Sunday, 16 March 2014

ယုံကြည်မှုမြှင့်တင်ဖို့..

           
           
           
           
           
           

အမေရိကားလူမျိုး ဘုန်းတော်ကြီး ဟင်နရီဝါ့ဒ်ဘီချာက သူ ကလေးဘ၀ ကျောင်းသားအရွယ်တုန်းက မိမိကိုယ်ကို ယုံကြည်မှုနဲ့ပတ်သတ်ပြီးတော့ သင်ယူခဲ့ရတဲ့သင်ခန်းစာကို ဘယ်တော့မှ မမေ့တော့ဘူးတဲ့။
တစ်ရက်မှာတော့  စာသင်ခန်းရှေ့မှာ သင်ခန်းစာကို အလွတ်ရွတ်ပြဖို့အတွက် သူ့ကို အခေါ်ခံလိုက်ရတယ်။ ဆရာမက မဟုတ်ဘူး မှားတယ်ဆိုပြီးပြောလို့ သူ့မှာ ရပြီးသား သင်ခန်းစာကို အလွတ်ဆိုပြရတာ တော်တော့်ကို အခက်အခဲ ဖြစ်ခဲ့ရတယ်။
“ မဟုတ်သေးဘူး “
ဟင်နရီလေးဟာ စာကို အစကနေ နောက်တစ်ခေါက်ပြန်ဆိုရတယ်.. ဒါပေမဲ့ ဆရာမရဲ့ မိုးခြိမ်းသံလို ကျယ်လောင်လှတဲ့ အသံထွက်လာပြန်ပါရော..
“ မှားတယ် “
ဟင်နရီလေး ရှက်သွားတယ်.. ပြီးတော့ ကိုယ့်နေရာကိုယ် သွားပြန်ထိုင်လိုက်တယ်။
စာသင်ခန်းထဲက ကောင်လေးနောက်တစ်ယောက်ထွက်လာပြီးတော့ စာဆိုပြရပြန်တယ်။ ဒီအခါမှလည်း ဆရာမကအော်ပြန်တယ်
“ မှားတယ် “
ဒါပေမဲ့ အဲဒီ့ကျောင်းသားလေးက သူဆိုစရာရှိတဲ့စာကို ပြီးတဲ့အထိ ဆိုသွားတယ်။ စာဆိုပြီးသွားတော့ အဲ့ဒီကျောင်းသားလေး ကိုယ့်နေရာကိုယ် ပြန်ထိုင်ပြီးတဲ့အချိန်ကျတော့ ဆရာမက ပြောတယ်...
“ သိပ်တော်တာပဲ “
ဟင်နရီလေး နည်းနည်းတော့ စိတ်တိုသွားတယ်။
“ သူဆိုသွားတာ သား ဆိုသွားတာနဲ့ အတူတူပဲလေ .. ဆရာမ” သူဆရာမကို  သွားပြောပစ်လိုက်တယ်။ ဒါပေမဲ့ ဆရာမက ဒီလို ပြန်ပြောပြတယ်။
“ သင်ခန်းစာတွေကို သိရုံ အလွတ်ရရုံနဲ့ မပြီးသေးဘူး သားရဲ့။ ကိုယ့်ကိုယ်ကို သေချာဖို့လည်း လိုသေးတယ်၊ သားက သားဆိုတာ မဟုတ်ဘူးလို့ ပြောလိုက်လို့ ဆိုနေတဲ့စာကို ရပ်ပစ်လိုက်တယ်ဆိုတာ့  သားဟာ စာကို သေသေချာချာ မရဘူးဆိုတဲ့သဘောပဲပေါ့။ တကယ်လို့များ တစ်လောကလုံးက မင်းမှားနေတယ်ကွ လို့ ပြောခဲ့ရင်တောင် ‘ ငါမမှားဘူး ငါမှန်တယ်ကွ ‘ လို့ သက်သေပြနိုင်ရမယ် လေ”
“ကမ္ဘာကြီးတစ်ခုလုံးက သားကို နည်းအမျိုးမျိုးနဲ့ကို ပြောကြမှာ သားရဲ့…
“ မင်းမလုပ်နိုင်ပါဘူး “
“ မင်းလုပ်တာတွေမှားနေတယ် “
“ မင်း အရမ်းအသက်ကြီးနေပြီပဲ “
“ မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ် ‘
“ မင်း သိပ်ကိုအားနည်းပါတယ်ကွာ”
“ အလုပ်ဖြစ်မှာမဟုတ်ပါဘူးကွာ “
“ မင်းမှာ ပညာရေးလည်းမရှိဘဲနဲ့ “
“ မင်းမှာကျောထောက်နောက်ခံလည်းမရှိဘူး “
“မင်းမှာ ငွေကြေးလည်းမရှိဘူး”
“ အဲ့ဒါကို မင်း ပြီးအောင်လုပ်နိုင်မှာမဟုတ်ပါဘူးကွာ “ စသဖြင့်
အဲ့လိုမျိုး တစ်ယောက်တစ်ခွန်းပြောကြတဲ့ မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူး ဆိုတဲ့စကားတွေက သားရဲ့ ယုံကြည်ချက်ကို တစ်ဖြည်းဖြည်း တတိတိ တိုက်စားသွားစေပြီးတော့ နောက်ဆုံး လက်မြှောက်အရှုံးပေးရတဲ့အထိကို ဖြစ်သွားလိမ့်မယ်…”
“ တစ်လောကလုံးက မဖြစ်နိုင်ပါဘူးလို့  ပြောလာခဲ့ရင်တောင် သားက ဖြစ်နိုင်တယ်ဆိုတာကို ငါသက်သေပြပစ်မယ်လို့ ဆုံးဖြတ်နိုင်ရမယ်လေ..။”.. တဲ့ ..။


Ref: Improving self confidence by Author: Steve Goodier
<photo id="0" />
<photo id="1" />

“အာလူးစိုက်တဲ့နေ့တွေ…“

           
           
           

ကျွန်တော်ကလေးဘ၀တုန်းက ကျနော်တို့အိမ်ဘေးမှာ ခြံလေးဘာလေး စိုက်တယ်။ အကြီးဆုံးမြေကွက်လပ်ကိုတော့ အာလူးတွေစိုက်ဖို့အတွက်ပဲ သုံးလေ့ရှိတယ်။ ကျနော်ကတော့ အဲ့လို အာလူးစိုက်ရတဲ့ နေ့ရက်တွေကို ခုချိန်ထိ မှတ်မိနေတုန်းပဲ။ အဲ့လို အချိန်မျိုးဆိုရင် ကျနော်တို့ တစ်အိမ်သားလုံး ၀ိုင်းကူလေ့ရှိကြတယ်။ ကျနော့်အဖေက မြေတွေကို တူးဆွပြီးသွားတဲ့အခါ အမေရယ် ၊ အကိုတွေရယ် ပြီးတော့ ..ကျနော်ရယ် ၀ိုင်းကူကြရတော့တာပဲ။ ကျနော်လုပ်ရတာကတော့  ကျနော့်အမေက မြေသြဇာတွေကျဲပေးနေတုန်း  ကျနော်က အာလူးမျိုးစေ့လေးတွေကို  လိုက်ချပေးရတာပါ။ အဲ့လို မျိုးစေ့လေးတွေကြဲပြီးတဲ့အခါ ကျနော့်အကိုတွေက ကျနော်ကျဲချပစ်ခဲ့တဲ့ မျိုးစေ့တွေကို ခုနက တူးဆွထားတဲ့မြေတွေနဲ့ ပြန်ဖုံးလိုက်ကြတယ်။
လအနည်းငယ်ကြာလို့ ရှိရင်တော့ ကျနော်ဟာ အာလူးခင်းလေး ဘာများဖြစ်နေပြီလဲဆိုပြီးတော့ အပြင်ထွက်ဆော့ချိန်မှာ  အာလူးခင်းလေးဆီ တစ်ချက်လောက်တော့ သွားကြည့်လေ့ရှိတယ်။ အဲ့လိုနဲ့ပဲ ရိတ်သိမ်းချိန်ကျလာတဲ့အခါ ကျနော့်အဖေ မြေကြီးထဲကနေဆွဲနှုတ်လိုက်တဲ့ အာလူးအကြီးကြီးဧရာမကြီးတွေမြင်ရရင် သိပ်ကို အံ့အားသင့်ရတာပါပဲ။ အရင်ကမျိုးစေ့သေးသေးလေးတွေဟာ  အခုဆို သိပ်ကို ချိုမြိန်လှတဲ့ အာလူးအကြီးကြီးတွေ အဖြစ်ကြီးထွားကုန်ကြပြီ။ အာလူးတွေဆွတ်ပြီးတဲ့အခါကျရင် ကျနော်တို့ အာလူးတွေကို စားကြဦးမှာလေ။ အာလူးတွေကို မီးဖုတ်စားမယ်. ထောင်းစားမယ်။ကြော်စားမယ်။ အမျိုးမျိုးပေါ့..။ ကျနော့်အကြိုက်ဆုံးပြောရရင်တော့ အာလူးတွေကို ခပ်ကြာကြာလေးချက်ပြီး စပါကတီ ဆော့စ် လုပ်စားရတာကိုပါပဲ။ အဲ့ဒီအာလူးတွေဟာ တစ်နှစ်ပတ်လုံး ကျနော်တို့ တစ်မိသားစုလုံး စားနိုင်ကြသေးတယ်။ တကယ့်ကို အံ့သြစရာပါပဲ။
အဲ့လိုအချိန်တွေကိုပြန်တွေးရင်း ကျနော် စဉ်းစားမိပြီး သိချင်မိတာတစ်ခုက ကျနော်ဟာ ကျနော့်ဘ၀တလျှောက်လုံးမှာရော ကျနော့်နှလုံးသားမှာရော တခြားသူတွေရဲ့ စိတ်နှလုံးအိမ်တွေမှာပါ ဘယ်လိုမျိုးစေ့တွေကို ဘယ်လောက်များ ချခဲ့မိသလဲဆိုတာပဲပေါ့။ ကျနော့်လုပ်ရပ်သေးသေးလေးတွေကနေ ဘယ်လောက်လှပတဲ့အကျိုးသက်ရောက်မှုတွေ ဘယ်နှကြိမ်လောက် ရှင်သန်ကြီးထွားပြီးခဲ့ပြီဖြစ်ပါသလဲ။ ကျနော်ကျဲချမိတဲ့ မျိုးစေ့သေးသေးလေးတွေဟာ တခြားသူတွေရဲ့ စိတ်ဝိညာဉ်မှာ ဘယ်နှစ်ကြိမ်လော်ကချိုမြိန်စေခဲ့ဖူးပါသလဲ။
နေ့ရက်တိုင်းနေ့ရက်တိုင်းမှာ ကျနော်တို့ဟာ  ဒီကမ္ဘာလောကကြီးဆိုတဲ့ စိုက်ခင်းပျိုးခင်းကြီးဆီကို သွားနေကြတယ်။ ပြိးတော့ နေ့ရက်တိုင်းမှာ ကျနော်တို့တွေဟာ တစ်ချိန်မှာ အံ့အားသင့်လောက်စရာရှင်သန်ကြီးထွားလာနိုင်မယ့် မျိုးစေ့တွေကို ကျဲချနေကြတယ်။ ကျနော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာစကားဆိုတာတွေ ၊ ချစ်ခင်ကြင်နာစွာ ပြုမူဆက်ဆံခံရတာတွေ စသဖြင့် ကောင်းသောမျိုးစေ့တွေကိုသာ ကျဲဖို့ မျှော်လင့်ပါတယ်။ ဒီလိုနဲ့ပဲ အဲ့ဒီမျိုးစေ့လေးတွေကနေ မယုံနိုင်လောက်တဲ့ ထူးခြားမှုတွေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတော့တယ်။
Ref: Planting Potatoes  By Joe Mazzella
<photo id="0" />
<photo id="1" />

“ဖြူကောင်ကလေးတွေကပေးတဲ့သင်ခန်းစာ “

           
           
           
           

