မနက်ခင်းမှာနိုးလာတော့ ပြတင်းပေါက်မှန်မှာ မိုးရေတွေတွေ့ရတယ်။
နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတဲ့
ကိုယ့်ရင်ထဲကအိပ်မက်ကလေးကိုနှိုးလိုက်ရင်ကောင်းမလားလို့ စဉ်းစားမိရင်း
အိပ်မက်ဟာနိုးလာတဲ့အခါအိပ်မက်မဟုတ်တော့ဘူးလို့တွေးမိပြန်တော့
အိပ်မက်ကလေးကိုအိပ်မက်လေးအတိုင်းထားလိုက်ရတယ်…။
ဂျွန်…ခင်ဗျားပေးခဲ့တဲ့အိပ်မက်လေးနိုးသွားရင် ခင်ဗျားဆီပဲပြန်သွားခိုင်းမှာပါ.။
အိမ်တံခါးကိုပိတ်ပြီးလမ်းလျှောက်ထွက်လာတော့ မြင်လိုက်ရတဲ့ လေခါးလက်ရမ်းမှာ ခိုတွေအများကြီးပဲ။
သူတို့တွေပျံမသွားအောင်ခြေသံကိုဖော့ပြီးနင်းလိုက်ရတယ်။
ငှက်ကလေးတွေငြိမ်းချမ်းပါစေ။
မနက်ခင်းလေထုဟာမိုးရွာပြီးစမို့လို့ အေးနေတာပဲ။
တိမ်ဖြူဖြူတစ်ချို့တလေရှိတယ်။
အလုပ်ကိုကသုတ်ကရက်သွားနေကြတဲ့လူတွေရှိတယ်။
နှစ်ယောက်တွဲလမ်းလျှောက်လာကြတဲ့လူတွေကြည့်ပြီးတစ်ယောက်တည်းပြုံးလိုက်ရတယ်… ဂျွန်။
ကန်ပတ်လမ်းဘေးကစကားပင်က မွှေးရနံ့ဟာ အေးပြီးမွှေးနေတာပဲ။
ဒီမနက် အချိန်မရလို့ပေါင်မုန့်မ၀ယ်နိုင်တော့ဘူး ။
မနက်စာမစားဖြစ်လည်းကော်ဖီတော့ သောက်ဖြစ်မှာပါ။
ညစာမစားဖြစ်လည်းနွားနို့တော့သောက်ဖြစ်မှာပါ။
တနင်္ဂနွေနေ့တွေမှာအိပ်ရေး၀၀ အိပ်ပြီး ပျင်းတဲ့အခါ တစ်ယောက်တည်း ရုပ်ရှင်ကြည့်ဖြစ်မှာပါ။
ကျောင်းစာတွေခက်လာတဲ့အခါ၊အလုပ်မှာ စိတ်ရှုပ်စရာတွေ့ရတဲ့အခါ
ညတုန်းကလိုပဲ…တစ်ခါတလေပန်းခြံထဲ ထွက်ထိုင်မှာပါ။
သီချင်းတွေဆိုပြီးရုပ်ရှင်တွေကြည့်မှာပါ။
တစ်ခါတလေစာတွေဖတ်ပြီး တစ်ခါတလေ စာတွေရေးဖြစ်မှာပါ။
တစ်ခါတလေအိမ်နဲ့ ဖုန်းပြောပြီး တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ထွက်တွေ့မှာပါ။
ဝမ်းနည်းတဲ့အခါတစ်ယောက်တည်းမျက်ရည်ဝဲပြီး ပျော်တဲ့အခါ တစ်ယောက်တည်းပဲ ပြုံးမှာပါ။
အမှန်တကယ်တော့အထီးကျန်တယ်ဆိုတာ
တစ်ယောက်တည်းရှိတဲ့အချိန်မှဖြစ်တတ်တာမဟုတ်မှန်းကိုယ်သိပါပြီ …ဂျွန်။
ဒီလိုဆို
တစ်ယောက်တည်းလျှောက်လို့ရတဲ့လမ်းတွေမှာဘာလို့ နောက်တစ်ယောက်ပါစရာလိုပါ့ဦးမလဲ။
ပြီးတော့…
ခင်ဗျားက
တစ်ယောက်တည်းလည်းဖြစ်တယ်ဆို…ဘာကြောင့်ကိုယ့်ကို ခေါ်သေးသလဲ…။
တစ်ယောက်တည်းပဲပျော်တယ်ဆို…ဘာလို့ ကိုယ့်ကိုခေါ်သေးသလဲ…။
စိမ်းမြလင်းသစ်
(May 2013)
Thursday, 9 May 2013
ဂျွန်…တစ်ယောက်တည်းပဲပျော်တယ်ဆို ဘာလို့ကိုယ့်ကိုခေါ်သေးသလဲ။
S P A C E S
space တွေ ကြားထဲ ခုန်ချလိုက်တယ်
နေပျော်မယ်ဆိုတာသေချာသလား
အလိုမကျသမျှတွေကို တစ်တိုး တစ်လျှော့ နေရ။
ဘယ်သူဟာ ဘယ်မှာ ဘာကြောင့် ညာကြောင့် ဒီအချိန် ဒီအခါ
အတွေးတွေကို သေချာဖြန့်ကျက်ကြည့်တော့
ကိုယ်ကလွဲရင်ကိုယ့်အပြင် ဘယ်သူမှမရှိပြန်ဘူး။
နောက်ဆုံး
လိမ်မာတော့မယ်လို့ ပြောပြီး
လိမ်မာတော့မယ်လို့ ပြောပြီး
စပေ့စ် တွေ ထဲ ခုန်ချလိုက်တယ်
အရိပ်တွေ မလိုက်ခဲ့နဲ့ ...။
စိမ်းမြလင်းသစ်
(April 2013)
Monday, 21 January 2013
မိုးရေထဲ ဖြတ်လျှောက်ကြစို့ ဂျွန်.. အရာအားလုံးဟာ အကန့်အသတ်တွေနဲ့မို့..။
နေရောင်ခြည်အောက်မှာ ခေါင်းကို ခါလိုက်မိတယ်။
ဆွေးမြေ့နေတဲ့ အတွေးတွေ အထွေးလိုက်ကျသွား
အခန်းထဲမှာ မီးရောင်ဝါ၀ါ
မျက်နှာကျက်မှာ စက္ကူငှက်ရုပ်ကလေး
အသက်ရှူလိုက်တိုင်းမှာ ပန်းရနံ့တွေချည့်ပဲ..
အတွေးထဲမှာ….။
ဂျွန်...။
လူတစ်ယောက်ကို ချစ်တာနဲ့
အသက်ရှူလိုက်တိုင်း
ရင်ခွင်တစ်ခုလုံးလင်းရတယ်
ခက်ရောပဲ။
ဒီနေ့ နေသာတယ် ..ဂျွန်။
ကောင်းကင်က အပြာလဲ့လဲ့အောက်
လေထုထဲမှာ ပျော်ရွှင်ခြင်းငွေမှုန်တွေ တလက်လက်
သစ်ရွက်ငယ်လေးတွေ
နေရောင်ခြည် ၀တ်ရုံနဲ့ အတူ ကခုန်နေကြပေါ့။
အပြစ်ကင်းပါတယ် ဂျွန်။
ကိုယ့် ရယ်သံတွေမှာ ပျော်ပါ။
မနက်ဖြန်တွေမှာနေထိုင်ပါ။
ကျေးဇူးပြုပြီး
ကိုယ့်ရဲ့ကြက်ခြေခတ် အနီရောင်တွေကို ခပ်ဝေးဝေးလွှင့်ပစ်ပေးပါ
အနာဂတ်မှာ
ကမ္ဘာအသစ်နဲ့
အစိမ်းရင့်ရင့်မြင်ကွင်းတွေနဲ့
ဂျွန်နဲ့ကိုယ်နဲ့…။
ပျော်ရွှင်ခြင်းအကျီင်္ကို အိပ်မက်အတိုင်းနဲ့ ချုပ်လုပ်ဝတ်ဆင်ဖို့
နေရောင်ခြည်ထဲမှာ ဆန္ဒအသေတွေ စွန့်ပစ်လိုက်ဖို့
တံခါးတစ်ချပ်ကိုဖွင့်ဖို့ စောင့်နေတယ်ဆိုတဲ့အကြောင်း
ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ချစ်ခြင်းမေတ္တာ
အခန်းငယ်လေးဟာ နွေးထွေးတယ်ဆိုတဲ့အကြောင်း
စသဖြင့် .. စသဖြင့်
ဘယ်ဘက်အိပ်ကပ်ထဲက စကားလုံးတွေရဲ့အသံက
တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး..။
သိပ်ထူးဆန်းတယ် ဂျွန်
စောင့်စားရခြင်းဆိုတဲ့ စကားလုံးမှာ ဆူးတွေနဲ့။ ။
စိမ်းမြလင်းသစ်
21/01/2013

Friday, 16 November 2012
တစ်ခါတစ်ခါများ
ဘ၀က အချိုရည်ကုန်သွားတဲ့အခါ
အသက်ရှူစရာ နေရာမကျန်တော့သလိုမျိုး
ဘာကို ဆုပ်ကိုင်ပြီး အားတင်းရမလဲမသိဘူး
ဖုန်းဆက်တိုင်း ခဏခဏမဆူပါနဲ့လားမေမေရယ်။
အိမ်ကိုပြန်တိုင်းလည်း အိမ်မဟုတ်လို့
မျက်နှာမူလိုက်တိုင်း အေးစက်တဲ့ အရပ်မျက်နှာတွေ
ဆောင်းအိပ်မက်တွေနဲ့ တစ်ယောက်တည်းခြောက်သွေ့ ကွဲအက်
ကိုယ့်စိတ်နဲ့ကိုယ်အခန့်မသင့်ရတဲ့ ရက်တွေအတွက်
စိတ်ကူးလေးနဲ့တော့ ခဏလောက်နွေးထွေးပါရစေ
တစ်ခါတလေများ
တစ်ခါတလေများ
စိတ်လေနှင်ရာ လွင့်သွားချင်တယ်ဆိုပြီး
မျက်ရည်တွေကျရတယ်
ကြိုးတွေအထပ်ထပ်နဲ့
တစ်ယောက်တည်း။
Saturday, 20 October 2012
ပိတ်ထားတဲ့တံခါး
ပတ်ဝန်းကျင်ကပဲ မခို့တရို့
အမှောင်မို့လို့လား ။ မိုးရွာပြီးစ ညနေခင်း၊ တိမ်တွေပြိုဆင်းကျပြီးကာစ အချိန်။ မိုးရေစက်တွေတွဲလွဲခိုနေတဲ့
သစ်ရွက်ကလေးတွေကို လက်နဲ့အသာတို့ထိမိလိုက်သေးသလား မသိဘူး။ မဲညို့နေသေးတဲ့ မိုးသားတိမ်တိုက်တွေအောက်မှာ
တိမ်တွေလို တလွင့်လွင့်နဲ့ လျှောက်လာမိရင်း ဒီလမ်းလေးကို မြင်လိုက်ရတယ်။ အို..သိပ်ကိုလှတဲ့လမ်းကလေးပါပဲကွယ်
။ ကိုယ့် နှုတ်ခမ်းတွေကနေတောင် ခပ်တိုးတိုးရေရွတ်မိလေသလားမသိပေဘူး..။ အဲ့ဒီ မြေနီလမ်းကလေးအတိုင်း
ဆက်လျှောက်လာနေမိတော့တယ်။ စကတ်ရှည်ရှည်ကို အသာမလို့ တစ်ခါတစ်ခါ ခြေဖျားထောက်ပြီးတောင်လျှောက်နေရတယ်။
ရေအိုင်သေးသေးကလေးတွေက အများသားပဲ..။ ရေအိုင်တွေကိုကျော်ပြီးလျှောက်ရပေမဲ့..လမ်းကလေးဟာ
မြက်ပင်စိမ်းစိမ်းနုနုလေးတွေနဲ့ သိပ်ကို စိမ်းလန်းလှပလွန်းပါရဲ့။ ရေအိုင်လေးတစ်ခုကို
ခုန်ကျော်လိုက်၊ ကိုယ်ဟန်ကိုထိန်းလိုက်နဲ့ ပျော်လာတယ်။ ဟော မိုးတွေ ထပ်ရွာလာပြန်ပြီ.။
ဒီတစ်ခါ မိုးက ခပ်ဖွဲဖွဲပဲ..။ အင်း..မိုးရေထဲမှာ မလျှောက်ဖြစ်တာ ကြာပြီပဲ..။ လမ်းဆက်လျှောက်မယ်လေ..။
ဒီအစိမ်းရောင်လမ်းကလေးအတိုင်း လျှောက်သွားရင် ဟိုခြံတံခါးဆီပဲရောက်မှာပဲပေါ့နော်။ အပြာရောင်ဆေးသုတ်ထားတဲ့
ခြံတံခါးပေါ့။ ခြံတံခါးကနေကြည့်လိုက်ရင် တံခါးကို အမြဲပိတ်ထားတဲ့ အပြာရောင် အိမ်ကလေးကိုလည်းတွေ့ရမယ်လေ။
ခြံထဲမှာ ဘယ်တော့မှလူမတွေ့ရတဲ့ ဒန်းကလေးတစ်ခုရှိတယ်။ ပြီးတော့ ကိုယ်တွေ့ရသလောက်တော့
ရေကန်ကလေးတစ်ခုလည်းရှိသေးတာပဲ။ ရေကန်လေးက ညဘက်ဆိုရင် ပြာလဲ့ပြီး နေ့ဘက်ဆိုရင် အေးမြနေမယ့် ပုံစံရှိတယ်။ ရေကန်ကလေးရဲ့ဘေးမှာ မီးတိုင်အပြာရောင်လေးတွေထွန်းထားတယ်။ ရေကန်ပြာပြာလေးဟာ လဲ့ဖြာနေတာပဲ။ ဖြတ်သွားဖြတ်လာနဲ့ အပြင်ကမြင်ရတာနဲ့တင် သိပ်ကိုသာသာယာယာရှိမယ့် ခြံကလေးမှန်းသိပ်သိသာတာပဲ။ ဒီလမ်းလေးကိုလျှောက်မိတိုင်း ဒီအိမ်လေးကိုအမြဲကြည့်မိတယ်။ တစ်ခါတုန်းကတော့ ခြံကလေးရှေ့မှာရပ်မိရင်းနဲ့ ခြံကလေးထဲကို ၀င်ကြည့်ချင်စိတ် ပြင်းပြင်းပြပြ ဖြစ်ဖူးတာ မှတ်မိတယ်။ ဒန်းကလေးမှာ ခဏထိုင်ချင်တယ်။ ပြီးတော့ ကန်ကလေးဘေးမှာ ထိုင်ချင်တယ်။ ပြီးတော့ အိမ်ကလေးထဲကို ခဏလောက်ဝင်ကြည့်ချင်တယ်။ ပြီးတော့လည်းသိပ်မကြာခင် ခြံတံခါးလေးဆီကနေ အကြည့်ကို လွှဲခဲ့ရတာပါပဲ။ စိတ်လွတ်လက်လွတ် နဲ့ပဲ ဒီခြံကလေး ဘေးကနေ ဖြတ်သွားရင်း အခု နောက်တစ်ခါ ရောက်လာပြန်ပြီ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
