့ အိမ်ကလေးကို သိပ်သတိမထားမိခဲ့ဘူး။ အိမ်ကလေးက တံခါးကို သေသေချာချာစေ့ပိတ်ထားတယ်။ အိမ်ထဲမှာ မီးဝါ၀ါလေးက တလဲ့လဲ့ လင်းနေတယ်။ အိမ်ခန်းလေးက မြင်ရသလောက်အထိတော့ ရှင်းလင်းလို့နေပြန်တယ်။ မြင်နေက အိမ်တွေမှာ ရှိတတ်တဲ့ ဓာတ်ပုံတွေ လည်း နံရံပေါ်မှာ မရှိပြန်ဘူး။ အထဲကိုမြင်ရသလောက် သန့်ရှင်းသပ်ရပ်နေတဲ့ ဧည့်ခန်းလေးရယ်၊ ပြီးတော့ ဖတ်လတ်စ မဂ္ဂဇင်းတစ်ချို့နဲ့ ဒီဗီဒီချပ် တစ်ချို့တင်ထားတဲ့ ဆက်တီခုံ ရယ် ၊ ပြီးတော့ စာအုပ်ဗီရို၊ ဒီလောက်ပဲတွေ့ရတယ်။ ဧည့်ခန်းကို ဆေးအဖြူသုတ်ထားတာ တွေ့ရတယ်။ နံရံကပ်မီးဝါ၀ါတွေက လှလွန်းလိုက်တာ။ မြင်ကွင်းကို ဘယ်လောက်ပဲ ပိတ်ထားပေမဲ့ ပြတင်းပေါက်တွေတော့ ရှိသားပဲကွယ်။ ပြတင်းပေါက်တွေကို ခန်းဆီးမတပ်ထားဘူးပဲ။ ကိုယ်က ပြတင်းပေါက်တွေကနေတစ်ဆင့် အိမ်လေးထဲကို စပ်စုနေမိလိုက်တာ။ အထဲမှာ ဘာတွေရှိမလဲ။ နွေးထွေးနေမလား။ သူ့နဲ့အတူနေထိုင်မယ့် မိသားစုတွေများ တွေ့ရမလားလို့..။ မသိစိတ်က ဆက်တွေးမိတော့ တစ်ခုခုကို နှမြောသွားသလိုပဲ..။ ဘာကိုနှမြောမိမှန်းမသိတဲ့စိတ်ကို ဆက်မစဉ်းစားဖို့ ရပ်လိုက်တယ်။ အိမ်ကလေးထဲ ၀င်ကြည့်ချင်စိတ်ပေါ်လာမိတယ်။ ဟင့်အင်း..ခွင့်မပြုဘဲ ခွင့်မတောင်းဘဲ ၀င်မကြည့်သင့်ဘူးမဟုတ်လား။ကိုယ့်ကိုယ်ကို ရှက်သွားလို့ အကြည့်ကို မြန်မြန်လွှဲလိုက်မိရင်း သူ့ကို တစ်ချက်ငေးမိတော့ သူက ရေကန်ဆီဘောင်မှာထိုင်ရင်း ခြေကိုလွှဲရင်း ငေးနေတုန်းပဲ..။ ကော်ဖီတွေက ခပ်နွေးနွေးကျန်နေသေးတယ်.။ သောက်လက်စ ကော်ဖီကို တစ်ကျိုက်ထပ်သောက် လိုက်မိပြန်တယ်။ မိုးက ခပ်ဖွဲဖွဲကျနေတုန်း။ ပတ်ဝန်းကျင်က အေးစိမ့်နေတုန်းပဲ..။ ရင်ထဲမှာ မောလာသလိုဖြစ်လာတာနဲ့ပဲ အသက်ကို ခပ်ပြင်းပြင်းလေးရှူလိုက်မိတယ်။ ခေါင်းကိုမော့ရင်း မျက်လုံးတွေကိုပါ မှိတ်ထားလိုက်တယ်။ ပတ်ဝန်းကျင်ရဲ့အေးမြမှုဟာ အရေပြားတွေကို ညင်သာစွာ ဖွဖွပွတ်သပ်နေသလိုပဲ။ ထူးဆန်းလိုက်တာလို့တစ်ချက်တွေးမိရင်းနဲ့ မျက်လုံးတွေဟာ ဖွင့်လို့မရနိုင်လောက်အောင်ကိုပဲ…။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
(5)
‘ မိုးက နည်းနည်းတော့ရွာနေသေးတယ်ဗျ..’
ရုတ်တရတ်မို့ လန့်သွားပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်မိတော့ ကိုယ့်မျက်နှာပေါ် ငုံ့မိုးကြည့်ပြီး စကားလာပြောတဲ့ သူ့ကို တွေ့ရတယ်။ ဘာပြောလိုက်တာလဲလို့ တစ်ချက်ပြန်စဉ်းစားလိုက်ရသေးတယ်။ ပြီးမှ သူ့ကို တစ်ချက်ကြည့်မိလိုက်တယ်။ သူ့ဆံပင်တွေ စိုနေတာပဲ..။ မျက်လုံးက ထုံးစံအတိုင်း ပြုံးနေတယ်။ အင်း..နည်းနည်းတောင် မှောင်လာပြီ၊ ကျမ ပြန်မှဖြစ်တော့မယ် ..လို့ပြောလိုက်မိတယ်။ ရာသီဥတုက ညိုမှိုင်းနေတုန်းပဲ ။ မိုးတွေပြန်ရွာလာပြီ..ဒီတစ်ခါပိုသည်းလာသလိုပဲ။ ပတ်ဝန်းကျင်တစ်ခွင်လုံး ညို့မှိုင်းပြီး အေးနေတယ်။ ကော်ဖီကုန်အောင်သောက်လိုက်ပါဦး၊ ရာသီဥတုက အေးနေတယ်။ ပြီးတော့ မိုးတွေရွာလာပြီ..။ ရုတ်တရက် မိုးက တရစပ် သည်းလာတယ်။ မြင်ကွင်းတစ်ခုလုံး တရစပ်သည်းနေတဲ့ မိုးရေစက်တွေနဲ့ ဖြူဖွေးသွားတယ်။ ကန်ရေပြင်ကိုတောင် သေချာမမြင်ရတော့ဘူး ..။ ညီမ ခဏလောက်တော့နေပါဦး၊ ကျနော် လုပ်စရာနည်းနည်းသွားလုပ်လိုက်ဦးမယ်..။ သူက စကားသံနဲ့အတူ ထထွက်သွားပြန်တယ်။ ဘယ်ကိုသွားမှန်းမသိဘူး။ ရေကန်ဘေးက မီးအပြာတွေရုတ်တရက်လင်းလာတယ်။ သူ မီးသွားဖွင့်တာဖြစ်မယ်ထင်ပါရဲ့။ အရင်တုန်းက ညဘက်မဖြတ်သွားဖူးတော့ ဒီအပြာရောင်ရေကန် လေးဟာ ဒီလောက်လှမှန်း ကိုယ်တကယ်မသိခဲ့ဘူး။ အပြာရောင်ရေကန်လေးမှာ ကူးခတ်ချင်စိတ်ပေါက်သွားပြန်တယ်။ သူ့လို ခြေဆင်းပြီးသွားထိုင်ရင်ကောင်းမလား။ ဟင့်အင်း…မိုးတွေသည်းလာပြန်ပြီ။ ရုတ်တရက် ၀မ်းနည်းလာတယ်။ ကိုယ်တစ်ယောက်တည်း..။ အိမ်တံခါးပိတ်ထားတယ်။ ပိတ်ထားတဲ့ အိမ်တံခါးနဲ့ တံခါးပိတ်ထားတဲ့ အိမ်ငယ်လေးကို ကြည့်ပြီး ကိုယ်လေ ပို ၀မ်းနည်းလာတာပဲ။ အိမ်လေးက နွေးထွေးနေမလားလို့ တွေးပြီး တစ်ချက်ပေ့ကြည့်မိပြန်တယ်။ ရုတ်တရက် ကိုယ့်အိမ်နွေးနွေးလေးကို သတိရလာတယ်။ အိမ်အပြင်က ရေကန်ဘေးမှာထိုင်နေရင်းနဲ့ အိမ်ကလေးဆီကြည့်မိတဲ့ အကြည့်တွေကို အမြန်လွှဲပစ်ရတယ်.။ မိုးမြန်မြန်တိတ်ပါစေ..။ ဘာလို့ ဒီလမ်းကလေးကို ဖြတ်လျှောက်မိမှန်းမသိဘူး။ ဘာလို့ ဒီခြံလေးထဲကို လိုက်လာမိလည်းမသိဘူး။ နောင်တရသလိုစိတ်နဲ့ ၀မ်းနည်းလာလိုက်တာ..။ မိုးမြန်မြန်တိတ်ပါစေလို့ နောက်တစ်ခါ ထပ်ဆုတောင်းရင်း ကော်ဖီကို တစ်ငုံ ထပ်သောက်လိုက်မိတယ်..။ ကော်ဖီတွေတောင် အေးကုန်ပြီပဲ။+++++++++++++++++++++++++++++++++++++++++++++++++++++++++++
(6)
‘ ရေနွေး ယူလာတယ်ဗျ..’
သူက အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးအပြည့်ထည့်ထားတဲ့ ခွက်ကိုလှမ်းပေးတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောမိတယ်ထင်ရဲ့..။ ပန်းတွေက မွှေးနေတာပဲနော် လို့ ပြောမိတယ်…။ ဟုတ်တယ်ဗျ..ကျနော်စိုက်ထားတာလေ ..ဘာရယ်လို့တော့ မဟုတ်ပါဘူး..အပျော်သဘောပါပဲ..လို့ သူကပြောတယ်။ ဒီတစ်ခါတော့ သူပါသောက်မယ်ထင်တယ်။ သူ့လက်ထဲမှာ အငွေ့တထောင်းထောင်းနဲ့ ခွက်တစ်ခွက်ကို ကိုင်ထားတယ်။ သူက ရေနွေးကို တစ်ချက်မော့သောက်လိုက်တယ်။ အငွေ့တွေ သူ့မျက်နှာနားတစ်ဝိုက်မှာ ဖြတ်ပြေးသွားကြတယ်။ ပန်းပင်တွေလိုက်ကြည့်ဦးမလား.. လို့ မေးတယ်။ ဟင့်အင်း..ကျမက ရေကူးချင်နေတာ လို့ ပြောချင်မိတယ်။ ဒါပေမဲ့ ဘာမှ မပြောဖြစ်ဘူး။ အတော်ကြာအောင် အသံတွေ တိတ်သွားတယ်။ မိုးတွေမှောင်နေလိုက်တာလေ..။ အိမ်ကလေးက အထဲမှာ မီးဝါ၀ါတွေ လင်းပြီး အပြင်မှာ အပြာရောင်မီးတွေ လင်းထိန်နေတုန်းပဲ။ တော်ပါသေးတယ်လို့ တွေးမိတယ်။ နည်းနည်း ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ လက်ဖ၀ါးတွေအချင်းချင်း ပွတ်နေမိတယ်။ လက်ဖျားတွေ အေးစက်နေတာပဲ။ ကိုယ် တော်တော်လေးချမ်းနေပြီ။ လေက တစ်ချက်တိုက်လာပြန်တယ်။ မိုးနည်းနည်းစဲသွားပြီ။ မိုးရေစက်တွေ တစ်ပေါက် တစ်ပေါက် ကျနေတာကို အမှတ်တမဲ့ ငေးနေမိကြတယ်။ သူလည်း ရေတွေရွှဲနေတုန်းပဲ..။ ရှင်လည်းမိုးရေတွေ စိုနေတယ်..လို့ ပြောမိတော့ သူက ရပါတယ်ဗျ ဆိုပြီး တစ်ခွန်းပြန်ပြောတယ်။ ကျမပြန်တော့မယ် လို့ ပြောမလို့ ပြင်လိုက်တယ်။ ပါးစပ်က ဘာလို့ ပြောမထွက်ရတာလဲ ။ တကယ်ဆိုအမြန်ပြန်လိုက်ဖို့သင့်တာ။ တိတ်ဆိတ်ပြီး ချမ်းစိမ့်လှတဲ့ နေရာတစ်ခုမှာ တစ်ခါမှမသိဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့အတူရှိမနေသင့်ဘူး မဟုတ်လား။ သူစိမ်းလို့ တွေးမိတော့ သတိလက်လွတ် နဲ့ သူ့ကိုတစ်ချက်ကြည့်မိပြန်တယ်။ သူကတော့ ရေနွေးကို တကျိုက်ပြီးတကျိုက်သောက်လို့နေရဲ့..။ သူက တစ်ခုခု ပြောမလို့ ဟန်ပြင်ပြီး ကိုယ့်ဘက်ကို လှည့်ကြည့်တယ်။ အပြောရခက်နေဟန်ပဲ..ကိုယ့်စိတ်ထင်တာဖြစ်မှာပါလေ..။ အိမ်ထဲကို ၀င်ဖို့ ဖိတ်မလို့လား။ ဒါမှမဟုတ် ပြန်သင့်ပြီလို့ပြောမလို့လား…။ တကယ်လို့ အိမ်ထဲဝင်ပါလို့ပြောရင် ကိုယ်ကလက်မခံလိုက်သင့်ဘူးမဟုတ်လား။ ဒါမှမဟုတ် ပြန်သင့်ပြီလို့ပြောလာခဲ့ရင် ကိုယ်ဘယ်လိုခံစားရမလဲ..။ စိတ်ထဲမှာ အပြာရောင်မီးတွေ ၊ အ၀ါရောင်မီးတွေ ပြီးတော့ မိုးစက်မှုန်မှုန်တွေ…။ သက်ပြင်းကို တစ်ချက်ရှိုက်လိုက်ရင်း သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
(7)
‘ ကျမ ပြန်တော့မယ်..’
ရုတ်တရက်လွှတ်ခနဲပြောမိလိုက်တယ်။ သူက ထီးယူသွားပါလားဗျ ..ကျနော် ထီးသွားယူပေးမယ်၊ ခဏစောင့်နော် ဆိုပြီး ထွက်သွားမလို့ပြင်တယ်။
‘နေပါစေ ၊ မိုးစက်လေးတွေ နည်းနည်းလေးပဲ ရှိတော့တာပါ။ ပြီးတော့ ကျမက မိုးဖွဲဖွဲလေးတွေကြားထဲမှာ လမ်းလျှောက်ရတာကြိုက်တယ်’
အလောတကြီး ပြောမိလိုက်တော့ သူက ပြုံးရင်း ကောင်းပြီလေ..ကျနော်ခြံတံခါးဝကို လိုက်ပို့မယ် လို့ပြောရင်း လိုက်လာတယ်။
ခြံတံခါးလေးကို အသာအယာတွန်းဖွင့်လိုက်ရင်းနဲ့ ဂရုစိုက်ပြန် လို့ပြောပြီး ပြုံးပြတယ်။ ကိုယ်က သူ့ကို ပြန်ပြုံးပြလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတယ်။ မိုးတိတ်စပြုနေပြီ။ ရာသီဥတုက အေးစိမ့်နေတုန်းပဲ..။ လမ်းမီးဝါ၀ါလေးတွေတောင် ထွန်းထားပြီးပြီ..။ ကိုယ့်ခြေထောက်အောက်က ကျောက်ခဲလေးတွေ ခင်းထားတဲ့ လမ်းလေးတွေက သိပ်ကိုလှတာပဲ..။ အို..ဒီကျောက်ခဲလေးက နင်းလို့ ကောင်းလိုက်တာ..ဟိုမှာတစ်လုံး..။ ဟော..ဟိုမှာ နောက်တစ်လုံး..။ ကြည့်ပါဦး..မြက်ခင်းတွေကလည်းသိပ်ကို စိမ်းမြလှပလွန်းလိုက်တာ..။ လက်တစ်ကမ်းအမီ မှာရှိတဲ့ သစ်ပင်ခပ်ပုပုလေးတွေမှာလည်း မိုးရေစက်တွေသီးလို့။ ဟိုခပ်လှမ်းလှမ်းက ခရေပင်ကြီးဆီက ခရေရနံ့လေးတွေတောင် တစ်ချက်ရလိုက်မိသေးတယ်..။ လက်နှစ်ဘက်ကို ဆန့်တန်းပြီး ခေါင်းကို မော့လိုက်တယ်။ ပြီးတော့ အသက်ကို ခပ်ပြင်းပြင်းလေး တစ်ချက်ရှူလိုက်တယ်။ ရင်ထဲမှာ ပေါ့ပါးလန်းဆန်းသွားတာပဲ..ခြံကလေးကို နောက်တစ်ကြိမ်ထပ်ကြည့်ချင်လာမိတယ်။ မီးရောင်လဲ့လဲ့လေးတွေ လင်းနေတုန်းပဲ..။ သူ့ကိုမတွေ့ရတော့ဘူး။ အိမ်ကလေးက လှလိုက်တာ..။ ကြည့်နေရင်းမှာပဲ မီးမှိတ်သွားတာ တွေ့လိုက်ရတယ်။ မီးတွေ တစ်ပွင့်ပြီးတစ်ပွင့်ပိတ်သွားတယ်..။ ရေကန်ကလေးပျောက်သွားတယ်။ ခြံဝင်းကလေးပျောက်သွားပြီး..ပြီးတော့ အိမ်ကလေးပျောက်သွားတယ်..။ မြင်ကွင်းထဲမှာ တစ်ကွက်ချင်း တစ်ကွက်ချင်းပဲ..။ ကိုယ့်ရင်ထဲမှာ လှိုက်ခနဲ လှိုက်ခနဲ..။ ဘာသာမပြန်တော့ဘဲနဲ့ အကြည့်ကိုပဲ အမြန်လွှဲလိုက်တယ်..။ ကိုယ်ဒီနေရာမှာ မရှိသင့်ဘူးဟင့်အင်း..ဒီနေရာမှာ ကိုယ်မရှိသင့်ဘူးလေ..။ အိမ်ပြန်ချင်လာတယ်။ ဒီအချိန်ဆိုရင် မေမေတို့ ညစာစားဖို့စောင့်နေကြတော့မှာ…။ စိတ်ထဲမှာ လှိုက်ခနဲပျော်လာတယ်..။ ကိုယ့်အိမ်ကို အမြန်အပြေးကလေးသွားရမှာပေါ့..။ မိုးမိနေလို့ပါမေမေရယ် လို့ ပြောရမယ်..။ ပြီးတော့ ကိုယ်လေ ဒီအိမ်ကလေးမှာခဏ မိုးခိုခဲ့တဲ့အကြောင်း အိမ်ပြန်ရောက်ရင် ပြောပြရဦးမယ်..။
နောက်ဆုံးအနေနဲ့ လမ်းဝကနေ ခြံကလေးဆီကို တစ်ချက်ကြည့်မိတော့ ပိတ်ထားတဲ့ ခြံတံခါးလေးကိုပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတော့တယ်..။
စိမ်းမြလင်းသစ်
(19/10/2012)

