Tuesday, 26 June 2012

အပျင်းပြေ

အမှန်တကယ်ဆိုရင် ဒီခံစားချက်မျိုးတွေ မဖြစ်သင့်ပါဘူးလို့ စုကတွေးသည်။ ဖြစ်လိုရာဖြစ်စေဟု ဖြစ်တတ်သောသဘောတရားများကို လွယ်လင့်တကူ ဖြေလျော့ပေးခဲ့ပြီးကာမှ ၊ အရာအားလုံးအဆုံးသတ်ခဲ့ပြီးကာမှ ဒါမျိုးဟာ စိုးစဉ်းမျှ မဖြစ်သင့်တော့ပါဘူး။ စုကတွေးရင်း ရင်ဘတ်ကအောင့်တက်လာသော ငိုချင်သည့် ခံစားချက်ကို ပျက်ရယ်ပြုဖို့ကြိုးစားရသည်။  ခံစားချက်ကို ပြောင်းလဲပစ်ရမည်။ အလုပ်ထဲမှာ မျက်ရည်ကျခွင့်မရ၊ ခံစားချက်အတိုင်း မှိုင်တွေနေခွင့်မရ။ အရာရာဟာ ဟန်ဆောင်နေရတာချည့်ပါလို့ စုကတွေးရင်း အလုပ်ထဲကို စိတ်ပြန်နှစ်ဖို့ ကြိုးစားရသေးသည်။ တကယ်ဆိုရင် လောကထဲမှာ လူဖြစ်လာရတာကိုက ဟန်ဆောင်ရဖို့သက်သက်ဖြစ်သည် ဟု အရွဲ့တိုက်တွေးမိသည်။ ဟန်ဆောင်ကမ္ဘာလောကထဲမှာ ဘာတွေကိုများ မက်မောတွယ်တာနေရသေးသလဲ။ အရာအားလုံးက ရယ်စရာချည့်ပဲ။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှ
န်ဟန်ဆောင်ကြသည်။ တစ်ယောက်ကိုတစ်ယောက် သနားကြင်နာချင်ဟန်ဆောင်ကြသည်။ ရယ်စရာချည့်ပဲ။ စုရဲ့ အလုပ်ခွင်မှာ၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ မိသားစု။ အားလုံးသည် စုအမြင်အားဖြင့်တော့ ဟန်ဆောင်နေကြသူချည့်ဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်က တစ်ချိန်လုံးမဆင်းတဲ့ စုဘေးမှာ အလုပ်လုပ်တဲ့ကောင်မလေးက ခုတော့ သူဌေးမရှိတုန်း ဖုန်းကနေ ယူကျု ကြည့်နေသည်။ စုအရှေ့က ကောင်မလေးက လည်း ဒီလိုပဲ။ အလုပ်လုပ်ချင်ဟန်ဆောင်ပြီးတော့ ဂိမ်းကစားသည်။ သူဌေးလာရင် အလုပ်များဟန်ဆောင်ပြကြလိမ့်ဦး
မည်။ စုက ပတ်ဝန်းကျင်ကို အသေအချာကြည့်ရင်း ရယ်ချင်လာသည်။ ဟန်ဆောင်အလိမ်အညာတွေကနေမလွတ်။ စုကိုယ်တိုင်လည်းမလွတ်။ ဟန်ဆောင်ထားရသည်ဟု တွေးမိပြန်သည်။

အတန်ငယ်ချမ်းလာကြောင်း စိတ်ကသိသည်။ အဲကွန်းတည့်တည့်အောက် အလုပ်လုပ်နေရတာကိုက စုအတွက် စိတ်ညစ်စရာကောင်းလှသည်။ အမှန်ဆိုရင် ဒီအလုပ်ကိုမလုပ်ချင်။ မလုပ်ချင်လို့ ထွက်လိုက်လို့မဖြစ်ကြောင်း စုသိနေသည်။ နောက်အလုပ်တစ်ခုမသေချာဘဲ ထွက်ဖို့ဆိုတာ စုအတွက် မဖြစ်နိုင်။  စိတ်အလိုကိုလိုက်ဖို့ဆိုတာ ဆုအတွက် မဖြစ်နိုင်။ အလုပ်မရှိလျှင် တစ်လထက်ပိုပြီးနေခွင့်မရသော နေရာမှာ မပျော်သော်လည်း နေနေရသည်။ ပျော်တယ်ဆိုတာ ဘာလဲလို့စုမတွေးချင်။ မတွေးဖြစ်အောင်နေခဲ့သည်။ အထီးကျန်သော စုရဲ့စိတ်သည် တစ်ခုခုကိုတွယ်တာချင်လာသည်။ စုရဲ့စိတ်တွေက အားငယ်လာသည်။ ဒါကြောင့်ပဲ စုက သူ့အပေါ် တွယ်တာခဲ့တာဖြစ်နိုင်သည်။ ဒါလည်း ဟန်ဆောင်တာပဲမဟုတ်လား။ အလုပ်လုပ်နေရင်း ကီးဘုတ်ကို အမှတ်တမဲ့ အသံကျယ်အောင် ရိုက်လိုက်မိသည်။ စုရဲ့စိတ်တွေတင်းကျပ်နေပြီ။ ထွက်ပေါက်တစ်ခုခုလိုအပ်နေပြီ။ ဒါသည်ပင် စုရဲ့ လက်ရှိအရှိတရားဖြစ်သည်။ စုသည် ကိုယ့်ကိုယ်ကို မထိန်းနိုင်။ စုသည် ခုအရွယ်အထိ မရင့်ကျက်နိုင်။ စုအပေါ် စိုးရိမ်ပူပန်ကြသူများကို တစ်ခါတခါ ရယ်ချင်သည်။ စုကို ခွင့်မလွှတ်ကြပါလေနှင့်။

စားပွဲပေါ်တွင် စာရွက်များ ပြန့်ကျဲနေသည်။ အခန်းထဲတွင် စုနားမလည်သော အလွန်နားဝင်ဆိုးသော တရုတ်အသံလိုင်းကိုအမြဲဖွင့်ထားေ
သာ ရေဒီယိုတစ်လုံးရှိသည်။ သူဌေးသည် ဧည့်သည်တစ်ယောက်နှင့်စကားပြောနေသည်။ အခြားသူများက အလုပ်လုပ်ဟန်ဆောင်နေကြသည်။ စုက လုပ်လက်စအလုပ်များကို အပြီးသတ်ရန်ကြိုးစားနေသည်။ အခန်းတွင်းမှလေသည် အေးစက်လွန်းလှသည်။ အခန်းအပြင်ထက်တွင် မှန်တံခါးမှတဆင့် နေအပူ ခပ်စူးစူးကို မြင်နေရသည်။ အရာအားလုံးသည် အတုများသာဖြစ်ကြသည်။ စုသည် ၃ခွက်မြောက်သော ကော်ဖီကို လက်စသတ်သောက်လိုက်သည်။ စုရင်သည် တုန်နေ၏။ ကော်ဖီကြောင့်ဖြစ်မည်ဟု တွေးပစ်ရသည်။ မအိပ်နိုင်သောညများကြောင့် အလုပ်လုပ်နိုင်စေရန် ကော်ဖီသောက်ရပြန်သည်။ ဒါသည်ပင် စုအတွက် စိတ်ဖြေရာဖြစ်ရပြန်သည်။ စုက တစ်ခါတစ်ခါ စိတ်ကူယဉ်ဖူးသည်။ ညနေစောင်းတွင် စီးကရက်လက်ကြားညှပ်ပြီး လျှောက်သွားချင်သည်။ လက်ထဲတွင် ဘီယာတစ်ဘူးကိုင်ထားမည်။ စိတ်ကိုလေလိုလွှင့်ချင်သည်။ ဒါမျိုးသည် စုဖတ်ဖူးသော ၀တ္ထုများထဲမှ ဇာတ်ကောင် မိန်းကလေးများ လုပ်တတ်ကြသကဲ့သို့ တစ်ခါတလေ လျှောက်သွားချင်မိသည်။ သို့သော် စုက ပတ်ဝန်းကျင်ကိုကြောက်တတ်သော မိန်းကလေးမျှသာဖြစ်သည်။ အများအမြင်ကိုအလေးထားရင်း မိမိ၏ဆန္ဒများပျောက်ဆုံးနေရသော မိန်ကလေးမျှသာဖြစ်သည်ဟု တွေးမိရင်း ရယ်ချင်လာသည်။ အမှတ်တမဲ့ပြုံးမိတော့ မပြုံးဖြစ်တာကြာပြီဖြစ်ကြောင်း အမှတ်ရသည်။ ရေဒီယိုကတဆင့် စုနားမလည်သောစာသားများကို ဆွဲဆွဲငင်ငင်ဆိုနေသည့် တရုတ်သီချင်းတစ်ပုဒ်ပျံ့လွင့်လာပြန်သည်။