ခြံကလေးက ပိုပြီးသစ်လွင်လာသလိုပဲ။ ခြံတံခါးပြာပြာလေးရယ်၊ ပြတင်းတံခါးတွေကို ဆေးဖြူသုတ်ထားတဲ့ အိမ်လေးရယ်၊ ရေကန်ပြာပြာလေးရယ်…။ ကိုယ်လေ… ကြည့်ရင်းနဲ့ ရင်တငြိမ့်ငြိမ့်နဲ့ မောလာမိတယ်။ ကြည့်နေရင်းနဲ့တောင် မြက်ပင်ကလေးတွေက ပိုပြီးစိမ်းလာကြသလားမသိဘူး။ ခြံကလေးဘေးမှာ စိုက်ထားတဲ့ ပန်းနီနီကလေးတွေကလည်း ရိုးတံစိမ်းစိမ်းကလေးတွေကနေ နီဆွေးလတ်ဆတ်စွာ ဖူးပွင့်နေကြတယ်။ လေက တိုက်တယ်ဆိုရုံကလေးတိုက်နေတယ်။ လေတိုက်တုန်း ပန်းရနံ့လေးတွေ ရလိုက်မိသေးတယ် ၊ ခရေပန်းနံ့လား၊ ညမွှေးပန်းရနံ့လား..၊ ညမွှေးပန်းရနံ့လိုတော့ စူးရှမနေဘူးရယ်..။ လေတချက် ထပ်တိုက်သွားပြန်တယ် ။ ကိုယ့်ဆံပင်လေးတွေတောင် လှုပ်သွားသလိုပဲ။ ခြံတံခါးလေးမှာလည်း မိုးရေစက်ကလေးတွေနဲ့ ။ ခြံတံခါးသံပန်းကလေးပေါ်တင်နေတဲ့ မိုးစက်ကလေးတွေကို လက်ကလေးနဲ့ အမှတ်တမဲ့ နဲ့ တို့ထိလိုက်မိတယ်.။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီအသံသဲ့သဲ့ကို စကြားလိုက်ရတာ။ သူ...။ အရင်းနှီးဆုံး အသံတစ်ခုကိုကြားလိုက်ရသလိုလို။ အဲ့ဒီ အသံကိုကြားလိုက်တာနဲ့ပဲ အင်အားတွေပြည့်ဝသွားသလိုမျိုး။ မိုးတွေ ရွာနေသေးတယ် ..အထဲမှာခဏမိုးခိုသွားပါလား...တဲ့။ အသံက ဆွဲငင်သံမပါဘဲနဲ့ ဆွဲငင်တယ်။ ကိုယ်က ငေးငေးမောမော ရပ်နေမိလို့။ ဟုတ်ကဲ့ လို့ ပြန်ပြောလိုက်မိသလားမသိဘူး..။ ပြုံးနေတဲ့ မျက်ဝန်းတွေကို တစ်ချက်ကြည့်မိရင်း ခြံထဲကိုလိုက်လာမိတယ်။ အို..အစိမ်းရောင်တွေ..။ ခြံတစ်ခြံလုံးမြက်ခင်းလေးနဲ့ စိမ်းလန်းလို့။ ပြီးတော့ ပန်းပင်တွေ။ နာမည်ကိုသိတဲ့ ပန်းတွေရော၊ နာမည်မသိတဲ့ ပန်းတွေရော..။ ဒါဆို ခုနက ပန်းရနံ့တွေက ဒီခြံကလေးကပဲဖြစ်မှာ..။ ခြံအပြင်ဘက် ကိုယ်မမြင်ရတဲ့နေရာက ရှုမျှော်ခင်းလေးဟာ မျက်ဝန်းကတဆင့် ရင်ထဲကိုဖြတ်စီးသွားတယ်။ အို..သိပ်ကိုလှတာပဲကွယ်..။ လှလိုက်တာ..လို့များ နှုတ်က တဖွဖွပြောမိသေးသလားမသိဘူး။ သူက ကိုယ့်ကို တစ်ချက်လှမ်းကြည့်တယ်..နှုတ်ခမ်းတွေမပြုံးဘဲ မျက်လုံးတွေချည့်ပြုံးနေကြတာတော့ သတိထားမိလိုက်တယ်..။ ကိုယ်ကရော ပြန်ပြုံးပြမိသလားမသိဘူး။ သူက ကော်ဖီသောက်လိုက်ပါလား ဆိုပြီး ထထွက်သွားတယ်။ ခဏကြာတော့ ကော်ဖီတစ်ခွက်နဲ့အတူပြန်လာတယ်။ ကော်ဖီအနံ့က သိပ်ကိုမွှေးလွန်းနေတာသိတယ်။
++++++++++++++++++++++++++++++++++++++++++++++++++++++++

ရေကန်ဘေး က ခုံလေးမှာ
သွားထိုင်မယ်လေ..တဲ့။ သူက ကော်ဖီခွက်ကို ကိုင်ပြီး ရှေ့ကထွက်သွားတယ်။ ကိုယ်..သူ့နောက်ကို
ဘာလို့ သတိလက်လွတ်လိုက်နေမိတာလဲ။ ကန်ဘေးက ခုံတန်းလျားလေးမှာ နှစ်ယောက်သား ၀င်ထိုင်လိုက်ကြတယ်။
သူက ခြံတံခါးဝဘက်ကို တစ်ချက်ဝဲကြည့်ရင်းနဲ့ ညီမကို တွေ့တွေ့နေတာကြာပြီတဲ့ ။ ကျွန်မက
ရှင့်ကို မတွေ့မိဘူး လို့ပြန်ပြောမိတော့ သူက ရေကန်ဆီကို ငေးကြည့်နေလျက်က ပြုံးတယ်။
သူ့နှုတ်ခမ်းက ပြုံးလိုက်တော့ မျက်လုံးတွေပါ လိုက်ပြုံးသွားပြန်တယ်။ ရှေ့စားပွဲခုံပေါ်ချထားတဲ့
ကော်ဖီက အငွေ့လေးတွေ တလိပ်လိပ်နဲ့တက်လာတာတွေ့လိုက်တယ်။ ကော်ဖီနံ့လေးက မွှေးနေတာပဲ။ ကော်ဖီရနံ့တွေ
ကြားက နေ ‘ညီမက ခြံရှေ့ကိုခဏခဏဖြတ်လျှောက်တတ်တယ်လေ’ လို့ တိုးတိုးလေး ပြောလိုက်သံကို
ကြားလိုက်ရတယ်။ အသံလေးက တစ်မျိုးလေးပဲ လို့ တွေးမိရင်းနဲ့က အိမ်လေးက သိပ်လှတယ်လို့ လွှတ်ခနဲ့
ပြောမိသေးသလားပဲ။ သူငေးနေတယ်။ ကိုယ် သူ့ကို တစ်ချက် ဖျတ်ခနဲကြည့်မိတယ်။ မျက်လုံးတွေ
တဖျက်ဖျက်တောက်နေတယ်။ မျက်လုံးတွေထဲမှာ အဖြူရောင်ကလွဲရင် ဘာကိုမှမတွေ့ဘူး..။ ဘေးပတ်ဝန်းကျင်တစ်ခွင်လုံးက
ကြည်ပြာရောင်တွေ လဲ့ဖြာလို့..။ ပြီးတော့ အရောင်မျိုးစုံ..။ ကိုယ်က ကိုယ့်စကတ်လေးက ဘာရောင်လဲလို့
အမှတ်မဲ့ ကြည့်နေမိသေးတယ်။ ဘာအရောင်တွေပဲ ဖြစ်ဖြစ်ပေါ့လေ..။ အရောင်ဆိုတာ သူရှိချင်သလို
ရှိနေနိုင်တာပဲမို့လား။ သူက စားပွဲပေါ်မှာ ချထားတဲ့ ကော်ဖီခွက်ကို ကြည့်ပြီးတော့ ကော်ဖီသောက်လိုက်ဦးလေလို့
လှမ်းပြောတယ်.။ ရှင်ရော လို့ပြန်မေးတော့ ကျွန်တော်က ကော်ဖီမသောက်တတ်ဘူး..တဲ့။ ‘အဲ့ဒါဆိုရင်
တခြားဟာ တစ်ခုခု…’ ကိုယ့်အသံ တစ်ပိုင်းတစ်စမှာပဲ သူက ကျနော် ရေကန်ဆီခဏသွားလိုက်ဦးမယ်လို့
ပြောရင်း ထရပ်လိုက်တယ်.။ မိုးတွေရွာနေသေးတယ်..။ သူက အမိုးအောက်ကနေထွက်ပြီး ရေကန်ဆီထွက်သွားတယ်..။
ပြီးတော့ ကန်ပေါင်မှာ ခြေထောက်တွဲလောင်းချပြီးထိုင်နေတယ်.။ မိုးစက်တွေက သူ့ပေါ်ကိုခပ်ဖွဲဖွဲ
ရွာချတယ်။ သူက ကန်ရေပြင်ကို ငေးကြည့်လို့ နေရဲ့..။ ကိုယ်က အမိုးအောက်ကနေ ကော်ဖီပူပူကိုသောက်ရင်းနဲ့
မိုးရေထဲက သူ့ကို ငေးမိတယ်။ သူက ကန်ရေကိုငေးနေတယ်။ သီချင်းတွေတောင် ညည်းလို့နေလားမသိဘူး..။
လွတ်လပ်ပေါ့ပါးလိုက်တာလေ..။ ပတ်ဝန်းကျင် ခပ်အေးအေးလေးမှာ ကော်ဖီနွေးနွေးလေးနဲ့ ကိုယ်ကရော…။
အပြာရောင်ရေကန်လေး၊ အဖြူရောင်အိမ်ကလေး၊ အပြာရောင် ခြံတံခါးလေး..၊ ပြီးတော့..သူ..။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
မျက်လုံးကို တစ်ချက်ဝှေ့ကြည့်လိုက်မိတယ်။ ဟုတ်ပါရဲ့..အိမ်တံခါးကို ပိတ်ထားတာပဲ..။ ဒီနေရာကိုရောက်တိုင်း ခြံကလေးကိုပဲကြည့်မိတော့ အိမ်ကလေးကို သိပ်သတိမထားမိခဲ့ဘူး။ အိမ်ကလေးက တံခါးကို သေသေချာချာစေ့ပိတ်ထားတယ်။ အိမ်ထဲမှာ မီးဝါ၀ါလေးက တလဲ့လဲ့ လင်းနေတယ်။ အိမ်ခန်းလေးက မြင်ရသလောက်အထိတော့ ရှင်းလင်းလို့နေပြန်တယ်။ မြင်နေက အိမ်တွေမှာ ရှိတတ်တဲ့ ဓာတ်ပုံတွေ လည်း နံရံပေါ်မှာ မရှိပြန်ဘူး။ အထဲကိုမြင်ရသလောက် သန့်ရှင်းသပ်ရပ်နေတဲ့ ဧည့်ခန်းလေးရယ်၊ ပြီးတော့ ဖတ်လတ်စ မဂ္ဂဇင်းတစ်ချို့နဲ့ ဒီဗီဒီချပ် တစ်ချို့တင်ထားတဲ့ ဆက်တီခုံ ရယ် ၊ ပြီးတော့ စာအုပ်ဗီရို၊ ဒီလောက်ပဲတွေ့ရတယ်။ ဧည့်ခန်းကို ဆေးအဖြူသုတ်ထားတာ တွေ့ရတယ်။ နံရံကပ်မီးဝါ၀ါတွေက လှလွန်းလိုက်တာ။ မြင်ကွင်းကို ဘယ်လောက်ပဲ ပိတ်ထားပေမဲ့ ပြတင်းပေါက်တွေတော့ ရှိသားပဲကွယ်။ ပြတင်းပေါက်တွေကို ခန်းဆီးမတပ်ထားဘူးပဲ။ ကိုယ်က ပြတင်းပေါက်တွေကနေတစ်ဆင့် အိမ်လေးထဲကို စပ်စုနေမိလိုက်တာ။ အထဲမှာ ဘာတွေရှိမလဲ။ နွေးထွေးနေမလား။ သူ့နဲ့အတူနေထိုင်မယ့် မိသားစုတွေများ တွေ့ရမလားလို့..။ မသိစိတ်က ဆက်တွေးမိတော့ တစ်ခုခုကို နှမြောသွားသလိုပဲ..။ ဘာကိုနှမြောမိမှန်းမသိတဲ့စိတ်ကို ဆက်မစဉ်းစားဖို့ ရပ်လိုက်တယ်။ အိမ်ကလေးထဲ ၀င်ကြည့်ချင်စိတ်ပေါ်လာမိတယ်။ ဟင့်အင်း..ခွင့်မပြုဘဲ ခွင့်မတောင်းဘဲ ၀င်မကြည့်သင့်ဘူးမဟုတ်လား။ကိုယ့်ကိုယ်ကို ရှက်သွားလို့ အကြည့်ကို မြန်မြန်လွှဲလိုက်မိရင်း သူ့ကို တစ်ချက်ငေးမိတော့ သူက ရေကန်ဆီဘောင်မှာထိုင်ရင်း ခြေကိုလွှဲရင်း ငေးနေတုန်းပဲ..။ ကော်ဖီတွေက ခပ်နွေးနွေးကျန်နေသေးတယ်.။ သောက်လက်စ ကော်ဖီကို တစ်ကျိုက်ထပ်သောက်ပြီး လိုက်မိပြန်တယ်။ မိုးက ခပ်ဖွဲဖွဲကျနေတုန်း။ ပတ်ဝန်းကျင်က အေးစိမ့်နေတုန်းပဲ..။ ရင်ထဲမှာ မောလာသလိုဖြစ်လာတာနဲ့ပဲ အသက်ကို ခပ်ပြင်းပြင်းလေးရှူလိုက်မိတယ်။ ခေါင်းကိုမော့ရင်း မျက်လုံးတွေကိုပါ မှိတ်ထားလိုက်တယ်။ ပတ်ဝန်းကျင်ရဲ့အေးမြမှုဟာ အရေပြားတွေကို ညင်သာစွာ ဖွဖွပွတ်သပ်နေသလိုပဲ။ ထူးဆန်းလိုက်တာလို့တစ်ချက်တွေးမိရင်းနဲ့ မျက်လုံးတွေ ဖွင့်လို့မရနိုင်လောက်အောင်ကိုပဲ…။ ကိုယ်လေ.. မိန်းမောနေမိလိုက်တာ…။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
‘ မိုးက နည်းနည်းတော့ရွာနေသေးတယ်ဗျ..’