မိုးရေထဲ ဖြတ်လျှောက်ကြစို့ ဂျွန်.. အရာအားလုံးဟာ အကန့်အသတ်တွေနဲ့မို့..။

                                                   
နေရောင်ခြည်အောက်မှာ ခေါင်းကို ခါလိုက်မိတယ်။
ဆွေးမြေ့နေတဲ့ အတွေးတွေ အထွေးလိုက်ကျသွား
အခန်းထဲမှာ မီးရောင်ဝါ၀ါ
မျက်နှာကျက်မှာ စက္ကူငှက်ရုပ်ကလေး
အသက်ရှူလိုက်တိုင်းမှာ ပန်းရနံ့တွေချည့်ပဲ..
အတွေးထဲမှာ….။

ဂျွန်...။
လူတစ်ယောက်ကို ချစ်တာနဲ့
အသက်ရှူလိုက်တိုင်း
ရင်ခွင်တစ်ခုလုံးလင်းရတယ်
ခက်ရောပဲ။
ဒီနေ့ နေသာတယ် ..ဂျွန်။
ကောင်းကင်က အပြာလဲ့လဲ့အောက်
လေထုထဲမှာ ပျော်ရွှင်ခြင်းငွေမှုန်တွေ တလက်လက်
သစ်ရွက်ငယ်လေးတွေ
နေရောင်ခြည် ၀တ်ရုံနဲ့ အတူ ကခုန်နေကြပေါ့။

အပြစ်ကင်းပါတယ် ဂျွန်။
ကိုယ့် ရယ်သံတွေမှာ ပျော်ပါ။
မနက်ဖြန်တွေမှာနေထိုင်ပါ။

ကျေးဇူးပြုပြီး
ကိုယ့်ရဲ့ကြက်ခြေခတ် အနီရောင်တွေကို ခပ်ဝေးဝေးလွှင့်ပစ်ပေးပါ
အနာဂတ်မှာ

ကမ္ဘာအသစ်နဲ့
အစိမ်းရင့်ရင့်မြင်ကွင်းတွေနဲ့
ဂျွန်နဲ့ကိုယ်နဲ့…။

ပျော်ရွှင်ခြင်းအကျီင်္ကို အိပ်မက်အတိုင်းနဲ့ ချုပ်လုပ်ဝတ်ဆင်ဖို့
နေရောင်ခြည်ထဲမှာ ဆန္ဒအသေတွေ စွန့်ပစ်လိုက်ဖို့
တံခါးတစ်ချပ်ကိုဖွင့်ဖို့ စောင့်နေတယ်ဆိုတဲ့အကြောင်း

ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ချစ်ခြင်းမေတ္တာ
အခန်းငယ်လေးဟာ နွေးထွေးတယ်ဆိုတဲ့အကြောင်း
စသဖြင့် .. စသဖြင့်
ဘယ်ဘက်အိပ်ကပ်ထဲက စကားလုံးတွေရဲ့အသံက
တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး..။

သိပ်ထူးဆန်းတယ် ဂျွန်
စောင့်စားရခြင်းဆိုတဲ့ စကားလုံးမှာ ဆူးတွေနဲ့။        ။


စိမ်းမြလင်းသစ်
21/01/2013

S P A C E S

space တွေ ကြားထဲ ခုန်ချလိုက်တယ်
နေပျော်မယ်ဆိုတာသေချာသလား
အလိုမကျသမျှတွေကို တစ်တိုး တစ်လျှော့ နေရ။
ဘယ်သူဟာ ဘယ်မှာ ဘာကြောင့် ညာကြောင့် ဒီအချိန် ဒီအခါ
အတွေးတွေကို သေချာဖြန့်ကျက်ကြည့်တော့
ကိုယ်ကလွဲရင်ကိုယ့်အပြင် ဘယ်သူမှမရှိပြန်ဘူး။
နောက်ဆုံး
လိမ်မာတော့မယ်လို့ ပြောပြီး
စပေ့စ် တွေ ထဲ ခုန်ချလိုက်တယ်
အရိပ်တွေ မလိုက်ခဲ့နဲ့ ...။


SMLT

ဂျွန်…တစ်ယောက်တည်းပဲပျော်တယ်ဆို ဘာလို့ကိုယ့်ကိုခေါ်သေးသလဲ။



မနက်ခင်းမှာနိုးလာတော့ ပြတင်းပေါက်မှန်မှာ မိုးရေတွေတွေ့ရတယ်။
နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတဲ့
ကိုယ့်ရင်ထဲကအိပ်မက်ကလေးကိုနှိုးလိုက်ရင်ကောင်းမလားလို့ စဉ်းစားမိရင်း
အိပ်မက်ဟာနိုးလာတဲ့အခါအိပ်မက်မဟုတ်တော့ဘူးလို့တွေးမိပြန်တော့
အိပ်မက်ကလေးကိုအိပ်မက်လေးအတိုင်းထားလိုက်ရတယ်…။
ဂျွန်…ခင်ဗျားပေးခဲ့တဲ့အိပ်မက်လေးနိုးသွားရင် ခင်ဗျားဆီပဲပြန်သွားခိုင်းမှာပါ.။
အိမ်တံခါးကိုပိတ်ပြီးလမ်းလျှောက်ထွက်လာတော့ မြင်လိုက်ရတဲ့ လေခါးလက်ရမ်းမှာ ခိုတွေအများကြီးပဲ။
သူတို့တွေပျံမသွားအောင်ခြေသံကိုဖော့ပြီးနင်းလိုက်ရတယ်။
ငှက်ကလေးတွေငြိမ်းချမ်းပါစေ။
မနက်ခင်းလေထုဟာမိုးရွာပြီးစမို့လို့ အေးနေတာပဲ။
တိမ်ဖြူဖြူတစ်ချို့တလေရှိတယ်။
အလုပ်ကိုကသုတ်ကရက်သွားနေကြတဲ့လူတွေရှိတယ်။
နှစ်ယောက်တွဲလမ်းလျှောက်လာကြတဲ့လူတွေကြည့်ပြီးတစ်ယောက်တည်းပြုံးလိုက်ရတယ်… ဂျွန်။
ကန်ပတ်လမ်းဘေးကစကားပင်က မွှေးရနံ့ဟာ အေးပြီးမွှေးနေတာပဲ။
ဒီမနက် အချိန်မရလို့ပေါင်မုန့်မ၀ယ်နိုင်တော့ဘူး ။
မနက်စာမစားဖြစ်လည်းကော်ဖီတော့ သောက်ဖြစ်မှာပါ။
ညစာမစားဖြစ်လည်းနွားနို့တော့သောက်ဖြစ်မှာပါ။
တနင်္ဂနွေနေ့တွေမှာအိပ်ရေး၀၀ အိပ်ပြီး ပျင်းတဲ့အခါ တစ်ယောက်တည်း ရုပ်ရှင်ကြည့်ဖြစ်မှာပါ။
ကျောင်းစာတွေခက်လာတဲ့အခါ၊အလုပ်မှာ စိတ်ရှုပ်စရာတွေ့ရတဲ့အခါ
ညတုန်းကလိုပဲ…တစ်ခါတလေပန်းခြံထဲ ထွက်ထိုင်မှာပါ။
သီချင်းတွေဆိုပြီးရုပ်ရှင်တွေကြည့်မှာပါ။
တစ်ခါတလေစာတွေဖတ်ပြီး တစ်ခါတလေ စာတွေရေးဖြစ်မှာပါ။
တစ်ခါတလေအိမ်နဲ့ ဖုန်းပြောပြီး တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ထွက်တွေ့မှာပါ။
ဝမ်းနည်းတဲ့အခါတစ်ယောက်တည်းမျက်ရည်ဝဲပြီး ပျော်တဲ့အခါ တစ်ယောက်တည်းပဲ ပြုံးမှာပါ။
အမှန်တကယ်တော့အထီးကျန်တယ်ဆိုတာ
တစ်ယောက်တည်းရှိတဲ့အချိန်မှဖြစ်တတ်တာမဟုတ်မှန်းကိုယ်သိပါပြီ …ဂျွန်။
ဒီလိုဆို
တစ်ယောက်တည်းလျှောက်လို့ရတဲ့လမ်းတွေမှာဘာလို့ နောက်တစ်ယောက်ပါစရာလိုပါ့ဦးမလဲ။
ပြီးတော့…
ခင်ဗျားက
တစ်ယောက်တည်းလည်းဖြစ်တယ်ဆို…ဘာကြောင့်ကိုယ့်ကို ခေါ်သေးသလဲ…။
တစ်ယောက်တည်းပဲပျော်တယ်ဆို…ဘာလို့ ကိုယ့်ကိုခေါ်သေးသလဲ…။


SMLT

ဆက်ရန်ရှိနေဆဲခရီးက ဘယ်ဆီဘယ်ဝယ်...

           
ခုလတ်တလောမှာ ပြီးဆုံးသွားတော့မယ့် နှစ်ကာလတစ်ခုအကြောင်းဟာ ရုတ်တရက်ဆိုသလိုပဲ
ခေါင်းထဲကိုရောက်လာပါတယ်..။ လက်ရှိနေထိုင်နေတဲ့ နှစ်ကာလတစ်ခုဟာ မသိလိုက်မသိဘာသာနဲ့ တိတ်တဆိတ်ထွက်ခွာသွားတော့မယ့်အကြောင်း သွားရင်းလာရင်းကြားနေမိလို့ပါပဲ..။ အမြဲတွေ့နေကျ မျက်မှန်းတန်းမိနေကျ အိမ်နီးချင်း တစ်ယောက် အိမ်ပြောင်းသွားတော့မယ်ဆိုတာ ရုတ်တရက်သိလိုက်ရမှ
 စိတ်ဝင်စားသွားသလိုမျိုး ဖြတ်သန်းသွားမိတဲ့ လမ်းတစ်လျှောက်က ခရစ်စမတ်ထီးရှူးပင်လေးတွေ နဲ့ ခရစ်စမတ်သီချင်းသံတွေကို  ကြားလိုက်ရတဲ့အခါ ချန်ထားရစ်ခဲ့ရတော့မယ့်နှစ်ကာလလေးအကြောင်းကို
သေသေချာချာကိုပဲစိတ်ဝင်စားနေမိပါတယ်။ ဘာတွေလုပ်ခဲ့သလဲ..၊ ဘယ်လိုတွေဖြတ်သန်းခဲ့ရသလဲ
ဆိုတာတွေဟာ တစ်ခါတခါ မှတ်မှတ်ရရ၊ တစ်ခါတခါ တမင်တကာ လွှတ်ချ..နေ့ရက်တွေဟာ မှုန်တလှည့်
ပြာတရီချည့် ပါပဲ။ လူဆိုတာ ကိုယ့်ကိုယ်ကို တည့်တည့်မကြည့်ရဲတာကလွဲရင် ကျန်တာအကုန် စိတ်ဝင်စားတတ်တယ်ဆိုတာ ကုန်လွန်တော့မယ့်နှစ်ကာလအကြောင်းစဉ်းစားလိုက်မိတဲ့အခါမှ ကျွန်မ အသေအချာနားလည်လက်ခံမိပါတယ်။ ပိုင်ဆိုင်နေရတုန်းကတန်ဖိုးထားရမှန်းမသိဘူး..၊ ဆုံးရှုံးရခါနီးကျမှ တန်ဖိုးကြီးတယ် ဆိုတဲ့ဟောင်းနွမ်းနေတဲ့ စာသားလေးဟာလည်းခေါင်းထဲမှာလက်ခနဲ လင်းခနဲ..။
အတိတ်အကြောင်းပြန်စဉ်းစားလိုက်ရင် ဘာကိုဝမ်းနည်းမှန်းမသိဝမ်းနည်းလာရပါတယ်.။
အခုပြန်စဉ်းစားလိုက်မိရင် တကယ့်ကိုဘာမှမကြာခဲ့ဘူးလို့ထင်ရတဲ့ ကာလအပိုင်းအခြားလေးကို ဖြတ်သန်း
ခဲ့ရတုန်းက သွေးပျက်တုန်လှုပ်စွာနဲ့အချိန်တွေအမြန်ကုန်လွန်စေချင်တဲ့စိတ်နဲအားတင့်းဖြတ်သန်းနေခဲ့ရတာကို မှတ်မိနေပါသေးတယ်။ အိမ်အပြန်လမ်းတွေမှာ မိုးစက်တွေနဲ့ အေးစက်နေခဲ့ပြီး ကိုယ်တစ်ယောက်တည်း မပိုင်တဲ့အခန်းလေးထဲမှာ ကိုယ်မသိခဲ့ဖူးတဲ့ အခန်းဖော်မိန်းကလေးနဲ့ အတူတူစကားတစ်ခွန်းအပြုံးတစ်ချက်
မပါဘဲခြောက်ကပ်စွာ ဖြတ်သန်းခဲ့ရဖူးတယ်.။ တစ်ကိုယ်တည်းချောက်ချားခဲ့တဲ့ (ချောက်ချားတယ်လို့
ထင်ခဲ့ရတဲ့)နေ့ရက်ပေါင်းများစွာဟာ ထိုအချိန်တုန်းကတော့ သွေးပျက်ဖွယ်ခြောက်လှန့်ခဲ့ပါတယ်..။ ပစ္စုပ္ပန်ကနေပြေးထွက်ချင်နေတဲ့စိတ်က အဝေးမှာရှိနေတဲ့ နွေးထွေးခြင်းတွေပြည့်နှက်နေမယ့် အိမ်ကလေး
ကိုပြန်ရောက်နေတာကများပါတယ်.။ တစ်ယောက်တည်းရပ်တည်ရတော့မယ်ဆိုတဲ့အတွေးဟာ ခုအရွယ်
ထိ မရင့်ကျက် မထောင်မတ်နိုင်သေးတဲ့ ကိုယ့်စိတ်ကိုယ်ကို ခြောက်လှန့်နေသလိုပါပဲ..။ အသက်ကို ခပ်ပြင်ပြင်းရှိုက်လို့ ကိုယ့်ကိုယ်ကို ပြန်အားတင်းထားရတဲ့ရက်တွေထဲမှာ တကယ့်ကိုပဲအသားတကျ
ဖြစ်ခဲ့ရပါတယ်..။ တစ်ခါတရံ ဘာကြောင့်များ အေးစက်ခြောက်သွေ့တဲ့အရပ်ဆီကို လာချင်ခဲ့ရတာလဲလို့
့တွေးမိခဲ့ရတာ မကြာခဏပါပဲ။ တကယ်ဆိုရင် ကုန်လွန်ခဲ့တဲ့ မနှစ်ကခရစ်စမတ်ဟာ ပြန်မတွေးချင်တော့
လောက်အောင်အေးစိမ့် သွေ့ခြောက်ခဲ့ပါတယ်..။
မှတ်မှတ်ရရပါပဲ..။ စိတ်သက်သာရာရမလားဆိုတဲ့စိတ်တွေနဲ့ အိမ်ကိုလွမ်းတဲ့ အလွမ်းတွေကိုပွေ့ပိုက်ပြီး
ပြီးခဲ့တဲ့ခရစ်စမတ်နေ့မှာ တစ်ယောက်တည်း အပြင်ကိုထွက်လည်ပါတယ်..။ မိမိကိုယ်တိုင်ဆီကပြေးထွက် ချင်နေတဲ့စိတ်နဲ့ ကိုယ်မဟုတ်တဲ့သူများတွေကိုအကုန်လိုက်ကြည့်ပစ်မိတယ်.။ပျော်ရွှင်စွာသီဆိုနေကြတဲ့
သီချင်းသံတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ကြည်နူးစဖွယ်ကလေးငယ်တွေရဲ့ရယ်သံတွေ၊ ဆွတ်ပျံ့ကြည်နူးဖွယ် မိသားစုစုံစုံညီညီရယ်မောသံတွေဟာ ကျွန်မရင်ကိုတည့်တည့်ထိမှန်ပါတယ်။ ဖုန်းမဆက်ဖြစ်အောင် အားတင်း ထားတဲ့ကြားက အသားကျနေတဲ့လက်တွေက နှိပ်နေကျဖုန်းနံပါတ်ကို နှိပ်မိသွားတဲ့အခါ ကြားနေကျလေသံခပ်တိုးတိုးတွေဟာ ကျွန်မကို MRT ပေါ်မှာ မျက်ရည်ကျစေခဲ့ပါတယ်။ အားနည်းသူအတွက်သွေးပျက်ဖွယ်..။ နွေတစ်လှည့် မိုးတလှည့် ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်ဟာ ကျွန်မကို ခပ်တိုးတိုးစိန်ခေါ်နေခဲ့ပါတယ်။ ရင်ဆိုင်တိုက်ခိုက်ပစ်ချင်တဲ့စိတ်တစ်ဝက်၊ မွန်းကျပ်နေတဲ့စိတ်တစ်ဝက် တို့ဟာ ခဏတာလွတ်မြောက်စေနိုင်တဲ့ စိတ်ရဲ့ ပြတင်းတံခါးတွေကို ရှာဖွေနေတော့တာပါပဲ..။ ကျွန်မအတွက်တကယ့်ကိုနီးနီးလေးလို့ထင်ရမယ့် ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပစ်ခဲ့ပါတယ်..။
အရင်းနှီးဆုံး(လို့) ခံစားရတဲ့ သူငယ်ချင်းအနည်းငယ်ရှိတဲ့ အီးမေးလ်အကောင့်လေးထဲကနေ သူငယ်ချင်း မိတ်ဆွေနဲ့ မိသားစုတွေကို အမြဲချောင်းကြည့်နေခဲ့တယ်..။ ဖေ့စ်ဘွတ်အကောင့်လေးကနေ သူငယ်ချင်း
တွေကိုကြည့်ရပါတယ်..။ ခံစားရသမျှကို စကားလုံးတွေနဲ့ဖွဲ့သီပစ်ခဲ့ပါတယ်..။ ကလေးကလားလို့တောင် မတွေးမိခဲ့သလောက်အောင် စိတ်သက်သာရာရခဲ့ရပါတယ်..။
ပြန်တွေးလိုက်တဲ့အခါ တကယ့်ကိုခဏလေးပါပဲ..။ ခိုင်မာတယ်ထင်ရတဲ့အရာတွေဟာလည်း အရိပ်တွေ ပဲဖြစ်ပြီး စိတ်ဟာ  ပတ်သတ်မှုပေါင်းများစွာကို ကြိုးလိုချည်ခဲ့တာပါ..။ အစ်ကိုတစ်ယောက်လို ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောဖူးပါတယ်.. သူငယ်ချင်းသံယောဇဉ်ရော၊ မောင်နှမသံယောဇဉ်ပါ ခိုင်မာတဲ့အတွက် ဘာမှအားမငယ်စေဖို့ပြောတုန်းက ကျွန်မ ပြုံးမိခဲ့ပါသေးတယ်..။ တကယ်ဆိုရင် စကားလုံး တွေဟာ သိပ်ကိုအငွေ့ပျံလွယ်တတ်ကြောင်းသင်ခန်းစာတစ်ခုကိုကျွန်မသင်ယူရတော့မယ်မှန်း အဲ့ဒီတုန်းကမသိခဲ့လိုက်ပါဘူး..။ ခင်မင်ရင်းနှီးပြီးခဲ့ပြီးသားလူတွေကို အားကိုးမှီတွယ်ချင်တဲ့စိတ်ဟာ ချက်ချင်းဆိုသလိုပြောင်းလဲသွားပါတယ်..။ အေးအေးစက်စက်နဲ့ မိုးတွေရွာတဲ့တစ်ရက်မှာပဲ ဘာမဟုတ်တဲ့ (သိပ်မမှတ်မိတော့တဲ့) အကြောင်းအရာတစ်ခုအောက်မှာ သံယောဇဉ်ဟာ ချက်ချင်း အငွေ့ပျံ သွား ပါတော့ တယ်.။ ကျွန်မဘာကိုမှအယုံအကြည်မရှိတော့ပါဘူး..။ အဲ့ဒီအချိန်တွေတုန်းက Idiots အဖွဲ့ရဲ့ မင်းအတွက် မင်းရှိတယ်ဆိုတဲ့သီချင်းကိုဆိုရတာ သိပ်ကိုနှစ်ခြိုက်ခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းစိတ်ရဲ့ပြတင်းတံခါး လို့နာမည် တပ်ထားတဲ့အရာတွေကို အပြီးအပိုင်ပိတ်ပစ်ခဲ့ပါတော့တယ်..။
ထွက်ပေါက်တစ်ခုတစ်လေအတွက် စကားလုံးတွေမှာခံစားချက်တွေလိမ်းချယ်ရင်း စာလေးတစ်ချို့တလေ
ရေးပါတယ်..။ ဘယ်သူ့အတွက်မှမဟုတ်တဲ့ ကျွန်မအတွက်သီးသန့် နေရာလေးတစ်ခုကိုဖန်တီးပြီးပျော်ရွှင်
တယ်။ အားလပ်ရက်တွေကို အွန်လိုင်းရုပ်ရှင်တွေနဲ့သီချင်းသံတွေနဲ့ အားဖြည့်ပါတယ်။ စိုစိုပြေပြေဆိုတဲ့ စာသားကို ကျွန်မ မငေးမောတော့ပါဘူး။ ရသလောက်အတိုင်းအတာတစ်ခုအတွင်းမှာ တတ်သမျှ သီချင်း တွေ ဆိုပြီး နိုင်သလောက်ပြုံးပစ်ပါတော့တယ်..။အခန်းထဲမှာစိုက်ပျိုးထားတဲ့ပန်းအိုးထဲက
သစ်ပင်လေးဟာစိုစိုပြေပြေနဲ့ လန်းဆန်းနေတုန်းပါပဲ။ပြီးခဲ့တဲ့နှစ်က၀တ်ခဲ့တဲ့အ၀တ်အစားလေးတွေ
ဟောင်းနွမ်း သွားပြီဖြစ်တဲ့အကြောင်းကို ဒီနေ့ အကျီင်္ဝတ်ဖို့ပြင်ဆင်ရင်းတွေ့ရှိသွားတဲ့အခါ ကျွန်မရဲ့ စိတ်ကလေးဟောင်းနွမ်းသွားလို့မဖြစ်ပါဘူးဆိုတဲ့အကြောင်းအရာက လင်းခနဲတောက်ပလာပါတယ်..။ စိတ်အပေါ်မှာတင်နေပြီဖြစ်တဲ့ ဟောင်းနွမ်းနေတဲ့စိတ်တွေကို အထူးတလည် ဆေးကြောရပါတော့မယ်..။ မနက်မိုးလင်းတိုင်း မှာ ဘယ်ကိုခရီးလွန်နေမှန်းမသိတော့တဲ့ အရင်တစ်ချိန်တွေဆီတုန်းက ကျွန်မရဲ့ အကောင်းမြင်တတ်ခဲ့ဖူးတဲ့စိတ်ကလေးကိုပြန်လည်ရှာဖွေရပါဦးမယ်..။တေးသီတဲ့ငှက်ကလေးတွေနဲ့ ကလေးငယ်တွေရဲ့ ရယ်မောသံတွေထဲမှာ ပျောရွှင်ခြင်းကို ရှာဖွေလို့ရနိုင်ပါရဲ့လားဆိုတာ သိပ်ကိုမသေချာ
တော့တဲ့အကြောင်းအရာ တစ်ပုဒ်ဖြစ်ခဲ့ပါပြီ။ ဖေဖေ့ဆံပင်တွေဖွေးဖွေးဖြူနေပြီလား..၊မေမေ့မျက်လုံးတွေ
ပြာရီနေကြပြီလား ၊ဒီနှစ်ဆောင်းဟာ အရင်နှစ်တွေကအတိုင်း အေးသလား ဆိုတာတွေကို တတ်နိုင်သမျှ
မစဉ်းစားမိအောင်ကြိုးစားပစ်ရပါဦးမယ်..။ လေလှိုင်းတစ်လျှောက်ဖြတ်သန်းရောက်ရှိသွားမယ့်ကျွန်မအသံတွေထဲမှာ ပျော်ရွှင်တက်ကြွခြင်းသက်သက်ပဲပါသွားစေဖို့
ပါသွားစေဖို့ သေသေချာချာ စစ်ထုတ်သန့်စင်ပစ်ရဦးမှာပါ။ သီချင်းသံတွေမြူးမြူးကြွကြွကြားရတဲ့အခါမှာ ကျွန်မနှုတ်ခမ်းတွေ တဖွဖွလိုက်ရွတ်ဖတ်ရပါမယ်..။ စိတ်ဝင်စားပျော်ရွှင်မှုတွေကို စာအုပ်တွေ၊ စာသားတွေ၊ စကားလုံးတွေ၊ ရုပ်ရှင်တွေထဲမှာလိုက်လံရှာဖွေရပါမယ်..။ ပြီးခဲ့တဲ့နှစ်ကာလဟာ ကျွန်မအတွက် အရောင်တွေသိပ်ကိုစုံလင်ခဲ့ပါတယ်..။နောက်နှစ်မှာရောက်ရှိလာတော့မယ့်နေ့ရက်တွေထဲကနေ ကျန်ရစ်ခဲ့
တော့မယ့်နှစ်ဟောင်းလေးကိုတည်ငြိမ်တဲ့စိတ်တွေနဲ့ ကြည့်ပစ်ဖို့ အသေအချာလေ့ကျင့်နိုင်မယ်လို့ ယုံကြည် ပစ်သင့်ပါသလား..ဆိုတဲ့အကြောင်းအရာကို ခေါင်းထဲက ခဏဖယ်ထုတ်ထားပါဦးမယ်။ မနက်ဖြန်တွေ ဆီခရီးဆက်နှင်ဖို့ မင်းအတွက်မင်းရှိတယ်ဆိုတဲ့သီချင်းကိုခေါင်းမာမာနဲ့ ဆက်ညည်းရင်း လာမယ့်နေ့ရက် တွေသစ်လွင်တောက်ပနေစေဖို့  ဒီနေ့ထဲမှာပဲ စိတ်ကို နှစ်မြှုပ်ထားလိုက်ပါဦးမယ်..။
စိမ်းမြလင်းသစ်
03/12/2011