အလွမ်းသီချင်းတစ်ပုဒ်ပဲဖြစ်မည်။  ရေဒီယိုကိုထပိတ်ချင်လာသည်။ သို့မဟုတ်တခြားလိုင်းတစ်လိုင်း
ကိုပြောင်းချင်လာမိသည်။ သို့သော်တပြိုင်နက်ထဲမှာပဲ တိတ်ဆိတ်ငြိမ်သက်စွာ နေချင်နေမိသေးသည်။ စုမသိသော သီချင်းထဲတွင် စိတ်ကို ဖြေလျှော့ချလိုက်သည်။ သီချင်းသံက ဆွေးမြေ့နေသောကြောင့် စုရဲ့စိတ်က ဆွေးမြေ့လာသည်ဟု တွေးမိပြီး အနည်းငယ်ကျေနပ်လျက်ရှိသည်။ စုသည် ၀မ်းနည်းပြီးဝမ်းနည်းလို့သာနေတော့သည်။ စုသည် သနားစရာမိန်းကလေးတစ်ဦးဖြစ်သည်လို့ တွေးမိတော့ ကိုယ့်ကိုယ်ကို ရယ်ချင်မိသည်။ တကယ်တော့ ဘ၀ဆိုတာ ကိုယ်မဖြစ်ချင်လည်း ကံတရား၏ဦးဆောင်မှုကို မတွန်းလှန်နိုင်သောအချိန်တွင် ကံတရားနောက် လိုက်ရမည်မှန်းသိသည်။ လူတိုင်းဟာ ကိုယ့်တရားနဲ့နေနေရတာလို့တွေးမိပြန်တော့ စိတ်၏မငြိမ်းချမ်းမှုကို မငြိမ်းမှုသက်သက် အဖြစ်သာ မြင်ချင်မိပြန်သည်။ စုသည် ပူလောင်မှု အေးချမ်းမှုဟူသည်တို့ကို ပကတိအမြင်တို့ဖြင့်ကြည့်ချင်လျက်ရှိသည်။ မနေ့ကညနေတုန်းက စုနှင့်သူလမ်းခွဲခဲ့ကြောင်း ပြန်သတိရသည်။ ထိုအခါတွင်တော့ စုသည် လှောင်အိမ်မှ လွတ်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့ ကိုယ့်ကိုယ်ကိုခံယူမိတော့သည်။ စုသည် လွတ်လပ်ခြင်းနှင့်အတူ မလုံခြုံခြင်းကိုပါ တပြိုင်တည်းခံစားနေရသည်နှင့်တူတော့သည်။ စုသည် လွတ်လပ်သောငှက်တစ်ကောင်ကဲ့သို့ စိတ်ကို ပျံသန်းပစ်မည်ဟု ခံယူသည်။ နေ့ရက်များသည် ထပ်တူနီးပါးကျလျက်ရှိကြောင်း အမှတ်ရမိပြန်သောအခါတွင် အသက်ရှင်ဆက်ရှင်ရမည်ကို ပျင်းရိသော စိတ်တို့က လွှမ်းခြုံလျက်ရှိသည်။ စုက စိတ်ကူးယဉ်တတ်သောစိတ်တို့ကို ဖြန့်ကျက်ပစ်ဖို့သာ တတ်နိုင်ပေတော့သည်။

စိတ်သည် ခြောက်ကပ်သောအခန်းထဲတွင် ၀ဲလည်လျက်ရှိသည်။ ငယ်ငယ်တုန်းက စုလုပ်ချင်သည့် လုပ်ငန်းခွင်တစ်ခုကိုစိတ်ကူးယဉ်ခဲ့ဖူးသည်။ စုသည် အရေးပါသောရာထူးကြီးဝန်ထမ်းတစ်ဦးဖြစ်နေရမည်။ မကြာခဏကြည့်ဖူးသော နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများထဲကလို ခေတ်မီသွက်လက်ထက်မြက်သော လုပ်ဖော်ကိုင်ဖက်များလည်းအများအပြားရှိရဦးမည်။ အရေးကြီးသော လုပ်ငန်းကိစ္စများကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ရမည်။ စု၏ချစ်သူသည် စုကိုသိပ်ချစ်၍စုကလည်းထပ်တူချစ်ရဦးမည်။  စုက ရယ်ချင်လျက်နှင့် အတွေးတွေကို လိုက်ဖမ်းမိသောခဏတွင် လုပ်လက်စအလုပ်များလည်း ပြီးသလောက်ရှိပြီ။ ပြတင်းမှန်ကိုတချက်လှမ်းလို့ကြည့်မိတော့ နေစောင်းသွားပြီ။ ကွန်ပြူတာထောင့်တွင် ညနေ ၄နာရီခွဲတော့မည်ဖြစ်ကြောင်းပြနေသည်။ တရုတ်သီချင်းသံတို့သည် စု၏နားစည်ကို ယားကျိကျိကလိလို့သာနေတော့သည်။ အလုပ်ချိန်ကိုအကုန်မြန်စေချင်လှပြီ။ အသက်ရှင်ရခြင်းသည် ပျင်းရိဖွယ်ကောင်းကြောင်း တွေးမိပြန်တော့ စုက အသက်ဝိဥာဉ်ထွက်သွားမည့်နေ့ကိုစောင့်နေရတာ ပျင်းလို့သာနေတော့သည်။ တကယ်တော့ အသက်ရှင်ရတာပျင်းစရာကြီးလို့ စုကတစ်ယောက်ယောက်ကိုပြောပြချင်နေမိသည်။  ပျင်းစရာ ကောင်းကြောင်းပြောပြရန်ပင် ပြောစရာလူမရှိမှန်း သတိရမိသောအခါ ပို၍ပျင်းခြောက်သွား၏ ။ အပြင်ဘက်ခြမ်းတွင်တော့ ညနေခင်းကတော့ တအိအိပြိုဆင်းလာလျက်ရှိတော့သည်။


စိမ်းမြလင်းသစ်
26/06/2012










Friday, 27 April 2012

ညှို့ချက်



တိမ်တွေဟာအထပ်ထပ်နဲ့
တိမ်ညိုညို တိမ်ဖြူဖြူ ၊
ကောင်းကင်အပြာဖျော့ဖျော့ကိုအောက်ခံမှာထားလို့
တိမ်တွေဟာသိပ်ကိုလှတယ်လို့ ကိုယ်ကတွေးမိတော့ ရင်ဘတ်ကိုအသာဖိထားရသေးတယ်
အမှတ်တမဲ့ကြည့်မိတာပဲ။
တိမ်တွေကိုကြည့်နေရင်းနဲ့ ကိုယ့်ရင်ဟာတဒိတ်ဒိတ်
တငြိမ့်ငြိမ့်နဲ့ သိမ့်ခနဲသိမ့်ခနဲ
ခဏနေရင်တိမ်ညိုညိုတွေပြိုကျလာမှာလို့သိလည်း အကြည့်ကိုရွှေ့မရဘူး
အမှတ်တမဲ့မော့ကြည့်ရင်း အကြည့်ဟာ တိမ်တွေထဲမှာနစ်လို့
အကြည့်ကို တိမ်တွေထဲက ထုတ်မရဘူး
မနက်ခင်းကောင်းကင်ဟာ တိမ်ညိုညိုတွေကိုသယ်ပိုးလို့
ဘယ်အချိန်ရွာချမလဲ မသေချာဘူး
တိမ်ဖြူဖြူတွေဟာလည်း တရွေ့ရွေ့နဲ့မျောလွင့်လို့
လေပြည်လေးတိုက်လိုက်တဲ့ခဏမှာတော့
တိမ်တွေအပြည့်နဲ့ကောင်းကင်ဟာကိုယ့်ကိုငုံ့ကြည့်နေလားလို့တွေးမိတယ်
အမှတ်တမဲ့ကြည့်မိတဲ့ကိုယ်က လှမ်းလက်စခြေလှမ်းကိုရပ်လို့
ခြေလှမ်းတွေကိုရွေ့လို့မရဘူး
တိမ်တွေကိုခြေစုံရပ်မကြည့်ဖြစ်တာဘယ်လောက်ကြာပြီလဲလို့တွေးရင်း
အတွေးတွေက တိမ်တွေထဲနစ်လို့
ကိုယ်ဟာ ကိုယ်ကိုယ်တိုင်မသိလိုက်ဘဲနဲ့ တစ်ခုခုထဲနစ်လို့
ကိုယ်မသိလိုက်ဘဲနဲ့ မသိခြင်းတွေထဲနစ်လို့
ကိုယ်မသိလိုက်ပါဘဲနဲ့ ကိုယ်က ရွေ့လျားခြင်းတွေထဲတိတ်တိတ်ဆိတ်ဆိတ်နစ်လို့
နစ်မြုပ်နေခဲ့ရတဲ့အကြောင်းတွေကို တိမ်တွေထဲနစ်နေတဲ့စိတ်ကနေတဆင့်သိလိုက်ရတယ်
ဘယ်လိုမှရုန်းထွက်မရဘူး
ဒီနေ့မှပဲ အမှတ်တမဲ့နဲ့ တိမ်တွေကိုကြည့်မိတယ်
တိမ်ညိုညို တိမ်ဖြူဖြူတွေနဲ့
တိမ်တွေဟာသိပ်ထူထပ်နေလည်း တိမ်တွေသိပ်လှကြောင်းသိလိုက်ရတယ်
ရိုးရိုးလေးညှို့လိုက်တဲ့တိမ်တွေထဲမှာ
ကိုယ်က ဘယ်လိုမှရုန်းထွက်မရဘူး ။ ။


စိမ်းမြလင်းသစ်
(27/04/2012)

Tuesday, 17 April 2012

ကြယ်ငါး

" အချိန်တွေကသိပ်ကိုမြန်လွန်းတယ်..။ ပြန်တွေးကြည့်လိုက်ရင် ဂျက်လေယာဉ်စီးနေတုန်းမှာ မျက်လုံးကိုခဏလေးမှိတ်လိုက်မိ
သလိုပဲ.။ ပြန်ဖွင့်ကြည့်လိုက်တော့ အာရှကိုလွန်ခဲ့ပြီ.."

