Tuesday, 20 December 2016

တစ်ခုသောညနေခင်းတနင်္ဂနွေ

ထိုနေ့က တနင်္ဂနွေနေ့ဖြစ်သည်။ နေမပူ၊ မိုးမရွာပါ။ ဘာမှလည်း သိပ်မထူးခြားလှပေမဲ့ ထိုနေ့က ကန်ဘေးကခုံတစ်ခုတွင် ထိုင်ခဲ့ပါသည်။  ရေကန်ဘေးခပ်လှမ်းလှမ်းက ခုံငယ်လေးတွင် လူတစ်ကိုယ်စာထိုင်ချလိုက်ပြီးနောက် လေညင်းအေးအေး အောက်တွင် တိမ်တွေကိုတစ်လှည့် တိုက်မြင့်မြင့်ကြီးတွေကိုတစ်လှ
ည့် အပန်းလာဖြေကြသော လူတွေကိုတစ်လှည့် ငေးနေခဲ့သည်။ ငယ်ငယ်က ကိုယ် မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးသည်မှာ ကန်ဘေးတွင် အေးအေးလူလူဖြင့် မကြာခဏထိုင်ရဖို့ဖြစ်သည်။ ကန်လေးတစ်ကန်ဘေးတွင်ဖြစ်ရမည်။ ခပ်ပြေပြေလေညင်းကလေးတိုက်ခတ်နေရမည်။ ပန်းကလေး တစ်ချို့တလေလည်း ပွင့်နေရမည်။ ငှက်သံလေးတွေ မကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေရမည်။ စသဖြင့် စိတ်ကူးတွေ ယဉ်ခဲ့ဖူးသည်။ အခုတော့ ကိုယ် ကန်ဘေးတွင်ထိုင်နေသည်။ အပန်းဖြေသူတွေများသောကြောင့် တိတ်ဆိတ်မနေပါ။ ကိုယ့်ဘေးတွင် ကလေးတစ်ယောက် ပြေးလွှားဆော့ကစားနေခဲ့ပြီး ကန်ရှေ့တွင် မိသားစုတွေ ဓာတ်ပုံရိုက်နေကြသည်။ ကျေးငှက်သံတွေလည်းမကြားရပါ။ လူလည်းရှင်းမနေပါ.။ သို့သော် ကိုယ်က ရေကန်ဘေးခပ်လှမ်းလှမ်းက ခုံတန်းရှည်လေးတွင် ထိုင်နေပါသည်။  ရေကန်အကျယ်ကြီးကိုဖြတ်တိုက်လာသော လေသည် ကိုယ့် စိတ်ထဲက အပူတွေကိုပါ သယ်ဆောင် ဖြတ်ပြေးသွားသလိုပင်။ ဘာရယ်မဟုတ်ဘဲ ကိုယ်က ကန်ပြင်ကို ငေးကြည့်နေရသည်ကို ကြိုက်နေမိသည်။ ထိုစဉ်ခဏက.. စိတ်ထဲတွင် ကြည်လင်လို့နေသည်။  ထိုစဉ်ခဏက.. ပတ်ဝန်းကျင်သည် သိပ်ကိုလှနေသည်။ ထိုစဉ်ခဏတုန်းက.. ကန်ရေပြင်၊ တိုက်ခတ်လာသော လေတို့နှင့်အတူ ရွေ့လျားသွားသော လှိုင်းကြက်ခွပ်လေးတွေကိုကြည့်ရင်း ဖြင့်  သူနှင့်ကိုယ်  စကားတွေအများကြီးပြောဖြစ်ခဲ့ပါသည်။

တကယ်တော့ လူတစ်ယောက်ကို အတွင်းကျကျ ကိုယ့်စိတ်ခံစားမှုတွေ ပြောဖြစ်ဖို့ဆိုတာ ခံစားချက်တွေစီးကူးမိကြဖို့လိုသည်။ ကိုယ့်ခံစားချက်ကို ရင်ဘတ်နဲ့ နှလုံးသားနဲ့နားထောင်ပေးနေတာပါလားဆိုတဲ့ စိတ်ခံစားချက်တစ်ခုလိုသည်။ ကိုယ်သည် သူ့ဆီက ထိုကဲ့သို့သော ခံစားချက်အလုံးစုံကို ဒီကန်လေးဘေးက ထိုင်ခုံလေးတွင်ထိုင်ရင်း သူ့ဆီက ရနေခဲ့သည်ဟု ယုံကြည်ပါသည်။

                                                 +++++++++

"  ဘာတွေတွေးနေတာလဲ.." ဆိုသော ဖျတ်ခနဲအမေးမှာ သူ့ကိုလှမ်းကြည့်မိတော့ ကိုယ့်ကိုပြုံးကြည့်နေတွေ့ရသည်။  ကိုယ်က အမှတ်တမဲ့ပဲ ခေါင်းခါလိုက်မိပြန်သည်။ အမှန်က ဒီနေရာလေးမှာထိုင်မိတိုင်း ကိုယ့်အတွေးတွေများမိမြဲဖြစ်သည်။ စကားနည်းလွန်းလှသော ကိုယ့်အတွက် ကိုယ့်ကိုတစ်ချက်တစ်ချက်ငေးငေးကြည့်သော သူ့မျက်ဝန်းများထံတွင်စကားများစွာပြောချင်လာသည်။

" အမှန်တော့  ဒီနေရာလေးကိုရောက်တိုင်း အများကြီးတွေးဖြစ်တယ်.. "
ကိုယ့်ရဲ့ ခပ်တိုးတိုးစကားကို သူက  ကန်ရေပြင်ကိုငေးရင်း တိတ်ဆိတ်လေးနက်စွာ နားထောင်နေသည်။
" ခိုင်လေ ဒီကိုရောက်မှ ကံဆိုတာကို ပိုယုံလာတယ်..။ မမြင်ရတဲ့ကံတွေရဲ့အကြောင်း.."

သူက မျက်လုံးတစ်ချက်ဝင့်ကြည့်သည်.။

" ဟုတ်တယ်..ကံကြမ္မာ... သေးသေးတင်ကံ ဆိုပေမဲ့ ဘ၀တွေပေါ်မှာ အကြီးကြီး လွှမ်းမိုးနေတဲ့ကံတရားတွေ.."

ကိုယ်က မပြုံးဘဲ ပြောမိပေမဲ့ သူက ပြုံးသည်။ သူ့အပြုံးရဲ့ အအေးဓာတ်တချို့က ကိုယ့်ရင်ကိုလာထိနေသည်။ သူ့မျက်မှန်ပေါ်တွင် ရေကန်၏ အရိပ်တချို့ ထင်ဟပ်လျက်ရှိနေပြန်သည်..။ ကိုယ်က တိုးတိုးလေးပြောမိသည်။

" ကံတရားရဲ့ အလှည့်တစ်ခုမှာ အခြေအနေတွေ ဖျတ်ခနဲပြောင်းသွားတာမျိုးတွေတွေအများကြီးပဲ..လူကိုယ်တိုင်သိပ်မရွေ့ရဘဲ ကံကရွှေ့ပေးလို့ အများကြီးရွေ့သွားတဲ့လူတွေ၊ နောက်ပြီးတော့ ကိုယ်ကပြေးနေပေမဲ့ ကံကြောင့်နှေးနေတဲ့လူတွေ..."

သူငေးနေပါသည်။ တွေးနေသည်ထင်သည်။ ကိုယ်သည် တိုက်ခတ်လာသော လေပြည်ကြောတွင်စီးမျောရင်း ခေါင်းကိုမော့ကာ အဝေးကိုငေးမိပါသည်။ ကိုယ့်ဆံပင်ပျော့ပျော့တွေ လေအဝှေ့တွင် ၀ဲနေလိမ့်မည် ထင်ပါသည်။ ကန်ပြင်တွင် လေတိုက်တိုင်းလှိုင်းကလေးတွေခပ်စိပ်စိပ်ပြေးနေသည်။ ကမ်းတစ်ဖက်တွင် တိုက်အမြင့်ကြီးတွေကိုမြင်နေရသည်။ ကိုယ် ဒီနေရာတွင်ခဏခဏလာထိုင်မိသော်လည်း ထိုတိုက်အမြင့်ကြီးတွေဟာဘာတွေမှန်းသတိမထားမိခဲ့ပါ။ ကိုယ်မှတ်မိသလောက်တော့ ဘဏ်တစ်ခု ရှိသည်။ ဟိုတယ်တစ်ခုရှိသည်။ လူများစွာက နောက်ခံထားပြီးဓာတ်ပုံရိုက်လေ့ရှိသောရေပန်းထွက်နေသော ခြင်္သေ့ခေါင်းရုပ်တစ်ခုရှိသည်။ ကာစီနိုတစ်ခုလှမ်းတွေ့နေရသည်။ ကျန်တာဘာတွေလည်းမသိတော့။ စိတ်လည်းမ၀င်စားချင်။ စိတ်မွန်းကျပ်မှုထွက်ပေါက်အတွက်သာဖြစ်၍ ကန်ရေပြင်မှလွဲပြီး တခြားကိုသိပ်မကြည့်မိတာဖြစ်မည်။  ဒါမှမဟုတ်လည်း ကိုယ်သည် မွန်းကျပ်နေမိသောစိတ်ကို ကန်ရေပြင်ထဲ မျှောထည့်လိုက်ရုံသက်သက် ကန်ရေပြင်ကိုကြည့်လို၍လည်းဖြစ်မည်။ ကိုယ့်အတွေးစိတ်သည် ကြာပန်းတစ်ချို့ပေါက်နေသော ငယ်ငယ်က မြင်ခဲ့ဖူးသည့် ရေကန်ကျယ်တစ်ခုဆီသို့ရောက်သွားသည်။ သူက..