စိမ်းမြလင်းသစ်


03/12/2011
http://www.seinnmyalinnthit.blogspot.sg/2011/12/blog-post.html

ကြောင်လေးတစ်ကောင်

ငါ ကြောင်လေးတစ်ကောင်မွေးမယ်လေ။
တစ်ခုခုကို စိုးရိမ်နေတာထက်စာရင်
နားမလည်နိုင်တဲ့ ချစ်ခြင်းတရားတွေအတွက်
နားမလည်ခြင်းတွေထဲ ၀ဲလည်နေတာထက်စာရင်
ကြောင်လေးတစ်ကောင်ကို မွေးရတာ ပိုကောင်းမလားလို့။
နေသာတဲ့မနက်ခင်းတွေဆို မြက်ခင်းပြင်မှာ ကြောင်လေးကစားတာကို
ငါထိုင်ကြည့်မယ်။
ကြောင်လေးက မြက်ခင်းတွေပေါ်ပြေးလွှားရင်း
မမီမကမ်းနဲ့  လိပ်ပြာလေးတွေကိုလိုက်ဖမ်းတဲ့အခါ
ငါက တထိတ်ထိတ်နဲ့ လိပ်ပြာလေးအတွက် စိုးရိမ်သလို
ကြောင်လေးအတွက် အားမလိုအားမရ ဖြစ်မိမယ်။
ကြောင်လေးက တမြှောင်မြှောင်အော်တဲ့အခါ
ငါက စားစရာတွေချချကျွေးလို့။
ကြောင်လေးက ငါ့ကို ချွဲနွဲ့တိုးခွေ့တဲ့အခါ
ငါ့မှာ ကြောင်လေးကို မြတ်နိုးစွာအချစ်ပိုလို့။
ငါအိမ်ပြန်လာတဲ့အခါ
ငါ့ကို စောင့်နေမယ့်ကြောင်လေးကို
ငါက ဦးစွာနှုတ်ဆက်လို့။
ကြောင်လေးက ငါ့ကိုတမြှောင်မြှောင်နဲ့ အစာတောင်းတဲ့အခါ
ငါက ကြောင်လေးကို ကြင်နာစွာ ကျွေးမွေးလို့။
အေးစက်တဲ့ ဆောင်းညတွေဆို
့ကြောင်လေးချမ်းမှာစိုးလို့  ငါခြုံတဲ့စောင်ခြုံထဲ ထွေးသိပ်လို့။
ကြောင်လေးရဲ့လက်ရဲရဲလေးတွေကို ငါက တို့ထိကစားမိတဲ့အခါ
ကြောင်လေးနိုးသွားမှာ စိုးရိမ်မှာပေါ့။
ငါက ကြောင်လေးကိုချစ်တာ ကြောင်လေးက သိသလို
ကြောင်လေးက ငါ့ကိုချစ်တာ ငါကသံသယ မဖြစ်ဘူး။
ကြောင်လေးဘယ်ကိုသွားသွား
ငါပြန်လာမယ့်အချိန်ကို ကြောင်လေးက စောင့်နေမှာလေ။
ကြောင်လေးက ငါ့ကို ပွတ်သပ်ချွဲနွဲ့ပြီး မြှောင်လို့ တစ်ချက်အော်လိုက်ရင်
ငါ့ကို ချစ်တယ်လို့ပြောလိုက်သလိုမျိုး..ငါဟာကျေနပ်လို့။
ကြောင်လေးတစ်ကောင်မွေးလိုက်တဲ့အခါ
ပျော်ရွှင်ခြင်းတွေငါ့ဆီကိုရောက်လာလို့
ငါဟာ ငါအဖြစ်အရာရာ ပြည့်စုံသွားသလိုမျိုး။
ဒါကြောင့် ဒီမနက်ခင်းမှာ ငါစဉ်းစားတာ
ငါက ကြောင်လေးတစ်ကောင်ကိုမွေးဖို့။
ကြောင်လေးတစ်ကောင်က ငါ့ကိုမွေးဖို့။

ဒီညမှာ လကတစ်ဝက်တိတိသာတယ်

           


မင်းအဆင်ပြေတယ်မဟုတ်လားလို့ရုတ်တရက် အမေးခံလိုက်ရတော့ ရုတ်တရက်ဘာဖြေရမှန်းမသိဘူးဖြစ်
သွားတယ်။ ကျနော်ကလည်း ထုံးစံအတိုင်း နှုတ်ဆိတ်နေသလိုလိုနဲ့ လက်ထဲကစီးကရက်ကိုပဲ တိတ်တိတ်ဆိတ်ဆိတ်ဖွာနေမိတော့တယ်။ သူငယ်ချင်းကတော့ထုံးစံအတိုင်း ၀တ်ကျေတမ်းကျေအမေးစကားတစ်ခုအပေါ်မှာ အဖြေတစ်ခုကိုစောင့်နေဟန်လည်းမရှိပါဘူး။ တခြားသူတွေနဲ့သာ စကားဆက်ပြောလို့နေတော့တယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ တွေ့ဆုံပွဲမှာ ကျနော်နှုတ်ဆိတ်နေလို့လည်း မဖြစ်ပါဘူး။ ဒါပေမဲ့လည်းစကားစမြည်ပြောချင်စိတ်လေးတောင်မရှိတာကြောင့် အားလုံးကို ပြုံးပြပြီး ချောင်ကျကျစားပွဲဝိုင်းဆီမှာ လာထိုင်နေမိတယ်။ လေက ရုတ်တရက်တိုက်လာတာကြောင့် ကျနော့်ဆံပင်တွေပွသွားတယ်။ ဒီလိုအချိန်မျိုးမှာ သူသာရှိနေရင် ဆံပင်တွေရှည်နေပြီ ဘာလို့မညှပ်တာလဲ ဆံပင်လေးဘာလေးညှပ်ဖို့တောင်အချိန်မအားဘူးလား စသဖြင့် ကျနော်စိတ်ညစ်ရလောက်အောင် သူတဖွဖွပြောမှာမှန်း ကျနော်အမှတ်ရလိုက်တယ်။ အချိန်တွေကြာတော့ကြာပါပြီ။ ဘယ်လောက်ကြာပြီလဲလို့ ကျနော် လည်းမမှတ်ထားဘူး။ လွမ်းတယ်ရယ်လည်းမဟုတ်ပါဘူး။ လွမ်းတယ်လို့ပြောရလောက်အောင် ကျနော့်အသက်အရွယ်ကလည်း မငယ်တော့ဘူး။ တိုက်ဆိုင်တဲ့အခါ အမှတ်ရတယ်ဆိုရုံလောက်ပါပဲ။ ဒါကိုသူသိရင် စိတ်ဆိုးဦးမယ်။ အမှန်တကယ်ဆိုရင် ဘာရယ်ကြောင့်မှန်းမသိဘူး ၊ ခဏခဏကတောက်ကဆဖြစ်ခဲ့ရတာပဲ။ တစ်ခါတစ်ခါတော့လည်း ကျနော်က ပျော်တယ်။ သူစိတ်ဆိုးတာကိုကြည့်ရင်းပျော်တယ်။ သူစိတ်ဆိုးရင် ကျနော့်ကိုရန်တွေ့တဲ့ နှုတ်ခမ်းတွေက ထော်ထော်လေး။ ချစ်စရာကောင်းတယ်ထင်လို့ ကျနော်ခဏခဏစမိတယ်။  ဒါတွေက သူသူငါငါ သူလိုကိုယ်လို သမီးရည်းစားကိစ္စတွေပဲ မဟုတ်လား။ အခုအချိန်မှာ ပြန်တွေးနေမိတာကိုတောင် ရှက်ချင်သလိုလိုဖြစ်နေမိတယ်။

ကျနော့်ကို သူငယ်ချင်းတစ်ယောက်စနှစ်ယောက်စ စကားလာပြောကြတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာမသိဘူး။ ကျနော်ကလည်း ခုအချိန်မှာ စကားမပြောချင်ဘူးဖြစ်နေတယ်။ ကျနော်ဆိုလိုတာက တစ်ကိုယ်တည်း တွေးမယ်၊ ထိုင်မယ်။ တွေးမယ်ဆိုတာက ဘာအကြောင်း ညာအကြောင်း သေသေချာချာရှိတဲ့ကိစ္စတစ်ခုကို တွေးဖို့မဟုတ်ပါဘူး။ ကျနော့်အတွေးတွေနောက်ကို စီးမျောပစ်မယ်။ စိတ်ကိုမျှောထားမယ်။ ဒါက ကျနော့်ဝါသနာဖြစ်တယ်ရယ်လို့လည်းမတွေးမိဘူး။ ကျနော်ဆိုလိုတာက ကျနော့်ဝါသနာဟာ ဘာလဲလို့တောင်တွေးမိခဲ့တာမဟုတ်ဘူး။ လူဟာ လူရယ်လို့ဖြစ်လာရင် စိတ်ဝင်စားမှုတစ်ခုခုရှိတယ်၊ အားသန်ရာသန်ရာ အလေ့အကျင့်တစ်ခုခုရှိကြတယ်လို့ပြောကြတယ်။ ကျနော်ကတော့ အထူးတလည် မတွေးမိခဲ့ဘူး။ ၀ါသနာတွေ၊ အလေ့အကျင့်တွေ၊ ဘာတွေညာတွေ၊ စည်းတွေ ဘောင်တွေ ကျနော်မတွေးဘူး။ ကျနော်လုပ်ချင်တဲ့အရာကို လုပ်မယ်။ စိတ်ကိုလွတ်လွတ်လပ်လပ်နေမယ်။ ဘာနဲ့မှ ချုပ်နှောင်ထားတာမကြိုက်ဘူးလို့ပဲဆိုရမယ်။ ကျနော့်ကို သူများတွေနဲ့မတူဘူး..စည်းအပြင်ထွက်နေတယ်လို့ တချို့ကပြောတတ်တယ်။ ကျနော်က စည်းတွေဘာတွေတောင်စဉ်းစားခဲ့တာမဟုတ်ဘူး။ ခုတောင် ဘာကြောင့် ဒီကိုရောက်ခဲ့တာလည်းမသိဘူး။ ကျနော်လာချင်ရင်လာမယ်၊ ပြန်ချင်ရင်ပြန်မယ်။ ဘာအတွက်ကြောင့်မှ ဘာကိုမှ ချုပ်နှောင်ထားဖို့မလိုဘူးထင်တာပဲ။

ရုတ်တရက်ထပြန်ခဲ့တယ်။ ကျနော်ပြန်တာကို ဘယ်သူ့ကိုမှအသိမပေးခဲ့ဘူး..။ ကျနောပြန်ချင်လို့ပြန်လာတာ။ ကျနော်ပြန်လာတယ်ဆိုတာကိုတောင် လမ်းလျှောက်နေတုန်းမှာ သတိထားမိသွားတာ။ ညနေခင်းဟာ ညစစ်စစ်ကိုကူးပြောင်းနေပြီ..။ လမ်းဟာ မီးရောင်တွေထိန်နေတယ်။ တချို့လမ်းတွေမှာ ၀ါကျင်ကျင်မီးတွေထွန်းထားတယ်။ ကျနောလမ်းလျှောက်လာနေတုန်းပဲ.။  လေတဖြူးဖြူးနဲ့ တိုက်ခတ်နေတယ်။ မိုးရိပ်မိုးသက်လေးတောင် ပါနေသလိုပဲ။ မိုးရွာရင်ကောင်းမှာပဲလို့ ကျနော်တွေးမိတယ်။ ကျနော်လမ်းလျှောက်နေတုန်း မိုးဖွဲကလေးများကျလာရင် ဆိုပြီးတွေးမိတော့ပျော်လာတယ်။ မိုးတဖွဲဖွဲအောက်မှာ လမ်းလျှောက်ရတာကို ကျနော်ကြိုက်တယ်။ မိုးတွေဝုန်းဒိုင်းကြဲရွာချတဲ့အချိန်မျိုးဆိုရင် အခန်းထဲမှာတစ်ယောက်တည်း သရဲကားကြည့်ရတာတော်တော်သဘောကျတာပဲ။ လမ်းလျှောက်ရတာကိုတော့ မကြိုက်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အခုလို လေကလေးတိုက်နေတဲ့အချိန်မှာလည်း ဟိုတွေးဒီတွေးနဲ့ လမ်းလျှောက်ရတာကိုကြိုက်တာပဲ။ ကျနော်ကတွေးသာတွေးနေမိတာပါ။ မိုးလည်းရွာမလာပါဘူး..။ လေကတော့ တဖြူးဖြူးနဲ့တိုက်နေတယ်။ ညက အေးတယ်ဆိုရုံအေးအေးလေး။ ခုမှ ညစရောက်ရုံကလေးနဲ့ ညက ပျိုနုနေတယ်။

