Monday 10 April 2017

အပူအပင်ကင်းတဲ့ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်သေးတယ် ဆိုတဲ့  သီချင်းသံကို ကြားရတဲ့အခါ ကလေးဘ၀ဟာ တကယ်ရော အပူအပင်ကင်းခဲ့ရဲ့လားလို့ ကျွန်မဖြင့် လှောင်ရယ်လေး ရယ်ပစ်ချင်မိတယ်။ ကျွန်မအနေနဲ့ကတော့ ကလေးဘ၀ရယ်လို့ အမှတ်ရစရာတွေကိုတွေးမိတဲ့အခါ ကလေးဘ၀ရဲ့အချိန်တော်တော်များများမှာ လူကြီးမြန်မြန်ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ချင်စိတ်က ပိုပြီးများပြားနေခဲ့တယ်လေ။ ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးလို့ ကျွန်မကို ချုပ်ချယ်ခံရတိုင်းပဲဖြစ်ဖြစ်၊ လူကြီးတွေရဲ့အကူအညီယူရမယ့်ကိစ္စမျိုးမှာ ကျွန်မကိုကူညီမယ့်သူမရှိတဲ့အခါမျိုးဖြစ်ဖြစ် ကျွန်မဟာ လူကြီးသိပ်ဖြစ်ချင်လာမိတတ်တယ်။ ဒါပေမယ့်လည်း ကျွန်မဟာ သူတို့တွေပြောစကားအရ ထုံတယ် အတယ် တဲ့။ အဲ့လိုနဲ့ပဲ ကျွန်မက အ,တယ်။ ထုံထိုင်းတယ် လို့ အသက်တော်တော်လေးကြီးလို့ အထက်တန်းအောင်တဲ့အထိ ကိုယ့်ကိုယ်ကို ယူဆမိနေလေ့ရှိခဲ့တယ်။ အမေဟာ သူ့အယူအဆအရ အဲ့လိုပြောရင် ကျွန်မမှာ မခံချင်စိတ်တွေဖြစ်လာပြီး ပိုပြီးကြိုးစားလာလိမ့်မယ်လို့ ယူဆခဲ့ပုံပဲ။ အမှန်တကယ်လည်း ကျွန်မဟာ ထုံတယ်လို့ ၀န်ခံပါတယ်။ ဒါပေမယ့်လည်း ပြုပြင်စေချင်တဲ့စေတနာနဲ့ဆိုပေမယ့် ထုံတယ် အတယ် ဆိုတဲ့ အားနည်းချက်ကို မီးမောင်းထိုးပြသလိုမျိုး ခဏခဏ အပြောခံခဲ့ရတဲ့ ကျွန်မဟာ ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ကိုယ့်ကိုယ်ကို ယုံကြည်မှု သိပ်မရှိနေခဲ့တာ သိပ်တော့ မဆန်းဘူးပေါ့။ ငယ်ငယ်ကဆိုရင် ယုကီနဲ့ကျွန်မကို အသက်ကတန်းတူနီးပါးဖြစ်နေတာမို့ အမြဲလိုလိုပဲ နှိုင်းယှဉ်ခံခဲ့ရတယ်လေ။ ဘာအတွက်ကြောင့်အပြောခံ အဆူခံခဲ့ရတာလဲဆိုတာကိုတော့ အဆူခံခဲ့ရတာတွေများလွန်းလို့ မေ့သွားပြီ။ သမီးတွေကို စည်းကမ်းသေ၀ပ်စေချင်တဲ့ စိတ်စေတနာအပြည့်ရှိတဲ့အမေဟာ ကျွန်မကို ဗိုက်ခေါက်လိမ်ဆွဲပြီးတော့ပဲဖြစ်ဖြစ် ၊ အပြစ်ကြီးလို့ တံမြက်စည်းရိုးနဲ့ ရိုက်ပြီးတော့ပဲဖြစ်ဖြစ် ဆုံးမလေ့ရှိတယ်လေ။ ဒါပေမယ့် အမေက ဆူတဲ့အခါ အော်တဲ့အခါမှာ

-ဂျိုဝီရယ် တုံးလိုက် ထုံလိုက်တာ.. ယုကီ လို ဥာဏ်ကောင်းအောင် ယုကီချီးကို ကျွေးရမယ်။ ယုကီချီးကိုသွားစား.. လို အော်ပြီးဆူတတ်တယ်။ အဲ့လိုများ အော်တဲ့အခါ ကျွန်မဟာ အမေ့ရဲ့ အရိုက်ခံထိလို့ ငိုနေတဲ့ကြားက ယုကီကြားသွားမှာ စိုးရိမ်ပြီး  ရှက်လွန်းလို့ ခန္ဓာကိုယ်တစ်ခုလုံး သေးငယ်ကျုံ့ဝင်သွားပြီး အငွေ့ပျံသွားချင်စိတ်ဖြစ်မိတော့တာပါပဲ။

ကျွန်မအစ်မနာရာဟာ စာတော်သူဖြစ်ပြီး ကျောင်းမှာလည်း ဆုတွေ ကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ခဏခဏရသူဖြစ်လို့ နာရာ့လို စာကျက်စမ်း.. နာရာဆိုရင် ဘယ်လို ဘယ်ဝါ ဆိုပြီးလည်း မကြာခဏ ဆူပြောလေးပြောတတ်ပါသေးတယ်။ အမေဟာ နာရာ့ကို အစ်မကြီးအမိအရာဆိုသလို ရိုသေစေချင်တယ်။ အဲ့ဒါကြာင့်ပဲ အမေဟာ နာရာ့ကို ကျွန်မရှေ့မှာ အမြဲလိုလို အမွှန်းတင်လေ့ရှိတယ်ထင်ပါတယ်။ ဒါဟာ နောက်ပိုင်းမှာ နာရာရဲ့ကျွန်မအပေါ်လွှမ်းမိုးမှုတွေရဲ့အစပြုမှုလို့ ဆိုရလိမ့်မယ်ထင်ပါရဲ့။ ကျွန်မဟာ အမေ ဘယ်လောက်ဆူဆူ ဆူတုန်းခဏသာ အမေ့ကို စိတ်ဆိုးမိပြီး စိတ်ပြန်ပြေတဲ့အခါတော့ အမေ့ကိုသိပ်ချစ်တာပါပဲ။ ကျွန်မဟာ အမေ့ရဲ့ပြောစကားကို တစ်သဝေမတိမ်း နာခံတတ်တဲ့ သမီးအလိမ္မာ သိပ်ကိုဖြစ်ချင်သူပါ။ အမေရေချိုးနေတုန်းဆိုရင် ကျောက်ပြင်ချောချောဖြစ်နေတဲ့ကြားက  သနပ်ခါးတွေ အများကြီးရအောင် သွေးထားပေးလေ့ရှိတယ်။ ဆန်ကူရွေးပေးတာ ၊ အိမ်သန့်ရှင်းရေးမှာကူညီတာ။ ဈေးဝယ် ဟင်းချက်အလုပ်လုပ်ရာမှာ ကူတာ မျိုးကတော့ နေ့တိုင်းပဲ။ အဲ့လိုလိမ္မာတာတွေကို အမေ ကျေနပ်မှာဖြစ်ပေမယ့် အမေဟာ တစ်ခါတလေတော့ သိပ်ကိုစိတ်ဆိုးတတ်ပါတယ်။ ပြီးတော့ အမေက စိတ်ဆိုးတဲ့အခါမှာ စကားကိုရွဲ့ပြီးပြောလေ့ရှိတယ်။ သူရွဲ့ပြီးပြောရင် သူပြောတာနဲ့ပြောင်းပြန်တစ်ခုခုကိုလုပ်ရမယ်ဆိုတာ ကလေးဘ၀ကဘယ်သိခဲ့ပါ့မလဲ။ အဲ့လိုအမေနဲ့ ခပ်ထုံထုံကျွန်မကြောင့် ကျွန်မအဆူခံထိတာ ခဏခဏပဲ။ အိမ်မှာ စကားစပ်မိရင် ပြန်ပြီးပြုံးမိစေတဲ့ ကျွန်မရဲ့ ထုံကွက်တစ်ကွက် ရှိတယ် ..။ ဒီလို...။

အဲ့ဒီနေ့တုန်းက ကျွန်မက သိပ်ကိုငယ်သေးတဲ့အရွယ်ပေါ့။ ထမင်းတော့ကိုယ်တိုင်ကောင်းကောင်းစားတတ်နေပြီဖြစ်တဲ့အရွယ် ဖြစ်ရမယ်။ အိမ်ကကျဉ်းတော့ ထမင်းစားစားပွဲအ၀ိုင်းလေးကို အိမ်ရှေ့မှာခင်းပြီးစားကြရတယ်။ အဲ့ဒီနေ့က အမေတို့က ထမင်းစားပြီးသွားကြတာတောင် ကျွန်မက ထမင်းစားလို့မပြီးသေးဘူး။ ကျွန်မကိုမစောင့်တော့ဘဲ ထမင်းစားပွဲကိုပြန်သိမ်းလိုက်ကြတယ်။ အဲ့ဒါနဲ့  ကျွန်မက စားလက်စထမင်းပန်ကန်လေးကိုကိုင်ပြီး အမေ့ကုတင်ပေါ်ထိုင်ပြီးစားနေလိုက်တယ်။ အဲ့ဒါကို စားပြီးသားပန်းကန်တွေကို ဆေးကြောနေတဲ့ အမေက တွေ့တော့ ကျွန်မကိုလှမ်းဆူပါရောလား..

"ဟဲ့ ဂျိုဝီ.. အိပ်ရာပေါ်တက်မစားနဲ့ ... ခေါင်းအုံးပေါ်တက်စား ခေါင်းအုံးပေါ်တက်စား "

အစက အမေပြောတာကို မကြားဘူး။ နောက်တစ်ခေါက် ကြားတော့ အမေ့စကားကို နားထောင်ချင်စိတ်အပြည့်ရှိတဲ့ကျွန်မက အမေပြောတာ တကယ်ထင်လို့ ဟုတ်ကဲ့ ဆိုပြီးအမေ့ကို ပြန်ပြောပြီး အမေ့ခေါင်းအုံးပေါ်တကယ်တက်စားလိုက်တယ်။
အဲ့ဒီဖြစ်စဉ်ကို အစကနေ အဆုံးထိ မြင်တဲ့အဖေက ရယ်ပြီးတော့ ကျွန်မကို ကုတင်ပေါ်မှာ မစားဖို့ လာပြောတယ်..။  ကျွန်မက အဖေ့ကို ပြန်ပြောလိုက်တယ်လေ...။

" ဟင့်အင်း... အမေက ခေါင်းအုံးပေါ်မှာစားလို့ပြောနေလို့ စားတာ"

အမေကတော့ စိတ်တွေဆိုးလို့။ အဲ့ဒီအချိန်ကစပြီး အမေကစိတ်ဆိုးလို့ ဆူတဲ့ရိုက်တဲ့အခါ ကြောက်နေတဲ့ကြားက သူပြောချင်တဲ့စကားဟာ ဟိုဟာဖြစ်မလား ဒီလိုဆိုလိုချင်တာလားဆိုပြီး ဖြန့်ထွက်တွေး ရှေ့တိုးနောက်ဆုတ်တွေး စသဖြင့်တွေးနည်းပေါင်းစုံကို ခပ်ထုံထုံတွေးရတော့တယ်။ နောက်ပိုင်းတော့ ကျွန်မထုံလို့ တစ်ခုခုမှားရင် သေချာရှင်းမပြဘဲ အမေဟာ ဥာဏ်ကိုလွှာသုံးဖို့ချည့် ပြောနေတော့တာပဲ။ ဥာဏ်ဆိုတာ ဦးနှောက်ကထွက်တာလို့ ကျွန်မကနားလည်တာလေ..။ ဥာဏ်ကို ဘယ်လိုလွှာသုံးရမှာလဲ။ ကိတ်မုန့်တွေကို ဓါးနဲ့ ပါးပါးလှီးရသလို ဦးနှောက်တွေကို အလွှားလိုက်အလွှားလိုက် ပါးပါးလှီးပစ်ရမှာလား။
အဲ့ဒီတုန်းကတော့ အမေ့ရဲ့စကားတွေကို ဇဝေဇ၀ါနဲ့  ဟိုဟာလုပ်ရမလိုလို ဒီဟာလုပ်ရမလိုလိုတွေဖြစ်ဖြစ်ပြီး တကယ့်ကိုပဲ ကျွန်မနားမလည်ခဲ့ပါဘူး။

Thursday 30 March 2017

(၃) ယုကီ (Yuki )


(3) ယုကီ (Yuki)

=====

အဲ့ဒီနောက်ပိုင်းမှာ အဲ့ကောင်မလေးနဲ့ ကစားကြတော့လည်း ကျွန်မကိုသူကလူလည်ကျပြီး အနိုင်ကျင့်ဗိုလ်ကျရင် ကျွန်မက အလျှော့ပေးရလေ့ရှိတယ်။ ဒီလိုပါ...။ ကျွန်မက လူကြီးတွေပြန်လာမယ့်အချိန်ကိုစောင့်ရင်းနဲ့ သူ့အိမ်မှာပဲ ကစားခဲ့ရတာများတယ်။ အဲ့ဒီတုန်းကကျွန်မညီမလေးဖြစ်တဲ့ မီကီ ကို မမွေးသေးဘူး။ ကျွန်မအစ်မကဖြစ်တဲ့ နာရာ ဟာလည်း ကျွန်မထက် ခုနစ်နှစ်နီးပါးကြီးတယ်။ ကျွန်မသိတတ်စအရွယ်မှာ နာရာက အလယ်တန်းကျောင်းသူ ဖြစ်နေခဲ့ပြီ။ ကျွန်မ မိဘတွေက အိမ်ကိုသော့ပိတ်ပြီးအလုပ်ကိုယ်စီသွားကြရတယ်။ အမေက အိမ်ကနေ ၈ နာရီလောက်မှာ အလုပ်သွားရတာဖြစ်ပြီး အဖေဟာ ၉နာရီခွဲလောက်မှ ရုံးကိုသွားလေ့ရှိတာ မှတ်မိသေးတယ်။ ကျွန်မကျောင်းကပြန်ရောက်လို့ ကျွန်မရဲ့အစ်မကလည်း ကျောင်းကပြန်မရောက်သေးတဲ့အခါမျိုးနဲ့ကြုံရင် အိမ်ကိုသော့ခတ်ထားလေ့ရှိတာမို့ ကျွန်မက ယုကီတို့အိမ်မှာ ကစားရင်း အိမ်ကိုပြန်လာမယ့်လူကြီးတွေကိုစောင့်နေဖြစ်ခဲ့ရတာများပါတယ်။ ကျွန်မနေတဲ့ရပ်ကွက်က တစ်အိမ်နဲ့တစ်အိမ်ခြံချင်းကပ်နေတဲ့အိမ်ကလေးတွေရှိတဲ့ရပ်ကွက်ပါ။ သူ့အိမ်က ကျွန်မတို့အိမ်နဲ့ ဘေးချင်းကပ်လျက်ပဲ။အိမ်နှစ်အိမ်ကြားမှာ ခြံစည်းရိုးဆိုတာ ရှိခဲ့ဖူးတယ်ဆိုရုံ ခြံစည်းရိုးအရာလောက်ပဲရှိတော့တယ်။ အိမ်ရှေ့နဲ့ အိမ်နောက်မှာပဲ စည်းရိုးအမှတ်အသားရှိပြီး အိမ်နှစ်အိမ်ကြားကအလယ်စည်းရိုးဟာ မရှိတော့ဘူး ။ စည်းရိုးမရှိတော့ သူ့အိမ်ဘက်ကမြေနဲ့ ကျွန်မတို့အိမ်ဘက်ကမြေနဲ့ပေါင်းလိုက်ရင် ကလေးတွေကစားလို့ရတဲ့ မြေနေရာလေးတစ်ခုထွက်လာတယ်။ ပထမတန်း ဒုတိယတန်းလောက် အရွယ်ရောက်လာတော့ ယုကီရယ်၊ ကျွန်မရယ် တခြား လမ်းထဲက ကလေးတွေရယ်ဟာ အဲ့ဒီမြေကွက်လပ်မှာပဲ ကုလားမစည်းနင်း၊ ကြိုးခုန်၊ သြဇာစေ့တောက် စသဖြင့် ကစားကြတယ်။ အဲ့ဒီလိုကစားနည်းတွေကို ကျွန်မအလယ်တန်းရောက်တဲ့အရွယ် အဲ့ဒီရက်ကွက်ကနေမပြောင်းသေးခင်အထိ ကစားခဲ့တယ်။ ယုကီရဲ့အမေဟာ အပြင်အလုပ်မလုပ်တဲ့ အိမ်ရှင်မဖြစ်တာကြောင့် အိမ်မှာအမြဲလိုလို ရှိနေလေ့ရှိတယ်။



