" အချိန်တွေကသိပ်ကိုမြန်လွန်းတယ်..။ ပြန်တွေးကြည့်လိုက်ရင် ဂျက်လေယာဉ်စီးနေတုန်းမှာ မျက်လုံးကိုခဏလေးမှိတ်လိုက်မိ
သလိုပဲ.။ ပြန်ဖွင့်ကြည့်လိုက်တော့ အာရှကိုလွန်ခဲ့ပြီ.."
အဲ့ဒိစကားကိုဆရာပြောတုန်းက
ကျွန်မနဲ့ အွန်လိုင်းမှာ စကားပြောနေတုန်းအချိန်..။ သူ့ရဲ့
ရှားရှားပါးပါးအချိန်လေးထဲကနေ
ကျွန်မကိုပြတ်တောင်းပြတ်တောင်းပြန်ပြောနေရင်းက သူ့စိတ်တွေလည်း
အတိတ်တွေဆီရောက်နေတယ်ထင်တယ်..။ ဆရာ့မျက်နှာကိုမမြင်ရပေမဲ့
အရင်ကအတိုင်းခပ်တင်းတင်း၊ ခပ်တည်တည်၊ အကြည့်စူးစူးတွေနဲ့
နှုတ်ခမ်းတွေကိုမထီမဲ့မြင်ဟန်ခပ်တွန့်တွန့်ကွေးထားဦးမှာပါပဲ။
ဆရာ့နဲ့နောက်ဆုံးတွေ့တုန်းက
သူ့ချန်ထားရစ်ခဲ့တော့မယ့် သူချစ်မြတ်နိုးတဲ့
ကျူရှင်ခန်းမှောင်မှောင်လေးရှေ့မှာ ။ မခွဲချင်ဘဲခွဲထားခဲ့ရတော့မယ့်ဟန်နဲ့
ခရီးဆောင်အိတ်ကို ပြင်နေတဲ့ ဆရာ့ကိုအရင်ဆုံးလှမ်းမြင်ရတယ်..။ အဲ့ဒီနေ့က
လေဆိပ်ဆင်းတော့မယ့်ဆရာ့ကိုမမီတော့မှာစိုးရိမ်တဲ့စိတ်နဲ့ ခဲထူထူလမ်းကို
ခလုတ်တိုက်လဲတော့မိမတတ် ဒရောသောပါးလျှောက်ရင်း အပြေးအလွှား..။
ဆရာ့အတွက်တစ်ခုခုလုပ်ပေးလိုက်ချင်တဲ့စိတ်နဲ့ ဆရာ့အတွက်ဆိုပြီး
မနက်အစောကြီးကိုယ်တိုင်ကြော်ထားတဲ့ ငါးပိကြော်ကိုအပြည့်အသိပ်ထည့်ထားတဲ့
ပုလင်းလေးကို ဆရာ့ကိုလှမ်းပေးတယ်။ ဒီထက်ပိုပြီး လက်ဆောင်မပေးနိုင်လိုက်တာ
စိတ်မကောင်းဘူး..။ ဆရာ့အတွက် လို့ ပြောပြီးပေးလိုက်တော့..ဆရာက
ပြုံးပြီလှမ်းယူတယ်။ အဲ့ဒီတုန်းကတော့ ဘာခံစားချက်မှန်းမသိဘူး.။
ဒီလောက်အကြာကြီးပြန်မတွေ့ရတော့မှာမှန်းလည်းမသိခဲ့ဘူး..။
ကျွန်မသိပ်ကြိုက်တဲ့ ဆရာတော်ဦးဇောတိကရေးတဲ့
ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်သတိဖြင့်နေထိုင်ခြင်း ဆိုတဲ့စာအုပ်လေးကို
ဆရာ့အတွက်လက်ဆောင်ဆိုပြီး ကျွန်မက မရဲတရဲနဲ့ ပေးတော့
ဆရာကသေသေချာချာလှမ်းယူတယ်..။ ၀မ်းသာသွားပြီး ဆရာလိမ်လိမ်မာမာနေနော် လို့
လွှတ်ခနဲပြောထွက်သွားတော့ ဆရာများစိတ်ဆိုးသွားမလားလို့