လမ်းတွေ၊မီးတိုင်တွေ၊ လမ်းတလျှောက်မှာ ခပ်ကျဲကျဲ ချထားတဲ့ထိုင်ခုံတွေ..။ ကျနော့်ဘေးကနေ ခပ်သုတ်သုတ် ဖြတ်လျှောက်သွားကြတဲ့လူတွေ..။ ၀ါကျင်ကျင်မီးရောင်လေးတွေ လင်းနေတဲ့လမ်းတလျှောက်ကို ကျနော် ခပ်အေးအေးပဲလမ်းလျှောက်လာတယ်။ လမ်းဘေးတစ်လျှောက်မှာ အပင်ပုပုလေးတွေကို တညီတညာတည်း အလှစိုက်ထားသေးတယ်။ မထူးဆန်းပေမဲ့ အခုမှ အထူးအဆန်းလုပ်ပြီးကြည့်နေမိတယ်။ ကားလမ်းမပေါ်မှာတော့ ကားတွေ တ၀ီဝီ မောင်းနေကြတုန်းပဲ။ လူတွေဘာအတွက် အလျင်စလို ဖြစ်နေကြပါလိမ့်။ အမှန်တကယ်ဆိုရင် ဘာကိုမှအလျင်စလိုရှိစရာမလိုလောက်အောင်ကို ပဲ ဘ၀က ပျင်းစရာကောင်းတယ်မဟုတ်လား။ အသက်ရှင်နေရတာ ပျင်းစရာကောင်းတယ်ဆိုတဲ့အတွေးဟာ ကျနော်မကြာခဏ တွေးမိတဲ့အတွေးပဲ။ လူတွေက စိတ်ဝင်စားမှုတစ်စုံတရာ မရှိတော့တဲ့အရာအပေါ်မှာ ပျင်းတယ်လို့ ခေါ်လေ့ရှိကြတာပဲ။ ပြီးရင်တော့ စိတ်ဝင်စားစရာတစ်ခုခုနဲ့ အစားထိုးဖို့ကြိုးစားကြမယ်။ ကျနော်ကတော့ အသက်ရှင်ရတာပျင်းတယ်။ အသက်ရှင်ရတာကို ရပ်တန့်ပစ်လိုက်ဖို့တော့ ကျနော်မကြိုးစားချင်ပါဘူး..။ ပျင်းနေရတဲ့အရာသာကို ကျနော်ခံစားကြည့်ချင်နေတယ်။ ကျနော်ဆိုလိုတာက နေ့စဉ် အလုပ်သွားမယ်။ အချိန်ကို ထုံးစံအတိုင်းပြီးဆုံးစေမယ်.။ ညရောက်တဲ့အခါ ကျနော် အနီးအနားမှာရှိတဲ့ လက်လှမ်းမီတဲ့ ကျနော် စိတ်ပျော်တယ်လို့ယူဆရတဲ့ အလုပ်တစ်ခုခုမှာ စိတ်ကိုနှစ်ထားလိုက်မယ်။ ဒီလိုနဲ့ သီတင်းတစ်ပတ် ကုန်ဆုံးသွားမယ်။ ဒီလိုနဲ့ နေ့တွေ လတွေ နှစ်တွေ ကုန်ဆုံးသွားတဲ့အခါ တခြားသူတွေလိုပဲ အသက်ဝိညာဉ်လေးထွက်ခွာသွားမယ်။ ကျနော်စိတ်ဝင်စားတာက ကျနော်ဟာ ဘယ်လိုဘယ်ပုံအဆုံးသတ်မယ်ဆိုတာရယ် ဘာတွေဘယ်လို ထပ်ဖြစ်မယ်ဆိုတာရယ်။ အဲ့ဒီအချိန်ကျရင် စိတ်ဝင်စားစရာ ကောင်းမှာဖြစ်ပေမဲ့ ခုအချိန်မှာ ဒီလိုကြီး စောင့်နေရတာကတော့ ပျင်းစရာအကောင်းသား။

ထိုင်ခုံအလွတ်တစ်ခုတွေ့တော့ ဘာရယ်မဟုတ်ဘူး ၀င်လိုက်လိုက်တယ်။ ရာသီဥတုက အိမ်ခန်းကျဉ်းကျဉ်းလေးထဲကို မပြန်ချင်အောင်ဆွဲဆောင်နေတာပဲမဟုတ်လား။ ကျနော့်ဘေးကထိုင်ခုံမှာ အတွဲတစ်တွဲထိုင်နေကြတယ်။ ရယ်လိုက်မောလိုက်နဲ့အဆင်ပြေနေပုံပါပဲ။ ကျနော်လည်း ရိုင်းမှာစိုးလို့အကြည့်ကိုချက်ချင်းလွှဲမိတယ်။ သူ့ကို သတိရပြန်တယ်။ အရင်ကဆို သူနဲ့ကျနော် သူတို့လို ထိုင်လေ့ရှိကြတာပဲ။ ရောက်တတ်ရာရာစကားတွေပြောမယ်။ ခုနေစဉ်းစားကြည့်တော့လည်း ရယ်စရာကောင်းသားပဲ။ ကျနော့်အကြောင်းတွေ သူ့အကြောင်းတွေ၊ ကျနော့်သူငယ်ချင်းတွေအကြောင်း၊ သူ့သူငယ်ချင်းတွေအကြောင်း..။ နောက်ပိုင်းကျနော်က ငြီးငွေ့သွားလို့ ဘာမှမပြောတော့တဲ့အခါ သူက ကျနော့်ကို စကားနာတွေထိုးမယ်။ မချစ်တော့လို့လား ဘာညာမေးမယ်။ ကျနော်က ဒါတွေကို သိပ်စိတ်ကုန်တယ်။ အမှန်ဆိုရင် ကျနော်က ချစ်တယ်ဆိုတာဘာမှန်းမသိဘူး။ ချစ်တယ်ဆိုတာကိုလည်း အယုံအကြည်မရှိဘူး။ ဘ၀ဆိုတာ ဗလာ ဘာညာလို့ သူ့ကိုပြောမိတဲ့နောက်ပိုင်း သူက ကျနော့်ကို ဖြည့်ဆည်းပေးဖို့စကြိုးစားတော့တာပဲ။ အမှန်တကယ်ကို သူဟာ ရူးခဲ့တယ်လို့ဆိုရမယ်။ ကျနော်လည်း အထူးတလည် ဆက်ပြီးမရှင်းပြတော့ဘူး။ နောက်ဆုံးတော့ ကျနော့်ဆီက ဗလာစစ်စစ် ဖြစ်တည်မှုကို သူသဘောပေါက်သွားသလား၊ တကယ်ပဲ ကျနော့်ကို စိတ်ပျက်သွားသလားမသိဘူး။ ကျနော့်ကို လမ်းခွဲသွားတယ်။ ရုပ်ရှင်တွေ ၀တ္ထုတွေ ထဲကလို မျက်ရည်တွေဘာတွေလည်း မကျပါဘူး။ ကျနော်ကလည်း မတားခဲ့ပါဘူး။ ဒီလိုပါပဲ ပေါ့ပေါ့ပါးပါးအဆုံးသတ်သွားတာပဲ။ အဆုံးသတ်တယ်လို့ပြောရအောင် ဒါကတကယ့်အဆုံးသတ်လားဆိုတာလည်း ကျနော်မသေချာပါဘူး။ သေချာမှုဆိုတာဟာ ဘာတွေဖြစ်မလဲလို့ တွေးဖို့ ခန္ဓာကိုယ်ကို ခပ်လျောလျောပြင်ထိုင်ပြီး မိုးပေါ်ကို မော့ကြည့်မိတော့ တစ်ဝက်တိတိသာနေတဲ့ လကို ဒီညမှာ တွေ့လိုက်ရတယ်။


စိမ်းမြလင်းသစ်

(27/06/2012)
www.seinnmyalinnthit.blogspot.com

ရယ်မိခဲ့ကြတယ်

           
           