အဲ့ဒိစကားကိုဆရာပြောတုန်းက ကျွန်မနဲ့ အွန်လိုင်းမှာ စကားပြောနေတုန်းအချိန်..။ သူ့ရဲ့ ရှားရှားပါးပါးအချိန်လေးထဲကနေ ကျွန်မကိုပြတ်တောင်းပြတ်တောင်းပြန်ပြောနေရင်းက သူ့စိတ်တွေလည်း အတိတ်တွေဆီရောက်နေတယ်ထင်တယ်..။ ဆရာ့မျက်နှာကိုမမြင်ရပေမဲ့ အရင်ကအတိုင်းခပ်တင်းတင်း၊ ခပ်တည်တည်၊ အကြည့်စူးစူးတွေနဲ့  နှုတ်ခမ်းတွေကိုမထီမဲ့မြင်ဟန်ခပ်တွန့်တွန့်ကွေးထားဦးမှာပါပဲ။

ဆရာ့နဲ့နောက်ဆုံးတွေ့တုန်းက သူ့ချန်ထားရစ်ခဲ့တော့မယ့် သူချစ်မြတ်နိုးတဲ့ ကျူရှင်ခန်းမှောင်မှောင်လေးရှေ့မှာ ။ မခွဲချင်ဘဲခွဲထားခဲ့ရတော့မယ့်ဟန်နဲ့ ခရီးဆောင်အိတ်ကို ပြင်နေတဲ့ ဆရာ့ကိုအရင်ဆုံးလှမ်းမြင်ရတယ်..။ အဲ့ဒီနေ့က  လေဆိပ်ဆင်းတော့မယ့်ဆရာ့ကိုမမီတော့မှာစိုးရိမ်တဲ့စိတ်နဲ့  ခဲထူထူလမ်းကို ခလုတ်တိုက်လဲတော့မိမတတ် ဒရောသောပါးလျှောက်ရင်း အပြေးအလွှား..။ ဆရာ့အတွက်တစ်ခုခုလုပ်ပေးလိုက်ချင်တဲ့စိတ်နဲ့ ဆရာ့အတွက်ဆိုပြီး မနက်အစောကြီးကိုယ်တိုင်ကြော်ထားတဲ့ ငါးပိကြော်ကိုအပြည့်အသိပ်ထည့်ထားတဲ့ ပုလင်းလေးကို ဆရာ့ကိုလှမ်းပေးတယ်။ ဒီထက်ပိုပြီး လက်ဆောင်မပေးနိုင်လိုက်တာ စိတ်မကောင်းဘူး..။ ဆရာ့အတွက် လို့ ပြောပြီးပေးလိုက်တော့..ဆရာက ပြုံးပြီလှမ်းယူတယ်။ အဲ့ဒီတုန်းကတော့ ဘာခံစားချက်မှန်းမသိဘူး.။ ဒီလောက်အကြာကြီးပြန်မတွေ့ရတော့မှာမှန်းလည်းမသိခဲ့ဘူး..။  ကျွန်မသိပ်ကြိုက်တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်သတိဖြင့်နေထိုင်ခြင်း ဆိုတဲ့စာအုပ်လေးကို ဆရာ့အတွက်လက်ဆောင်ဆိုပြီး ကျွန်မက မရဲတရဲနဲ့ ပေးတော့ ဆရာကသေသေချာချာလှမ်းယူတယ်..။ ၀မ်းသာသွားပြီး ဆရာလိမ်လိမ်မာမာနေနော် လို့ လွှတ်ခနဲပြောထွက်သွားတော့ ဆရာများစိတ်ဆိုးသွားမလားလို့ မရဲတရဲကြည့်မိသေးတယ်..။ အဲ့ဒီတုန်းက ဆရာက ထုံးစံအတိုင်းခပ်ပြုံးပြုံးနဲ့ အေးအေး တဲ့..။ ပြုံးစိစိနဲ့ခေါင်းကိုတောင်လှမ်းပုတ်လိုက်သေးလားမသိဘူး..။ ကျွန်မကလည်း ကိုယ့်ဆရာကို လိမ်လိမ်မာမာနေနော်လို့ ပြောမိတဲ့အထိ ဆရာလုပ်ချင်ခဲ့တဲ့လူ..။

အဲ့ဒီတုန်းက ဆရာနဲ့ ဆရာတပည့်သက်တမ်း လေးနှစ်လောက်ရှိပြီ.၊ အဲ့ဒီ့အချိန်အထိ ဆရာ့ကို နားမလည်နိုင်ခဲ့ဘူး..။ အခုအချိန်ထိလို့ပြောရမလားပဲ..။ ဆရာနဲ့စသိတော့ မှတ်မှတ်ရရ ၉ တန်းနှစ်..။ အစ်မနဲ့ သိတဲ့ ဆရာက အိမ်ကိုလာလည်ရင်းနဲ့ ကျွန်မကိုသူ့ကျောင်းမှာ FOC ထားမယ်ဆိုပြီးပြောတယ်..။  အဲ့ဒီနောက်တော့ သူ့စာသင်ခန်းလေးဆီမှာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတက်ဖူးတဲ့ ကျူရှင်ဆိုတာကြီးကိုစတက်တယ်..။ ကျူရှင်ခန်းလေးက လက်ဖက်ရည်ဆိုင်တစ်ခုရဲ့အပေါ်ထပ်..၊ ခန်းမအကျယ်ကြီး ။ အမြဲနှုတ်နည်းတဲ့ကျွန်မကိုဆရာက သူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေးတယ်..။ နောက်တော့လည်း အဲ့ဒီသူငယ်ချင်းတွေနဲ့အရမ်းကိုခင်ပြီး ခနော်နီခနော်နဲ့ လှေကားလေးကို တ၀ုန်းဝုန်းပြေးတက်ပြေးဆင်း..။ ဘိုင်အိုသင်တဲ့ဆရာ့ကို ဘိုင်အိုတင်မကဘူး..စာအကြောင်းပေအကြောင်း၊ သီချင်းတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း..၊ စကားကြီးစကားကျယ်တွေပြောကြ၊ ကျွန်မတို့သူငယ်ချင်းတွေ ငြင်းကြခုန်ကြ၊ ဆရာလုပ်ပေးထားတဲ့ စာသင်ခန်းလေးထဲက ဆရာ့ကိုယ်ပိုင်စာကြည့်တိုက်လေး..၊နဲ့..။ အဲ့ဒီတုန်ကတော့ brain storm လုပ်တယ်ဆိုတာကိုနားမလည်ခဲ့ဘူး..။ အဲ့ဒီအချိန်တုန်းကတော့ ရင်ဆိုင်လာရမယ့် အနာဂတ်ဆိုတာကို ရင်ခုန်တဲ့စိတ်နဲ့ တစ်ခါတစ်ခါ မရဲတရဲ လှမ်းကြည့်..။ အားငယ်စကားတွေပြောမိတိုင်းဆရာက စာအုပ်တွေပေးဖတ်တယ်။ သိသိသာသာရော မသိမသာရော စိတ်အားတက်ကြွအောင်လုပ်ပေးခဲ့တာချည့်ပဲ။ အဲ့ဒီတုန်းက ကျွန်မတို့တွေ ၉ တန်း၊ ၁၀ တန်း..။  ဒီလိုနဲ့..ဆရာ့ရဲ့ ကျူရှင်ခန်းလေးက ကျွန်မတို့ရဲ့ စပ်ကူမက်ကူးလူငယ်ကာလကို အရောင်တင်ပေးခဲ့ပါတယ်..။

ခုတော့ဆရာက သတင်းဌာနတစ်ခုမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်နေပြီ။ အမှန်အတိုင်းဝန်ခံရရင် ဆရာစာသင်တဲ့ဟန်ကို ဘာပုံကြီးမှန်းမသိဘူးလို့ အီလည်လည်ကြီးတွေးမိခဲ့တာ..အဲ့ဒီတုန်းကတော့ သိပ်ပဲများတာပဲလို့ သူငယ်ချင်းအုပ်စုကြားထဲမှာအတင်းအုပ်ကြရင်းပေါ့..။ အမှန်ကတော့ဆရာက အဲ့ဒီတုန်းကတည်းက ဇာတိပြခဲ့တာဖြစ်မယ်။ အဲ့ဒီတုန်းက စာသင်တဲ့ဟန်က အခု သတင်းကြေငြာတဲ့ဟန်အတိုင်းပဲ..။ သိပ်တော့မပြောင်းလဲဘူး..။ စကားပြောခပ်မြန်မြန်သွက်သွက်။ လက်ကလည်း နိုင်ငံခြားသတင်းဌာနက သတင်းကြေငြာနေသူတစ်ယောက်လိုမျိုး လှုပ်ရွပြီးရှုပ်ယှက်ခတ်နေတာ။ အဲ့ဒီတုန်းကတော့ မျက်စိကိုနောက်နေရောပဲ။ ခုတော့ ငါ့ဆရာကွဆိုပြီး ကြည့်ရတယ်။  ကျွန်မမှာတပည့်မို့လို့လားတော့မသိဘူး.. ဆရာသတင်းကြေငြာတာကိုကြည့်ရင်း သြော်..ငါ့ဆရာအရင်ကအတိုင်း ဖြစ်သလိုနေတုန်းပဲ.. ညကဘီယာသောက်ထားလို့ မျက်နှာကြီးအစ်နေတာလားမသိဘူး..အင်း....လက်မမှာလည်းကွင်းကြီးစွပ်ထားသေးတယ်..အသက်ကကြီးပြီ ခုချိန်ထိ လူငယ်လုပ်တုန်းပဲ..  စသဖြင့် ချစ်စနိုးနဲ့စိတ်ထဲကဝေဖန်မိတာအကြိမ်ကြိမ်။