ဒီနှစ်ဆောင်းတွင်းကတော့ ကြုံဖူးသမျှဆောင်းတွင်းတွေထဲမှာ တကယ့်ကိုအအေးဆုံးဆောင်းတွင်းပဲ။ သိပ်ကိုအေးလွန်းတော့ တိရစ္ဆာန်လေးတွေတော်တော်များများဟာ အအေးဒဏ်ကြောင့်သေကုန်ကြသတဲ့။ အဲ့ဒီအထဲမှာမှ ဆူးတောင်လေးတွေရှိတဲ့ ဖြူကောင်လေးတွေဟာ သူတို့ကြုံနေရတဲ့ အအေးဒဏ်အခြေအနေကို သဘောပေါက်ကြတယ်လေ။ ဒါကြောင့် နွေးနွေးထွေးထွေးဖြစ်အောင်လို့ အတူတကွစုဝေးပြီး တစ်ကောင်နဲ့တစ်ကောင်ပူးပူးကပ်ကပ်နေထိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်တဲ့။ ဒီလိုနည်းနဲ့ သူတို့ကိုယ်သူတို့ အအေးဒဏ်ကနေ ကာကွယ်လိုက်ကြတာပေါ့..။ ဒါပေမဲ့လည်း အဲ့ဒီလို ပူးကပ်နေထိုင်ကြတော့ သူတို့ရဲ့ ဆူးတောင်လေးတွေဟာ  အချင်းချင်း ဆူးမိပြီး ဒဏ်ရာရစေတယ်တဲ့။
အဲ့ဒါကြောင့်မို့ အချိန်အနည်းငယ်ကြာတော့ သူတို့တွေဟာ တစ်ကောင်နဲ့တစ်ကောင် ပူးပူးကပ်ကပ်မနေကြတော့ဘဲ ခပ်ခွာခွာနေကြဖို့ ဆုံးဖြတ်လိုက်ကြပြန်တယ်။ အဲ့လိုမျိုး တစ်ကောင်နဲ့တစ်ကောင် ခပ်ခွာခွာနေကြပြီးတဲ့နောက်မှာတော့ ဖြူကောင်လေးတွေဟာ သိပ်ကိုအေးလွန်းတဲ့ အအေးဒဏ်ကြောင့် တစ်ကောင်ပြီးတစ်ကောင် အေးစက်ပြီး သေကုန်ကြတာပေါ့။ အဲ့ဒါကြောင့် သူတို့တွေဟာ ဆုံးဖြတ်ချက်တစ်ခုခုကို ရွေးချယ်ရတော့မှာပေါ့။ ဘာဆုံးဖြတ်ချက်လဲဆိုတော့ ဖြူကောင်လေးတွေဟာ တစ်ကောင်ရဲ့ဆူးတောင်ကိုတစ်ကောင်က နည်းနည်းလောက်အစူးခံပြီး အတူတကွပူးကပ်နေထိုင်ကြမလား ၊ ဒါမှမဟုတ် အတူတူပူးကပ်ပြီး မနေကြဘဲ အအေးဒဏ်ကြောင့်အသေခံမလား ဆိုတာပဲ..။
နောက်ဆုံးမှာတော့ တကယ့်ကို လိမ္မာပါးနပ်စွာနဲ့ပဲ သူတို့တွေဟာ တစ်ကောင်နဲ့တစ်ကောင် အတူတကွပေါင်းစည်းနေထိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။  အခြားတစ်ယောက်ဆီက အနွေးဓာတ်လေးရရှိနိုင်ဖို့အတွက် အတူတကွပေါင်းစည်းနေထိုင်ခြင်းကနေဖြစ်ပေါ်လာမယ့် မပြောပလောက်တဲ့ နာကျင်မှု၊ ဒဏ်ရာ အသေးအဖွဲကလေးတွေကို လက်ခံပြီး နေထိုင်သွားကြဖို့ သူတို့ သင်ယူတတ်မြောက်သွားကြတာပေါ့။ ဒီလိုနဲ့ပဲ ဖြူကောင်ကလေးတွေဟာ အဲ့ဒီနှစ်ရဲ့ ဆောင်းတွင်း အအေးဒဏ်ကိုအံတုလို့ အသက်ဆက်လက်ရှင်သန်သွားကြတယ်တဲ့။


Ref: Lesson from the Hedgehogs
http://www.rogerdarlington.me.uk/stories.html#Story53

Monday, 10 March 2014

တစ်ခါတုန်းကရွာတဲ့မိုး

အဲ့ဒီနေ့က အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင် အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့ မြင်ကွင်းလေးကို သတိရတယ်။ ကိုယ်က ကိုယ်ထိုင်နေတဲ့ ခွေးခြေပုလေးကိုဒီဘက်တိုးပေးလိုက်ပြီးတော့ မိုးတွေစိုကုန်မယ် .. ဒီဘက်တိုးလေ မိုး.. လို့ ပြောခဲ့မိလိုက်တယ်ထင်တယ်။ မိုးရေစက်လေးတွေစင်ကုန်လို့ ကျောတလျောက်ဖြန့်ချထားတဲ့ ဆံပင်စင်းစင်းလေးတွေမှာ မိုးစက်မှုန်မှုန်လေးတွေ တွယ်ငြိနေကြတာကိုလည်းမှတ်မိသေးတယ်။ ပြီးတော့ မိုးလေ.. ငိုတော့မယ့်မျက်နှာလေးနဲ့..။ မဟုတ်ဘူး။ မိုးတွေရွာနေလို့သာ မိုးငွေ့တွေကြားမှာ မိုးငိုတော့မယ်လို့ ထင်မိတာ ဖြစ်မှာ။ မိုးတွေသိပ်သည်းနေလို့သာ မိုးမျက်နှာပေါ်က မျက်မှန်လေးက ကိုယ်ငွေ့နွေးနွေးတွေနဲ့ အခိုးရိုက်နေတာ နေမှာ။ မိုးက ထိုင်လက်စနေရာကနေ မခွာဘဲ ကိုယ်နားမလည်နိုင်တဲ့ အကြည့်နဲ့ တစ်ချက် နဲ့ ကိုယ့်ကို စူးစူးနင့်နင့်ကြည့်တယ်..။ ပြီးတော့ တစ်ခုခုပြောတယ်..။ တစ်ခုခု.. ကိုယ်ခုအချိန်မှာ ပြန်ပြီး မမှတ်မိချင်တော့တဲ့ စကားတစ်ခုခု..။ ပြီးတော့ ကိုယ့်လက်မှာ ပတ်ထားတဲ့ လက်ပတ်ကြိုးကလေးကို တစ်ချက်ကြည့်တယ်။ ပြီးတော့ ရုတ်ခနဲဆိုင်ထဲက ထွက်သွားတယ်။ ကိုယ်က မိုးနောက်ကို ပြေးလိုက်မသွားမိဘူး။ ကိုယ့်အသိစိတ်ထဲက ဒီမြင်ကွင်းတစ်ခုလုံးမှာ ဒီတစ်ချက်လေးပဲ ခိုင်ခိုင်မြဲမြဲ စွဲထင်ကျန်ခဲ့တယ်။ သိပ်ကိုခေါင်းမာတဲ့မိုး။ တစ်ချက်လေးတောင် ကိုယ့်ကို နောက်ပြန်လှည့်မကြည့်တော့တဲ့ မိုး ။ ကိုယ့်ကို ကျောခိုင်းသွားတဲ့ လမ်းတလျှောက်မှာ မိုးတစ်ယောက်ငိုသွားသေးလား ကိုယ်မသိဘူး။ မိုးမငိုပါစေနဲ့လို့ ကိုယ်ဆုမတောင်းရဲဘူး။ မိုး စိတ်သက်သာရာရအောင် နည်းနည်းဖြစ်ဖြစ်ငိုပါစေလို့လည်း ကိုယ် ဆုမတောင်းရဲဘူး ။ တကယ်ဆို မိုးက မငိုတတ်သူပါ လို့  ကိုယ် နောက်ကျမှ သိခဲ့ရတာပဲ..။ တကယ်ဆို ကိုယ်ကသာ ပျော့ညံ့သူပါ..။ အပူကိုအလင်းထင်ပြီး အေးရိပ်က ကိုယ်တိုင်ပြေးထွက်ခဲ့မိသူ..။ ကိုယ်က ကိုယ့်ရင်ထဲကိုမမြင်နိုင်လောက်အောင်ကို အမှောင်ဖုံးမိခဲ့သူပါ မိုးရယ်..။





++++++++++++++++++++++++++++++++++++++++++


"မိုးဆီကိုလာမတွေ့တာ ကြာနေပြီနော်" လို့ ခရေပန်းတွေကောက်နေရင်းနဲ့ မိုးက တစ်ချက်လှမ်းပြောတယ်။
ဘုရားပေါ်မှာ ခရေပင်အကြီးကြီးတွေ ကို ဖြတ်ပြီးတိုက်လာတဲ့ လေက သိပ်ကို မွှေးနေတာပဲ။ ခရေပန်းတွေကို လက်တစ်ဖက်ကလက်ကိုင်ပုဝါလေးထဲ စုထည့်ထားပြီးတော့ တစ်ဖက်က ကြွေကျနေတဲ့ ခရေတွေကို ကောက်နေတဲ့ မိုးဟာ သနပ်ခါးဖွေးဖွေးလေးနဲ့ သိပ်ကိုချစ်စရာကောင်းနေတယ်။ တစ်စုံတစ်ယောက်ကြောင့် ပြန်လည် ပူလောင်လာတဲ့ ကိုယ့်ရဲ့ ရင် ဟာ မိုးနဲ့တွေ့တိုင်း အေးမြသွားတာကိုသတိထားမိရတယ်။ မိုးကို ဘာမှ ပြန်မပြောမိဘဲ ငေးကြည့်နေမိတယ်..။ ခရေပန်းတွေ လာကူကောက်ပေးပါဦး လို့ လှမ်းပြောတော့မှ မိုးအနားကို သွားမိတယ်။ မိုးနဲ့အတူတူ ခရေပန်းအကြွေတွေ လာမကောက်ဖြစ်တာတောင် တော်တော်ကြာနေပြီပဲ။ အအေးဆိုင်မထိုင်ဖြစ်တာ၊ စကားတွေမပြောဖြစ်တာ၊ မိုးအတွက် ရေးနေကျ ကဗျာလေးတွေ မရေးဖြစ်တာတောင် တော်တော်ကြာနေပြီပဲ။
           
"ဟိုတလောက ခရီးထွက်သွားသေးတယ်ဆို"


မိုးက တစ်ချက်လှမ်းမေးတယ်။ ဟုတ်တယ်.. မိုးကို မပြောဖြစ်ခဲ့ဘူး။




"ဟုတ်တယ်.. အိမ်ကအမျိုးတွေနဲ့ လိုက်သွားတာ ၊ ခဏပဲလေ.. နှစ်ရက်တည်းပဲလေ "




ကိုယ့်မျက်နှာအတန်ငယ်မာသွားလိမ့်မယ်ထင်တယ်။  မိုးက ဘာမှမဖြစ်သလို ပုံစံနဲ့ မျက်နှာကိုတစ်ချက်တည်လိုက်ရင်း ခရေပန်းတွေကောက်နေရာကနေ မတ်တပ်ရပ်လိုက်တယ်။ မျက်နှာကိုထီမထင်သလိုချီလိုက်ပုံရတယ်။ မိုးမျက်နှာလေးတစ်ချက်အမော့မှာ ညနေခင်းဝင်ခါနီး နေရောင်ခြည်လေးက မိုးရဲ့ သနပ်ခါးဖွေးဖွေးပါးပြင်လေးပေါ်ကို ကျနေတယ်။ မိုးက ကောက်လို့ရလာတဲ့ ပန်းတွေကို လက်ကိုင်ပုဝါလေးနဲ့ ဖွဖွကလေး ချည်လိုက်တယ်။ ကိုယ့်ဆီကိုပေးထားတဲ့ လွယ်အိတ်ကလေးထဲကို ခရေပန်းလေးတွေထည့်ပြီးထုတ်ထားတဲ့ လက်ကိုင်ပုဝါလေးကို ထည့်လိုက်ပြီးတော့ ကိုယ့်ကိုမော့ကြည့်ရင်းနဲ့ ပြောတယ်။
" မိုးကိုတော့ အသိပေးသွားသင့်တာပေါ့ နော်။ အိမ်ကအမျိုးတွေနဲ့ ဆိုတော့ ဟိုမမရော ပါသေးလား"


မိုးရဲ့အသံကထိန်းထားရမှန်းသိသာနေတယ်။ ဘုရားပေါ်က တစ်ချက်တစ်ချက် အော်မြည်လိုက်တဲ့ ငှက်သံကြားမှာ မိုးရဲ့အသံလေး ပျောက်သွားရှာတယ်။ ကိုယ့်လက်မှာပတ်ထားတဲ့ လက်ပတ်ကြိုးလေးကိုကြည့်ပြီးတော့ မေးနေတဲ့မိုးကို တကယ့်ကို ဘယ်လိုဖြေရမှန်း မသိခဲ့ဘူး။
တကယ်ဆို ကိုယ် မိုးနဲ့ မတွေ့ရဲဘူးမိုး..။ မဖြေပါရစေနဲ့လို့ စိတ်ထဲကနေ မိုးကိုအထပ်ထပ်တောင်းပန်နေမိတာပဲ။



" ဒီ လက်ပတ်ကြိုးလေးတွေ ၀တ်တာတွေ့နေရတာကြာပြီနော်... "


မိုးရဲ့အသံက တိုးတိုးတိတ်တိတ်လေးထွက်လာတယ်။ မမနိုင်ငံခြားအပြန်လက်ဆောင်ပေးထားတဲ့ ဒီဇိုင်းလှလှလက်ပတ်ကြိုးလေးတွေကို တစ်နေ့တစ်မျိုး ၀တ်နေမိတဲ့ ကိုယ့်ကို မိုး သတိထားမိသွားတာပဲ။ ကိုယ်ဘာမှပြန်မပြောဖြစ်လိုက်ပြန်ဘူး။


" မမတက်နေတဲ့ကျောင်းကိုလည်းလိုက်လိုက်သွားတယ်လို့ သူငယ်ချင်းတွေက ပြောနေကြတယ် .။"
ကိုယ်မိုးမျက်နှာကို မကြည့်ရဲတော့ဘူး။ မိုးရဲ့ရှေ့နေရာကနေ အရည်ပျော်ပျောက်ကွယ်သွားချင်လိုက်တာ။