မရဲတရဲကြည့်မိသေးတယ်..။ အဲ့ဒီတုန်းက ဆရာက ထုံးစံအတိုင်းခပ်ပြုံးပြုံးနဲ့
အေးအေး တဲ့..။ ပြုံးစိစိနဲ့ခေါင်းကိုတောင်လှမ်းပုတ်လိုက်သေးလားမသိဘူး..။
ကျွန်မကလည်း ကိုယ့်ဆရာကို လိမ်လိမ်မာမာနေနော်လို့ ပြောမိတဲ့အထိ
ဆရာလုပ်ချင်ခဲ့တဲ့လူ..။
အဲ့ဒီတုန်းက ဆရာနဲ့ ဆရာတပည့်သက်တမ်း
လေးနှစ်လောက်ရှိပြီ.၊ အဲ့ဒီ့အချိန်အထိ ဆရာ့ကို နားမလည်နိုင်ခဲ့ဘူး..။
အခုအချိန်ထိလို့ပြောရမလားပဲ..။ ဆရာနဲ့စသိတော့ မှတ်မှတ်ရရ ၉ တန်းနှစ်..။
အစ်မနဲ့ သိတဲ့ ဆရာက အိမ်ကိုလာလည်ရင်းနဲ့ ကျွန်မကိုသူ့ကျောင်းမှာ FOC
ထားမယ်ဆိုပြီးပြောတယ်..။ အဲ့ဒီနောက်တော့ သူ့စာသင်ခန်းလေးဆီမှာ
တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတက်ဖူးတဲ့ ကျူရှင်ဆိုတာကြီးကိုစတက်တယ်..။
ကျူရှင်ခန်းလေးက လက်ဖက်ရည်ဆိုင်တစ်ခုရဲ့အပေါ်ထပ်..၊ ခန်းမအကျယ်ကြီး ။
အမြဲနှုတ်နည်းတဲ့ကျွန်မကိုဆရာက သူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေးတယ်..။
နောက်တော့လည်း အဲ့ဒီသူငယ်ချင်းတွေနဲ့အရမ်းကိုခင်ပြီး ခနော်နီခနော်နဲ့
လှေကားလေးကို တ၀ုန်းဝုန်းပြေးတက်ပြေးဆင်း..။ ဘိုင်အိုသင်တဲ့ဆရာ့ကို
ဘိုင်အိုတင်မကဘူး..စာအကြောင်းပေအကြောင်း၊ သီချင်းတွေအကြောင်း၊
ရုပ်ရှင်တွေအကြောင်း..၊ စကားကြီးစကားကျယ်တွေပြောကြ၊
ကျွန်မတို့သူငယ်ချင်းတွေ ငြင်းကြခုန်ကြ၊ ဆရာလုပ်ပေးထားတဲ့ စာသင်ခန်းလေးထဲက
ဆရာ့ကိုယ်ပိုင်စာကြည့်တိုက်လေး..၊နဲ့..။ အဲ့ဒီတုန်ကတော့ brain storm
လုပ်တယ်ဆိုတာကိုနားမလည်ခဲ့ဘူး..။ အဲ့ဒီအချိန်တုန်းကတော့ ရင်ဆိုင်လာရမယ့်
အနာဂတ်ဆိုတာကို ရင်ခုန်တဲ့စိတ်နဲ့ တစ်ခါတစ်ခါ မရဲတရဲ လှမ်းကြည့်..။
အားငယ်စကားတွေပြောမိတိုင်းဆရာက စာအုပ်တွေပေးဖတ်တယ်။ သိသိသာသာရော မသိမသာရော
စိတ်အားတက်ကြွအောင်လုပ်ပေးခဲ့တာချည့်ပဲ။ အဲ့ဒီတုန်းက ကျွန်မတို့တွေ ၉
တန်း၊ ၁၀ တန်း..။ ဒီလိုနဲ့..ဆရာ့ရဲ့ ကျူရှင်ခန်းလေးက ကျွန်မတို့ရဲ့
စပ်ကူမက်ကူးလူငယ်ကာလကို အရောင်တင်ပေးခဲ့ပါတယ်..။