တစ်ခါတလေ ကျွန်မဟာကျွန်မအိမ်ကလူတွေပြန်လာမယ့်အချိန်ကို သူ့အိမ်ကနေစောင့်နေတုန်း သူ့အမေကသူ့ကိုထမင်းစားခိုင်းတဲ့အချိန်နဲ့ကြုံရင် သိပ်စိတ်ညစ်တာပဲ။ ကျွန်မအမေက ကျွန်မကို မဆာဘူးလို့ပြောပြီး မစားဖို့မှာထားတယ်လေ။ တကယ်တမ်းကလည်း ကျွန်မ သူတို့ဆီမှာမစားချင်ပါဘူး။ အဲ့လိုအချိန်မျိုးဆိုရင် ဗိုက်ဆာနေတာကို မဆာဟန်ဆောင်နေရတာပါပဲ။ ဒီလိုနဲ့ ယုကီထမင်းဖြစ်ဖြစ်မုန့်ဖြစ်ဖြစ်စားပြီးသွားရင်တော့ ကျွန်မတို့ ဆော့ကြတော့တယ်။ သူ့အရုပ်တွေနဲ့ဆော့တဲ့အခါဆော့ကြတယ်။ တစ်ခါတလေ ဗလာစာရွက်မှာ ပုံတွေဆွဲပြီး ပုံပြင်ပြောတမ်းကစားကြတယ်။ အဲ့ဒါက ကျွန်မကြိုက်တဲ့ကစားနည်းတွေပေါ့။ သူကတော့ သူ့အမေ၀ယ်ပေးထားတဲ့ အရုပ်မသေးသေးလေးတွေကို အ၀တ်လေးတွေပြောင်းပြောင်းပြီး ၀တ်ပေးရတဲ့ အရုပ်ကတ်လေးတွေနဲ့ ဆော့လေ့ရှိတယ်။ ဆော့နေရင်းနဲ့ ယုကီလူလည်ကျလို့ ကျွန်မကငြင်းရင် သူက သူ့အမေကြားအောင် 'မေမေရေ..သမီးကို ဂျိုဝီ အနိုင်ကျင့်နေတယ်' လို့အော်တိုင်တတ်တယ်။ အဲ့ဒီအခါ သူ့အမေက အိမ်ထဲကနေ ငြိမ်ငြိမ်ဆော့ကြဖို့လှမ်းအော်ပြီး ကျွန်မကို အကြည့်တစ်မျိုးနဲ့ တစ်ခါတလေ ကြည့်တတ်သေးတယ်။ အဲ့ဒီလိုအခါမျိုးမှာ ကျွန်မစိတ်ထဲမှာရွံ့တွံ့တွံ့ဖြစ်သွားပြီး ယုကီကိုအလျှော့ပေးလိုက်မိတော့တာပါပဲ။

ခုအချိန်ပြန်စဉ်းစားမိရင် ကျွန်မကသူ့ကိုအလျှော့ပေးမိတာဟာ သူ့ဆီကငှားဝတ်ခဲ့တဲ့ဝန်လေးကြောင့်ဖြစ်လာတဲ့ သိမ်ငယ်စိတ်ကြောင့်ဖြစ်မယ်လို့ချည့်ထင်နေမိတော့တယ်။ ပြီးတော့ အိမ်ထဲကသူ့အမေရဲ့လှမ်းအော်လိုက်မယ့်အသံကိုကျွန်မကြောက်တယ်။ ဒါပေမယ့်လည်း ယုကီကိုကျွန်မကြိုက်ပါတယ်။ ယုကီကနှုတ်ခမ်းရဲရဲ ပါးနီနီ မျက်လုံးဝိုင်းဝိုင်းနဲ့ အသားလေးကဖြူဖြူလေး။ ဆံပင်က နည်းနည်းပါးပြီးကောက်ကောက်လေးတွေနဲ ခပ်ပိန်ပိန်ကောင်မလေး။ အမြဲလိုလို ဂါဝန်လှလှလေးတွေဝတ်လေ့ရှိလို့ ကျွန်မမျက်စိထဲမှာ သူက ကြည့်လို့ကောင်းတယ်။ သူစကားပြောတဲ့အခါများဆိုရင် မျက်လုံးတောက်တောက်လေးနဲ့သိပ်လှတာပဲ။ သူက ကျွန်မထက်အတန်းတစ်တန်းငယ်ပြီးတော့ တက်ရတဲ့ ကျောင်းလည်းမတူကြဘူး။ ယုကီက အိမ်နဲ့အလွန်နီးတဲ့ အလယ်တန်းကျာင်းမှာတက်ရပြီးတော့ ကျွန်မက ကျွန်မအစ်မတက်နေတဲ့ ကားလမ်းတစ်ဘက်ခြမ်းက အထက်တန်း ကျောင်းမှာတက်ရပါတယ်။ ကျောင်းသွားတဲ့အခါသူကဂါဝန်လှလှလေးတွေဝတ်လေ့ရှိတယ်။ ပြီးတော့ တစ်နှစ်တစ်ခါကျောင်းတွေပြန်ဖွင့်လို့ ပထမဆုံးကျာင်းစတတ်တဲ့နေ့မျိုးမှာဆိုရင် သူ့အမေ၀ယ်ပေးတဲ့ ဒီဇိုင်းလှလှကွန်ပါဘူးအသစ်လေးတွေ ရယ်၊ မွေးပွလွယ်အိတ်လှလှကလေးတွေရယ်ကို လွယ်ပြီးကျောင်းကိုသွားလေ့ရှိတယ်။ ကျောင်းတွေပြန်ဖွင့်တဲ့အချိန်ဟာ မိုးရာသီဖြစ်နေတာကို ကျွန်မသိပ်မုန်းတာပါပဲ။ ယုကီဟာ ချာလီထီးရောင်စုံလှလှလေးဆောင်းပြီး မိုးတွင်းစီးဖိနပ်ရောင်စုံလေးတွေနဲ့ သူ့အမေချက်ပြုတ်ပေးတဲ့ ထမင်းဟင်းပူပူနွေးနွေးပါတဲ့ ခြင်းတောင်းလေးနဲ့ကျောင်းကိုသွားတာကိုတွေ့မိတဲ့အခါများဆိုရင် ကျွန်မဟာ သူ့ကို အိမ်ပေါ်ကနေ အားကျပြီးငေးနေမိတော့တာပါပဲ။ ကျွန်မကျောင်းဆင်းချိန်ညနေပိုင်းမှာ ကျွန်မ အိမ်ကလူကြီးတွေမလာသေးလို့ လူကြီးတွေကိုစောင့်ရင်းဆော့ကြတဲ့အချိန်မျိုးမှာဆိုရင် ယုကီဟာ မသိမသာရော သိသိသာသာပါသူ့ပစ္စည်းလေးတွေကိုထုတ်ပြီးကြွားတတ်တယ်။ ခပ်ထုံထုံအအလို့ အများကသမုတ်ကြတဲ့ကျွန်မဟာ ယုကီသုံးခါလောက်ကြွားမှ ကိုယ့်ကိုယ်ကို အကြွားခံနေရမှန်းသိခဲ့တာချည့်ပါပဲ။ အဲ့လိုအချိန်ဆိုရင်တော့ ကလေးပီပီပဲ ကျွန်မမှာလည်းအဲ့လိုပစ္စည်းလှလှလေးတွေရှိချင်မိတယ်၊ သုံးချင်မိတယ်။

လက်သုတ်ပုဝါလေးနဲ့သေချာထုတ်ထားပြီး ကျောင်းကိုထည့်သွားရတဲ့ ကျွန်မရဲ့ထမင်းဘူးကိုယုကီမတွေ့လို့တော်ပါသေးတယ်လို့တောင်အောင့်မေ့မိပါသေးတယ်။ ကျွန်မရဲ့ထမင်းဘူးဟာ အမေရုံးမသွားခင်ထည့်ပေးထားခဲ့တဲ့အတွက် ကျောင်းမုန့်စားချိန်စားတဲ့အခါ ထမင်းဘူးကိုဖွင့်လိုက်ရင် အေးစက်နေလေ့ရှိတယ်လေ။

ကျောင်းတက်ရတဲ့ ၁၂ ရာသီပတ်လုံးမှာ ကျွန်မအစ်မလွယ်ပြီးသားလွယ်အိတ်အကျလေးတွေကိုပဲ လွယ်ရတာများပါတယ်။ သိုးမွေးပွလေးတွေမပါတဲ့ ချုပ်ရာ ဖာရာလေးတွေပါတဲ့လွယ်အိတ်ပြောင်ကလေးတွေပေါ့။ ကျွန်မစီးခဲ့ရတဲ့ဖိနပ်ဟာ မိုးရွာရွာနေပူပူ ကတ္တီပါသဲကြိုးခပ်ကြီးကြီးတပ်ပြီး ခြေနင်းကသားရေခင်းခင်းထားတဲ့ အင်မတန်မှအကြမ်းခံတဲ့ ကျားစီးဖိနပ်တွေပါပဲ။ မိုးတွင်းရောက်လို့ မိုးတွင်းစီးဖိနပ်လှလှတွေစီးချင်တာကလွဲရင် စီးနေကျသားရေဖိနပ်ကိုစီးရတာကျွန်မလည်းကြိုက်ပါတယ်။ ကျောင်းအင်္ကျီလေးတွေဆိုရင်လည်း နှစ်တိုင်းအသစ်မရပြန်ဘူး။ ထုံးစံအတိုင်းပဲ ကျွန်မအစ်မ နာရာရဲ့အကျီင်္အကျအဟောင်းလေးတွေကိုဝတ်ရလေ့ရှိတယ်။ အမေကတော့ နာရာဟာ အကျီ်ဝတ်တာအင်မတန်မှ သပ်ရပ်ပြီး အကျီင်္တွေကိုမနာအောင်ဝတ်လေ့ရှိတယ်လို့ ချီးကျူးလေ့ရှိတယ်။ ဒါပေမယ့် အမေဟာ တစ်ခါတလေတော့လည်း ကျွန်မအတွက် အကျီ်အသစ်တွေချုပ်ပေး ၀ယ်ပေးလေ့ရှိပါတယ်။ အဲ့ဒီလိုအချိန်များဆို သိပ်ကိုပျော်ရွှင်လွန်းလို့ အဲ့လိုပျော်တဲ့အပျော်ဟာ ရက်ပေါင်းတော်တော်ကြာတဲ့အထိအောင်ပါပဲ။ ယုကီနဲ့ကျွန်မက အသက်ချင်းမတိမ်းမယိမ်းဆိုတော့ ကျွန်မအိမ်ကလူတွေဟာ အမြဲပဲ ယုကီနဲ့ကျွန်မကို နှိုင်းယှဉ်လေ့ရှိတာကြောင့် သူ့ကို ကျွန်မဘ၀မှာ မေ့လို့မရပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ယုကီဘယ်ရောက်နေပြီလဲ ဘာတွေဖြစ်နေလဲဆိုတာကိုလည်း ကျွန်မစိတ်မ၀င်စားတော့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ဘ၀ကိုတကယ်ပျော်ရွှင်ချင်ရင် သူများတွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်သင့်ဘူးဆိုတာကို အခုအရွယ်မှာ နားလည်နေပြီဖြစ်လို့ပါပဲ။ ငယ်ငယ်ကတော့ ယုကီရဲ့ အကြွားခံရတိုင်းမှာ ပဲဖြစ်ဖြစ် ၊ ကျွန်မအိမ်ကလူတွေ ကျွန်မကို ယုကီနဲ့နှိုင်းယှဉ်ပြီး နှိမ်ပြောပြောကြရင်ပဲဖြစ်ဖြစ် ကိုယ့်မှာမရှိတာတွေ ၊ ကိုယ့်အားနည်းချက်တွေကိုပဲ ပိုပြီးသတိထားမိနေတတ်တဲ့အတွက်မကြာခဏဆိုသလို ကျိတ်ပြီး ၀မ်းနည်းမိလေ့ရှိတယ်ဆိုတာတော့မှတ်မှတ်ရရပါပဲ။

(၁) နာရာ


(၁) နာရာ (Nara)