နှုတ်ဆိတ်နေမိတဲ့ ကိုယ့်ကို  မိုးက တစ်ချက်ပြုံးကြည့်တယ်။


" သွားကြရအောင် လေ..၊ နေ၀င်တော့မယ်.. " တဲ့။



ခံစားချက်ကိုထိန်းချုပ်နိုင်သူဟာ ဆင်ခြင်ဥာဏ်ပြည့်ဝသူမို့ ထာဝရ အနိုင်ရသူပါ မိုးရယ်..။ မျက်ရည်တစ်ချက် မထွက်တဲ့ မိုး။ မျက်နှာတစ်ချက် မပျက်တဲ့မိုး။ ကိုယ်ကသာ နောင်တတွေ တလှေကြီးနဲ့ ကျန်ခဲ့ရမယ်မှန်းသိရင် မသွားပါနဲ့လို့ အဲ့ဒီအချိန်တုန်းက မိုးကို ရင်ခွင်ထဲထည့်ပြီး ကိုယ့်ဘ၀ထဲက ထွက်မသွားပါနဲ့ မိုးရယ်လို့ တဖွဖွပြောပြီး တင်းတင်းဖက်ထားခဲ့မိမယ် ထင်ပါရဲ့။ တကယ့်ကိုပဲမျက်ရည်တစ်စက်မထွက်ဘဲ နေနိုင်ခဲ့တဲ့မိုးကို ကိုယ် အံ့သြချီးကျူးမိပါရဲ့..။ မိုးဟာတကယ့်ကို မာနတွေနဲ့ပြည့်နှက်နေတဲ့သူမို့ထင်ပါရဲ့လေ..။



++++++++++++++++++++++++++++++++++++++++++




တကယ်ဆိုရင် နောင်တတွေနဲ့ ကျန်ခဲ့သူက ပူလောင်ရသူပါ မိုးရေ။
ဆောင်းနံနက်ခင်းတစ်ခုမှာ မိုးတက်နေတဲ့ ကျောင်းကို ကိုယ် လိုက်လည်ခဲ့တယ်။  ကိုယ့်လက်သန်းလေးကို မရဲတရဲတွဲထားတဲ့မိုးတစ်ယောက် အပျော်ကြီး ပျော်နေခဲ့လေရဲ့။ တစ်ခါတစ်ခါ မိုးက နှုတ်နည်းသလောက် တစ်ခါတစ်ခါကျရင်လည်း မိုးဟာ ငှက်ကလေးများလို စကားများလွန်းလှပြန်တယ်။ ကိုယ်ကျောင်းကိုလိုက်လည်တဲ့ တစ်နေ့လုံး စကားတွေများလိုက်တဲ့မိုး။ သိပ်ကိုပျော်နေလွန်းတဲ့မိုး။ ဒါပေမဲ့လည်း သိပ်ကို နွမ်းပါးလွန်းနေတဲ့မိုး။ တစ်ခါတရံ ညှိုးငယ်ဟန်ပေါက်နေတတ်တဲ့မိုး။ တစ်ခါတရံ သိပ်ကို မာနကြီးဟန်ပေါက်တဲ့မိုး။ မိုးကိုဘေးနားမှာထားရင်း လှပပြီးအမြဲသွက်လက်ချက်ချာတဲ့ မမ ၊ အမြဲ တောက်ပနေတတ်တဲ့မမကို တစ်ချက်တစ်ချက် သတိရမိနေသေးတယ်။ မမက ကိုယ့်ကို အတင်းကို ပြန်ဆက်သွယ်နေတဲ့အကြောင်း မိုးကို မသိစေချင်ဘူး။






" မိုး.. ကို့ ကျောင်းကို တစ်ရက်လိုက်လည်ပါလား.."



အအေးသောက်နေရင်းက မိုးကိုပြောလိုက်တော့ သောက်လက်စ အအေးပိုက်ကလေးကိုချလိုက်ပြီး ကိုယ့်ကို လှမ်းကြည့်တယ်။
မိုးမျက်လုံးလေးတွေ အရောင်လက်သွားရင်း ကိုယ့်ကိုပြုံးပြီးကြည့်တယ်.. ပြီးမှ..


" ပျော်စရာကြီးနော် ၊ မနက်အစောကြီး သွားရမှာလား ..ဘယ်အချိန်လဲ..။ ကားဘယ်လိုစီးကြမှာလဲဟင် ၊ ချမ်းမလားမသိဘူးနော်..ပျော်စရာကြီးနော်"


တရစပ်မေးခွန်းလေးအောက်မှာ မိုးရဲ့အသံလေး တွေလွင်နေတာပဲ။ သူ့အပျော်တွေကူးစက်သွားကြလို့လားမသိ.. မိုးရဲ့ မှုန်နေတဲ့သနပ်ခါးနံ့လေး ကိုယ့်ဆီ သင်းပျံ့လာသလိုပဲ..။ မွှေးလိုက်တာမိုးရယ်..။




" ကိုတို့ကျောင်းကားပဲ စီးသွားကြတာပေါ့ မိုးရဲ့ ၊ မနက်စောစော ၆ နာရီ အရောက် ကားဂိတ်မှာစောင့်နေ၊ ကိုလာခေါ်မယ်နော် "




အဲ့ဒီနေ့က မိုးတစ်ယောက်ပျော်နေတယ်။ အဲ့ဒီနေ့ မိုးရဲ့ကျောင်းက အပြန် ကိုယ်တို့ ဘက်စ်ကား ကျပ်ကျပ် တိုးစီးခဲ့ရတယ်။ မိုးက ကျောင်းကားမစီးဘူးတဲ့။ တစ်ချို့အတန်းတွေဖျက်ပြီး စာသင်ရသေးလို့ ပြန်ရတာလွယ်အောင် ဘက်စ်ကားပဲ စီးတယ်တဲ့။ ကိုယ်ပိုင်ကားလှလှနဲ့ကျောင်းတက်တဲ့ သစ်လွင်လှပလွန်းတဲ့ ချစ်ခဲ့ရတဲ့ တစ်ချိန်ကကိုယ့်ရဲ့မမဟာ ကိုယ့်စိတ်ထဲကို ခဏရောက်လာတယ်..။ ပျော့ညံ့လွန်းသူကိုယ့်ကို ခွင့်လွှတ်ပါမိုးရယ်...။




+++++++++++++++++++++++++++++++++++++++++


ကိုယ့်ကျောင်းကို မိုးလိုက်လည်တဲ့ အဲဒီနေ့က ထူးထူးခြားခြားနှင်းတွေကျနေခဲ့တယ်။ မှတ်မိသေးလား မိုးရေ..။ ပြတင်းပေါက်တွေဖွင့်ထားတဲ့ ကျောင်းကားအတွင်းထဲအထိ တံတားတစ်ခုကို ဖြတ်ရတုန်း နှင်းတွေ ကားအတွင်းထဲအထိ အလုအယက်ဝင်လာကြတာလေ..။ မိုးဝတ်ထားတာမိန်းမ၀တ် ရှပ်အကျီင်္လက်စကလေးနဲ့မို့  မိုးများ ချမ်းနေမလားလို့ ကြည့်မိတော့ အံ့သြတကြီး ပျော်နေတဲ့ မိုးရဲ့မျက်နှာလေးဟာ နှင်းတွေကြားထဲမှာ ဖြူနုဝင်းပနေလိုက်တာလေ။ မိုးဟာ အသံလေးတိတ်နေပြီး ငြိမ်သက်နေရှာတယ်။ ကျောင်းကားပေါ်မှာ ဆူညံနေကြတဲ့ သူတွေကြားထဲမှာ မိုးဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကိုယ်ကပထမအတန်းချိန်ကို မိုးနဲ့တူတူတက်ပြီးတော့ ကျန်တဲ့အချိန်တွေ အတန်းပြေးပြီး ကိုယ်တို့နှစ်ယောက် လျှောက်သွားကြတဲ့အခါ မိုးတစ်ယောက်မှာ ပျော်လွန်းလို့။ ကိုယ်တို့တွေ ခြေတညောင်းပဲ နေမပူခင် လျှောက်သွားကြတယ်။ ပြီးတော့ ကင်တင်းမှာ ထိုင်နား ထမင်းစား။ မိုးတစ်ယောက်ပျင်းဟန်ပေါက်လာတော့ ကိုယ်ကပဲမြို့ထဲသွားကြရအောင်လေ ၊ စာအုပ်ဆိုင်တွေဘက်သွားကြရအောင်လို့မိုးကိုပြောပြီး ထ ပြန်ကြတယ်။


မြို့ထဲမှာထမင်းပေါင်းဝင်စားပြီး အမေ့အိမ်စာအုပ်ဆိုင်ကိုဝင်ကြတာ မှတ်မိသေးလားမိုး..။ ကိုယ်က စာအုပ်တွေဝယ်တော့ မိုးက စာအုပ်လေးတစ်အုပ်လိုက်ဝယ်တယ်။ မင်းလူရဲ့ ငှက်ကလေး ဆိုတဲ့စာအုပ်။ မိုးက မိုးအပိုင်သိမ်းထားချင်လို့လို့ပြောတယ်။
ကိုယ်ရှင်းလိုက်မယ်ပြောတော့ မိုးက "ဟင့်အင်း.. မိုးကိုယ့်ဘာသာရှင်းပါရစေ"တဲ့...။
ကိုယ်က အတင်းရှင်းမယ်လုပ်တော့ ကိုယ့်ကိုတစ်ချက် မော့ကြည့်လိုက်တဲ့ မိုးရဲ့ မျက်ဝန်းတွေဟာ ကိုယ့်ကိုထိတ်လန့်သွားစေတယ်။နောက်ဆုံးတော့ ကိုယ်က မိုးကိုယ်ပိုင်ငွေနဲ့ ၀ယ်လာတဲ့ စာအုပ်လေးကို အဖုံးလေးပဲဖုံးပေးနိုင်ခဲ့တယ်။ ဖလင်ပြားလေးကို အသဲနှစ်ခုဆက်နေတဲ့ပုံစံ ညှပ်ပြီး စာအုပ်ညှပ်လို့ရအောင် ကြိုးကလေးနဲ့တွဲချည်ပြီးထည့်ပေးလိုက်တယ်။ မိုးက ကိုယ်ကိုယ်တိုင်ဖုံးပေးထားတဲ့ စာအုပ်လေးကို တရိုတသေ ကြည့်ပြီး "ကျေးဇူးတင်ပါတယ်" တဲ့။
မိုးရယ်.. ဒါလေးကို ကျေးဇူးတင်စရာလိုလို့လား လို့ တွေးမိရင်း ထွက်ခွာသွားတဲ့ မိုးရဲ့ကျောပြင်ကို ပဲ ငေးကြည့်မိတယ်။




+++++++++++++++++++++++++++++++++++++++++++++++




ဆောင်းမနက်ခင်းတချို့မှာ ကျောင်းပျက်တာများလို့ မလိုက်နိုင်တော့တဲ့ ဘာသာရပ်တစ်ခုအတွက် မိုးတစ်ယောက်ကျူရှင်တက်ရတော့ ကိုယ်က မိုးကို စက်ဘီးလေးနဲ့ လိုက်ပို့ရသေးတယ်။ တစ်ချို့ရက်တွေကျတော့ ကိုယ်က မိုးကျူရှင်ကိုလာကြိုရုံပဲတတ်နိုင်တယ်..။  အစောကြီးတက်ရတဲ့မိုးရဲ့ကျူရှင်ကို ပထမဆုံးကိုယ်လိုက်ပို့ရတဲ့ရက်တုန်းက ကိုယ့်စက်ဘီးနောက်မှာ မရဲတရဲ ထိုင်စီးရှာတဲ့မိုး၊ တစ်ခါတစ်ခါ စက်ဘီးက မငြိမ်လို့ လှုပ်သွားတဲ့အခါ ကိုယ့်ခါးကို မရဲတရဲ လှမ်းဖက်လိုက်တော့


"ဖက်ရင်ရဲရဲဖက်ဗျ၊ မရဲတရဲဆို ကိုယ်က ယားတယ် " လို့နောက်မိတယ်။


ကိုယ်အဲ့လိုပြောပြီးနောက် မိုးလေ ကိုယ့်ခါးကို ဖက်ပြီး မျက်နှာလေးအပ်ထားလိုက်တာ ကိုယ့်ကျောပြင်မှာ သနပ်ခါးနံ့လေး စွဲထင်ကုန်တဲ့အထိပဲ။
လွမ်းရပါတယ် မိုးရေ..။ ခုချိန်မှာ မိုးရဲ့ ပါးပြင်က သနပ်ခါးရနံ့မွှေးမွှေးကို လွမ်းမိပေမဲ့ တချိန်ကတော့ မမရဲ့ ရေမွှေးရနံ့ကို ကိုယ်စွဲလမ်းခဲ့ကြောင်း မိုးကိုရှက်ရှက်နဲ့ ၀န်ခံရတော့မယ်။ ကိုယ့်ကိုယ်ကိုလည်း မုန်းတီးရပါတယ်မိုး။ ဒါဟာ မိုး ကိုယ့်ကို အငြင်သာဆုံးနဲ့ အထိရောက်ဆုံး လက်စားခြေခြင်းပဲဖြစ်ပါစေတော့မိုးရယ်။ မိုးကိုယ့်ကိုရေးပြီးပေးဖတ်တဲ့ ကဗျာလေးထဲကလို ပေါ့..။
"ဝေဒနာဆိုတာ ခံနိုင်ရည်ရှိမှုနဲ့ မဆိုင်ဘူး" တဲ့။
ကိုယ်က မိုးကို ခံနိုင်ရည်ရှိတယ်ဆိုပြီး ဝေဒနာတွေထပ်ခါတလဲလဲပေးခဲ့မိသူပါမိုးရေ။ မိုးကတော့ ကိုယ်ပေးတဲ့ဝေဒနာတွေကို မခံစားနိုင်တော့လို့ အဝေးကိုထွက်ပြေးသူလို့ ကိုယ်တွေးပြီးကြေကွဲရပြန်တယ်။ အမြဲလိုလို ဒွိဟတွေနဲ့ တွေဝေနေတတ်တဲ့ကိုယ့်ကိုယ်စား အဖြေတစ်ခုကိုကိုယ်ခေါင်းမရှုပ်အောင် ကိုယ့်ကိုတမင်တကာနှုတ်ဆက်သွားသလိုပဲလို့ကိုယ်တွေးမိပါသေးတယ်..။ သိပ်ကိုကြေကွဲရပါတယ်မိုးရေ..။ တွေဝေတတ်တဲ့သူဟာ မိမိကိုယ်ကို အမှန်မသိသူမို့ တစ်သက်စာထာဝရ ရှုံးသူပါပဲ မိုး..။