ရယ်မိခဲ့ကြတယ်
by Seinn Mya Linn Thit (Notes) on Friday, 13 July 2012 at 09:59
ဒီနေ့ မနက်နိုးလာတော့ မိုးက ခပ်ဖွဲဖွဲရွာနေတယ် လို့ စုက ပြောတော့ ကိုယ်ကငေးနေတုန်း။ အင်းနော် မနက်ကမိုးရွာနေတာပဲလို့ နောက်မှ ပြန်ပြောလိုက်ရတယ်။ ငါက အိပ်ချင်တဲ့ဟာကို နင်ကအတင်းဖုန်းခေါ်နေတော့ ကိုင်လိုက်ရတာ၊ အမှန်ကအိပ်ချင်သေးတာတဲ့။ စုကပြောပြီး မျက်နှာကိုပုပ်ထားလိုက်တယ်။ ဒီလိုပဲ သူက မကြိုက်တာဆိုရင် တတွတ်တွတ်နဲ့ ပြီးခဲ့တဲ့အကြောင်းအရာတွေကို မပြီးနိုင်မစီးနိုင် ပြန်ပြန်ပြောနေကြ။ သူရပ်လိုက်ချင်တဲ့အကြောင်းအရာဆိုလည်း တိခနဲကိုရပ်ပစ်တတ်တာ။ အမှန်က ကိုယ်ကဖုန်းမဆက်လည်း သူကကိုယ့်ကိုဖုန်းဆက်မှာပဲဆိုတာ သူ့ကိုဒီအချိန်မှာ ပြန်မပြောချင်ပါဘူး။ ခုအချိန်မှာ စိတ်ချမ်းသာသလိုနေပါစေလို့ သူ့ကို လွှတ်ထားပေးရတယ်။ ငါက နင်နဲ့အတူတူ လျှောက်သွားချင်လို့ပါဟ လို့ သူ့ကို ပြေရာပြေကြောင်းပြောလိုက်ရတယ်။ သူကတော့ ကြားပုံမရပါဘူး။ အဝေးကိုငေးနေတော့တယ်။ ခဏနေတော့ ထိုင်ခုံမှာထိုင်နေရာကနေ ထပြီးတော့ ကန်အစပ်က မြက်ခင်းပေါ်မှာ ခြေဆင်းပြီးတော့ ထိုင်ချလိုက်တယ်။ ဟဲ့ နင် ကျွတ်တွယ်ဦးမယ်လို့ လှမ်းအော်လိုက်ရသေးတယ်။ ကျွတ်မရှိလောက်ပါဘူးဟ.. ပြီးတော့ ခြောက်နေတာပဲ.. ငါထိုင်ချင်လို့တဲ့။ ကိုယ်လည်း ဘာမှဆက်မပြောတော့ပါဘူး..။ လမ်းက ၀ယ်လာတဲ့ ပလတ်စတစ်ဗူးထဲက အအေးကိုပဲ ပိုက်နဲ့စုပ်သောက်နေလိုက်တယ်။ အအေးက အေးလွန်းလို့လားမသိဘူး လည်ချောင်းထဲမှာ စူးကျင်သွားတယ်။
 ---------------------------------------------------------------------------------------------------------------------------
 စုက မြက်တွေကို အဖျားလေးတွေလိုက်နှုတ်နေတယ်။ ဟဲ့ မလုပ်နဲ့လေ ရဲလာဖမ်းရင် ငါမကယ်ဘူးနော် လို့ လှမ်း အော်လိုက်တယ်။ ဘာဖြစ်လဲလို့ သူကပြန်ပြောတယ်။ ငါ့ဟာငါ ဘာလုပ်လုပ်တဲ့ ။ စုက မျက်ရည်တွေဝဲနေတယ်။ အဲ့ဒါနဲ့ ပဲ ကိုယ်လည်းသူ့ဘေးနားမှာ လိုက်ထိုင်လိုက်ရတယ်။ စိတ်ထိန်းပါဟာတို့ မလွမ်းလောက်ပါဘူးတို့  ဘာဘာညာညာတွေတော့ ပြောဖို့စိတ်မကူးတော့ပါဘူး။ ဒီအချိန်မျိုးမှာ ဒီလိုမျိုးစကားတွေပြောရင်လည်း ဒါဟာ စကားလုံးသက်သက်ကြီးတွေပဲဖြစ်ပြီး နားထောင်ရတဲ့သူ နားကလောရုံပဲဖြစ်မယ်။ အဲ့ဒါနဲ့ပဲ သူ့ဘေးနားမှာ ထိုင်ရုံလေးပဲထိုင်လိုက်တယ်။ ဟဲ့ နင် ဟိုကောင်တွေဆီသွားချင်လား ငါလိုက်ပို့ပေးမယ်လေဟာဆိုတော့ ငါ ဒီမှာပဲအေးအေးဆေးဆေးထိုင်ချင်တယ်တဲ့။ အေးအေး လို့ပြန်ပြောလိုက်ရပြီး ကိုယ်လည်း ငြိမ်ငြိမ်လေးနေလိုက်ရတယ်။ နေ့ခင်းတစ်ခင်းလုံးလည်း ရှော့ပင်းမောမှာ ခြေတိုအောင်လျှောက်သွားကြပြီးပြီ။ အမှန်က ကိုယ်သွားတဲ့နောက်သူ လိုက်ရတာ။ သူကတော့ ထုံပေပေနဲ့ ကိုယ်သွားသမျှလိုက်နေတော့တာ။ ဘာမှလည်းမပြောဘူး။ မေးလိုက်မှ တစ်ခွန်းထထဖြေတယ်။ အခုလည်းအဲ့လိုပဲ။ ဘာမှမပြောဘဲ ထိုင်နေတယ်။ ကိုယ်လည်း ဘာပြောရမှန်းမသိဘူး။ ဘာအကြောင်းအရာကိုစပြောရမလဲ မသိဘူး။ တကယ်က စကားတွေဆိုတာ ခံစားချက်ရှိမှပြောလို့ရတာမျိုး။ သူနဲ့ကိုယ်နဲ့က စိတ်ခံစားချက်တူတယ်ပြောရမယ်၊ အရင်ကဆို အကြောင်းအရာအတော်များများ တိုက်ဆိုင်ပြီး စကားတွေလုပြောရတယ်။ ကိုယ်ကပြောလို့မပြီးသေးဘူး၊ သူက လုလုပြောလို့ ရန်ခဏခဏဖြစ်ရသေးတယ်။ ခုတော့ ဒီကောင် ငြိမ်ချက်သားကောင်းနေတာ တော်တော်ကြာသွားပြီ။ သူ့ကိုဘယ်လိုနှစ်သိမ့်ပေးရမလဲမသိဘူး။ မသိတော့လည်း ငြိမ်ငြိမ်လေးပဲနေပေးဖို့တတ်နိုင်တော့တယ်။
----------------------------------------------------------------------------------------------------------------------
 ငါလေ အဲ့လိုမျိုး အဘိုးကြီးအဘွားကြီးစုံတွဲတွေကိုတွေ့ရင် စိတ်ထဲမှာတစ်မျိုးပဲ တဲ့။ ရုတ်တရက် သူခပ်တိုးတိုး ပြောလိုက်တော့မှ သူငေးကြည့်နေတဲ့နေရာဆီလိုက်ကြည့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ လက်တွဲပြီးလျှောက်သွားကြတဲ့ အဘိုးအဘွားစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။ တွဲထားကြတဲ့ အဘိုးအဘွားလက်တွေက အရေတွန့်နေမှာသေချာတယ်။ တစ်ယောက်ကိုတစ်ယောက်ဖေးမပြီး အားကစားဖိနပ်ကိုယ်စီနဲ့ လမ်းလျှောက်သွားကြတဲ့ အဘိုးအဘွားစုံတွဲကို စုက အားကျသလိုမျက်ဝန်းတွေနဲ့ ငေးကြည့်လို့။ ပြီးတော့ ဆက်ပြောတယ်။ သူတို့ဘ၀မှာ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ နားလည်မှုတွေနဲ့ ဖြတ်ကျော်ခဲ့ရတာလို့ ငါတော့ ခံစားရတယ်ဟ။ ဟုတ်မဟုတ်တော့မသိဘူးတဲ့။ ဟုတ်ရင်လည်းဟုတ်မှာပေါ့။ ဘယ်သူက ဘယ်သူ့ကို ဘယ်နှကြိမ်မြောက်သည်းခံခွင့်လွှတ်ခဲ့ရလဲ။ ပြီးတော့ တကယ်ရော မေတ္တာနဲ့ ဖြတ်ကျော်ခဲ့ရတာလား။ ဒါတွေကိုတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲသိမှာပေါ့။ ဟုတ်ချင်ရင်လည်း ဟုတ်မှာပေါ့။ မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့။ ကိုယ့်အတွက်သိပ်ကိုမထူးဆန်းလှပေမဲ့ တစ်ခါတစ်ခါတော့ စုက အဲ့လိုပဲ။ ခံစားချက်ကို ရှေ့တန်းတင်တာများတယ်။ သူများတွေအတွက်ဘာမှမဟုတ်တာတွေက သူ့အတွက် အကြီးကြီးတွေဖြစ်ချင်ဖြစ်နေတတ်တာ။ ဘာပဲဖြစ်ဖြစ်ကောင်းဖို့ဖြစ်လာတာလို့ပဲတွေးပေါ့ ၊ အကောင်းဘက်ကနေပဲတွေးပေါ့လို့ ကိုယ်က ပြောလိုက်တော့ စုက ရယ်တယ်။ သူ့ရယ်သံက ခပ်အက်အက်ရယ်။ မရယ်ချင်ရယ်ချင်ရယ်တယ်ခေါ်ရမလား။ သေချာတာကတော့ စုရယ်သံထဲမှာ နာကျင်ခြင်းအရိပ်အငွေ့တွေနဲ့။ ဘာလဲ ဒါဆိုရင် ငါက အားလုံးကို ပျော်စရာတွေပဲလို့ တွေးပစ်ရတော့မှာလား ၊ ပေါ်လီယာနာဆိုတာ စာအုပ်ထဲမှာပဲ ရှိတာလေဟာ.. ငါကတော့ ကောင်းရင်ကောင်းတဲ့အတိုင်းတွေးမယ်။ ဆိုးရင်ဆိုးတဲ့အတိုင်းတွေးရမှာပဲ ၊ မကောင်းတာကို ကောင်းတာပါလို့ မတွေးနိုင်သလို ကောင်းတာကို မကောင်းဘူးလို့လည်းမတွေးနိုင်ဘူး လို့ စုကပြန်ပြောတော့ ကိုယ်က ဒါဆိုရင် နင်က ကောင်းတယ်ဆိုးတယ်ဆိုတာကို ဘာနဲ့ တိုင်းတာလဲ လို့ပြန်မေးလိုက်မိတယ်။ အဖြေကိုတကယ်သိချင်တယ်လို့လည်းမဟုတ်ပါဘူး။ ကိုယ်က စုကို သူ့ ခံစားချက်တစ်စုံတစ်ခုကနေ ဖောက်ခွဲထွက်စေချင်တာ။ ပတ်ဝန်းကျင်က နည်းနည်းမှောင်စပြုလာပြီ။ ဒါပေမဲ့ လမ်းမီးတွေမထွန်းသေးဘူး။ အလင်းရောင်နည်းနည်းကျန်သေးတယ်။ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ရေကန်ပေါ်မှာ ထင်နေတဲ့ တိမ်တွေကိုအမှတ်တမဲ့လိုက်ငေးနေမိတယ်။ ကိုယ်က မိုးချုပ်တဲ့အထိ သူနဲ့တူတူနေပေးဖို့ဆုံးဖြတ်ထားတာကြောင့် ဘာမှတော့မဖြစ်ပါဘူး။ သူရောကိုယ်ရော မနက်ဖြန်အလုပ်ပြန်တက်ရမှာမို့လို့ သိပ်ညဥ့်နက်အောင်တော့နေလို့မရဘူးပေါ့လေ။
 -------------------------------------------------------------------------------------------------------------------------
လေကလေးတစ်ချက်ဝှေ့လိုက်တော့ စုဆံပင်တွေ ၀ဲခနဲပဲ..။ မိုးအနံ့ပါမလာလို့တော်သေးတယ်။ ဆံပင်ပျော့ပျော့အောက်က မျက်နှာဖျော့ဖျော့အောက်မှာ မျက်ဝန်းတွေ အရောင်တောက်လာကြတယ်။ မျက်နှာတစ်ချက်တင်းသွားတယ် (ထင်ရတာပဲ)။ ကိုယ်ကတော့ စုကိုငေးလို့…။  စုက ပြောတယ်..အမှန်က လူတွေမှာ ပေတံတစ်ချောင်းစီရှိထားကြပြီးသားပဲဟာ၊ ကိုယ့်ပေတံနဲ့ကိုယ် အမှန်တွေအမှားတွေ ကောင်းတာတွေ မကောင်းတာတွေ လိုက်တိုင်းတာနေကြတာပါ။ ကိုယ်ကြိုက်ရင် ကောင်းတယ်လို့ သတ်မှတ်ပြီးတော့ မကြိုက်ရင် မကောင်းဘူးလို့သတ်မှတ်ကြတယ်။ အမှန်က ဒါတွေက အလကားတွေပဲ။ ဒါပေမဲ့ ငါကတော့ ကောင်းတယ်ဆိုးတယ်ဆိုတာကို ငါ့ကြိုက်နှစ်သက်မှုက သူတပါးကို ထိခိုက်ခြင်း ၊ မထိခိုက်ခြင်းနဲ့တိုင်းမယ၊ ပြီးတော့ အခုအချိန်ကစပြီး ငါလုပ်ချင်တာကို လုပ်တော့မယ် တဲ့..အဲ့လိုပြောပြီးတော့ စုက မောသွားသလိုပဲ ၊ သူ့အအေးဘူးကို ခုမှ လှမ်းယူပြီး သောက်တယ်။ ပြီးမှ …ငါလုပ်ချင်တာတွေက သူများကို မထိခိုက်ရင်တော်ပြီပေါ့တဲ့။ ပြီးတော့…တစ်စုံတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခဲ့ပြီးမှ လိပ်ပြာလုံတယ်လို့ ပြောရဲတဲ့လူတွေကို ငါထိုင်ရယ်မယ်ဟာ တဲ့။ ပြောရင်း စုက ရယ်တယ် (ရယ်လိုက်တယ်ပဲဆိုကြပါစို့)။ အသံကနာကျင်မှုစွက်ပြီး ခပ်အက်အက်ရယ်။ ရယ်ရင်းနဲ့ မျက်ရည်ဝဲလာလို့ ခေါင်းကိုမော့လိုက်တာတွေ့လိုက်ရသေးတယ်။ ခုမှ ထွန်းလိုက်တဲ့ လမ်းမီးရောင် ၀ါဖျော့ဖျော့အောက်မှာ လက်ခနဲဖြစ်သွားတဲ့စုမျက်ဝန်းက မျက်ရည်စက်လေးတွေနဲ့ အာတင်းထားတဲ့ စု မျက်နှာလေးကို ကိုယ်က ငေးမိနေမိတော့တာပဲ။ ကိုယ်က သက်ပြင်းခပ်ဖွဖွ ချမိရင်း နင်သူတို့ကို တွေ့လိုက်သေးလို့လားဟာ…လို့ မေးလိုက်တော့ ဟိုရက်က ငါနဲ့ ပွဲတစ်ခုမှာဆုံတယ်ဟ တဲ့။ သူတို့က လှမ်းပြုံးပြနှုတ်ဆက်တယ်…အဲဒါကိုငါအံ့သြလို့မဆုံးဘူးတဲ့။ စုရယ်… လို့ လွှတ်ခနဲ ရေရွတ်လိုက်မိတယ်..။ စုရယ် နင်ကငါတို့ကိုမပြောဘူး၊ အခုမှပြောတယ်ဟာ လို့ပြောမိတော့ ငါစိတ်ကုန်သွားလို့ပါဟာတဲ့။ ဒါဆိုလည်း လိုက် မခံစားနေနဲ့တော့ပေါ့ လို့ ကိုယ်ပြောလိုက်တဲ့အသံဟာ သိပ်မမာလောက်ဘူးလို့မှန်းရတာပဲ။ ကရုဏာဒေါသမှန်းစုသိမှာပါလေ။ စုက ဘာလဲ ငါက အကုန်လုံးကို ပျော်စရာလို့ လိုက်တွေးနေရမှာလား၊ ပေါ်လီယာနာလို ၀မ်းသာတမ်းကစားရမှာလားလို့ ပြန်ပြောတယ်။ ပြီးတော့ ရယ်လိုက်သေးတယ်။ စုရယ်..နင်ကလည်းဟာ လို့ ပြောမိပြီး ကိုယ်က ဘာပြောရမှန်းမသိပြန်ဘူး။ သူ့ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးနေချင်မိတော့တာပဲ..။ အချစ်သူရဲကောင်း အလကားကောင်တွေပါဟာ၊ ငပေါတွေ ဆိုပြီး စုက ပ်ဆတ်ဆတ်ပြောပြီး ရုတ်တရက် ထိုင်ရာကထရပ်လိုက်တယ်။ ဟဲ့ ..ညောင်းတယ်ဟာ..ဟိုနားကမုန့်ဆိုင်ဆီ မုန့်သွားဝယ်ကြရအောင်ဆိုလို့ကိုယ့်ကိုပြောတော့ အေးအေးလို့ဆိုပြီး မုန့်ဝယ်စားကြသေးတယ်။
 ----------------------------------------------------------------------------------------------------------------------
လမ်းလျှောက်ရင်းနဲ့ စုက ပြောသေးတယ်…။ ငါ…ဟိုရက်က သူတို့အတွဲကို လမ်းလျှောက်ရင်း မြင်လိုက်သေးတယ်ဟ။ သူက ကောင်မလေးကို အတော်ကြင်နာတဲ့ပုံပဲတဲ့ ဟိုကောင်မလေးလက်ကိုကိုင်ထားတယ်။ ခုံလေးမှာထိုင်ရင်းနဲ့ တတွတ်တွတ်နဲ့စကားတွေပြောနေကြတာ..အများအမြင်မှာ အတော်ကြင်နာတဲ့အတွဲလေးပဲ။ ကောင်မလေးကလည်း တော်တော်ပျော်နေတဲ့ပုံပဲတဲ့။ ငါ့ကိုမမြင်ဘူး။ ငါလည်း မမြင်စေချင်ဘူး။ သူတို့ကိုအစောကတည်းကမမြင်လိုက်တဲ့ငါ့ကိုယ်ငါ စိတ်တိုလိုက်တာ။ မြင်မိရင် အဲ့ဒီနားက လျှောက်မိမှာမဟုတ်လူး..တဲ့။ ဘာလဲ နင်က မနာလိုဖြစ်နေတာလား လို့အလိုက်ကန်းဆိုးမသိကိုယ်က စ,လိုက်မိသေးတော့..စုကအေးဆေးပဲပြန်ဖြေတယ်။ မဟုတ်ဘူးဟ အဲ့ဒီအချိန်တုန်းက ငါ့ခံစားချက်ကို ခုထိမေ့လို့မရသေးတာဟာ..ဘာနဲ့တူလဲဆိုရင် ..လူပုံကြားထဲမှာ အကျီင်္အပြဲကြီး ၀တ်လာမိတာကို လူတွေအများကြီးရှေ့ကျမှပဲရုတ်တရက် သိလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။ ရုတ်တရက်ကြီး ဟာခနဲ..။ ပြန်တွေးမိတိုင်း အဲ့လိုခံစားနေရတုန်းပဲ။ မလုံမခြုံဖြစ်သွားတဲ့စိတ်မျိုး…တဲ့။ စုက ခုနက ၀ယ်လာတဲ့ ကိတ်မုန့်ကိုစားရင်း အအေး သောက်လိုက်သေးတယ်။ သက်ပြင်းတစ်ချက်ကိုချလိုက်တာမြင်လိုက်ရတယ်။ ခုတော့ တည်တည်ငြိမ်ငြိမ်ဖြစ်သွားပုံပဲ။ နင်သူတို့ကို စိတ်နာသွားတာ၊ ရှက်သွားတာဖြစ်မှာလို့ပြောမိတော့ စုကသစ္စာဖောက်ခံရတဲ့ခံစားမှုက အရမ်းနာကျင်တယ်တဲ့။ ကိုယ်က ကြာရင်မေ့သွားမှာဟာ လို့ ပြောလိုက်တယ်။ တကယ်မေ့မမေ့ကိုယ်မသိဘူး။ ဒါဟာမေ့စရာလားဆိုတာလည်းကိုယ်မသေချာဘူး။ ဘာပဲဖြစ်ဖြစ် စုကိုတော့ အဲ့ဒီအကြောင်းအရာတွေကို မေ့သွားစေချင်တာပဲ။ စုက.. မဟုတ်ဘူး.. အဲ့ဒါ အမြဲအမှတ်ရနေမယ့်သင်ခန်းစာလို့ ပြောရင်းပြုံးတယ် ပြီးတော့ ဟက်ခနဲ တစ်ချက်ရယ်တယ်။ နောက်သင်ခန်းတွေကျရင် သတိထားပေါ့ဟာ..လို့ကိုယ်က လူတတ်ကြီးလုပ်လိုက်မိတယ်။ အံမယ်..စုကဘာပြောလဲဆိုတော့ ဟဲ့ကြုံလာရမယ့် ပုစ္ဆာက တစ်ပုဒ်နဲ့တစ်ပုဒ် မတူရင်ဘယ်လိုလုပ်မလဲ ၊ ဘာလဲ နင်ကငါ့ကိုခဏခဏတွက်စေချင်လို့လားလို့ ပြောတော့ စုအပြောမှာ ကိုယ်က စုစိတ်ဆိုးသွားပြီအထင်နဲ့ ကြည့်မိတော့ ပြုံးနေတဲ့စုကိုတွေ့ရတယ်။ ကိုယ့်ကိုကြည့်ပြီး စုက ရယ်တော့တာပဲ။ ကိုယ့်မှာလည်း လိုက်ရယ်ရတယ်..။ ဒီလိုနဲ့ပဲ နှစ်ယောက်သားရယ်လိုက်ကြတာ..။ အေးနော် တစ်ပုဒ်နဲ့တစ်ပုဒ်ပေးထားချက်တွေကလည်း တူချင်မှတူမှာ လို့စုကပြောသေးတယ်။ ပြီးတော့လည်း ငါက သင်္ချာဆိုရင် သိပ်ကိုညံ့သေးတာတဲ့..။ ဒီပုစ္ဆာမို့လို့ မှားတယ်၊ နောက်တစ်ပုဒ်က နောက်တစ်မျိုးမို့လို့မှားတယ် ဆိုသလိုလည်းဖြစ်နေဦးမယ် လို့ပြောမိကြပြီး နှစ်ယောက်သားရယ်မိကြသေးတယ်။ ရယ်သံတွေမှာ နာကျင်ခြင်းတွေ ရောစွက်နေမနေ ကိုယ် ဒီအချိန်မှာ မသိချင်တော့ဘူး။
---------------------------------------------------------------------------------------------------------------------

မီးတွေတောင် ထွန်းထားပြီနော် လို့လွှတ်ခနဲ ပြောမိတော့ စုက နင်ကပြန်ချင်ပြီလားတဲ့။ နင်လည်းမနက်ဖြန်အလုပ်သွားရမှာမဟုတ်လား မနက်မထနိုင်ဘဲနေမယ်လို့ ပြန်ပြောလိုက်ရတယ်။ အေးပါဟာ လို့ပြောရင်း စုက ဒါဆို ပြန်ကြရအောင်လေ တဲ့..။ သူ့ကြည့်ရတာ ဖျော့တော့တော့နဲ့..ပိန်လည်းပိန်သွားတယ်။ သူ့ကိုကြည့်ရင်းနဲ့ အစားမှန်မှန်စား၊ ပျော်အောင်နေ လို့ ပြောမိရင်း ခေါင်းလေးကို အသာပုတ်လိုက်ချင်တဲ့စိတ်ကို ထိန်းလိုက်ရတယ်..။ စုက ပြုံးနေတယ်။ နောက်ဆိုရင် နင် အေးဆေးဖြစ်သွားမှာပါဟာ ဆိုလို့စုကိုပြောမိတော့ ငါကအခုရော ဘာဖြစ်နေလို့လဲတဲ့..။ မဟုတ်ဘူးလေဟာ ငါအခုလို အဖော်လုပ်ပေးလိုက်တာ အခုတော့ သက်သာသွားပြီမဟုတ်လားဆိုတော့..ဟဲ့ ဒီဒဏ်ရာက ပုရွက်ဆိတ်ကိုက်တဲ့ဒဏ်ရာမှမဟုတ်တာဟာ တဲ့..ပြောပြီးဟက်ခနဲရယ်ပြန်တယ်..။ သူ့ရယ်သံက ခပ်အက်အက်နဲ့၊ စုမျက်နှာလေး ခပ်မဲ့မဲ့ဖြစ်နေမှန်း ကိုယ် သိသားပဲ။ ကိုယ်ရင်ထဲမှာ ကျင်ခနဲ ဖြစ်လာရတာနဲ့ ခေါင်းကိုငုံ့ပစ်မိရင်း ကိုယ်က 'နင်ဟာလေ ခုတမျိုး တော်ကြာတစ်မျိုး..တတ်လည်းတတ်နိုင်တယ်' လို့ပြောလိုက်မိတယ်။  စုက ခပ်ဖွဖွရယ်ရင်း ငါက အကုန်လုံးကို ပျော်စရာလို့တွေးပစ်လိုက်တာလေ တဲ့ ။ နောက်ဆုံးတော့ ငါ့သူငယ်ချင်းကပဲအားကိုးရတယ်..တခြားသူတွေက အလကားပဲ တဲ့..ကိုယ်က အမြင်ကတ်တော့ နင်ကအခုမှ ငါ့ကိုသတိရတာ..လို့ ဆိုပြီး ချီးမ လို့ခပ်တိုးတိုး ချစ်စနိုးရေရွတ်လိုက်မိတယ်..အမယ်..သူက မျက်နှာပြောင်စပ်စပ်နဲ့...။ ပြီးတော့ လမ်းလျှောက်တာရိုးရိုးမလျှောက်ဘူး.. လက်ကိုလွှဲရင်းလွှဲရင်း လျှောက်နေသေးတယ်။ ခဏလေးဖြစ်ဖြစ် စု လွတ်လပ်ပေါ့ပါးပါစေလေ။ လမ်းမီးရောင် ခပ်ဝါ၀ါလေးနဲ့ လေအေးအေးလေးကြားမှာ သူရယ် ကိုယ်ရယ်။ စုက လှမ်းမြင်နေရတဲ့ MRT ရထား လိုင်းကိုကြည့်ပြီးတော့ ငါတို့ လမ်းတူတဲ့အထိ အတူတူသွားလို့ရတယ်၊ တူတယ်လို့ထင်တဲ့နေရာအထိ အတူတူသွားလို့ရတယ်တယ်။ ခွဲရမယ့်နေရာမှာ ခွဲရမှာပဲတဲ့။ အင်းလေ လို့ကိုယ်ကပြောရင်းနဲ့ ငါနဲ့နင်နဲ့ အဲ့ဒီနေရာအထိ တူတူသွားလို့ရတယ်လေဟာလို့..သူနဲ့အတူတူစီးလို့ရမယ့်ဘူတာနာမည်ကို ပြောမိတယ်။  ဘယ်သူမဆို လမ်းတူတဲ့နေရာအထိ အတူတူ သွားလို့ရတာပဲ၊ ပြီးရင်တော့ခွဲရတာပဲ လို့ စုကပြောရင်း ဟက်ခနဲတစ်ချက်ရယ်တယ်။ ပြီးတော့ တိုးညင်းညင်းဆက်ရယ်တယ်..ရယ်ရင်းနဲ့လည်း လက်ကိုလွှဲရင်း လွှဲရင်းလျှောက်နေသေးတယ်။ အင်းပေါ့ဟာ လမ်းတူတဲ့အထိတော့ ဒီလိုပဲ သွားကြတာပေါ့လို့ ကိုယ်က သံယောင်လိုက်ပြောရင်း… စုဘာပြောတာလဲလို့တွေးမိရင်း ကိုယ်ကရယ်မိတော့ စုကလည်း လိုက်ရယ်လို့..ကိုယ်တို့ အဲ့ဒီညနေက ဒီလိုပဲရယ်မိခဲ့ကြတယ်။


စိမ်းမြလင်းသစ်


(13/07/2012)
www.seinnmyalinnthit.blogspot.com

အလွမ်း

လွမ်းတယ်။
မိုးလင်းလာရင် အရင်ဦးဆုံး
ပြတင်းပေါက်ဖွင့်ပြီး တိမ်တွေကိုကြည့်လိုက်ရသလိုမျိုး ခံစားချက်။
ဒါမှမဟုတ် ခြံထဲမှာစိုက်ထားတဲ့ပန်းတွေပွင့်မပွင့် လိုက်ကြည့်လိုက်ရတဲ့အချိန်တွေ။
ခြံထဲကဇီဇ၀ါပန်းတွေ ပွင့်တဲ့အခါ တစ်ပွေ့တစ်ပိုက်လိုက်ခူးရတဲ့အရသာမျိုး။
အမေ၀ယ်ခိုင်းတဲ့ မုန့်ဟင်းခါးကို သွားဝယ်ရင်း
အငွေ့တွေထနေတဲ့ မုန့်ဟင်းခါးအိုးကြီးကို
ငေးခွင့်ရခဲ့တဲ့အချိန်တွေ။
အသက်လေးနည်းနည်းကြီးလာတော့ သူငယ်ချင်းတွေဆုံရင်း
ကော်ဖီဆိုင်မှာထိုင်၊ မုန့်တီဆိုင်မှာထိုင်ရင်း
ငါတို့ကြီးလာရင် ဘာလုပ်မယ်..၊ ဘ၀ဟာ ဘာညာ နဲ့..လေကန်။
အရင်ကဖြစ်ချင်ခဲ့တာတွေဟာ
ခုဖြစ်နေတာတွေနဲ့တူမတူတော့ ငါမသိဘူး..။
ဒါပေမဲ့ အဲ့တုန်းက မနက်ခင်းတွေ ဟာပိုပြီးပေါ့ပါးသလိုပဲ..လို့တွေးမိတယ်။

ခုမနက်တွေဆို အသင့်ဖျော်ကော်ဖီကို အေးအောင်မစောင့်နိုင်လို့
ရေနွေးနဲ့ဖျော် ရေအေးနဲ့စပ်ပြီး
အမြန်မော့လို့ ကော်ဖီနဲ့မျက်နှာသစ်ရတဲ့ရက်တွေ
စာသင်ခန်းမှာပဲ စားလိုက်ရတဲ့ညစာပေါင်မုန့်တွေ။
လမ်းရောက်မှ ဖိနပ်ကြိုးချည်ရတဲ့ရက်တွေ။
ဒီနေ့မလုပ်ဖြစ်လို့ နောက်နေ့ရွှေ့လိုက်ရတဲ့အလုပ်တွေနဲ့
ဒီနေ့ငါမအားလို့ နောက်မှတွေ့မယ်လို့ ပြောရင်း မဆုံဖြစ်တဲ့သူငယ်ချင်းတွေ။
မနက် ၊ ည အချိန်တွေလည်ရင်း

တစ်ခါတစ်ခါတော့လည်း
အရင်အချိန်တွေကို
အခုလိုမျိုးပေါ့
စိတ်လိုလက်ရ လွမ်းတယ်..။

SMLT

How can I make my life simpler?