အဲ့ဒီနေ့က နာရာ ရဲ့ မျက်လုံးတွေဟာ မီးရောင်တွေတဖျက်ဖျက်ပြန်လက်နေသလိုလက်လက်ထနေတဲ့ ကြောင်တစ်ကောင်ရဲ့မျက်လုံးမျိုးပဲ။ နာရာ့ရဲ့မျက်နှာဟာ ဒေါသကြောင့် ရေစိုနေတဲ့ကြောင်တစ်ကောင်ရဲ့မျက်နှာလိုစုတ်ချွန်းနေပြီးတော့ မျက်နှာဟာလည်းမည်းနေတော့တယ်။ ကျွန်မကိုသူ့ထုံးစံအတိုင်း ငယ်ငယ်ကလိုအထင်သေးဟန်စွက်တဲ့အကြည့်စူးစူးနဲ့ကြည့်တယ်။ သူ့ထုံးစံအတိုင်း ငယ်ငယ်ကလို ပိဿလေးနဲ့ဘေးပစ်သလိုစကားလုံးတွေနဲ့အလဲထိုးတယ်။ ပြီးတော့ အနိုင်ရသူဟာသူပဲဖြစ်တယ်ဆိုတဲ့ယုံကြည်မှုမျိုးနဲ့လှည့်ထွက်သွားခဲ့တယ်။ အခြေအနေတွေကမှ မတူတော့ဘဲနာရာရဲ့ လို့ သူ့မျက်လုံးကိုစေ့စေ့ကြည့်ပြီး အော်ပစ်လိုက်ချင်ပေမယ့် မပြောဖြစ်ခဲ့ဘူး။ စကားလုံးတွေကို မျက်ရည်တွေကျရင်း အတင်းမျိုချပစ်ခဲ့တယ်။ ဒါပေမယ့်အဲ့ဒီနေ့ နဲ့ နာရာ့ရဲ့စကားလုံးတွေကို ကျွန်မဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူး။ ဒေါသကြောင့်ထွက်လာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်းပွတ်သုတ်ခဲ့တယ်။ ရင်ဘတ်မှာစူးအောင့်လာတဲ့နာကျင်မှုကို ဇွတ်အတင်းဖျောက်ဖျက်ယူခဲ့တယ်။ ကျွန်မရဲ့မနက်ဖြန်တွေမှာ အလုပ်လုပ်ဖို့အတွက် အားအင်တွေရှိနေရဦးမယ်လေ။ ဒါတွေကို နာရာသိမှာမဟုတ်ဘူး။ သိချင်စိတ်လည်းရှိခဲ့တာမဟုတ်ဘူး။ ကျွန်မဟာ နာရာ့ကို သိပ်ချစ်ခဲ့တယ်။ ကျွန်မထက်အသက်၇ နှစ်ပိုကြီးတဲ့အစ်မတစ်ယောက်ကိုချစ်တာထက်ပိုတဲ့အချစ်မျိုးပဲ။ နာရာ့ကိုကျွန်မချစ်တာဟာ သမီးတစ်ယောက်ကအမေတစ်ယောက်ကိုချစ်သလိုချစ်တာမျိုးလို့ ညီအစ်မတွေထက်ပိုချစ်တယ်လို့ နာရာ့ နှုတ်က ဖွင့်ပာပြောခဲ့ဖူးတဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကို ကျွန်မပြောခဲ့ဖူးတယ်။ အဲ့လိုမျိုး ကျွန်မဘက်က နာရာ့အပေါ် အချစ်ပိုခဲ့ရလို့လည်း ခုအချိန်မှာ ကျွန်မပိုခံစားရတာပဲ။ နာရာဟာ သူ့သူငယ်ချင်းတွေအပေါ်ချစ်သလောက် ကျွန်မအပေါ်ချစ်ခဲ့သူမဟုတ်ဘူး။ လောကမှာ သတ္တ၀ါမှန်သမျှ သံယောဇဉ်ကြီးသူကသာလျှင် အနာကျင်ရဆုံးဖြစ်တယ်ဆိုတာကိုသာ ခုအချိန်မှာ နာနာနှလုံးသွင်းရတော့တယ်။ နာရာဟာ ကျွန်မအပေါ် ဘာ့ကြောင့်များ အမြဲတမ်းအနိုင်လိုချင်ရတာနေရတာလဲလို့ ကျွန်မ စဉ်းစားမရဘူး။ ကျွန်မရဲ့အားနည်းချက်က လူတွေနဲ့ဆက်ဆံရာမှာ အလိုက်အထိုက်ဆက်ဆံလေ့ရှိတတ်တာပါ။ ကျွန်မပြောတဲ့အလိုက်အထိုက်ဆိုတာဟာ ကျွန်မရဲ့စိတ်အလိုဆန္ဒထက်ပဲ တခြားသူရဲ့ဆန္ဒကိုရှေ့တန်းတင်မိတာမျိုးဖြစ်တယ်။ သူများတွေရဲ့မျက်နှာတွေကိုဖတ်ပြီးရှေ့တန်းတင်ရင်းနဲ့ ကိုယ့်စိတ်ဆန္ဒဟာနောက်ကိုရောက်ရောက်သွားတော့တာပဲ...။ အဲ့လိုကြောင့်ပဲ မိသားစုမှာဖြစ်ဖြစ် ကျွန်မကျင်လည်ရတဲ့အသိုင်းအ၀ိုင်းမှာဖြစ်ဖြစ် ကျွန်မရဲ့ အခန်းကဏ္ဍဟာပျောက်ပျောက်သွားလေ့ရှိတယ်။ ဒါဟာလည်း အမေက ကျွန်မအစ်မ နာရာ နဲ့ ညီမဖြစ်သူ မီကီ တို့ကိုဦးစားပေးတတ်တော့ သူတို့ကိုမသိမသာဦးစားပေးရင်း ကျွန်မရဲ့စိတ်ဆန္ဒတွေဟာ အလိုလိုဘေးရောက်ကုန်တတ်တဲ့သဘောပါပဲ။ ကျွန်မသာ ငယ်ငယ်ကတည်းက ကိုယ့်ဆန္ဒကို နည်းနည်းလောက်ဖြစ်ဖြစ်ရှေ့တန်းတင်ဖြစ်ခဲ့ရင်(သို့မဟုတ်) အတ္တနည်းနည်းကြီးဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့ဖြစ်ရပ်လိုအကြောင်းအရာတွေဖြစ်လာစရာ (သို့မဟုတ်) ဒီလိုနာကျင်စရာကိစ္စတွေ နည်းနည်းလောက်ဖြစ်ဖြစ် နည်းပါးသွားမယ်လို့ထင်မိတာပါပဲ။ ပြီးတော့ အခုအရွယ်အထိကျွန်မအပေါ်ကို တစ္ဆေတစ်ကောင်လိုခြောက်လှန့်နေတဲ့ တွယ်ကပ်နေတဲ့ သိမ်ငယ်စိတ်ဆိုတာ သိပ်မရှိနိုင်တော့ဘူးထင်တယ်။ မိသားစုရဲ့ချစ်ခြင်းမေတ္တာနဲ့လုံခြုံနွေးထွေးမှုဆိုတာကိုသာဒီထက်ပိုပြီးရခဲ့မယ်ဆိုရင် ကျွန်မရဲ့စိတ်ဟာ ခုထက်ပိုပြီးအရွယ်ရောက်လူလားမြောက်နိုင်ကောင်းပါရဲ့ ။ ကျွန်မဟာ ချစ်ခြင်းတရားနဲ့မထိုက်တန်သူ ၊ အများတကာရဲ့အလေးထားမှုကိုမခံယူထိုက်သူလို့ ကိုယ့်ကိုယ်ကိုအမြဲယူဆနေမိတဲ့ သိမ်ငယ်စိတ်မျိုး မရှိခဲ့ဘဲနဲ့ ဘ၀မှာပျော်ရွှင်စရာတွေနည်းနည်းပါးပါးလောက်ဖြစ်ဖြစ် ရှာတွေ့နိုင်ခဲ့လိမ့်မယ်လို့ထင်မိပါရဲ့လေ။

Tuesday 20 December 2016

“ပေါင်မုန့်ဟာ ပေါင်မုန့ပဲ..ပေါင်မုန့်ကိုပေါင်မုန့်ထက်ပိုပြီးမျှော်လင့်လို့မရဘူး...”

   မနက်က စောစောနိုးတယ်..။ စောစောဆိုပေမဲ့ ၈ နာရီထိုးတော့မယ်။ ညက မအိပ်နိုင်တာမို့လို့ ဒီအချိန်နိုးတာစောတယ်လို့တောင်ပြောရမယ်.။ ကော်ဖီလေးသောက်ဦးမှ ဆိုပြီးထဖျော်တော့ မုန့်ပါစားချင်လာရော..။ ဟိုတစ်ရက်က၀ယ်လာတဲ့ပေါင်မုန့်ကို သွားသတိရတော့ ဦးနှောက်က ကြက်ဥလေးကိုပါမျက်စပစ်တယ်..။ ဒါနဲ့လက်က ဆီပုလင်းနဲ့အိုးကိုပါ လှမ်းမိရော..။ ခဏကြာတော့ ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီပန်းကန်ကိုင်ပြီး အခန်းထဲဝင်ထိုင်ပြီး လုပ်စရာမရှိတော့ လည်း online ၀င်ပြီး အလုပ်လေးဘာလေး ထပ်လျှောက်ပါဦးမယ်လေဆိုပြီး ကွန်ပြူတာရှေ့ထိုင်မိတယ်..။ အမှန်က ကွန်ပြူတာကို စားပွဲပေါ်ကနေ ကုတင်ပေါ်ယူပြီး အစားလေးတစ်ဖက်နဲ့ နှပ်တာပါ..။ ဒီလိုနဲ့ပဲ..အလုပ်လျှောက်မယ်ဆိုတဲ့လက်က jobsdb ဆီမသွားပဲ ပေါင်မုန့်ကြက်ဥကြော်ဆီလှမ်းတယ်..။ ကော်ဖီကတော့ တစ်ဝက်ကျိုးပြီးသွားပြီ။ အဲဒီမှာ ဇာတ်လမ်းကစတာပဲ..။ ကြက်ဥကြော်နေကျ လက်က ပေါင်မုန့်ကြက်ဥကြော်တော့ မေ့ပြီး အချိုမှုန့်ခတ်မိတာနဲ့ အရသာက အတော်လေးစွမ်းနေလေရဲ့..။ အင်း....ဆိုပြီး မျိုချမိတော့ ကိတ်မုန့်မွှေးမွှေးလေးက အာရုံမှာရလာတယ်..။ နောက်မှ နောက်မှ ဆိုပြီး စိတ်ကို အတင်းဖျောင်းဖျပြီးစားမိတယ်..။ နှမြောတာကိုး..။ သြော်..ပေါင်မုန့်ဟာ ပေါင်မုန့်ပဲလေဆိုပြီး ..တောင်တောင်အီအီတွေ တွေးမိပါလေရော..။ အဲလို...ရောက်တက်ရာရာတွေဖြစ်ဖြစ်နေတတ်တာ တယ် ခက်တာကလား..။
   တစ်ခါက မိတ်ဆွေတစ်ယောက်ကပြောဖူးတယ်..။
   “လူတွေဆိုတာက determine လုပ်ခံထားရပြီးသားဟ..နင်ဘယ်လောက်ပဲကြိုးစားလည်း အကန့်သတ်ဘောင်ထဲမှာပဲ ရှိမယ်..”
အဟား..အဲဒီတုန်းကတော့ ဘယ်ရမလဲ..ကျွန်မက သူ့ကိုလောင်ပြုံးလေးနဲ့ပြန်ကြည့်ပြီ..ပြန်ပြောခဲ့တာပေါ့..။
“ ဘောင်ထဲမှာဆိုပြီးမကြိုးစားခဲ့ရင်..မကြိုးစားပဲနေရင်..ငါတို့ဘ၀တွေ ဘယ်လာတိုးတက်ပါတော့မလဲ..အဲဒီတော့ ငါ..ဘယ်လိုဘောင်ထဲမှာပဲဖြစ်ဖြစ်..ဘယ်လောက်ကျဉ်းမြောင်းတဲ့ အကန့်အသတ်ထဲမှာပဲဖြစ်ဖြစ် ငါရအောင်ကြိုးစားမှာပဲ..”

အခုတော့..။ အင်း..အခုတော့ .ပေါ့လေ..။ ကျွန်မက စင်္ကာပူကို အလုပ်ရှာမယ်ဆိုပြီး ထွက်လာတာ ၁လကို ရက်ပိုင်းကျော်ပြီ။ အလုပ်ကတော့ရပါရဲ့ ..pass မှာ အဖုအထစ်လေးနဲ့..။ ဒါနဲ့ပဲ အခုအထိအိမ်မှာ အားအားယားယားကြီးကိုဖြစ်လို့..။ ဒါနဲ့ပဲ စိတ်ကူးပေါက်ပြီး..gtalk ရဲ့ custom message မှာ ဒီလိုရေးလိုက်တယ်....။

   “ ပေါင်မုန့်ဟာ ပေါင်မုန့်ပဲ...ပေါင်မုန့်ကို ပေါင်မုန့်ထက်ပိုပြီး မျှော်လင့်လို့မရဘူး..”

ကျွန်မ အလုပ်ဆက်လျှောက်ပါတယ်..။ အမှန်က ဟိုလုပ်ဒီလုပ် တောင်ကြည့်မြောက်ကြည့် သတင်းပလင်းလေး ဖတ်တာပါ...။ ဒိလိုနဲ့ အချိန်အတော်လေးကြာသွားတယ်..။ ၁၁ နာ၇ီလောက်ရောက်တော့ gtalk box လေးတက်လာတယ်..ကျွန်မက အဲ့လိုပဲ မသုံးပဲ ပစ်ထားနေကြကိုး..။
“ ဟလို..ပေါင်မုန့်..”
ကျွန်မလည်း ပြန်ပြီး ဟလို လုပ်လိုက်တယ်...သိတယ်မလား..ကျွန်မက အားအားယားယားဖြစ်နေတာဆိုတော့..သူငယ်ချင်းတွေနဲ့ သိပ်ကိုစကားပြောချင်နေတာ..။ အဲ့ဒီသူငယ်ချင်းနဲ့ ငယ်ငယ်တုန်းက အကြောင်းတွေပြောဖြစ်ကြပါတယ်..။

နောက် နေ့လည်လည်းရောက်ရော..


“ ယိုသုတ်လို့ ရပါသေးတယ် ဟဲ့..”
အင်း..လုပ်ပြန်ပြီ..။

ဟုတ်ပါတယ်..ဟုတ်ပါတယ်..ပေါ့..။

နောက်တစ်ယောက်ကလည်း..
“ ယိုသုတ်လို့ ရပါသေးတယ် အစ်မရဲ့..ကျွန်တော်ဆို ပေါင်မုန့်ကို ,ယိုသုတ်ပြီး မယိုးနိစ်နဲ့စားရတာသိပ်ကြိုက်တာ...”
အော်..ခက်ပြီ..ဝေးသွားပြီ..ကျွန်မဆိုလိုချင်တာက တစ်မျိုး..
အဲဒါနဲ့ အားအားယားယား လျှာရှည်ချင်မိတော့ ရှင်းပြမိတယ်..ကိုယ့်သေတွင်းကိုယ်တူးတယ်ပြောရမလားမသိဘူး..
သူကပြန်ပြောတယ်..
“ဟာ..ဘာမှစိတ်ဓာတ်မကျနဲ့အစ်မ..ဘ၀ကိုအရိုးသားဆုံးရင်ဆိုင်ရင် ပေါင်မုန့်ဟာဖြူစင်တဲ့အတွက်ကြောင့် ပေါင်မုန့်ခြောက်ဖြစ်ရင်တောင် အသုံးဝင်သေးတယ်..”