ဆရာ့စတိုင်နဲ့ပတ်သတ်ပြီး မှတ်မှတ်ရရဖြစ်ရပ်တွေရှိသေးတယ်..။ ပထမဆုံးစတွေ့တုန်းကတော့ ကျူရှင်ဆရာပီပီ လယ်ကတုံးအကျီ်အဖြူ၊ ပုဆိုးကိုအရှည်ကြီးဝတ်ပြီး လက်မှာလည်းမှတ်စုစာအုပ်ထူထူတစ်အုပ်၊ ဖတ်လက်စ စာအုပ်တစ်အုပ်နဲ့၊ မျက်မှန်တပ်တယ်။ ဆံပင်ကိုဆီရွှဲရွှဲလိမ်းပြီးတော့တစ်ခါတလေ စီးကရက်တစ်လိပ်ကိုခဲထားသေးတယ်.။ ဆရာ့များစာသင်ခန်းမှာတွေ့လိုက်ရင်အမြဲတမ်းသုတ်သီးသုတ်ပြာနဲ့။ သင်လိုက်ရတဲ့စာသင်ခန်းတွေလည်းမနည်းဘူး။ ဆရာ့မို့လို့ သူဌေးလည်းမဖြစ်ဘူး။ အမြဲတမ်း သူ့ကျူရှင်ခန်းမမှာပဲအိပ် ၊ တကယ့်ကို ဖြစ်သလိုနေ ဖြစ်သလိုစား၊ တစ်ခါတစ်ခါများ ဆရာစားရင် ကျူရှင်အောက်ထပ်ဆိုင်ကမှာတဲ့ မြေပဲ၊ကြက်သွန်ကြော်နဲ့ဆီဆမ်းဆားဖြူး ထမင်းကိုစားတယ်။ ဒါပေမဲ့ စာသင်ကျောင်းတိုင်းမှာ သင်တန်းကြေးမယူဘဲ သင်ပေးခဲ့တာတွေကြောင့် ဘာပဲပြောပြော သူ့ဆီမှာ တပည့်တွေတော့သိပ်ပေါတယ်။ သူ့ကိုယ်ပိုင်စာသင်ခန်းလေးမှာလည်း စာကြည့်တိုက်အသေးလေးတစ်ခုလုပ်ပေးပြီးတော့ တပည့်တွေကိုစာဖတ်ဝါသနာပါအောင်လုပ်ပေးပါသေးတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်မတို့သူငယ်ချင်းတွေ လေကြီးလေကျယ်တွေ တော်တော်ပြောခဲ့တာထင်တယ်လို့  မကြာမကြာတွေးမိတယ်။ ၁၀ တန်းစာသင်ခန်းထဲမှာ မေးမိတဲ့ မေးခွန်းတွေကြောင့် ရူပဗေဒဆရာ စိတ်ညစ်ရတာအခါခါ။ အင်္ဂလိပ်စာဆရာကို မနက်ဆိုရင် အခန်းအပြင်ကနေအော်ခေါ် အတင်းနှိုးပြီးစာသင်ခိုင်းရတယ်။ နောက်တော့လည်း ဆရာတို့ကျေးဇူးနဲ့ အောင်ခဲ့ကြတာပါပဲ။ ဆရာ့မို့လို့ စာမေးပွဲ မဖြေခင်ညမှာ သူ့တပည့်တွေကိုစိတ်မချနိုင်ဘဲ အိမ်ပေါက်စေ့ လိုက်ကြည့်တယ်။ သူငယ်ချင်းတွေစုံမှ ပြန်ပြောကြတော့သိရတယ်။ ၁၀ တန်းပြီးတော့ ဆရာနဲ့ သူငယ်ချင်းတွေနဲ့ ခဏအဆက်အသွယ်ပြတ်သွားသေးတယ်။ ပြန်တွေ့တော့ ဆရာက ကျူရှင်ခန်းလေးနေရာပြောင်းပြီးပြီ။ ကျူရှင်ခန်းနေရာလည်းပြောင်း၊ လူလည်းစတိုင်ပြောင်းပဲ။ အရင်ကလယ်ကတုံးအဖြူနဲ့ ပုဆိုးနဲ့ဆရာက ဆိုင်ကယ်တဖုန်းဖုန်းနဲ့ ၊ တစ်ခါတလေ ပုဆိုး၊ တစ်ခါတလေ ဘောင်းဘီနဲ့ ဆိုင်ကယ်ကြီးတဖုန်းဖုန်းနဲ့။ အဲ့ဒီတုန်းကရန်ကုန်မှာဆိုင်ကယ်စီးလို့ရသေးတယ်။ နောက်ပိုင်းတော့ ဆရာ့ဆိုင်ကယ်ကိုမတွေ့မိတော့ဘူး။ ဒါပေမယ့် ပုဆိုးဝတ်တာမတွေ့ရတော့ဘဲ ဘောင်းဘီတိုကြီးနဲ့ ။ အဲ- ဘာစိတ်ကူးလည်းတော့မသိဘူး.. လက်မှာ တုတ်တစ်ချောင်း ကိုင်ထားတာတွေ့တွေ့လာတယ်။ ရိုက်တော့မရိုက်ပါဘူး။ တစ်ခါကဆရာ့ကိုလှမ်းမြင်တော့ လက်ဖက်ရည်ဆိုင်သွားတာထင်တယ်။ အပေါ်ပိုင်းက စွပ်ကြယ်၊ အောက်က ဘောင်းဘီတို၊ လက်မှာ ကြိမ်လုံးနဲ့။ ကောင်းကောင်းသွားတာမဟုတ်ဘူး။ ကြိမ်လုံးကို တစ်ချက်ချက် အမှတ်တမဲ့ လွှဲလွှဲသွားသေးတယ်။ ဆရာ့မို့လို့ အဲ့လိုထူးခြားနေတာထင်တယ်။ ဒါပေမဲ့ ဘာအကြောင်းအရာတွေက ဆရာ့ကိုဒီလောက်ထိပြောင်းလဲသွားစေလဲတော့ မတွေးတတ်ခဲ့ပါဘူး။ အမှန်က အဆင်မပြေတဲ့အခိုက်အတန့်ကာလတွေကို တစ်ယောက်တည်းကျိတ်ပြီးဖြတ်သန်းခဲ့ရတာဖြစ်မယ်လို့ နောက်ပိုင်းမှတွေးမိခဲ့ပါတယ်။


၉ တန်း၊ ၁၀ တန်းလောက်က မှတ်မှတ်ရရ ကွန်ပြူတာဆိုတာကြည့်ချင်ရင် မဂ္ဂဇင်းတွေထဲက ဓာတ်ပုံတွေကိုပြူးပြဲကြည့်ရတယ်။ ကျောင်းမှာ ကွန်ပြူတာခန်းဆိုတာရှိပေမဲ့ မီးမလာတဲ့အခန်းထဲမှာ မှောင်မှောင်နဲ့မည်းမည်းမို့လို့ မှန်ပြတင်းပေါက်ကနေ သေသေချာချာ ချောင်းကြည့်တာတောင် သိပ်မမြင်ရဘူး။ စိတ်ထဲမယ် ကွန်ပြူတာဆိုတာကြီးကို လက်နဲ့ကိုင်ကြည့်ရင်ဓာတ်လိုက်မလားထင်တာ။ ၁၀တန်းအောင်ပြီးစမှာ ဆရာက ကွန်ပြူတာလေးတစ်လုံးကို စာသင်ခန်းပေါ်တင်လာတယ်။ စာကြည့်တိုက်လေးဘေးမှာထားတယ်။ ပြီးတော့ လွယ်ကူလေ့လာကွန်ပြူတာဆိုတဲ့စာအုပ်လေးရယ်၊ အခြားကိုယ်တိုင်လေ့လာလို့ရတဲ့ စာအုပ်လေးတွေရယ် ယူလာတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မတို့သူငယ်ချင်းတစ်သိုက် အဲ့ဒီနားမှာတ၀ဲဝဲပဲ။ နောက်တော့လည်း ဆရာ့ရှေ့မှာ လေ့ကျင့်ခန်းလေးတွေလုပ်လိုက် အလစ်မှာ ဂိမ်း ဆော့လိုက်နဲ့ ။ အဲ့ဒီတုန်းက ကျွန်မတို့သူငယ်ချင်းတွေကို အားလပ်ချိန်မှာ သူ့ကျောင်းသားတွေကိုစာပြန်ပြဖို့ခေါ်ထားတာ။ ပြီးရင် ကွန်ပြူတာလေ့လာ၊ စာအုပ်ဖတ်ပေါ့လေ။ ကျွန်မတို့ကလည်း ကျောင်းသားတွေကိုစာရှင်းပြ၊ ပြီးရင် ဂိမ်းဆော့။ နောက်ပိုင်းဆရာ့ကျေးဇူးနဲ့ ကိုယ့်စရိတ်ကိုယ်ရှာပြီး ကျောင်းပြီးတဲ့အထိ တက်နိုင်ခဲ့တယ်။

တကယ်တော့ ဆရာက ကျွန်မဘ၀ရဲ့ ကျေးဇူးရှင်ဆိုတာ ခဏခဏပြန်ပြန်တွေးမိတာအခါခါပါ။ ဆရာက မကြာခဏပြောပြဖူးတာက သဲသောင်ပေါ်တင်နေတဲ့ ကြယ်ငါးလေးတွေကို လူတစ်ယောက်က ပင်လယ်ထဲပြန်ပစ်ချပေးတဲ့ဇာတ်လမ်းလေးအကြောင်း။ ဆရာကကြယ်ငါးတွေကို ပင်လယ်ထဲပြန်ပစ်ချပေးချင်တဲ့သူ။ အဲ့လိုပစ်ချနိုင်ဖို့အတွက် စာကြည့်ခန်းလေးတွေ ပညာဒါနစာသင်ကျောင်းလေးတွေကိုတစ်နိုင်တစ်ပိုင်လုပ်တယ်။ လူငယ်ခြေစမ်းဖို့ ကွင်းဖန်တီးပေးတယ်။ တပည့်တွေကိုလည်းဝိုင်းကူခိုင်းတယ်။ ဆရာကိုယ်တိုင်ကိုက မြောက်ဥက္ကလာက နာမည်ကြီးပညာဒါန စာသင်ကျောင်းမှာ ဘာသာခြားစကားတွေကိုသင်ဖူးတော့ ဒီလိုကျောင်းတွေရဲ့ အကျိုးကျေးဇူးကိုကောင်းကောင်းသိပြီး သူကိုယ်တိုင်ဦးစီးပြီးလုပ်ရှာတယ်။ ဒါပေမဲ့ သူဦးတည်ပြီးဖွင့်ခဲ့တာက အတန်းကျောင်းပညာဒါနတွေ။ နောက်ပြီးတော့ အပင်ပန်းခံပြီးဖွင့်တာက ညကျောင်း။ အလုပ်တစ်ဖက်နဲ့သူတွေအတွက် စာမေးပွဲပြန်ဖြေလို့ရအောင်။ ဒီကြားထဲ မဂ္ဂဇင်းတွေမှာဆောင်းပါးတွေ ကဗျာတွေ ရေးသေးတယ်။ သူ့မှာတစ်ခါတစ်ခါအိပ်ချိန်တောင်ရှိပုံမရဘူး။ မျက်တွင်းကဟောက်ပက်နဲ့။ ဒါပေမဲ့ အမြဲတမ်းတက်ကြွနေတာပဲ။  အဲ့ဒီလိုဆရာက နိုင်ငံခြားကိုအပြီးသွားမယ်ဆိုတော့ အံ့အားသင့်ရတယ်။ ဘာကများဆ၇ာ့ရဲ့စိတ်တွေကို ပြောင်းလဲစေခဲ့တာလဲ။ ဆရာ့ရဲ့ ကြယ်ငါးတွေကို ထားခဲ့ပြီလားလို့ မေးချင်ခဲ့မိတယ်။ တကယ်တော့ ဆရာ ဘာရည်ရွယ်ချက်တွေရှိလဲ၊ ဘာတွေဆက်လုပ်မှာလဲ၊ စသဖြင့် မေးခဲ့ဖို့ကောင်းတာ။ ဒါပေမဲ့ ဘာဖြစ်လို့မှန်းမသိဘူး။ ဆရာ့ကိုဘာဆိုဘာမှ မမေးခဲ့ဘူး။ ဆရာကလည်း ဘာကိုမှ မပြောခဲ့ဘူး။ တကယ့်ကို တိတ်တိတ်ဆိတ်ပဲ။ အကုန်လုံး တကွဲတပြားနဲ့ တိတ်တိတ်ဆိတ်ဆိတ်  ရွေ့လျားခဲ့ကြတယ်.။