" အင်း..ဟုတ်တာပေါ့ ခိုင်ရဲ့..တကယ်တော့ကိုယ်တို့က မမြင်ရတဲ့ကံတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှင်သန်နေရတာ..ကိုယ်ဆိုရင်လေ ခုနောက်ပိုင်း ဘာကိုမှတရားသေ ဖက်တွယ်ဆုပ်ကိုင်မထားချင်တော့ဘူး..ဖြစ်ချင်တာတွေလုပ်နေပေမဲ့ ဖြစ်ချင်မှဖြစ်လာတာလေ..တစ်ခါတလေ တော့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးပဲထားမိတော့တယ်"

သူ့စကားသံက တိုးတိတ်ညင်သာသည်။ လေအဝှေ့တွင် သူ့စကားလုံးများသည် ကိုယ့်နားထဲသို့ ဖြေးဖြေးညင်သာစွာ ၀င်လာကြသည်။ သူ့မျက်ဝန်းတွေက နူးညံ့ညင်သာစွာဖြင့် ကန်ရေပြင်ကိုငေးနေသည်။ သူ့စိတ်သည်လည်း အခုအချိန်တွင် ပေါ့ပေါ့ပါးပါးဖြစ်နေလိမ့်မည် ထင်ပါသည်။  ပေါ့ပေါ့နေခြင်းနှင့် ပျော်ပျော်နေခြင်းဆိုသည့် စကားလုံးကွာခြားချက်ဆီကို စိတ်က ရောက်သွားမိပြန်သည်။ သူပြောတာ ပေါ့ပေါ့တန်တန် ဆိုသည့်သဘောမဟုတ်လောက်၊ ပေါ့ပေါ့ပါးပါးဟု ပြောခြင်းဖြစ်မည်။ သူပြောချင်တာကို ကိုယ်သေချာနားလည်နေပါသည်။

                                                                           +++++++


ငယ်ငယ်တုန်းက အိမ်နှင့်အနည်းငယ်လှမ်းသည့် ကျောင်းကိုလမ်းလျှောက်သွားသည့်အခါတိုင်း လမ်းမှာလက်ဆည်ကန်တစ်ခုဘေးက ဖြတ်သွားရလေ့ရှိသည်။ မိုးတွင်းဆိုရင် ကိုယ့်ဂါဝန်လေးကိုမ,ကာ မ, ကာနှင့် ရွှံ့ဗွက်တွေကိုကျော်သွားရတိုင်းလည်း ရေကန်ကို မငေးဘဲမနေနိုင်ပြန်။ ရေကန်ထဲမှာ ကြာတွေ ပွင့်တတ်သည်။ ထိုစဉ်အချိန်တုန်းကတော့ ရေမြင့်လေ ကြာတင့်လေ ဆိုတဲ့စကားကို ကိုယ် သိပ်နားမလည်တတ်ခဲ့သေးပါ။ ကံဆိုတာ က ရေအမြင့်နဲ့တူပြီး ကြာဆိုတာက အောင်မြင်မှုနဲ့တူမည် လို့ ခုတော့ တွေးနေတတ်ခဲ့ပြီ။

" ငယ်ငယ်တုန်းက ခိုင့်ကို ဆရာတစ်ယောက်က ပြောဖူးတယ် သိလား..။ လူတွေဟာ တစ်နည်းနည်းနဲ့ ကံကြမ္မာအရ သတ်မှတ်ပြဌာန်းခံထားရပြီးသားလူတွေတဲ့.။ အဲဒီတုန်းကတော့ အပြင်းအထန်ငြင်းမိခဲ့တယ်ထင်တယ်.. အခုတော့ တစ်ချို့နေရာတွေမှာ ကိုယ်တိုင်ကြုံထားတော့လည်း အဲဒါဟာငြင်းလို့ကိုမရတော့တဲ့အကြောင်းအရာဖြစ်နေပြီလေ.."

သူ ကိုယ့်ကို နွေးထွေးစွာ တစ်ချက်ကြည့်သည်။ ထို့နောက်သူ ပြုံးလိုက်ပြန်သည်။ ဘာရယ်မဟုတ်ပါဘဲ သူရောကိုယ်ပါတစ်ခဏလောက် ငြိမ်သက်သွားသည်။ ကိုယ့်ဘေးက ကလေးငယ်သည် ဓာတ်ပုံရိုက်ရန် ပို့စ်အမျိုးမျိုးပေးလျက်ရှိသည်။ ကလေးငယ်သည် အပြစ်အကင်စင်ဆုံးပြုံးလျက် ဓာတ်ပုံရိုက်ပေးနေသော သူ့အဖေကို ကြည့်နေသည်။ ကလေးငယ်၏အပြစ်ကင်းလှသော အပြုံးငယ်လေးကို ကိုယ်ခဏငေးကြည့်မိနေသည်။ ကိုယ့်တွင်လည်း တစ်ချိန်တုန်းက ဘယ်အချိန်ဘာဖြစ်မည်ဟု မသိတတ်သော ပူပန်ကင်းမှုမျိုးဖြင့်ပျော်ရွှင်ခြင်းတို့ ရှိခဲ့ပါလိမ့်မည်။

" ခိုင်လေ.. ငယ်ငယ်က ခဏခဏတွေးခဲ့ဖူးတယ်.. လုပ်သလောက်မဖြစ်တတ်လွန်းတဲ့ကံကို အားမလိုအားမရနဲ့ပေါ့.။ ဒါပေမဲ့ အချိန်ကာလဆိုတာမျိုးကလည်း စိတ်ခံစားချက်တွေကို ပါးလျားသွားစေလိုက်တာနော်.။ အခုဆိုရင် ကိုယ်ရသလောက်ကြိုးစားပြီး ကံပေးသလောက်အတိုင်းအတာ ဘောင်လေးထဲကနေပြီး အကောင်းဆုံးလို့ယူဆတဲ့အရာတွေကို ရွေးချယ်လုပ်ကိုင်ရင်းနဲ့ ပျော်အောင်နေတတ်နေပြီ.. ထိုင်နေတာမှမဟုတ်တာ.. ကိုယ့်ရဲ့ပေးသလောက်ကံထဲကနေ သွားတော့ သွားနေရတာပဲ..ငယ်ငယ်ကဆိုရင် ဒီလိုဘယ်ဟုတ်လိမ့်မလဲ..ဒါကိုဘ၀လို့များခေါ်ရမလားပဲနော်"

" အင်း..ဒါပေမဲ့ ခိုင်ရဲ့.. ကိုယ်တို့တွေ ထိုင်မနေဖို့ပဲလိုတယ်လေ..။ ဖြစ်လာတဲ့အခြေအနေကို အကောင်းမြင်ပြီး အတည့်အတိုင်းမြင်ပြီး လုပ်သင့်တာလေးတွေကို လုပ်ရင်းနေကြရမှာ. ဒါဟာထိုင်နေတာမဟုတ်ရင်ပြီးတာပဲ.။ ကံကြမ္မာအရ သတ်မှတ်ပြဌာန်းခံထားရပြီးသားဆိုပေမဲ့လည်း ရသမျှအနေအထားထဲကနေ ဖြစ်ပေါ်လာမယ့် အခွင့်အခါတစ်ရပ်အတွက်တော့ ကိုယ်ရနိုင်သလောက်လေးလုပ်နေရမှာပေါ့.. ဒါမှန်တာပေါ့..။  ဒီလိုစိတ်ထားလေးနဲ့အေးအေးချမ်းချမ်းလေးနေသွားကြရမှာ.."


အေးချမ်းမှု ဆိုတာ ပစ္စုပ္ပန်တည့်တည့်တွင်နေထိုင်ခြင်းဟု တစ်ခါတလေ ကိုယ်တွေးမိသည်။ မျှော်လင့်ခြင်းသည် လေးလံသော ၀န်ထုပ်ဝန်ပိုးဖြစ်လာသောအခါ ကိုယ့်ကို မျှော်လင့်ခြင်း၏ပူလောင်ခြင်းများက အနာဂတ်ကနေ ပစ္စုပ္ပန်အထိ ပူလောင်တတ်လာသည်။ အမှန်တကယ်ဆိုလျှင် လက်တွေ့အနေအထားတစ်ရပ်ကို ကျေကျေနပ်နပ်လက်ခံပစ်လိုက်ရခြင်းဆိုသည်မှာ ထင်သလောက်မလွယ်ကူလှပါ။ မျှော်လင့်ခြင်းတစ်ချို့၏ ပူလောင်ပြင်းပျမှုများက ကိုယ့်ကို လောင်ကျွမ်းစေခဲ့ပြီးသည့်နောက်တွင် ကိုယ်သည် မျှော်လင့်ခြင်းသက်သက်ကို မချဉ်းကပ်ချင်ခဲ့တော့ပါ။ တကယ်တော့ တချို့မျှော်လင့်ချက်တွေဟာ ကိုယ့်အတွက် ထပ်ခါထပ်ခါ ပွန်းပဲ့မှုတွေပဲဖြစ်ပြီး ကိုယ့်အတွက် စိတ်အမာရွတ်တွေပဲများလာသည်။ ခုတော့ ကိုယ်က မျှော်လင့်ချက်နဲ့ ပူးတုံခွာတုံ လုပ်နေတတ်ပြီ။ လိမ္မာလာပြီလို့ပဲ ဆိုပါစို့။

သူက ထပ်ပြောသည်...

" ခိုင်ရယ်..ကိုယ်တို့တွေဟာ မျှော်လင့်ခြင်းရဲ့ကျေးကျွန်တွေတော့ မဖြစ်သင့်ကြဘူးလေ.. မျှော်လင့်ခြင်းဆိုတာကို မျှော်လင့်ခြင်းသက်သက် ဖြစ်လာတဲ့အခါ လူကို သိပ်ပူလောင်စေတယ်. အဲဒါ သိပ်အရေးကြီးတယ်..သိလား ခိုင်ရဲ့..ဒါပေမဲ့လည်း ရောင့်ရဲခြင်းဆိုတာဟာ နဲ့ အပျင်းထူတာမဟုတ်ဘူး ခိုင်ရဲ့ ...ခိုင် လည်း အပျင်းထူမနေနဲ့ဦး...မျှော်လင့်ခြင်းဆီ ရောက်ဖို့ သွားတော့သွားနေရမှာပဲလေ. "

သူက ခပ်သဲ့သဲ့ ရယ်သည်။ ကိုယ်က အတွေးချင်းတူနေမှုအပေါ် အံ့အားသင့်ပြီး သူ့ကို ကြည့်မိတော့ သူက ကန်ရေပြင်ကိုငေးကြည့်ပြီး ပြုံးရယ်နေပြန်သည်။ သူ့ကိုကြည့်ရသည်မှာ သိပ်ကို ငြိမ်းချမ်းနေသော လူတစ်ယောက်လိုပါပဲ။ တိမ်တွေကို အမှတ်အမဲ့ငေးကြည့်နေသော ကြောင့် သူ့မျက်မှန်ပေါ်တွင်တိမ်ရိပ်တချို့ ဖြတ်ပြေးနေကြသည်။ သူ့နှုတ်ခမ်းတွေက ပြုံးလျက်ရှိပြီး..သူ့မျက်လုံးတွေကပါ အေးချမ်းနေကြသည်။ သူက ရုတ်တရက်ကိုယ့်ကို လှည့်ကြည့်တော့ ကိုယ်က အကြည့်ကိုအမြန်လွှဲပစ်ရပြန်သည်။ သို့သော် သူ့မျက်မှန်ပေါ်မှ တိမ်စတိမ်မျှင်တို့သည် ကိုယ့် နှလုံးသားထဲ ၀င်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဖြူလွနေသော တိမ်များ .သည် ဘယ်လောက်ကြာကြာ ကိုယ့်ရင်ထဲတွင် ငြိတွယ်နေကြမည်လဲ မသိ။ သူက ကိုယ့်ကို အပျင်းထူမနေနဲ့ လို့ပြောတော့ နည်းနည်းလေးတော့ ကိုယ် ပြုံးစိစိဖြစ်မိသည်။ ငယ်ငယ်ကဆို ကိုယ့်ကို ဆရာတစ်ယောက်က ပြောခဲ့ဖူးသည်။ ' ခိုင်ရဲ့.. ညည်းက half runner ...half sleeper '..တဲ့။ ထိုစဉ်တုန်းက ထိုဆရာကို နည်းနည်းတော့စိတ်တိုမိသည်။ ဘယ့်နှယ်.. ကိုယ့်တပည့်အရင်းကြီးကို အပျင်းထူ အအိပ်ပုပ်လို့ ပြောခဲ့တာကိုး။ ခုတော့ ထိုဆရာလည်း သူဖြစ်ချင်သော သူ့အိပ်မက်ကို ဟိုနားနည်းနည်းလေး ပြင်လိုက်၊ ဒီနားနည်းနည်းလေးပြင်လိုက်ဖြင့် ဆက်လက်ရေးဆွဲနေလေပြီ ။ ဒါဆို ကိုယ်ကရော...။