အင်းလေ..ဟုတ်ပေသားပဲလို့..တွေးပြီး မျက်လုံးတောင်ပေကလပ်ပေကလပ်ဖြစ်သွားသလားပဲ..။
ဇာတ်လမ်းက ဆုံးပြီထင်နေတာ..မဆုံးသေးဘူး..ကျွန်မကလည်း အဲဒီ message ကြီးကို မဖြုတ်ပဲထားခဲ့မိတယ်..ဘာလို့လည်းမသိဘူး..။ ညအိပ်ခါနီး..ည ၁၂ နာရီကျော်လောက်..ကျွန်မနဲ့ အလုပ်အတူတူ လာရှာတဲ့သူငယ်ချင်း..သူရောက်လာပြီး...
         “ ဟဲ့ နင့်ပေါင်မုန့်ကို ယိုသုတ်ကိုသုတ်ရမယ်..”
         “အွန်..”
ကျွန်မမျက်စိလည်ထွက်သွားတယ်..။
ဟုတ်တယ်လေ..သူကစစချင်းကြီး...
နောက်မှ ကျွန်မသဘောပေါက်သွားတယ်..။ အဟဲ..အင်း....အင်းပေါ့လေ..အဲဒါနဲ့ပဲ...
          “ မဟုတ်ဘူး..ငါပြောချင်တာက ငါတို့ ဘ၀တွေက အကန့်သတ်ခံထားရပြီးသား..ငါတို့မှာ နင်ပြောသလို ယိုသုတ်လို့ရချင်ရမယ်..အဲဒါတောင်မှ ယိုသုတ်ခွင့်ရှိမယ်ဆိုရင်ပေါ့ဟာ..ဒါတောင် ပေါင်မုန့်ယိုသုတ်လောက်ပဲဖြစ်မှာ..ဘယ်တော့မှ ကိတ်မုန့်ဖြစ်လာမှာမဟုတ်ဘူးလေဟာ..”
သူက..
          “ ဟဲ့..ဒီမှာ.. no hope,no life တဲ့..နင်သိလား..ငါတို့ဟာ..တစ်နည်းနည်းနဲ့ပေါင်မုန့်ကို ယိုသုတ်ကိုသုတ်ပေးရမယ်ဟဲ့”

အဲဒါနဲ့ပဲ..ကျွန်မက..သူ့ကို တာရာမင်းဝေရဲ့ လမင်းကင်ဆာ ဆိုတဲ့ ၀တ္ထုထဲက ..
လူဆိုတာ မျှော်လင့်ထားရင်မျှော်လင့်ထားသလောက်ခံစားရတယ်ဟ လို့ ခပ်တည်တည်ကြီး ပြန်ထည့်လိုက်တာပေါ့.။ဒါပေမဲ့သူပြောတဲ့ ယိုသုတ်တဲ့ကိစ္စကို တွေးမိရင်း ရယ်ချင်သွားတယ်..မျက်စိထဲမှာ hot dog ကြီးက ကန့်လန့်ကြီး ၀င်လာတာကိုး..။
“အင်းဟုတ်တယ်... ယိုသုတ်လို့တော့ ရတာပေါ့..ဒါပေမဲ့ ၀က်အူချောင်းကြီးတော့လာမညှပ်နဲ့ဟာ...ပေါင်မုန့်နာမည်ပျက်တယ်...”
သူစိတ်လေသွားတယ်ထင်ပါ့..ရယ်ပြီးဘာမှ ဆက်မပြောတော့ဘူး..။ အော်..ပေါင်မုန့်..ပေါင်မုန့် ..အချိုမှုန့်ခတ်မိတာက စတဲ့ဇာတ် ..အိပ်ခါနီးတောင် မရပ်ဘူး..။ သူငယ်ချင်းတွေကလည်း စိတ်ပူပြီး..အားပေးလိုက်ကြတာများ..ကိုယ့်အတွေးလေးတောင်ပျက်တယ်...ဟုတ်တော့လည်းဟုတ်ပါရဲ့ သူတို့ပြောတာတွေက..။ ဒါပေမဲ့နော်...

“ပေါင်မုန့်ကို ယိုသုတ်လို့ရရင်ရမယ်...၀က်အူချောင်းတော့လာမညှပ်နဲ့..ပေါင်မုန့်နာမည်ပျက်တယ်..”






စိမ်းမြလင်းသစ်


5.11.2010

7:28 pm

ငါကိုယ်တိုင်ရေးတဲ့ငါပျော့ညံ့ကြောင်း...

 ငါကဗျာတစ်ပုဒ်ရေးချင်တယ်...
ငါကိုယ်တိုင်ရေးတဲ့ငါပျော့ညံ့ကြောင်း...
ဘယ်လောက်ပျော့ညံ့လိုက်သလဲဆိုရင်..
ဟောဒီကဗျာထဲမှာတောင် ငါညံ့ကြောင်းမရေးရဲတဲ့အထိ..။
နောက်ရှိပါသေးရဲ့ငါ့ရဲ့ညံ့တဲ့အကြောင်းတွေ...
အရှိန်ပြင်းပြင်းထွက်ပြေးသွားတဲ့နင့်ချစ်ခြင်းမေတ္တာနောက်
ငါ က ဒရွတ်တိုက်လိုက်ပါမိတဲ့အခါ..
ကွဲကြေကျိုးပျက်..
နင်တစ်ပွင့်စီသီကုံးပေးခဲ့တဲ့ငါ့အမှတ်တရတွေထဲမှာမှ
အလွမ်းက အလည်လာတယ်...
ဘယ်တော့မှမပြန်တော့ဘူးတဲ့..
အဲဒါနဲ့ပဲငါလေ..နင့်ကို လွမ်းကြောင်းအတွေးထဲတောင်မတွေးရဲတော့တဲ့အထိ..။
တကယ်ပါ..
အဲဒီ ..နင်တစ်ပွင့်စီသီပေးခဲ့တဲ့ ငါ့အမှတ်တရတွေထဲ..နင်နောက်ဆုံးသီပေးခဲ့တဲ့ အမုန်းပွင့်လေးဟာ
အလွမ်းတွေကို ဆက်ပွင့်နေကြောင်းတောင်...နင့်ကိုငါ မပြောရဲခဲ့တဲ့အထိ...။
အဲဒါနဲ့ပဲ..ငါပျော့ညံ့ကြောင်းရေးရင်းငါ...ငါ့ကဗျာတောင်အဆုံးမသတ်နိုင်တော့တဲ့အထိ..။

seinn mya mya kyaing
1:20 am,25.10.2010

တောင်းပန်ပါတယ်..

 အခါတစ်ပါး..အခြား..အခြားသောအတိတ်များဆီက ငါမှားသောစကားများ..သူ့နားဝယ်ခါးအံ့...။
ငါ နှလုံးသားနူးညွတ်..နောင်တတို့စွတ်စို..။
ငါ၏အတိတ်..ငါ၏အရိပ်တို့ ငါကြည့်တိုင်း ငါ့နှလုံးသားဝယ် သူ့အရိပ်ထင်၏...။
သူကား ကြိုးစား...ငါ့အားမမေ့နိုင်ငြားအံ့... ငါ့အပြစ်ကိုခွင့်လွှတ်ပါလေ...။
ထိုထိုအတိတ်...ငါ့အရိပ်ဝယ်...ငါ့ကိုတငိးသောကြိုးများလျော့စေသတည်း...။

ငါ၏ထိုစကား..ထိုလူ..ထိုလူ..ငါ့ဆိုင်သူ..သူ...ကြားစေသတည်း...။

အလွမ်းများ

မနေ့ကအထိလတ်ဆတ်နေခဲ့သောလေက ငါ့ကိုဖြတ်တိုက်သွားခဲ့တယ်။ သက်ပြင်းကိုမှုတ်ထုတ်မိရင်း စိတ်ကိုတဖန်ပြန်တင်းဖို့အတွက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရပြန်တယ်...ဟက်ခနဲငါ့ကိုယ်ငါရီမိတော့ ပါးပြင်ပေါ်ကနွေးခနဲခံစားချက်ကိုရတယ်။ သက်ပြင်းမှုတ်ထုတ်မိတဲ့ငါက စိတ်ကိုပြန်တင်းဖို့အတွက် အသက်ကိုပြင်းပြင်းရှိုက်ရပြန်တယ်..။ ဟုတ်တယ်...ငါက ငါ့စိတ်ကို လေးကြိုးလိုတင်းတယ်...တင်းလွန်းရင်ပြတ်တတ်တာကြိုးပဲ.။ ငါ့စိတ်နဲ့ငါမှုန်မှိုင်းတော့လည်း မြင်နေရတာက တစ်လောကလုံး မီးခိုးရောင်...ဟုတ်တယ်...နင်လည်းမီးခိုးရောင် ..ငါလည်းမိးခိုးရောင်..မြက်ခင်းတွေလည်းမီးခိုးရောင်..အားလုံးမီးခိုးရောင်ဟာ..နင်မသိလည်းဒါတွေက သိပ်ကိုအရေးမပါတဲ့ကိစ္စတွေပဲမဟုတ်လား..။ ငါအန်ချလိုက်ချင်တယ်...ဗိုက်ထဲမှာနေရတာမကောင်ဘူး..အသက်ရှူလိုက်တဲ့လေတွေသိပ်ကိုမလတ်ဆတ်တော့ဘူး..ငါအန်ချလိုက်တော့မယ်..ငါမှားမှန်းသိသိကြီးနဲ့ကိုဒိလမ်းကိုလျှောက်နေမိတာ..UTurn ကိုတွေ့နိုးနိုးနဲ့တော့မဟုတ်ဘူး..ငါက သိသိကြီးနဲ့ကိုမိုက်မဲနေမိတာပဲ..နင့်အတွက်တော့ဒါတွေက သိပ်ကိုအရေးမပါတဲ့ကိစ္စတွေဖြစ်ကောင်းဖြစ်မယ်..မဟုတ်ဘူး..ဖြစ်ကိုဖြစ်မယ်.။ ငါသက်ပြင်းကိုအကြိမ်များစွာချခဲ့ပြီးမှန်း အခုတစ်ခေါက်သက်ပြင်းချလိုက်တော့ ငါ့ကိုယ်ငါသတိရလိုက်တယ်..။ သက်ပြင်းချလိုက်လည်း အပူတွေကုန်မသွားဘူးပဲ..ငါရေသောက်မယ်..ရေသောက်မှဖြစ်မယ်..အန်ချလိုက်ချင်တယ်..ဗိုက်ထဲမှာမကောင်းဘူး...ဖျားနာနေတယ်..အခုကုတင်ပေါ်မှာ..ခွေခွေလေး..နင်ဂရုမစိုက်လည်း ငါသိပ်ဂရုမစိုက်ပါဘူး..။ငါခေါင်းကိုခါရမ်းမိတော့ ငါ့ခေါင်းတွေမူးလိုက်တာဟာ..ငါတကယ်ကိုဖျားနေပြိ..အိပ်လို့မရမယ့်အတူတူတော့ ငါ့အတွေးတွေ လွှင့်ပစ်မယ်..ရောက်ချင်တဲ့နေရာရောက်ပစေဟာ...အိမ်ကိုလွမ်းတယ်..အဝေးမှာရောက်နေတဲ့ငါက..သိပ်ကိုဖျားနာနေတဲ့ငါက...တစ်ကိုယ်လုံးဖျားနာနေတဲ့ငါက သဘာဝကျကျကြီးကို လွမ်းပစ်လိုက်တယ်..ငါ့အိမ်ကိုလွမ်းနေတယ်ဟာ..နင့်ကိုလည်းလွမ်းတယ်...နင့်နင့်သည်းသည်းကိုလွမ်းတာပဲ..အလွမ်းဆိုတာကလည်း သိပ်ကိုသောက်ရေးမပါတာမဟုတ်လား..အဟားးးးးး....ငါ့ကိုယ်ငါဟားတိုက်ရယ်လိုက်ချင်တော့တာပဲ..ငါကခေါင်းကိုဆတ်ခနဲခါရမ်းမိတော့ ပါးပြင်ကနွေးခနဲ ခံစားချက်ကိုရပြန်တယ်...ခေါင်းမူးတယ်...သိပ်ကိုမူးတယ်..ဟုတ်တယ်..။ငါဖျားနာနေတာပဲ...ငါသိပ်ကိုဖျားနာနေတာပဲ..နင့်လက်ကနေလွတ်ကျသွားကတည်းက ငါဖျားခဲ့တာဖြစ်မှာ...နင်မသိလည်း ငါ ဂရုမစိုက်တော့ပါဘူး..ငါ့ဟာငါဖျားနာနေရတာတောင်မအားဘူး...ငါ့အတွေးတွေကငါ့ကို လောင်ကျွမ်းနေတယ်...တစ်ဖျက်ဖျက်နဲ့ကိုလောင်ကျွမ်းနေတယ်...အပိုင်းပိုင်းအစစဖြစ်အောင်ကိုလောင်ကျွမ်းနေတယ်..။ ငါနင့်ထက်ငါ့စောင်အစုတ်လေးကိုလွမ်းသင့်တယ်လို့တွေးမိတော့ ငယ်ကတည်းကခြုံခဲ့တဲ့ငါ့စောင်အစုတ်လေးကိုအားနာမိတယ်.. ငါ့စောင်အစုတ်လေးလောက်တောင် နင်ငါ့ကိုအနွေးဓာတ်ပေးခဲ့လို့လား..နင့်ရင်ခွင်ကငါ့အတွက်တော့ ၀င်ရိုးစွန်းပဲ...နင်မလာရဲခဲ့ဘူးမဟုတ်လား.. နင် တကယ့်ကိုမလာရဲခဲ့ဘူးမဟုတ်လား...ဟက်ခနဲရီမိပြန်တယ်..။ ငါရီမိတိုင်း ငါ့ပါးတွေ နွေးခနဲပဲ..ရွှဲနစ်နေတယ်..ဟုတ်တယ်..ငါ့ရင်တွေပူတယ်..ဖျားနာနေတယ်..ငါတကယ်ကိုဖျားနာနေတယ်.. ငါ့သက်ပြင်းတွေထဲမှာ ရင်ထဲက အပူတွေမပါသွားဘူး..ရေသောက်မှဖြစ်မယ်...ငါရေသောက်မှဖြစ်မယ်..ရေကလည်း အပူတွေကိုမျှောမချနိုင်ပြန်ဘူး...။
မိုးစက်တွေတပေါက်ပေါက်ကျသံကိုကြားရတော့ ငါ့အတွေးတွေကနေ အထီးကျန်မှုတွေကနေ ငါဖျက်ခနဲခုန်ထွက်မိတယ်..။ အကြိမ်ပေါင်းများစွာ သက်ပြင်းချခဲ့ပြီးကြောင်း ငါ ဒီတစ်ကြိမ် သက်ပြင်းချမိတော့ ငါကိုယ်ငါ သတိထားမိပြန်တယ်.. ငါအတွေးနဲ့ငါမူးတယ်..ရူးသွားရင်ကောင်းမှာပဲလို့တွေးမိတော့ ..ကြည်အေးရဲ့ အရူးကိုသွားသတိရတယ်...ငါက ရူးဖို့တောင် သတ္တိမရှိဘူး..ဟုတ်တယ်..နင်ထင်ခဲ့သလို ငါ သတ္တိမရှိခဲ့ဘူး..ငါက ရူးဖို့တောင် သတ္တိမရှိဘူး..။ နင်သိလည်း ငါအခု###ဂရုမစိုက်တော့ပါဘူး..း ငါက နင်လွှတ်ချခဲ့ပြီးသား တစ်ရှူးစတစ်ခုပဲ.။ သုံးပြီးသားဆိုတော့လည်းနွမ်းဖတ်လို့ပဲ..အခုတောင် ငါဖျားနေတယ်..နွမ်းနွမ်းဖတ်ဖတ်ကိုပဲဖျားနာနေရတယ်..။ မိုးတွေပိုစိပ်လာပြီ..ငါပြတင်းပေါက်ကိုဖွင့်ထားမှဖြစ်မယ်...မိုးစက်တွေကငါ့ကိုအေးစေနိုင်မလားပဲ...အခုတော့ရင်တွေပူနေတယ်..င့ါရင်တွေပူနေတယ်..သိပ်ကိုဖျားနာနေတဲ့ငါက ရေသောက်မှဖြစ်မယ်..ရေသောက်မှဖြစ်မယ်...ငါကရေဘူးကိုဖွင့်တယ်...ပြတင်းပေါက်ကိုဖွင့်တယ်..နင်သိလည်းငါ ဂရုမစိုက်တော့ပါဘူး..ငါက နင့်ကိုလွမ်းတဲ့စိတိကိုပါဖွင့်လိုက်တယ်...။ ။