+++++++++++++++++++++++++++++++++++++++++++




" လိပ်ကလေး.. ပက်လန်လန်နေတာတောင် ပြုံးစိစိနဲ့.. ဘယ်လိုအခက်အခဲမျိုးပဲကြုံကြုံ အဲဒီလိပ်ကလေးကိုသတိရနော် .."
ကိုယ်က အစိမ်းရောင်လိပ်ကလေး ပက်လက်ကလေးနဲ့ ပြုံးစိစိဖြစ်နေတဲ့ပုံပါတဲ့ ပို့စ်ကဒ် သေးသေးလေးရဲ့နောက်မှာ စာရေးပြီး မိုးကို ပေးတယ်။ ၁ ရက် ၁ လ  နှစ်သစ်တစ်ရက်မှာ မမျှော်လင့်ထားတဲ့လက်ဆောင်လေးကို ရတဲ့ မိုးက အံ့သြတဲ့မျက်နှာပေးလေးနဲ့ ၊ မထုံတတ်တေး ။ မိုးက စာသားရဲ့အောက်မှာရေးထားတဲ့ ချစ်ရတဲ့ကို ဆိုတဲ့ စာသားကို မျက်မှောင်ကြုတ်ကြည့်နေတုန်းမှာ ကိုယ်က မိုးကို ရည်းစားစကားပြောမိတယ်။ မထင်မှတ်ထားတဲ့အချိန် မထင်မှတ်ထားတဲ့နေရာမှာ လုံးဝမမျှော်လင့်ထားတဲ့လူတစ်ယောက်ဆီကကြားရတဲ့စကားမို့ မိုးဟာ ရှက်ရှက်နဲ့ ကိုယ့်ရှေ့ကနေ အပြေးတစ်ပိုင်းထွက်သွားတယ်။ ကဒ်ကလေးကိုလွှတ်မချခဲ့ဘူး။ ဒီအကြောင်းတွေ မိုးဆီက ပြန်ကြားရတဲ့အချိန်မှာ မိုးက ကိုယ့်ပုခုန်းစွန်းလေးကို မှီနွဲ့နေပြီ..။ မိုးဟာ မကွေ့ကောက်ဘူး။ မကွယ်ဝှက် ဘူး။ သဘောဖြောင့်လွန်းလှတယ်။ ဒါကြောင့်ပဲ ထင်ပါရဲ့ လေ.. မမကြောင့် ဒဏ်ရာရခဲ့တဲ့ ကိုယ်က မိုးကို ငြိတွယ်မိလေသလား။ မိုးရင်မှာ ခဏခိုဝင်ခဲ့မိလေသလား။ မကွေ့ကောက်တတ်တဲ့မိုးဆီက ကိုယ့်အတွက်အဖြေကိုမစောင့်လိုက်ရသလို မိုးကိုလည်း မယုံမကြည်ဖြစ်ရခြင်းတွေမရှိခဲ့ဘူး။ မိုးကလည်း ကိုယ့်ကို နည်းနည်းလေးမှ စိတ်အနှောင့်အယှက်ပေးတယ်လို့လည်းမရှိခဲ့ဘူး။ ဒါကြောင့်ပဲ မိုးဆီရတဲ့ အေးမြခြင်းတွေဆီက ကိုယ်က ပြေးထွက်ခဲ့မိလေသလား မိုးရေ..။ မမရဲ့ချုပ်နှောင်မှုတွေကြောင့် ကျဉ်းကျပ်လာတဲ့နေ့မှာ မိုးဘယ်ရောက်နေပြီလဲ လို့ အလန့်တကြားတွေးမိရတယ်။ မိုးကို အရှက်ရတယ်။ အဲ့လိုအချိန်မှာများကိုယ့်ကို မိုးက ဘာကြောင့်ဒီလောက်ပျော့ညံ့သွားရတာလဲ လို့ လာမေးရင်လည်း တစ်ကြိမ်တစ်ခါလောက်တော့ ပျော့ညံ့ခွင့်ပေးပါလို့ ပြောမိရတော့မှာပါပဲ။ မိုးက လိပ်ကလေးကို သတိမရတော့ဘူးလားလို့ လှောင်ရယ်သလိုမေးလာခဲ့ရင်လည်း ကိုယ်က လိပ်ပက်လက်လန်သလို ဖြစ်တာ မိုးထားသွားတဲ့နေ့ကတည်းကပါလို့ ပြောမိမလားပဲမိုးရေ..။ မွန်းကြပ်ပိတ်လှောင်မှုတွေအောက်မှာ ကိုယ်က မိုးကို ပြန်ရှာမိတော့ မိုးဟာ စိတ်အနာကြီးနာခဲ့သူမို့ တစ်ယောက်တည်းအဝေးကိုပြေးသတဲ့။ ကိုယ်ဟာ အပြစ်ရှိသူမို့ မိုးရဲ့အနားကို မချဉ်းကပ်ဝံ့ဘူး။ ကိုယ့်အကြောင်းကိုများ မိုးကြားတဲ့အခါ လှောင်ရယ်နေမလားလို့ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ပိတ်မိတယ်။ ရင်ထဲကအနာကို မိုးအပါအ၀င် ဘယ်သူမှမမြင်စေရဘူး။ ရင်ထဲမှာ ကျိတ်ငိုခွင့်သာ ပေးပါတော့မိုးရေ..။ ကိုယ်ဟာ အေးမြခြင်းရဲ့အဝေးကို ပြေးထွက်မိသူမို့ နောင်တတွေနဲ့သာ ထိုက်တန်ပါတယ် ။ လိပ်ပြာမသန့်သူမို့ မိုးကို လိုက်ရှာခွင့်လည်း မပေးပါနဲ့တော့ မိုး...။




++++++++++++++++++++++++++++++++++++++++++++++++




" အကို့တို့နှစ်ယောက်ကို မနေ့က ကျွန်မဘက်စ်ကားပေါ်ကနေ လှမ်းတွေ့လိုက်တယ်"


မိုးအသံက ထိန်းထားတဲ့ကြားကတုန်ခါနေတယ်။ ကိုယ့်ရင်ထဲမှာ ထိတ်ခနဲပဲ။ ရုတ်ချည်းဆိုသလို ကိုယ့်ရင်ထဲမှာ အေးစက်သွားတယ်။ မျက်နှာတစ်ခုလုံးထူပူလို့။ ကိုယ်လေ မိုးမျက်နှာကို မကြည့်ရဲဘူး။ အခေါ်အဝေါ်တွေ ပြောင်းပစ်လိုက်ပြီဖြစ်တဲ့မိုးရဲ့ လေသံတွေ အေးစက်နေမှန်း ကိုယ်သိပါတယ်။




" မိုးလိုချင်တာက နှစ်ဦးနှစ်ဘက် အပြန်အလှန် အလုံးစုံ စိတ်ချယုံကြည်ရတဲ့ ချစ်ခြင်းမေတ္တာပါ။ ကျွန်မက အကို့ကို ချစ်ခဲ့တယ်ဆိုတာ အကို့အပေါ်ကိုအထင်ကြီးခြင်းအပေါ်ကို အခြေခံပြီးချစ်ခဲ့မိတာ။ ကိုယ်အထင်ကြီးရတဲ့ချစ်သူကို ကျွန်မက အကြွင်းမဲ့ယုံကြည်ခဲ့တယ်။ အခုလိုမျိုး ကျွန်မအပေါ်ကို ဆက်ဆံခံရတာ စိတ်အနာဆုံးပဲ။ တစ်သက်ဖျောက်မရနိုင်တော့တဲ့ ဒဏ်ရာပဲ။ "




မိုးရဲ့ စကားတွေက မြားတွေလိုပဲ ကိုယ့်ရင်ကို လာစူးကြလေရဲ့။ စူးပါစေတော့မိုးရေ။ မိုးကို ဒဏ်ရာတွေပေးမိတဲ့ကိုယ်ဟာ အပြစ်ရှိသူပါ။ ကိုယ်ကမိုးမျက်နှာလေးကိုပဲ ငေးကြည့်နေမိတော့တယ်။ ကိုယ့်တစ်ကိုယ်လုံး မီးခိုးငွေ့တွေအဖြစ်ပြောင်းသွားကြပြီထင်ရဲ့။ မိုးလက်ကလေးကို လှမ်းဆွဲလိုက်ချင်ပေမဲ့ မမရဲ့ လက်ပတ်ကြိုးလေးဟာ မိုးလက်ကလေးကို လှမ်းဆွဲမယ့်ကိုယ့်လက်ကို အတင်းဆွဲတားထားကြသလိုပဲ။ အဲ့ဒီအချိန်တုန်းက မမကိုရင်ဘတ်ထဲ ထည့်ခဲ့မိတဲ့ကိုယ်မို့ မိုးဘက်ကို အလေးမသာခဲ့တာကိုတော့ ရင်နာနာနဲ့ဝန်ခံပါတယ်မိုး။


အစက ခပ်ဖွဲဖွဲကျနေတဲ့မိုးတွေ ရုတ်တရက်သည်းသည်းမည်းမည်းရွာချလာတယ်။ ကော်ဖီဆိုင်လေးရဲ့ အစွန်ဆုံးစားပွဲမှာ ထိုင်နေကြတာမို့ မိုးစက်တွေဟာ မိုးရဲ့ကျောတလျှောက်ကိုလာစင်နေတယ်။ ကျောတလျှောက်ချထားတဲ့ မိုးရဲ့ဆံနွယ်တွေမှာ မိုးစက်တွေ လာငြိတွယ်နေကြတာကိုကိုယ်မှတ်မိပါသေးတယ်။ မိုးတွေစိုကုန်မယ် .. ဒီဘက်တိုးလေမိုးလို့ ပြောလိုက်မိတယ်ထင်တယ်မိုးရယ်.. အဲ့ဒီစကားကလွဲရင် ရင်ထဲမှာဗလောင်ဆူကာ အခိုးအငွေ့တစ်ဝက်ဖြစ်နေတဲ့ကိုယ်က ရှက်ရွံ့ခြင်းအပြည့်နဲ့မို့ မိုးကို ပြောဖို့ တခြားစကားလုံးတွေ ထွက်မလာနိုင်ဘူး။ အပြင်မှာသည်းနေတဲ့မိုးတွေ ကိုယ့်အပေါ်ကိုသာအကုန်ရွာချပါစေတော့လို့ ဆုတောင်းမိလေသလား မသိဘူးမိုးရေ..။ အဲ့ဒီအချိန်မှာပဲ မိုးက ကိုယ့်ကို တစ်ခုခုပြောတယ်..။ အခုအချိန်မှာ ကိုယ်ပြန်မစဉ်းစားချင်ဆုံးတစ်ခုခု..။





" အကို ခြေလှမ်းတွေပျက်တာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မသိက္ခာကို ဒီလောက်ထိ စော်ကားလိမ့်မယ်လို့ မထင်မိလောက်အောင် အကို့ကို အထင်ကြီးမိခဲ့တာတော့ ကျွန်မအမှားပေါ့။ အကိုက သိပ်တွေဝေတတ်လွန်းတယ်ဆိုတော့ လည်းအကို့အတွက် ကျွန်မကပဲအဆုံးအဖြတ်ပေးခဲ့ပါမယ်။ အကိုတို့နှစ်ယောက်လုံးပျော်ရွှင်ပါစေ.."