သူ့အသံခတ်ဆတ်ဆတ်မှာ ရုတ်တရတ်မို့ လန့်သွားပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်မိတော့ ကိုယ့်မျက်နှာပေါ် ငုံ့မိုးကြည့်ပြီး စကားလာပြောတဲ့ သူ့ကို တွေ့ရတယ်။ ဘာပြောလိုက်တာလဲလို့ တစ်ချက်ပြန်စဉ်းစားလိုက်ရသေးတယ်။ ပြီးမှ သူ့ကို တစ်ချက်ကြည့်မိလိုက်တယ်။ သူ့ဆံပင်တွေ စိုနေတာပဲ..။ မျက်လုံးက ထုံးစံအတိုင်း ပြုံးနေတယ်။ အင်း..နည်းနည်းတောင် မှောင်လာပြီ၊ ကျမ ပြန်မှဖြစ်တော့မယ် ..လို့ပြောလိုက်မိတယ်။ ရာသီဥတုက ညိုမှိုင်းနေတုန်းပဲ ။ မိုးတွေပြန်ရွာလာပြီ..ဒီတစ်ခါပိုသည်းလာသလိုပဲ။ ပတ်ဝန်းကျင်တစ်ခွင်လုံး ညို့မှိုင်းပြီး အေးနေတယ်။

‘ ကော်ဖီကုန်အောင်သောက်လိုက်ပါဦး၊ ရာသီဥတုက အေးနေတယ်။ ပြီးတော့
မိုးတွေရွာလာပြီ..။’
ရုတ်တရက် မိုးက တရစပ် သည်းလာတယ်။ မြင်ကွင်းတစ်ခုလုံး
တရစပ်သည်းနေတဲ့ မိုးရေစက်တွေနဲ့ ဖြူဖွေးသွားတယ်။ ကန်ရေပြင်ကိုတောင် သေချာမမြင်ရတော့ဘူး
..။
‘ ညီမ ခဏလောက်တော့နေပါဦး၊
ကျနော် လုပ်စရာနည်းနည်းသွားလုပ်လိုက်ဦးမယ်..’
သူက စကားသံနဲ့အတူ ထထွက်သွားပြန်တယ်။ ဘယ်ကိုသွားမှန်းမသိဘူး။
ရေကန်ဘေးက မီးအပြာတွေရုတ်တရက်လင်းလာတယ်။ သူ မီးသွားဖွင့်တာဖြစ်မယ်ထင်ပါရဲ့။ အရင်တုန်းက
ညဘက်မဖြတ်သွားဖူးတော့ ဒီအပြာရောင်ရေကန် လေးဟာ ဒီလောက်လှမှန်း ကိုယ်တကယ်မသိခဲ့ဘူး။ အပြာရောင်ရေကန်လေးမှာ
ကူးခတ်ချင်စိတ်ပေါက်သွားပြန်တယ်။ သူ့လို ခြေဆင်းပြီးသွားထိုင်ရင်ကောင်းမလား။ ဟင့်အင်း…မိုးတွေသည်းလာပြန်ပြီ။
ရုတ်တရက် ၀မ်းနည်းလာတယ်။ ကိုယ်တစ်ယောက်တည်း..။ အိမ်တံခါးပိတ်ထားတယ်။ ပိတ်ထားတဲ့ အိမ်တံခါးနဲ့
တံခါးပိတ်ထားတဲ့ အိမ်ငယ်လေးကို ကြည့်ပြီး ကိုယ်လေ ပို ၀မ်းနည်းလာတာပဲ။ အိမ်လေးက နွေးထွေးနေမလားလို့
တွေးပြီး တစ်ချက်ပေ့ကြည့်မိပြန်တယ်။ ရုတ်တရက် ကိုယ့်အိမ်နွေးနွေးလေးကို သတိရလာတယ်။
အိမ်အပြင်က ရေကန်ဘေးမှာထိုင်နေရင်းနဲ့ အိမ်ကလေးဆီကြည့်မိတဲ့ အကြည့်တွေကို အမြန်လွှဲပစ်ရတယ်.။
မိုးမြန်မြန်တိတ်ပါစေ..။ ဘာလို့ ဒီလမ်းကလေးကို ဖြတ်လျှောက်မိမှန်းမသိဘူး။ ဘာလို့ ဒီခြံလေးထဲကို
လိုက်လာမိလည်းမသိဘူး။ ဆွဲဆောင်ရာတစ်ခုခုနောက်ကိုလိုက်လာမိတာ နောင်တရသလိုစိတ်နဲ့ ၀မ်းနည်းလာလိုက်တာ..။
မိုးမြန်မြန်တိတ်ပါစေလို့ နောက်တစ်ခါ ထပ်ဆုတောင်းရင်း ကော်ဖီကို တစ်ငုံ ထပ်သောက်လိုက်မိတယ်..။
ကော်ဖီတွေတောင် အေးကုန်ပြီပဲ။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
‘ ရေနွေး ယူလာတယ်ဗျ..’
သူက အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးအပြည့်ထည့်ထားတဲ့ ခွက်ကိုလှမ်းပေးတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောမိတယ်ထင်ရဲ့..။ ပန်းတွေက မွှေးနေတာပဲနော် လို့ ပြောမိတယ်…။ ဟုတ်တယ်ဗျ..ကျနော်စိုက်ထားတာလေ ..ဘာရယ်လို့တော့ မဟုတ်ပါဘူး..အပျော်သဘောပါပဲ..လို့ သူကပြောတယ်။ ဒီတစ်ခါတော့ သူပါသောက်မယ်ထင်တယ်။ သူ့လက်ထဲမှာ အငွေ့တထောင်းထောင်းနဲ့ ခွက်တစ်ခွက်ကို ကိုင်ထားတယ်။ သူက ရေနွေးကို တစ်ချက်မော့သောက်လိုက်တယ်။ အငွေ့တွေ သူ့မျက်နှာနားတစ်ဝိုက်မှာ ဖြတ်ပြေးသွားကြတယ်။ ပန်းပင်တွေလိုက်ကြည့်ဦးမလား.. လို့ မေးတယ်။ ဟင့်အင်း..ကျမက ရေကူးချင်နေတာ လို့ ပြောချင်မိတယ်။ ဒါပေမဲ့ ဘာမှ မပြောဖြစ်ဘူး။ အတော်ကြာအောင် အသံတွေ တိတ်သွားတယ်။ မိုးတွေမှောင်နေလိုက်တာလေ..။ အိမ်ကလေးက အထဲမှာ မီးဝါ၀ါတွေ လင်းပြီး အပြင်မှာ အပြာရောင်မီးတွေ လင်းထိန်နေတုန်းပဲ။ တော်ပါသေးတယ်လို့ တွေးမိတယ်။ နည်းနည်း ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ လက်ဖ၀ါးတွေအချင်းချင်း ပွတ်နေမိတယ်။ လက်ဖျားတွေ အေးစက်နေတာပဲ။ ကိုယ် တော်တော်လေးချမ်းနေပြီ။ လေက တစ်ချက်တိုက်လာပြန်တယ်။ မိုးနည်းနည်းစဲသွားပြီ။ မိုးရေစက်တွေ တစ်ပေါက် တစ်ပေါက် ကျနေတာကို အမှတ်တမဲ့ ငေးနေမိကြတယ်။ သူလည်း ရေတွေရွှဲနေတုန်းပဲ..။ ရှင်လည်းမိုးရေတွေ စိုနေတယ်..လို့ ပြောမိတော့ သူက ရပါတယ်ဗျ ဆိုပြီး တစ်ခွန်းပြန်ပြောတယ်။ ကျမပြန်တော့မယ် လို့ ပြောမလို့ ပြင်လိုက်တယ်။ ပါးစပ်က ဘာလို့ ပြောမထွက်ရတာလဲ ။ တကယ်ဆိုအမြန်ပြန်လိုက်ဖို့သင့်တာ။ တိတ်ဆိတ်ပြီး ချမ်းစိမ့်လှတဲ့ နေရာတစ်ခုမှာ တစ်ခါမှမသိဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့အတူရှိမနေသင့်ဘူး မဟုတ်လား။ သူစိမ်းလို့ တွေးမိတော့ သတိလက်လွတ် နဲ့ သူ့ကိုတစ်ချက်ကြည့်မိပြန်တယ်။ သူကတော့ ရေနွေးကို တကျိုက်ပြီးတကျိုက်သောက်လို့နေရဲ့..။ သူက တစ်ခုခု ပြောမလို့ ဟန်ပြင်ပြီး ကိုယ့်ဘက်ကို လှည့်ကြည့်တယ်။ အပြောရခက်နေဟန်ပဲ..ကိုယ့်စိတ်ထင်တာဖြစ်မှာပါလေ..။ အိမ်ထဲကို ၀င်ဖို့ ဖိတ်မလို့လား။ ဒါမှမဟုတ် ပြန်သင့်ပြီလို့ပြောမလို့လား…။ တကယ်လို့ အိမ်ထဲဝင်ပါလို့ပြောရင် ကိုယ်ကလက်မခံလိုက်သင့်ဘူးမဟုတ်လား။ ဒါမှမဟုတ် ပြန်သင့်ပြီလို့ပြောလာခဲ့ရင် ကိုယ်ဘယ်လိုခံစားရမလဲ..။ စိတ်ထဲမှာ အပြာရောင်မီးတွေ ၊ အ၀ါရောင်မီးတွေ ပြီးတော့ မိုးစက်မှုန်မှုန်တွေ…။ သက်ပြင်းကို တစ်ချက်ရှိုက်လိုက်ရင်း သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
‘ ကျမ ပြန်တော့မယ်..’
ရုတ်တရက်လွှတ်ခနဲပြောမိလိုက်တယ်။ သူက ထီးယူသွားပါလားဗျ ..ကျနော် ထီးသွားယူပေးမယ်၊ ခဏစောင့်နော် ဆိုပြီး ထွက်သွားမလို့ပြင်တယ်။
‘နေပါစေ ၊ မိုးစက်လေးတွေ နည်းနည်းလေးပဲ ရှိတော့တာပါ။ ပြီးတော့ ကျမက မိုးဖွဲဖွဲလေးတွေကြားထဲမှာ လမ်းလျှောက်ရတာကြိုက်တယ်’
အလောတကြီး ပြောမိလိုက်တော့ သူက ပြုံးရင်း ကောင်းပြီလေ..ကျနော်ခြံတံခါးဝကို လိုက်ပို့မယ် လို့ပြောရင်း လိုက်လာတယ်။
ခြံတံခါးလေးကို အသာအယာတွန်းဖွင့်လိုက်ရင်းနဲ့ ဂရုစိုက်ပြန် လို့ပြောပြီး ပြုံးပြတယ်။ ကိုယ်က သူ့ကို ပြန်ပြုံးပြလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတယ်။ မိုးတိတ်စပြုနေပြီ။ ရာသီဥတုက အေးစိမ့်နေတုန်းပဲ..။ လမ်းမီးဝါ၀ါလေးတွေတောင် ထွန်းထားပြီးပြီ..။ ကိုယ့်ခြေထောက်အောက်က ကျောက်ခဲလေးတွေ ခင်းထားတဲ့ လမ်းလေးတွေက သိပ်ကိုလှတာပဲ..။ အို..ဒီကျောက်ခဲလေးက နင်းလို့ ကောင်းလိုက်တာ..ဟိုမှာတစ်လုံး..။ ဟော..ဟိုမှာ နောက်တစ်လုံး..။ ကြည့်ပါဦး..မြက်ခင်းတွေကလည်းသိပ်ကို စိမ်းမြလှပလွန်းလိုက်တာ..။ လက်တစ်ကမ်းအမီ မှာရှိတဲ့ သစ်ပင်ခပ်ပုပုလေးတွေမှာလည်း မိုးရေစက်တွေသီးလို့။ ဟိုခပ်လှမ်းလှမ်းက ခရေပင်ကြီးဆီက ခရေရနံ့လေးတွေတောင် တစ်ချက်ရလိုက်မိသေးတယ်..။ လက်နှစ်ဘက်ကို ဆန့်တန်းပြီး ခေါင်းကို မော့လိုက်တယ်။ ပြီးတော့ အသက်ကို ခပ်ပြင်းပြင်းလေး တစ်ချက်ရှူလိုက်တယ်။ ရင်ထဲမှာ ပေါ့ပါးလန်းဆန်းသွားတာပဲ..ခြံကလေးကို နောက်တစ်ကြိမ်ထပ်ကြည့်ချင်လာမိတယ်။ မီးရောင်လဲ့လဲ့လေးတွေ လင်းနေတုန်းပဲ..။ သူ့ကိုမတွေ့ရတော့ဘူး။ အို… အိမ်ကလေးက လှလိုက်တာ..။ ကြည့်နေရင်းမှာပဲ မီးမှိတ်သွားတာ တွေ့လိုက်ရတယ်။ မီးတွေ တစ်ပွင့်ပြီးတစ်ပွင့်ပိတ်သွားတယ်..။ ဖျတ်ခနဲ ဖျတ်ခနဲ…။ မြင်ကွင်းထဲမှာ ရေကန်ကလေးပျောက်သွားတယ်။ ခြံဝင်းကလေးပျောက်သွားပြီး..ပြီးတော့ အိမ်ကလေးပျောက်သွားတယ်..။ တစ်ကွက်ချင်း တစ်ကွက်ချင်းပဲ..။ ကိုယ့်ရင်ထဲမှာ လှိုက်ခနဲ လှိုက်ခနဲ..။ ခံစားချက်တွေကို ဘာသာမပြန်တော့ဘဲနဲ့ အကြည့်ကိုပဲ အမြန်လွှဲလိုက်တယ်..။ ကိုယ်ဒီနေရာမှာ မရှိသင့်ဘူး..ဟင့်အင်း ..ဒီနေရာမှာ ကိုယ်မရှိသင့်ဘူးလေ..။ အိမ်ပြန်ချင်လာတယ်။ ဒီအချိန်ဆိုရင် မေမေတို့ ညစာစားဖို့စောင့်နေကြတော့မှာ…။ စိတ်ထဲမှာ လှိုက်ခနဲပျော်လာတယ်..။ ကိုယ့်အိမ်ကို အမြန်အပြေးကလေးသွားရမှာပေါ့..။ မိုးမိနေလို့ပါမေမေရယ် လို့ ပြောရဦးမယ်..။ ပြီးတော့ ကိုယ်လေ ဒီအိမ်ကလေးမှာခဏ မိုးခိုခဲ့တဲ့အကြောင်း အိမ်ပြန်ရောက်ရင် ပြောပြရဦးမယ်..။ မိုးတွေမိခဲ့တဲ့အချိန်မှာ အရမ်းကိုလှပတဲ့ ခြံကလေးထဲ မိုးခိုခဲ့ဖူးတယ်ဆိုတဲ့အကြောင်းပေါ့။ တစ်လှမ်းချင်းလှမ်းလာရင်း
နောက်ဆုံးအနေနဲ့ လမ်းဝအရောက်မှာ ခြံကလေးဆီကို တစ်ချက်ကြည့်မိတော့ ပိတ်ထားတဲ့ ခြံတံခါးလေးကိုပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတော့တယ်..။

Wednesday, 22 August 2012
မိုး
ရုတ်တရက် ကောင်းကင်က မှောင်လာတယ်။
မိုးတွေ ရုတ်တရက်ရွာတော့မလိုမျိုး။
ကိုယ်က ကော်ဖီတစ်ခွက်ကို ထဖျော်တယ်။
ပြီးတော့
ဖတ်လက်စ သတင်းစာကို လှန်ဖို့ မောက်စ်ကို ကလစ်နှိပ်လိုက်။
အဖြစ်အပျက်တွေကို လိုက်ရှာ
သတင်းတွေကို လိုက်ရှာ
သတင်းတွေဟာ သတင်းတွေထဲမှာတင် ပေါက်ကွဲသွား
သတင်းတွေက သတင်းတွေအချင်းချင်းပွတ်တိုက်မိကြ
သတင်းတွေဆီက ခပ်တိုးတိုးအသံတွေကြားရတယ်။
သိပ်ဝေးလွန်းသလားလို့ တွေးရင်းနဲ့
ကဲ- နောက်တစ်မျက်နှာကို ထပ်လှန်လိုက်
အညောင်းဆန့်၊ သမ်းဝေ။
ပြီးတော့ ကော်ဖီကို တစ်ငုံသောက်။
ဟော..
