ရုပ်ရှင်ထဲမှာဆို...ဇာတ်လမ်းဟာ အချိန်တိုတယ်
ဒီနေ့တော့ ရုပ်ရှင်ကြည့်ချင်စိတ်ပေါက်လာ
တယ်။ ရုပ်ရှင်မကြည့်ဖြစ်တာကြာပြီ။ အွန်လိုင်းကနေ မကြာမကြာ ကြည့်မိပေမဲ့
ရုပ်ရှင်ရုံမှာ မကြည့်မဖြစ်တာကြာပြီ။ နောက်ဆုံးကြည့်ဖြစ်တဲ့ကားက ဘာလဲလို့
ကိုယ်မတွေးတတ်တော့ဘူး။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ချင်တယ်။
သူငယ်ချင်းများများစားစားမရှိတော့ ဘယ်သူ့ခေါ်ရမှန်းလည်းမသိဘူး။
ဘာပဲဖြစ်ဖြစ် ရုံးမှာအားတဲ့အချိန်လေး ဘာကားကြည့်ရမလဲလို့
အွန်လိုင်းမှာတက်ရှာတယ်။ အမှန်က ရုပ်ရှင်ကြည့်ဖို့
သေချာလှတယ်လည်းမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်
ရုပ်ရှင်တစ်ကားလောက်ကြည့်ချင်စိတ်ပေါက်လာတယ်။ မာဒါဂတ်စ်ကာကြည့်ချင်တယ်။
ဘယ်သူ့ကိုခေါ်ရမလဲလို့တွေးမိတယ်။ ကိုယ်က ကာတွန်းကားနဲ့ဒရာမာကားပဲ
ကြိုက်တတ်တော့ တစ်ယောက်တည်းသော အနိုင်ကျင့်လို့ရတဲ့သူငယ်ချင်းကလည်း
ပျင်းတယ်လို့ပြောမှာသေချာတယ်။ တစ်ယောက်တည်းကြည့်ရင်လည်း
ဖြစ်နေသားပဲတွေးပြီး တစ်ယောက်တည်းကြည့်ဖို့စိတ်ကူးမိတယ်။ ဘွတ်ကင်တော့
မတင်ဖြစ်ဘူး။ နောက်မှပဲ လက်မှတ်ဝယ်ပြီးတော့
ရုပ်ရှင်ရုံမှာသွားကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်။
ရုံးကရောက်လို့ ကိုယ့်အခန်းတံခါးကိုတွန်းဖွင့်ဝင်လိုက်တော့
မနက်ကရုတ်ပြီးကုတင်ပေါ်ပစ်တင်ထားခဲ့တဲ့အ၀တ်ပုံကိုလှမ်းတွေ့လိုက်ရတယ်။
ဟူးခနဲသက်ပြင်းမှုတ်ထုတ်ပစ်ရင်း အ၀တ်တွေကိုလုံးထွေးပြီး
ဗီရိုထဲပစ်ထည့်လိုက်တယ်။ မေမေသာသိရင်
မီးပူလေးတော့တိုက်ပါဦးလို့ပြောမလားပဲ..။ ဒါမှမဟုတ်သူကိုယ်တိုင်
ကိုယ်မသိတဲ့အချိန်မှာ ယူတိုက်နေရော့မယ်။ ပူလိုက်တာလို့တွေးရင်း
ဒီညဘာဇာတ်ကားကြည့်ရမလဲစဉ်းစားရတယ်။ ဒရာမာကားတစ်ကားကို
တရုတ်လိုင်းတစ်ခုကနေဒေါင်းနေရင်းနဲ့ မေမေနဲ့တူတူ ရုပ်ရှင်ကြည့်ဖူးတာ
အမှတ်ရတယ်။ အဲ့ဒီတုန်းက ကိုယ်က ခပ်ငယ်ငယ်ပဲရှိသေးတယ်၊ သိတတ်စအရွယ်။