ခုတော့ဆရာက
သတင်းဌာနတစ်ခုမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်နေပြီ။
အမှန်အတိုင်းဝန်ခံရရင် ဆရာစာသင်တဲ့ဟန်ကို ဘာပုံကြီးမှန်းမသိဘူးလို့
အီလည်လည်ကြီးတွေးမိခဲ့တာ..အဲ့ဒီတုန်းကတော့ သိပ်ပဲများတာပဲလို့
သူငယ်ချင်းအုပ်စုကြားထဲမှာအတင်းအုပ်ကြရင်းပေါ့..။ အမှန်ကတော့ဆရာက
အဲ့ဒီတုန်းကတည်းက ဇာတိပြခဲ့တာဖြစ်မယ်။ အဲ့ဒီတုန်းက စာသင်တဲ့ဟန်က အခု
သတင်းကြေငြာတဲ့ဟန်အတိုင်းပဲ..။ သိပ်တော့မပြောင်းလဲဘူး..။
စကားပြောခပ်မြန်မြန်သွက်သွက်။ လက်ကလည်း နိုင်ငံခြားသတင်းဌာနက
သတင်းကြေငြာနေသူတစ်ယောက်လိုမျိုး လှုပ်ရွပြီးရှုပ်ယှက်ခတ်နေတာ။
အဲ့ဒီတုန်းကတော့ မျက်စိကိုနောက်နေရောပဲ။ ခုတော့ ငါ့ဆရာကွဆိုပြီး
ကြည့်ရတယ်။ ကျွန်မမှာတပည့်မို့လို့လားတော့မသိဘူး..
ဆရာသတင်းကြေငြာတာကိုကြည့်ရင်း သြော်..ငါ့ဆရာအရင်ကအတိုင်း
ဖြစ်သလိုနေတုန်းပဲ.. ညကဘီယာသောက်ထားလို့
မျက်နှာကြီးအစ်နေတာလားမသိဘူး..အင်း....လက်မမှာလည်းကွင်းကြီးစွပ်ထားသေးတယ်..အသက်ကကြီးပြီ
ခုချိန်ထိ လူငယ်လုပ်တုန်းပဲ.. စသဖြင့်
ချစ်စနိုးနဲ့စိတ်ထဲကဝေဖန်မိတာအကြိမ်ကြိမ်။
ဆရာ့စတိုင်နဲ့ပတ်သတ်ပြီး
မှတ်မှတ်ရရဖြစ်ရပ်တွေရှိသေးတယ်..။ ပထမဆုံးစတွေ့တုန်းကတော့ ကျူရှင်ဆရာပီပီ
လယ်ကတုံးအကျီ်အဖြူ၊ ပုဆိုးကိုအရှည်ကြီးဝတ်ပြီး
လက်မှာလည်းမှတ်စုစာအုပ်ထူထူတစ်အုပ်၊ ဖတ်လက်စ စာအုပ်တစ်အုပ်နဲ့၊
မျက်မှန်တပ်တယ်။ ဆံပင်ကိုဆီရွှဲရွှဲလိမ်းပြီးတော့တစ်ခါတလေ
စီးကရက်တစ်လိပ်ကိုခဲထားသေးတယ်.။
ဆရာ့များစာသင်ခန်းမှာတွေ့လိုက်ရင်အမြဲတမ်းသုတ်သီးသုတ်ပြာနဲ့။
သင်လိုက်ရတဲ့စာသင်ခန်းတွေလည်းမနည်းဘူး။ ဆရာ့မို့လို့ သူဌေးလည်းမဖြစ်ဘူး။
အမြဲတမ်း သူ့ကျူရှင်ခန်းမမှာပဲအိပ် ၊ တကယ့်ကို ဖြစ်သလိုနေ ဖြစ်သလိုစား၊
တစ်ခါတစ်ခါများ ဆရာစားရင် ကျူရှင်အောက်ထပ်ဆိုင်ကမှာတဲ့
မြေပဲ၊ကြက်သွန်ကြော်နဲ့ဆီဆမ်းဆားဖြူး ထမင်းကိုစားတယ်။ ဒါပေမဲ့
စာသင်ကျောင်းတိုင်းမှာ သင်တန်းကြေးမယူဘဲ သင်ပေးခဲ့တာတွေကြောင့်