မိုးတွေရွာလာပြီ
ပြတင်းပေါက်ကနေ မိုးစက်တွေ ၀င်လာတယ်။
မိုးစက်တွေ စင်မှာစိုးလို့ ပြတင်းပေါက်ကို အမြန်ပိတ်ရ။
ပြီးမှ..ခုံမှာပြန်ထိုင်ပြီး မိုးရွာတာကို ငေးရတယ်။
ကြည့်..။
ပြတင်းပေါက်မှန်မှာ မိုးစက်တွေ...
အပြင်မှာတော့
မိုးတွေ... သည်းသည်းမည်းမည်း..
ကိုယ်ကလွဲရင် တစ်လောကလုံး ရွှဲရွှဲစို။ ။
စိမ်းမြလင်းသစ်
(23/08/2012)

Monday, 20 August 2012
ည
လကွေးကွေးလေးနဲ့
အိပ်မက်ရေးရေးလေးထဲ ခုန်ခုန်ချ
လှလိုက်တာ...။ ။
စိမ်းမြလင်းသစ်
(20/08/2012)
Friday, 17 August 2012
သစ်ပင်-၁ ၂ ၃
သစ်ပင်-၁
ဘ၀ဟာ သစ်ပင်
ဘ၀ဟာ မြစ်ရေ
နောက်ပြန်မလှည့်ဘူး
မရပ်တန့်ဘူး
တိတ်တိတ်လေးပါပဲ
ဒါပေမဲ့
လိပ်ပြာကတော့ လှတယ်။
သစ်ပင်-၂
မျှော်လင့်ခြင်းတွေ ဖူးပွင့်ဖို့
(ငါ့အား)
ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်စွာ မွေးမြူ
ပြီးတော့ အိပ်မက်တွေကို ခူးယူပါ။
သစ်ပင်-၃
နေ့တစ်နေ့ရဲ့အစ
ပျော်ရွှင်စွာနိုးထ
ပြီးတော့
ညတွေလည်း လှနိုင်စေ။
စိမ်းမြလင်းသစ်
(18/08/2012)
Wednesday, 8 August 2012
အဆုံးသတ်မှာငါ့အတွက် ဗလာသက်သက် သာကျန်ရတယ်
ခရီးထွက်သွားတဲ့ ညကို စကားတစ်ခွန်းလောက်ဖြစ်ဖြစ် လူကြုံပါးဖို့
ဒါမှမဟုတ် ညထဲ ကိုယ်ကိုယ်တိုင်စီးမျောပစ်လိုက် ဖို့
ဟိုအရင်ညက လေညင်းလေးကိုပြန်ဝယ်လို့ရသလား လို့ တိုးတိုးလေးမေးမိတယ်။
အဖြေကိုဘယ်သူပေးမလဲ။
စောင့်စားရခြင်းဟာ အနုပညာတစ်ရပ်ဖြစ်တယ်ဆိုတဲ့ မျက်နှာဖုံးကိုတပ်ထားတယ်
တနင်္ဂနွေဟာ မျက်နှာအသေနဲ့
မြက်ပင်စိမ်းစိမ်းနဲ့ ၊ကွင်းပြင်စိမ်းစိမ်းနဲ့
အဲ့ဒီညက ရှုမျှော်ခင်းလေးက ရင်ဘတ်ထဲကို တစ်ဝက်တစ်ပျက်ဝင်လာတယ်
မိုးခေါင်တဲ့အရောင်ကိုဝတ်ဆင်ပြီး
တစ်စုံတစ်ရာနောက်ကို
တိတ်တဆိတ်လိုက်ပါသွားတဲ့နောက်
အရင်လိုပါပဲ ဆိုတဲ့စကားကိုပဲဖြစ်ဖြစ် ပြောဖို့တွန့်ဆုတ်ရတယ်။
ဘာပဲဖြစ်ဖြစ်
ပြတ်သားရမယ်၊ ပြတ်သားသင့်တယ်။
တစ်စုံတစ်ခု ငြိမ်းသတ်ရင်း တစ်စုံတစ်ခုကို ထွန်းညှိ
အတူတူလောင်ကျွမ်းပစ်လိုက်ဖိြု့ ကိုးစားရင်း
သူပဲ ၊ ငါပဲ ဆိုတာနဲ့ နင်စွဲ ငါစွဲ ဆိုတာတွေလည်းသိတယ်
မျှော်လင့်ခြင်း။ ယုံကြည်ခြင်း။
ပျော်ရွှင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတရား
ဘယ်ဆီကို ခရီးထွက်သွားသလဲ
လက်ဖ၀ါးတွေကို ဆုပ်လိုက်ဖြန့်လိုက်နဲ့
အဖြေကို အထပ်ထပ်ရှာမိတယ်
ဗလာကလွဲရင် ဘာကိုမှမတွေ့ဘူး။
မပျော်ဘူးလို့ပြောပြောပြီး အော်အော်ရယ်ပစ်ရတယ်
အရှိတရားက မှားတဲ့ဘက်မှာဆိုပဲ ...ဟုတ်လား။
သေချာတာက
မငိုရဲဘူး၊ မရှင်သန်ရဲဘူး
မဖန်တီးရဲဘူး။ မဖျက်ဆီးရဲဘူး
ဖြစ်နေတာတခြား ဖြစ်ချင်တာကတခြား
အိပ်မက်တွေပဲ ရှည်လျားလာရတယ်
ဘ၀က သွေးပျက်ဖွယ်။
စိမ်းမြလင်းသစ်
(08/08/2012)
(08/08/2012)
Saturday, 28 July 2012
ကန္တာရကြယ်
အိပ်မရသော ညများကို ဘယ်လိုကုန်ဆုံးစေရမလဲဟု တွေးမိဆဲတွင် နှင်းက
မျက်နှာကြက်ကို မော့ကြည့်လျက်ရှိသည်။ အခန်းမီးကိုပိတ်ထားသောကြောင့်
ခပ်မှောင်မှောင်အခန်းထဲကို ပြတင်းမှ လရောင်က ခပ်ပါးပါးဖြာကျလျက်ရှိသည်။
နှင်းသည် အိပ်နေရင်းမှနေ၍ ခေါင်းရင်းဘက်ရှိပြတင်းတံခါးကို
မျက်လုံးကိုအသာရွှေ့ကြည့်မိသည်။ လကိုမူ မမြင်ရ။ လရောင်သည်သာ ဖြာလျက်
လသာလျက်ရှိကြောင်းပြသည်။ လသည် တစ်ဝက်သာသည်လား၊ အပြည့်သာသည်လား မမြင်သာ။
မျက်နှာပေါ်ကို ခပ်ပါးပါးကျနေသောလရောင်ကြောင့် အိပ်မရတာလား လို့ တွေးမိလျက်က
ပြတင်းလိုက်ကာကို ချရန်မကြိုးစားမိ၊ မကြိုးစားလို။ အခန်းသည်
မှောင်နေသော်လည်း မျက်လုံးက အကျင့်ရလာသောကြောင့် ရေးတေးတေး မြင်နေရသည်။
ကုတင်ဘေးက မပိတ်ဘဲထားခဲ့သော ကွန်ပြူတာကို အသာလှုပ်လိုက်လျင်
အလင်းရောင်ရနိုင်သေးသည်။ သို့သော် အလင်းရောင်ကို မလိုချင်။ ကြောင်၍နေသော
မျက်စိတို့ဖြင့် အခန်းကို ကြည့်သောအခါ ကုတင်ခြေရင်း စားပွဲပေါ်မှ သောက်လက်စ
ကော်ဖီခွက်ကိုတွေ့သည်။ ကော်ဖီတွေ အများကြီးမသောက်နဲ့ ဟု
အွန်လိုင်းမှာမေမေနဲ့တွေ့စဉ်က နှင်းကိုပြောလျှင် နှင်းက နံဘေးမှ
ကော်ဖီခွက်ကို တစ်ကျိုက်မော့လျက်က ဟုတ်ကဲ့ဟုဖြေတတ်သည်။
စာသေချာလုပ်ဟုပြောလျှင်တော့ ဖေ့စ်ဘုတ် ကို အမြန်ပိတ်၍ ကွန်ပြူတာကိုဝေးရာ
ပို့ရတတ်သည်။ နှင်းသည် ကြောင်သော မျက်လုံးတို့ကို ပိတ်၍
အိပ်ဖို့ကြိုးစားရင်း ခန္ဓာကိုယ် အနေအထားကို ပြောင်းမိသည်။ အခုလောက်ဆို
မေမေတို့ အိပ်နေလောက်ပြီ။
မနက်က စောစောနိုးသည်။ ပိတ်ရက်မို့လို့ အိပ်ချင်ပေမဲ့
အမြဲဖွင့်ထားတတ်သော ပြူတင်းပေါက်က မိုးစက်တွေက မျက်နှာပေါ်
ခုန်ပေါက်၍လာရောက်ထိမှန်စဉ် နှင်း နိုးလာသည်။ မိုးလေကြီးသည်ဟု ဆိုရမည်။
မျက်နှာပေါ်လာစင်သော မိုးရေတို့ကို လက်ဖမိုးဖြင့် အသာပွတ်သုတ်လျက်
နံဘေးစားပွဲပေါ်မှ ဖုန်းကိုယူ၍ နာရီကြည့်လျင် ထနေကြအချိန်ထက် အတော်လေး
နောက်ကျနေပြီဖြစ်ကြောင်း တွေ့ရသည်။ ဒီနေ့တော့ နှိုးစက်သံကိုမကြားရ။
ပိတ်ရက်ဖြစ်သည်။ အလိုအလျောက်နိုးလာသော်လည်း မိုးကြောင့်
ကောင်းကောင်းမအိပ်ရဟု စိတ်စနိုးစနောင့်တော့အနည်းငယ်ဖြစ်မိသည်။
နှင်းသည် အိပ်ရာမှ အသာထ၍ ပြတင်းပေါက်လိုက်ကာကို ချမည်ပြုစဉ်
မိုးရွာနေသောမြင်ကွင်းသည် နှင်း၏ အာရုံကို ဖမ်းစားသည်။ ကလေးကစားကွင်းနံဘေးက
ပိတောက်ပင် အကြီးသည် မိုးရေရွှဲရွှဲစိုလျက် အိုနေသောမျက်နှာဖြင့်
မတ်တပ်ရပ်နေသယောင်။ ကစားကွင်းကိုဖြတ်ကာ ထီးဆောင်းလျက် ဖြတ်လျှောက်သွားကြသော
လူတစ်ယောက်စ နှစ်ယောက်စကိုမြင်ရသည်။ ပတ်ဝန်းကျင်သည်
မှုန်မှိုင်းလျက်ရှိသည်။ လေတစ်ချက်အဝှေ့တွင် အတန်ငယ်ချမ်းသွားကြောင်းသတိပြု
မိသည်။
ပြတင်းပေါက်ကို အသာပိတ်ပြီး မနက်စာစားရန် အခန်းတွင်းမှ ထွက်လိုက်သည်။
ဘာစားရမှန်းမသိသောကြောင့် မနက်စာသည် ကော်ဖီပူပူတစ်ခွက်သာ ဖြစ်မည်ဟု
သေချာသွားသည်။
မုန့်ဟင်းခါးပူပူ စားချင်လာသည်။ စားချင်လျင်ချက်စားပေါ့ ဟု မေမေက
ပြောတုန်းက မေမေကလည်း ချက်ရတာ လွယ်တယ်မှတ်လို့လား ဟု
ပြန်ပြောမိတာကိုမှတ်မိသေးသည်။ အင်းပါ အင်းပါ ဟုမေမေက
လေသံအေးအေးနှင့်ပြန်ပြောလျှင်ေ
တာ့ နှင်းက စိတ်မကောင်းပြန်။ အိမ်ကို
သတိရတော့ ဖုန်းဆက်ရန် လက်က လှမ်းမိသည်။ အချိန်ကစောလွန်းသေးသည်ဟုထင်ကာ
ဖုန်းကို ပြန်ချမိပြန်သည်။ ခုတလော ခဏခဏဖုန်းဆက်မိတော့ မေမေက
အလုပ်မအား၍ပဲဖြစ်ဖြစ် ဖုန်းသံမကြားလိုက်မိလျင်ပဲဖြစ်ြ ဖစ် မကိုင်လျင်
နှင်းက စိတ်ကွက်မိသေးသည်။ ဂရုမစိုက်ဘူး ဟုထင်မိချင်သေးသည်။ နှင်းက
ခုချိန်အထိ ဂရုစိုက်ခံချင်မိမြဲ၊ ကိုယ့်ကိုယ်ကို မရင့်ကျက်နိုင်သေးသော
သမီးပဲဟု တွေးမိတိုင်းရှက်မိမြဲ။ မေမေက သမီးအတွက်
ဘုရားမှာပန်းတွေလှူပေးထားတယ်ဟု ပြောလျင်တော့ အတိုင်းမသိကျေနပ်ရတတ်သည်။
မေမေရယ် သမီးအတွက် နှင်းဆီပန်းရယ် စံပယ်ပန်းရယ် လှူပေးပါဟု
နှင်းကြိုက်လွန်း၍ ခဏခဏလှူမိတတ်သော ပန်းလှလှမွှေးမွှေးများကို
မျက်စိထဲတွင်မြင်ယောင်လျက်က ခဏခဏပူဆာတတ်သေးသည်။ မေမေက အေးပါ ဟုပြောလျင်တော့
ဘုရားစင်တွင် ဝေဆာနေဦးမည့် ပန်းလှလှမွှေးမွှေးများကို မြင်ယောင်ကာ
ကြည်နူးရပြန်သည်။ ပြီးလျင်တော့ ဘုရားစင်ရှေ့တွင်ဒူးတုတ်ထိုင်ကာ နှုတ်က
တရွရွဖြင့်ဘုရားစာတွေရွတ်ဆိုေ နဦးမည့် မေမေ့ဟန်ကို မြင်ယောင်ရပြန်သည်။
သနပ်ခါးနှင့် နှုတ်ခမ်းနီနှင့် လှနေဦးမည့် မေမေက သမီးအတွက်တော့ စိတ်ပူကာ
နေရပြန်သေးသည်။ ခုအချိန်လောက်ဆိုရင်တော့ မေမေ အိပ်ရာက ထလောက်ပြီဟု