မေမေဘာလို့ရုပ်ရှင်ကြည့်တာလဲမသိဘူး။ ဖေဖေမပါဘူး။ မေမေက ကိုယ်ကိုခေါ်ပြီးတော့
ရုပ်ရှင်လက်မှတ်ဝယ်တယ်၊ သားအမိနှစ်ယောက် တူတူကြည့်ကြတယ်။
မေမေနဲ့ကိုယ်နဲ့ကြည့်ကြတဲ့ရုပ်ရှင်တွေအများသား။ ပရစ်တီးဝစ်မင်း
ကိုမှတ်မိတယ်။ အဲ့ဒီတုန်းက မေမေ့ကို
ဘာကြောင့်ရုပ်ရှင်ကြည့်တာလဲဆိုတာမမေးခဲ့ဘူး၊ မေမေကလည်းမပြောခဲ့ဘူး။
ခုထိလည်း မေမေရုပ်ရှင်တွေကြည့်နေတုန်းပဲ။ ခုတော့ မေမေက
အိမ်ရှေ့ခန်းမှာထိုင်ပြီးတော့ အားတဲ့အချိန်မှာ ကိုရီးယားကားတွေကြည့်တယ်၊
နိုင်ငံခြားရုပ်ရှင်တွေကြည့်တယ်ပြောတာပဲ။ ကိုယ်ကလည်း ရုပ်ရှင်မကြည့်နဲ့၊
မေမေဘုရားတရားလုပ်၊ ဘာညာမပြောပါဘူး။ စိတ်ဆိုတာကလည်း ဘုရားတရားဘာညာလုပ်မှ
မဟုတ်ပါဘူး။ ကိုယ်ချမ်းသာသလိုလေးနေပြီး ငြိမ်းချမ်းနေလို့ရတာပဲလို့
ထင်တယ်။
အပြေးဖိနပ်ကိုစီးပြီးတော့ ရေမြောင်းပတ်လမ်းအတိုင်း
လမ်းလျှောက်ထွက်ဖို့ထွက်လာတယ်။ ကျန်းမာရေးလိုက်စားလို့မဟုတ်ဘူး။
အိုတီမရှိတဲ့အလုပ်ဆိုတော့ ပိုတဲ့အချိန်တွေကို ဘယ်လိုအသုံးချရမလဲတွေးရင်း
တောင်တောင်အီအီလျှောက်ကြည့်တတ်တဲညာဉ်ကြောင့် ညနေပိုင်းဆိုရင်
လမ်းလျှောက်ဖြစ်တယ်။ သိပ်မပင်ပန်းတဲ့နေ့၊ အဆင်ပြေတဲ့နေ့ဆိုရင် ပြေးတယ်။
ဒါပေမဲ့ များသောအားဖြင့်တော့ လမ်းပဲလျှောက်တယ်။ လမ်းလျှောက်ရင်းနဲ့
ကိုယ့်လိုပဲလမ်းလျှောက်တဲ့လူတွေ
ကိုကြည့်တယ်။ ဘေးကဖြတ်ပြေးသွားကြတဲ့
ပြေးတဲ့သူတွေကိုကြည့်တယ်။ သစ်ရွက်လေးတွေကြွေနေတာ၊ လေတိုက်ရာတလျှောက်မှာ
ညမွှေးပန်းလေးတွေမွှေးနေကြတာ စတာတွေလျှောက်ခံစားတယ်။ လမ်းမီးတွေ
ထိန်နေအောင်ထွန်းထားတဲ့ ကားလမ်းမကြီးမှာ ကားတွေဖြတ်သွားကြတာကို ငေးတယ်။
ကိုယ့်ဆံပင်တွေကြားထဲအထိ လေတွေတိုးပြီးတိုက်လာရင်ပျော်တယ်။ မိုးဖွဲဖွဲနဲ့
မီးရောင် ခပ်ဝါ၀ါအောက်မှာ လမ်းလျှောက်ရတာကိုပျော်တယ်။
အဲ့လိုအချိန်တွေဆိုရင် ကိုယ်ကိုယ်တိုင်
ရုပ်ရှင်ကားတစ်ကားထဲရောက်သွားရသလိုပဲ လို့တွေးတယ်။
အားအားယားယားရှိတတ်တဲ့အခါ ဒီလိုပဲ