                                                                    +++++++


တစ်ခါတစ်ခါတော့လည်း ကိုယ်လုပ်ချင်သည့်အနေအထားတစ်ရပ်ကို လုပ်ဖို့အခွင့်အရေးမပေးတိုင်း ထိုင်နေခဲ့တာမဟုတ်မှန်းတော့ ကိုယ်သိပါသည်။ တစ်ချို့ကိစ္စများ တစ်ချို့နေရာများမှာ ကိုယ်ပြေးချင်တိုင်းပြေး၍မရမှန်းလည်းကိုယ်သိပါသည်။ အခက်အခဲတွေရင်ဆိုင်ရသောနေ့များတွင် ကိုယ်သည် ထိုနေ့ကိုအမြန်ဆုံးဖြစ်သည့်နည်းနှင့်အဆုံးသတ်ပစ်ချင်မိသည်။ ယခုတော့ ကိုယ်နည်းနည်းအရေထူသွားပြီလားမသိ။ ကိုယ်လုပ်ချင်သည့်မနိုင်ရင်ကာကိစ္စတစ်ချို့ကို စိတ်အေးလက်အေးမျက်နှာလွှဲနိုင်နေပြီ။ တစ်ခါတလေ အခွင့်အရေးလေးရလျှင် လုပ်ဖြစ်မည်။ မလုပ်ဖြစ်ချင်လည်းမလုပ်ဖြစ်ဘူးပေါ့။ ကိုယ့်ကိုယ်ကို သံသယ၀င်ချင်မိသည်။ ဒါသည်ပင် ကိုယ့်ရဲ့ ၀ီရိယမရှိခြင်းလား။ ကာလတစ်ခုကတိုက်စား၍သွားသော စိတ်ဓာတ်လား။  တကယ်တမ်းက အမှန်တရားတစ်ခုမဟုတ်တောင် ကိုယ့်ဆေးနည်းနဲ့ကိုယ်တော့ ဟုတ်နေကြောင်း ကိုယ်သိပါသည်။ တချို့တွေ ခရီးပိုရောက်ခြင်းမှာ စမှတ် တချို့ နှင့်ဆိုင်မည် ဆိုလျှင် ကိုယ်တို့သည် ရောက်ရှိနေသည့် နေရာတစ်ခုတည်းကို မတွက်သင့်။ တချို့တွေက ဘ၀ကို သုညကစရသည်ဟုပြောလျှင် တချို့ဘ၀တွေက အနုတ်လက္ခဏာ ကစခဲ့ရသည်။ တချို့က အပေါင်းလက္ခဏာ တချို့..တချို့တွေက...။ တကယ်ဆို ဘ၀ဆိုတာ ပန်းတိုင်ရယ်လို့မှ မရှိတာပဲ။ အောင်မြင်မှုကိုဘယ်လိုပေတံနှင့်တိုင်းမလဲ။ ကိုယ့်အတွေးထဲမှာ ဆင်ခြေတွေပြည့်နေအောင်တွေးမိတော့ ခပ်ရှက်ရှက်နဲ့ အသံထွက်အောင် ရယ်မိသည်။ သူကလည်း ပြုံးပြန်သည်။ သူ့အပြုံးမှ အနွေးဓာတ်လေးတစ်ခုသည် ကိုယ့် နှလုံးသားဆီထိသို့ ဖြတ်ပြီး စီးဆင်းသွားကြောင်း သိလိုက်ရသည်။ ဘာရယ်မဟုတ်ဘဲ ထွေရာလေးပါးစကားအနည်းအကျဉ်းကို ညနေခင်းတစ်ခုဆီမှာ သူနှင့်ကိုယ် လှလှပပ ဖြန့်ခင်းဖြစ်ခဲ့ကြသည်။  တကယ်ဆို ကန်လေးတစ်ခုရဲ့ဘေးမှာထိုင်ရင်း ကံအကြောင်း၊ မျှော်လင့်ခြင်းအကြောင်း စသဖြင့် ရောက်တတ်ရာရာပြောဖြစ်ခဲ့သော သူနှင့်ကိုယ်တို့နှစ်ယောက်မှာ တစ်ချိန်တွင် ဘာဖြစ်မယ်မှန်းမသိတတ်နိုင်သေးခင် ခုချိန်ခါမှာတော့ သေသေချာချာကို ကြည်နူးနေကြပါသည်။ ဆည်းဆာရောင်လက်လာပြီဖြစ်သော တိမ်တို့၏အရိပ်ထင်ဟပ်လျက်ရှိသော ကန်ဘေးတွင် အေးအေးလူလူထိုင်ရင်း တနင်္ဂနွေနေ့သည် ရှည်လျားလာပြီ။ တစ်စစတို၍သွားသော  ကိုယ်တို့၏ အားလပ်ချိန် ခဏတာအချိန်ငယ်လေးကို မကြာမီအချိန်အတွင်း ဤညနေခင်းတနင်္ဂနွေလေးတွင် နှစ်ယောက်သားခေါက်သိမ်းရပေလိမ့်ဦးမည်။ ကံ၏အကြောင်းများကို ဤကန်လေးဘေးတွင် ပြောပြီးသည့်နောက် ကိုယ်တို့တွေသည် မရေရာလှသော နေ့ရက်များစွာကို ရင်ဆိုင်ရန် ဘာတွေကိုယုံကြည်နေရဦးမည်လဲပင်မသိ  ။ ကိုယ့်ရဲ့အတွေးတွေကိုလည်း နောင်ဘယ်အချိန်ပြန်ရယ်မောပစ်မိမည်လဲ မသိ ။ ကိုယ့်ရဲ့ မျှော်လင့်ခြင်းတစ်ချို့တွေဆီကို ကိုယ်ကိုယ်တိုင် ဘယ်အချိန် ဘယ်လို ရောက်မည်လည်းမသိ။


စိမ်းမြလင်းသစ်

(20/09/2011)

ပျောက်ရှသွားတဲ့နေ့တွေ

အစကတော့ ဖုန်းမှ နှိုးစက်သံကို ခပ်တိုးတိုးကြားရသည် ထင်သည်။ တဖြည်းဖြည်း ကျယ်လောင်လာမှ ဘာတွေမှန်းမသိသော အိပ်မက်မှ အနည်းငယ်နိုးသွားသည်။ အကျင့်ပါနေသည့်လက်က အလိုအလျောက် ဖုန်းကို လှမ်းယူပြီး နှိုးစက်ကို လှမ်းပိတ်လိုက်သည်။ အခန်းဖော်က အလုပ်သွားရန်အသင့်ဖြစ်နေပြီ။ မနက်ခင်းတစ်ခုရောက်လာပြန်ပြီ။ ခဏနေရင် ရေချိုးရမည်။ ရေမချိုးခင် အရင်နိုးအောင် ကော်ဖီဖျော်ရဦးမည်။ ကိုယ့်အတွက်တော့ ကော်ဖီဟာ ဒုတိယနှိုးစက် ။ ကော်ဖီကိုအရသာခံမသောက်ဖြစ်သည်မှာ ကြာပြီ။ ကော်ဖီမော့ကိုမော့ပစ်ရမည်။ ကော်ဖီသောက်သည်ဟု မဆိုလိုပါ။  အလုပ်ခွင်ထဲရောက်အောင် ပေကပ်ကပ်နိုင်လှသော ကိုယ်ကောင်ကြီးကို ကော်ဖီဆိုသော နှင်တံနှင့် မောင်းရဦးမည်။ မနက်ခင်းသည် အပေါ်စီးကနေပြီး ခပ်စောင်းစောင်း ကြည့်နေသည်ထင်ပါသည်။ တစ်ခါတရံ မနက်ခင်းတိုင်းကို အမြင်မကြည်လှပါ။ ရေမိုးချိုးပြီးသွားပြီ။ ထုံးစံအတိုင်း ရေမွှေးဆွတ်လိုက်သည်။ ရေမွှေး၏အမည်က True Love ။ အစ်မကတော့ ငါ နင့်ရေမွှေးအနံ့ကိုမကြိုက်ဘူး.. ပူတယ် လို့ ပြောဖူးသည်။ နာမည်ကြောင့်ပူတာဖြစ်မည်လို့ ဂျစ်ကပ်ကပ် တွေးမိသည်။ အနံ့ကပူလို့ ဒီနာမည် ပေးတာလည်းဖြစ်နိုင်သည်။ ဘာမဆိုင်ညာမဆိုင်တွေးရင်း အခန်းတံခါးကို ဆွဲဖွင့်ကာ ထွက်လာခဲ့သည်။ အခန်းဖော်က သွားနှင့်ပြီ။ အခန်းသည် နွမ်းနယ်စွာ ကျန်နေခဲ့ပါလိမ့်ဦးမည်။ ကိုယ်ကလည်း ခြေထောက်ကို တရွတ်မတိုက်ရုံတမယ် ထွက်လာခဲ့ပါသည်။

စိတ်ကို MRT ထဲ ထည့်လွှတ်လိုက်ပါသည်။ လမ်းမတစ်လျှောက် လူတွေ ခပ်သုတ်သုတ်သွားနေကြသည်။ ဘာတွေအလျင်စလိုဖြစ်နေမှန်းမသိကြ။ MRT ကြီး ၀ုန်းခနဲ ပျောက်သွားတော့မဲ့အတိုင်း။ ကသုတ်ကရတ်နဲ့ လူတွေက တဝေါဝေါပြိုဆင်းလာနေကြသည်။ ဘာပဲပြောပြော သူတို့ကို ကြည့်ပြီးတော့ မလန်းဆန်းနိုင်သေးသော ခေါင်းကို ခါယမ်းပစ်မိရင်း နိးလိုက်ရသည်။ လူတွေကိုကြည့်ရတာ စက်ရုပ်တွေလိုပဲ။ နေ့စဉ် ဒီမြင်ကွင်းတွေပဲ။ သွားသုတ်သုတ်လာသုတ်သုတ် နှင့် မျက်နှာတွေကတော့ သိပ်ကို အရေးကြီးနေကြသော မျက်နှာတွေ။ ကိုယ် ဖြတ်သွားရသောလမ်းတွင် လမ်းဘေးမှာ သပြေပင်လေးတွေကို လူတစ်ယောက်၏ ခါးသာသာလောက်လေးတွေဖြတ်ပြီး စီတန်းပြီး စိုက်ထားသည်။ အရွက်လေးတွေက နီရဲပြီးသိပ်လှသည်။ နီနီရဲရဲအညွန့်လေးတွေကို မြင်ရင် မတို့ထိဘဲမနေနိုင်ပြန်။ ထိုအရွက်လေးတွေ စိမ်းကာစပြုလာရင် လာညှပ်သွားကြပြန်သည်။ ကိုယ်ကတော့ ဤအိမ်နားကို ရောက်ကာစက ဒီလမ်းကို လျှောက်တိုင်း ဘာမဆိုင်ညာမဆိုင် သပြေပင်လေးတွေကိုယ်စား စိတ်နာမိသည်။ ဘယ်နှယ့်...နုမယ်မှမကြံသေး.လှလို့မှမ၀သေး...လာလာပြီးညှပ်ကြသည်။ ကိုယ်ချင်းမှ မစာမနာ။  အမှန်ကတော့ လောကကြီးက သူ့ဟာသူနေတာဖြစ်ပြီး..ကိုယ်ကသာ မနေနိုင်မထိုင်နိုင် တွေးကြည့်မိနေခြင်းဖြစ်ပါလိမ့်မည်။