တွေးမိသည်။
စားပွဲပေါ်တွင်စိုက်ထားသော ပန်းအိုးငယ်လေးတွေကို
အမှတ်တမဲ့ငေးကြည့်မိသည်။ Indoor Plant လေးတွေကိုပဲစိုက်ရန် တတ်နိုင်သည့်
အနေအထားတွင် မနက်မိုးလင်းလာသောအခါ ပြူတင်းတံခါးကိုဖွင့်ပြီး
ပွင့်အာနေကြသော မေမေစိုက်ပျိုးထားသည့် နှင်းဆီပန်းလှလှများကိုကြည့်
ရသည့်
အရသာကို လွမ်းသည်။ ထိုအခါ ကိုယ့်အနေအထားကို ပြုံးမိလျက်က
ဒီကန္တာရအပင်ငယ်လေးတွေကို ၀ယ်လာမိသည်။ ပြီးတော့ နှင်းမှာ အပင်လေးကို
ရေငွေ့လေးဖြန်း အလင်းရောင်ပိုရသောနေရာကိုရွှေ့ စသဖြင့် အလုပ်လေးတွေကို
လုပ်မိပြန်သည်။ ဘာပဲဖြစ်ဖြစ် နှင်းစိုက်ပျိုးထားသော အပင်လေးတွေကို
မနက်အိပ်ရာထလျင် မြင်လိုက်ရမှ၊ ယုယလိုက်ရမှ ကျေနပ်ရသည်။
မနက်အိပ်ရာထလျင်တစ်ခါ ညအိပ်ရာဝင်လျင်တစ်ခါ ။ အခုလည်း စာကြည့်စားပွဲပေါ်က
ပန်းအိုးသေးသေးလေးတွေကိုကြည့်ေ နမိပြန်သည်။ ကန္တာရပင်ငယ်သေးသေးလေးတွေ..။
ဆူးသေးသေးမှုန်မှုန်လေးတွေဖြင့်၊ စိမ်းစိုနေကြသည်။ ကန္တာရပင်လေးများသည်
အခန်းထဲတွင် လှလှပပ နေရာယူနေကြသည်။ နှင်း၏အခန်းလေးသည်
ထိုဆူးပင်သေးသေးလေးများဖြင့် လှပနေတော့သည်။ တစ်ခါတလေတော့လည်း
ဆူးတွေဟာလှရဲ့လားဟု စဉ်းစားမိပြန်သည်။ လိုအပ်ချက်နည်းနည်းလေးနဲ့
မာန်တင်းနေရဟန်ပေါ်သော ဒီအပင်လေးတွေကိုမူ နှင်းက အရိပ်တကြည့်ကြည့်နှင့်
ကြည့်မ၀နိုင်ဖြစ်ရပြန်သေးသည်။
နှင်းသည် ဖုန်းဆက်ရင်ကောင်းမလားဆိုသောစိ
တ်ဖြင့် ဖုန်းနံပါတ်တချို့ကိုနှိပ်မည့် ဟန်ပြင်လိုက်မိပြန်သည်။
ဒီအချိန်ဆို ဟင်းချက်နေတော့မှာပဲ ၊ တူမလေးကတော့ အိပ်နေတုန်းနေမယ်၊
ညီမလေးကတော့ ကျူရှင်သွားလောက်ပြီ၊ မေမေကလည်း အလုပ်များနေမှာပဲ
...အလိုလိုစဉ်းစားမိသောစိတ်ဖြင့်  ဖုန်းကိုအသာပြန်ချမိသည်။
အရင်တစ်ခေါက်ဒီလိုအချိန် ဖုန်းခေါ်မိတုန်းက မေမေက မကြားလိုက်။
ဘယ်သူမှမကြားကြ။ နှင်းစိတ်ကောက်ဖြစ်သည်။ မိုးက အတန်ငယ်စဲသွားပြီ။ သို့သော်
မိုးသားတွေညိုနေတုန်းပဲ။ ရန်ကုန်လိုတော့ အေးမနေလှ။
ဝုန်းဒိုင်းကြဲပြီးရွာချပြီး ခဏကြာလျှင် သူမဟုတ်သလို
ပူလောင်အိုက်စပ်ပြန်ဦးမည်။ နှင်းငယ်ငယ်တုန်းက မိုးတွေသည်းလျှင်
စောင်ခြုံလျက် စာအုပ်ဖတ်ရတဲ့အရသာကိုလွမ်းလှသည် ။ စာဖတ်ရင်း လက်ညောင်းလာလျှင်တော့ စာအုပ်ကိုအသာပစ်ချ၍ နှစ်ခြိုက်သောအိပ်ခြင်းတွင်ခဏေ ပျာ်ဝင်လိုက်သေးသည်။
ဒါမှမဟုတ် ညီအစ်မတစ်တွေ စောင်တူတူခြုံပြီး ဗီဒီယိုကားတစ်ကားလောက်
တူတူကြည့်ကြသည်။ ခုရော..၊ ဘာလုပ်လို့ရနိုင်လဲလို့တွေးရင်း မနေ့က
စာကြည့်တိုက်က ငှားလာခဲ့သော စာအုပ်ကိုသတိရမိသည်။ စာဖတ်မည်ဟုတွေးပြီး
စာဖတ်ဟန်ပြင်သည်။ အပြင်ဘက်တွင် မိုး တိတ်သွားပြီ။
စာအုပ်သည် နှင်း၏လက်မှပြုတ်ကျ၏။ နှင်း ခဏတာ အိပ်ပျော်သွားခြင်းဖြစ်မည်။
နှင်း၏ စိတ်သည်ေ၀၀ါးဝါးဖြစ်လျက်။ မေမေ့ကိုအိပ်မက်မက်သည်။
မေမေက ပန်းပင်တွေရေလောင်းနေတယ်တဲ့။ နှင်းက ဘေးက ကြည့်ရင်း အမျိုးအမည်မသိသော
ပန်းအိုးတွေကို ဘာပင်တွေလဲ မေမေဟု မေးသည်။ မေမေက
တစ်ခွန်းမကျန်ရှင်းပြသည်တဲ့။ ပြီးတော့ မေမေက ရေလောင်းမှ ဂရုစိုက်မှ
ပန်းလေးတွေပွင့်ကြမှာ။ မေမေစိုက်တဲ့ပန်းလေးတွေ လန်းနေတာပဲ မြင်ချင်တယ်
လို့ ပြောပြီး နှင်းကို ပြုံးကြည့်သည် တဲ့. ။ နှင်းက ဘာပြန်ပြောမိလဲ
မမှတ်မိ။ ဘာမှပြန်မပြောဖြစ်ဘဲ နိုးလာတာလည်းဖြစ်နိုင်သည်။ စားပွဲပေါ်ကို
ငေးကြည့်မိတော့ မေမေ့မျက်နှာသည် ပြုံးလျက် ဓာတ်ပုံထဲမှ လှမ်းကြည့်နေသည်။
နှင်းသည် ထိုင်းမှိုင်းနေသော စိတ်တို့ လွင့်သွားစေရန် ခေါင်းကို
တစ်ချက်နှစ်ချက် ခါလိုက်ကာ စိတ်ကို လန်းဆန်းသွားစေရန်ကြိုးစားသည်။
အပြင်ဘက်တွင် မိုးတိတ်သွားပြီဖြစ်သောကြောင့် နေပူစပြုလာပြီ။
ရန်ကုန်မှာလိုမျိုး မိုးသည် စွေလေ့မရှိသောကြောင့် မိုးအေးသည့်အရသာကို
ကြာရှည်မခံစားရ။ အတွေးများကို တိခနဲဖြတ်ချပစ်ရန် ကြိုးစားပြီး
ကော်ဖီနောက်တစ်ခွက် ထပ်သောက်ရန်ပြင်သည်။ နာရီကိုလှမ်းကြည့်တော့
ညနေစောင်းနေပြီဖြစ်ကြောင်းပြနြေ
ပီ။ မနက်ဖြန်ဆိုလျှင်
ရက်သတ္တပတ်အသစ်တစ်ခုကို အစပျိုးရဦးမည်။ နှင်းကတော့ နေ့စဉ်အကွက်ကျကျ
ဇယားကွက်များထဲတွင် အလိုက်သင့်စီးမျောရန်ကြိုးစား ရမည်။
အိပ်မက်ထဲက မေမေ့စကားသံခပ်တိုးတိုးက နှင်း၏နားထဲမှမထွက်။
မေမေစိုက်ခဲ့တဲ့ပန်းကလေး အမြဲလန်းနေစေရမည် တဲ့။ နှင်းသည် မျက်လုံးကို
အမှတ်တမဲ့ ဖျတ်ခနဲ ပိတ်လိုက်မိလျင် အိပ်မက်ထဲမှ မေမေသည် နှင်းအား
ပြုံးလျက်ကြည့်နေသည်။ မေမေ့မျက်လုံးထဲမှ စိတ်ပူပန်ခြင်း နှင့်အတူ
ချစ်ခြင်းမေတ္တာတရားသည် နှင်း နှလုံးသားဆီသို့ စီးကူးသည်။ မေမေနှင်းကို
သတိရနေသလား။ လွမ်းလို့နေသလား။ နှင်းကတော့ မေမေ့ ကျေးဇူးတရားနှင့် မေမေ၏
မေတ္တာတော်တို့ကို နှင်း၏ ကြိုးစားမှု ဖြင့် ဆပ်ချင်သည်။ နှင်း၏
မေတ္တာတရားတို့ကို နှင်း၏ အနစ်နာခံတတ်မှုဖြင့် ပြသချင်သည်။ သို့သော် နှင်း
နာကျင်နေသောအခိုက်အတန့်ကာလတို့
ကိုမူ မမြင်စေချင်။ နှင်း၏ ပင်ပန်းမှု
ဝမ်းနည်းအားငယ်မှုတို့ကို မသိစေရ၊ မမြင်စေရ။ နှင်းသည် စားပွဲပေါ်မှ ကန္တာရပင်
သေးသေးလေးကို ငေးကြည့်မိပြန်သည်။ အပင်ကသေးသော်လည်း.. ဆူးရှိသည်။
လိုအပ်ချက်နည်းသည်။ ထိုအပင်ငယ်လေးသည် ဤအခန်းလေးထဲတွင် နှင်း၏ အဖော်အဖြစ်လှပစွာရှင်သန်နေလေသည် ။ နှင်းသည် စာကြည့်စားပွဲတွင် ထိုင်၏။ အတန်ကြာသော် အိပ်ရာသို့ဝင်ရသည်။ နေ့သစ်တို့သည် နှင်းအားစောင့်ကြိုလျက်ရှိကြသည် ။ တစ်ရက်ရက်တွင် ငယ်စဉ်ကလို မေမေ့ပေါင်ပေါ်ခေါင်းအုံးကာ မေမေပြောပြမည့် စကားများကို နားထောင်ဦးမည်ဟု စဉ်းစားလျက်က ပြုံးမိရပြန်သည်။
ကောင်းကင်တွင် ကြယ်တွေတောက်ပနေပြီလား။
ကြယ်တွေကြည့်ရတာကြိုက်သောနှင်းက ငယ်ငယ်ကကြည့်ဖူးသော
မရေမတွက်နိုင်အောင်များပြားတဲ့ ကြယ်တွေအပြည့်နဲ့ကောင်းကင်ကြီး
ကိုလွမ်းလှသည်။
တစ်ဝက်ဖွင့်ထားသော ပြတင်းတံခါးမှနေ၍ လရောင်သည် နှင်း၏
မျက်နှာပေါ်ကိုကျနေသည်။ နှင်းသည် အတွေးတွေကို သိမ်းပစ်လိုက်ချင်သည်။
ခေါင်းကိုခါရမ်း၍ တစ်ဖက်ကိုစောင်းကာ မျက်လုံးကိုမှိတ်လိုက်လျင် အိပ်မက်ထဲက
မေမေက နှင်းကိုပြုံးလျက်ကြည့်နေသည်။
စိမ်းမြလင်းသစ်
(28/07/2012)
Thursday, 12 July 2012
ရယ်မိခဲ့ကြတယ်
ဒီနေ့ မနက်နိုးလာတော့ မိုးက ခပ်ဖွဲဖွဲရွာနေတယ် လို့ စုက ပြောတော့
ကိုယ်ကငေးနေတုန်း။ အင်းနော် မနက်ကမိုးရွာနေတာပဲလို့ နောက်မှ
ပြန်ပြောလိုက်ရတယ်။ ငါက အိပ်ချင်တဲ့ဟာကို နင်ကအတင်းဖုန်းခေါ်နေတော့
ကိုင်လိုက်ရတာ၊ အမှန်ကအိပ်ချင်သေးတာတဲ့။ စုကပြောပြီး မျက်နှာကိုပုပ်ထားတယ်။ ဒီလိုပဲ သူက မကြိုက်တာဆိုရင်
တတွတ်တွတ်နဲ့ ပြီးခဲ့တဲ့အကြောင်းအရာတွေကို မပြီးနိုင်မစီးနိုင်
ပြန်ပြန်ပြောနေကြ။ သူရပ်လိုက်ချင်တဲ့အကြောင်းအရာဆိ
ုလည်း
တိခနဲကိုရပ်ပစ်တတ်တာ။ အမှန်က ကိုယ်ကဖုန်းမဆက်လည်း
သူကကိုယ့်ကိုဖုန်းဆက်မှာပဲဆိုတာ သူ့ကိုဒီအချိန်မှာ ပြန်မပြောချင်ပါဘူး။
ခုအချိန်မှာ စိတ်ချမ်းသာသလိုနေပါစေလို့ သူ့ကို လွှတ်ထားပေးရတယ်။ ငါက
နင်နဲ့အတူတူ လျှောက်သွားချင်လို့ပါဟ လို့ သူ့ကို
ပြေရာပြေကြောင်းပြောလိုက်ရတယ်။ သူကတော့ ကြားပုံမရပါဘူး။
အဝေးကိုငေးနေတော့တယ်။ ခဏနေတော့ ထိုင်ခုံမှာထိုင်နေရာကနေ ထပြီးတော့ ကန်အစပ်က
မြက်ခင်းပေါ်မှာ ခြေဆင်းပြီးတော့ ထိုင်ချလိုက်တယ်။ ဟဲ့ နင်
ကျွတ်တွယ်ဦးမယ်လို့ လှမ်းအော်လိုက်ရသေးတယ်။ ကျွတ်မရှိလောက်ပါဘူးဟ..