Seinn Mya Mya
Sunday 19 Dec 2010
Am 2:46

သတိရခြင်းမိုးရေစက်များ

ဒီနေ့စနေနေ့ဖြစ်သည်။ အခန်းထဲတွင်ငြီးငွေ့ခြင်းများသည်..အထီးကျန်စွာ အေးခဲတိတ်ဆိတ်လျက်ရှိသည်။ တလှိုက်လှိုက်တက်လာသော သတိရခြင်းများဟာ မိုးအဖြစ်ရွာချပြီးသွားကြသလား...။ သတိရခြင်းမိုးရေစက်များသည် အိမ်ပြတင်းတံစက်မြိတ်တွင် တွဲလွဲခိုလျက်ရှိနေကြသည်။ အဓိက က ယုံကြည်ချက်နဲ့ နှလုံးသားကိုသစ္စာမဖောက်ဖို့ပါပဲ..နှင်းရယ်..ဟု သူပြောခဲ့သောစကားများသည် နှလုံးသားဆီမှအဖန်ဖန်အထပ်ထပ်အော်မြည်လျက်ရှိပြီး အရေပြားပေါ်တွင် သွားလာလျက်ရှိနေကြသည်..။ နှင်းဟာ နှလုံးသားကိုသစ္စာဖောက်မိသလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးလျက်ရှိနေပြီလား..။ အခန်းထဲတွင် မရေရာခြင်းများ စိမ့်ပျံ့ ထိုင်းမှိုင်းလာသည်။ နှင်းသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ဖို့ကြိုးစားလိုက်မိသည်..။ နှင်း၏အခန်းလေး..၊ ပတ်ဝန်းကျင်..၊ အလုပ်...၊ အရာရာသည် နှင်းကို သေးငယ်အောင်လုပ်ပေးနေကြသလိုဖြစ်နေသည်။ နှင်းကြိုးစားရင်း..ပျော်အောင်နေရင်း..အရာရာကိုရင်ဆိုင်ရင်း.. နှလုံးသားကိုမေ့ထားခဲ့တာဟာ နှင်းသစ္စာဖောက်မိတာဖြစ်နေနိုင်သလား..။ နှင်းဟာ နှလုံးသားကိုသစ္စာဖောက်မိတာလား..။ မသေချာပါ..။ နလုံးသားကိုမေ့ထားခဲ့တာလား..။ နှင်းသည် ယောင်ယမ်းကာ ခေါင်းကိုတွင်တွင်ခါမိပြန်သည်..။  ဒါဟာ သစ္စာဖောက်ခြင်းဟု သူက စွဲချက်တင်လျှင်တော့ နှင်းဟာ လုံလောက်တဲ့အကြောင်းပြချက်တွေနဲ့ ခိုင်ခိုင်မာမာငြင်းဆိုရမှာပါပဲ။ နှင်းနှလုံးသားကို နှင်းဘယ်တုန်းကမှ သစ္စာမဖောက်နိုင်ခဲ့တာ နှင်းကိုယ်တိုင်အသိဆုံးပဲဖြစ်သည်။


နှင်းသည် ပြတင်းတံခါးမှတဆင့် အမှတ်တမဲ့ဖြစ်သောစိတ်တို့ဖြင့် တွေဝေစွာငေးမောလျက်ရှိသည်..။ ပိတောက်ပင်ကြီးသည် မိုးရေစက်တို့ဖြင့်စိုရွှဲလျက်ရှိပြီး ငိုကြွေးနေသယောင်ဖြင့် မှိုင်းမှိုင်းအုံ့အုံ့ဖြစ်ကာ နှင်းကိုပြန်လည်ငေးမောကြည့်နေသယောင်ပဲ။ ရုတ်တရက် ဟက်ခနဲရယ်မိတော့ ပါးပြင်ပေါ်ကို မျက်ရည်တွေ နွေးထွေးစွာကျဆင်းလာတာ ခံစားလိုက်ရသည်။ နှင်းဟာ ဆယ်ကျော်သက်ကလေးမှ မဟုတ်တော့တာပဲ။ မိဘနဲ့ခွဲခွာပြီး တစ်မြို့တစ်ရွာမှာဝမ်းစာရှာနေရပြီပဲ။ ဒါတောင်နှင်းပျော့ညံ့နေတုန်းပဲ..။ ခံစားချက်ကိုအသက်အရွယ်နဲ့ထိန်းချုပ်လို့မရသေးသ၍တော့ နှင်းကိုယ်နှင်းရင့်ကျက်ပြိဟု မထင်သေးပါ ..။ နှင်းစိတ်ထိခိုက်တာမြင်ရင် သူစိတ်မကောင်းဖြစ်မှာသေချာသည်..။ တောင်းပန်ပါတယ်နှင်းရယ် လို့များထပ်ပြောဦးမလား ..။ အရင်တုန်းကလိုပဲ အားနာမှုတွေပြည့်နှက်နေတဲ့ သူ့မျက်ဝန်းတွေနဲ့ နှင်းကို နာကျင်စွာ ငေးစိုက်ကြည့်နေဦးမှာလား။ အဲဒီ့အခါမှာ နှင်းကတော့ အရင်ကလိုပဲ ကိုယ်နာကျင်မှာထက် သူနာကျင်ခံစားရမှာစိုးစွာ ဟန်ဆောင်ပစ်မိမှာ သေချာသည်။ သေချာတာတစ်ခုကတော့ နှင်းသည် သူ့ကိုထက် နှင်း၏ပျော့ညံ့ခြင်းများအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မိတုန်းပဲဖြစ်သည်။

နှင်းလက်ကိုမပြောမဆိုနှင့် သူ စတွဲခေါ်စဉ်က နည်းပညာပြပွဲတစ်ခုတွင်ဖြစ်သည်..။ 'လာလေ..နှင်း..ငေးမနေနဲ့..လူတိုးသွားရင်မလွယ်ဘူး..' ပြောပြောဆိုဆို နှင်းကိုဆွဲခေါ်သွားတော့ နှင်းသည် ထူပူစွာ အသိမဲ့စွာဖြင့် သူဆွဲခေါ်ရာနောက်ကိုလိုက်မိရင်း.. နွေးထွေးလုံခြုံသောစိတ်ခံစားချက်သည် သူ့လက်မှတစ်ဆင့်နှင်းကိုယ်ခန္ဓာထဲတွင်နွေးထွေးလျက်ရှိခဲ့သည်။ 'နှင်းကိုယ့်နောက်ကို ဒီလိုပဲလိုက်ခဲ့ပါလားနှင်းရယ်..' လို့ နူးညံ့စွာပြောတော့ နှင်းဟာ သူ့မျက်ဝန်းတွေအောက်မှာ အရည်ပျော်သွားရတာပဲ..။ နှင်းဟာ အဲ့လောက်ထိအောင် ကိုတုံးခဲ့တာ။ ယုံကြည်ခဲ့တာ ။ နောက်ပြီးနှင်းသည် ကိုယ့်ကိုယ်ကို..ကိုယ့်ရဲ့ပျော့ညံ့မှုကိုသာ အပြစ်တင်ခဲ့ပါသည်။ ထိုစဉ်ကတော့ နှင်းသည် သူ့ရဲ့ နူးညံ့သောမျက်ဝန်းများအောက်မှာ လုံခြုံနွေးထွေးခဲ့ရလေသည်။ သူ နှင်းကိုဘယ်တော့မှသစ္စာမဖောက်ဘူးဟု ယုံကြည်ရင်း နှင်း၏ဘ၀..တွင် သူ့အတွက်ပါအိပ်မက်မက်ခဲ့ရသည်။ အခုခေတ်လူငယ်တွေက နှလုံးသားကို ကစားစရာတစ်ခုလိုပဲသဘောထားတော့တာနှင်းရဲ့.. ကိုယ်ကတော့ အမြတ်တနိုးကိုတန်ဖိုးထားချင်တာ..လို့ သူပြောတော့ နှင်းက သူ့ကို အားကိုးယုံကြည်ခြင်းတွေနဲ့ကြည့်ခဲ့မိမှာ သေချာပါသည်။ နှင်းကတော့ နှင်းကိုရယ်ရွယ်ပြီးပြောတာလို့အထင်ကောင်းဆဲ သူ့မျက်ဝန်းတွေရီဝေနေတာကို နှင်းကြောင့်ဟု မိုက်မိုက်မဲမဲ ယုံကြည်ခဲ့မိသည်..။ နှင်းသူ့ကို အဲ့ဒီလောက်ထိယုံကြည်ခဲ့ပါသည်။ သူစတင်တွဲသောလက်တွင် နှင်းခိုင်မြဲချင်ခဲ့မိပါသည်...။

ကိုယ်ကျင့်တရားကိုသိပ်ကိုအလေးထားတတ်လွန်းသောသူသည် သိပ်ကိုတွေဝေလွန်းသောသူတစ်ယောက်လည်းဖြစ်မှန်း စတင်သိလိုက်မိစဉ်ကတော့နှင်းသိပ်ကိုတုန်လှုပ်မိခဲ့ရသည်..။ အိပ်ပျက်ညများစွာမှာ နစ်မြုပ်ရင်း သူ့ကိုလည်းရှောင်ရင်း အတွေးတွေဖြင့်ပူလောင်နေရစဉ်မှာလည်း သူနောင်တတွေရနေမှာလားဟု သူ့အတွက်ပါပူပန်ခဲ့မိသည်။ သူ့တွင်သူသိပ်ချစ်ခဲ့ရသောချစ်သူရှိသတဲ့..။ သူငယ်ချင်းများက နှင်းအတွက် နာကျင်စာနာသောစကားများဖြင့်လာပြောသည့်တိုင် နှင်းသည် နှင်းကိုယ်နှင်းရှက်ရွံ့ ခြင်းတို့ကြားကပင် သူ့ကိုသနားမိပြန်သည်။ ထိုစဉ်တလောတုန်းက နှင်းကို တစ်ခုခုပြောဖို့ အားယူနေခဲ့မှန်းတော့ သိခဲ့ပါသည်..။ သူ..နှင့် သူသိပ်ချစ်ခဲ့ရပါသည်ဟုဆိုသော သူ့ချစ်သူကြားတွင် နှင်းသည်ဘာဖြစ်နေခဲ့ပါသလဲ..။ သူ့ချစ်သူကသူ့ကိုအဆက်အသွယ်ပြန်လုပ်သောအခါ သူသည် နှင်းကိုကြည့်သောအကြည့်တို့တွင် အားနာခြင်းများရောစွက်နေခဲ့ပါသည်..။ နှင်း၏ရှေ့တွင် တစ်စတစ်စလဲပြိုလာသောသူ့ကိုကြည့်ရင်း နှင်းသည် သူ့အတွက် နှင်း၏နာကျင်စွာသောစိတ်တို့ဖြင့်ပင် သူ၏ နောက်မှာကျန်နေရစ်ခဲ့ဖို့ တိတ်တဆိတ် ကြိုးစားပြင်ဆင်ခဲ့ပါသည်။  နှုတ်ဆက်စကားပြောဖို့ကြိုးစားမိခဲ့ပါသည်..။ နှင်း၏တွေဝေမိသောစိတ်တို့သည် သူ့ကိုနှုတ်ဆက်စကားပြောဖို့ဝန်လေးမိပြန်သည်။ နှင်းနှလုံးသားကိုသစ္စာဖောက်ပစ်ရင်း သူ့နှလုံးသားအတွက်ဟုတင်းမိသောစိတ်တို့တွင် ပျော်ဝင်အောင်ကြိုးစားခဲ့ရသည်။ ဒီလိုနဲ့ပဲနှင်းဟာ ကိုယ့်တစ်ယောက်တည်းတွေဝေရင်း သူနှုတ်မဆက်ပဲ တစ်စတစ်စဖြင့်နှင်းအနားကထွက်ခွာသွားတာတောင်သတိမထားမိတော့လောက်အောင်ပါပဲ..။ သူထားသွားတာသိလိုက်တော့လည်းနှင်းဟာ အိပ်မက်ဆိုးတစ်ခုမက်သလိုခြောက်ချားတတ်ခဲ့ပြန်သည်။ နှင်းဟာသူ့ကိုကြိုးစားမေ့ပစ်ရင်းသူ့ကိုသတိတွေရနေပြန်သည်။ သူပေးခဲ့ဖူးသောလက်ဆောင်ပစ္စည်းလေးများကိုသိပ်ခုန်မင်ခဲ့လွန်းသောနှင်းသည် သတိရတိုင်း သူပေးခဲ့ဖူးသော ဖန်ဘောလုံးလေးကို တယုတယကိုင်တွယ်မိနေဆဲ.. ခုချိန်ဆိုသူဟာ ပျော်နေမှာထက်နှင်းအတွက်နောင်တရနေလိမ့်မယ်လို့နာကျင်စွာတွေးမိခဲ့သည်။ နှင်းဟာ အရူးပဲ ။ သိပ်ကိုချစ်တတ်ခဲ့ခြင်းဟာရူးတာပဲ။ သူ့ကိုသိပ်ကိုနားလည်လွန်းနေခဲ့တာ ရူးတာပဲ..။ သူ့ကြောင့်နှင်းဟာ နာကျင်စွာနဲ့ပျော့ညံ့စွာကျန်နေခဲ့မယ်လို့သူတွေးမိနေခဲ့မယ်မှန်းနှင်းသိခဲ့သားပဲ။ သူ့တွေဝေမှုတွေမှာ နှင်းကို ထပ်မတွယ်ငြိစေချင်ခဲ့ပါ..။ သူ့အပေါ်တင်းစေမယ့် နှောင်ကြိုးတွေကို နှင်းကြိုတင်လျော့ခဲ့ပါသည်။ နှင်းသည် ကိုယ့်အပေါ်ကိုယ်မိုက်မဲစွာဖြင့်သူ့ကို နာနာကျည်းကျည်းဟန်ပန်များဖြင့် မလိုအပ်တော့စွာ လမ်းခွဲစကားတွေပြောဖြစ်ခဲ့ပါသည်..။


ထိုနေ့က မိုးရွာသည်။ မိုးစက်တွေကို နှင်းရဲ့မျက်ရည်တွေလို့မြင်ခဲ့မိတာမှတ်မိနေသည်။ သူက အားနာမှုများစွာဖြင့်နှင်းကိုဆွံ့အစွာကြည့်နေသည်။ သူက ပေးသည့်အပြစ်ကိုခံတော့မည့်သူတစ်ယောက်လို ငြိမ်သက်လျက်သား သူ့မျက်ဝန်းတွေနာနာကျင်ကျင်ဖြင့် နှင်းကိုငေးစိုက်ကြည့်နေကြောင်း နှင်းမျက်ရည်ဝဲလျက်သားကြားက သိလိုက်တာမှတ်မိသည်။ နှင်းမျက်ရည်မကျအောင်ထိန်းနိုင်ခဲ့တာမှတ်မိသည်။ အိမ်ပြန်ရောက်တော့နှင်းရှိုက်ကြိးတငင်ငိုဖြစ်ခဲ့တာမှတ်မိသည်။ ' ယုံကြည်လေးစားမှုကိုအရင်းတည်ခဲ့တဲ့ချစ်ခြင်းမေတ္တာပါ ကိုကို.. အခုချိန်မှာ နှင်း ကိုကို့ကို မလေးစားနိုင်တော့ဘူး..ဒါဟာချစ်ခြင်းမေတ္တာပျောက်ဆုံးသွားခြင်းပဲ..။ နှင်းရှေ့ကနေထွက်သွားပေးပါကိုကို..' နှင်းရှေ့က လေးပင်သောခြေလှမ်းများဖြင့် သူထွက်မသွားခင်..နှင်းရယ်..ဟု ခပ်တိုးတိုး နာနာကျင်ကျင်ရေရွတ်သွားသံကို ကြားဖြစ်အောင်ကြားလိုက်မိသေးသည်။ နှင်းသည် သူထွက်ခွာသွားသည်ကို အစအဆုံးငေးကြည့်ရင်း သူချန်ရစ်ခဲ့သည့်အတိုင်း နေနိုင်ခဲ့ပါသည်။ တစ်စချင်းပဲ့ကြွေကျနေခဲ့သော နှင်း၏နှလုံးသားသည် သူ့ကိုပျော်ရွှင်စေဖို့သက်သက်ဖြစ်ကြောင်းနှင်းကိုယ်နှင်းသေချာခဲ့ပါသည်။ နှင်းမာန အတွက်ကတော့ နှင်းဟာ သူ့ကြောင့်ဘာမှမခံစားခဲ့ရသလိုဟန်ဆောင်ပီပြင်ခဲ့ပါသည်။ နှင်းကြောင့်သူနောင်တမရစေချင်ခဲ့ပါ။ ပတ်ဝန်းကျင်တွင် နှင်းသည် သူ့ကြောင့်ဘာမှထိခိုက်မခံစားရမှန်းထင်ရလောက်အောင် နေပြနိုင်ခဲ့သည်။  နှင်းသူ့ကိုဒီလောက်ထိချစ်ခဲ့မှန်းနာနာကျင်ကျင်သိခဲ့ရပါသည်။