နောက်တော့ဆရာ့ကို သတင်းဌာနတစ်ခုမှာအစီအစဉ်တင်ဆက်သူအဖြစ်ပြန်တွေ့ရတယ်။ ဂျီတော့ခ်မှာ အင်ဗိုက်လုပ်တော့ ချက်ချင်းလက်ခံပြီးဝမ်းသာအားရနဲ့စကားတွေလှမ်းပြောတယ်။ ဆရာက အရင်လိုဖြစ်သလိုနေတုန်းပဲ။ အရင်တုန်းက အိပ်မက်တွေနောက်ကိုလိုက် နေတုန်းပဲလား။ အဲဒီမေးခွန်းတွေကို နောက်မှမေး အခုမမေးနဲ့ဦး လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး သာကြောင်းမာကြောင်းတွေ အရင်မေးရတယ်။ ဆရာက အစီအစဉ်တစ်ခုလုပ်နေရင်းတန်းလန်းနဲ့မို့လို့ စကားစကိုဖြတ်လိုက်ရတယ်။ နောက်တစ်ခါ ဂျီတော့ခ် မီးလုံးလေးလင်းလာတာတွေ့မှပဲ မေးရတော့မယ်.. ကြယ်ငါးလေးတွေကို အရင်ကလို ပင်လယ်ထဲပစ်ချတုန်းပဲလား။ အရင်ကထက်ပိုပြီးပစ်ချနိုင်ရဲ့လားလို့ မေးချင်ပါသေးတယ်..။ ကျွန်မကိုယ်တိုင်ကိုက ဆရာ ပစ်ချပေးခဲ့တဲ့ ကြယ်ငါးလေးမဟုတ်လား..။


စိမ်းမြလင်းသစ်

17/04/2012

Thursday, 29 March 2012

အဖျား

ခေါင်းကိုက်တယ် စိတ်ရှုပ်တယ်
ဒီမိန်းမက မင်းတို့ပြောတဲ့အတိုင်း အသည်းမာတယ်
ခံစားချက်တွေကိုညာတယ်
မထင်ရင်မထင်သလို မထီတရီကြည့်ပစ်လိုက်ဖို့အမှတ်သညာပါတယ်
အရာရာကို ကျိတ်ခံစားပစ်ဖို့လွယ်သလို
အထင်လွဲခံပစ်ဖို့ဝန်မလေးဘူး
အစိုင်အခဲကြီးလွန်းတော့ အန်ထုတ်ပစ်လို့မရဘူး
ဝေးလည်းဝေးပါတယ်
နီးလည်းနီးပါတယ်
လက်ဆုပ်လက်ကိုင်ပြစရာအကြောင်းအရာတွေကလည်းများပါတယ်
လွဲချော်ခြင်းတွေများတဲ့အခါ
တစ်ခါတလေ ကိုယ့်ကိုယ်ကို ဟားပါတယ်။
တုံဏှိဘာဝေမျက်နှာထားနဲ့
မသိသလိုသိသလိုအထာနဲ့
ကလိသလို ရိသလိုအပြုံးတစ်ခုချမ်းသာတယ်။
အခုအချိန်မှာ
ခံစားချက်အကြောင်းမပြောဘူး
မျက်ရည်ခံမထိုးဘူး
မကြာခဏ ကိုယ့်ကိုယ်ကို လှောင်ရယ်ရယ်ခြင်းတစ်မျိုးကို
အသက်ကယ်ဆေးအဖြစ်မှီဝဲပါတယ်
အဖြစ်အပျက်တိုင်းဟာ
အနှောင့်အသွားမလွတ်ဘူး
အမှတ်လည်းမမှားဘူး။
အမှန်တရားလည်းမဟုတ်ဘူး။
လက်တွေ့လည်းမကျဘူး
အိပ်မက်လည်းမဆန်ဘူး။



စိမ်းမြလင်းသစ်
29/03/2012

Monday, 26 March 2012

ဂါထာ

လက်တွေ့ .. လက်တွေ့..
အသက်ကိုငွေ့ငွေ့ကလေးရှူ

သေချာခြင်းမသေချာခြင်း တွေဝေဒွိဟဖြစ်ခြင်း
အမှားလားအမှန်လားသိပ်မစဉ်းစားနဲ့
ဥာဏ်နည်းသူရဲ့လမ်းအတိုင်း ခေါင်းကိုရမ်း

ရှိတယ် သိတယ်
ဖြစ်မယ် ပျက်မယ်

အရာရာဘာကိုမှမငြင်းနဲ့ မတောင်းနဲ့
ပြီးရင်လည်းပြီးသွားမှာပဲ
ဒါဟာခဏတာ
ဒီညနေတွေဟာမကြာမကြာဖျားနေတယ်ဘယ်သူပြောလဲ

ဘယ်ကိုလည်းမကြည့်နဲ့ ညာကိုလည်းမကြည့်နဲ့
လက်တွေ့ လက်တွေ့ ...
အသက်ကိုငွေ့ငွေ့လေးရှူပြီး ရှေ့ကိုလှမ်း..။   ။



စိမ်းမြလင်းသစ်
(27/03/2012)

Monday, 2 January 2012

" သေချာပါတယ်..ဒါဟာ ရောဂါပဲ "

မိုးလင်းကတည်းက
အရင်က အရှင်းကြီးမသိခဲ့တဲ့အတိုင်း
ဘ၀ဟာ ဒီလိုချည့်ပဲလို့ ထပ်ပြန်တလဲလဲရေရွတ်နေခဲ့ရ
ရောဂါ...။


နောက်ကျခဲ့ပြီဆိုလည်း သိခွင့်တော့ရှိရမယ်
ပျော်ရွှင်မှုဆိုတာ သစ်ရွက်ငယ်ပေါ်က နှင်းရည်စက်ကလေး
လေတိုက်တိုင်းလွင့်ဝဲရာမို့
တဖျပ်ဖျပ်လင်းလက်ရတာ မောလွန်းတယ်..။


ဖျားနေကျနာနေကျ ကံတရားပါ
တစ်ရံတစ်ဆစ်ကလေးရယ်မှ မဖြစ်နိုင်တော့ပါဘူးလို့
အရင်ကတွေးမိခဲ့သလိုလေး
ပြန်တွေးမိခဲ့ဖို့ကောင်းပါရဲ့..။


အခုတော့
အထားအသိုတွေ အံလွဲ
အကျနာခဲ့ရတာပဲရယ်လို့မပြတ်တမ်းတွေး
အဖြေကိုသိတယ်...
တကယ်ပဲ..ကိုယ်က တစ်ကနေပြန်မစချင်တော့ရုံ..။


အမှန်အတိုင်းမြင်ရာ
မျက်နှာချင်းဆိုင်လိုက်တိုင်းဟာ အမှောင်ဘက်ခြမ်းချည့်
တစ်ချိန်ချိန်ဆိုတဲ့အတွေးတွေမှာ အမြဲတမ်းပဲ
သိပ်ကို သောက်ရေးသောက်ရာမပါတဲ့ အကြောင်းအရာတွေနဲ့ပဲ ချာချာလည်..။  ။




စိမ်းမြလင်းသစ်
(03/01/2012)

Monday, 12 December 2011

“ပေါင်မုန့်ဟာ ပေါင်မုန့်ပဲ..ပေါင်မုန့်ကိုပေါင်မုန့်ထက်ပိုပြီးမျှော်လင့်လို့မရဘူး...”

(ဘာရယ်မဟုတ်ဘူး..အရင်ကရေးဖူးတဲ့ ရယ်စရာအဟောင်းလေးကို အမှတ်တရပြန်တင်မိတာပါ...း) )

Tuesday, 6 December 2011

သင်ခန်းစာအကြီးကြီး

သင်ခန်းစာအကြီးကြီး
မကြည့်နိုင်တော့လို့မျက်လုံးကိုမှိတ်လိုက်ရ ။

သင်ခန်းစာအကြီးကြီး
မနက်မိုးလင်းကတည်းက တစ်စုံတစ်ခုကိုထိတ်လန့်နေရ ။

သင်ခန်းစာအကြီးကြီး
မဆန့်တော့လို့ ရင်ဘတ်ကနေပြန်အန်ထွက်တယ် ။

သင်ခန်းစာအကြီးကြီး
ကျနော့်စိတ်ဝိညာဉ်ကလေးဟာတဆတ်ဆတ်တုန်ခါလို့ ။

သင်ခန်းစာအကြီးကြီး
အသံလှိုင်းတွေကိုရိုက်ခတ်သွားတယ် ။

သင်ခန်းစာအကြီးကြီး
ကျောပိုးအိတ်ထဲမှာတနင့်တပိုးနဲ့.. ။

သင်ခန်းစာအကြီးကြီး
ကြည့်လိုက်တိုင်းမြင်ရာ...ကျနော့်မျက်လုံးတွေကိုပိတ်ကာလို့..။

သင်ခန်းစာအကြီးကြီး
မတွေးချင်ဘဲတွေးနေရတဲ့ အကြောင်းအရာ..။

သင်ခန်းစာအကြီးကြီး
ကျောရိုးတစ်လျှောက် အေးစိမ့်ပျံ့နှံ့..။

သင်ခန်းစာအကြီးကြီး
ကျနော့်နေ့ရက် ရှေ့အနာဂတ်တွေမှာ ရောက်လာဦးမလား.လို့။

သင်ခန်းစာအကြီးကြီး
ဒါဟာ ကျနော်ကိုယ်တိုင်ကိုယ်ကျယူခဲ့မိတဲ့သင်ခန်းစာ..။  ။



စိမ်းမြလင်းသစ်
(07/12/2011)



Friday, 2 December 2011

ဆက်ရန်ရှိနေဆဲခရီးက ဘယ်ဆီဘယ်ဝယ်...