ဘာပဲပြောပြော သူ့ဆီမှာ တပည့်တွေတော့သိပ်ပေါတယ်။
သူ့ကိုယ်ပိုင်စာသင်ခန်းလေးမှာလည်း စာကြည့်တိုက်အသေးလေးတစ်ခုလုပ်ပေးပြီးတော့
တပည့်တွေကိုစာဖတ်ဝါသနာပါအောင်လုပ်ပေးပါသေးတယ်။ အဲ့ဒါကြောင့်ပဲ
ကျွန်မတို့သူငယ်ချင်းတွေ လေကြီးလေကျယ်တွေ တော်တော်ပြောခဲ့တာထင်တယ်လို့
မကြာမကြာတွေးမိတယ်။ ၁၀ တန်းစာသင်ခန်းထဲမှာ မေးမိတဲ့ မေးခွန်းတွေကြောင့်
ရူပဗေဒဆရာ စိတ်ညစ်ရတာအခါခါ။ အင်္ဂလိပ်စာဆရာကို မနက်ဆိုရင်
အခန်းအပြင်ကနေအော်ခေါ် အတင်းနှိုးပြီးစာသင်ခိုင်းရတယ်။ နောက်တော့လည်း
ဆရာတို့ကျေးဇူးနဲ့ အောင်ခဲ့ကြတာပါပဲ။ ဆရာ့မို့လို့ စာမေးပွဲ မဖြေခင်ညမှာ
သူ့တပည့်တွေကိုစိတ်မချနိုင်ဘဲ အိမ်ပေါက်စေ့ လိုက်ကြည့်တယ်။
သူငယ်ချင်းတွေစုံမှ ပြန်ပြောကြတော့သိရတယ်။ ၁၀ တန်းပြီးတော့ ဆရာနဲ့
သူငယ်ချင်းတွေနဲ့ ခဏအဆက်အသွယ်ပြတ်သွားသေးတယ်။ ပြန်တွေ့တော့ ဆရာက
ကျူရှင်ခန်းလေးနေရာပြောင်းပြီးပြီ။ ကျူရှင်ခန်းနေရာလည်းပြောင်း၊
လူလည်းစတိုင်ပြောင်းပဲ။ အရင်ကလယ်ကတုံးအဖြူနဲ့ ပုဆိုးနဲ့ဆရာက
ဆိုင်ကယ်တဖုန်းဖုန်းနဲ့ ၊ တစ်ခါတလေ ပုဆိုး၊ တစ်ခါတလေ ဘောင်းဘီနဲ့
ဆိုင်ကယ်ကြီးတဖုန်းဖုန်းနဲ့။ အဲ့ဒီတုန်းကရန်ကုန်မှာဆိုင်ကယ်စီးလို့ရသေးတယ်။
နောက်ပိုင်းတော့ ဆရာ့ဆိုင်ကယ်ကိုမတွေ့မိတော့ဘူး။ ဒါပေမယ့်
ပုဆိုးဝတ်တာမတွေ့ရတော့ဘဲ ဘောင်းဘီတိုကြီးနဲ့ ။ အဲ-
ဘာစိတ်ကူးလည်းတော့မသိဘူး.. လက်မှာ တုတ်တစ်ချောင်း ကိုင်ထားတာတွေ့တွေ့လာတယ်။
ရိုက်တော့မရိုက်ပါဘူး။ တစ်ခါကဆရာ့ကိုလှမ်းမြင်တော့
လက်ဖက်ရည်ဆိုင်သွားတာထင်တယ်။ အပေါ်ပိုင်းက စွပ်ကြယ်၊ အောက်က ဘောင်းဘီတို၊
လက်မှာ ကြိမ်လုံးနဲ့။ ကောင်းကောင်းသွားတာမဟုတ်ဘူး။ ကြိမ်လုံးကို
တစ်ချက်ချက် အမှတ်တမဲ့ လွှဲလွှဲသွားသေးတယ်။ ဆရာ့မို့လို့
အဲ့လိုထူးခြားနေတာထင်တယ်။ ဒါပေမဲ့ ဘာအကြောင်းအရာတွေက
ဆရာ့ကိုဒီလောက်ထိပြောင်းလဲသွားစေလဲတော့ မတွေးတတ်ခဲ့ပါဘူး။ အမှန်က
အဆင်မပြေတဲ့အခိုက်အတန့်ကာလတွေကို