သူဌေးဆိုသည်မှာ အစဉ်သဖြင့် မျက်နှာပုပ်ထားတတ်ကာ လိုအပ်လျှင်ရော မလိုအပ်လျှင်ပါ အော်တတ် ပြီး တစ်ရုံးလုံး၏ အမုန်းကိုခံရသူဖြစ်ကြောင်းသိပါပြီ။ လုပ်ဖော်ကိုင်ဖက် ဆိုသည်မှာ မျက်နှာ ပုပ်သိုးသိုးနှင့် စကားများများမပြောတတ်ကြောင်းလည်း ခုတော့ဖြင့် သိပါပြီ။ သူတို့သည် ရံဖန်ရံခါ ကိုယ်နှင့်မဆိုင်ဘဲ ဆရာကြီးလုပ်ချင်လုပ်မည်။ ကိုယ်နားမလည်သောစကားဖြင့်လည်း ကိုယ့်အကြောင်းများပြောချင်ပြောမည်။ တူညီသောအချက်တစ်ခုကိုပြပါဆိုလျှင် သူတို့လည်း သူဌေးကိုမကြိုက်ခြင်းဖြစ်ပါလိမ့်မည်။ ကိုယ်မသိဘဲ ဆရာကြီးလုပ်ခြင်းဆိုသည်မှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်၏ ကျင့်ဝတ်ဖြစ်ကြောင်းသိလိုက်ရပါပြီ.။ တကယ်ဆိုရင် လောကကြီးကို အကောင်းမြင်စရာမလိုပါ။ အတည့်အတိုင်းမြင်ကြည့်ရန်သာလိုပါသည်။ ထိုသို့ အတည့်အတိုင်းမြင်ကြည့်ရန်ကြိုး
စားလိုက်သောအခါ လောကကြီးသည် တစောင်းကြီးဖြစ်သွားသည်။ အကောင်းမြင်ရန် ပြန်၍ကြိုးစားလိုက်သောအခါတွင်
လောကကြီးသည် အတည့်ပြန်ဖြစ်သွားပြီး ကိုယ်ကိုယ်တိုင်ကမူ စောင်းငန်းကြီးဖြစ်သွားလေတော့သည်။

တစ်နေ့တာဆိုသော စကားလုံးသည် စကားလုံးအနည်းငယ်မျှသာ ဖြစ်ပါသည်။ သို့သော် အချိန်ကာလသည် တစ်နေ့စာကြာမြင့်ပြီး  ဖြစ်ရပ်များသည် မနေ့ကနှင့်တော့ ခပ်ဆင်ဆင်တူပါသည်။ ယခုတော့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ရုံးအလုပ်များကို မလုပ်ချင်လုပ်ချင် လုပ်နေရဦးမည်။ တစ်ပတ်တစ်ပတ်ဟာ ငြီးငွေစရာဟု သူငယ်ချင်းတစ်ယောက်ကိုပြောမိတော့ သူက တစ်ပတ်တစ်ပတ်ဟာ အချိန်ခဏလေးပဲ ဟုပြန်ပြောဖူးသည်။ ကိုယ့်အတွက်တော့ အသားမကျတတ်သေးသမျှ အချိန်တွေက နှေးကွေးနေဆဲ။ ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုသော စကားလုံးလေးကို သတိရတိုင်း ဖုန်သုတ်မိတတ်တော့ တစ်ခါတစ်ခါ ပျော်ရာမှာ တကယ်မနေရဘူးလား အခုရောတကယ့်ကို တော်ရာမှာနေနေရလို့လားလို့ တကယ့်ကိုပဲ မဝေခွဲမတတ်နိင်ဖြစ်နေမိသေးသည်။ အခုအချိန်အထိတော့ မသေချာခြင်းတစ်ခုသည်ပင် သေချာခြင်းသက်သက်အဖြစ်ရှိနေပါလိမ့်ဦးမည်။

မျှော်လင့်နေသော ညနေ ရောက်လာပြီ။ မနက်ခင်းထက် ညနေခြေလှမ်းတွေက ကိုယ့်အတွက်တော့ ပို၍လှပနေပါသည်။ ရုံးအပြင်ကိုထွက်လာတော့ ညနေခင်းသည် သိပ်ကိုလှပနေပါသည်။ နေရောင်လည်းအေးသွားပြီ။ ညနေအရောင်သည် လဲ့လဲ့ဖြာဖြာဖြင့်။ အပြန်တွင်လည်း လူတွေက စက်ရုပ်တွေအတိုင်း MRT ဆီသို့ ဝေါခနဲပြိုဆင်းလာကြသည်။ သူတို့ကို ကြည့်မိတော့ တကယ့်ကို စက်ရုပ်တွေလိုပဲ။ အရယ်အပြုံးလည်းသိပ်မရှိကြ။ နွမ်းနယ်နေကြသော ခန္ဓာကိုယ်များကို သယ်လာရသောခြေလှမ်းများသည် အရပ်မျက်နှာအသီးသီးကိုပြိုဆင်းသွားကြသည်။ ကိုယ်ကတော့ ယောင်လို့မှ နှုတ်ဆက်စရာလူမရှိတိုင်း အိမ်အပြန် လမ်းဘေးက သပြေပင်လေးတွေကို ကြည့်မိတတ်တုန်းပဲ။ သပြေပင်လေးတွေ သိပ်ကိုလှကြသည်။ အညွန့်လေးတွေက နီရဲနေကြသည်။ နေပူလေ အညွန့်လေးတွေဖြာဝေလာကြလေ။ အညွန့်လေးတွေဖြာဝေလာလေ သိပ်ကိုလှလေ။ လမ်းသွားရင်းနဲ့ အညွန့်လေးတွေကို ကိုယ့်လက်ဖ၀ါးနဲ့ ပွတ်သပ်သွားမိစဉ် သပြေနုနုအညွန့်လေးများ၏နူးညံ့ခြင်းသည် ကိုယ့်လက်ဖ၀ါးဆီကို စီးဆင်းလာကြစမြဲ။ တစ်ခုပဲ. .။ သိပ်မကြာခင် လှလို့မှမ၀သေးခင် သပြေညွန့်လေးတွေကို လာညှပ်ကြလိမ့်ဦးမည်။




စိမ်းမြလင်းသစ်

(23/09/2011)

အလွမ်းဟာမော်နီတာထဲမှာတလွင့်လွင့်

ခုတလော မျက်စိမှိတ်လိုက်ရင်
ရင်ထဲကအစိုင်အခဲတွေပဲ တွေ့နေမိတယ်
မော်နီတာထဲစိတ်ကိုထည့်မျှောလိုက်တော့လည်း
လမ်းတစ်လျှောက်လုံးမှာ ကွန်နက်ရှင်ကမကောင်းဘူး
အသက်ရှူလိုက်တိုင်း
ရင်ထဲမှာတစ်စုံတစ်ခုခံနေတာကခက်တယ်
စကားပြောလိုက်တိုင်း လည်ချောင်းတစ်လျှောက်မှာတစ်ဆို့လို့
ဒါ..ရောဂါပဲ။
ဗွီဇက်အို အရိပ်မှာ
မေမေ့ပုံရိပ်လေး ရပ်တန့်သွားတုန်းခဏ
မျက်ဝန်းတွေမှုန်မှိုင်းနေတာတွေ့လိုက်ရတယ်
အလည်ပြန်လာမယ်ဆိုတဲ့စကားမှာ
မေမေလက်ချိုးရေနေမလား
စကားသံလေးထစ်အအ မှာ
မေမေ့သမီးကို လွမ်းနေမလား
ညည်းကိုအမြင်ကတ်တယ် ဆိုတဲ့ အပြုံးတစ်ဝက်စကားလုံးလေးဟာ
နားထဲမှာ ချိုလိုက်တာ မေမေရယ်
မနီးသေးခင်အထိတော့ ခရီးကဝေးဝေးနေရဦးမှာပဲမဟုတ်လား
ဒီလိုပဲ
ဝေးသွားလိုက်နီးသွားလိုက် ခရီးတွေ..၊.. မိုင်တွေ ။
စိတ်ချင်းဝေးမသွားဖို့ကိုပဲ ကြိုးစားနေရတယ်
တစ်ယောက်တည်းလို့ ခံစားမိတိုင်းမှာ
အလွမ်းတွေကတနင့်တပိုးနဲ့
အရင်ကထမင်းဝိုင်းလေးကို လွမ်းတယ်မေမေ..
ခုအချိန်ခဏမှာတော့
ကျနေတဲ့ကွန်နက်ရှင်ထဲပဲ
လွမ်းနေမိတဲ့စိတ်ကို ထည့်ထည့်မျှောနေမိဆဲ
အချိန်ရဦးမယ်ဆိုရင်တော့
မေမေ့ရင်ခွင်မှာ အရင်လိုလေးခဏလောက် ပြန်အိပ်ချင်ပါသေးရဲ့..။




စိမ်းမြလင်းသစ်
(29/09/2011)