မိုးရဲ့အသံက ခပ်တိုးတိုးပေမဲ့ ညင်သာပြတ်သားလှတယ်။ ကိုယ့်မျက်လုံးတည့်တည့်ကို အေးစက်စက်စိုက်ကြည့်ပြီးပြောနေတဲ့ မိုးဟာ ပြတ်သားနေတယ်။ မိုးက ထိုင်နေရာက ထွက်သွားတယ်။ မိုးရေတွေထဲ..။ မျက်ရည်တစ်ချက် မထွက်တဲ့မိုး။ သိပ်ကို မာနကြီးတဲ့မိုး။ အဲ့ဒီအချိန်တုန်းက အဖြစ်ချင်ဆုံးဆန္ဒဟာ အခိုးအငွေ့တွေအဖြစ်နဲ့ကိုယ့်တစ်ကိုယ်လုံးပျောက်ကွယ်သွားချင်တဲ့စိတ်ပဲ ဖြစ်မယ်ထင်ပါရဲ့ မိုးရေ..။ အဲ့ဒီနေ့က ကော်ဖီဆိုင်လေးမှာ မိုးတွေ စဲတဲ့အထိ ထိုင်နေမိတယ်။ မိုးထားခဲ့တဲ့ ကော်ဖီခွက်ကလေးကို ကြည့်ရင်းက မျက်ရည်ဝဲရပြန်တယ်..။ မိုးရေတွေ တစ်စက်စက်ကျနေတဲ့ မြေသားတွေကိုငေးကြည့်ရင်းနဲ့ ကိုယ့်မှာ အေးစက်ရပြန်တယ်။ ဟင်းလင်းပြင်တစ်ခုထဲမှာ မျောလွင့်ရသူလို ကယောင်ချောက်ချားနဲ့ ကိုယ့်လက်ကိုတင်းတင်းဆုပ်ထားရပြန်တယ်..။ ကိုယ်ဟာ အားငယ်တတ်သူပါလို့ စိတ်ထဲမှာ မိုးကိုတိတ်တိတ်တမ်းတရတယ်။ မမဟာ ကိုယ့်ကို မအေးမြစေနိုင်သူမို့ မိုးဆိုတဲ့အေးရိပ်ဆီကို တမ်းတမိတတ်တဲ့အခါ မိုးကိုရှက်ရွံ့အားနာရတယ်။ ချန်ခဲ့ပါတော့မိုး..။ ကိုယ့်အနားက အဝေးဆုံး အကောင်းဆုံးဆိုတဲ့အရပ်ဆီကိုသာ ထွက်ပြေးပါတော့မိုးရေ..။




+++++++++++++++++++++++++++++++++++++++++++


မိုးတွေ တစ်ပေါက်ပေါက်ကျလာတယ်။ မှာထားတဲ့ကော်ဖီကို စားပွဲထိုးလေးက စားပွဲပေါ်လာချပေးပြီးသွားတဲ့အခါ မိုးရေစက်တွေ ပိုစိတ်လာတာကိုသတိထားလိုက်မိတယ်။ မိုးတွေသည်းတဲ့ မိုးရက်တစ်ရက်ရယ်၊ ကော်ဖီရယ်.. ဟာ ကိုယ့်ကိုမမေ့နိုင်တဲ့အတိတ်တွေဆီခေါ်သွားနေကြပေါ့.. ။ တကယ်ဆို အဲ့ဒီနေ့က အကြောင်းကို ပြန်တွေးရင် သက်ကယ်မိုးထားတဲ့ ကော်ဖီဆိုင် အမိုးလေးပေါ်ကမိုးရေစက်တွေက သဲထူထူခင်းထားတဲ့ မြေပေါ်ကိုတပေါက်ပေါက်ကျနေတဲ့ မြင်ကွင်းလေးကို သတိရမိတုန်းပဲ။






                                                                                                                                စိမ်းမြလင်းသစ်
                                                                                                                                10/03/2014









Thursday, 9 May 2013

ဂျွန်…တစ်ယောက်တည်းပဲပျော်တယ်ဆို ဘာလို့ကိုယ့်ကိုခေါ်သေးသလဲ။

မနက်ခင်းမှာနိုးလာတော့ ပြတင်းပေါက်မှန်မှာ မိုးရေတွေတွေ့ရတယ်။
နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတဲ့
ကိုယ့်ရင်ထဲကအိပ်မက်ကလေးကိုနှိုးလိုက်ရင်ကောင်းမလားလို့ စဉ်းစားမိရင်း
အိပ်မက်ဟာနိုးလာတဲ့အခါအိပ်မက်မဟုတ်တော့ဘူးလို့တွေးမိပြန်တော့
အိပ်မက်ကလေးကိုအိပ်မက်လေးအတိုင်းထားလိုက်ရတယ်…။
ဂျွန်…ခင်ဗျားပေးခဲ့တဲ့အိပ်မက်လေးနိုးသွားရင် ခင်ဗျားဆီပဲပြန်သွားခိုင်းမှာပါ.။
အိမ်တံခါးကိုပိတ်ပြီးလမ်းလျှောက်ထွက်လာတော့ မြင်လိုက်ရတဲ့ လေခါးလက်ရမ်းမှာ ခိုတွေအများကြီးပဲ။
သူတို့တွေပျံမသွားအောင်ခြေသံကိုဖော့ပြီးနင်းလိုက်ရတယ်။
ငှက်ကလေးတွေငြိမ်းချမ်းပါစေ။
မနက်ခင်းလေထုဟာမိုးရွာပြီးစမို့လို့ အေးနေတာပဲ။
တိမ်ဖြူဖြူတစ်ချို့တလေရှိတယ်။
အလုပ်ကိုကသုတ်ကရက်သွားနေကြတဲ့လူတွေရှိတယ်။
နှစ်ယောက်တွဲလမ်းလျှောက်လာကြတဲ့လူတွေကြည့်ပြီးတစ်ယောက်တည်းပြုံးလိုက်ရတယ်… ဂျွန်။
ကန်ပတ်လမ်းဘေးကစကားပင်က မွှေးရနံ့ဟာ အေးပြီးမွှေးနေတာပဲ။
ဒီမနက် အချိန်မရလို့ပေါင်မုန့်မ၀ယ်နိုင်တော့ဘူး ။
မနက်စာမစားဖြစ်လည်းကော်ဖီတော့ သောက်ဖြစ်မှာပါ။
ညစာမစားဖြစ်လည်းနွားနို့တော့သောက်ဖြစ်မှာပါ။
တနင်္ဂနွေနေ့တွေမှာအိပ်ရေး၀၀ အိပ်ပြီး ပျင်းတဲ့အခါ တစ်ယောက်တည်း ရုပ်ရှင်ကြည့်ဖြစ်မှာပါ။
ကျောင်းစာတွေခက်လာတဲ့အခါ၊အလုပ်မှာ စိတ်ရှုပ်စရာတွေ့ရတဲ့အခါ
ညတုန်းကလိုပဲ…တစ်ခါတလေပန်းခြံထဲ ထွက်ထိုင်မှာပါ။
သီချင်းတွေဆိုပြီးရုပ်ရှင်တွေကြည့်မှာပါ။
တစ်ခါတလေစာတွေဖတ်ပြီး တစ်ခါတလေ စာတွေရေးဖြစ်မှာပါ။
တစ်ခါတလေအိမ်နဲ့ ဖုန်းပြောပြီး တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ထွက်တွေ့မှာပါ။
ဝမ်းနည်းတဲ့အခါတစ်ယောက်တည်းမျက်ရည်ဝဲပြီး ပျော်တဲ့အခါ တစ်ယောက်တည်းပဲ ပြုံးမှာပါ။
အမှန်တကယ်တော့အထီးကျန်တယ်ဆိုတာ
တစ်ယောက်တည်းရှိတဲ့အချိန်မှဖြစ်တတ်တာမဟုတ်မှန်းကိုယ်သိပါပြီ …ဂျွန်။
ဒီလိုဆို
တစ်ယောက်တည်းလျှောက်လို့ရတဲ့လမ်းတွေမှာဘာလို့ နောက်တစ်ယောက်ပါစရာလိုပါ့ဦးမလဲ။
ပြီးတော့…
ခင်ဗျားက
တစ်ယောက်တည်းလည်းဖြစ်တယ်ဆို…ဘာကြောင့်ကိုယ့်ကို ခေါ်သေးသလဲ…။
တစ်ယောက်တည်းပဲပျော်တယ်ဆို…ဘာလို့ ကိုယ့်ကိုခေါ်သေးသလဲ…။


စိမ်းမြလင်းသစ်
(May 2013)

S P A C E S

space တွေ ကြားထဲ ခုန်ချလိုက်တယ်
နေပျော်မယ်ဆိုတာသေချာသလား
အလိုမကျသမျှတွေကို တစ်တိုး တစ်လျှော့ နေရ။
ဘယ်သူဟာ ဘယ်မှာ ဘာကြောင့် ညာကြောင့် ဒီအချိန် ဒီအခါ
အတွေးတွေကို သေချာဖြန့်ကျက်ကြည့်တော့
ကိုယ်ကလွဲရင်ကိုယ့်အပြင် ဘယ်သူမှမရှိပြန်ဘူး။
နောက်ဆုံး
လိမ်မာတော့မယ်လို့ ပြောပြီး
စပေ့စ် တွေ ထဲ ခုန်ချလိုက်တယ်
အရိပ်တွေ မလိုက်ခဲ့နဲ့ ...။
 
စိမ်းမြလင်းသစ်
(April 2013)
 


Monday, 21 January 2013

မိုးရေထဲ ဖြတ်လျှောက်ကြစို့ ဂျွန်.. အရာအားလုံးဟာ အကန့်အသတ်တွေနဲ့မို့..။

နေရောင်ခြည်အောက်မှာ ခေါင်းကို ခါလိုက်မိတယ်။
ဆွေးမြေ့နေတဲ့ အတွေးတွေ အထွေးလိုက်ကျသွား
အခန်းထဲမှာ မီးရောင်ဝါ၀ါ
မျက်နှာကျက်မှာ စက္ကူငှက်ရုပ်ကလေး
အသက်ရှူလိုက်တိုင်းမှာ ပန်းရနံ့တွေချည့်ပဲ..
အတွေးထဲမှာ….။

ဂျွန်...။
လူတစ်ယောက်ကို ချစ်တာနဲ့
အသက်ရှူလိုက်တိုင်း
ရင်ခွင်တစ်ခုလုံးလင်းရတယ်
ခက်ရောပဲ။
ဒီနေ့ နေသာတယ် ..ဂျွန်။
ကောင်းကင်က အပြာလဲ့လဲ့အောက်
လေထုထဲမှာ ပျော်ရွှင်ခြင်းငွေမှုန်တွေ တလက်လက်
သစ်ရွက်ငယ်လေးတွေ
နေရောင်ခြည် ၀တ်ရုံနဲ့ အတူ ကခုန်နေကြပေါ့။

အပြစ်ကင်းပါတယ် ဂျွန်။
ကိုယ့် ရယ်သံတွေမှာ ပျော်ပါ။
မနက်ဖြန်တွေမှာနေထိုင်ပါ။

ကျေးဇူးပြုပြီး
ကိုယ့်ရဲ့ကြက်ခြေခတ် အနီရောင်တွေကို ခပ်ဝေးဝေးလွှင့်ပစ်ပေးပါ
အနာဂတ်မှာ

ကမ္ဘာအသစ်နဲ့
အစိမ်းရင့်ရင့်မြင်ကွင်းတွေနဲ့
ဂျွန်နဲ့ကိုယ်နဲ့…။

ပျော်ရွှင်ခြင်းအကျီင်္ကို အိပ်မက်အတိုင်းနဲ့ ချုပ်လုပ်ဝတ်ဆင်ဖို့
နေရောင်ခြည်ထဲမှာ ဆန္ဒအသေတွေ စွန့်ပစ်လိုက်ဖို့
တံခါးတစ်ချပ်ကိုဖွင့်ဖို့ စောင့်နေတယ်ဆိုတဲ့အကြောင်း

ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ချစ်ခြင်းမေတ္တာ
အခန်းငယ်လေးဟာ နွေးထွေးတယ်ဆိုတဲ့အကြောင်း
စသဖြင့် .. စသဖြင့်
ဘယ်ဘက်အိပ်ကပ်ထဲက စကားလုံးတွေရဲ့အသံက
တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး..။

သိပ်ထူးဆန်းတယ် ဂျွန်
စောင့်စားရခြင်းဆိုတဲ့ စကားလုံးမှာ ဆူးတွေနဲ့။        ။


စိမ်းမြလင်းသစ်
21/01/2013

Friday, 16 November 2012

တစ်ခါတစ်ခါများ
ဘ၀က အချိုရည်ကုန်သွားတဲ့အခါ
အသက်ရှူစရာ နေရာမကျန်တော့သလိုမျိုး
ဘာကို ဆုပ်ကိုင်ပြီး အားတင်းရမလဲမသိဘူး
ဖုန်းဆက်တိုင်း ခဏခဏမဆူပါနဲ့လားမေမေရယ်။
အိမ်ကိုပြန်တိုင်းလည်း အိမ်မဟုတ်လို့
မျက်နှာမူလိုက်တိုင်း အေးစက်တဲ့ အရပ်မျက်နှာတွေ
ဆောင်းအိပ်မက်တွေနဲ့ တစ်ယောက်တည်းခြောက်သွေ့ ကွဲအက်
ကိုယ့်စိတ်နဲ့ကိုယ်အခန့်မသင့်ရတဲ့ ရက်တွေအတွက်
စိတ်ကူးလေးနဲ့တော့ ခဏလောက်နွေးထွေးပါရစေ
တစ်ခါတလေများ
စိတ်လေနှင်ရာ လွင့်သွားချင်တယ်ဆိုပြီး
မျက်ရည်တွေကျရတယ်
ကြိုးတွေအထပ်ထပ်နဲ့
တစ်ယောက်တည်း။