ပြီးတော့ ခြောက်နေတာပဲ.. ငါထိုင်ချင်လို့တဲ့။ ကိုယ်လည်း
ဘာမှမပြောတော့ပါဘူး..။ လမ်းက ၀ယ်လာတဲ့ ပလတ်စတစ်ဗူးထဲက အအေးကိုပဲ
ပိုက်နဲ့စုပ်သောက်နေလိုက်တယ်။ အအေးက အေးလွန်းလို့လားမသိဘူး လည်ချောင်းထဲမှာ
စူးကျင်သွားတယ်။
စုက မြက်တွေကို
အဖျားလေးတွေလိုက်နှုတ်နေတယ်။ ဟဲ့ မလုပ်နဲ့လေ ရဲလာဖမ်းရင် ငါမကယ်ဘူးနော်
လို့ လှမ်း အော်လိုက်တယ်။ ဘာဖြစ်လဲလို့ သူကပြန်ပြောတယ်။ ငါ့ဟာငါ
ဘာလုပ်လုပ်တဲ့ ။ စုက မျက်ရည်တွေဝဲနေတယ်။ အဲ့ဒါနဲ့ ပဲ
ကိုယ်လည်းသူ့ဘေးနားမှာ လိုက်ထိုင်လိုက်ရတယ်။ စိတ်ထိန်းပါဟာတို့
မလွမ်းလောက်ပါဘူးတို့ ဘာဘာညာညာတွေတော့ ပြောဖို့စိတ်မကူးတော့ပါဘူး။
ဒီအချိန်မျိုးမှာ ဒီလိုမျိုးစကားတွေပြောရင်လည်း ဒါဟာ
စကားလုံးသက်သက်ကြီးတွေပဲဖြစ်ပြီ
း နားထောင်ရတဲ့သူ နားကလောရုံပဲဖြစ်မယ်။
အဲ့ဒါနဲ့ပဲ သူ့ဘေးနားမှာ ထိုင်ရုံလေးပဲထိုင်လိုက်တယ်။ ဟဲ့ နင်
ဟိုကောင်တွေဆီသွားချင်လား ငါလိုက်ပို့ပေးမယ်လေဟာဆိုတော့
ဒီမှာပဲအေးအေးဆေးဆေးထိုင်ချင်
တယ်တဲ့။ အေးအေး လို့ဆိုပြီး ငြိမ်နေလိုက်ရတယ်။
နေ့ခင်းကလည်း ရှော့ပင်းမောမှာ ခြေတိုအောင်လျှောက်သွားကြပြီးပြီ။ အမှန်က ကိုယ်သွားတဲ့နောက်သူ လိုက်ရတာ။ သူကတော့ ထုံပေပေနဲ့ပဲ။ ဘာမှလည်းမပြောဘူး။ မေးလိုက်မှ တစ်ခွန်းထထဖြေတယ်. အခုလည်းအဲ့လိုပဲ။ ဘာမှမပြောဘဲ ထိုင်နေတယ်။ ကိုယ်လည်း ဘာပြောရမှန်းမသိဘူး။ တကယ်က စကားတွေဆိုတာ ခံစားချက်ရှိမှပြောလို့ရတာမျိုး
။ သူနဲ့ကိုယ်နဲ့က စိတ်ခံစားချက်တူတယ်ပြောရမယ်၊ အကြောင်းအရာအတော်များများ တိုက်ဆိုင်ပြီး စကားတွေလုပြောရတယ်။ ကိုယ်ကပြောလို့မပြီးသေးဘူး၊ သူက လုလုပြောလို့ ရန်ခဏခဏဖြစ်ရသေး။ ခုတော့ ဒီကောင် ငြိမ်ချက်သားကောင်းနေတာ တော်တော်ကြာသွားပြီ။ သူ့ကိုဘယ်လိုနှစ်သိမ့်ပေးရမလဲ
ငါလေ
အဲ့လိုမျိုး အဘိုးကြီးအဘွားကြီးစုံတွဲတွေကို
တွေ့ရင် စိတ်ထဲမှာတစ်မျိုးပဲ
တဲ့။ သူပြောတော့မှာ သူကြည့်နေတဲ့နေရာဆီလိုက်ကြည့်လိ
ုက်တော့
တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ လက်တွဲပြီးလျှောက်သွားကြတဲ့
အဘိုးအဘွားစုံတွဲတစ်တွဲကို တွေ့လိုက်ရတယ်။ စုကပြောရင်း
အားကျသလိုမျက်ဝန်းတွေနဲ့ ငေးကြည့်လို့။ ပြီးတော့ ဆက်ပြောတယ်။ သူတို့ဘ၀မှာ
တစ်ယောက်နဲ့တစ်ယောက်
ကြင်ကြင်နာနာနဲ့ နားလည်မှုတွေနဲ့ ဖြတ်ကျော်ခဲ့ရတာလို့ ငါတော့ ခံစားရတယ်ဟ။
ဟုတ်မဟုတ်တော့မသိဘူးတဲ့။ ဟုတ်ရင်လည်းဟုတ်မှာပေါ့။ ဘယ်သူက ဘယ်သူ့ကို
ဘယ်နှကြိမ်မြောက်သည်းခံခွင့်လွှတ်ခဲ့ရလဲ။ ပြီးတော့ တကယ်ရော မေတ္တာနဲ့ ဖြတ်ကျော်ခဲ့ရတာလား။ ဒါတွေကိုတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲသိမှာေ
ပါ့။ ဟုတ်ချင်ရင်လည်း ဟုတ်မှာပေါ့။ မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့။ တစ်ခါတစ်ခါတော့ စုက အဲ့လိုပဲ။ ခံစားချက်ကို ရှေ့တန်းတင်တာများတယ်။ သူများတွေအတွက်ဘာမှမဟုတ်တာတွေက သူ့အတွက် အကြီးကြီးတွေဖြစ်ချင်ဖြစ်နေတတ်
လေအဝှေ့မှာ
စုဆံပင်တွေ ၀ဲခနဲပဲ..။ ဆံပင်ပျော့ပျော့အောက်က မျက်နှာဖျော့ဖျော့အောက်မှာ
မျက်ဝန်းတွေ အရောင်တောက်လာကြတယ်။ စုက ပြောတယ်..အမှန်က လူတွေမှာ
ပေတံတစ်ချောင်းစီရှိထားကြပြီးသာ
းပဲဟာ၊ ကိုယ့်ပေတံနဲ့ကိုယ်
အမှန်တွေအမှားတွေ ကောင်းတာတွေ မကောင်းတာတွေ လိုက်တိုင်းတာနေကြတာပါ။
ကိုယ်ကြိုက်ရင် ကောင်းတယ်လို့ သတ်မှတ်ပြီးတော့ မကြိုက်ရင်
မကောင်းဘူးလို့သတ်မှတ်ကြတယ်။ အမှန်က
ဒါတွေက အလကားတွေပဲ။ ဒါပေမဲ့ ငါကတော့ ကောင်းတယ်ဆိုးတယ်ဆိုတာကို
ငါ့ကြိုက်နှစ်သက်မှုက သူတပါးကို ထိခိုက်ခြင်း ၊
မထိခိုက်ခြင်းနဲ့တိုင်းမယ်.ပြီး
တော့ အခုအချိန်ကစပြီး ငါလုပ်ချင်တာကို လုပ်တော့မယ်
တဲ့..အဲ့လိုပြောပြီးတော့ စုက မောသွားသလိုပဲ ၊ သူ့အအေးကို အခုမှ သောက်တယ်။
ငါလုပ်ချင်တာတွေက သူများကို မထိခိုက်ရင်တော်ပြီပေါ့တဲ့။ 'တစ်ယောက်ယောက်ကို
ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခဲ့ပြီးမှ လိပ်ပြာလုံတယ်လို့
ပြောရဲတဲ့လူတွေကို ငါထိုင်ရယ်မယ်ဟာ' တဲ့။ ပြောရင်း စုက ရယ်တယ်၊ ရယ်ရင်းနဲ့
မျက်ရည်ဝဲလာလို့ ခေါင်းကိုမော့လိုက်တာတွေ့လိုက်ရသေးတယ်။ ခုမှ ထွန်းလိုက်တဲ့ လမ်းမီးရောင် ၀ါဖျော့ဖျော့အောက်မှာ အာတင်းထားတဲ့ စု မျက်နှာလေးကို ကိုယ်က ငေးမိတယ်။ ကိုယ်က သက်ပြင်းခပ်ဖွဖွ ချမိရင်း နင်သူတို့ကို တွေ့လိုက်သေးလို့လားလို့ မေးလိုက်တော့ ဟိုရက်က ငါနဲ့ ပွဲတစ်ခုမှာဆုံတယ်ဟ တဲ့။ သူတို့က လှမ်းနှုတ်ဆက်တယ်..ငါအံ့သြလို့တဲ
့။ စုရယ် နင်ကငါတို့ကိုမပြောဘူး၊ အခုမှပြောတယ်ဟာ လို့ပြောမိတော့ ငါစိတ်ကုန်သွားလို့ပါဟာတဲ့။ ဒါဆိုလည်း မခံစားနေနဲ့တော့ပေါ့ လို့ ပြောတော့ ဘာလဲ ငါက အကုန်လုံးကို ပျော်စရာလို့ လိုက်တွေးနေရမှာလားလို့ ပြန်ပြောတယ်။ ပြီးတော့ ရယ်လိုက်သေးတယ်။ စုရယ်..နင်ကလည်းဟာ လို့ ပြောမိပြီး ကိုယ်က ဘာပြောရမှန်းမသိပြန်ဘူး။ အချစ်သူရဲကောင်း အလကားကောင်တွေပါဟာ၊ ငပေါတွေ ဆိုပြီး စုက မတ်တပ်ရပ်လိုက်တယ်။ ညောင်းတယ်ဟာ..လမ်းလျှောက်ရအောင်
ငါဟိုရက်က သူတို့အတွဲကို ကားပေါ်ကလှမ်း
မြင်လိုက်သေးတယ်ဟ။ သူက ကောင်မလေးကို အတော်ကြင်နာတဲ့ပုံပဲတဲ့
ဟိုကောင်မလေးလက်ကိုကိုင်ထားတယ်။ ခုံလေးမှာထိုင်ရင်းနဲ့
တတွတ်တွတ်နဲ့စကားတွေပြောနေကြတာ.
.အများအမြင်မှာ အတော်ကြင်နာတဲ့အတွဲလေးပဲ။
ကောင်မလေးကလည်း တော်တော်ပျော်နေတဲ့ပုံပဲတဲ့။ နင်က မနာလိုဖြစ်နေတာလား
လို့မေးလိုက်တော့။ မဟုတ်ဘူးဟ အဲ့ဒီအချိန်တုန်းက ငါ့ခံစားချက်ကို
ခုထိမေ့လို့မရသေးတာဟာ..ဘာနဲ့တူ
လဲဆိုရင် ..လူပုံကြားထဲမှာ အကျီင်္အပြဲကြီး
ဝတ်လာမိတာကို ရုတ်တရက် သိလိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။
ပြန်တွေးမိတိုင်း အဲ့လိုခံစားနေရတုန်းပဲ။ မလုံမခြုံဖြစ်သွားတဲ့စိတ်မျိုး ။
စုက ခုနက ၀ယ်လာတဲ့ ကိတ်မုန့်ကိုစားရင်း အအေး သောက်လိုက်သေးတယ်။ ခုတော့
တည်တည်ငြိမ်ငြိမ်ဖြစ်သွားပုံပဲ။ နင်သူတို့ကို စိတ်နာသွားတာ၊
ရှက်သွားတာဆိုတော့ သစ္စာဖောက်ခံရတဲ့ခံစားမှု၊ အရမ်းနာကျင်တယ်တဲ့။
ကြာရင်မေ့သွားမှာပါ ဆိုတော့ အဲ့ဒါ အမြဲအမှတ်ရနေမယ့်သင်ခန်းစာလို့
ပြောရင်းရယ်နေတယ်။ နောက်သင်ခန်းတွေ သတိထားပေါ့ဟာ ပုစ္ဆာက တစ်ပုဒ်နဲ့တစ်ပုဒ် မတူရင်ဘယ်လိုလုပ်မလဲ ၊ နင်ကခဏခဏတွက်ချင်လို့လားလို့
ပြောပြီး နှစ်ယောက်သားရယ်လိုက်ကြသေးတယ်။ အေးနော် တစ်ပုဒ်နဲ့တစ်ပုဒ်ပေးထားချက်တွေကလည်း တူချင်မှတူမှာ လို့စုကပြောသေးတယ်။ ပြီးတော့လည်း ငါက သင်္ချာဆိုရင် သိပ်ကိုညံ့သေးတာတဲ့..။ ဒီပုစ္ဆာမို့လို့ မှားတယ်၊ နောက်တစ်ပုဒ်က နောက်တစ်မျိုးမို့လို့မှားတယ် ဆိုသလိုလည်းဖြစ်နေဦးမယ် လို့ပြောမိကြပြီး နှစ်ယောက်သားရယ်မိကြသေးတယ်။
မီးတွေတောင် ထွန်းထားပြီနော် လို့ပြောမိတော့ စုက နင်ကပြန်ချင်ပြီလားတဲ့။ နင်လည်းမနက်ဖြန်အလုပ်သွားရမှာ
မဟုတ်လား
မနက်မထနိုင်ဘဲနေမယ်လို့ ပြန်ပြောလိုက်ရတယ်။ အေးပါဟာ ဆိုပြီး စုက ဒါဆို
ပြန်ကြရအောင်လေ တဲ့..။ သူ့ကြည့်ရတာ
ဖျော့တော့တော့နဲ့..ပိန်လည်းပိန်
သွားတယ်။ အစားမှန်မှန်စား၊ ပျော်အောင်နေ
လို့ စုကိုပြောမိတော့ စုက ပြုံးနေတယ်။ နောက်ဆိုရင် နင် အေးဆေးဖြစ်သွားမှာပါဟာ ဆိုတော့
ငါကအခုရော ဘာဖြစ်နေလို့လဲတဲ့..။ အခုတော့ သက်သာသွားပြီမဟုတ်လားဆိုတော့..'ဟဲ့ ဒီဒဏ်ရာက ပုရွက်ဆိတ်ကိုက်တဲ့ဒဏ်ရာမှမဟုတ်
တာဟာ ' တဲ့..ပြောပြီးရယ်နေရော..။ သူ့ရယ်သံက ခပ်အက်အက်နဲ့၊ စုမျက်နှာလေး ခပ်မဲ့မဲ့ဖြစ်နေမှန်း ကိုယ် သိသားပဲ။ ကိုယ်က ခေါင်းကိုငုံ့ပစ်မိရင်းနဲ့ နင်ဟာလေ ခုတမျိုး တော်ကြာတစ်မျိုး..တတ်လည်းတတ်နို
စိမ်းမြလင်းသစ်
(13/07/2012)
Thursday, 28 June 2012
ရုပ်ရှင်ထဲမှာဆို...ဇာတ်လမ်းဟာ အချိန်တိုတယ်
ဒီနေ့တော့ ရုပ်ရှင်ကြည့်ချင်စိတ်ပေါက်လာ
တယ်။
ရုပ်ရှင်မကြည့်ဖြစ်တာကြာပြီ။ အွန်လိုင်းကနေ မကြာမကြာ ကြည့်မိပေမဲ့
ရုပ်ရှင်ရုံမှာ မကြည့်မဖြစ်တာကြာပြီ။ နောက်ဆုံးကြည့်ဖြစ်တဲ့ကားက ဘာလဲလို့