  • ပျင်းပျင်းရှိတာနဲ့ အင်တာနက်မှာ ဟိုရေးဒီရေးရေးထားတာလေးတွေ လျောက်ဖတ်ကြည့်တော့ ဘ၀ကို ပိုပြီး ရိုးရိုးရှင်းရှင်းနဲ့နေဖို့ဆိုပြီး မေးထားတဲ့ မေးခွန်းအောက်မှာ ဆိုက်တိုးဆိုတဲ့ ဂျပန်းကြီးကနေပြီးတော့ ဒီအချက်လေးတွေဖြေထားပါတယ်။
  • Ask for help (လိုအပ်တဲ့အကူအညီတောင်းပါပေါ့။ လိုအပ်တဲ့အကူအညီတောင်းဖို့ ၀န်မလေးပါနဲ့ လို့ ပြောချင်တာလည်း ဖြစ်ပါတယ်။ တကယ်ဆိုရင် မာနကြီးခံပြီးတော့ အကူအညီမတောင်းဘဲ ကိုယ်တိုင် မနိုင်မနင်းလုပ်ရတာ ပင်ပန်းတယ်မဟုတ်လား )
  • Carry less stuff in your pockets/purse ( အိတ်ကပ်ထဲ၊ ပိုက်ဆံအိတ်ထဲ က ပစ္စည်းပစ္စယတွေကို နည်းနည်းပဲသယ်ပါတဲ့။ သူပြောမှပဲ ကိုယ့်ပိုက်ဆံအိတ်ထဲ၊ လက်ကိုင်အိတ်ထဲ မလိုအပ်ပဲ အများကြီးဖြစ်နေတဲ့ ဘောက်ချာအစုတ်တွေ၊ အကြွေစေ့တွေ နဲ့ တခြားထွေလီကာလီတွေ ရှင်းရဦးမှာပဲ )
  • Clean out your house, purge your belongings of anything you haven't used in five years ( အိမ်ရှင်းပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက မသုံးဖြစ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှင်းလင်းပစ်ပါတဲ့။ အဲ့ဒါလည်း ဟုတ်တာပဲ။ အိမ်မှာဆို ကျွတ်ကျွတ်အိတ်ကအစ အဖုံးမရှိတော့တဲ့ ကော်ဗူးအဆုံး ဥထားတော့ အိမ်ပြောင်းရမယ်ဆိုမှ လွှင့်ပစ်။ တစ်ချို့ပစ္စည်းတွေဆိုလွှတ်လည်းမပစ်ရက် သယ်လို့လည်းမဖြစ်နဲ့ ငိုချင်သလို ရယ်ချင်သလို ရူးမလို ဖြစ်ရတယ်။ အမှန်ဆို ဒီလို ပစ္စည်းအစုတ်လေးတွေပေါ်တောင် စွဲလန်းတာ မစွန့်လွှတ်နိုင်ရင် သေရင်ဘယ်လိုလုပ်မလဲနော်း( )
  • Eliminate clutter on your desk ( သင့်စားပွဲပေါ်က ရှုပ်ပွနေတာတွေကို ရှင်းလင်းပစ်လိုက်ပါတော့ တဲ့။ အိမ်က စာကြည့်စားပွဲမှာဆို ဘောပင်စိုက်တဲ့ မက်ခွက်တင် ၂ ခွက် ၃ ခွက် ဖြစ်နေတာပါ ။ တစ်ခါတလေဆို စာအုပ်ချဖို့တောင်နေရာမရှိ။ )
  • Eliminate time wasting activities ( အချိန်ကုန်အကျိုးမဲ့ဖြစ်စေတဲ့ အလုပ်တွေ ရပ်တန်းက ရပ်လိုက်ပါတော့တဲ့ ၊ ( ဥပမာ ခုလို ဖေ့စ်ဘုတ်မှာ လတ်လျားလတ်လျား လုပ်နေတာတွေဖြစ်ချင်ဖြစ်နေမှာ.. :P )
  • Eliminate two things for every new thing you acquire ( ပစ္စည်းအသစ်တစ်ခုဝယ်တိုင်း နှစ်ခုကိုရှင်းပစ်တဲ့..။ ကိန် လို့ပဲ အော်ချင်တာပဲ။ ဗီရိုထဲက မ၀တ်ဖြစ်တော့တဲ့အ၀တ်တွေ သတိရသွားလို့.. အပေါ်ထပ်ရောက်နေတဲ့အ၀တ်တွေပဲ ၀တ်ဖြစ်တာ။ အောက်ရောက်သွားလို့ မမြင်ရရင်ဝတ်ဖို့သတိမရတော့ဘူး။ ပြီးရင် ၀တ်စရာမရှိဘူးပြောသေးတား( )
  • Hire some help, housekeeper, gardener, etc. ( ဥယျာဉ်မှူး၊ အိမ်အကူ စသဖြင့်လူငှားခေါ်ပါတဲ့။ ဟင့်အင်း..ကွကိုယ်တောင် အနိုင်နိုင်ရယ်..:P)
  • Know your limitations ( ကိုယ့်လစ်မစ်ကိုယ်သိပါတဲ့..။ ကိစ္စတစ်ခုကို ကိုယ်ဘယ်လောက်အထိလုပ်နိုင်မလဲ ဆိုတာ ကိုယ့်ကိုယ်ကို သိပါ ပေါ့..။ အီအီးပါရင်း ရှူရှူးပေါက်လို့ရပေမဲ့ ထမင်းစားရင်းတော့ လုပ်မရဘူးပေါ့လေ.. :D - အဟုတ်ထင်မနေနဲ့ စတာ..။ :P)
  • Learn to identify and toss junk mail before it even gets to your desk ( သင့်အလုပ်စားပွဲပေါ်ရောက်မလာခင်မှာ ဘယ်အလုပ်တွေကတော့ဖြင့် အရေးမပါဘူး၊ လုပ်စရာမလိုဘူးရယ်လို့ ခွဲခြားသတ်မှတ်တတ်ပြီး ရှော်သွားတတ်ဖို့ သင်ယူပါတဲ့..။ အရှော်လွန်ရင်လည်း လုပ်စရာမလိုဘဲဖြစ်ဦးမယ်..။)
  • Learn to say no ( ငြင်းဆိုတတ်ဖို့ သင်ယူပါတဲ့ ။ အဲ့ဒါအဟုတ်ပဲ။ အားနာလို့ လုပ်ပေးမယ်ပြောပြီးမှ မနိုင်ဝန်ထမ်းရသလိုဖြစ်ပြီး စိတ်ထဲမှာ မကျေမနပ်ဖြစ်တော့ မိအေး နှစ်ခါနာပါတယ်။ အစကတည်းက လုပ်နိုင်ရင် လုပ်ပေးမယ် ပြောပြီး လုပ်ပေး။ မလုပ်ပေးနိုင်ရင် ငြင်းလိုက်တော့လည်း စိတ်ရှင်းတာပေါ့။ တစ်ခုပဲ ... ၊ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုတတ်ဖို့ လိုတာပါ။ )
  • Let go of perfectionism ( ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်ချင်စိတ်ကို စွန့်လွှတ်ပါပေါ့။ အင်းလေ လူဆိုတာဘယ်သူမှ အမှားလည်းမကင်းဘူး။ ဘယ်သူမှ အရာရာ ပြည့်စုံပြီး ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်မနေဘူးမဟုတ်လား။ တစ်ခါတလေတော့လည်း ကိုယ့်ကိုယ်ကို ဖြေတွေးတွေးပေးတတ်ရမှာပေါ့။ အမြဲတမ်းတော့မဟုတ်ဘူးပေါ့.. )
  • Let go of the past ( အတိတ်တွေထဲက ရုန်းထွက်ပါ ပေါ့။ အရင်ကဗိုက်ဆာခဲ့တာကို ထမင်းစားပြီးသွားတော့ သတိမရတော့သလိုပေါ့။ အတိတ်ကဗိုက်ဆာခဲ့တာကိုမေ့ပြီး အနာဂတ်မှာ ဘာစားရမလဲလို့ စားဖို့ပဲ အမြဲတွေးနေဖို့လိုတာပါ... ဥပမာ အပေးကြမ်းချက်..ခိခိ )
  • Live frugally, want less (ခြိုးခြံချွေတာပါ။ လိုချင်စိတ်ကိုထိန်းပါပေါ့။ ဒီထက်ခြိုးခြံချွေတာလို့မရတော့ဘူးတော်ရေ့လို့ပဲအော်လိုက်ချင်တယ်.. ဂယ်ပဲ )
  • Limit time you spend on any given activity (TV, media, Internet) ( တီဗီကြည့်တာတို့ ရုပ်ရှင်သတင်းဘာညာတို့ အင်တာနက်တို့ ဘာတို့ စသဖြင့် သုံးဖို့ ပေးထားတဲ့အချိန်တွေကို ကန့်သတ်ပါတဲ့။ ဟုတ်တော့ဟုတ်တယ်.. ရုပ်ရှင်ကြည့်တာတော့ လျော့လို့မဖြစ်ဘူး။ အဲ ဘယ်ဟာမှလည်းလျော့လို့မဖြစ်ပါဘူး )
  • Move closer to work ( အလုပ်ကိုပိုပြီးအာရုံတစိုက်လုပ်ပါပေါ့.. ဟတ်ကဲ့.. အခုလို အလုပ်အားနေတုန်းလေး ဒီလိုအပျင်းပြေရေးတာလောက်တော့ရပါတယ်နော်..အဟီး )
  • Sever unhealthy relationships ( သင့်ကိုကောင်းကျိုးမပေးဘဲ ဆိုးကျိုးပဲပေးတဲ့ ပတ်သတ်မှုတွေအကုန် ရှင်းပစ်ပါတော့တဲ့... ကွကိုယ်သဘောပေါက်ပေါ့နော.. )
  • Simplify your financial life and consoledate debt ( သင့်ဘဏ်`ဋာရေးအခြေအနေ နဲ့ ပေးစရာကြွေးတွေကိုစုစည်းလိုက်ပြီး  အရှင်းဆုံးအနေအထားဖြစ်အောင် လုပ်ပါပေါ့ ကိုယ့်မှာဘယ်လောက်ရှိပြီး ဘယ်လောက်ပေးစရာရှိလဲဆိုတာ သိထားမှ ဘာဆက်လုပ်ရမယ်ဆိုတာ သိမှာပေါ့လေ....။ မဟုတ်ရင် ပဲဟင်းနဲ့ နွားနို့ ရောသောက်သလို ဖြစ်မှာပေါ့နော် )
  • Simplify your online life ( သင့်ရဲ့ အွန်လိုင်းပေါ်ကဘ၀ကို ရိုးရှင်းစွာထားပါ တဲ့။ အကောင့်တွေ ၂ခု၃ခုနဲ့ ပျာယာခပ်မနေနဲ့ပေါ့လေ )
  • Tell the truth ( အမှန်ကိုပြောပါတဲ့..။ အမှန်ကိုပဲပြောတော့ လိမ်စရာမလိုဘူးပေါ့။ တစ်ခါလောက်လိမ်မိရင် တစ်သက်လုံး အလိမ်ဇာတ်ကြီးခင်းပြီး ထပ်ခါထပ်ခါ လိမ်ရမှာလေ..။ အစကတည်းက ရှင်းထားတော့ လိပ်ပြာသန့်ရော.. )
  • Turn off your smart phone (it's really smart how to chew up your time) ( စမတ်ဖုန်းကို ပိတ်လိုက်ပါ... စမတ်ဖုန်းဆိုတာက သင့်အချိန်တွေကို ၀ါးမြိုပစ်ဖို့ သိပ်ကို စမတ်ဖြစ်တာကလား.. တဲ့ ။ ကိုယ့်အတွက်ကတော့ စမတ်ဖုန်းထဲက ဖေ့စ်ဘုတ်နဲ့ ကန်ဒီခရပ်ရှ်ကို ပိတ်ပလိုက်ပါ။ သတင်းများများဖတ်ပါ လို့ ပြောရမလားပဲ .. )
မူရင်းလင့်က ဒီမှာ..။ အဲ့ဒီနေရာကနေ သွားဖတ်လာတာပဲ။

http://www.quora.com/How-can-I-make-my-life-simpler/answer/Garrick-Saito?srid=tnYt&share=1

တစ်ခါတုန်းကရွာတဲ့မိုး

အဲ့ဒီနေ့က အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင် အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့ မြင်ကွင်းလေးကို သတိရတယ်။ ကိုယ်က ကိုယ်ထိုင်နေတဲ့ ခွေးခြေပုလေးကိုဒီဘက်တိုးပေးလိုက်ပြီးတော့ မိုးတွေစိုကုန်မယ် .. ဒီဘက်တိုးလေ မိုး.. လို့ ပြောခဲ့မိလိုက်တယ်ထင်တယ်။ မိုးရေစက်လေးတွေစင်ကုန်လို့ ကျောတလျောက်ဖြန့်ချထားတဲ့ ဆံပင်စင်းစင်းလေးတွေမှာ မိုးစက်မှုန်မှုန်လေးတွေ တွယ်ငြိနေကြတာကိုလည်းမှတ်မိသေးတယ်။ ပြီးတော့ မိုးလေ.. ငိုတော့မယ့်မျက်နှာလေးနဲ့..။ မဟုတ်ဘူး။ မိုးတွေရွာနေလို့သာ မိုးငွေ့တွေကြားမှာ မိုးငိုတော့မယ်လို့ ထင်မိတာ ဖြစ်မှာ။ မိုးတွေသိပ်သည်းနေလို့သာ မိုးမျက်နှာပေါ်က မျက်မှန်လေးက ကိုယ်ငွေ့နွေးနွေးတွေနဲ့ အခိုးရိုက်နေတာ နေမှာ။ မိုးက ထိုင်လက်စနေရာကနေ မခွာဘဲ ကိုယ်နားမလည်နိုင်တဲ့ အကြည့်နဲ့ တစ်ချက် နဲ့ ကိုယ့်ကို စူးစူးနင့်နင့်ကြည့်တယ်..။ ပြီးတော့ တစ်ခုခုပြောတယ်..။ တစ်ခုခု.. ကိုယ်ခုအချိန်မှာ ပြန်ပြီး မမှတ်မိချင်တော့တဲ့ စကားတစ်ခုခု..။ ပြီးတော့ ကိုယ့်လက်မှာ ပတ်ထားတဲ့ လက်ပတ်ကြိုးကလေးကို တစ်ချက်ကြည့်တယ်။ ပြီးတော့ ရုတ်ခနဲဆိုင်ထဲက ထွက်သွားတယ်။ ကိုယ်က မိုးနောက်ကို ပြေးလိုက်မသွားမိဘူး။ ကိုယ့်အသိစိတ်ထဲက ဒီမြင်ကွင်းတစ်ခုလုံးမှာ ဒီတစ်ချက်လေးပဲ ခိုင်ခိုင်မြဲမြဲ စွဲထင်ကျန်ခဲ့တယ်။ သိပ်ကိုခေါင်းမာတဲ့မိုး။ တစ်ချက်လေးတောင် ကိုယ့်ကို နောက်ပြန်လှည့်မကြည့်တော့တဲ့ မိုး ။ ကိုယ့်ကို ကျောခိုင်းသွားတဲ့ လမ်းတလျှောက်မှာ မိုးတစ်ယောက်ငိုသွားသေးလား ကိုယ်မသိဘူး။ မိုးမငိုပါစေနဲ့လို့ ကိုယ်ဆုမတောင်းရဲဘူး။ မိုး စိတ်သက်သာရာရအောင် နည်းနည်းဖြစ်ဖြစ်ငိုပါစေလို့လည်း ကိုယ် ဆုမတောင်းရဲဘူး ။ တကယ်ဆို မိုးက မငိုတတ်သူပါ လို့  ကိုယ် နောက်ကျမှ သိခဲ့ရတာပဲ..။ တကယ်ဆို ကိုယ်ကသာ ပျော့ညံ့သူပါ..။ အပူကိုအလင်းထင်ပြီး အေးရိပ်က ကိုယ်တိုင်ပြေးထွက်ခဲ့မိသူ..။ ကိုယ်က ကိုယ့်ရင်ထဲကိုမမြင်နိုင်လောက်အောင်ကို အမှောင်ဖုံးမိခဲ့သူပါ မိုးရယ်..။

++++++++++++++++++++++++++++++++++++++++++

"မိုးဆီကိုလာမတွေ့တာ ကြာနေပြီနော်" လို့ ခရေပန်းတွေကောက်နေရင်းနဲ့ မိုးက တစ်ချက်လှမ်းပြောတယ်။
ဘုရားပေါ်မှာ ခရေပင်အကြီးကြီးတွေ ကို ဖြတ်ပြီးတိုက်လာတဲ့ လေက သိပ်ကို မွှေးနေတာပဲ။ ခရေပန်းတွေကို လက်တစ်ဖက်ကလက်ကိုင်ပုဝါလေးထဲ စုထည့်ထားပြီးတော့ တစ်ဖက်က ကြွေကျနေတဲ့ ခရေတွေကို ကောက်နေတဲ့ မိုးဟာ သနပ်ခါးဖွေးဖွေးလေးနဲ့ သိပ်ကိုချစ်စရာကောင်းနေတယ်။ တစ်စုံတစ်ယောက်ကြောင့် ပြန်လည် ပူလောင်လာတဲ့ ကိုယ့်ရဲ့ ရင် ဟာ မိုးနဲ့တွေ့တိုင်း အေးမြသွားတာကိုသတိထားမိရတယ်။ မိုးကို ဘာမှ ပြန်မပြောမိဘဲ ငေးကြည့်နေမိတယ်..။ ခရေပန်းတွေ လာကူကောက်ပေးပါဦး လို့ လှမ်းပြောတော့မှ မိုးအနားကို သွားမိတယ်။ မိုးနဲ့အတူတူ ခရေပန်းအကြွေတွေ လာမကောက်ဖြစ်တာတောင် တော်တော်ကြာနေပြီပဲ။ အအေးဆိုင်မထိုင်ဖြစ်တာ၊ စကားတွေမပြောဖြစ်တာ၊ မိုးအတွက် ရေးနေကျ ကဗျာလေးတွေ မရေးဖြစ်တာတောင် တော်တော်ကြာနေပြီပဲ။