Saturday, 20 October 2012

ပိတ်ထားတဲ့တံခါး

                                                                   စိမ်းမြလင်းသစ်

ပတ်ဝန်းကျင်ကပဲ မခို့တရို့ အမှောင်မို့လို့လား ။ မိုးရွာပြီးစ ညနေခင်း၊ တိမ်တွေပြိုဆင်းကျပြီးကာစ အချိန်။ မိုးရေစက်တွေတွဲလွဲခိုနေတဲ့ သစ်ရွက်ကလေးတွေကို လက်နဲ့အသာတို့ထိမိလိုက်သေးသလား မသိဘူး။ မဲညို့နေသေးတဲ့ မိုးသားတိမ်တိုက်တွေအောက်မှာ တိမ်တွေလို တလွင့်လွင့်နဲ့ လျှောက်လာမိရင်း ဒီလမ်းလေးကို မြင်လိုက်ရတယ်။ အို..သိပ်ကိုလှတဲ့လမ်းကလေးပါပဲကွယ် ။ ကိုယ့် နှုတ်ခမ်းတွေကနေတောင် ခပ်တိုးတိုးရေရွတ်မိလေသလားမသိပေဘူး..။ အဲ့ဒီ မြေနီလမ်းကလေးအတိုင်း ဆက်လျှောက်လာနေမိတော့တယ်။  စကတ်ရှည်ရှည်ကို အသာမလို့ တစ်ခါတစ်ခါ ခြေဖျားထောက်ပြီးတောင်လျှောက်နေရတယ်။ ရေအိုင်သေးသေးကလေးတွေက အများသားပဲ..။ ရေအိုင်တွေကိုကျော်ပြီးလျှောက်ရပေမဲ့..လမ်းကလေးဟာ မြက်ပင်စိမ်းစိမ်းနုနုလေးတွေနဲ့ သိပ်ကို စိမ်းလန်းလှပလွန်းပါရဲ့။ ရေအိုင်လေးတစ်ခုကို ခုန်ကျော်လိုက်၊ ကိုယ်ဟန်ကိုထိန်းလိုက်နဲ့ ပျော်လာတယ်။ ဟော မိုးတွေ ထပ်ရွာလာပြန်ပြီ.။ ဒီတစ်ခါ မိုးက ခပ်ဖွဲဖွဲပဲ..။ အင်း..မိုးရေထဲမှာ မလျှောက်ဖြစ်တာ ကြာပြီပဲ..။ လမ်းဆက်လျှောက်မယ်လေ..။ ဒီအစိမ်းရောင်လမ်းကလေးအတိုင်း လျှောက်သွားရင် ဟိုခြံတံခါးဆီပဲရောက်မှာပဲပေါ့နော်။ အပြာရောင်ဆေးသုတ်ထားတဲ့ ခြံတံခါးပေါ့။  ခြံတံခါးကနေကြည့်လိုက်ရင် တံခါးကို အမြဲပိတ်ထားတဲ့ အပြာရောင် အိမ်ကလေးကိုလည်းတွေ့ရမယ်လေ။ ခြံထဲမှာ ဘယ်တော့မှလူမတွေ့ရတဲ့ ဒန်းကလေးတစ်ခုရှိတယ်။ ပြီးတော့ ကိုယ်တွေ့ရသလောက်တော့
ရေကန်ကလေးတစ်ခုလည်းရှိသေးတာပဲ။ ရေကန်လေးက ညဘက်ဆိုရင် ပြာလဲ့ပြီး နေ့ဘက်ဆိုရင် အေးမြနေမယ့် ပုံစံရှိတယ်။ ရေကန်ကလေးရဲ့ဘေးမှာ မီးတိုင်အပြာရောင်လေးတွေထွန်းထားတယ်။ ရေကန်ပြာပြာလေးဟာ လဲ့ဖြာနေတာပဲ။ ဖြတ်သွားဖြတ်လာနဲ့ အပြင်ကမြင်ရတာနဲ့တင် သိပ်ကိုသာသာယာယာရှိမယ့် ခြံကလေးမှန်းသိပ်သိသာတာပဲ။ ဒီလမ်းလေးကိုလျှောက်မိတိုင်း ဒီအိမ်လေးကိုအမြဲကြည့်မိတယ်။ တစ်ခါတုန်းကတော့ ခြံကလေးရှေ့မှာရပ်မိရင်းနဲ့ ခြံကလေးထဲကို ၀င်ကြည့်ချင်စိတ် ပြင်းပြင်းပြပြ ဖြစ်ဖူးတာ မှတ်မိတယ်။ ဒန်းကလေးမှာ ခဏထိုင်ချင်တယ်။ ပြီးတော့ ကန်ကလေးဘေးမှာ ထိုင်ချင်တယ်။ ပြီးတော့ အိမ်ကလေးထဲကို ခဏလောက်ဝင်ကြည့်ချင်တယ်။ ပြီးတော့လည်းသိပ်မကြာခင် ခြံတံခါးလေးဆီကနေ အကြည့်ကို လွှဲခဲ့ရတာပါပဲ။ စိတ်လွတ်လက်လွတ် နဲ့ပဲ ဒီခြံကလေး ဘေးကနေ ဖြတ်သွားရင်း အခု နောက်တစ်ခါ ရောက်လာပြန်ပြီ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++

ခြံကလေးက ပိုပြီးသစ်လွင်လာသလိုပဲ။ ခြံတံခါးပြာပြာလေးရယ်၊ ပြတင်းတံခါးတွေကို ဆေးဖြူသုတ်ထားတဲ့ အိမ်လေးရယ်၊ ရေကန်ပြာပြာလေးရယ်…။ ကိုယ်လေ… ကြည့်ရင်းနဲ့ ရင်တငြိမ့်ငြိမ့်နဲ့ မောလာမိတယ်။ ကြည့်နေရင်းနဲ့တောင် မြက်ပင်ကလေးတွေက ပိုပြီးစိမ်းလာကြသလားမသိဘူး။ ခြံကလေးဘေးမှာ စိုက်ထားတဲ့ ပန်းနီနီကလေးတွေကလည်း ရိုးတံစိမ်းစိမ်းကလေးတွေကနေ နီဆွေးလတ်ဆတ်စွာ ဖူးပွင့်နေကြတယ်။  လေက တိုက်တယ်ဆိုရုံကလေးတိုက်နေတယ်။ လေတိုက်တုန်း ပန်းရနံ့လေးတွေ ရလိုက်မိသေးတယ် ၊ ခရေပန်းနံ့လား၊ ညမွှေးပန်းရနံ့လား..၊ ညမွှေးပန်းရနံ့လိုတော့ စူးရှမနေဘူးရယ်..။ လေတချက် ထပ်တိုက်သွားပြန်တယ် ။ ကိုယ့်ဆံပင်လေးတွေတောင် လှုပ်သွားသလိုပဲ။ ခြံတံခါးလေးမှာလည်း မိုးရေစက်ကလေးတွေနဲ့ ။ ခြံတံခါးသံပန်းကလေးပေါ်တင်နေတဲ့ မိုးစက်ကလေးတွေကို လက်ကလေးနဲ့ အမှတ်တမဲ့ နဲ့ တို့ထိလိုက်မိတယ်.။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီအသံသဲ့သဲ့ကို စကြားလိုက်ရတာ။ သူ...။ အရင်းနှီးဆုံး အသံတစ်ခုကိုကြားလိုက်ရသလိုလို။ အဲ့ဒီ အသံကိုကြားလိုက်တာနဲ့ပဲ အင်အားတွေပြည့်ဝသွားသလိုမျိုး။ မိုးတွေ ရွာနေသေးတယ်  ..အထဲမှာခဏမိုးခိုသွားပါလား...တဲ့။ အသံက ဆွဲငင်သံမပါဘဲနဲ့ ဆွဲငင်တယ်။ ကိုယ်က ငေးငေးမောမော ရပ်နေမိလို့။ ဟုတ်ကဲ့ လို့ ပြန်ပြောလိုက်မိသလားမသိဘူး..။ ပြုံးနေတဲ့ မျက်ဝန်းတွေကို တစ်ချက်ကြည့်မိရင်း ခြံထဲကိုလိုက်လာမိတယ်။ အို..အစိမ်းရောင်တွေ..။ ခြံတစ်ခြံလုံးမြက်ခင်းလေးနဲ့ စိမ်းလန်းလို့။ ပြီးတော့ ပန်းပင်တွေ။ နာမည်ကိုသိတဲ့ ပန်းတွေရော၊ နာမည်မသိတဲ့ ပန်းတွေရော..။ ဒါဆို ခုနက ပန်းရနံ့တွေက ဒီခြံကလေးကပဲဖြစ်မှာ..။ ခြံအပြင်ဘက် ကိုယ်မမြင်ရတဲ့နေရာက ရှုမျှော်ခင်းလေးဟာ မျက်ဝန်းကတဆင့် ရင်ထဲကိုဖြတ်စီးသွားတယ်။ အို..သိပ်ကိုလှတာပဲကွယ်..။ လှလိုက်တာ..လို့များ နှုတ်က တဖွဖွပြောမိသေးသလားမသိဘူး။ သူက ကိုယ့်ကို တစ်ချက်လှမ်းကြည့်တယ်..နှုတ်ခမ်းတွေမပြုံးဘဲ မျက်လုံးတွေချည့်ပြုံးနေကြတာတော့ သတိထားမိလိုက်တယ်..။ ကိုယ်ကရော ပြန်ပြုံးပြမိသလားမသိဘူး။ သူက ကော်ဖီသောက်လိုက်ပါလား ဆိုပြီး ထထွက်သွားတယ်။ ခဏကြာတော့ ကော်ဖီတစ်ခွက်နဲ့အတူပြန်လာတယ်။ ကော်ဖီအနံ့က သိပ်ကိုမွှေးလွန်းနေတာသိတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++++

ရေကန်ဘေး က ခုံလေးမှာ သွားထိုင်မယ်လေ..တဲ့။ သူက ကော်ဖီခွက်ကို ကိုင်ပြီး ရှေ့ကထွက်သွားတယ်။ ကိုယ်..သူ့နောက်ကို ဘာလို့ သတိလက်လွတ်လိုက်နေမိတာလဲ။ ကန်ဘေးက ခုံတန်းလျားလေးမှာ နှစ်ယောက်သား ၀င်ထိုင်လိုက်ကြတယ်။ သူက ခြံတံခါးဝဘက်ကို တစ်ချက်ဝဲကြည့်ရင်းနဲ့ ညီမကို တွေ့တွေ့နေတာကြာပြီတဲ့ ။ ကျွန်မက ရှင့်ကို မတွေ့မိဘူး လို့ပြန်ပြောမိတော့ သူက ရေကန်ဆီကို ငေးကြည့်နေလျက်က ပြုံးတယ်။ သူ့နှုတ်ခမ်းက ပြုံးလိုက်တော့ မျက်လုံးတွေပါ လိုက်ပြုံးသွားပြန်တယ်။ ရှေ့စားပွဲခုံပေါ်ချထားတဲ့ ကော်ဖီက အငွေ့လေးတွေ တလိပ်လိပ်နဲ့တက်လာတာတွေ့လိုက်တယ်။ ကော်ဖီနံ့လေးက မွှေးနေတာပဲ။ ကော်ဖီရနံ့တွေ ကြားက နေ ‘ညီမက ခြံရှေ့ကိုခဏခဏဖြတ်လျှောက်တတ်တယ်လေ’ လို့ တိုးတိုးလေး ပြောလိုက်သံကို ကြားလိုက်ရတယ်။ အသံလေးက တစ်မျိုးလေးပဲ လို့ တွေးမိရင်းနဲ့က အိမ်လေးက သိပ်လှတယ်လို့ လွှတ်ခနဲ့ ပြောမိသေးသလားပဲ။ သူငေးနေတယ်။ ကိုယ် သူ့ကို တစ်ချက် ဖျတ်ခနဲကြည့်မိတယ်။ မျက်လုံးတွေ တဖျက်ဖျက်တောက်နေတယ်။ မျက်လုံးတွေထဲမှာ အဖြူရောင်ကလွဲရင် ဘာကိုမှမတွေ့ဘူး..။ ဘေးပတ်ဝန်းကျင်တစ်ခွင်လုံးက ကြည်ပြာရောင်တွေ လဲ့ဖြာလို့..။ ပြီးတော့ အရောင်မျိုးစုံ..။ ကိုယ်က ကိုယ့်စကတ်လေးက ဘာရောင်လဲလို့ အမှတ်မဲ့ ကြည့်နေမိသေးတယ်။ ဘာအရောင်တွေပဲ ဖြစ်ဖြစ်ပေါ့လေ..။ အရောင်ဆိုတာ သူရှိချင်သလို ရှိနေနိုင်တာပဲမို့လား။ သူက စားပွဲပေါ်မှာ ချထားတဲ့ ကော်ဖီခွက်ကို ကြည့်ပြီးတော့ ကော်ဖီသောက်လိုက်ဦးလေလို့ လှမ်းပြောတယ်.။ ရှင်ရော လို့ပြန်မေးတော့ ကျွန်တော်က ကော်ဖီမသောက်တတ်ဘူး..တဲ့။ ‘အဲ့ဒါဆိုရင် တခြားဟာ တစ်ခုခု…’ ကိုယ့်အသံ တစ်ပိုင်းတစ်စမှာပဲ သူက ကျနော် ရေကန်ဆီခဏသွားလိုက်ဦးမယ်လို့ ပြောရင်း ထရပ်လိုက်တယ်.။ မိုးတွေရွာနေသေးတယ်..။ သူက အမိုးအောက်ကနေထွက်ပြီး ရေကန်ဆီထွက်သွားတယ်..။ ပြီးတော့ ကန်ပေါင်မှာ ခြေထောက်တွဲလောင်းချပြီးထိုင်နေတယ်.။ မိုးစက်တွေက သူ့ပေါ်ကိုခပ်ဖွဲဖွဲ ရွာချတယ်။ သူက ကန်ရေပြင်ကို ငေးကြည့်လို့ နေရဲ့..။  ကိုယ်က အမိုးအောက်ကနေ ကော်ဖီပူပူကိုသောက်ရင်းနဲ့ မိုးရေထဲက သူ့ကို ငေးမိတယ်။ သူက ကန်ရေကိုငေးနေတယ်။ သီချင်းတွေတောင် ညည်းလို့နေလားမသိဘူး..။ လွတ်လပ်ပေါ့ပါးလိုက်တာလေ..။ ပတ်ဝန်းကျင် ခပ်အေးအေးလေးမှာ ကော်ဖီနွေးနွေးလေးနဲ့ ကိုယ်ကရော…။ အပြာရောင်ရေကန်လေး၊ အဖြူရောင်အိမ်ကလေး၊ အပြာရောင် ခြံတံခါးလေး..၊ ပြီးတော့..သူ..။
++++++++++++++++++++++++++++++++++++++++++++++++++++++++++