သူ့ကိုနှင်းမေ့ပစ်ဖို့နေ့တိုင်းကြိုးစားရင်းပင် နေ့တိုင်းနာကျင်စွာ သတိရတတ်ခဲ့သည်။ နှင်းသွားနေကျနေရာတိုင်းဟာ သူ့အရိပ်တွေနှင့်မကင်းဘူးဟု သတိထားမိတော့ အတိတ်၏အရိပ်တို့ဟာ နှင်းကိုခြောက်ချားအောင်လုပ်ကြပြန်သည်။ သူထားသွားခဲ့ခြင်းဟာ နှင်းအနားမှာ တစ်ယောက်မှမကျန်တော့သလိုပဲ..။ နှင်းဟာ အမြဲအထီးကျန်နေတော့မယ့်လူတစ်ယောက်လိုပဲ..။ ထိုအချိန်တိုင်းတွင် နှင်းသူ့ကို သိပ်ကိုတမ်းတခဲ့ပါသည်။ နှင်းဟာထူမတ်ဖို့ကြိုးစားခဲ့ရတာတော်တော်ခက်ခဲသည်။ သူ့ကိုမေ့ပစ်ဖို့အသည်းအသန်ကြိုးစားတဲ့ခဲ့ချိန်မှာမှ သူနှင့်သူ့ချစ်သူကို အမှတ်တမဲ့မြင်ဖြစ်အောင်မြင်မိသော နှင်း၏ကံကြမ္မာကို ထပ်ခါထပ်ခါကြိမ်ဆဲရင်း နှင်းဟာ ကာလကြာရှည်စွာဖြင့် နှင်း နှလုံးသားအပေါ်အထပ်ထပ်အခါခါ ကျဆုံးမိခဲ့ရင်း ကံကိုပဲ ကျိန်ဆဲမိခဲ့ပြန်သည်..။ နှင်း၏မကောင်းသောကံသည် သူ၏ကံကောင်းခြင်းဖြစ်ပါစေဟု မိုက်မိုက်မဲမဲဆုတောင်းဖြစ်ခဲ့တာ သူ သိရင်နှင်းအတွက်နာကျင်နေဦးမှာလား..။ သိပ်ကိုရူးတဲ့ကောင်မလေးပဲလို့ ဟက်ခနဲ လှောင်ရယ်ရယ်မှာလား နှင်းဟာ တစ်ကယ့်ကို မဝေခွဲတတ်ခဲ့နိုင်ပါ..။ နှင်းဟာအရူးတစ်ယောက်လိုပဲ..၊ တကယ့်ကိုအရူးတစ်ယောက်လိုပဲ..။ ဒီလိုနဲ့နှင်းသည် သူ့ပတ်ဝန်းကျင်တို့မှဝေးရာတွင်နေရင်း သူထားခဲ့သည့်အတိုင်း...တကယ့်ကို သူချန်ထားခဲ့သည့်အတိုင်းနေခဲ့ပါသည်..။


ကံကြမ္မာကိုနှင်းမယုံခဲ့သည်မှာကြာပြီ..။ ကောင်းမြတ်ခြင်းတွေလုပ်နေပေမယ့် ကံဆိုးမှုတွေက ရောက်ချင်ရောက်လာတာ..။ ကာလကြာမြင့်စွာ တစ်ယောက်တည်းဖြတ်သန်းခဲ့ပြီးချိန်မှာတော့ နှင်းနှလုံးသာအနည်ထိုင်သွားပြီဟု ထင်မိဆဲမှာ...သူ့အကြောင်းကြားရသည်..။ သူဟာ...သူ့ကောင်းမြတ်သောလုပ်ရပ်များကြောင့် သူ့ဆန္ဒမပါဘဲ သူအဝေးမှာတစ်ယောက်တည်းရောက်နေရတယ်တဲ့..။ ထိုသတင်းသည် နှင်းကိုနာကျင်စေပြန်သည်။ နှင်းသူ့အတွက်ဘာလုပ်ပေးနိုင်သလဲစဥ်းစားရင်း တစ်ယောက်တည်းဝမ်းနည်းနေမိတာ ဘယ်သူမှမသိခဲ့..။ သူ၏ချစ်သူသည် သူ့အားအစွမ်းကုန်အားပေးနေမှာဟုတွေးရင်း... နှင်းမှာအခွင့်မရှိတော့ဘူး..ဆုံးရှုံးပြီးသားဟုစဉ်းစားရင်းနှင်းသည် အသည်းအသန်မေ့ပစ်ခဲ့ရပြန်သည်။


နှင်းကလည်း ဘ၀အတွက်ကြိုးစားရုန်းကန်နေဆဲမှာ သူ့ကိုသတိရနေမိခဲ့သည်..။ နှင်းအခုရောက်နေသောနေရာဟာ အရင်သူခြေချခဲ့ဖူးသောနေရာများဖြစ်နေမလားလို့ အခါခါတွေးမိသည်..။ တိုက်ဆိုင်စွာ သူ..နှင်းကိုသတိရနေတယ်တဲ့..။ သူငယ်ချင်း၏ပြောစကားအပေါ် နှင်းမယုံနိုင်ပါ..နှင်းအပေါ်သူ၏ သတိရခြင်းသည် သူ၏နာင်တရခြင်းသက်သက်ဖြစ်ပါစေ။ နှင်းသည် သူ့အကြောင်းစဉ်းစားမိတိုင်း သူနှင့်အတူတွဲမြင်နေမိသောသူ့ချစ်သူကိုအားနာမိပြန်သည်။ နှင်းသူ့အပေါ်တင်းမိသောနှောင်ကြိုးသည် သူ၏နောင်တရခြင်းသက်သက်သာဖြစ်ပါစေ..။ ထိုနောင်တတရားတို့ကိုနှင်းဖြေလျော့ပေးချင်မိပြန်ပါသည်။ အထီးကျန်နေမည်ဖြစ်သောသူ့အား  နှင်းကြောင့်ထပ်မံ မကြေကွဲစေချင်ပါ..။  နှင်းဒီလောက်ထိ စဉ်းစားမိပြန်သည်။ နှင်းဟာ သူ့ဆီကိုစာရေးမိပြန်သည်..။  သူ၏ချစ်သူအကြောင်းကို မစဉ်းစားနိုင်ပဲ.. ဘာလို့ပြတ်စဲဖြစ်သွားတာလဲဟု မမေးဖြစ်တော့နိုင်အောင်ကိုပဲ နှင်းဟာ ၀ဋ္ဋ်ကြီးသူတစ်ယောက်ဖြစ်ပါသည်။ သို့သော်နှင်းသည်..သူတို့ပြတ်စဲတာစောင့်ဆိုင်းနေသောယုတ်ညံ့သောမိန်းမ မဟုတ်ကြောင်းကိုတော့ နှင်းအသိဆုံးဖြစ်ပါသည်။ နှင်းမာနက ဒီမှာစတင်သည်။ နှင်းသည် သူစတင်လက်တွဲတော့လည်းသူ့လက်မှာယုံကြည်စွာတွဲခိုခဲ့ပါသည်။ သူချန်ခဲ့တော့လည်း နာကျင်စွာနေတတ်ခဲ့ပါသည်။ သူ့နာကျင်စေမည်စိုး၍ သူ့တို့ရှေ့တွင် အရိပ်သော်မျှမထင်အောင် နေတတ်ခဲ့ပါသည်။ သို့သော်... နှင်းသည် ပြန်တွဲလာသောသူ့လက်ကိုမှီတွယ်ဖို့တော့သိပ်ကိုခက်ခဲလွန်းပါသည်။


အဓိက က ယုံကြည်ချက်နဲ့ နှလုံးသားကိုသစ္စာမဖောက်ဖို့ပါပဲ..နှင်းရယ်  ဟူသောသူ့စာသားသည် နှင်း၏မျက်လုံးထဲမှာမထွက်။ သူ့စာကိုဖတ်ရင်း နှင်းသည် သိပ်ကိုကြေကွဲနေမိပြန်ပြီ..။ ခံနိုင်ရည်ရှိခဲ့ပြီဟု ကိုယ့်ကိုယ်ကို ထင်ခဲ့သည်မှာ မှားသွားပြီ..။ သူ့အတွက် နှင်းနှလုံးသားဟာ တစ်စစ်နာကျင်နေဆဲ..။ သူ့ကို မျှော်လင့်ခြင်းတွေ ထပ်ပေးချင်မိသည်..။ ဒီအခြေအနေသည် နှင်းမမျှော်လင့်ခဲ့သောအခြေအနေတစ်ခုဖြစ်သည်..။ မဖြစ်စေချင်ခဲ့သောအနေအထားတစ်ခုဖြစ်သည်..။ သူ့ကို ဒီလိုအဝေးမှာ မပို့ထားစေချင်ပါ..။ နှင်းဘာမှလုပ်မပေးနိုင်ဘူးဟု တွေးမိသောစိတ်တို့တွင် သူ့ကိုအမြဲအားပေးနေနိုင်သားပဲဟု တင်းကြည့်မိရင်းပင် စိတ်ကိုဖြေသိမ့်ပစ်ရသည်။ ထိုအချိန်တွင် သူ့အတွက်တစ်ခုတည်းကြောင့်ပင် နှင်း၏မာနတရားတို့ဟာ ဘာမှမဟုတ်ခဲ့တော့သလို..။ နှင်းဟာ ဒီလောက်ထိကိုမိုက်မဲမိနေဆဲ..။


ဒီနေ့သည် စနေနေ့ဖြစ်သည်။ အခန်းထဲတွင် သတိရခြင်းများသည် အထီးကျန်ခြင်းတို့ဖြင့်ဖွဲ့သီလျက် အုံ့မှိုင်းငြိမ်သက်လွန်းလှသည်။ သတိရခြင်းမိုးရေစက်များသည် ပြတင်းတံခါးတွင်တွဲလွဲခိုလျက်ရှိပြီး နှင်းသည် ပြတင်းအပြင်ကိုငေးကြည့်လျက်ရှိနေမိသည်။ နှင်း၏စာသည် သူ့အလိုဆန္ဒမပါဘဲအဝေးသို့တွန်းပို့ခံထားရသောသူ့ကို အားအင်သစ်တွေဖြစ်စေသည်တဲ့။ နှင်းသည် သစ္စာတရားဆိုသောစကားလုံး၏ညို့ယူခြင်းကိုခံနေရသည်။ ခင်မင်ရင်းနှီးမှု..ယုံကြည်မှု..ချစ်ခြင်းမေတ္တာ.. အရာရာတိုင်းအတွက်  သစ္စာတရားသည် အရေးကြီးလွန်းလှသည်ဟုနှင်းခံယူသည်... သစ္စာတရားကျိုးပျက်လျှင် ချစ်ခြင်းမေတ္တာလည်းကျိုးပျက်စေသည်မဟုတ်လား ။  နှင်းသည် ' သစ္စာတရားကျိုးပျက်ရင် ချစ်ခြင်းမေတ္တာရော နှလုံးသားပါ ပျက်စီးရတာပဲ..ကိုကိုရဲ"့ .. လို့တော့ သူ့ကို အခွင့်ရလျှင်ပြောလိုက်ချင်ပါသေးသည်..။    ။


စိမ်းမြလင်းသစ်

26.06.2011
AM 3.22

အိမ်ပြန်ချင်တယ်မေမေ

ဟလို..မေမေ
ရန်ကုန်မှာ မိုးတွေရွာတုန်းပဲလား..
ဒီမှာတော့နှလုံးသားတွေဟာ မနွေးထွေးဘူး..
အရာရာဟာ အေးခဲနေတော့တာပါပဲမေမေရယ်..
ဘယ်လိုဖြစ်တယ်ရယ်မသိဘူး
အခုတလော ဘာလုပ်လုပ်ကိုစိတ်မပါတာ
အရာရာကိုအားတင်းဖို့
အရင်တုန်းကလိုစိတ်ကလေး ပြန်ရချင်တာပေါ့မေမေရယ်
လွမ်းတယ်ရယ်လို့တောင်မတွေးရဲတော့ပါဘူး
သမီးစားတဲ့ညစာတွေအေးစက်နေတာကလွဲရင်
အရာရာဟာ ပူလောင်ပါတယ်မေမေ
မေမေမျက်ရည်မကျပါနဲ့
ဒါဟာ ခဏပါ
ဟိုဆရာတစ်ယောက်ပြောသလိုဆို
ခံရလှတစ်ဘ၀ပေါ့မေမေ..။
ဘ၀ဆိုတာလည်း ခဏတာလို့ဆိုရဲ့မဟုတ်လား..
သမီးနေထိုင်ရာအရပ်မှာ
မိသားစုမေတ္တာခမ်းခြောက်တယ်
နေ့စဉ်အသွားအပြန်လမ်းတွေမှာ ခြေလှမ်းတွေလေးပင်ရင်း
ညအိပ်ချိန်လေယာဉ်သံတွေကြားရင်
ရင်တွေပူလာတာပါပဲမေမေရယ်
ရေနဲ့တောင်မျှောချလို့မရဘူး..
သူများတွေနဲ့နှိုင်းစာရင်
သမီးအဖြစ်က ဘာမှတော့မဟုတ်ဘူး
ဘာပဲပြောပြော
အိမ်ပြန်ချင်တယ်မေမေ..။