ကိုယ်မတွေးတတ်တော့ဘူး။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ချင်တယ်။
သူငယ်ချင်းများများစားစားမရှိေ
တာ့ ဘယ်သူ့ခေါ်ရမှန်းလည်းမသိဘူး။
ဘာပဲဖြစ်ဖြစ် ရုံးမှာအားတဲ့အချိန်လေး ဘာကားကြည့်ရမလဲလို့
အွန်လိုင်းမှာတက်ရှာတယ်။ အမှန်က ရုပ်ရှင်ကြည့်ဖို့
သေချာလှတယ်လည်းမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်တစ်ကားလောက်ကြည့်ချင်စိ တ်ပေါက်လာတယ်။
မာဒါဂတ်စ်ကာကြည့်ချင်တယ်။ ဘယ်သူ့ကိုခေါ်ရမလဲလို့တွေးမိတယ်။ ကိုယ်က
ကာတွန်းကားနဲ့ဒရာမာကားပဲ ကြိုက်တတ်တော့ တစ်ယောက်တည်းသော
အနိုင်ကျင့်လို့ရတဲ့သူငယ်ချင်း ကလည်း ပျင်းတယ်လို့ပြောမှာသေချာတယ်။ တစ်ယောက်တည်းကြည့်ရင်လည်း ဖြစ်နေသားပဲတွေးပြီး တစ်ယောက်တည်းကြည့်ဖို့စိတ်ကူးမိ တယ်။ ဘွတ်ကင်တော့ မတင်ဖြစ်ဘူး။ နောက်မှပဲ လက်မှတ်ဝယ်ပြီးတော့ ရုပ်ရှင်ရုံမှာသွားကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ရုံးကရောက်လို့ ကိုယ့်အခန်းတံခါးကိုတွန်းဖွင့်
ဝင်လိုက်တော့ မနက်ကရုတ်ပြီးကုတင်ပေါ်ပစ်တင်ထား ခဲ့တဲ့အ၀တ်ပုံကိုလှမ်းတွေ့လိုက် ရတယ်။ ဟူးခနဲသက်ပြင်းမှုတ်ထုတ်ပစ်ရင်း အ၀တ်တွေကိုလုံးထွေးပြီး ဗီရိုထဲပစ်ထည့်လိုက်တယ်။ မေမေသာသိရင် မီးပူလေးတော့တိုက်ပါဦးလို့ပြော မလားပဲ..။ ဒါမှမဟုတ်သူကိုယ်တိုင် ကိုယ်မသိတဲ့အချိန်မှာ ယူတိုက်နေရော့မယ်။ ပူလိုက်တာလို့တွေးရင်း ဒီညဘာဇာတ်ကားကြည့်ရမလဲစဉ်းစား ရတယ်။ ဒရာမာကားတစ်ကားကို တရုတ်လိုင်းတစ်ခုကနေဒေါင်းနေရင်းနဲ့
မေမေနဲ့တူတူ ရုပ်ရှင်ကြည့်ဖူးတာ အမှတ်ရတယ်။ အဲ့ဒီတုန်းက ကိုယ်က
ခပ်ငယ်ငယ်ပဲရှိသေးတယ်၊ သိတတ်စအရွယ်။ မေမေဘာလို့ရုပ်ရှင်ကြည့်တာလဲမသိ ဘူး။ ဖေဖေမပါဘူး။ မေမေက ကိုယ်ကိုခေါ်ပြီးတော့ ရုပ်ရှင်လက်မှတ်ဝယ်တယ်၊ သားအမိနှစ်ယောက် တူတူကြည့်ကြတယ်။ မေမေနဲ့ကိုယ်နဲ့ကြည့်ကြတဲ့ရုပ် ရှင်တွေအများသား။ ပရစ်တီးဝစ်မင်း ကိုမှတ်မိတယ်။ အဲ့ဒီတုန်းက မေမေ့ကို ဘာကြောင့်ရုပ်ရှင်ကြည့်တာလဲဆို တာမမေးခဲ့ဘူး၊
မေမေကလည်းမပြောခဲ့ဘူး။ ခုထိလည်း မေမေရုပ်ရှင်တွေကြည့်နေတုန်းပဲ။ ခုတော့
မေမေက အိမ်ရှေ့ခန်းမှာထိုင်ပြီးတော့ အားတဲ့အချိန်မှာ
ကိုရီးယားကားတွေကြည့်တယ်၊ နိုင်ငံခြားရုပ်ရှင်တွေကြည့်တယ် ပြောတာပဲ။
ကိုယ်ကလည်း ရုပ်ရှင်မကြည့်နဲ့၊ မေမေဘုရားတရားလုပ်၊ ဘာညာမပြောပါဘူး။
စိတ်ဆိုတာကလည်း ဘုရားတရားဘာညာလုပ်မှ မဟုတ်ပါဘူး။ ကိုယ်ချမ်းသာသလိုလေးနေပြီး
ငြိမ်းချမ်းနေလို့ရတာပဲလို့ ထင်တယ်။
အပြေးဖိနပ်ကိုစီးပြီးတော့ ရေမြောင်းပတ်လမ်းအတိုင်း လမ်းလျှောက်ထွက်ဖို့ထွက်လာတယ်။ ကျန်းမာရေးလိုက်စားလို့မဟုတ်ဘူး
။ အိုတီမရှိတဲ့အလုပ်ဆိုတော့ ပိုတဲ့အချိန်တွေကို ဘယ်လိုအသုံးချရမလဲတွေးရင်း တောင်တောင်အီအီလျှောက်ကြည့်တတ် တဲညာဉ်ကြောင့်
ညနေပိုင်းဆိုရင် လမ်းလျှောက်ဖြစ်တယ်။ သိပ်မပင်ပန်းတဲ့နေ့၊
အဆင်ပြေတဲ့နေ့ဆိုရင် ပြေးတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့
လမ်းပဲလျှောက်တယ်။ လမ်းလျှောက်ရင်းနဲ့ ကိုယ့်လိုပဲလမ်းလျှောက်တဲ့လူတွေ ကိုကြည့်တယ်။ ဘေးကဖြတ်ပြေးသွားကြတဲ့
ပြေးတဲ့သူတွေကိုကြည့်တယ်။ သစ်ရွက်လေးတွေကြွေနေတာ၊ လေတိုက်ရာတလျှောက်မှာ
ညမွှေးပန်းလေးတွေမွှေးနေကြတာ စတာတွေလျှောက်ခံစားတယ်။ လမ်းမီးတွေ
ထိန်နေအောင်ထွန်းထားတဲ့ ကားလမ်းမကြီးမှာ ကားတွေဖြတ်သွားကြတာကို ငေးတယ်။
ကိုယ့်ဆံပင်တွေကြားထဲအထိ လေတွေတိုးပြီးတိုက်လာရင်ပျော်
တယ်။
မိုးဖွဲဖွဲနဲ့ မီးရောင် ခပ်ဝါ၀ါအောက်မှာ လမ်းလျှောက်ရတာကိုပျော်တယ်။
အဲ့လိုအချိန်တွေဆိုရင် ကိုယ်ကိုယ်တိုင် ရုပ်ရှင်ကားတစ်ကားထဲရောက်သွား ရသလိုပဲ လို့တွေးတယ်။ အားအားယားယားရှိတတ်တဲ့အခါ ဒီလိုပဲ ရောက်တတ်ရာရာလျှောက်စဉ်းစားတတ် တယ်လို့ပဲထားပါ။ လူဆိုတဲ့သတ္တ၀ါဟာ အခြေံခံလိုအပ်ချက်တွေ ပြည့်စုံလာရင် ဒီလို အရည်မရအဖတ်မရတွေကို အလုပ်မရှိအကိုင်မရှိတဲ့အချိန်မှာ လိုက်ခံစားတတ်ကြတာပဲ။ အနုပညာဘာဘာညာညာဆိုတာတွေက အလကားပဲလို့ မကြာမကြာတွေးမိပြီး ကင်းကိုမကင်းနိုင်ပြန်ဘူး။
မိမိကိုယ်ကို သေချာမသိတဲ့လူတွေက ရုပ်ရှင်တွေကိုပိုကြည့်ကြတယ် လို့ သူငယ်ချင်းတစ်ယောက်ကပြောတုန်းက သူများအကြောင်းကိုစိတ်ဝင်စားတဲ့
လူတွေက
ပိုပြီးတော့ကြည့်ကြတာလို့ ပြောခဲ့ဖူးတယ်။ ကိုယ့်အကြောင်းကိုခဏမေ့ချင်လို့
သူများအကြောင်းအရာတွေမှာ စိတ်ဝင်စားစရာခဏရှာကြတာလည်းဖြစ် နိုင်တာပဲလေ။ ဒါမှမဟုတ် သူများကိစ္စတွေကို စိတ်ဝင်စားလို့ တစ်ယောက်နဲ့တစ်ယောက်စကားစရှာပြီးတော့
ပြောကြမယ်။ ငါသာဆိုရင်ဆိုတဲ့ စိတ်ကလေးနဲ့ ဇာတ်ကောင်နေရာမှာ ၀င်ခံစားမယ်။
ကိုယ့်ကိုယ်ကိုသနားတဲ့စိတ်နဲ့ လွမ်းခန်း ဆွေးခန်း
နာကျင်ရတဲ့အခန်းတွေပါလာရင် ငိုမယ်။ အမှန်ကတော့ ဒါဟာ
သူများအကြောင်းစိတ်ဝင်စားတဲ့ စိတ်အခံကနေ ရွေ့လျားလာတာ၊ စသဖြင့်
စိတ်အချဉ်ပေါက်တဲ့အချိန်လျှောက် တွေးမယ်။ တစ်ခါတခါ
ပြောချင်ရာပြောတာတွေ၊ ပြချင်ရာပြတာတွေကိုများ ဘာကိုပြောချင်တာ၊ ဆိုပြီးများ
သူများနားမလည်တဲ့စကားလုံးတွေနဲ့ ပြောရရင် ကိုယ့်ကိုယ်ကို
ဘ၀င်လေဟပ်ချင်သလိုဖြစ်မိသေးတယ်။ ငါ့လောက်မှ သူများတွေမသိရလေ ဆိုပြီး
အတော်စိတ်ကြီးဝင်ရသေး။ ဒါဟာ အပိုအလုပ်တွေပဲ။ အမှန်ကတော့လည်း
ရုပ်ရှင်တွေဆိုတာ ဇာတ်လမ်းပြကွက်ဆန်းဆန်းနဲ့လူတွေ အကြောင်း တစ်နည်းပြောရရင် ကိုယ်နဲ့မဆိုင်တဲ့သူများတွေအြေ ကာင်း၊ ဟိုအကြောင်း၊ ဒီအကြောင်း။ တစ်ခုတော့ရှိတယ်။ ရုပ်ရှင်ထဲမှာဆို ဇာတ်လမ်းဟာ အချိန်တိုတယ်။
လမ်းလျှောက်လာတာပျင်းလာလို့
ခပ်ဖွဖွပြေးတယ်။ ချွေးထွက်ရင်ပြီးတာပဲ။ ပြေးချင်လို့ပြေးတာမှမဟုတ်တာ။
လုပ်စရာမရှိလို့လုပ်ရတာပဲလို့ဆက်တွေးရင်း ဆက်ပြေးတယ်။ လေတွေက ချွေးစိုနေတဲ့
ကိုယ့်မျက်နှာကိုတိုးသွားလိုက်ကြတာ ကျေနပ်ဖို့သိပ်ကောင်းတာပဲ။
နှစ်ယောက်တွဲပြေးသွားကြတဲ့သူတွေ၊ တစ်ယောက်တည်းပြေးနေတဲ့လူတွေနဲ့
ကိုယ်တို့အိမ်နားကလမ်းဟာ ခုလိုညမျိုးဆိုရင် သိပ်ကိုလှတယ်။ ဇာတ်နာတဲ့
ရုပ်ရှင်တစ်ခုတလေမှာဆိုရင် ဒီလိုပြကွက်မျိုးက ဇာတ်လိုက်ဟာ
အချိန်ခဏလေးအတွင်းမှာ တစ်ခုခုဖြစ်ကိုဖြစ်တယ်။ ဒီလိုနဲ့ ဆက်ပြေးလာလိုက်တယ်။
မောလာရင်ရပ်လိုက်မယ်။ လမ်းဆက်လျှောက်မယ်။ လုပ်စရာမရှိတော့သလိုမျိုး ၊
ဒါမှမဟုတ် လုပ်လက်စအလုပ်တစ်ခုခုကို ငြီးငွေ့သွားတဲ့အခါ
ချက်ချင်းရပ်ပစ်လိုက်သလိုမျိုး ရပ်ချင်ရင်လိုက်မယ်။ မနက်ဆိုရင်
အလုပ်သွားမယ်၊ ညနေပြန်ရောက်ရင် လမ်းလျှောက်မယ်၊ အချိန်ပိုနေသေးရင်
ရုပ်ရှင်တစ်ကားလောက်ကြည့်ဦးမယ်၊ ဒါမှမဟုတ် တစ်ကားကို
နှစ်ရက်ခွဲပြီးတော့ကြည့်မယ်။ တစ်ပတ်မှာတစ်ရက်နားမယ်၊ ဒါဟာပုံမှန်ပဲ။
ပုံမှန်မဟုတ်ရင်တောင် ပုံမှန်လို့ထင်နေတုန်းပဲ။
နားထင်ပေါ်ကနေ
ချွေးတွေစီးကျလာလို့ သုတ်လိုက်ရတယ်။ ညောင်းနေပြီ လို့ထင်လာတယ်။
ဒီဘလောက်ကို ဘယ်နှခေါက်ပတ်ပြီးပြီလဲမသိဘူး။ ရေတွက်မနေဘူး။
ညောင်းတဲ့အထိပြေးတယ်။ ပတ်ဝန်းကျင်၊ ကိုယ့်လိုပြေးနေတဲ့
လမ်းလျှောက်နေကြတဲ့သူတွေကို ကြည့်ပြီးပြေးတယ်။ ဒါပါလေလို့တွေးပြီး
အိမ်ကိုလှည့်ပြန်ခဲ့လိုက်တယ်။
ရေချိုးမယ်၊ ပြီးရင် မေမေနဲ့ ဗီဇက်အို ကနေစကားလေးဘာလေးပြောမယ်။ အဲ့ဒီအခါ
သူတို့က ကိုယ့်အတွက်ရုပ်ရှင်ဖြစ်မယ်။ ကိုယ်ကသူတို့အတွက်ရုပ်ရှင်ဖြစ်မယ်။
လူတစ်ကိုယ်မှာ ဇာတ်လမ်းတစ်ပုဒ်စီနဲ့မို့ တစ်ယောက်ယောက်အတွက်တော့
တစ်ဦးဦးဟာ ရုပ်ရှင်တစ်ကားစီဖြစ်ကြတယ်။ ရုပ်ရှင်ထဲမှာဆိုရင်တော့
ဇာတ်လမ်းဟာ အချိန်တိုတယ်။ ကိုယ့်အတွေးကို ရယ်ချင်သွားပြီး
အိမ်ခန်းတံခါးကိုတွန်းအဖွင့်မှာ ခုနက ဒေါင်းထားခဲ့တဲ့ ဇာတ်ကားက
ကြည့်ဖို့အသင့်ဖြစ်နေပြီဆိုတာ ကွန်ပြူတာမှာပြနေတယ်.။ ဒီည ရုပ်ရှင်ကြည့်မယ်။
စိမ်းမြလင်းသစ်
(28/06/2012)
Tuesday, 26 June 2012
ဒီညမှာ လကတစ်ဝက်တိတိသာတယ်
မင်းအဆင်ပြေတယ်မဟုတ်လားလို့ရုတ်
တရက် အမေးလိုက်တော့ ရုတ်တရက်ဘာဖြေရမှန်းမသိဘူးဖြစ်
သွားတယ်။ ကျနော်ကလည်း ထုံးစံအတိုင်း နှုတ်ဆိတ်နေသလိုလိုနဲ့ လက်ထဲကစီးကရက်ကိုပဲ တိတ်တိတ်ဆိတ်ဆိတ်ဖွာနေမိတော့တယ်