မျက်လုံးကို တစ်ချက်ဝှေ့ကြည့်လိုက်မိတယ်။ ဟုတ်ပါရဲ့..အိမ်တံခါးကို ပိတ်ထားတာပဲ..။ ဒီနေရာကိုရောက်တိုင်း ခြံကလေးကိုပဲကြည့်မိတော့ အိမ်ကလေးကို သိပ်သတိမထားမိခဲ့ဘူး။ အိမ်ကလေးက တံခါးကို သေသေချာချာစေ့ပိတ်ထားတယ်။ အိမ်ထဲမှာ မီးဝါ၀ါလေးက တလဲ့လဲ့ လင်းနေတယ်။ အိမ်ခန်းလေးက မြင်ရသလောက်အထိတော့ ရှင်းလင်းလို့နေပြန်တယ်။ မြင်နေက အိမ်တွေမှာ ရှိတတ်တဲ့ ဓာတ်ပုံတွေ လည်း နံရံပေါ်မှာ မရှိပြန်ဘူး။ အထဲကိုမြင်ရသလောက် သန့်ရှင်းသပ်ရပ်နေတဲ့ ဧည့်ခန်းလေးရယ်၊ ပြီးတော့ ဖတ်လတ်စ မဂ္ဂဇင်းတစ်ချို့နဲ့ ဒီဗီဒီချပ် တစ်ချို့တင်ထားတဲ့ ဆက်တီခုံ ရယ် ၊ ပြီးတော့ စာအုပ်ဗီရို၊ ဒီလောက်ပဲတွေ့ရတယ်။ ဧည့်ခန်းကို ဆေးအဖြူသုတ်ထားတာ တွေ့ရတယ်။ နံရံကပ်မီးဝါ၀ါတွေက လှလွန်းလိုက်တာ။ မြင်ကွင်းကို ဘယ်လောက်ပဲ ပိတ်ထားပေမဲ့ ပြတင်းပေါက်တွေတော့ ရှိသားပဲကွယ်။ ပြတင်းပေါက်တွေကို ခန်းဆီးမတပ်ထားဘူးပဲ။ ကိုယ်က ပြတင်းပေါက်တွေကနေတစ်ဆင့် အိမ်လေးထဲကို စပ်စုနေမိလိုက်တာ။ အထဲမှာ ဘာတွေရှိမလဲ။ နွေးထွေးနေမလား။ သူ့နဲ့အတူနေထိုင်မယ့် မိသားစုတွေများ တွေ့ရမလားလို့..။ မသိစိတ်က ဆက်တွေးမိတော့ တစ်ခုခုကို နှမြောသွားသလိုပဲ..။ ဘာကိုနှမြောမိမှန်းမသိတဲ့စိတ်ကို ဆက်မစဉ်းစားဖို့ ရပ်လိုက်တယ်။ အိမ်ကလေးထဲ ၀င်ကြည့်ချင်စိတ်ပေါ်လာမိတယ်။ ဟင့်အင်း..ခွင့်မပြုဘဲ ခွင့်မတောင်းဘဲ ၀င်မကြည့်သင့်ဘူးမဟုတ်လား။ကိုယ့်ကိုယ်ကို ရှက်သွားလို့ အကြည့်ကို မြန်မြန်လွှဲလိုက်မိရင်း သူ့ကို တစ်ချက်ငေးမိတော့ သူက ရေကန်ဆီဘောင်မှာထိုင်ရင်း ခြေကိုလွှဲရင်း ငေးနေတုန်းပဲ..။ ကော်ဖီတွေက ခပ်နွေးနွေးကျန်နေသေးတယ်.။ သောက်လက်စ ကော်ဖီကို တစ်ကျိုက်ထပ်သောက်ပြီး လိုက်မိပြန်တယ်။ မိုးက ခပ်ဖွဲဖွဲကျနေတုန်း။ ပတ်ဝန်းကျင်က အေးစိမ့်နေတုန်းပဲ..။ ရင်ထဲမှာ မောလာသလိုဖြစ်လာတာနဲ့ပဲ အသက်ကို ခပ်ပြင်းပြင်းလေးရှူလိုက်မိတယ်။ ခေါင်းကိုမော့ရင်း မျက်လုံးတွေကိုပါ မှိတ်ထားလိုက်တယ်။ ပတ်ဝန်းကျင်ရဲ့အေးမြမှုဟာ အရေပြားတွေကို ညင်သာစွာ ဖွဖွပွတ်သပ်နေသလိုပဲ။ ထူးဆန်းလိုက်တာလို့တစ်ချက်တွေးမိရင်းနဲ့  မျက်လုံးတွေ ဖွင့်လို့မရနိုင်လောက်အောင်ကိုပဲ…။ ကိုယ်လေ.. မိန်းမောနေမိလိုက်တာ…။
++++++++++++++++++++++++++++++++++++++++++++++++++++++++++

‘ မိုးက နည်းနည်းတော့ရွာနေသေးတယ်ဗျ..’
သူ့အသံခတ်ဆတ်ဆတ်မှာ ရုတ်တရတ်မို့ လန့်သွားပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်မိတော့ ကိုယ့်မျက်နှာပေါ် ငုံ့မိုးကြည့်ပြီး စကားလာပြောတဲ့ သူ့ကို တွေ့ရတယ်။ ဘာပြောလိုက်တာလဲလို့ တစ်ချက်ပြန်စဉ်းစားလိုက်ရသေးတယ်။ ပြီးမှ သူ့ကို တစ်ချက်ကြည့်မိလိုက်တယ်။ သူ့ဆံပင်တွေ စိုနေတာပဲ..။ မျက်လုံးက ထုံးစံအတိုင်း ပြုံးနေတယ်။ အင်း..နည်းနည်းတောင် မှောင်လာပြီ၊ ကျမ ပြန်မှဖြစ်တော့မယ် ..လို့ပြောလိုက်မိတယ်။ ရာသီဥတုက ညိုမှိုင်းနေတုန်းပဲ ။ မိုးတွေပြန်ရွာလာပြီ..ဒီတစ်ခါပိုသည်းလာသလိုပဲ။ ပတ်ဝန်းကျင်တစ်ခွင်လုံး ညို့မှိုင်းပြီး အေးနေတယ်။
ကော်ဖီကုန်အောင်သောက်လိုက်ပါဦး၊ ရာသီဥတုက အေးနေတယ်။ ပြီးတော့ မိုးတွေရွာလာပြီ..။’
 ရုတ်တရက် မိုးက တရစပ် သည်းလာတယ်။ မြင်ကွင်းတစ်ခုလုံး တရစပ်သည်းနေတဲ့ မိုးရေစက်တွေနဲ့ ဖြူဖွေးသွားတယ်။ ကန်ရေပြင်ကိုတောင် သေချာမမြင်ရတော့ဘူး ..။
‘ ညီမ ခဏလောက်တော့နေပါဦး၊ ကျနော် လုပ်စရာနည်းနည်းသွားလုပ်လိုက်ဦးမယ်..’
 သူက စကားသံနဲ့အတူ ထထွက်သွားပြန်တယ်။ ဘယ်ကိုသွားမှန်းမသိဘူး။ ရေကန်ဘေးက မီးအပြာတွေရုတ်တရက်လင်းလာတယ်။ သူ မီးသွားဖွင့်တာဖြစ်မယ်ထင်ပါရဲ့။ အရင်တုန်းက ညဘက်မဖြတ်သွားဖူးတော့ ဒီအပြာရောင်ရေကန် လေးဟာ ဒီလောက်လှမှန်း ကိုယ်တကယ်မသိခဲ့ဘူး။ အပြာရောင်ရေကန်လေးမှာ ကူးခတ်ချင်စိတ်ပေါက်သွားပြန်တယ်။ သူ့လို ခြေဆင်းပြီးသွားထိုင်ရင်ကောင်းမလား။ ဟင့်အင်း…မိုးတွေသည်းလာပြန်ပြီ။ ရုတ်တရက် ၀မ်းနည်းလာတယ်။ ကိုယ်တစ်ယောက်တည်း..။ အိမ်တံခါးပိတ်ထားတယ်။ ပိတ်ထားတဲ့ အိမ်တံခါးနဲ့ တံခါးပိတ်ထားတဲ့ အိမ်ငယ်လေးကို ကြည့်ပြီး ကိုယ်လေ ပို ၀မ်းနည်းလာတာပဲ။ အိမ်လေးက နွေးထွေးနေမလားလို့ တွေးပြီး တစ်ချက်ပေ့ကြည့်မိပြန်တယ်။ ရုတ်တရက် ကိုယ့်အိမ်နွေးနွေးလေးကို သတိရလာတယ်။ အိမ်အပြင်က ရေကန်ဘေးမှာထိုင်နေရင်းနဲ့ အိမ်ကလေးဆီကြည့်မိတဲ့ အကြည့်တွေကို အမြန်လွှဲပစ်ရတယ်.။ မိုးမြန်မြန်တိတ်ပါစေ..။ ဘာလို့ ဒီလမ်းကလေးကို ဖြတ်လျှောက်မိမှန်းမသိဘူး။ ဘာလို့ ဒီခြံလေးထဲကို လိုက်လာမိလည်းမသိဘူး။ ဆွဲဆောင်ရာတစ်ခုခုနောက်ကိုလိုက်လာမိတာ နောင်တရသလိုစိတ်နဲ့ ၀မ်းနည်းလာလိုက်တာ..။ မိုးမြန်မြန်တိတ်ပါစေလို့ နောက်တစ်ခါ ထပ်ဆုတောင်းရင်း ကော်ဖီကို တစ်ငုံ ထပ်သောက်လိုက်မိတယ်..။  ကော်ဖီတွေတောင် အေးကုန်ပြီပဲ။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++

‘ ရေနွေး ယူလာတယ်ဗျ..’
သူက အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးအပြည့်ထည့်ထားတဲ့ ခွက်ကိုလှမ်းပေးတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောမိတယ်ထင်ရဲ့..။ ပန်းတွေက မွှေးနေတာပဲနော် လို့ ပြောမိတယ်…။ ဟုတ်တယ်ဗျ..ကျနော်စိုက်ထားတာလေ ..ဘာရယ်လို့တော့ မဟုတ်ပါဘူး..အပျော်သဘောပါပဲ..လို့ သူကပြောတယ်။ ဒီတစ်ခါတော့ သူပါသောက်မယ်ထင်တယ်။ သူ့လက်ထဲမှာ အငွေ့တထောင်းထောင်းနဲ့ ခွက်တစ်ခွက်ကို ကိုင်ထားတယ်။ သူက ရေနွေးကို တစ်ချက်မော့သောက်လိုက်တယ်။ အငွေ့တွေ သူ့မျက်နှာနားတစ်ဝိုက်မှာ ဖြတ်ပြေးသွားကြတယ်။ ပန်းပင်တွေလိုက်ကြည့်ဦးမလား.. လို့ မေးတယ်။ ဟင့်အင်း..ကျမက ရေကူးချင်နေတာ လို့ ပြောချင်မိတယ်။ ဒါပေမဲ့ ဘာမှ မပြောဖြစ်ဘူး။ အတော်ကြာအောင် အသံတွေ တိတ်သွားတယ်။ မိုးတွေမှောင်နေလိုက်တာလေ..။ အိမ်ကလေးက အထဲမှာ မီးဝါ၀ါတွေ လင်းပြီး အပြင်မှာ အပြာရောင်မီးတွေ လင်းထိန်နေတုန်းပဲ။ တော်ပါသေးတယ်လို့ တွေးမိတယ်။ နည်းနည်း ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ လက်ဖ၀ါးတွေအချင်းချင်း ပွတ်နေမိတယ်။ လက်ဖျားတွေ အေးစက်နေတာပဲ။ ကိုယ် တော်တော်လေးချမ်းနေပြီ။ လေက တစ်ချက်တိုက်လာပြန်တယ်။ မိုးနည်းနည်းစဲသွားပြီ။ မိုးရေစက်တွေ တစ်ပေါက် တစ်ပေါက် ကျနေတာကို အမှတ်တမဲ့ ငေးနေမိကြတယ်။ သူလည်း ရေတွေရွှဲနေတုန်းပဲ..။ ရှင်လည်းမိုးရေတွေ စိုနေတယ်..လို့ ပြောမိတော့ သူက ရပါတယ်ဗျ ဆိုပြီး တစ်ခွန်းပြန်ပြောတယ်။ ကျမပြန်တော့မယ် လို့ ပြောမလို့ ပြင်လိုက်တယ်။ ပါးစပ်က ဘာလို့ ပြောမထွက်ရတာလဲ ။ တကယ်ဆိုအမြန်ပြန်လိုက်ဖို့သင့်တာ။ တိတ်ဆိတ်ပြီး ချမ်းစိမ့်လှတဲ့ နေရာတစ်ခုမှာ တစ်ခါမှမသိဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့အတူရှိမနေသင့်ဘူး မဟုတ်လား။ သူစိမ်းလို့ တွေးမိတော့ သတိလက်လွတ် နဲ့ သူ့ကိုတစ်ချက်ကြည့်မိပြန်တယ်။ သူကတော့ ရေနွေးကို တကျိုက်ပြီးတကျိုက်သောက်လို့နေရဲ့..။ သူက တစ်ခုခု ပြောမလို့ ဟန်ပြင်ပြီး ကိုယ့်ဘက်ကို လှည့်ကြည့်တယ်။ အပြောရခက်နေဟန်ပဲ..ကိုယ့်စိတ်ထင်တာဖြစ်မှာပါလေ..။ အိမ်ထဲကို ၀င်ဖို့ ဖိတ်မလို့လား။ ဒါမှမဟုတ် ပြန်သင့်ပြီလို့ပြောမလို့လား…။ တကယ်လို့ အိမ်ထဲဝင်ပါလို့ပြောရင် ကိုယ်ကလက်မခံလိုက်သင့်ဘူးမဟုတ်လား။ ဒါမှမဟုတ် ပြန်သင့်ပြီလို့ပြောလာခဲ့ရင် ကိုယ်ဘယ်လိုခံစားရမလဲ..။ စိတ်ထဲမှာ အပြာရောင်မီးတွေ ၊ အ၀ါရောင်မီးတွေ ပြီးတော့ မိုးစက်မှုန်မှုန်တွေ…။ သက်ပြင်းကို တစ်ချက်ရှိုက်လိုက်ရင်း သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