"ဟိုတလောက ခရီးထွက်သွားသေးတယ်ဆို"

မိုးက တစ်ချက်လှမ်းမေးတယ်။ ဟုတ်တယ်.. မိုးကို မပြောဖြစ်ခဲ့ဘူး။

"ဟုတ်တယ်.. အိမ်ကအမျိုးတွေနဲ့ လိုက်သွားတာ ၊ ခဏပဲလေ.. နှစ်ရက်တည်းပဲလေ "

ကိုယ့်မျက်နှာအတန်ငယ်မာသွားလိမ့်မယ်ထင်တယ်။  မိုးက ဘာမှမဖြစ်သလို ပုံစံနဲ့ မျက်နှာကိုတစ်ချက်တည်လိုက်ရင်း ခရေပန်းတွေကောက်နေရာကနေ မတ်တပ်ရပ်လိုက်တယ်။ မျက်နှာကိုထီမထင်သလိုချီလိုက်ပုံရတယ်။ မိုးမျက်နှာလေးတစ်ချက်အမော့မှာ ညနေခင်းဝင်ခါနီး နေရောင်ခြည်လေးက မိုးရဲ့ သနပ်ခါးဖွေးဖွေးပါးပြင်လေးပေါ်ကို ကျနေတယ်။ မိုးက ကောက်လို့ရလာတဲ့ ပန်းတွေကို လက်ကိုင်ပုဝါလေးနဲ့ ဖွဖွကလေး ချည်လိုက်တယ်။ ကိုယ့်ဆီကိုပေးထားတဲ့ လွယ်အိတ်ကလေးထဲကို ခရေပန်းလေးတွေထည့်ပြီးထုတ်ထားတဲ့ လက်ကိုင်ပုဝါလေးကို ထည့်လိုက်ပြီးတော့ ကိုယ့်ကိုမော့ကြည့်ရင်းနဲ့ ပြောတယ်။
" မိုးကိုတော့ အသိပေးသွားသင့်တာပေါ့ နော်။ အိမ်ကအမျိုးတွေနဲ့ ဆိုတော့ ဟိုမမရော ပါသေးလား"

မိုးရဲ့အသံကထိန်းထားရမှန်းသိသာနေတယ်။ ဘုရားပေါ်က တစ်ချက်တစ်ချက် အော်မြည်လိုက်တဲ့ ငှက်သံကြားမှာ မိုးရဲ့အသံလေး ပျောက်သွားရှာတယ်။ ကိုယ့်လက်မှာပတ်ထားတဲ့ လက်ပတ်ကြိုးလေးကိုကြည့်ပြီးတော့ မေးနေတဲ့မိုးကို တကယ့်ကို ဘယ်လိုဖြေရမှန်း မသိခဲ့ဘူး။
တကယ်ဆို ကိုယ် မိုးနဲ့ မတွေ့ရဲဘူးမိုး..။ မဖြေပါရစေနဲ့လို့ စိတ်ထဲကနေ မိုးကိုအထပ်ထပ်တောင်းပန်နေမိတာပဲ။

" ဒီ လက်ပတ်ကြိုးလေးတွေ ၀တ်တာတွေ့နေရတာကြာပြီနော်... "

မိုးရဲ့အသံက တိုးတိုးတိတ်တိတ်လေးထွက်လာတယ်။ မမနိုင်ငံခြားအပြန်လက်ဆောင်ပေးထားတဲ့ ဒီဇိုင်းလှလှလက်ပတ်ကြိုးလေးတွေကို တစ်နေ့တစ်မျိုး ၀တ်နေမိတဲ့ ကိုယ့်ကို မိုး သတိထားမိသွားတာပဲ။ ကိုယ်ဘာမှပြန်မပြောဖြစ်လိုက်ပြန်ဘူး။

" မမတက်နေတဲ့ကျောင်းကိုလည်းလိုက်လိုက်သွားတယ်လို့ သူငယ်ချင်းတွေက ပြောနေကြတယ် .။"
ကိုယ်မိုးမျက်နှာကို မကြည့်ရဲတော့ဘူး။ မိုးရဲ့ရှေ့နေရာကနေ အရည်ပျော်ပျောက်ကွယ်သွားချင်လိုက်တာ။

နှုတ်ဆိတ်နေမိတဲ့ ကိုယ့်ကို  မိုးက တစ်ချက်ပြုံးကြည့်တယ်။

" သွားကြရအောင် လေ..၊ နေ၀င်တော့မယ်.. " တဲ့။

ခံစားချက်ကိုထိန်းချုပ်နိုင်သူဟာ ဆင်ခြင်ဥာဏ်ပြည့်ဝသူမို့ ထာဝရ အနိုင်ရသူပါ မိုးရယ်..။ မျက်ရည်တစ်ချက် မထွက်တဲ့ မိုး။ မျက်နှာတစ်ချက် မပျက်တဲ့မိုး။ ကိုယ်ကသာ နောင်တတွေ တလှေကြီးနဲ့ ကျန်ခဲ့ရမယ်မှန်းသိရင် မသွားပါနဲ့လို့ အဲ့ဒီအချိန်တုန်းက မိုးကို ရင်ခွင်ထဲထည့်ပြီး ကိုယ့်ဘ၀ထဲက ထွက်မသွားပါနဲ့ မိုးရယ်လို့ တဖွဖွပြောပြီး တင်းတင်းဖက်ထားခဲ့မိမယ် ထင်ပါရဲ့။ တကယ့်ကိုပဲမျက်ရည်တစ်စက်မထွက်ဘဲ နေနိုင်ခဲ့တဲ့မိုးကို ကိုယ် အံ့သြချီးကျူးမိပါရဲ့..။ မိုးဟာတကယ့်ကို မာနတွေနဲ့ပြည့်နှက်နေတဲ့သူမို့ထင်ပါရဲ့လေ..။

++++++++++++++++++++++++++++++++++++++++++

တကယ်ဆိုရင် နောင်တတွေနဲ့ ကျန်ခဲ့သူက ပူလောင်ရသူပါ မိုးရေ။
ဆောင်းနံနက်ခင်းတစ်ခုမှာ မိုးတက်နေတဲ့ ကျောင်းကို ကိုယ် လိုက်လည်ခဲ့တယ်။  ကိုယ့်လက်သန်းလေးကို မရဲတရဲတွဲထားတဲ့မိုးတစ်ယောက် အပျော်ကြီး ပျော်နေခဲ့လေရဲ့။ တစ်ခါတစ်ခါ မိုးက နှုတ်နည်းသလောက် တစ်ခါတစ်ခါကျရင်လည်း မိုးဟာ ငှက်ကလေးများလို စကားများလွန်းလှပြန်တယ်။ ကိုယ်ကျောင်းကိုလိုက်လည်တဲ့ တစ်နေ့လုံး စကားတွေများလိုက်တဲ့မိုး။ သိပ်ကိုပျော်နေလွန်းတဲ့မိုး။ ဒါပေမဲ့လည်း သိပ်ကို နွမ်းပါးလွန်းနေတဲ့မိုး။ တစ်ခါတရံ ညှိုးငယ်ဟန်ပေါက်နေတတ်တဲ့မိုး။ တစ်ခါတရံ သိပ်ကို မာနကြီးဟန်ပေါက်တဲ့မိုး။ မိုးကိုဘေးနားမှာထားရင်း လှပပြီးအမြဲသွက်လက်ချက်ချာတဲ့ မမ ၊ အမြဲ တောက်ပနေတတ်တဲ့မမကို တစ်ချက်တစ်ချက် သတိရမိနေသေးတယ်။ မမက ကိုယ့်ကို အတင်းကို ပြန်ဆက်သွယ်နေတဲ့အကြောင်း မိုးကို မသိစေချင်ဘူး။

" မိုး.. ကို့ ကျောင်းကို တစ်ရက်လိုက်လည်ပါလား.."

အအေးသောက်နေရင်းက မိုးကိုပြောလိုက်တော့ သောက်လက်စ အအေးပိုက်ကလေးကိုချလိုက်ပြီး ကိုယ့်ကို လှမ်းကြည့်တယ်။
မိုးမျက်လုံးလေးတွေ အရောင်လက်သွားရင်း ကိုယ့်ကိုပြုံးပြီးကြည့်တယ်.. ပြီးမှ..

" ပျော်စရာကြီးနော် ၊ မနက်အစောကြီး သွားရမှာလား ..ဘယ်အချိန်လဲ..။ ကားဘယ်လိုစီးကြမှာလဲဟင် ၊ ချမ်းမလားမသိဘူးနော်..ပျော်စရာကြီးနော်"

တရစပ်မေးခွန်းလေးအောက်မှာ မိုးရဲ့အသံလေး တွေလွင်နေတာပဲ။ သူ့အပျော်တွေကူးစက်သွားကြလို့လားမသိ.. မိုးရဲ့ မှုန်နေတဲ့သနပ်ခါးနံ့လေး ကိုယ့်ဆီ သင်းပျံ့လာသလိုပဲ..။ မွှေးလိုက်တာမိုးရယ်..။

" ကိုတို့ကျောင်းကားပဲ စီးသွားကြတာပေါ့ မိုးရဲ့ ၊ မနက်စောစော ၆ နာရီ အရောက် ကားဂိတ်မှာစောင့်နေ၊ ကိုလာခေါ်မယ်နော် "

အဲ့ဒီနေ့က မိုးတစ်ယောက်ပျော်နေတယ်။ အဲ့ဒီနေ့ မိုးရဲ့ကျောင်းက အပြန် ကိုယ်တို့ ဘက်စ်ကား ကျပ်ကျပ် တိုးစီးခဲ့ရတယ်။ မိုးက ကျောင်းကားမစီးဘူးတဲ့။ တစ်ချို့အတန်းတွေဖျက်ပြီး စာသင်ရသေးလို့ ပြန်ရတာလွယ်အောင် ဘက်စ်ကားပဲ စီးတယ်တဲ့။ ကိုယ်ပိုင်ကားလှလှနဲ့ကျောင်းတက်တဲ့ သစ်လွင်လှပလွန်းတဲ့ ချစ်ခဲ့ရတဲ့ တစ်ချိန်ကကိုယ့်ရဲ့မမဟာ ကိုယ့်စိတ်ထဲကို ခဏရောက်လာတယ်..။ ပျော့ညံ့လွန်းသူကိုယ့်ကို ခွင့်လွှတ်ပါမိုးရယ်...။

+++++++++++++++++++++++++++++++++++++++++

ကိုယ့်ကျောင်းကို မိုးလိုက်လည်တဲ့ အဲဒီနေ့က ထူးထူးခြားခြားနှင်းတွေကျနေခဲ့တယ်။ မှတ်မိသေးလား မိုးရေ..။ ပြတင်းပေါက်တွေဖွင့်ထားတဲ့ ကျောင်းကားအတွင်းထဲအထိ တံတားတစ်ခုကို ဖြတ်ရတုန်း နှင်းတွေ ကားအတွင်းထဲအထိ အလုအယက်ဝင်လာကြတာလေ..။ မိုးဝတ်ထားတာမိန်းမ၀တ် ရှပ်အကျီင်္လက်စကလေးနဲ့မို့  မိုးများ ချမ်းနေမလားလို့ ကြည့်မိတော့ အံ့သြတကြီး ပျော်နေတဲ့ မိုးရဲ့မျက်နှာလေးဟာ နှင်းတွေကြားထဲမှာ ဖြူနုဝင်းပနေလိုက်တာလေ။ မိုးဟာ အသံလေးတိတ်နေပြီး ငြိမ်သက်နေရှာတယ်။ ကျောင်းကားပေါ်မှာ ဆူညံနေကြတဲ့ သူတွေကြားထဲမှာ မိုးဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကိုယ်ကပထမအတန်းချိန်ကို မိုးနဲ့တူတူတက်ပြီးတော့ ကျန်တဲ့အချိန်တွေ အတန်းပြေးပြီး ကိုယ်တို့နှစ်ယောက် လျှောက်သွားကြတဲ့အခါ မိုးတစ်ယောက်မှာ ပျော်လွန်းလို့။ ကိုယ်တို့တွေ ခြေတညောင်းပဲ နေမပူခင် လျှောက်သွားကြတယ်။ ပြီးတော့ ကင်တင်းမှာ ထိုင်နား ထမင်းစား။ မိုးတစ်ယောက်ပျင်းဟန်ပေါက်လာတော့ ကိုယ်ကပဲမြို့ထဲသွားကြရအောင်လေ ၊ စာအုပ်ဆိုင်တွေဘက်သွားကြရအောင်လို့မိုးကိုပြောပြီး ထ ပြန်ကြတယ်။
မြို့ထဲမှာထမင်းပေါင်းဝင်စားပြီး အမေ့အိမ်စာအုပ်ဆိုင်ကိုဝင်ကြတာ မှတ်မိသေးလားမိုး..။ ကိုယ်က စာအုပ်တွေဝယ်တော့ မိုးက စာအုပ်လေးတစ်အုပ်လိုက်ဝယ်တယ်။ မင်းလူရဲ့ ငှက်ကလေး ဆိုတဲ့စာအုပ်။ မိုးက မိုးအပိုင်သိမ်းထားချင်လို့လို့ပြောတယ်။
ကိုယ်ရှင်းလိုက်မယ်ပြောတော့ မိုးက "ဟင့်အင်း.. မိုးကိုယ့်ဘာသာရှင်းပါရစေ"တဲ့...။
ကိုယ်က အတင်းရှင်းမယ်လုပ်တော့ ကိုယ့်ကိုတစ်ချက် မော့ကြည့်လိုက်တဲ့ မိုးရဲ့ မျက်ဝန်းတွေဟာ ကိုယ့်ကိုထိတ်လန့်သွားစေတယ်။နောက်ဆုံးတော့ ကိုယ်က မိုးကိုယ်ပိုင်ငွေနဲ့ ၀ယ်လာတဲ့ စာအုပ်လေးကို အဖုံးလေးပဲဖုံးပေးနိုင်ခဲ့တယ်။ ဖလင်ပြားလေးကို အသဲနှစ်ခုဆက်နေတဲ့ပုံစံ ညှပ်ပြီး စာအုပ်ညှပ်လို့ရအောင် ကြိုးကလေးနဲ့တွဲချည်ပြီးထည့်ပေးလိုက်တယ်။ မိုးက ကိုယ်ကိုယ်တိုင်ဖုံးပေးထားတဲ့ စာအုပ်လေးကို တရိုတသေ ကြည့်ပြီး "ကျေးဇူးတင်ပါတယ်" တဲ့။
မိုးရယ်.. ဒါလေးကို ကျေးဇူးတင်စရာလိုလို့လား လို့ တွေးမိရင်း ထွက်ခွာသွားတဲ့ မိုးရဲ့ကျောပြင်ကို ပဲ ငေးကြည့်မိတယ်။

+++++++++++++++++++++++++++++++++++++++++++++++

ဆောင်းမနက်ခင်းတချို့မှာ ကျောင်းပျက်တာများလို့ မလိုက်နိုင်တော့တဲ့ ဘာသာရပ်တစ်ခုအတွက် မိုးတစ်ယောက်ကျူရှင်တက်ရတော့ ကိုယ်က မိုးကို စက်ဘီးလေးနဲ့ လိုက်ပို့ရသေးတယ်။ တစ်ချို့ရက်တွေကျတော့ ကိုယ်က မိုးကျူရှင်ကိုလာကြိုရုံပဲတတ်နိုင်တယ်..။  အစောကြီးတက်ရတဲ့မိုးရဲ့ကျူရှင်ကို ပထမဆုံးကိုယ်လိုက်ပို့ရတဲ့ရက်တုန်းက ကိုယ့်စက်ဘီးနောက်မှာ မရဲတရဲ ထိုင်စီးရှာတဲ့မိုး၊ တစ်ခါတစ်ခါ စက်ဘီးက မငြိမ်လို့ လှုပ်သွားတဲ့အခါ ကိုယ့်ခါးကို မရဲတရဲ လှမ်းဖက်လိုက်တော့

"ဖက်ရင်ရဲရဲဖက်ဗျ၊ မရဲတရဲဆို ကိုယ်က ယားတယ် " လို့နောက်မိတယ်။

ကိုယ်အဲ့လိုပြောပြီးနောက် မိုးလေ ကိုယ့်ခါးကို ဖက်ပြီး မျက်နှာလေးအပ်ထားလိုက်တာ ကိုယ့်ကျောပြင်မှာ သနပ်ခါးနံ့လေး စွဲထင်ကုန်တဲ့အထိပဲ။
လွမ်းရပါတယ် မိုးရေ..။ ခုချိန်မှာ မိုးရဲ့ ပါးပြင်က သနပ်ခါးရနံ့မွှေးမွှေးကို လွမ်းမိပေမဲ့ တချိန်ကတော့ မမရဲ့ ရေမွှေးရနံ့ကို ကိုယ်စွဲလမ်းခဲ့ကြောင်း မိုးကိုရှက်ရှက်နဲ့ ၀န်ခံရတော့မယ်။ ကိုယ့်ကိုယ်ကိုလည်း မုန်းတီးရပါတယ်မိုး။ ဒါဟာ မိုး ကိုယ့်ကို အငြင်သာဆုံးနဲ့ အထိရောက်ဆုံး လက်စားခြေခြင်းပဲဖြစ်ပါစေတော့မိုးရယ်။ မိုးကိုယ့်ကိုရေးပြီးပေးဖတ်တဲ့ ကဗျာလေးထဲကလို ပေါ့..။
"ဝေဒနာဆိုတာ ခံနိုင်ရည်ရှိမှုနဲ့ မဆိုင်ဘူး" တဲ့။
ကိုယ်က မိုးကို ခံနိုင်ရည်ရှိတယ်ဆိုပြီး ဝေဒနာတွေထပ်ခါတလဲလဲပေးခဲ့မိသူပါမိုးရေ။ မိုးကတော့ ကိုယ်ပေးတဲ့ဝေဒနာတွေကို မခံစားနိုင်တော့လို့ အဝေးကိုထွက်ပြေးသူလို့ ကိုယ်တွေးပြီးကြေကွဲရပြန်တယ်။ အမြဲလိုလို ဒွိဟတွေနဲ့ တွေဝေနေတတ်တဲ့ကိုယ့်ကိုယ်စား အဖြေတစ်ခုကိုကိုယ်ခေါင်းမရှုပ်အောင် ကိုယ့်ကိုတမင်တကာနှုတ်ဆက်သွားသလိုပဲလို့ကိုယ်တွေးမိပါသေးတယ်..။ သိပ်ကိုကြေကွဲရပါတယ်မိုးရေ..။ တွေဝေတတ်တဲ့သူဟာ မိမိကိုယ်ကို အမှန်မသိသူမို့ တစ်သက်စာထာဝရ ရှုံးသူပါပဲ မိုး..။