။ သူငယ်ချင်းကတော့ထုံးစံအတိုင်း ၀တ်ကျေတမ်းကျေအမေးစကားတစ်ခုအပေါ် မှာ အဖြေတစ်ခုကိုစောင့်နေဟန်လည်းမရှိပါဘူး။
တခြားသူတွေနဲ့သာ စကားဆက်ပြောလို့နေတော့တယ်။ မတွေ့တာကြာပြီဖြစ်တဲ့
သူငယ်ချင်းတွေ တွေ့ဆုံပွဲမှာ ကျနော်နှုတ်ဆိတ်နေလို့လည်း မဖြစ်ပါဘူး။
ဒါပေမဲ့လည်းစကားစမြည်ပြောချင်စိ တ်လေးတောင်မရှိတာကြောင့် အားလုံးကို
ပြုံးပြပြီး ချောင်ကျကျစားပွဲဝိုင်းဆီမှာ လာထိုင်နေမိတယ်။ လေက
ရုတ်တရက်တိုက်လာတာကြောင့် ကျနော့်ဆံပင်တွေပွသွားတယ်။ ဒီလိုအချိန်မျိုးမှာ
သူသာရှိနေရင် ဆံပင်တွေရှည်နေပြီ ဘာလို့မညှပ်တာလဲ
ဆံပင်လေးဘာလေးညှပ်ဖို့တောင်အချိ န်မအားဘူးလား စသဖြင့်
ကျနော်စိတ်ညစ်ရလောက်အောင် သူတဖွဖွပြောမှာမှန်း ကျနော်အမှတ်ရလိုက်တယ်။
အချိန်တွေကြာတော့ကြာပါပြီ။ ဘယ်လောက်ကြာပြီလဲလို့ ကျနော် လည်းမမှတ်ထားဘူး။
လွမ်းတယ်ရယ်လည်းမဟုတ်ပါဘူး။ လွမ်းတယ်လို့ပြောရလောက်အောင်
ကျနော့်အသက်အရွယ်ကလည်း မငယ်တော့ဘူး။ တိုက်ဆိုင်တဲ့အခါ
အမှတ်ရတယ်ဆိုရုံလောက်ပါပဲ။ ဒါကိုသူသိရင် စိတ်ဆိုးဦးမယ်။ အမှန်တကယ်ဆိုရင်
ဘာရယ်ကြောင့်မှန်းမသိဘူး ၊ ခဏခဏကတောက်ကဆဖြစ်ခဲ့ရတာပဲ။ တစ်ခါတစ်ခါတော့လည်း
ကျနော်က ပျော်တယ်။ သူစိတ်ဆိုးတာကိုကြည့်ရင်းပျော် တယ်။ သူစိတ်ဆိုးရင်
ကျနော့်ကိုရန်တွေ့တဲ့ နှုတ်ခမ်းတွေက ထော်ထော်လေး။ ချစ်စရာကောင်းတယ်ထင်လို့
ကျနော်ခဏခဏစမိတယ်။ ဒါတွေက သူသူငါငါ သူလိုကိုယ်လို သမီးရည်းစားကိစ္စတွေပဲ
မဟုတ်လား။ အခုအချိန်မှာ ပြန်တွေးနေမိတာကိုတောင်
ရှက်ချင်သလိုလိုဖြစ်နေမိတယ်။
ကျနော့်ကို သူငယ်ချင်းတစ်ယောက်စနှစ်ယောက်စ စကားလာပြောကြတယ်။
ဘယ်လိုဖြစ်တယ်ဆိုတာမသိဘူး။ ကျနော်ကလည်း ခုအချိန်မှာ
စကားမပြောချင်ဘူးဖြစ်နေတယ်။ ကျနော်ဆိုလိုတာက တစ်ကိုယ်တည်း တွေးမယ်၊
ထိုင်မယ်။ တွေးမယ်ဆိုတာက ဘာအကြောင်း ညာအကြောင်း
သေသေချာချာရှိတဲ့ကိစ္စတစ်ခုကို တွေးဖို့မဟုတ်ပါဘူး။ ကျနော့်အတွေးတွေနောက်ကို
စီးမျောပစ်မယ်။ စိတ်ကိုမျှောထားမယ်။ ဒါက
ကျနော့်ဝါသနာဖြစ်တယ်ရယ်လို့လည်းမတွေးမိဘူး။ ကျနော်ဆိုလိုတာက ကျနော့်ဝါသနာဟာ
ဘာလဲလို့တောင်တွေးမိခဲ့တာမဟုတ်ဘူး။ လူဟာ လူရယ်လို့ဖြစ်လာရင်
စိတ်ဝင်စားမှုတစ်ခုခုရှိတယ်၊ အားသန်ရာသန်ရာ
အလေ့အကျင့်တစ်ခုခုရှိကြတယ်လို့ပြောကြတယ်။ ကျနော်ကတော့ အထူးတလည်
မတွေးမိခဲ့ဘူး။ ၀ါသနာတွေ၊ အလေ့အကျင့်တွေ၊ ဘာတွေညာတွေ၊ စည်းတွေ ဘောင်တွေ
ကျနော်မတွေးဘူး။ ကျနော်လုပ်ချင်တဲ့အရာကို လုပ်မယ်။
စိတ်ကိုလွတ်လွတ်လပ်လပ်နေမယ်။ ဘာနဲ့မှ
ချုပ်နှောင်ထားတာမကြိုက်ဘူးလို့ပဲဆိုရမယ်။ ကျနော့်ကို
သူများတွေနဲ့မတူဘူး..စည်းအပြင်ထွက်နေတယ်လို့ တချို့ကပြောတတ်တယ်။ ကျနော်က
စည်းတွေဘာတွေတောင်စဉ်းစားခဲ့တာမဟုတ်ဘူး။ ခုတောင် ဘာကြောင့်
ဒီကိုရောက်ခဲ့တာလည်းမသိဘူး။ ကျနော်လာချင်ရင်လာမယ်၊ ပြန်ချင်ရင်ပြန်မယ်။
ဘာအတွက်ကြောင့်မှ ဘာကိုမှ ချုပ်နှောင်ထားဖို့မလိုဘူးထင်တာပဲ။
ရုတ်တရက်ထပြန်ခဲ့တယ်။ ကျနော်ပြန်တာကို ဘယ်သူ့ကိုမှအသိမပေးခဲ့ဘူး..။
ကျနောပြန်ချင်လို့ပြန်လာတာ။ ကျနော်ပြန်လာတယ်ဆိုတာကိုတောင်
လမ်းလျှောက်နေတုန်းမှာ သတိထားမိသွားတာ။ ညနေခင်းဟာ
ညစစ်စစ်ကိုကူးပြောင်းနေပြီ..။ လမ်းဟာ မီးရောင်တွေထိန်နေတယ်။
တချို့လမ်းတွေမှာ ၀ါကျင်ကျင်မီးတွေထွန်းထားတယ်။
ကျနောလမ်းလျှောက်လာနေတုန်းပဲ.။ လေတဖြူးဖြူးနဲ့ တိုက်ခတ်နေတယ်။
မိုးရိပ်မိုးသက်လေးတောင် ပါနေသလိုပဲ။ မိုးရွာရင်ကောင်းမှာပဲလို့
ကျနော်တွေးမိတယ်။ ကျနော်လမ်းလျှောက်နေတုန်း မိုးဖွဲကလေးများကျလာရင်
ဆိုပြီးတွေးမိတော့ပျော်လာတယ်။ မိုးတဖွဲဖွဲအောက်မှာ လမ်းလျှောက်ရတာကို
ကျနော်ကြိုက်တယ်။ မိုးတွေဝုန်းဒိုင်းကြဲရွာချတဲ့အချိန်မျိုးဆိုရင်
အခန်းထဲမှာတစ်ယောက်တည်း သရဲကားကြည့်ရတာတော်တော်သဘောကျတာပဲ။
လမ်းလျှောက်ရတာကိုတော့ မကြိုက်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အခုလို
လေကလေးတိုက်နေတဲ့အချိန်မှာလည်း ဟိုတွေးဒီတွေးနဲ့
လမ်းလျှောက်ရတာကိုကြိုက်တာပဲ။ ကျနော်ကတွေးသာတွေးနေမိတာပါ။
မိုးလည်းရွာမလာပါဘူး..။ လေကတော့ တဖြူးဖြူးနဲ့တိုက်နေတယ်။ ညက
အေးတယ်ဆိုရုံအေးအေးလေး။ ခုမှ ညစရောက်ရုံကလေးနဲ့ ညက ပျိုနုနေတယ်။
လမ်းတွေ၊မီးတိုင်တွေ၊ လမ်းတလျှောက်မှာ ခပ်ကျဲကျဲ ချထားတဲ့ထိုင်ခုံတွေ..။
ကျနော့်ဘေးကနေ ခပ်သုတ်သုတ် ဖြတ်လျှောက်သွားကြတဲ့လူတွေ..။
ဝါကျင်ကျင်မီးရောင်လေးတွေ လင်းနေတဲ့လမ်းတလျှောက်ကို ကျနော်
ခပ်အေးအေးပဲလမ်းလျှောက်လာတယ်။ လမ်းဘေးတစ်လျှောက်မှာ အပင်ပုပုလေးတွေကို
တညီတညာတည်း အလှစိုက်ထားသေးတယ်။ မထူးဆန်းပေမဲ့ အခုမှ
အထူးအဆန်းလုပ်ပြီးကြည့်နေမိတယ်။ ကားလမ်းမပေါ်မှာတော့ ကားတွေ တ၀ီဝီ
မောင်းနေကြတုန်းပဲ။ လူတွေဘာအတွက် အလျင်စလို ဖြစ်နေကြပါလိမ့်။
အမှန်တကယ်ဆိုရင် ဘာကိုမှအလျင်စလိုရှိစရာမလိုလောက်အောင်ကို ပဲ ဘ၀က
ပျင်းစရာကောင်းတယ်မဟုတ်လား။ အသက်ရှင်နေရတာ ပျင်းစရာကောင်းတယ်ဆိုတဲ့အတွေးဟာ
ကျနော်မကြာခဏ တွေးမိတဲ့အတွေးပဲ။ လူတွေက စိတ်ဝင်စားမှုတစ်စုံတရာ
မရှိတော့တဲ့အရာအပေါ်မှာ ပျင်းတယ်လို့ ခေါ်လေ့ရှိကြတာပဲ။ ပြီးရင်တော့
စိတ်ဝင်စားစရာတစ်ခုခုနဲ့ အစားထိုးဖို့ကြိုးစားကြမယ်။ ကျနော်ကတော့
အသက်ရှင်ရတာပျင်းတယ်။ အသက်ရှင်ရတာကို ရပ်တန့်ပစ်လိုက်ဖို့တော့
ကျနော်မကြိုးစားချင်ပါဘူး..။ ပျင်းနေရတဲ့အရာသာကို
ကျနော်ခံစားကြည့်ချင်နေတယ်။ ကျနော်ဆိုလိုတာက နေ့စဉ် အလုပ်သွားမယ်။
အချိန်ကို ထုံးစံအတိုင်းပြီးဆုံးစေမယ်.။ ညရောက်တဲ့အခါ ကျနော်
အနီးအနားမှာရှိတဲ့ လက်လှမ်းမီတဲ့ ကျနော် စိတ်ပျော်တယ်လို့ယူဆရတဲ့
အလုပ်တစ်ခုခုမှာ စိတ်ကိုနှစ်ထားလိုက်မယ်။ ဒီလိုနဲ့ သီတင်းတစ်ပတ်
ကုန်ဆုံးသွားမယ်။ ဒီလိုနဲ့ နေ့တွေ လတွေ နှစ်တွေ ကုန်ဆုံးသွားတဲ့အခါ
တခြားသူတွေလိုပဲ အသက်ဝိညာဉ်လေးထွက်ခွာသွားမယ်။ ကျနော်စိတ်ဝင်စားတာက
ကျနော်ဟာ ဘယ်လိုဘယ်ပုံအဆုံးသတ်မယ်ဆိုတာရယ် ဘာတွေဘယ်လို ထပ်ဖြစ်မယ်ဆိုတာရယ်။
အဲ့ဒီအချိန်ကျရင် စိတ်ဝင်စားစရာ ကောင်းမှာဖြစ်ပေမဲ့ ခုအချိန်မှာ ဒီလိုကြီး
စောင့်နေရတာကတော့ ပျင်းစရာအကောင်းသား။
ထိုင်ခုံအလွတ်တစ်ခုတွေ့တော့ ဘာရယ်မဟုတ်ဘူး ၀င်လိုက်လိုက်တယ်။ ရာသီဥတုက
အိမ်ခန်းကျဉ်းကျဉ်းလေးထဲကို မပြန်ချင်အောင်ဆွဲဆောင်နေတာပဲမဟုတ်လား။
ကျနော့်ဘေးကထိုင်ခုံမှာ အတွဲတစ်တွဲထိုင်နေကြတယ်။
ရယ်လိုက်မောလိုက်နဲ့အဆင်ပြေနေပုံပါပဲ။ ကျနော်လည်း
ရိုင်းမှာစိုးလို့အကြည့်ကိုချက်ချင်းလွှဲမိတယ်။ သူ့ကို သတိရပြန်တယ်။
အရင်ကဆို သူနဲ့ကျနော် သူတို့လို ထိုင်လေ့ရှိကြတာပဲ။
ရောက်တတ်ရာရာစကားတွေပြောမယ်။ ခုနေစဉ်းစားကြည့်တော့လည်း ရယ်စရာကောင်းသားပဲ။
ကျနော့်အကြောင်းတွေ သူ့အကြောင်းတွေ၊ ကျနော့်သူငယ်ချင်းတွေအကြောင်း၊
သူ့သူငယ်ချင်းတွေအကြောင်း..။ နောက်ပိုင်းကျနော်က ငြီးငွေ့သွားလို့
ဘာမှမပြောတော့တဲ့အခါ သူက ကျနော့်ကို စကားနာတွေထိုးမယ်။ မချစ်တော့လို့လား
ဘာညာမေးမယ်။ ကျနော်က ဒါတွေကို သိပ်စိတ်ကုန်တယ်။ အမှန်ဆိုရင် ကျနော်က
ချစ်တယ်ဆိုတာဘာမှန်းမသိဘူး။ ချစ်တယ်ဆိုတာကိုလည်း အယုံအကြည်မရှိဘူး။ ဘ၀ဆိုတာ
ဗလာ ဘာညာလို့ သူ့ကိုပြောမိတဲ့နောက်ပိုင်း သူက ကျနော့်ကို
ဖြည့်ဆည်းပေးဖို့စကြိုးစားတော့တာပဲ။ အမှန်တကယ်ကို သူဟာ
ရူးခဲ့တယ်လို့ဆိုရမယ်။ ကျနော်လည်း အထူးတလည် ဆက်ပြီးမရှင်းပြတော့ဘူး။
နောက်ဆုံးတော့ ကျနော့်ဆီက ဗလာစစ်စစ် ဖြစ်တည်မှုကို သူသဘောပေါက်သွားသလား၊
တကယ်ပဲ ကျနော့်ကို စိတ်ပျက်သွားသလားမသိဘူး။ ကျနော့်ကို လမ်းခွဲသွားတယ်။
ရုပ်ရှင်တွေ ၀တ္ထုတွေ ထဲကလို မျက်ရည်တွေဘာတွေလည်း မကျပါဘူး။ ကျနော်ကလည်း
မတားခဲ့ပါဘူး။ ဒီလိုပါပဲ ပေါ့ပေါ့ပါးပါးအဆုံးသတ်သွားတာပဲ။
အဆုံးသတ်တယ်လို့ပြောရအောင် ဒါကတကယ့်အဆုံးသတ်လားဆိုတာလည်း
ကျနော်မသေချာပါဘူး။ သေချာမှုဆိုတာဟာ ဘာတွေဖြစ်မလဲလို့ တွေးဖို့ ခန္ဓာကိုယ်ကို
ခပ်လျောလျောပြင်ထိုင်ပြီး မိုးပေါ်ကို မော့ကြည့်မိတော့ တစ်ဝက်တိတိသာနေတဲ့
လကို ဒီညမှာ တွေ့လိုက်ရတယ်။
စိမ်းမြလင်းသစ်
(27/06/2012)
Subscribe to:
Posts (Atom)