‘ ကျမ ပြန်တော့မယ်..’
ရုတ်တရက်လွှတ်ခနဲပြောမိလိုက်တယ်။ သူက ထီးယူသွားပါလားဗျ ..ကျနော် ထီးသွားယူပေးမယ်၊ ခဏစောင့်နော် ဆိုပြီး ထွက်သွားမလို့ပြင်တယ်။
 ‘နေပါစေ ၊ မိုးစက်လေးတွေ နည်းနည်းလေးပဲ ရှိတော့တာပါ။ ပြီးတော့ ကျမက မိုးဖွဲဖွဲလေးတွေကြားထဲမှာ လမ်းလျှောက်ရတာကြိုက်တယ်’
အလောတကြီး ပြောမိလိုက်တော့ သူက ပြုံးရင်း ကောင်းပြီလေ..ကျနော်ခြံတံခါးဝကို လိုက်ပို့မယ် လို့ပြောရင်း လိုက်လာတယ်။
ခြံတံခါးလေးကို အသာအယာတွန်းဖွင့်လိုက်ရင်းနဲ့ ဂရုစိုက်ပြန် လို့ပြောပြီး ပြုံးပြတယ်။ ကိုယ်က သူ့ကို ပြန်ပြုံးပြလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတယ်။ မိုးတိတ်စပြုနေပြီ။ ရာသီဥတုက အေးစိမ့်နေတုန်းပဲ..။ လမ်းမီးဝါ၀ါလေးတွေတောင် ထွန်းထားပြီးပြီ..။ ကိုယ့်ခြေထောက်အောက်က ကျောက်ခဲလေးတွေ ခင်းထားတဲ့ လမ်းလေးတွေက သိပ်ကိုလှတာပဲ..။ အို..ဒီကျောက်ခဲလေးက နင်းလို့ ကောင်းလိုက်တာ..ဟိုမှာတစ်လုံး..။ ဟော..ဟိုမှာ နောက်တစ်လုံး..။ ကြည့်ပါဦး..မြက်ခင်းတွေကလည်းသိပ်ကို စိမ်းမြလှပလွန်းလိုက်တာ..။ လက်တစ်ကမ်းအမီ မှာရှိတဲ့ သစ်ပင်ခပ်ပုပုလေးတွေမှာလည်း မိုးရေစက်တွေသီးလို့။ ဟိုခပ်လှမ်းလှမ်းက ခရေပင်ကြီးဆီက ခရေရနံ့လေးတွေတောင် တစ်ချက်ရလိုက်မိသေးတယ်..။ လက်နှစ်ဘက်ကို ဆန့်တန်းပြီး ခေါင်းကို မော့လိုက်တယ်။ ပြီးတော့ အသက်ကို ခပ်ပြင်းပြင်းလေး တစ်ချက်ရှူလိုက်တယ်။ ရင်ထဲမှာ ပေါ့ပါးလန်းဆန်းသွားတာပဲ..ခြံကလေးကို နောက်တစ်ကြိမ်ထပ်ကြည့်ချင်လာမိတယ်။ မီးရောင်လဲ့လဲ့လေးတွေ လင်းနေတုန်းပဲ..။ သူ့ကိုမတွေ့ရတော့ဘူး။ အို… အိမ်ကလေးက လှလိုက်တာ..။ ကြည့်နေရင်းမှာပဲ မီးမှိတ်သွားတာ တွေ့လိုက်ရတယ်။ မီးတွေ တစ်ပွင့်ပြီးတစ်ပွင့်ပိတ်သွားတယ်..။ ဖျတ်ခနဲ ဖျတ်ခနဲ…။ မြင်ကွင်းထဲမှာ ရေကန်ကလေးပျောက်သွားတယ်။ ခြံဝင်းကလေးပျောက်သွားပြီး..ပြီးတော့ အိမ်ကလေးပျောက်သွားတယ်..။ တစ်ကွက်ချင်း တစ်ကွက်ချင်းပဲ..။ ကိုယ့်ရင်ထဲမှာ လှိုက်ခနဲ လှိုက်ခနဲ..။ ခံစားချက်တွေကို ဘာသာမပြန်တော့ဘဲနဲ့ အကြည့်ကိုပဲ အမြန်လွှဲလိုက်တယ်..။ ကိုယ်ဒီနေရာမှာ မရှိသင့်ဘူး..ဟင့်အင်း ..ဒီနေရာမှာ ကိုယ်မရှိသင့်ဘူးလေ..။ အိမ်ပြန်ချင်လာတယ်။ ဒီအချိန်ဆိုရင် မေမေတို့ ညစာစားဖို့စောင့်နေကြတော့မှာ…။ စိတ်ထဲမှာ လှိုက်ခနဲပျော်လာတယ်..။ ကိုယ့်အိမ်ကို အမြန်အပြေးကလေးသွားရမှာပေါ့..။ မိုးမိနေလို့ပါမေမေရယ် လို့ ပြောရဦးမယ်..။ ပြီးတော့ ကိုယ်လေ ဒီအိမ်ကလေးမှာခဏ  မိုးခိုခဲ့တဲ့အကြောင်း အိမ်ပြန်ရောက်ရင် ပြောပြရဦးမယ်..။ မိုးတွေမိခဲ့တဲ့အချိန်မှာ အရမ်းကိုလှပတဲ့ ခြံကလေးထဲ မိုးခိုခဲ့ဖူးတယ်ဆိုတဲ့အကြောင်းပေါ့။ တစ်လှမ်းချင်းလှမ်းလာရင်း
နောက်ဆုံးအနေနဲ့ လမ်းဝအရောက်မှာ ခြံကလေးဆီကို တစ်ချက်ကြည့်မိတော့ ပိတ်ထားတဲ့ ခြံတံခါးလေးကိုပဲ ထင်ထင်ရှားရှားတွေ့လိုက်ရတော့တယ်..။


စိမ်းမြလင်းသစ်

 
 

Wednesday, 22 August 2012

မိုး

ရုတ်တရက် ကောင်းကင်က မှောင်လာတယ်။
မိုးတွေ ရုတ်တရက်ရွာတော့မလိုမျိုး။
ကိုယ်က ကော်ဖီတစ်ခွက်ကို ထဖျော်တယ်။

ပြီးတော့
ဖတ်လက်စ သတင်းစာကို လှန်ဖို့ မောက်စ်ကို ကလစ်နှိပ်လိုက်။
အဖြစ်အပျက်တွေကို လိုက်ရှာ
သတင်းတွေကို လိုက်ရှာ
သတင်းတွေဟာ သတင်းတွေထဲမှာတင် ပေါက်ကွဲသွား
သတင်းတွေက သတင်းတွေအချင်းချင်းပွတ်တိုက်မိကြ
သတင်းတွေဆီက ခပ်တိုးတိုးအသံတွေကြားရတယ်။
သိပ်ဝေးလွန်းသလားလို့ တွေးရင်းနဲ့
ကဲ- နောက်တစ်မျက်နှာကို ထပ်လှန်လိုက်
အညောင်းဆန့်၊ သမ်းဝေ။
ပြီးတော့ ကော်ဖီကို တစ်ငုံသောက်။

ဟော..
မိုးတွေရွာလာပြီ
ပြတင်းပေါက်ကနေ မိုးစက်တွေ ၀င်လာတယ်။
မိုးစက်တွေ စင်မှာစိုးလို့ ပြတင်းပေါက်ကို အမြန်ပိတ်ရ။
ပြီးမှ..ခုံမှာပြန်ထိုင်ပြီး မိုးရွာတာကို ငေးရတယ်။
ကြည့်..။
ပြတင်းပေါက်မှန်မှာ မိုးစက်တွေ...
အပြင်မှာတော့
မိုးတွေ... သည်းသည်းမည်းမည်း..
ကိုယ်ကလွဲရင် တစ်လောကလုံး ရွှဲရွှဲစို။   ။


စိမ်းမြလင်းသစ်
(23/08/2012)



Monday, 20 August 2012

လကွေးကွေးလေးနဲ့

အိပ်မက်ရေးရေးလေးထဲ ခုန်ခုန်ချ

လှလိုက်တာ...။  ။



စိမ်းမြလင်းသစ်
(20/08/2012)

Friday, 17 August 2012

သစ်ပင်-၁ ၂ ၃



သစ်ပင်-၁

ဘ၀ဟာ သစ်ပင်
ဘ၀ဟာ မြစ်ရေ
နောက်ပြန်မလှည့်ဘူး
မရပ်တန့်ဘူး
တိတ်တိတ်လေးပါပဲ
ဒါပေမဲ့
လိပ်ပြာကတော့ လှတယ်။

သစ်ပင်-၂

မျှော်လင့်ခြင်းတွေ ဖူးပွင့်ဖို့
(ငါ့အား)
ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်စွာ မွေးမြူ
ပြီးတော့ အိပ်မက်တွေကို ခူးယူပါ။


သစ်ပင်-၃

နေ့တစ်နေ့ရဲ့အစ
ပျော်ရွှင်စွာနိုးထ
ပြီးတော့
ညတွေလည်း လှနိုင်စေ။


စိမ်းမြလင်းသစ်


(18/08/2012)

Wednesday, 8 August 2012

အဆုံးသတ်မှာငါ့အတွက် ဗလာသက်သက် သာကျန်ရတယ်

ခရီးထွက်သွားတဲ့ ညကို စကားတစ်ခွန်းလောက်ဖြစ်ဖြစ် လူကြုံပါးဖို့
ဒါမှမဟုတ် ညထဲ ကိုယ်ကိုယ်တိုင်စီးမျောပစ်လိုက်ဖို့
ဟိုအရင်ညက လေညင်းလေးကိုပြန်ဝယ်လို့ရသလား လို့ တိုးတိုးလေးမေးမိတယ်။

အဖြေကိုဘယ်သူပေးမလဲ။

စောင့်စားရခြင်းဟာ အနုပညာတစ်ရပ်ဖြစ်တယ်ဆိုတဲ့ မျက်နှာဖုံးကိုတပ်ထားတယ်

တနင်္ဂနွေဟာ မျက်နှာအသေနဲ့
မြက်ပင်စိမ်းစိမ်းနဲ့ ၊ကွင်းပြင်စိမ်းစိမ်းနဲ့
အဲ့ဒီညက ရှုမျှော်ခင်းလေးက ရင်ဘတ်ထဲကို တစ်ဝက်တစ်ပျက်ဝင်လာတယ်

မိုးခေါင်တဲ့အရောင်ကိုဝတ်ဆင်ပြီ
တစ်စုံတစ်ရာနောက်ကို
တိတ်တဆိတ်လိုက်ပါသွားတဲ့နောက်
အရင်လိုပါပဲ ဆိုတဲ့စကားကိုပဲဖြစ်ဖြစ် ပြောဖို့တွန့်ဆုတ်ရတယ်။
ဘာပဲဖြစ်ဖြစ်
ပြတ်သားရမယ်၊ ပြတ်သားသင့်တယ်။

တစ်စုံတစ်ခု ငြိမ်းသတ်ရင်း တစ်စုံတစ်ခုကို ထွန်းညှိ
အတူတူလောင်ကျွမ်းပစ်လိုက်ဖို့ကြိုးစားရင်း
သူပဲ ၊ ငါပဲ ဆိုတာနဲ့ နင်စွဲ ငါစွဲ ဆိုတာတွေလည်းသိတယ်

မျှော်လင့်ခြင်း။ ယုံကြည်ခြင်း။
ပျော်ရွှင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတရား
ဘယ်ဆီကို ခရီးထွက်သွားသလဲ
လက်ဖ၀ါးတွေကို ဆုပ်လိုက်ဖြန့်လိုက်နဲ့
အဖြေကို အထပ်ထပ်ရှာမိတယ်
ဗလာကလွဲရင် ဘာကိုမှမတွေ့ဘူး။

မပျော်ဘူးလို့ပြောပြောပြီး  အော်အော်ရယ်ပစ်ရတယ်
အရှိတရားက မှားတဲ့ဘက်မှာဆိုပဲ ...ဟုတ်လား။

သေချာတာက
မငိုရဲဘူး၊ မရှင်သန်ရဲဘူး
မဖန်တီးရဲဘူး။ မဖျက်ဆီးရဲဘူး

ဖြစ်နေတာတခြား ဖြစ်ချင်တာကတခြား
အိပ်မက်တွေပဲ ရှည်လျားလာရတယ်
ဘ၀က သွေးပျက်ဖွယ်။

 

စိမ်းမြလင်းသစ်
(08/08/2012)