အစိမ်းရောင်ထိုင်ခုံလေး

ထိုင်ခုံလေး က ထိုင်သူကင်းမဲ့လျက်ရှိသည်။ သံဖြင့်ပြုလုပ်ထားသော ထိုင်ခုံတန်းကလေး..။ အစိမ်းရောင်သုတ်ထားသည်။ သူမထိုင်နေသောခုံမှလှမ်းကြည့်လျှင် မျက်စောင်းထိုးအနေအထားတွင်တည်ရှိသည်။ ထိုင်ခုံလေး၏ အနောက်ဘက်တွင် လူတစ်ယောက်၏ ခါးသာသာ တိတိရိရိဖြတ်ထားသော ယုဇနပင်တန်းကလေးတစ်ခုက ကစားကွင်းကို စက်ဝိုင်းပုံသဏ္ဍာန်ပတ်လျက်တည်ရှိနေသည်။ သိပ်မကြာခင်က ရွာထားသောမိုးကြောင့် ထို ထိုင်ခုံကလေး၏ သံတန်းတစ်ချို့ပေါ်တွင် ရေစက်တစ်ချို့တင်လျက်ရှိကြသည်။ ယုဇန ပန်းရနံ့တို့သည် မွှေးပျံ့လျက်..။ မိုးနံ့အေးအေးနှင့်အတူ လေတစ်ချက်ဝှေ့ယမ်းလိုက်တိုင်း ပန်းရနံ့သည် အေးမြမွှေးပျံ့နေကြသည်။ ရောစုံလျှောကလေးတစ်ခုရှိသော ကလေးကစားကွင်းကလေးတစ်ခု၊ ထိုဘေးတွင် ကြက်တောင်ရိုက်ကွင်းကလေးတစ်ခု ..၊ မိုးရွာပြီးကာစ ပတ်ဝန်းကျင်၊ ည ကိုးနာရီကျော်ကျော်.. ခပ်သုတ်သုတ်လမ်းလျှောက်ပြန်လာကြသော လူအနည်းငယ်မှတစ်ပါး ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။ အခုအချိန်အထိ.. ထိုထိုင်ခုံအစိမ်းရောင်လေးတွင် လူမရှိ..။ ခုအချိန်အထိ တိတ်ဆိတ်နေလျှင် ဒီညလည်း ထိုအဘိုးအို..ရောက်မလာတော့ဘူး ထင်ပါသည်။


++++
(၁)
" အခုလိုမျိုး လွတ်ကျသွားတဲ့အရာကို ပြန်ကောက်ယူခွင့်ရတာဟာ ဘ၀မှာ ကံကောင်းခြင်းတစ်မျိုးပဲ ....၊ တချို့အရာတွေက လွတ်ကျသွားပြီးရင် ပြန်ကောက်ယူဖို့ခက်တယ် "

မိုးရိပ်တို့ကြားထဲ လေတစ်ချက်ဝှေ့လိုက်သောကြောင့် လွင့်ဝဲကျသွားသောကြက်တောင်လေးကို ကောက်ယူမည်ပြုလိုက်စဉ် အဘိုးအိုက ထိုင်ခုံအစိမ်းရောင်လေးတွင်ထိုင်နေရာမှ ကောက်ယူပေးပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဆွတ်ဆွတ်ဖြူသောဆံပင်၊ ပိန်ပိန်သွယ်သွယ်ကိုယ်ခန္ဓာနှင့် စူးရှတောက်ပသောအဘိုးအို၏မျက်လုံးများကို သူမဘာသာပြန်ဖို့ကြိုးစားလိုက်စဉ် တစ်လှမ်းချင်း အဘိုးအိုက စတင်ထွက်ခွာသွားပြီဖြစ်သည်။ မိုးစတွေလွင့်ဝဲလာပြီ.။ အဘိုးအိုက ဘာအဓိပ္ပာယ်နှင့်ပြောမှန်းမသိသော်လည်း အဘိုးအို၏ စကားလုံးလှိုင်းတို့သည် ရင်ဘတ်ကိုရိုက်ခတ်ခဲ့ပြီ။ လေသံတိုးတိုးမျှသာဖြစ်သော်လည်း စကားလုံးတို့သည် သူမရင်ကို အရှိန်ပြင်းပြင်း ၀င်တိုးကြသည်။ ခပ်ဝါ၀ါမီးရောင်များက မိုးတွေနဲ့အတူ ရင်ဘတ်ထဲအထိ ရွာနေဆဲ။ သူမဘာတွေလွတ်ကျခဲ့ပြီး ဘာတွေပြန်ကောက်ယူရပါမည်နည်း..။ မိုးတဖွဲဖွဲကြားတွင် အတွေးတွေ တ၀ုန်းဝုန်း ဘောင်ဘင်ခတ်ကျန်နေခဲ့သည်။ သူမ လက်ထဲတွင် အဘိုးအိုကောက်ပေးသွားသော အနားတွေဖွာစုတ်စပြုနေပြီးဖြစ်သည့် ကြက်တောင်ကလေးကို ငေးကြောင်ကြည့်နေမိလျက်သား..။


++++

(၂)

" ဘယ်အရာကိုမှ အပျော်သဘောမထားနဲ့ ကလေးမ..၊ ကစားပွဲတစ်ခုဆိုတာမှာလည်း ဘယ်အရာနဲ့ အနားသတ်မလဲဆိုတာ သတ်မှတ်ချက်ရှိရလိမ့်မယ် .."
လာပြန်ပြီ။ ဒီအဘိုးအို ၊ ဒီအသံ.၊ သူ ..ဘယ်အချိန်က ရောက်နှင့်နေသလဲ။ သူမနောက်နားက ထိုင်ခုံမှာ ထိုင်နေပြီး ပွဲကိုကြည့်နေတာလား။ အဘိုးအိုပြုံးနေသလား၊ မျက်နှာအနေအထားဘယ်လိုရှိနေသလဲ။ အရာရာကို မေ့မေ့ပျောက်ပျောက်သဘောဖြင့် စိတ်ကို ကစားပွဲထဲနှစ်ထားခဲ့ကာမှ..။ စိတ်ထဲမှအငေါ်တူးမိပြီး ချွေးသံတရွှဲရွှဲဖြင့် ကစားပွဲကို ဆက်ကစားနေမိသောကြောင့် သူမ မကြည့်အားသေးပါ။

" ကစားပွဲတစ်ခုဆိုတာ ဒီလိုပဲ ရပ်ပစ်လိုက်ဖို့ခက်တယ်၊ အနိုင်လိုချင်စိတ်နဲ့ ကစားတဲ့ပွဲတွေ အတွက် မင်းရဲ့ စိတ်ဝင်စားမှု၊ အလေးထားမှု အတော်များများကို မသိလိုက်မသိဘာသာ စွန့်လွှတ်နေရတာပဲ.."

အသံတိုးတိုး ..။ အနားကပ်ပြီး ပစ်လွှတ်လိုက်တဲ့ စကားလုံးနဲ့ယက်ထားတဲ့ မြားပဲ။ ရင်ကိုတည့်တည့်စူးဝင်တယ်..။ ကစားပွဲကို ခဏရပ်ပြီး လှည့်အကြည့်လိုက်မှာ အဘိုးအိုက လှည့်ထွက်သွားခဲ့ပြီ။ ခြေလှမ်း၊ အဘိုးအို..၀ါလဲ့လဲ့မီးရောင်၊ အေးစိမ့်နေသောလေတစ်ချက်အဝှေ့...၊ သူငယ်ချင်းရဲ့ ခေါ်သံ.. ။ စိတ်ပြေလက်ပျောက်ဟူသော ခေါင်းစဉ်အောက်တွင် ကစားနေခဲ့သော သူမ ကစားပွဲကို ဘယ်လိုရပ်ပစ်ခဲ့မိသလဲ မသိတော့။

++++

(၃)
" ဘ၀မှာတော့ တစ်ချို့အရာတွေကို အခုလိုမျိုး မင်း သစ်သီးရွေးသလို ရွေးလို့မရဘူး။ ဘ၀ဟာ တစ်လမ်းသွားသဘောဆောင်တယ်။ တစ်ခုကိုရွေးချယ်ပြီးရင် ကျန်တာကိုမရနိုင်တော့ဘူး။ အနည်းဆုံးတော့ သစ်သီးရွေးနေချိန်မှာတောင် အချိန်တစ်ချို့ကို စတေးလိုက်ရသေးတာပဲ။ ဒါပေမဲ့ တစ်ချို့သော ဘ၀ရဲ့ ရွေးချယ်ခြင်းတွေအတွက်တော့ တန်ဖိုးကြီးကြီးစတေးရတတ်တယ်.."

ပိန်ပိန်သွယ်သွယ်၊ အရေတွန့်တွန့်လက်ချောင်းတွေ ..၊ ကျက်မိနေပြီဖြစ်သောအဘိုးအို၏အသံ..။ သစ်သီးရွေးနေသော သူမလက်တွေတွန့်သွားသည်။ ကပျာကယာ မော့ကြည့်မိတော့ အဘိုးအို..။ သူမ၏ဘေးတွင် ရပ်နေသည်။ သစ်သီးလာဝယ်ဟန်တူသည်။ ဒေါသက ထောင်းခနဲ..။ သူများရဲ့ လွတ်လပ်ခွင့်ကို လာရှုပ်လွန်းတယ်..။ ဘာလို့ စကားလာလာပြောနေရသလဲ..။ သူမကို ဒီအဘိုးအို အသေအချာသိနေခဲ့တာလား..။ မေးခွန်းတွေက ဒေါသနှင့်အတူ တဖွားဖွား လွင့်လာနေပြီ..။

"..အဘိုး...ဘာလို့..."

သူမစကားမဆုံးလိုက်ပါ..။

" နုပျိုမှုဟာ အသွေးအသားထဲမှာရှင်သန်နေသေးသ၍ ဘာမဆို ရင်ဆိုင်ပြောင်းလဲပစ်ဖို့ နောက်မကျသေးဘူးလို့ ယူဆထားလို့ရနိုင်သေးတာပဲ.."

"....................."

အဘိုးအိုက နှေးကွေးသောခြေလှမ်းများဖြင့်ထွက်သွားနှင့်ပြီ။ ငွေရှင်းပြီးချိန်တွင် သူမအဘိုးအိုနောက်ပြေးလိုက်သော်လည်း မတွေ့ရတော့။


++++

အတွေးတွေဟာ မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေလိုပဲ..။ မရောရာ မသေချာ၊ အကောင်အထည်လည်းဖော်လို့မရ။ မျက်စိရှေ့တွင် လွင့်ပါးပျောက်ကွယ်သွားတာကို ငေးကြည့်ရင်း ၀မ်းနည်းလာမိသလိုပင်။ အလင်းတွေတစ်စစ ပြိုကွဲသွားစဉ်တွင် သူမတစ်ယောက်တည်း အခန်းအမှောင်ထဲမှာ တစ်ယောက်တည်းဖြစ်ဖြစ်နေခဲ့သည်။ အခန်းဟာ တိတ်ဆိတ်လို့နေသည်။ အားငယ်မိသောခံစားချက်ကို ကုစားပစ်ဖို့ စကားပြောဖော်တစ်ယောက်လောက်လိုနေပြီ။ သူငယ်ချင်းဆီသို့ဖုန်းဆက်ရန် ဖုန်းနံပါတ်ကို တတိယအကြိမ်မြောက်ထပ်မံခေါ်လိုက်စဉ် ..ခေါ်ဆိုမရနိုင်ကြောင်းထပ်မံနားထောင်လိုက်ရသည်။ စိတ်ပြေလက်ပျောက် တစ်ယောက်ယောက်နှင့် စကားပြောချင်လာကြောင်းတွေးလိုက်စဉ်တွင် သူမက ထူးခြားလှသော အဘိုးအိုကို သတိရလိုက်သည်။ ခြံထဲကို လှမ်းကြည့်မိတော့ ထိုင်ခုံလေးက လွတ်လျက်သား..။ မှတ်မှတ်ရရ..၊ သစ်သီးဆိုင်တွင် အဘိုးအိုအားတွေ့လိုက်ရခြင်းသည် နောက်ဆုံးတွေ့လိုက်ရခြင်းဖြစ်ကြောင်း ကြိုသိခဲ့ရပါလျှင် သူမ ၀ယ်လက်စ သစ်သီးများကို ပစ်ချပြီး အဘိုးအိုနောက်အား ပြေးလိုက်မိမည် ထင်ပါသည်။ အကယ်၍သာဆိုသောစကားလုံးသည် တကယ်မဟုတ်ဆိုသောသဘောဆောင်ပြီးပြီဖြစ်ကြောင်းတွေးမိပြီး အခန်းအပြင်ဘက် ထိုင်ခုံအစိမ်းရောင်လေးကို ကြည့်မိပြန်သည်။ ဒီညလည်း ထိုခုံအစိမ်းရောင်လေးဆီသို့ အဘိုးအို ရောက်လာလိမ့်မည်မထင်ပါ..။


စိမ်းမြလင်းသစ်

30/09/2011

သူငယ်ချင်းသိလား...