ရောက်တတ်ရာရာလျှောက်စဉ်းစားတတ်တယ်လို့ပဲထားပါ။ လူဆိုတဲ့သတ္တ၀ါဟာ
အခြေံခံလိုအပ်ချက်တွေ ပြည့်စုံလာရင် ဒီလို အရည်မရအဖတ်မရတွေကို
အလုပ်မရှိအကိုင်မရှိတဲ့အချိန်မှာ လိုက်ခံစားတတ်ကြတာပဲ။
အနုပညာဘာဘာညာညာဆိုတာတွေက အလကားပဲလို့ မကြာမကြာတွေးမိပြီး
ကင်းကိုမကင်းနိုင်ပြန်ဘူး။
မိမိကိုယ်ကို သေချာမသိတဲ့လူတွေက ရုပ်ရှင်တွေကိုပိုကြည့်ကြတယ် လို့
သူငယ်ချင်းတစ်ယောက်ကပြောတုန်းက သူများအကြောင်းကိုစိတ်ဝင်စားတဲ့လူတွေက
ပိုပြီးတော့ကြည့်ကြတာလို့ ပြောခဲ့ဖူးတယ်။ ကိုယ့်အကြောင်းကိုခဏမေ့ချင်လို့
သူများအကြောင်းအရာတွေမှာ စိတ်ဝင်စားစရာခဏရှာကြတာလည်းဖြစ်နိုင်တာပဲလေ။
ဒါမှမဟုတ် သူများကိစ္စတွေကို စိတ်ဝင်စားလို့
တစ်ယောက်နဲ့တစ်ယောက်စကားစရှာပြီးတော့ ပြောကြမယ်။ ငါသာဆိုရင်ဆိုတဲ့
စိတ်ကလေးနဲ့ ဇာတ်ကောင်နေရာမှာ ၀င်ခံစားမယ်။ ကိုယ့်ကိုယ်ကိုသနားတဲ့စိတ်နဲ့
လွမ်းခန်း ဆွေးခန်း နာကျင်ရတဲ့အခန်းတွေပါလာရင် ငိုမယ်။ အမှန်ကတော့ ဒါဟာ
သူများအကြောင်းစိတ်ဝင်စားတဲ့ စိတ်အခံကနေ ရွေ့လျားလာတာ၊ စသဖြင့်
စိတ်အချဉ်ပေါက်တဲ့အချိန်လျှောက်တွေးမယ်။ တစ်ခါတခါ ပြောချင်ရာပြောတာတွေ၊
ပြချင်ရာပြတာတွေကိုများ ဘာကိုပြောချင်တာ၊ ဆိုပြီးများ
သူများနားမလည်တဲ့စကားလုံးတွေနဲ့ ပြောရရင် ကိုယ့်ကိုယ်ကို
ဘ၀င်လေဟပ်ချင်သလိုဖြစ်မိသေးတယ်။ ငါ့လောက်မှ သူများတွေမသိရလေ ဆိုပြီး
အတော်စိတ်ကြီးဝင်ရသေး။ ဒါဟာ အပိုအလုပ်တွေပဲ။ အမှန်ကတော့လည်း
ရုပ်ရှင်တွေဆိုတာ ဇာတ်လမ်းပြကွက်ဆန်းဆန်းနဲ့လူတွေအကြောင်း တစ်နည်းပြောရရင်
ကိုယ်နဲ့မဆိုင်တဲ့သူများတွေအကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်း။
တစ်ခုတော့ရှိတယ်။ ရုပ်ရှင်ထဲမှာဆို ဇာတ်လမ်းဟာ အချိန်တိုတယ်။
လမ်းလျှောက်လာတာပျင်းလာလို့ ခပ်ဖွဖွပြေးတယ်။ ချွေးထွက်ရင်ပြီးတာပဲ။
ပြေးချင်လို့ပြေးတာမှမဟုတ်တာ။ လုပ်စရာမရှိလို့လုပ်ရတာပဲလို့ဆက်တွေးရင်း
ဆက်ပြေးတယ်။ လေတွေက ချွေးစိုနေတဲ့ ကိုယ့်မျက်နှာကိုတိုးသွားလိုက်ကြတာ