စိမ်းမြလင်းသစ်

29/6/2011

မျှော်လင့်ခြင်းဆိုတာ အဆိပ်ခတ်ထားတဲ့မနက်စာ

                                   
ဘာမှမတတ်နိုင်တော့ဘူးလို့ ဆုံးဖြတ်မိတဲ့ခဏတိုင်း
မျှော်လင့်ရခြင်းမှာ ပင်ပန်းတယ်...
ဒီနေ့၊ မနက်ဖြန်၊ ပြီးခဲ့ပြီဖြစ်သော မနေ့ကအချိန်များ
ကာလဟာ အလျားလိုက်ရွေ့လျားခြင်းမှာ မျောပါ..
တစ်နေ့နေ့ဆိုတဲ့အတွေးမှာတင် အေးခဲ..
တစ်စက်စက်ကျနေသောမိုးရေ..
တိမ်တိုက်တချို့ဟာ ဒီလိုပဲမျောလွင့်..
အသားကျနေပြီဖြစ်သောအတွေးများ..
ပုံမှန်တိုက်ခတ်နေဆဲလေညင်း..
ဦးတည်လိုက်တိုင်း လွင့်ထွက်သွားတဲ့စိတ်..
အတိတ်
ပစ္စုပ္ပန်.
အနာဂတ်....
တောင်ခြစ်မြောက်ခြစ်စိတ်ကူးများ
 ယဉ်ကျေးမှုမဲ့ကမ္ဘာ..
ဘယ်သူဘာပြောဦးမလဲ..
ဘယ်ဘက်အကျီင်္အိပ်ကပ်ထဲကအလွမ်း
ဝင်သက်ထွက်သက်တိုင်းမီးလင်းတယ်..
ခုတလောထင်သာမြင်သာတဲ့စိတ်
မိနေခဲ့ပြီးဖြစ်သောကျော့ကွင်းမှဆီ
ပျံသန်းသွားခဲ့ပြီဖြစ်သောငှက်ငယ်တွေကို အမှတ်တမဲ့မော့အကြည့်..။


စိမ်းမြလင်းသစ်
26/07/2011

အိမ်ရှေ့သစ်ပင်သစ်ရွက်တွေမှာမိုးစက်တွေခိုနေတုန်းပဲ

အိပ်မက်ဟာချိုမြိန်နေဆဲပဲ ကိုယ့်အတွက်
ပစ္စုပ္ပန်မှာ တည့်တည့်ကြီးနေပစ်လိုက်ဖို့သိပ်ကိုခက်တယ်
သစ်ရွက်ပေါ်တွဲခိုနေတဲ့ မိုးရေစက်လေးလျောကျသွားတယ်
ရုတ်တရက် ငှက်ကလေးထပျံတယ်
ခဏလေးနဲ့နေ၀င်ပြီး ခဏလေးနဲ့ပဲ ကြယ်တွေကြွေတယ်.။
ဒီလိုပဲနဲ့ပဲအနည်ထိုင်ပစ်ရမှာပဲ
တစ်ယောက်တည်းဆိုတဲ့နေရာကိုရောက်သွားတိုင်း အတွေးတွေကိုရပ်လိုက်ရတယ်.။
ပျော်ရွှင်ခြင်းဆိုတာကိုဘယ်လိုစာလုံးပေါင်းရပါ့မလဲ..။
တိတ်တိတ်လေးမြတ်နိုးနေရခြင်းမှာပဲ ငြိမ်းချမ်းစွာသေဆုံးခဲ့ပါပြီ
ရှိုက်ရှိုက်နေခဲ့ရခြင်းခဏများမှာ..တအိအိပြိုဆင်းလို့
တိတ်ဆိတ်ခြင်းတွေဆူညံနေရလို့
ရေခဲတောင်တွေလည်း အေးခဲနေရခြင်းနဲ့ပူလောင်နေရမှာပါပဲ.။
ခုတော့..
ပေါ့ပေါ့ပါးပါးဆိုတဲ့ခေါင်းစဉ်အောက်မှာ
မကျေနပ်တာတွေကိုရယ်မောပစ်လိုက်ရုံ
ကိုယ်ပေါ်ကမိုးရေစက်လေးကိုသပ်ချလိုက်သလို
မလိုချင်တာတွေကို မင်နီတားပစ်လိုက်ဖို့
ကမ်းခြေမှာရပ်နေခဲ့စဉ်ခဏကလို
လေတိုက်တိုင်း ကိုယ့်ဆံပင်တွေလွင့်ဝဲနေဖို့
ကိုယ့်မျက်တောင်မှာ တွဲခိုနေတဲ့ မျက်ရည်စက်လေးကို ဖျတ်ခနဲပုတ်ထုတ်ပစ်ဖို့
မျှော်လင့်နေရခြင်းဟာ မျှော်လင့်ရခြင်းသက်သက်မဖြစ်စေဖို့တွေ မျှော်လင့်ရင်း
စိတ်ဟာ
အလှမွေးကန်ထဲကငါးလို
အခန်းကျဉ်းထဲမှာပဲ တ၀ဲလည်လည်နဲ့...
အဆင်ပြေတယ်ဆိုတဲ့စကားလုံးသက်သက်ထဲမှာပဲ စိတ်ကိုထိုးခြေပစ်နေမိတယ်
အဆင်ပြေတယ်..
အဆင်ပြေပါတယ်...။
ကံကောင်းခြင်းဆိုတာကလည်း အခွံခွာရခက်တဲ့သစ်သီးတစ်လုံးလိုပဲ
တပ်မက်ခြင်းသက်သက်နဲ့သာငေးမောရင်း
ဘ၀ဟာ..အရွယ်မတိုင်ခင် ရင့်မှည့်ပေးလိုက်ရပါတယ်..။



စိမ်းမြလင်းသစ်
01/08/2011

ကိုးများ

ညက အိပ်မက်မက်သည်။ အိပ်မက်မက်သည် ဆိုသော်လည်း သူသည် အိပ်မက်နေသည်ကို အိပ်မက်မက်နေသည်ဖြစ်ကြောင်းသိေ
နပြန်သည်။ ထိုအိပ်မက်သည် သူ့ဆီကိုလာနေကျဖြစ်သည်။ အလျားလိုက်..ဇာတ်လမ်း အစ ၊ အလယ်၊ အဆုံး... ထိုပုံစံအတိုင်းပင် ။ သူသည် အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် ထိုအိပ်မက် သူ့ဆီလာမည်ကို သိပ်ကြောက်သည်။ အိပ်မက်ပြီးဆုံးသွားလျှင် သူ့မှာ ပေါ့ပါးသွားစမြဲ။ အမှန်တကယ်ဆို..သူ..ထိုအိပ်မက်
စမက်သည်မှာ သိပ်မကြာသေး။ သို့သော်လည်း ထိုအိပ်မက်သည် ပထမဆုံး စမက်ခဲ့ပြီးသည့်အချိန်မှစ၍ သူ့ဆီသို့ မကြာခဏရောက်ရောက်လာတတ်သည်။ အထူးသဖြင့် အခုလိုမိုးရွာသောညမျိုးတွေမှာ...။

                                                                            XXXXXX

အိပ်မက်၏ အစ..။
ပထမတွင် မိုးသံတဖြောက်ဖြောက်ကိုစကြားရသည်။ အခန်းသည် စိမ့်လျက်အေးလာနေခဲ့သည်။ သူသည် ဘာကိုမှန်းမသိသောစိုးရွံ့ခြင်းတို့ဖြင့်လွှမ်းခြုံခြင်းခံထားနေရသည်။ သူသည် ကျောရိုးထဲမှ စိမ့်ခနဲနေအောင်အေးလျှက်ရှိပြီး ထိုအခြေအနေထံမှ အလျင်မြန်ဆုံး ရုန်းထွက်နိုင်အောင် အပြင်းအထန်ကြိုးစားလျက်ရှိနေသည်။ သို့သော် သူသည် အေးစက်ထုံထိုင်းမှုများက သူ့အားမလှုပ်မယှက်နိုင်အောင် တုပ်နှောင်ထားလျက်ရှိနေခဲ့ပြီဖြစ်ကြောင်း သိခဲ့ရလေသည်။ သူ့မျက်လုံးသည်ဖွင့်၍မရ။ ခြေထောက်တို့မှာ လှုပ်ရှား၍မရ။ တစ်စုံတစ်ယောက်အား အမြန်ဆုံး အကူညီတောင်းချင်လာသည်။ ကျေးဇူးပြု၍ သူ့ကိုနှိုးကြပါ။ သူ နိုးပါရစေတော့။ သူသည် အိပ်စက်ခြင်းမဟုတ်တော့သော သူ၏ အိပ်စက်ခြင်းထံမှ အလျင်မြန်ဆုံးနိုးထချင်နေပြီ။ သို့သော်လည်း သူ့မှာ လှုပ်ရှားမရ..။ ထိုစဉ်တွင်ပဲ မိုးသည် တဝေါဝေါဖြင့် စတင်ရွာချလိုက်သည်။ ဒီလောက်သည်းထန်နေသော မိုးသံတွေအောက်မှာ သူကြိုးစား၍အော်မည်ဆိုလျှင်လည်း သူ့အော်သံကို မည်သူမျှကြားနိုင်တော့မည်မထင်တော့..။  စောင့်ကြည့်မည်..သူစောင့်ကြည့်မှဖြစ်မည်။ သူသည် ရုတ်တရတ် စိတ်ကူးကိုပြောင်းလိုက်သည်။ ဤအခြေအနေသည် ဘာကြောင့်ပေါ်လာရသလဲ။ ဘာအတွက်လဲ.။ ဘာတွေဖြစ်လာမှာလဲ..။ ကြောက်ရွံ့တုန်လှုပ်မှုများဝန်းရံ
နေသော စူးစမ်းချင်စိတ်တို့ဖြင့် သူသည်  ထိုအေးစက်သောအိပ်မက်ဆီသို့ တရွေ့ရွေ့လှမ်းလိုက်မိပါသည်။
                                        xxxxxxxxxxxxx
 အိပ်မက်..။
သူသည်အိပ်မက်ထဲသို့တစ်လှမ်းချင်း ချဉ်းနင်းဝင်ရောက်လျက်ရှိသည်။ တစ်လှမ်းချင်း..တစ်လှမ်းချင်း..။ အိပ်မက်ထဲတွင် သူမျက်လုံးကိုအသာအယာပဲဖွင့်လိုက်တော့ ခပ်မှောင်မှောင် အခန်းကျဉ်းကျဉ်း တစ်ခုထဲတွင် သူ့ကိုယ်သူပြန်တွေ့လိုက်ရသည်။ ထိုအခန်းကျဉ်းထဲတွင်သူသည် ကြိုးများဖြင့်အလုပ်ရှုပ်နေသောသူ့ကိုပြန်တွေ့လိုက်ရသည်။ သူသည် ကြိုးတွေဖြင့်ရှုပ်ရှက်ခတ်လျက်ရှိနေသော အခန်းရဲ့အလယ်တွင်ရောက်လျက်ရှိနေသည်။ သူသည် သူ့ကိုယ်သူပြန်တွေ့နေရခြင်းဆိုသောချောက်ခြားဖွယ်အတွေးအား အိပ်မက်မက်နေခြင်းဖြစ်သည်ဟူသော အသိဆီတွန်းပို့နေရသည်။ ဒါဟာသူပဲ..။ သူ့ပုံရိပ်စစ်စစ်ပဲ..။ အခန်းထဲမှ ကြိုးများကြားမှာ အံ့သြနေသည့်ဟန်အတိုင်းသားပေါ်လွင်နေသော သူသည် မနက်တိုင်းကြည့်ဖြစ်သော ကြည့်မှန်မှာ ပေါ်နေခဲ့သော သူ့ပုံရိပ်စစ်စစ်ဖြစ်မှန်း သူသေချာသည်.။ ဘာဖြစ်နေတာပါလိမ့်..။  အခန်း..။ ဟုတ်သည်။ သူစတင်သတိထားမိသော ထိုအခန်းသည် ကြိုးမျိုးစုံတို့ဖြင့်ရှု့ပ်ပွလျက်ရှိနေသည်။ အခန်းထဲတွင် ဘာပရိဘောဂမှမရှိ။ ဘာအသုံးအဆောင်ပစ္စည်းမျှမရှိ။ ဘယ်သူတစ်ဦးတစ်ယောက်မှမရှိ။ တိတ်ဆိတ်အေးစက်နေခြင်းတို့ခြုံလွှမ်းလျက် သူနှင့် ကြိုးများသာရှိသည်။ ကြိုးတွေ..။ သူသည် ခပ်တိုးတိုး ရေရွတ်မိသည်။ ဟုတ်ပါရဲ့..။ သိပ်ကိုများပြားလှတဲ့ကြိုးတွေ..။  ကြိုးတွေက ဆိုဒ်စုံ။ ရောင်စုံ ။ တချို့က အခန်းထောင့်မှာ ခွေလျက်သား၊ တချို့က သုံးလက်စဖြစ်မည်ထင်သည်၊ ပုံလျက်သား။ ကြိုးတွေက အရွယ်စုံ၊ အရောင်စုံ၊ ဆိုဒ်စုံ။ တချို့က အရောင်လွင်လွင်၊ တချို့က ခပ်မည်းမည်း ခပ်မွဲမွဲ..။ တချို့က တန်းတွေမှာ။ တချို့ကြိုးတွေက သိပ်ကိုတောက်ပပြီးလှပသည်။ တချို့ကကြောက်စရာပုံစံဖြင့်အခန်းထဲမှာ ပွစာကျဲလျက်.။ သူသည် လေအတိုက်တွင် အခန်းထဲ တွင် တလက်လက်ဖြင့် လွင့်ဝဲသွားလျက်ရှိသော လှပသော ကြိုးများနောက်သို့ပျော်ရွှင်စွာ လိုက်ဖမ်းလျက်ရှိပြီး အိပ်ကပ်ထဲသို့ထည့်လျက်ရှိသည်။ အခန်းထဲတွင်ပျံ့ကျဲနေသော ခပ်မည်းမည်းကြိုးကြီးများကိုကျော်ခွပြီး ၀ဲပျံနေသော အရောင်တလက်လက်ကြိုးတွေနောက်ကို လိုက်ဖမ်းလျက်ရှိနေစဉ်ပင် ထိုထိတ်လန့်ဖွယ်ဖြစ်စဉ် တစ်ချို့ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကြိုးတွေစတင်လှုပ်ရှားလာပြီ။ သူလိုက်ဖမ်းလျက်ရှိသော ချစ်စရာ ကြိုးငယ်များသာမက.. အခန်းထဲတွင် ခုနက ငြိမ်သက်လျက်ရှိခဲ့သော ကြိုးများပါ စတင်လှုပ်ရှားလာနေခဲ့သည်။  ကြိုးတွေ သူ့ဆီကို တရွေ့ရွေ့လာနေခဲ့တာပဲ။ သူလိုက်ဖမ်းနေခဲ့သော ကြိုးများသာမကဘဲ သူလန့်နေခဲ့သော ပုံဆိုးဆိုး ကြိုးကြီးများပါ သူ့ဆီကို မြွေများလို တွားသွားပြီးလာလျက်ရှိကြလေသည်.။  သူသည် များပြားလှသော ကြိုးတွေသူ့ကိုစတင်ရစ်ပတ်နေခြင်းကို ကြောက်လန့်တကြားဖြင့် အလူးအလဲကာကွယ်နေရသည်။ သူ့ခြေထောက်တွေကနေတဆင့် တစ်စတစ်စ စတင်ရစ်ပတ်လာ နေခဲ့ပြီဖြစ်သော ကြိုးများကိုကြိုးစားပြီး ရုန်းဖယ်ပစ်နေရသည်။  ပို၍ဆိုးရွားသည်က တန်းတွေပေါ်ကကြိုးတွေကပါ သူ့ကိုယ်ပေါ်ကို ခုန်ချပြီး ရစ်ပတ် လာကြခြင်းဖြစ်သည်။ ဒါဟာ တစ်စုံတစ်ရာရဲ့တွန်းအားတစ်ခုခုပဲဖြစ်ရမည်.။ သူရုန်းလေ..ကြိုးတွေကပိုတုပ်နှောင်လေပဲ..။ သူကြောက်လန့်ခြင်းကြီးစွာဖြင့် ချွေးတွေစိုလာသည်။ ၀ုန်းဒိုင်းကျဲနေသော မိုးသံတွေအောက်တွင် သူ့အသက်ရှူသံသည် အတော်ကြီး ကျယ်လောင်လျက်ရှိနေပြီ..။  လူတစ်ကိုယ်လုံးတုပ်နှောင်မိသွားပြီ..။ ကြိုးတွေကအထပ်ထပ်..။ ထိုစဉ်မှာပဲ အခန်းထောင့်မှာ အိပ်မက်ကိုရပ်စောင့်ကြည့်နေမိသောသူသည် တစ်စုံတရာသောတွန်းအားကြောင့် အခန်းထဲမှ သူနှင့်တသားတည်းဖြစ်သွားသည်။ သူကြောက်လန့်တကြားရုန်းဖယ်လေ. သူ့အား.ကြိုးတွေကတုပ်နှောင်လေလေ..။ မရ..ဘယ်လိုမှမရ..။ သူရုန်းကန်ဖို့အားမရှိတော့စဉ်မှာပဲ ကြိုးများသည် သူ့အား အထပ်ထပ်ရစ်ပတ်ပြီးဖြစ်သွားခြဲ့
ပီဖြစ်သည်..။
                xxxxxxxxxxxxx