သူငယ်ချင်းသိလား
ခြောက်သွေ့နေတဲ့သဲဖြူဖြူတွေကို လက်ထဲမှာဆုပ်ပြီး
ဖြည်းဖြည်းချင်းလွှတ်ချလိုက်ရတဲ့အရသာ။
လေတိုက်ရင် တဖွဲဖွဲချင်း..၊ တဖြည်းဖြည်းချင်း...
လွင့်ပါးပျောက်ကွဲသွားလိုက်တာ
ဘ၀ဟာဒီအတိုင်းပဲလို့ အခါခါ တွေးမိတယ်
သူငယ်ချင်းသိလား...
ခုတလော ရေကြည်ရာမြက်နုရာဆိုတဲ့စကားမှာ
ခဏခဏငါ ဖျားနာရတယ်..။
အဆွေးသီချင်းတွေ၊ ဟာသကားတွေ
ရင်ဖွင့်စရာအတွက်
ဂျီတော့ခ်အကောင့်နဲ့ ဖေ့ဘွတ်ခ် အကောင့်တွေ
ခုတလော စိတ်ကူးတွေမှာ
ခြေနဲ့ထိုးဖွချင်တဲ့သဲမှုန်ကမ်းခြေ
တုံဏှိဘာဝေပင်လယ်ကြီး
ဘယ်တော့နီးမလဲမသိတဲ့ စိတ်ကူးတွေနောက်လိုက်ရင်း
စိတ်ကူးထဲကညနေခင်းတစ်ခုထဲမှာ
နင်နဲ့အတူမသိလိုက်မသိဘာသာ
ပင်လယ်ကို ဒူးပေါ်မေးတင်ငေးကြည့်ပစ်မိတယ်။
သူငယ်ချင်းသိလား..။
ငါပြောမိပြန်ရင် နင်ကပြုံးဦးမယ်
နောက်ဆုံးတစ်ခေါက်တွေ့တုန်း
ငါတို့သောက်မယ့်အအေးခွက်ထဲကရေခဲတုန်းတွေပျော်ကုန်တာ
စိတ်ညစ်တာတွေရေမွှေလိုက်လို့ လို့ဆိုရင်..။
သူငယ်ချင်းသိလား
ငါတော့
စိတ်ညစ်တဲ့အခါတိုင်း မျက်စိကိုမှိတ်လိုက်ရင်လေ
အဲ့ဒီတုန်းက မသောက်ဖြစ်ခဲ့တဲ့အအေးခွက်လေးနဲ့ ငါတို့စားပွဲဝိုင်းလေးဟာ
ငါ့စိတ်နဲ့အနီးဆုံးဆီမှာ..။


စိမ်းမြလင်းသစ်
(14/10/2011)

ရိုးတံသက်သက်...ဆောင်း

                                   
ဒီလိုပါပဲ
ပြတင်းကနေငေးကြည့်ရင်
တစ်ခါတလေတော့
လရောင်တွေစိုလက်နေတဲ့ အုန်းပင်အုန်းလက်ကို တွေ့ရမယ်
အလင်းစက်တွေကျဲပက်ထားတဲ့
အခန်းထဲကတစ်ဝက်တစ်ပျက်မြင်ရတဲ့ ကောင်းကင်
ဟင်းလင်းပွင့်နေဆဲ ဆောင်း
စာလုံးပေါင်းအမှားများစွာနဲ့ အေးခဲစိုလက်နေဆဲစာမျက်နှာ
ဒဏ်ရာတွေနဲ့ညည်းနေဖြစ်တဲ့သီချင်း
ညနေခင်းဟာ စိုစိုပြည်ပြည်ဖြစ်နေဆဲပဲ အခိုက်အတံ့
ခံစားချက်တွေကို ဖဲ့ခြွေချလိုက်တိုင်း တစိမ့်စိမ့်ကြွေနေဆဲ စကားလုံးများ
ရိုးတံချည့်သက်သက်ဆောင်းဟာ..
ဝေခဲ့ဖူးတဲ့ တစ်ချိန်ကနှင်းတွေကိုငေးတုန်းပဲ..
မပီဝိုးတ၀ါးဖြစ်ခြင်းစိတ်အလျင်နဲ့
တစ်ပွင့်စီသီထားတဲ့အမှတ်တရတွေထဲကိုမှ အလွမ်းကအလည်လာတယ်
ခွဲခွာခဲ့ပြီဆိုကတည်းက
ကပ်ပါလာတဲ့ အထီးကျန်ခြင်းဆိုတဲ့ အသားတံဆိပ်
အမှတ်တမဲ့ငေးကြည့်မိလိုက်ခြင်းဟာ
နှုတ်သီးဝါ၀ါနဲ့ငှက်ကလေးထိုးဆိတ်နေတဲ့ အစိမ်းရောင်ပန်းသီးဆီ
လူများ၊ ရေစီးကြောင်းများ၊ ရွေ့လျားနေခဲ့သောနှစ်ကာလများ နဲ့အတူ
ဖျတ်ခနဲနေရောင်မှာ ပျောက်မယ့်နှင်းစက်
အလွမ်းချည့်သက်သက်ရင်ဘတ်နဲ့
တောက်ထုတ်လိုက်ရင်ကြွေကျမယ့် စီးကရက်ပြာတစ်စ..ဟာ..။

စိမ်းမြလင်းသစ်

မြက်ဖျားနှင်း

               
လေပဲတိုက်မလား..

နေပဲသာမလား

တထိတ်ထိတ်အတွေးတွေနဲ့မသေချာမှုတွေရဲ့ကြား

ကိုယ့်မှာ..အရူးအမူးပျော်ပိုက်ရတယ်...

မြက်ဖျားကနှင်းစက်တွေလို...။   ။




စိမ်းမြလင်းသစ်
05/11/2011

သင်ခန်းစာအကြီးကြီး

သင်ခန်းစာအကြီးကြီး
မကြည့်နိုင်တော့လို့မျက်လုံးကိုမှိတ်လိုက်ရ ။

သင်ခန်းစာအကြီးကြီး
မနက်မိုးလင်းကတည်းက တစ်စုံတစ်ခုကိုထိတ်လန့်နေရ ။

သင်ခန်းစာအကြီးကြီး
မဆန့်နိုင်တော့လို့ ရင်ဘတ်ကနေပြန်အန်ထွက်တယ် ။

သင်ခန်းစာအကြီးကြီး
ကျနော့်စိတ်ဝိညာဉ်ကလေးဟာတဆတ်ဆတ်တုန်ခါလို့ ။

သင်ခန်းစာအကြီးကြီး
အသံလှိုင်းတွေကိုရိုက်ခတ်သွားတယ် ။

သင်ခန်းစာအကြီးကြီး
ကျောပိုးအိတ်ထဲမှာတနင့်တပိုးနဲ့.. ။

သင်ခန်းစာအကြီးကြီး
ကြည့်လိုက်တိုင်းမြင်ရာ...ကျနော့်မျက်လုံးတွေကိုပိတ်ကာလို့..။

သင်ခန်းစာအကြီးကြီး
မတွေးချင်ဘဲတွေးနေရတဲ့ အကြောင်းအရာ..။

သင်ခန်းစာအကြီးကြီး
ကျောရိုးတစ်လျှောက် အေးစိမ့်ပျံ့နှံ..။

သင်ခန်းစာအကြီးကြီး
ကျနော့်နေ့ရက် ရှေ့အနာဂတ်တွေမှာ ရောက်လာဦးမလား.လို့။

သင်ခန်းစာအကြီးကြီး
ဒါဟာ ကျနော်ကိုယ်တိုင်ကိုယ်ကျယူခဲ့မိတဲ့သင်ခန်းစာ..။  ။


စိမ်းမြလင်းသစ်

(07/12/2011)

" သေချာပါတယ်..ဒါဟာ ရောဂါပဲ "

မိုးလင်းကတည်းက
အရင်က အရှင်းကြီးမသိခဲ့တဲ့အတိုင်း
ဘ၀ဟာ ဒီလိုချည့်ပဲလို့ ထပ်ပြန်တလဲလဲရေရွတ်နေခဲ့ရ
ရောဂါ...။

နောက်ကျခဲ့ပြီဆိုလည်း သိခွင့်တော့ရှိရမယ်
ပျော်ရွှင်မှုဆိုတာ သစ်ရွက်ငယ်ပေါ်က နှင်းရည်စက်ကလေး
လေတိုက်တိုင်းလွင့်ဝဲရာမို့
တဖျပ်ဖျပ်လင်းလက်ရတာ မောလွန်းတယ်..။

ဖျားနေကျနာနေကျ ကံတရားပါ
တစ်ရံတစ်ဆစ်ကလေးရယ်မှ မဖြစ်နိုင်တော့ပါဘူးလို့
အရင်ကတွေးမိခဲ့သလိုလေး
ပြန်တွေးမိခဲ့ဖို့ကောင်းပါရဲ့..။

အခုတော့
အထားအသိုတွေ အံလွဲ
အကျနာခဲ့ရတာပဲရယ်လို့မပြတ်တမ်းတွေး
အဖြေကိုသိတယ်...
တကယ်ပဲ..ကိုယ်က တစ်ကပြန်မစချင်တော့ရုံ..။

အမှန်အတိုင်းမြင်ရာ
မျက်နှာချင်းဆိုင်လိုက်တိုင်းဟာ အမှောင်ကမ္ဘာဘက်ခြမ်းချည့်
တစ်ချိန်ချိန်ဆိုတဲ့အတွေးတွေမှာ အမြဲတမ်း
သိပ်ကို သောက်ရေးသောက်ရာမပါတဲ့ အကြောင်းအရာတွေနဲ့ပဲ ချာချာလည်..။  ။