ခုလတ်တလောမှာ ပြီးဆုံးသွားတော့မယ့် နှစ်ကာလတစ်ခုအကြောင်းဟာ ရုတ်တရက်ဆိုသလိုပဲ
ခေါင်းထဲကိုရောက်လာပါတယ်..။ လက်ရှိနေထိုင်နေတဲ့ နှစ်ကာလတစ်ခုဟာ ရင်းနှီးကျွမ်းဝင်ပြီးသားလူတစ်ယောက် ကိုယ့်အနားက မသိလိုက်မသိဘာသာနဲ့ တိတ်တဆိတ်ထွက်ခွာသွားတော့မယ့်အကြောင်းကို သွားရင်းလာရင်း နဲ့ကြားနေမိလို့ပါပဲ..။ အမြဲတွေ့နေကျ မျက်မှန်းတန်းရင်းနှီးနေကျ ဖြစ်တဲ့ အိမ်နီးချင်း တစ်ယောက် အိမ်ပြောင်းသွားတော့မယ်ဆိုတာ ရုတ်တရက်သိလိုက်ရမှ
 လှိုက်ခနဲစိတ်ဝင်စားသွားမိသလိုမျိုး ဖြတ်သန်းသွားမိတဲ့ လမ်းတစ်လျှောက်က ခရစ်စမတ်ထီးရှူးပင်လေးတွေ နဲ့ ခရစ်စမတ်သီချင်းတီးလုံးသံတွေကိုကြားလိုက်ရတဲ့အခါ၊ ရှော့ပင်းမောတလျှောက် ချိတ်ဆွဲထားတဲ့ ခရစ်စမတ်အလှဆင်ပစ္စည်းလေးတွေကို  မြင်လိုက်ရတဲ့အခါ သိပ်မကြာခင်ချန်ထားရစ်ခဲ့ရတော့မယ့်နှစ်ကာလလေးအကြောင်းကို
သေသေချာချာကိုပဲစိတ်ဝင်စားသွားမိပါတယ်။ ဒီနှစ်ကာလလေးအတွင်းမှာ ဘာတွေလုပ်ခဲ့သလဲ..၊ ဘယ်လိုတွေဖြတ်သန်းခဲ့ရသလဲဆိုတာတွေဟာ တစ်ခါတခါ မှတ်မှတ်ရရ၊ တစ်ခါတခါ တမင်တကာ လွှတ်ချ. နဲ့ နေ့ရက်တွေဟာ မှုန်တလှည့်ပြာတရီချည့် ပါပဲ။ လူဆိုတာ ကိုယ့်ကိုယ်ကို တည့်တည့်ပြန်မကြည့်ရဲတာကလွဲရင် ကျန်တာအကုန် စိတ်ဝင်စားတတ်တယ်ဆိုတာ ကုန်လွန်တော့မယ့်နှစ်ကာလအကြောင်းစဉ်းစားလိုက်မိတဲ့အခါမှ ကျွန်မ အသေအချာနားလည်လက်ခံမိပါတယ်။ ပိုင်ဆိုင်နေရတုန်းကတန်ဖိုးထားရမှန်းမသိဘူး..၊ ဆုံးရှုံးရခါနီးကျမှ တန်ဖိုးကြီးတယ် ဆိုတဲ့ဟောင်းနွမ်းနေတဲ့ စာသားလေးဟာလည်းခေါင်းထဲမှာလက်ခနဲ လင်းခနဲ..။
ချန်ခဲ့ရမယ့်အတိတ်ကာလအကြောင်းကိုပြန်စဉ်းစားလိုက်ရင် ဘာကိုဝမ်းနည်းမှန်းမသိဝမ်းနည်းလာရပါတယ်.။

အခုပြန်စဉ်းစားလိုက်မိရင် တကယ့်ကိုဘာမှမကြာခဲ့ဘူးလို့ထင်ရတဲ့ ကာလအပိုင်းအခြားလေးကို ဖြတ်သန်း
ခဲ့ရစဉ်တုန်းက သွေးပျက်တုန်လှုပ်စွာနဲ့ အချိန်တွေအမြန်ကုန်လွန်စေချင်တဲ့စိတ်နဲ့ အားတင့်းဖြတ်သန်းနေခဲ့ရတာကို မှတ်မိနေပါသေးတယ်။ အိမ်အပြန်လမ်းတွေမှာ အချိန်ပြည့်လိုလိုရွာနေတတ်တဲ့မိုးစက်တွေနဲ့ အေးစက်နေခဲ့ပြီး ကိုယ်တစ်ယောက်တည်းနေထိုင်ခွင့်ရတာမဟုတ်တဲ့ အခန်းလေးထဲမှာ အရင်က ကိုယ်မသိခဲ့ဖူးတဲ့ အခန်းဖော်မိန်းကလေးနဲ့ အတူတူ စကားတစ်ခွန်း၊အပြုံးတစ်ချက်
မပါဘဲ ခြောက်ကပ်စွာ ဖြတ်သန်းခဲ့ရဖူးပါတယ်.။ တစ်ကိုယ်တည်းချောက်ချားခဲ့တဲ့ (ချောက်ချားတယ်လို့
ထင်ခဲ့ရတဲ့) နေ့ရက်ပေါင်းများစွာဟာ ထိုအချိန်တုန်းကတော့ သွေးပျက်ဖွယ်ခြောက်လှန့်ခဲ့ပါသေးတယ်..။ ပစ္စုပ္ပန်ကနေပြေးထွက်ချင်နေတဲ့စိတ်က အဝေးမှာရှိနေတဲ့ နွေးထွေးခြင်းတွေပြည့်နှက်နေမယ့် အိမ်ကလေး
ကိုပြန်ရောက်နေတာကများပါတယ်.။ ဘ၀ကိုတစ်ယောက်တည်းရပ်တည်ရတော့မယ်ဆိုတဲ့အတွေးဟာ 25နှစ်ဆိုတဲ့အသက်အရွယ်ထိ မရင့်ကျက် မထောင်မတ်နိုင်သေးတဲ့ ကိုယ့်စိတ်ကိုယ်ကို ခြောက်လှန့်နေသလိုပါပဲ..။ အသက်ကို ခပ်ပြင်ပြင်းရှိုက်လို့ ကိုယ့်ကိုယ်ကို ခဏခဏ  ပြန်အားတင်းထားရတဲ့ရက်တွေထဲမှာ တကယ့်ကိုပဲအသားတကျဖြစ်ခဲ့ရပါတယ်..။ တစ်ခါတရံ ဘာကြောင့်များ အေးစက်ခြောက်သွေ့တဲ့အရပ်ဆီကို လာချင်ခဲ့ရတာလဲလို့
့တွေးမိခဲ့ရတာလည်း မကြာခဏပါပဲ။ တကယ်ဆိုရင် ကုန်လွန်ခဲ့တဲ့ မနှစ်ကခရစ်စမတ်ဟာ ပြန်မတွေးချင်တော့လောက်အောင်အေးစိမ့် သွေ့ခြောက်ခဲ့ပါတယ်..။

မှတ်မှတ်ရရပါပဲ..။ စိတ်သက်သာရာရမလားဆိုတဲ့စိတ်တွေနဲ့ အိမ်ကိုလွမ်းတဲ့ အလွမ်းတွေကိုပွေ့ပိုက်ပြီး
ပြီးခဲ့တဲ့ခရစ်စမတ်နေ့မှာ  တစ်ယောက်တည်း အပြင်ကိုထွက်လည်ခဲ့မိပါတယ်..။ မိမိကိုယ်တိုင်ဆီကပြေးထွက် ချင်နေတဲ့စိတ်နဲ့ ကိုယ်မဟုတ်တဲ့လူတွေအကိုန်လုံးကို လိုက်ကြည့်မိတယ်.။ပျော်ရွှင်စွာသီဆိုနေကြတဲ့
သီချင်းသံတွေ၊ မီးရောင်စုံနဲ့ပျော်ပွဲရွှင်ပွဲတွေ၊ ကြည်နူးစဖွယ်ကလေးငယ်တွေရဲ့ရယ်သံတွေ၊ ကြည်နူးစွာနဲ့ မီးရောင်စုံအောက်မှာ လက်တွဲလျှောက်လှမ်းနေကြတဲ့ ချစ်သူတွေ၊ ဆွတ်ပျံ့ကြည်နူးဖွယ် မိသားစုစုံစုံညီညီရယ်မောသံတွေဟာ ကျွန်မရင်ကိုတည့်တည့်ထိမှန်ပါတယ်။ အိမ်ကို ဖုန်းမဆက်ဖြစ်အောင် အားတင်း ထားတဲ့ကြားက အသားကျနေတဲ့လက်တွေက နှိပ်နေကျဖုန်းနံပါတ်ကို နှိပ်မိသွားတဲ့အခါ ကြားနေကျ မေမေ့ရဲ့စကားသံခပ်တိုးတိုးက  ကျွန်မကို MRT ပေါ်မှာ မျက်ရည်ကျစေခဲ့ပါတယ်။ အားနည်းသူအတွက်သွေးပျက်ဖွယ်..။ နွေတစ်လှည့် မိုးတလှည့် ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်ဟာ ကျွန်မကို ခပ်တိုးတိုးစိန်ခေါ်နေခဲ့ပါတယ်။ ရင်ဆိုင်တိုက်ခိုက်ပစ်ချင်တဲ့စိတ်တစ်ဝက်၊ မွန်းကျပ်နေတဲ့စိတ်တစ်ဝက် တို့ဟာ ခဏတာလွတ်မြောက်စေနိုင်တဲ့ စိတ်ရဲ့ ပြတင်းတံခါးတွေကို ရှာဖွေနေတော့တာပါပဲ..။ ကျွန်မအတွက် မိသားစု၊ ကိုယ့်ဝန်းကျင်အသိုင်းအ၀န်းနဲ့ တကယ့်ကိုနီးနီးလေးလို့ထင်ရမယ့် ပတ်ဝန်းကျင်လေးတစ်ခုကို ဖန်တီးပစ်ခဲ့မိပါတယ်..။
အရင်းနှီးဆုံး(လို့) ခံစားရတဲ့ သူငယ်ချင်းအနည်းငယ်ရှိတဲ့ အီးမေးလ်အကောင့်လေးထဲကနေ သူငယ်ချင်း မိတ်ဆွေနဲ့ မိသားစုတွေကို အားလပ်ချိန်တိုင်း အမြဲချောင်းကြည့်နေခဲ့မိတယ်..။ ဖေ့စ်ဘွတ်အကောင့်လေးကနေ သူငယ်ချင်း
တွေကိုကြည့်ရပါတယ်..။ ခံစားရသမျှကို စကားလုံးတွေနဲ့ဖွဲ့သီပစ်ခဲ့ပါတယ်..။ မိမိကိုယ်ကို ကလေးဆန်လွန်းလှချည့်လို့် မတွေးရက်လောက်အောင် စိတ်သက်သာရာရခဲ့ရပါတယ်..။