တစ်ယောက်တည်းကျိတ်ပြီးဖြတ်သန်းခဲ့ရတာဖြစ်မယ်လို့
နောက်ပိုင်းမှတွေးမိခဲ့ပါတယ်။
၉ တန်း၊ ၁၀ တန်းလောက်က
မှတ်မှတ်ရရ ကွန်ပြူတာဆိုတာကြည့်ချင်ရင် မဂ္ဂဇင်းတွေထဲက
ဓာတ်ပုံတွေကိုပြူးပြဲကြည့်ရတယ်။ ကျောင်းမှာ ကွန်ပြူတာခန်းဆိုတာရှိပေမဲ့
မီးမလာတဲ့အခန်းထဲမှာ မှောင်မှောင်နဲ့မည်းမည်းမို့လို့ မှန်ပြတင်းပေါက်ကနေ
သေသေချာချာ ချောင်းကြည့်တာတောင် သိပ်မမြင်ရဘူး။ စိတ်ထဲမယ်
ကွန်ပြူတာဆိုတာကြီးကို လက်နဲ့ကိုင်ကြည့်ရင်ဓာတ်လိုက်မလားထင်တာ။
၁၀တန်းအောင်ပြီးစမှာ ဆရာက ကွန်ပြူတာလေးတစ်လုံးကို စာသင်ခန်းပေါ်တင်လာတယ်။
စာကြည့်တိုက်လေးဘေးမှာထားတယ်။ ပြီးတော့
လွယ်ကူလေ့လာကွန်ပြူတာဆိုတဲ့စာအုပ်လေးရယ်၊ အခြားကိုယ်တိုင်လေ့လာလို့ရတဲ့
စာအုပ်လေးတွေရယ် ယူလာတယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မတို့သူငယ်ချင်းတစ်သိုက်
အဲ့ဒီနားမှာတ၀ဲဝဲပဲ။ နောက်တော့လည်း ဆရာ့ရှေ့မှာ
လေ့ကျင့်ခန်းလေးတွေလုပ်လိုက် အလစ်မှာ ဂိမ်း ဆော့လိုက်နဲ့ ။ အဲ့ဒီတုန်းက
ကျွန်မတို့သူငယ်ချင်းတွေကို အားလပ်ချိန်မှာ
သူ့ကျောင်းသားတွေကိုစာပြန်ပြဖို့ခေါ်ထားတာ။ ပြီးရင် ကွန်ပြူတာလေ့လာ၊
စာအုပ်ဖတ်ပေါ့လေ။ ကျွန်မတို့ကလည်း ကျောင်းသားတွေကိုစာရှင်းပြ၊ ပြီးရင်
ဂိမ်းဆော့။ နောက်ပိုင်းဆရာ့ကျေးဇူးနဲ့ ကိုယ့်စရိတ်ကိုယ်ရှာပြီး
ကျောင်းပြီးတဲ့အထိ တက်နိုင်ခဲ့တယ်။
တကယ်တော့ ဆရာက
ကျွန်မဘ၀ရဲ့ ကျေးဇူးရှင်ဆိုတာ ခဏခဏပြန်ပြန်တွေးမိတာအခါခါပါ။ ဆရာက
မကြာခဏပြောပြဖူးတာက သဲသောင်ပေါ်တင်နေတဲ့ ကြယ်ငါးလေးတွေကို လူတစ်ယောက်က
ပင်လယ်ထဲပြန်ပစ်ချပေးတဲ့ဇာတ်လမ်းလေးအကြောင်း။ ဆရာကကြယ်ငါးတွေကို
ပင်လယ်ထဲပြန်ပစ်ချပေးချင်တဲ့သူ။ အဲ့လိုပစ်ချနိုင်ဖို့အတွက်
စာကြည့်ခန်းလေးတွေ ပညာဒါနစာသင်ကျောင်းလေးတွေကိုတစ်နိုင်တစ်ပိုင်လုပ်တယ်။
လူငယ်ခြေစမ်းဖို့ ကွင်းဖန်တီးပေးတယ်။ တပည့်တွေကိုလည်းဝိုင်းကူခိုင်းတယ်။
ဆရာကိုယ်တိုင်ကိုက မြောက်ဥက္ကလာက နာမည်ကြီးပညာဒါန စာသင်ကျောင်းမှာ