စိမ်းမြလင်းသစ်
(03/01/2012)
www.seinnmyalinnthit.blogspot.com

ဂါထာ

လက်တွေ့ .. လက်တွေ့..
အသက်ကိုငွေ့ငွေ့ကလေးရှူ

သေချာခြင်းမသေချာခြင်း တွေဝေဒွိဟဖြစ်ခြင်း
အမှားလားအမှန်လားသိပ်မစဉ်းစားနဲ့
ဥာဏ်နည်းသူရဲ့လမ်းအတိုင်း ခေါင်းကိုရမ်း

ရှိတယ် သိတယ်
ဖြစ်မယ် ပျက်မယ်

အရာရာဘာကိုမှမငြင်းနဲ့ မတောင်းနဲ့
ပြီးရင်လည်းပြီးသွားမှာပဲ
ဒါဟာခဏတာ
ဒီညနေတွေဟာမကြာမကြာဖျားနေတယ်ဘယ်သူပြောလဲ

ဘယ်ကိုလည်းမကြည့်နဲ့ ညာကိုလည်းမကြည့်နဲ့
လက်တွေ့ လက်တွေ့ ...
အသက်ကိုငွေ့ငွေ့လေးရှူပြီး ရှေ့ကိုလှမ်း..။   ။



စိမ်းမြလင်းသစ်
(27/03/2012)

အဖျား

                 
ခေါင်းကိုက်တယ် စိတ်ရှုပ်တယ်
ဒီမိန်းမက မင်းတို့ပြောတဲ့အတိုင်း အသည်းမာတယ်
ခံစားချက်တွေကိုညာတယ်
မထင်ရင်မထင်သလို မထီတရီကြည့်ပစ်လိုက်ဖို့အမှတ်သညာပါတယ်
အရာရာကို ကျိတ်ခံစားပစ်ဖို့လွယ်သလို
အထင်လွဲခံပစ်ဖို့ဝန်မလေးဘူး
အစိုင်အခဲကြီးလွန်းတော့ အန်ထုတ်ပစ်လို့မရဘူး
ဝေးလည်းဝေးပါတယ်
နီးလည်းနီးပါတယ်
လက်ဆုပ်လက်ကိုင်ပြစရာအကြောင်းအရာတွေကလည်းများပါတယ်
လွဲချော်ခြင်းတွေများတဲ့အခါ
တစ်ခါတလေ ကိုယ့်ကိုယ်ကို ဟားပါတယ်။
တုံဏှိဘာဝေမျက်နှာထားနဲ့
မသိသလိုသိသလိုအထာနဲ့
ကလိသလို ရိသလိုအပြုံးတစ်ခုချမ်းသာတယ်။
အခုအချိန်မှာ
ခံစားချက်အကြောင်းမပြောဘူး
မျက်ရည်ခံမထိုးဘူး
မကြာခဏ ကိုယ့်ကိုယ်ကို လှောင်ရယ်ရယ်ခြင်းတစ်မျိုးကို
အသက်ကယ်ဆေးအဖြစ်မှီဝဲပါတယ်
အဖြစ်အပျက်တိုင်းဟာ
အနှောင့်အသွားမလွတ်ဘူး
အမှတ်လည်းမမှားဘူး။
အမှန်တရားလည်းမဟုတ်ဘူး။
လက်တွေ့လည်းမကျဘူး
အိပ်မက်လည်းမဆန်ဘူး။


စိမ်းမြလင်းသစ်
29/03/2012

ညှို့ချက်

                 
တိမ်တွေကအထပ်ထပ်နဲ့
တိမ်ညိုညို တိမ်ဖြူဖြူ ၊
ကောင်းကင်အပြာဖျော့ဖျော့ကိုအောက်ခံမှာထားလို့
တိမ်တွေဟာသိပ်ကိုလှတယ်လို့ ကိုယ်ကတွေးမိတော့ ရင်ဘတ်ကိုအသာဖိထားရသေးတယ်
အမှတ်တမဲ့ကြည့်မိတာပဲ။
တိမ်တွေကိုကြည့်နေရင်းနဲ့ ကိုယ့်ရင်ဟာတဒိတ်ဒိတ်
တငြိမ့်ငြိမ့်နဲ့ သိမ့်ခနဲသိမ့်ခနဲ
ခဏနေရင်တိမ်ညိုညိုတွေပြိုကျလာမှာလို့သိလည်း အကြည့်ကိုရွှေ့မရဘူး
အမှတ်တမဲ့မော့ကြည့်ရင်း အကြည့်ဟာ တိမ်တွေထဲမှာနစ်လို့
အကြည့်ကို တိမ်တွေထဲက ထုတ်မရဘူး
မနက်ခင်းကောင်းကင်ဟာ တိမ်ညိုညိုတွေကိုသယ်ပိုးလို့
ဘယ်အချိန်ရွာချမလဲ မသေချာဘူး
တိမ်ဖြူဖြူတွေဟာလည်း တရွေ့ရွေ့နဲ့မျောလွင့်လို့
လေပြည်လေးတိုက်လိုက်တဲ့ခဏမှာတော့
တိမ်တွေအပြည့်နဲ့ကောင်းကင်ဟာကိုယ့်ကိုငုံ့ကြည့်နေလားလို့တွေးမိတယ်
အမှတ်တမဲ့ကြည့်မိတဲ့ကိုယ်က လှမ်းလက်စခြေလှမ်းကိုရပ်လို့
ခြေလှမ်းတွေကိုရွေ့လို့မရဘူး
တိမ်တွေကိုခြေစုံရပ်မကြည့်ဖြစ်တာဘယ်လောက်ကြာပြီလဲလို့တွေးရင်း
အတွေးတွေက တိမ်တွေထဲနစ်လို့
ကိုယ်ဟာ ကိုယ်ကိုယ်တိုင်မသိလိုက်ဘဲနဲ့ တစ်ခုခုထဲနစ်လို့
ကိုယ်မသိလိုက်ဘဲနဲ့ မသိခြင်းတွေထဲနစ်လို့
ကိုယ်မသိလိုက်ပါဘဲနဲ့ ကိုယ်က ရွေ့လျားခြင်းတွေထဲတိတ်တိတ်ဆိတ်ဆိတ်နစ်လို့
နစ်မြုပ်နေခဲ့ရတဲ့အကြောင်းတွေကို တိမ်တွေထဲနစ်နေတဲ့စိတ်ကတဆင့်သိလိုက်ရတယ်
ဘယ်လိုမှရုန်းထွက်မရဘူး
ဒီနေ့မှပဲ အမှတ်တမဲ့နဲ့ တိမ်တွေကိုကြည့်မိတယ်
တိမ်ညိုညို တိမ်ဖြူဖြူတွေနဲ့
တိမ်တွေကသိပ်ထူထပ်နေလည်း တိမ်တွေသိပ်လှကြောင်းသိလိုက်ရတယ်
ရိုးရိုးလေးညှို့လိုက်တဲ့တိမ်တွေထဲမှာ
ကိုယ်က ဘယ်လိုမှရုန်းထွက်မရဘူး ။   ။


စိမ်းမြလင်းသစ်
(27/04/2012)
www.seinnmyalinnthit.blogspot.com

အပျင်းပြေ



အမှန်တကယ်ဆိုရင် ဒီခံစားချက်မျိုးတွေ မဖြစ်သင့်ပါဘူးလို့ စုကတွေးသည်။ ဖြစ်လိုရာဖြစ်စေဟု ဖြစ်တတ်သောသဘောတရားများကို လွယ်လင့်တကူ ဖြေလျော့ပေးခဲ့ပြီးကာမှ ၊ အရာအားလုံးအဆုံးသတ်ခဲ့ပြီးကာမှ ဒါမျိုးဟာ စိုးစဉ်းမျှ မဖြစ်သင့်တော့ပါဘူး။ စုကတွေးရင်း ရင်ဘတ်ကအောင့်တက်လာသော ငိုချင်သည့် ခံစားချက်ကို ပျက်ရယ်ပြုဖို့ကြိုးစားရသည်။  ခံစားချက်ကို ပြောင်းလဲပစ်ရမည်။ အလုပ်ထဲမှာ မျက်ရည်ကျခွင့်မရ၊ ခံစားချက်အတိုင်း မှိုင်တွေနေခွင့်မရ။ အရာရာဟာ ဟန်ဆောင်နေရတာချည့်ပါလို့ စုကတွေးရင်း အလုပ်ထဲကို စိတ်ပြန်နှစ်ဖို့ ကြိုးစားရသေးသည်။ တကယ်ဆိုရင် လောကထဲမှာ လူဖြစ်လာရတာကိုက ဟန်ဆောင်ရဖို့သက်သက်ဖြစ်သည် ဟု အရွဲ့တိုက်တွေးမိသည်။ ဟန်ဆောင်ကမ္ဘာလောကထဲမှာ ဘာတွေကိုများ မက်မောတွယ်တာနေရသေးသလဲ။ အရာအားလုံးက ရယ်စရာချည့်ပဲ။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ဟန်ဆောင်ကြသည်။ တစ်ယောက်ကိုတစ်ယောက် သနားကြင်နာချင်ဟန်ဆောင်ကြသည်။ ရယ်စရာချည့်ပဲ။ စုရဲ့ အလုပ်ခွင်မှာ၊ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ မိသားစု။ အားလုံးသည် စုအမြင်အားဖြင့်တော့ ဟန်ဆောင်နေကြသူချည့်ဖြစ်သည်။ ဖေ့စ်ဘုတ်ပေါ်က တစ်ချိန်လုံးမဆင်းတဲ့ စုဘေးမှာ အလုပ်လုပ်တဲ့ကောင်မလေးက ခုတော့ သူဌေးမရှိတုန်း ဖုန်းကနေ ယူကျု ကြည့်နေသည်။ စုအရှေ့က ကောင်မလေးက လည်း ဒီလိုပဲ။ အလုပ်လုပ်ချင်ဟန်ဆောင်ပြီးတော့ ဂိမ်းကစားသည်။ သူဌေးလာရင် အလုပ်များဟန်ဆောင်ပြကြလိမ့်ဦး
မည်။ စုက ပတ်ဝန်းကျင်ကို အသေအချာကြည့်ရင်း ရယ်ချင်လာသည်။ ဟန်ဆောင်အလိမ်အညာတွေကနေမလွတ်။ စုကိုယ်တိုင်လည်းမလွတ်။ ဟန်ဆောင်ထားရသည်ဟု တွေးမိပြန်သည်။