ကျေနပ်ဖို့သိပ်ကောင်းတာပဲ။ နှစ်ယောက်တွဲပြေးသွားကြတဲ့သူတွေ
၊ တစ်ယောက်တည်းပြေးနေတဲ့လူတွေနဲ့ ကိုယ်တို့အိမ်နားကလမ်းဟာ
ခုလိုညမျိုးဆိုရင် သိပ်ကိုလှတယ်။ ဇာတ်နာတဲ့ ရုပ်ရှင်တစ်ခုတလေမှာဆိုရင်
ဒီလိုပြကွက်မျိုးက ဇာတ်လိုက်ဟာ
အချိန်ခဏလေးအတွင်းမှာ တစ်ခုခုဖြစ်ကိုဖြစ်တယ်။ ဒီလိုနဲ့
ဆက်ပြေးလာလိုက်တယ်။ မောလာရင်ရပ်လိုက်မယ်။ လမ်းဆက်လျှောက်မယ်။
လုပ်စရာမရှိတော့သလိုမျိုး ၊ ဒါမှမဟုတ် လုပ်လက်စအလုပ်တစ်ခုခုကို
ငြီးငွေ့သွားတဲ့အခါ ချက်ချင်းရပ်ပစ်လိုက်သလိုမျိုး ရပ်ချင်ရင်လိုက်မယ်။
မနက်ဆိုရင် အလုပ်သွားမယ်၊ ညနေပြန်ရောက်ရင် လမ်းလျှောက်မယ်၊
အချိန်ပိုနေသေးရင် ရုပ်ရှင်တစ်ကားလောက်ကြည့်ဦးမယ်၊ ဒါမှမဟုတ် တစ်ကားကို
နှစ်ရက်ခွဲပြီးတော့ကြည့်မယ်။ တစ်ပတ်မှာတစ်ရက်နားမယ်၊ ဒါဟာပုံမှန်ပဲ။
ပုံမှန်မဟုတ်ရင်တောင် ပုံမှန်လို့ထင်နေတုန်းပဲ။
နားထင်ပေါ်ကနေ ချွေးတွေစီးကျလာလို့ သုတ်လိုက်ရတယ်။ ညောင်းနေပြီ
လို့ထင်လာတယ်။ ဒီဘလောက်ကို ဘယ်နှခေါက်ပတ်ပြီးပြီလဲမသိဘူး။ ရေတွက်မနေဘူး။
ညောင်းတဲ့အထိပြေးတယ်။ ပတ်ဝန်းကျင်၊ ကိုယ့်လိုပြေးနေတဲ့
လမ်းလျှောက်နေကြတဲ့သူတွေကို ကြည့်ပြီးပြေးတယ်။ ဒါပါလေလို့တွေးပြီး
အိမ်ကိုလှည့်ပြန်ခဲ့လိုက်တယ်။
ရေချိုးမယ်၊ ပြီးရင် မေမေနဲ့ ဗီဇက်အို ကနေစကားလေးဘာလေးပြောမယ်။ အဲ့ဒီအခါ
သူတို့က ကိုယ့်အတွက်ရုပ်ရှင်ဖြစ်မယ်။ ကိုယ်ကသူတို့အတွက်ရုပ်ရှင်ဖြစ်မယ်။
လူတစ်ကိုယ်မှာ ဇာတ်လမ်းတစ်ပုဒ်စီနဲ့မို့ တစ်ယောက်ယောက်အတွက်တော့
တစ်ဦးဦးဟာ ရုပ်ရှင်တစ်ကားစီဖြစ်ကြတယ်။ ရုပ်ရှင်ထဲမှာဆိုရင်တော့
ဇာတ်လမ်းဟာ အချိန်တိုတယ်။ ကိုယ့်အတွေးကို ရယ်ချင်သွားပြီး
အိမ်ခန်းတံခါးကိုတွန်းအဖွင့်မှာ ခုနက ဒေါင်းထားခဲ့တဲ့ ဇာတ်ကားက
ကြည့်ဖို့အသင့်ဖြစ်နေပြီဆိုတာ ကွန်ပြူတာမှာပြနေတယ်.။ ဒီည ရုပ်ရှင်ကြည့်မယ်။
စိမ်းမြလင်းသစ်
(28/06/2012)
www.seinnmyalinnthit.blogspot.com