ဘာသာခြားစကားတွေကိုသင်ဖူးတော့ ဒီလိုကျောင်းတွေရဲ့
အကျိုးကျေးဇူးကိုကောင်းကောင်းသိပြီး သူကိုယ်တိုင်ဦးစီးပြီးလုပ်ရှာတယ်။
ဒါပေမဲ့ သူဦးတည်ပြီးဖွင့်ခဲ့တာက အတန်းကျောင်းပညာဒါနတွေ။ နောက်ပြီးတော့
အပင်ပန်းခံပြီးဖွင့်တာက ညကျောင်း။ အလုပ်တစ်ဖက်နဲ့သူတွေအတွက်
စာမေးပွဲပြန်ဖြေလို့ရအောင်။ ဒီကြားထဲ မဂ္ဂဇင်းတွေမှာဆောင်းပါးတွေ ကဗျာတွေ
ရေးသေးတယ်။ သူ့မှာတစ်ခါတစ်ခါအိပ်ချိန်တောင်ရှိပုံမရဘူး။
မျက်တွင်းကဟောက်ပက်နဲ့။ ဒါပေမဲ့ အမြဲတမ်းတက်ကြွနေတာပဲ။ အဲ့ဒီလိုဆရာက
နိုင်ငံခြားကိုအပြီးသွားမယ်ဆိုတော့ အံ့အားသင့်ရတယ်။
ဘာကများဆ၇ာ့ရဲ့စိတ်တွေကို ပြောင်းလဲစေခဲ့တာလဲ။ ဆရာ့ရဲ့ ကြယ်ငါးတွေကို
ထားခဲ့ပြီလားလို့ မေးချင်ခဲ့မိတယ်။ တကယ်တော့ ဆရာ ဘာရည်ရွယ်ချက်တွေရှိလဲ၊
ဘာတွေဆက်လုပ်မှာလဲ၊ စသဖြင့် မေးခဲ့ဖို့ကောင်းတာ။ ဒါပေမဲ့
ဘာဖြစ်လို့မှန်းမသိဘူး။ ဆရာ့ကိုဘာဆိုဘာမှ မမေးခဲ့ဘူး။ ဆရာကလည်း ဘာကိုမှ
မပြောခဲ့ဘူး။ တကယ့်ကို တိတ်တိတ်ဆိတ်ပဲ။ အကုန်လုံး တကွဲတပြားနဲ့
တိတ်တိတ်ဆိတ်ဆိတ် ရွေ့လျားခဲ့ကြတယ်.။
နောက်တော့ဆရာ့ကို
သတင်းဌာနတစ်ခုမှာအစီအစဉ်တင်ဆက်သူအဖြစ်ပြန်တွေ့ရတယ်။ ဂျီတော့ခ်မှာ
အင်ဗိုက်လုပ်တော့ ချက်ချင်းလက်ခံပြီးဝမ်းသာအားရနဲ့စကားတွေလှမ်းပြောတယ်။
ဆရာက အရင်လိုဖြစ်သလိုနေတုန်းပဲ။ အရင်တုန်းက အိပ်မက်တွေနောက်ကိုလိုက်
နေတုန်းပဲလား။ အဲဒီမေးခွန်းတွေကို နောက်မှမေး အခုမမေးနဲ့ဦး လို့
ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး သာကြောင်းမာကြောင်းတွေ အရင်မေးရတယ်။ ဆရာက
အစီအစဉ်တစ်ခုလုပ်နေရင်းတန်းလန်းနဲ့မို့လို့ စကားစကိုဖြတ်လိုက်ရတယ်။
နောက်တစ်ခါ ဂျီတော့ခ် မီးလုံးလေးလင်းလာတာတွေ့မှပဲ မေးရတော့မယ်..
ကြယ်ငါးလေးတွေကို အရင်ကလို ပင်လယ်ထဲပစ်ချတုန်းပဲလား။
အရင်ကထက်ပိုပြီးပစ်ချနိုင်ရဲ့လားလို့ မေးချင်ပါသေးတယ်..။
ကျွန်မကိုယ်တိုင်ကိုက ဆရာ ပစ်ချပေးခဲ့တဲ့ ကြယ်ငါးလေးမဟုတ်လား..။
စိမ်းမြလင်းသစ်
17/04/2012