+++++++++++++++++++++++++++++++++++++++++++

" လိပ်ကလေး.. ပက်လန်လန်နေတာတောင် ပြုံးစိစိနဲ့.. ဘယ်လိုအခက်အခဲမျိုးပဲကြုံကြုံ အဲဒီလိပ်ကလေးကိုသတိရနော် .."
ကိုယ်က အစိမ်းရောင်လိပ်ကလေး ပက်လက်ကလေးနဲ့ ပြုံးစိစိဖြစ်နေတဲ့ပုံပါတဲ့ ပို့စ်ကဒ် သေးသေးလေးရဲ့နောက်မှာ စာရေးပြီး မိုးကို ပေးတယ်။ ၁ ရက် ၁ လ  နှစ်သစ်တစ်ရက်မှာ မမျှော်လင့်ထားတဲ့လက်ဆောင်လေးကို ရတဲ့ မိုးက အံ့သြတဲ့မျက်နှာပေးလေးနဲ့ ၊ မထုံတတ်တေး ။ မိုးက စာသားရဲ့အောက်မှာရေးထားတဲ့ ချစ်ရတဲ့ကို ဆိုတဲ့ စာသားကို မျက်မှောင်ကြုတ်ကြည့်နေတုန်းမှာ ကိုယ်က မိုးကို ရည်းစားစကားပြောမိတယ်။ မထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့နေရာမှာ လုံးဝမမျှော်လင့်ထားတဲ့လူတစ်ယောက်ဆီကကြားရတဲ့စကားမို့ မိုးဟာ ရှက်ရှက်နဲ့ ကိုယ့်ရှေ့ကနေ အပြေးတစ်ပိုင်းထွက်သွားတယ်။ ကဒ်ကလေးကိုလွှတ်မချခဲ့ဘူး။ ဒီအကြောင်းတွေ မိုးဆီက ပြန်ကြားရတဲ့အချိန်မှာ မိုးက ကိုယ့်ပုခုန်းစွန်းလေးကို မှီနွဲ့နေပြီ..။ မိုးဟာ မကွေ့ကောက်ဘူး။ မကွယ်ဝှက် ဘူး။ သဘောဖြောင့်လွန်းလှတယ်။ ဒါကြောင့်ပဲ ထင်ပါရဲ့ လေ.. မမကြောင့် ဒဏ်ရာရခဲ့တဲ့ ကိုယ်က မိုးကို ငြိတွယ်မိလေသလား။ မိုးရင်မှာ ခဏခိုဝင်ခဲ့မိလေသလား။ မကွေ့ကောက်တတ်တဲ့မိုးဆီက ကိုယ့်အတွက်အဖြေကိုမစောင့်လိုက်ရသလို မိုးကိုလည်း မယုံမကြည်ဖြစ်ရခြင်းတွေမရှိခဲ့ဘူး။ မိုးကလည်း ကိုယ့်ကို နည်းနည်းလေးမှ စိတ်အနှောင့်အယှက်ပေးတယ်လို့လည်းမရှိခဲ့ဘူး။ ဒါကြောင့်ပဲ မိုးဆီရတဲ့ အေးမြခြင်းတွေဆီက ကိုယ်က ပြေးထွက်ခဲ့မိလေသလား မိုးရေ..။ မမရဲ့ချုပ်နှောင်မှုတွေကြောင့် ကျဉ်းကျပ်လာတဲ့နေ့မှာ မိုးဘယ်ရောက်နေပြီလဲ လို့ အလန့်တကြားတွေးမိရတယ်။ မိုးကို အရှက်ရတယ်။ အဲ့လိုအချိန်မှာများကိုယ့်ကို မိုးက ဘာကြောင့်ဒီလောက်ပျော့ညံ့သွားရတာလဲ လို့ လာမေးရင်လည်း တစ်ကြိမ်တစ်ခါလောက်တော့ ပျော့ညံ့ခွင့်ပေးပါလို့ ပြောမိရတော့မှာပါပဲ။ မိုးက လိပ်ကလေးကို သတိမရတော့ဘူးလားလို့ လှောင်ရယ်သလိုမေးလာခဲ့ရင်လည်း ကိုယ်က လိပ်ပက်လက်လန်သလို ဖြစ်တာ မိုးထားသွားတဲ့နေ့ကတည်းကပါလို့ ပြောမိမလားပဲမိုးရေ..။ မွန်းကြပ်ပိတ်လှောင်မှုတွေအောက်မှာ ကိုယ်က မိုးကို ပြန်ရှာမိတော့ မိုးဟာ စိတ်အနာကြီးနာခဲ့သူမို့ တစ်ယောက်တည်းအဝေးကိုပြေးသတဲ့။ ကိုယ်ဟာ အပြစ်ရှိသူမို့ မိုးရဲ့အနားကို မချဉ်းကပ်ဝံ့ဘူး။ ကိုယ့်အကြောင်းကိုများ မိုးကြားတဲ့အခါ လှောင်ရယ်နေမလားလို့ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ပိတ်မိတယ်။ ရင်ထဲကအနာကို မိုးအပါအ၀င် ဘယ်သူမှမမြင်စေရဘူး။ ရင်ထဲမှာ ကျိတ်ငိုခွင့်သာ ပေးပါတော့မိုးရေ..။ ကိုယ်ဟာ အေးမြခြင်းရဲ့အဝေးကို ပြေးထွက်မိသူမို့ နောင်တတွေနဲ့သာ ထိုက်တန်ပါတယ် ။ လိပ်ပြာမသန့်သူမို့ မိုးကို လိုက်ရှာခွင့်လည်း မပေးပါနဲ့တော့ မိုး...။

++++++++++++++++++++++++++++++++++++++++++++++++

" အကို့တို့နှစ်ယောက်ကို မနေ့က ကျွန်မဘက်စ်ကားပေါ်ကနေ လှမ်းတွေ့လိုက်တယ်"

မိုးအသံက ထိန်းထားတဲ့ကြားကတုန်ခါနေတယ်။ ကိုယ့်ရင်ထဲမှာ ထိတ်ခနဲပဲ။ ရုတ်ချည်းဆိုသလို ကိုယ့်ရင်ထဲမှာ အေးစက်သွားတယ်။ မျက်နှာတစ်ခုလုံးထူပူလို့။ ကိုယ်လေ မိုးမျက်နှာကို မကြည့်ရဲဘူး။ အခေါ်အဝေါ်တွေ ပြောင်းပစ်လိုက်ပြီဖြစ်တဲ့မိုးရဲ့ လေသံတွေ အေးစက်နေမှန်း ကိုယ်သိပါတယ်။

" မိုးလိုချင်တာက နှစ်ဦးနှစ်ဘက် အပြန်အလှန် အလုံးစုံ စိတ်ချယုံကြည်ရတဲ့ ချစ်ခြင်းမေတ္တာပါ။ ကျွန်မက အကို့ကို ချစ်ခဲ့တယ်ဆိုတာ အကို့အပေါ်ကိုအထင်ကြီးခြင်းအပေါ်ကို အခြေခံပြီးချစ်ခဲ့မိတာ။ ကိုယ်အထင်ကြီးရတဲ့ချစ်သူကို ကျွန်မက အကြွင်းမဲ့ယုံကြည်ခဲ့တယ်။ အခုလိုမျိုး ကျွန်မအပေါ်ကို ဆက်ဆံခံရတာ စိတ်အနာဆုံးပဲ။ တစ်သက်ဖျောက်မရနိုင်တော့တဲ့ ဒဏ်ရာပဲ။ "

မိုးရဲ့ စကားတွေက မြားတွေလိုပဲ ကိုယ့်ရင်ကို လာစူးကြလေရဲ့။ စူးပါစေတော့မိုးရေ။ မိုးကို ဒဏ်ရာတွေပေးမိတဲ့ကိုယ်ဟာ အပြစ်ရှိသူပါ။ ကိုယ်ကမိုးမျက်နှာလေးကိုပဲ ငေးကြည့်နေမိတော့တယ်။ ကိုယ့်တစ်ကိုယ်လုံး မီးခိုးငွေ့တွေအဖြစ်ပြောင်းသွားကြပြီထင်ရဲ့။ မိုးလက်ကလေးကို လှမ်းဆွဲလိုက်ချင်ပေမဲ့ မမရဲ့ လက်ပတ်ကြိုးလေးဟာ မိုးလက်ကလေးကို လှမ်းဆွဲမယ့်ကိုယ့်လက်ကို အတင်းဆွဲတားထားကြသလိုပဲ။ အဲ့ဒီအချိန်တုန်းက မမကိုရင်ဘတ်ထဲ ထည့်ခဲ့မိတဲ့ကိုယ်မို့ မိုးဘက်ကို အလေးမသာခဲ့တာကိုတော့ ရင်နာနာနဲ့ဝန်ခံပါတယ်မိုး။
အစက ခပ်ဖွဲဖွဲကျနေတဲ့မိုးတွေ ရုတ်တရက်သည်းသည်းမည်းမည်းရွာချလာတယ်။ ကော်ဖီဆိုင်လေးရဲ့ အစွန်ဆုံးစားပွဲမှာ ထိုင်နေကြတာမို့ မိုးစက်တွေဟာ မိုးရဲ့ကျောတလျှောက်ကိုလာစင်နေတယ်။ ကျောတလျှောက်ချထားတဲ့ မိုးရဲ့ဆံနွယ်တွေမှာ မိုးစက်တွေ လာငြိတွယ်နေကြတာကိုကိုယ်မှတ်မိပါသေးတယ်။ မိုးတွေစိုကုန်မယ် .. ဒီဘက်တိုးလေမိုးလို့ ပြောလိုက်မိတယ်ထင်တယ်မိုးရယ်.. အဲ့ဒီစကားကလွဲရင် ရင်ထဲမှာဗလောင်ဆူကာ အခိုးအငွေ့တစ်ဝက်ဖြစ်နေတဲ့ကိုယ်က ရှက်ရွံ့ခြင်းအပြည့်နဲ့မို့ မိုးကို ပြောဖို့ တခြားစကားလုံးတွေ ထွက်မလာနိုင်ဘူး။ အပြင်မှာသည်းနေတဲ့မိုးတွေ ကိုယ့်အပေါ်ကိုသာအကုန်ရွာချပါစေတော့လို့ ဆုတောင်းမိလေသလား မသိဘူးမိုးရေ..။ အဲ့ဒီအချိန်မှာပဲ မိုးက ကိုယ့်ကို တစ်ခုခုပြောတယ်..။ အခုအချိန်မှာ ကိုယ်ပြန်မစဉ်းစားချင်ဆုံးတစ်ခုခု..။

" အကို ခြေလှမ်းတွေပျက်တာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မသိက္ခာကို ဒီလောက်ထိ စော်ကားလိမ့်မယ်လို့ မထင်မိလောက်အောင် အကို့ကို အထင်ကြီးမိခဲ့တာတော့ ကျွန်မအမှားပေါ့။ အကိုက သိပ်တွေဝေတတ်လွန်းတယ်ဆိုတော့ လည်းအကို့အတွက် ကျွန်မကပဲအဆုံးအဖြတ်ပေးခဲ့ပါမယ်။ အကိုတို့နှစ်ယောက်လုံးပျော်ရွှင်ပါစေ.."

မိုးရဲ့အသံက ခပ်တိုးတိုးပေမဲ့ ညင်သာပြတ်သားလှတယ်။ ကိုယ့်မျက်လုံးတည့်တည့်ကို အေးစက်စက်စိုက်ကြည့်ပြီးပြောနေတဲ့ မိုးဟာ ပြတ်သားနေတယ်။ မိုးက ထိုင်နေရာက ထွက်သွားတယ်။ မိုးရေတွေထဲ..။ မျက်ရည်တစ်ချက် မထွက်တဲ့မိုး။ သိပ်ကို မာနကြီးတဲ့မိုး။ အဲ့ဒီအချိန်တုန်းက အဖြစ်ချင်ဆုံးဆန္ဒဟာ အခိုးအငွေ့တွေအဖြစ်နဲ့ကိုယ့်တစ်ကိုယ်လုံးပျောက်ကွယ်သွားချင်တဲ့စိတ်ပဲ ဖြစ်မယ်ထင်ပါရဲ့ မိုးရေ..။ အဲ့ဒီနေ့က ကော်ဖီဆိုင်လေးမှာ မိုးတွေ စဲတဲ့အထိ ထိုင်နေမိတယ်။ မိုးထားခဲ့တဲ့ ကော်ဖီခွက်ကလေးကို ကြည့်ရင်းက မျက်ရည်ဝဲရပြန်တယ်..။ မိုးရေတွေ တစ်စက်စက်ကျနေတဲ့ မြေသားတွေကိုငေးကြည့်ရင်းနဲ့ ကိုယ့်မှာ အေးစက်ရပြန်တယ်။ ဟင်းလင်းပြင်တစ်ခုထဲမှာ မျောလွင့်ရသူလို ကယောင်ချောက်ချားနဲ့ ကိုယ့်လက်ကိုတင်းတင်းဆုပ်ထားရပြန်တယ်..။ ကိုယ်ဟာ အားငယ်တတ်သူပါလို့ စိတ်ထဲမှာ မိုးကိုတိတ်တိတ်တမ်းတရတယ်။ မမဟာ ကိုယ့်ကို မအေးမြစေနိုင်သူမို့ မိုးဆိုတဲ့အေးရိပ်ဆီကို တမ်းတမိတတ်တဲ့အခါ မိုးကိုရှက်ရွံ့အားနာရတယ်။ ချန်ခဲ့ပါတော့မိုး..။ ကိုယ့်အနားက အဝေးဆုံး အကောင်းဆုံးဆိုတဲ့အရပ်ဆီကိုသာ ထွက်ပြေးပါတော့မိုးရေ..။

+++++++++++++++++++++++++++++++++++++++++++

မိုးတွေ တစ်ပေါက်ပေါက်ကျလာတယ်။ မှာထားတဲ့ကော်ဖီကို စားပွဲထိုးလေးက စားပွဲပေါ်လာချပေးပြီးသွားတဲ့အခါ မိုးရေစက်တွေ ပိုစိတ်လာတာကိုသတိထားလိုက်မိတယ်။ မိုးတွေသည်းတဲ့ မိုးရက်တစ်ရက်ရယ်၊ ကော်ဖီရယ်.. ဟာ ကိုယ့်ကိုမမေ့နိုင်တဲ့အတိတ်တွေဆီခေါ်သွားနေကြပေါ့.. ။ တကယ်ဆို အဲ့ဒီနေ့က အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင် အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့ မြင်ကွင်းလေးကို သတိရမိတုန်းပဲ။
                                                                                                                            စိမ်းမြလင်းသစ်
                                                                                                                             10/03/2014

ကြယ်ကလေးနဲ့ ခဏတာ

ကိုယ်မခူးဖြစ်ခဲ့တဲ့ သစ်သီးတွေ
သိပ်ကိုချိုမြိန်တယ်လို့ ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
ဘယ်အရပ်ဆီ ကိုယ့်မျက်နှာကိုလွှဲခဲ့ရတယ် မသိတော့ဘူး။
သိပ်ခံစားတတ်လွန်းတာဟာလည်း
ကြေကွဲစရာကောင်းခြင်းတစ်မျိုးပဲ ကြယ်ကလေး...။
နှလုံးသားခပ်ထူထူ
မျက်နှာထားခပ်ထူထူ လူတွေဟာ
အားကျဖွယ်ရာ လူသားတွေလို့ကိုယ်ပြောရင်
ကြယ်လေးရေ...မအံ့သြနဲ့။

နှစ်ကာလတွေဟာ နှလုံးသားတွေကိုတိုက်စားတတ်တယ်ဆိုတာ
ကိုယ်ကအကောင်းဆုံးသက်သေပဲ လို့ ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
လိမ္မာချင်ခဲ့လွန်းလို့ အမှားများခဲ့တဲ့ကိုယ်ဟာ
ခုချိန်မှာ စိတ်ထင်ရာရွေ့လျားပစ်ချင်မိတယ်လို့
ကြယ်လေးမသိအောင် ခပ်တိုးတိုးရေရွတ်မိခဲ့တယ် ။


ကိုယ်ဖြစ်လိုရာကို ဖန်တီးယူဖို့  ကြယ်လေး ကိုယ့်ကိုပြောတုန်းက...
နှလုံးသားကိုကျောခိုင်းမိခဲ့ပြီးနောက်
ကိုယ့်မနက်ဖြန်တွေဆီ ဘယ်တော့မှ မရောက်နိုင်တော့ဘူးလို့
ရင်ထဲမှာ တဖွဖွရွတ်နေမိတယ်။

ကြယ်လေးနဲ့ ခဏတာအချိန်တွေကို ရပ်တန့်ပစ်ချင်နေမိတဲ့အခိုက်
အမှတ်တမဲ့ ကြည့်မိလိုက်တဲ့ တိမ်တစ်စဟာ
လေယာဉ်ပျံပုံစံအဖြစ်ပြောင်းသွားတယ်
အကွာအဝေးဆိုတာ စိတ်ကို နာကျင်စေတဲ့ ဆူးပဲ...။
ကိုယ်ဟာ ဘ၀အတွက်နေခဲ့ရတယ်
အခု ဘ၀ထဲမှာပဲ နေချင်တော့တယ် လို့ ကြယ်လေးကို ပြောမိတော့
ကိုယ် အဓိပ္ပယ်မဖွင့်တတ်ခဲ့တဲ့ အကြည့်တွေနဲ့ ကြယ်လေး ကိုယ့်ကိုကြည့်တယ်။

ကြယ်ကလေးရေ ...
တကယ်တော့ ဘ၀ဆိုတာ
ဖြစ်ချင်ရာဖြစ်ပစေ ဆိုပြီး ပစ်ချထားလိုက်ဖို့ကောင်းတဲ့အရာပဲ။
ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိပြီး
ဝမ်းနည်းရတဲ့ အကြောင်းတွေ ကြယ်လေးကို မပြောပြချင်ဘူး
သိပ်မွန်းကျပ်လွန်းလာတဲ့အခါ
တစ်ယောက်တည်းနေပြီး အခန်းထောင့်မှာငိုမယ်
စိတ်ထဲရှိတာတွေ ချရေးမယ်
ပြန်လည်ပေါ့ပါးလာတဲ့အခါ
ငါ့ဘ၀ဟာ နေပျော်စရာပါလို့ ကိုယ့်ကိုယ်ကို ပြန်နားချမယ်
ကြယ်လေးမသိအောင် ကြယ်လေးကိုပြုံးပြမယ်
တစ်ဖန်ပြန်လည်စိမ်းစိုဖို့
သစ်ရွက်တွေကိုကြည့်မယ်
ဖိနပ်ကြိုးကို ခပ်တင်းတင်းချည်ပြီးရင်တော့
လေသာရာအရပ်ဆီကို မျက်နှာမူပြီးလမ်းလျှောက်ထွက်မယ် ။

ဒါပေမယ့်...
တစ်ခါတရံတော့
သိပ်ကိုသာယာတဲ့နေရာလေးက
ကြယ်လေးနဲ့ ခဏတာ ကို
ဒိုမီနိုတွေ သောက်တိုင်း ကိုယ် လွမ်းမှာပေါ့
တိမ်တွေ လေယာဉ်ပုံစံပြောင်းသွားတိုင်း ကိုယ် လွမ်းမှာပေါ့ ။  ။