ကြိုးများသည် အထပ်ထပ်ရစ်ပတ်တတ်ကြသည်..။

ဟုတ်သည် ကြိုးများသည် အထပ်ထပ်ကိုရစ်ပတ်တတ်ကြသည်။ အချို့ကြိုးများသည် တုန်လှုပ်ဖွယ်ကောင်းစွာပင် ရစ်ပတ်တုပ်နှောင်ယုံတင်အားမရဘဲ သူ့ခန္ဓာကိုယ်ထဲအထိ..ရင်ဘတ်ထဲအထိပါ တွန်းထိုးဝင်ရောက်လျက်ရှိနေကြပြီ။ သူကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ သွားပြီ..။ အော်သံတွေထွက်ကျမလာ..။ ကြိုးများသည် အသံတွေကိုပါ တုပ်နှောင်စွမ်းရှိပါသလား။ သူ့အသံသည်ပင်လျှင် ပျောက်ဆုံးလျက်ရှိနှင့်နေပြီ။ ကြိုးတွေ..။ တချို့က သူ့ခန္ဓာကိုယ်ကိုတုပ်နှောင်လျက်၊ တချို့ကြိုးတွေက မမြင်ရဘဲ သူ့ခန္ဓာကိုယ်ထဲကိုပင် ခြောက်ချားဖွယ်ကောင်းစွာ  ၀င်ရောက်တုပ်နှောင်လျက်။  ခုနက သူလိုချင်တပ်မက်စွာ လိုက်ဖမ်းခဲ့သော အရောင်တလွင်လွင်ကြိုးငယ်လေးတွေကလည်း သူ့ရင်ကိုဖောက်ပြီးတိုးဝင်လျက်ရှိနေခဲ့ပြီ။  ဟိုး...ရင်ထဲအထိ၊ သူ့ နှလုံးသားကိုပါတုပ်နှောင်လိုက်လေပြီလား..။ သူရင်ဘတ်တွေအောင့်လာသည်..။ ၀မ်းနည်းနာကျင်ခြင်းသည် သူ့အားဖိစီးလျက်ရှိနေပြီ။ မွန်းကျပ်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း..တို့ကပါ သူ့ရင်ကိုဖိစီးလျက်ရှိသည်။ ရွာနေသောမိုးရေစက်သံ၊ မိုးခြိမ်းသံတို့သည် သူ့အား ပိုမိုခြောက်ချားစေလျက်ရှိနေပေပြီ။ တစ်ချက်တစ်ချက်ထပြီးထစ်ချုန်းလိုက်သောမိုးခြိမ်းသံတို့သည် သူ့အားတုပ်နှောင်လျက်ရှိနေသောကြိုးတွေအတွက် အားပေးသံတွေလားဟုပင်တွေးမိပြန်သည်။ သူရုန်းထွက်ပါရစေတော့..။ ကြိုးတွေဖြင့်မွန်းကျပ်လှပြီ..။ သူ့အားနိုးထခွင့်ပေးပါတော့..။ သူမောပန်းလှပြီ.။ သူအလွန်အမင်းတုန်လှုပ်လျက်ရှိနေစဉ်မှာပင် သူ့အားစွမ်းအားပြင်းထန်သောတစ်စုံတရာက အခန်းပြင်ရောက်အောင်တွန်းပို့လျက်ရှိနေပြီ။ ကြိုးတွေတုပ်နှောင်ခံထားရသော သူက လေးလံစွာ၊ ကြောက်လန့်စွာ၊ တုန်လှုပ်စွာဖြင့် တစ်နေရာကို တစ်စုံတစ်ရာရဲ့ခေါ်ဆောင်မှုအောက်မှာ လွန်ဆန်နိုင်စွမ်းကင်းမဲ့စွာ လိုက်ပါနေရသည်။ ဘယ်ဆီကိုလဲမသိ။ သူသိသည်က အမှောင်..။ ဘယ်လိုမှတွန်းထိုးရုန်းကန်လို့မရတော့..။ ခေါ်ဆောင်ရာလိုက်ပါရင်း နောက်ဆုံးရပ်တန့်လိုက်သည့်နေရာက ချောက်ကမ်းပါးအစွန်းတစ်နေရာဖြစ်မှန်းသူသိလိုက်သည်။ ဘာလုပ်ဖို့ပါလိမ့်။ သူပို၍ကြောက်ရွံ့မိနေသည်။ နှလုံးခုန်သံသည် ကျယ်လောင်စွာမြည်ဟီးလို့.။ သူ ချောက်ထဲကို တွန်းချခံရတော့မှာလား..။ သူ့အားနိုးထခွင့်ပေးပါ..။ သူကြိုးစားရုန်းထွက်မှဖြစ်မည်။ သူသည် တုပ်နှောင်ခြင်းခံထားရသော ကြိုးများဆီမှ ရုန်းကြည့်သည်။ ပထမတွင်..ရုန်းမရ။ သူရုန်းသည်။ ရုန်းနေရင်း ခြေမချော်မိအောင်ကြိုးစားနေရသည်။ ဟော...ကြိုးတွေအနည်းငယ်လှုပ်လာပြီ။ သူသည် မိုးရေတွေကြားထဲမှာ ချွေးတွေပျံလာသည်။ သူ့တစ်ကိုယ်လုံးချွေးတွေ၊ မိုးရေတွေဖြင့် ရွှဲစိုနေပြီ (ထင်ရသည်)။ အတန်ကြာသည်အထိ သူရုန်းထွက်ပြီးချိန်မှာတော့.. ကြိုးတွေပြေလျော့စပြုနေပြီဆိုတာသိလာသည်..။ တော်ပါသေးရဲ့..။ သူလွတ်မြောက်နိုင်သေးသည်။ သူသည် အဆုံးစွန်ဆုံးအားထုတ်ကာ ကြိုးတွေကိုဖြည်ကြည့်လိုက်သည်။  ဟော...ရပြီ။ ခုနကသူ့ကို ချည်တုပ်ထားခဲ့သော ကြိုးတွေပြေလျော့ကုန်ပြီ..။ သူ့တစ်ကိုယ်လုံးပေါ့ပါးသွားသလိုပါပဲ။ သူသည် လွတ်လပ်ခြင်းဆိုတာဒါပဲဟုသိလိုက်ပြီ။ လှိုက်ခနဲ ဖြစ်ပေါ်လာသောပျော်ရွှင်မှု အားတက်မှုတို့နှင့်အတူ.. ပြေလျော့ကျလာသောကြိုးတွေအား ချောက်ထဲသို့ လုံးထွေးပြီး နာကျည်းစွာကန်ထုတ်ပစ်လိုက်လေသည်..။ သွားစမ်း..ဒီကြိုးတွေ..။

            xxxxxxxxxxxxx


မမြင်ရသောကြိုးတွေက ပိုမိုတုပ်နှောင်တတ်သည်..။

 ကြိုးတွေမှလွတ်မြောက်ခြင်းသည် သူ့အား ပျော်ရွှင်ခြင်းဆီသို့တွန်းပို့နိုင်ပြီ ဟုထင်လိုက်သည်..။ သူသည် ကြိုးများကို ချောက်ကမ်းပါးထဲသို့ ကန်ထုတ်လိုက်ပြီးသည့်နောက် လွတ်လပ်ခြင်း ကိုခံစားလိုက်ရခြင်းသည် ခဏတာမျှသာဖြစ်ကြောင်း ၀မ်းနည်းကြေကွဲဖွယ်တွေ့လိုက်ရသည် ..။ သူဖြည်လျော့လို့ ရခဲ့သောကြိုးတွေက သူ့ခန္ဓာကိုပြင်ပကိုတုပ်နှောင်ခြင်းခံခဲ့ရသောကြိုးတွေကိုသာဖြစ်မှန်း ရင်ထဲမှ တစစ်စစ်အောင့်တက်လာသောခံစားမှုက သတိပေးသည်။ ဒါဆိုရင်..ခုနက သူ့ရင်ထဲထိအထပ်ထပ်ဝင်ရောက်တိုးဝင်တုပ်နှောင်ခဲ့ပြီးဖြစ်သောအရောင်တလက်လက် ကြိုးငယ်လေးတွေကိုရော..။ သူဘယ်လိုလုပ်ရပါ့မလဲ..။ သူ အပြင်းအထန် တုန်လှုပ်မိပြန်သည်။  သူသတိရမိလိုက်စဉ်ချက်ချင်းမှာကိုပဲ သူ့ရင်ထဲမှ ထို ကြိုးတွေကို သူဆွဲထုတ်ဖို့ကြိုးစားသည်။  မရ..။ ဘယ်လိုမှမရ..။ ကြိုးစားလေ နာကျင်လေ..။  နည်းမျိုးစုံကြိုးစားပြီးသည့်နောက်..သူ ဘာလုပ်ရမလဲ..မသိတတ်တော့..။ သူသည် ချောက်ကမ်းပါးစွန်းတွင်ရပ်နေဆဲ..။ ခုနက လုံးထွေးကန်ထုတ်ပစ်လိုက်သောကြိုးတွေကတော့ ချောက်ထဲမှာ ပြန်ကြည့်လို့ပင်မတွေ့ရတော့..။ သို့သော်.. သူ့ခန္ဓာကိုယ်ထဲကို အထပ်ထပ်ဝင်ရောက်တုပ်နှောင်နေခဲ့ရပြီ ဖြစ်သော မမြင်ရတော့သောကြိုးတွေ.ကို ဘယ်လိုလုပ်ရပါ့မလဲ.။ သူ့ရင်ဘတ်တွေ နာကျင်လျက်ရှိကြောင်း ၀မ်းနည်းနာကျင်ဖွယ် တုန်လှုပ်ဖွယ်ကောင်းစွာ လက်ခံနေရသည်။ သူဘာလုပ်ရမလဲ..။ သူဘာလုပ်ရမလဲမသိတော့..။ ခုတော့ သူသည်.. မမြင်ရတဲ့ကြိုးတွေနဲ့ အထပ်ထပ်နဲ့အတူ အေးစက်တုန်လှုပ်ခြောက်ချားစွာ ၊ ပြင်းထန်သောနာကျင်မှုများစွာနဲ့အတူ သူဟာ ချောက်ကမ်းပါးစွန်းတွင်ရပ်လျက်..။


                                    xxxxxxxxx

 မျက်လုံးစဖွင့်လျှင်ဖွင့်ချင်း မျက်နှာကျက်ဖြူဖြူကိုစတွေ့ရသည်။ အသက်ရှူသံသည် သူ့ဆီမှ ကျယ်လောင်စွာထွက်ပေါ်လျက်ရှိသည်။ သူ့နှလုံးခုန်သံသည် ဆူညံပေါက်ကွဲလျက်ရှိသည်။ သူသည် ကုတင်ပေါ်တွင်ရှိနေဆဲပဲ အိပ်မက်အကြောင်းကို ပြန်တွေးကြည့်နေမိသည်။ မိုးကတော့ရွာလို့ကောင်းနေဆဲ..။ တစ်ချက်တချက် လက်လိုက်သော လျှပ်စီးတို့အမှအပ ပတ်ဝန်းကျင်က အေးဆေးတိတ်ဆိတ် မှောင်မိုက်လျက်ရှိမြဲ..။ သူကတော့ ချွေးတို့ဖြင့်ရွှဲနစ်လျက်ရှိနေပြီး.. ကြေကွဲဝမ်းနည်းဖွယ်ကောင်းစွာပင် သူ့ရင်တွေပြင်းထန်စွာ နာကျင်လျက်ရှိနေကြောင်းကို ရင်ခုန်သံတဒိုင်းဒိုင်းကြားမှ သိနေရသည်။ ရွှဲနစ်နေသော ချွေးတို့ကို သုတ်ပစ်မည်ဟု စဉ်းစားပြီး ကယောင်ကတမ်းဖြင့် လက်ကိုင်ပ၀ါကိုထုတ်ယူလိုက်စဉ်မှာပဲ.. လက်ကိုင်ပ၀ါနှင့်အတူ အကျီင်္အိပ်ကပ်ထဲမှ  ကြိုးတစ်ချောင်းထွက်ကျလာလေသည်..။


စိမ်းမြလင်းသစ်
28/08/2011

ကန္တာရဟာအခန်းထဲမှာရှင်သန်နေထိုင်တယ်

ကော်ဖီခွက်တွေနားမှာ ပျံဝဲခဲ့ဖူးတဲ့ရယ်သံတွေ
ပျော်ရွှင်မှုတွေနဲ့ချည်ပြီး လွှတ်တင်ခဲ့ဖူးတဲ့ မိုးပျံပူပေါင်းတွေ
စာလုံးပေါင်းမတတ်တော့လို့ မရေးဖြစ်တော့တဲ့ ခံစားချက်တွေ
တကယ်တမ်း လှမ်းကြည့်လိုက်တော့လည်း
ကိုယ့်လမ်းခရီးဟာ လှည်းဘီးတွေနောက်က ဖုန်လိပ်တွေလို။
ပိုးမွှားတွေကနေကာကွယ်ဖို့
ပြတင်းပေါက်တွေပိတ်ထားလိုက်
ခန်းဆီးလိုက်ကာတွေချထားလိုက်
(အပျင်းပြေပဲဖြစ်ဖြစ်)
သောက်လက်စကော်ဖီခွက်လေးကိုထပ်ခါထပ်ခါမွှေလိုက်
အဓိပ္ပာယ်မဲ့ငေးမောစရာတွေဟာ အခန်းထဲမှာ။
တစ်ယောက်တည်းလို့ပြောလည်း
ကိုယ့်အတွေးတွေဟာ အခန်းထဲမှာ။
ဒီအတိုင်း  တောင့်ခံမထားနိုင်တော့တဲ့ ကံကြမ္မာ
ခံစားချက်ဆိုတာ နောက်ဆုတ်မရတဲ့ရထား
အနားသတ်မညီတော့တဲ့ လက်ရေးတွေနဲ့ ရေးနေမိတဲ့ ခပ်တွန့်တွန့် ညီမျှခြင်း
အခန်းထောင့်လေးမှာ
ပန်းအိုးငယ်လေးထဲက သစ်ပင်ငယ်လေး
မြတ်နိုးခံရခြင်းသဘောတရားကို နာကျင်စွာစဉ်းစားဆဲ..။


စိမ်းမြလင်းသစ်
13/09/2011