အတန်ငယ်ချမ်းလာကြောင်း စိတ်ကသိသည်။ အဲကွန်းတည့်တည့်အောက် အလုပ်လုပ်နေရတာကိုက စုအတွက် စိတ်ညစ်စရာကောင်းလှသည်။ အမှန်ဆိုရင် ဒီအလုပ်ကိုမလုပ်ချင်။ မလုပ်ချင်လို့ ထွက်လိုက်လို့မဖြစ်ကြောင်း စုသိနေသည်။ နောက်အလုပ်တစ်ခုမသေချာဘဲ ထွက်ဖို့ဆိုတာ စုအတွက် မဖြစ်နိုင်။  စိတ်အလိုကိုလိုက်ဖို့ဆိုတာ ဆုအတွက် မဖြစ်နိုင်။ အလုပ်မရှိလျှင် တစ်လထက်ပိုပြီးနေခွင့်မရသော နေရာမှာ မပျော်သော်လည်း နေနေရသည်။ ပျော်တယ်ဆိုတာ ဘာလဲလို့စုမတွေးချင်။ မတွေးဖြစ်အောင်နေခဲ့သည်။ အထီးကျန်သော စုရဲ့စိတ်သည် တစ်ခုခုကိုတွယ်တာချင်လာသည်။ စုရဲ့စိတ်တွေက အားငယ်လာသည်။ ဒါကြောင့်ပဲ စုက သူ့အပေါ် တွယ်တာခဲ့တာဖြစ်နိုင်သည်။ ဒါလည်း ဟန်ဆောင်တာပဲမဟုတ်လား။ အလုပ်လုပ်နေရင်း ကီးဘုတ်ကို အမှတ်တမဲ့ အသံကျယ်အောင် ရိုက်လိုက်မိသည်။ စုရဲ့စိတ်တွေတင်းကျပ်နေပြီ။ ထွက်ပေါက်တစ်ခုခုလိုအပ်နေပြီ။ ဒါသည်ပင် စုရဲ့ လက်ရှိအရှိတရားဖြစ်သည်။ စုသည် ကိုယ့်ကိုယ်ကို မထိန်းနိုင်။ စုသည် ခုအရွယ်အထိ မရင့်ကျက်နိုင်။ စုအပေါ် စိုးရိမ်ပူပန်ကြသူများကို တစ်ခါတခါ ရယ်ချင်သည်။ စုကို ခွင့်မလွှတ်ကြပါလေနှင့်။

စားပွဲပေါ်တွင် စာရွက်များ ပြန့်ကျဲနေသည်။ အခန်းထဲတွင် စုနားမလည်သော အလွန်နားဝင်ဆိုးသော တရုတ်အသံလိုင်းကိုအမြဲဖွင့်ထားသော ရေဒီယိုတစ်လုံးရှိသည်။ သူဌေးသည် ဧည့်သည်တစ်ယောက်နှင့်စကားပြောနေသည်။ အခြားသူများက အလုပ်လုပ်ဟန်ဆောင်နေကြသည်။ စုက လုပ်လက်စအလုပ်များကို အပြီးသတ်ရန်ကြိုးစားနေသည်။ အခန်းတွင်းမှလေသည် အေးစက်လွန်းလှသည်။ အခန်းအပြင်ထက်တွင် မှန်တံခါးမှတဆင့် နေအပူ ခပ်စူးစူးကို မြင်နေရသည်။ အရာအားလုံးသည် အတုများသာဖြစ်ကြသည်။ စုသည် ၃ခွက်မြောက်သော ကော်ဖီကို လက်စသတ်သောက်လိုက်သည်။ စုရင်သည် တုန်နေ၏။ ကော်ဖီကြောင့်ဖြစ်မည်ဟု တွေးပစ်ရသည်။ မအိပ်နိုင်သောညများကြောင့် အလုပ်လုပ်နိုင်စေရန် ကော်ဖီသောက်ရပြန်သည်။ ဒါသည်ပင် စုအတွက် စိတ်ဖြေရာဖြစ်ရပြန်သည်။ စုက တစ်ခါတစ်ခါ စိတ်ကူယဉ်ဖူးသည်။ ညနေစောင်းတွင် စီးကရက်လက်ကြားညှပ်ပြီး လျှောက်သွားချင်သည်။ လက်ထဲတွင် ဘီယာတစ်ဘူးကိုင်ထားမည်။ စိတ်ကိုလေလိုလွှင့်ချင်သည်။ ဒါမျိုးသည် စုဖတ်ဖူးသော ၀တ္ထုများထဲမှ ဇာတ်ကောင် မိန်းကလေးများ လုပ်တတ်ကြသကဲ့သို့ တစ်ခါတလေ လျှောက်သွားချင်မိသည်။ သို့သော် စုက ပတ်ဝန်းကျင်ကိုကြောက်တတ်သော မိန်းကလေးမျှသာဖြစ်သည်။ အများအမြင်ကိုအလေးထားရင်း မိမိ၏ဆန္ဒများပျောက်ဆုံးနေရသော မိန်ကလေးမျှသာဖြစ်သည်ဟု တွေးမိရင်း ရယ်ချင်လာသည်။ အမှတ်တမဲ့ပြုံးမိတော့ မပြုံးဖြစ်တာကြာပြီဖြစ်ကြောင်း အမှတ်ရသည်။ ရေဒီယိုကတဆင့် စုနားမလည်သောစာသားများကို ဆွဲဆွဲငင်ငင်ဆိုနေသည့် တရုတ်သီချင်းတစ်ပုဒ်ပျံ့လွင့်လာပြန်သည်။

အလွမ်းသီချင်းတစ်ပုဒ်ပဲဖြစ်မည်။  ရေဒီယိုကိုထပိတ်ချင်လာသည်။ သို့မဟုတ်တခြားလိုင်းတစ်လိုင်းကိုပြောင်းချင်လာမိသည်။ သို့သော်တပြိုင်နက်ထဲမှာပဲ တိတ်ဆိတ်ငြိမ်သက်စွာ နေချင်နေမိသေးသည်။ စုမသိသော သီချင်းထဲတွင် စိတ်ကို ဖြေလျှော့ချလိုက်သည်။ သီချင်းသံက ဆွေးမြေ့နေသောကြောင့် စုရဲ့စိတ်က ဆွေးမြေ့လာသည်ဟု တွေးမိပြီး အနည်းငယ်ကျေနပ်လျက်ရှိသည်။ စုသည် ၀မ်းနည်းပြီးဝမ်းနည်းလို့သာနေတော့သည်။ စုသည် သနားစရာမိန်းကလေးတစ်ဦးဖြစ်သည်လို့ တွေးမိတော့ ကိုယ့်ကိုယ်ကို ရယ်ချင်မိသည်။ တကယ်တော့ ဘ၀ဆိုတာ ကိုယ်မဖြစ်ချင်လည်း ကံတရား၏ဦးဆောင်မှုကို မတွန်းလှန်နိုင်သောအချိန်တွင် ကံတရားနောက် လိုက်ရမည်မှန်းသိသည်။ လူတိုင်းဟာ ကိုယ့်တရားနဲ့နေနေရတာလို့တွေးမိပြန်တော့ စိတ်၏မငြိမ်းချမ်းမှုကို မငြိမ်းမှုသက်သက် အဖြစ်သာ မြင်ချင်မိပြန်သည်။ စုသည် ပူလောင်မှု အေးချမ်းမှုဟူသည်တို့ကို ပကတိအမြင်တို့ဖြင့်ကြည့်ချင်လျက်ရှိသည်။ မနေ့ကညနေတုန်းက စုနှင့်သူလမ်းခွဲခဲ့ကြောင်း ပြန်သတိရသည်။ ထိုအခါတွင်တော့ စုသည် လှောင်အိမ်မှ လွတ်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့ ကိုယ့်ကိုယ်ကိုခံယူမိတော့သည်။ စုသည် လွတ်လပ်ခြင်းနှင့်အတူ မလုံခြုံခြင်းကိုပါ တပြိုင်တည်းခံစားနေရသည်နှင့်တူတော့သည်။ စုသည် လွတ်လပ်သောငှက်တစ်ကောင်ကဲ့သို့ စိတ်ကို ပျံသန်းပစ်မည်ဟု ခံယူသည်။ နေ့ရက်များသည် ထပ်တူနီးပါးကျလျက်ရှိကြောင်း အမှတ်ရမိပြန်သောအခါတွင် အသက်ရှင်ဆက်ရှင်ရမည်ကို ပျင်းရိသော စိတ်တို့က လွှမ်းခြုံလျက်ရှိသည်။ စုက စိတ်ကူးယဉ်တတ်သောစိတ်တို့ကို ဖြန့်ကျက်ပစ်ဖို့သာ တတ်နိုင်ပေတော့သည်။

စိတ်သည် ခြောက်ကပ်သောအခန်းထဲတွင် ၀ဲလည်လျက်ရှိသည်။ ငယ်ငယ်တုန်းက စုလုပ်ချင်သည့် လုပ်ငန်းခွင်တစ်ခုကိုစိတ်ကူးယဉ်ခဲ့ဖူးသည်။ စုသည် အရေးပါသောရာထူးကြီးဝန်ထမ်းတစ်ဦးဖြစ်နေရမည်။ မကြာခဏကြည့်ဖူးသော နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများထဲကလို ခေတ်မီသွက်လက်ထက်မြက်သော လုပ်ဖော်ကိုင်ဖက်များလည်းအများအပြားရှိရဦးမည်။ အရေးကြီးသော လုပ်ငန်းကိစ္စများကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ရမည်။ စု၏ချစ်သူသည် စုကိုသိပ်ချစ်၍စုကလည်းထပ်တူချစ်ရဦးမည်။  စုက ရယ်ချင်လျက်နှင့် အတွေးတွေကို လိုက်ဖမ်းမိသောခဏတွင် လုပ်လက်စအလုပ်များလည်း ပြီးသလောက်ရှိပြီ။ ပြတင်းမှန်ကိုတချက်လှမ်းလို့ကြည့်မိတော့ နေစောင်းသွားပြီ။ ကွန်ပြူတာထောင့်တွင် ညနေ ၄နာရီခွဲတော့မည်ဖြစ်ကြောင်းပြနေသည်။ တရုတ်သီချင်းသံတို့သည် စု၏နားစည်ကို ယားကျိကျိကလိလို့သာနေတော့သည်။ အလုပ်ချိန်ကိုအကုန်မြန်စေချင်လှပြီ။ အသက်ရှင်ရခြင်းသည် ပျင်းရိဖွယ်ကောင်းကြောင်း တွေးမိပြန်တော့ စုက အသက်ဝိဥာဉ်ထွက်သွားမည့်နေ့ကိုစောင့်နေရတာ ပျင်းလို့သာနေတော့သည်။ တကယ်တော့ အသက်ရှင်ရတာပျင်းစရာကြီးလို့ စုကတစ်ယောက်ယောက်ကိုပြောပြချင်နေမိသည်။  ပျင်းစရာ ကောင်းကြောင်းပြောပြရန်ပင် ပြောစရာလူမရှိမှန်း သတိရမိသောအခါ ပို၍ပျင်းခြောက်သွား၏ ။ အပြင်ဘက်ခြမ်းတွင်တော့ ညနေခင်းကတော့ တအိအိပြိုဆင်းလာလျက်ရှိတော့သည်။


စိမ်းမြလင်းသစ်
26/06/2012