အဲ့ဒီအချိန်ကာလတွေကို ခုအချိန်ပြန်တွေးလိုက်တဲ့အခါ တကယ့်ကိုခဏလေးပါပဲ..။ ခိုင်မာတယ်လို့ထင်ရသမျှအရာတွေဟာ အရိပ်မျှသာဖြစ်ပြီး စိတ်ဟာ  ပတ်သတ်မှုပေါင်းများစွာကို ကြိုးလိုချည်ခဲ့မိတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်မကိုသင်ကြားခံခဲ့ရပြန်ပါတယ်။  အစ်ကိုတစ်ယောက်လို ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောဖူးပါတယ်.. ကျွန်မတို့ဟာ သူငယ်ချင်းသံယောဇဉ်ရော၊ မောင်နှမသံယောဇဉ်ပါ ခိုင်မာတဲ့အတွက် ကျွန်မကို ဘာမှအားမငယ်စေဖို့ပြောတုန်းက ကျွန်မ ပြုံးမိခဲ့ပါသေးတယ်..။ တကယ်ဆိုရင် စကားလုံးမှန်သမျှဟာ သိပ်ကိုအငွေ့ပျံလွယ်တတ်ကြောင်းသင်ခန်းစာတစ်ခုကိုကျွန်မသင်ယူရတော့မယ်မှန်း အဲ့ဒီတုန်းကမသိခဲ့လိုက်ပါဘူး..။ ခင်မင်ရင်းနှီးပြီးခဲ့ပြီးသားလူတွေကို အားကိုးမှီတွယ်ချင်တဲ့စိတ်ဟာ ရုတ်တရက်ဆိုသလို ချက်ချင်းဆိုသလိုပြောင်းလဲသွားပါတယ်..။ အေးအေးစက်စက်နဲ့ မိုးတွေရွာတဲ့တစ်ရက်မှာပဲ ဘာမဟုတ်တဲ့ (သိပ်မမှတ်မိတော့တဲ့) အကြောင်းအရာတစ်ခုအောက်မှာ သံယောဇဉ်ဟာ ချက်ချင်း အငွေ့ပျံ သွား ပါတော့ တယ်.။ ကျွန်မဟာ ကိုယ့်ကိုယ်ကိုကလွဲရင် ဘာကိုမှအယုံအကြည်မရှိတော့ပါဘူး..။ အဲ့ဒီအချိန်တွေတုန်းက Idiots အဖွဲ့ရဲ့ မင်းအတွက် မင်းရှိတယ်ဆိုတဲ့သီချင်း အခန်းထဲမှာ တစ်ယောက်တည်းရှိချိန်မှာ အကျယ်ကြီးဖွင့်ပြီး လိုက်ဆိုရတာ သိပ်ကိုနှစ်ခြိုက်ခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းစိတ်ရဲ့ပြတင်းတံခါး လို့ ကိုယ့်ဖာသာ နာမည် တပ်ထားတဲ့အရာတွေကို အပြီးအပိုင်ပိတ်ပစ်ခဲ့ပါတော့တယ်..

ထွက်ပေါက်တစ်ခုတစ်လေအတွက် စကားလုံးတွေမှာခံစားချက်တွေလိမ်းခြယ်ရင်း စာစုလေးတစ်ချို့တလေ
ရေးပါတယ်..။ ဘယ်သူ့အတွက်မှမဟုတ်တဲ့ ကျွန်မအတွက်သီးသန့် ဘလော့နေရာလေးတစ်ခုကိုဖန်တီးပြီး ကြည်နူးဖွယ်စိတ်ကိုမွေးမြူရပါတယ်။ အားလပ်ရက်တွေကို အွန်လိုင်းရုပ်ရှင်တွေနဲ့ သီချင်းသံတွေနဲ့ အားဖြည့်ပါတယ်။ စိုစိုပြေပြေဆိုတဲ့ စာသားကို ကျွန်မ ရပ်တန့်ပြီးမငေးမောတော့ပါဘူး။ ရသလောက်အတိုင်းအတာတစ်ခုအတွင်းမှာ တတ်နိုင်သမျှ သီချင်း တွေ ဆိုပြီး နိုင်သလောက်ပြုံးပစ်ပါတော့တယ်..။ စိမ်းလန်းစိုပြေဖို့ ၊ အထီးကျန်မှုကို ခေါင်းထဲမ၀င်ဖို့နဲ့တစ်ကိုယ်ရည်စာအပန်းဖြေဖို့ ဆိုတဲ့ စိတ်နဲ့ အခန်းထဲမှာစိုက်ပျိုးထားတဲ့ပန်းအိုးထဲက
သစ်ပင်လေးဟာစိုစိုပြေပြေနဲ့ လန်းဆန်းနေတုန်းပါပဲ။ ပြီးခဲ့တဲ့နှစ်က၀တ်ခဲ့တဲ့အ၀တ်အစားလေးတွေ

ဟောင်းနွမ်း သွားပြီဖြစ်တဲ့အကြောင်းကို ဒီနေ့ အကျီင်္ဝတ်ဖို့ပြင်ဆင်ရင်းတွေ့ရှိသွားတဲ့အခါ ကျွန်မရဲ့ စိတ်ကလေးကတော့ဟောင်းနွမ်းသွားလို့မဖြစ်ပါဘူးဆိုတဲ့အတွေးတစ်ချက်ဟာ လင်းခနဲတောက်ပလာပါတယ်..။ ကျွန်မရဲ့ စိတ်အပေါ်မှာတင်နေပြီဖြစ်တဲ့ ဟောင်းနွမ်းနေတဲ့စိတ်တွေ၊ ကိုယ့်ကိုယ်ကို မယုံရဲတဲ့ စိတ်တွေ၊ အရာရာကို မှီတွယ်အားကိုးချင်တဲ့စိတ်တွေကို အထူးတလည် ဆေးကြောရပါတော့မယ်..။ မနက်မိုးလင်းတိုင်း မှာ ဘယ်ကိုခရီးလွန်နေမှန်းမသိတော့တဲ့ အရင်တစ်ချိန်တွေဆီတုန်းက ကျွန်မရဲ့ အကောင်းမြင်တတ်ခဲ့ဖူးတဲ့စိတ်ကလေး နဲ့ ကျွန်မရဲ့ အမြဲတမ်းကြည်နူးနေတတ်တဲ့ စိတ်ငှက်ပြာပြာလေး ကိုပြန်လည်ရှာဖွေရပါဦးမယ်..။ဒါပေမဲ့ လက်ရှိအနေအထားအရတော့ တေးသီတဲ့ငှက်ကလေးတွေနဲ့ ကလေးငယ်တွေရဲ့ ရယ်မောသံတွေထဲမှာ ပျောရွှင်ခြင်းကို ရှာဖွေလို့ရနိုင်ပါရဲ့လားဆိုတာ သိပ်ကိုမသေချာတော့တဲ့အကြောင်းအရာ တစ်ပုဒ်ဖြစ်ခဲ့ပါပြီ။ ဖေဖေ့ဆံပင်တွေဖွေးဖွေးဖြူနေပြီလား..၊ မေမေ့မျက်လုံးတွေ
ပြာရီနေကြပြီလား ၊ ရန်ကုန်မှာကျတဲ့ ဒီနှစ်ဆောင်းဟာ အရင်နှစ်တွေကလိုပဲ အေးသလား၊ အရင်နှစ်တွေကထက်ပိုအေးသလား ဆိုတာတွေကို တတ်နိုင်သမျှ
မစဉ်းစားမိအောင်ကြိုးစားပစ်ရပါဦးမယ်..။ ဖုန်းလိုင်းတစ်လျှောက်ဖြတ်သန်းရောက်ရှိသွားမယ့်ကျွန်မအသံတွေထဲမှာ ပျော်ရွှင်တက်ကြွခြင်းသက်သက်ပဲပါသွားစေဖို့ ၊ တက်ကြွသော ကျွန်မ ပုံရိပ်ကိုသာ မြင်ရစေဖို့
သေသေချာချာကို မိမိကိုယ်ကို ပြန်လည် မွေးဖွားသန့်စင်ရဦးမှာပါ။ သီချင်းသံတွေမြူးမြူးကြွကြွကြားရတဲ့အခါမှာ ကျွန်မနှုတ်ခမ်းတွေ တဖွဖွလိုက်ရွတ်ဖတ်ရပါမယ်..။ စိတ်ဝင်စားပျော်ရွှင်မှုတွေကို စာအုပ်တွေ၊ စာသားတွေ၊ စကားလုံးတွေ၊ ရုပ်ရှင်တွေထဲမှာလိုက်လံရှာဖွေရပါမယ်..။ ပြီးခဲ့တဲ့နှစ်ကာလဟာ ကျွန်မအတွက် အရောင်တွေသိပ်ကိုစုံလင်ခဲ့ပါတယ်..။နောက်နှစ်မှာရောက်ရှိလာတော့မယ့်နေ့ရက်တွေထဲကနေ ကျန်ရစ်ခဲ့
တော့မယ့်နှစ်ဟောင်းလေးကိုတည်ငြိမ်တဲ့စိတ်တွေနဲ့ ကြည့်ပစ်ဖို့ အသေအချာလေ့ကျင့်နိုင်မယ်လို့ ယုံကြည် ပစ်သင့်ပါသလား..ဆိုတဲ့အကြောင်းအရာကို ခေါင်းထဲက ခဏဖယ်ထုတ်ထားပါဦးမယ်။ မနက်ဖြန်တွေ ဆီခရီးဆက်နှင်ဖို့ မင်းအတွက်မင်းရှိတယ်ဆိုတဲ့သီချင်းကိုခေါင်းမာမာနဲ့ ဆက်ညည်းရင်း လာမယ့်နေ့ရက် တွေသစ်လွင်တောက်ပနေစေဖို့  ဒီနေ့ထဲမှာပဲ စိတ်ကို နှစ်မြှုပ်ထားလိုက်ပါဦးမယ်..။











စိမ်းမြလင်းသစ်
03/12/2011

Saturday, 5 November 2011

မြက်ဖျားနှင်း


လေပဲတိုက်မလား..
နေပဲသာမလား
တထိတ်ထိတ်အတွေးတွေနဲ့မသေချာမှုတွေရဲ့ကြား
ငါ့မှာ...အရူးအမူးပျော်ပိုက်ရတယ်...
မြက်ဖျားကနှင်းစက်တွေလို...။   ။


စိမ်းမြလင်းသစ်
05/11/2011

(ပုံကို ဂူးဂဲလ် မှ သင့်တော်သလို ခိုးယူပါသည်..:P)


Monday, 31 October 2011

ဖြစ်ရပ်များ



ဖြစ်ရပ်များဟာပြာရီသွေ့ခြောက်လွန်းလှချည်ရဲ့..။

နိယာမတွေအတိုင်းပဲရွေ့လျားခဲ့ရတယ်

ကာလတစ်ခုအရောက်

လက်တွေဟာ ကြက်ခြေခတ်ခြင်းအတတ်ပညာမှာကျွမ်းကျင်ခဲ့ပြီ

အသိစိတ်ဟာ အမှောင်ထုထဲမှာပိုမိုလုံခြုံလာ...

ကိုယ့်ကိုယ်ကို (ခဏလောက်ဖြစ်ဖြစ်)

ကယ်တင်ကြည့်ဦးမယ်/ကယ်တင်ကြည့်ချင်တယ်။

မျက်လုံးကိုခဏလေးမှိတ်ထားလိုက်..။

အတိတ်ဟာ စိမ်းမြစိုလက်နေဆဲပဲလားလို့ စဉ်းစားကြည့်ရအောင်။


ဒီအကြောင်းအရာရောက်ရင် ခေါင်းကကိုက်ကိုက်လာတယ်

အတိတ်ဟာ အတွေးတွေနဲ့ တိုက်မိ ခိုက်မိလို့ မဖြစ်ဘူး

တလဲ့လဲ့တောက်ပနေခဲ့ဖူးတဲ့ရယ်မောသံတွေပြန်ပေးပါ

ကိုယ်သိရသမျှ

ချစ်ခြင်းမေတ္တာဟာ ဘယ်ဆီဘယ်ဝယ်ခရီးလွန်နေခဲ့ပြီလဲမသိဘူး

အဲ့ဒီဖဲချပ်ကလေးကို မှောက်ထားတုန်းပဲ။

နာရီတွေရပ်တန့်နေခဲ့တာကြာပြီ..။

ဆောင်းဟာနှစ်အတော်ကြာတဲ့အထိမအေးမြတော့ဘူး။

နှင်းတွေကိုတစ်ခါလောက်ပဲမြင်ခဲ့ဖူးတယ်..။

အဲဒီနေ့က နှင်းတွေ ကားပြတင်းကနေ၀င်လာတယ်..။

သူ့ကျောင်းအကျီင်္လေးဟာ အဖြူရောင်လဲ့စင်လို့..။

ကချင်လွယ်အိတ် ၊ အပြာရောင်လုံချည်..။

မနက်ခင်းတစ်ခုလုံး နှင်းတွေနဲလင်းချင်းဖြူလွလို့

အဲ့ဒီအတိတ်ဟာ ဘယ်တော့ပြန်ကြည့်ကြည့်ဖွေးလက်တောက်ပလို့..။

ဘာကြောင့်များဒီအတိတ်ကလွဲရင် ကျန်တဲ့အရိပ်တွေမည်းသွားရသလဲ..။

မေးခွန်းတွေ တစ်စစီကွဲအက်နေတယ်..။

အမှားတွေထဲသွန်ချမိတဲ့နေ့ရက်တွေ

အခုထိ ကိုယ့်ကိုယ်တိုင် ပြန်မကြည့်ရဲသေးဘူး..။

အလင်းရောင်ကြောက်တတ်နေပြီဖြစ်တဲ့ မျက်လုံးတွေ

ကိုယ့်နှလုံးသားကိုပြန်ကြည့်ဖို့ ကျီးကြည့်ကြောင်ကြည့်..။

ငယ်ငယ်ကရိုးသားချင်ခဲ့သလောက်

အခုမရိုးသားတော့ဘူး..။

မျက်လုံးမှိတ်လိုက်ရင်ကိုပဲ

အတိတ်ဟာ ဇာတ်လမ်းတိုတစ်ခုရဲ့အမြန်ပြကွက်တွေလို..ဖျတ်ခနဲ..

ဖြစ်ရပ်များဟာ ပြာ ရီ သွေ့ ခြောက် လွန်း လှ ချည် ရဲ့..။





စိမ်းမြလင်းသစ်


(31/10/2011)



Tuesday, 25 October 2011

မွေးနေ့စိမ်းစိမ်း

တစ်နေ့ပြီးတစ်နေ့တွေ့ရမယ်

ပြက္ခဒိန်ကရက်စွဲတွေလေ

ဒီတစ်နေ့ဟောင်းပြီးတာနဲ့

နှစ်တစ်ခုပြောင်းမယ်…

အသက်နဲ့ ချိန်တွယ်တဲ့အချိန်တွေ


ကုန်လွယ်လွန်းတာလား

မကုန်နိုင်မခမ်းနိုင်လား

ဖယောင်းတိုင်မီးလေးတွေအတိုင်း

မှုတ်လိုက်တာငြိမ်းမှာလား

ဟက်ပီးဘက်ဒေးပါ..

အဝေးကြီးက အသံတွေ

နီးနီးလေးကအသံတွေ…

မေတ္တာနွေးနွေးနဲ့

ဟောဒီနေ့လေးကို သိမ်းထားချင်တယ် မေမေရယ်…

ဘ၀မှာ ဘယ်တော့ပြန်လှည့်လာလို့မရတဲ့

မွေးနေ့တွေလေ.. အခု နေ့ရက်တွေအတိုင်း

စီးဆင်းလို့…။
ိ့

မိုးလှိုင်ည


(ပထမဆုံးမွေးနေ့လက်ဆောင်ကဗျာ..)

Friday, 14 October 2011

သူငယ်ချင်းသိလား


သူငယ်ချင်းသိလား...
ခြောက်သွေ့နေတဲ့ သဲဖြူဖြူတွေကို လက်ထဲမှာဆုပ်ပြီး
ဖြည်းဖြည်းချင်းလွှတ်ချလိုက်ရတဲ့ အရသာ။
လေတိုက်ရင် တဖွဲဖွဲချင်း..၊ တဖြည်းဖြည်းချင်း...
လွင့်ပါးပျောက်ကွဲသွားလိုက်တာ
ဘ၀ဟာဒီအတိုင်းပဲလို့ အခါခါ တွေးမိတယ်
သူငယ်ချင်းသိလား...
ခုတလော ရေကြည်ရာမြက်နုရာဆိုတဲ့စကားမှာ
ခဏခဏငါ ဖျားနာရတယ်..။
အဆွေးသီချင်းတွေ၊ ဟာသကားတွေ
ရင်ဖွင့်စရာအတွက်
ဂျီတော့ခ်အကောင့်နဲ့ ဖေ့ဘွတ်ခ် အကောင့်တွေ
ခုတလော စိတ်ကူးတွေမှာ
ခြေနဲ့ထိုးဖွချင်တဲ့သဲမှုန်ကမ်းခြေ
တုံဏှိဘာဝေပင်လယ်ကြီး
ဘယ်တော့နီးမလဲမသိတဲ့ စိတ်ကူးတွေနောက်လိုက်ရင်း
စိတ်ကူးထဲကညနေခင်းတစ်ခုထဲမှာ
နင်နဲ့အတူ မသိလိုက်မသိဘာသာနဲ့
ပင်လယ်ကို ဒူးပေါ်မေးတင်ငေးကြည့်ပစ်မိတယ်။
သူငယ်ချင်းသိလား..။
ငါပြောမိပြန်ရင် နင်ကပြုံးဦးမလား
နောက်ဆုံးတစ်ခေါက်တွေ့တုန်း
ငါတို့သောက်မယ့်အအေးခွက်ထဲကရေခဲတုန်းတွေပျော်ကုန်တာ
စိတ်ညစ်တာတွေရောမွှေလိုက်လို့ လို့ဆိုရင်..။
သူငယ်ချင်းသိလား
ငါတော့
စိတ်ညစ်တဲ့အခါတိုင်း မျက်စိကိုမှိတ်လိုက်ရင်လေ
အဲ့ဒီတုန်းက မသောက်ဖြစ်ခဲ့တဲ့အအေးခွက်လေးနဲ့ ငါတို့စားပွဲဝိုင်းလေးဟာ
ငါ့စိတ်နဲ့အနီးဆုံးဆီမှာ..။




စိမ်းမြလင်းသစ်
(14/10/2011)